တစ်ခုသောနွေရာသီမှာတော့ ပြင်သစ်နယ်စပ်နားက ဆွစ်ဇာလန်မြို့ငယ်လေးအခုမှာ မိရုတစ်ယောက်တည်း သွားနေခဲ့တယ်။ အဲဒီတုန်းက သူမအသက်က နှစ်ဆယ့်ငါးနှစ်၊ ပြင်သစ်မှာနေပြီး ပီယာနိုသင်နေခဲ့တဲ့ အချိန်။ ဒီမြို့လေးကို ရောက်လာရတဲ့အကြောင်းရင်းကတော့ အလုပ်ကိစ္စ ညှိနှိုင်းစရာလေးတွေ လုပ်ဖို့ သူမအဖေက တောင်းဆိုလို့ပဲ။ အလုပ်ကိစ္စကတော့ ခပ်ရိုးရိုးပါပဲ၊ တစ်ဖက်လူတွေနဲ့ ညစာထိုင်စား၊ ပြီးတော့ စာချုပ်မှာ လက်မှတ်ထိုးကြပေါ့။ ဒီမြို့လေးကိုတော့ မိရု မြင်မြင်ကတည်းက မျက်စိကျနေခဲ့တယ်။ အလယ်ခေတ်ရဲတိုက်ကြီးတစ်ခု ဘေးမှာရှိနေတဲ့ ရေကန်ကြီးတစ်ခုနဲ့၊ ချစ်စရာကောင်းတဲ့ နွေးထွေးပျော်ရွှင်ဖွယ် မြို့လေးပဲ။ ဒီမြို့လေးမှာ နေရရင်တော့ ပျော်စရာကောင်းမှာပဲလို့ အတွေးဝင်မိတော့ နေဖြစ်အောင်နေကြည့်လိုက်ဦးမယ်လို့ ဆုံးဖြတ်မိခဲ့တယ်။ နောက်တစ်ချက်ကလည်း၊ အနားက ရွာတစ်ရွာမှာ ဂီတပွဲတော်တစ်ခု တိုက်တိုက်ဆိုင်ဆိုင် ကျင်းပနေတယ်။ ဒီတော့လည်း ကားငှားလိုက်တာနဲ့ သူမအနေနဲ့ အဲဒီကို နေ့တိုင်းသွားဖို့ အခွင့်သာနေတော့တယ်။
ကံကောင်းချင်တော့ ယာယီနေဖို့အတွက် ပြင်ဆင်ပြီးသား အခန်းသန့်သန့်လေးတစ်ခုကို ရှာတွေ့တယ်၊ မြို့စွန်က တောင်ကုန်းတစ်ခုထိပ်မှာ ဆောက်ထားတဲ့ သပ်ရပ်နှစ်လိုဖွယ် အဆောက်အဦတစ်ခုပဲ။ မြင်ကွင်းကတော့ အရမ်းကောင်းတယ်။ သူမ ပီယာနိုလေ့ကျင့်နိုင်မယ့် ပတ်ဝန်းကျင်မျိုးပဲ။ အခန်းငှားခက ဈေးပေါနေတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူမ အသုံးပြတ်တဲ့အခါတိုင်း အဖေ့ဆီက အမြဲတမ်း အကူအညီလှမ်းတောင်းနေနိုင်သားပဲ။
ဒီလိုနဲ့ မိရုလည်း ဒီမြို့လေးမှာ တည်ငြိမ်အေးချမ်းတဲ့ ယာယီဘ၀လေးတစ်ခု စတင်ခဲ့မိတယ်။ ဂီတပွဲတော်က ဖျော်ဖြေပွဲတွေကို တက်တယ်၊ အနီးပတ်ဝန်းကျင်ကို လမ်းလျှောက်ထွက်တယ်၊ သိပ်မကြာပါဘူး သူမမှာ အသိအကျွမ်းတချို့ ရလာတယ်။ စားသောက်ဆိုင်နဲ့ကော်ဖီဆိုင် ကောင်းကောင်းလေးတစ်ခုတွေ့လို့ အဲဒီကို မကြာခဏ သွားဖြစ်နေတော့တယ်။ သူမအခန်းရဲ့ ပြတင်းပေါက်ကနေ မြို့ပြင်ဆီက အပန်းဖြေကစားကွင်းတစ်ခုကို လှမ်းမြင်နေရတယ်။ အဲဒီပန်းခြံထဲမှာ ရဟတ်အကြီးကြီးတစ်ခု ရှိနေတယ်။ ဧရာမဘီးကြီးပေါ်မှာ တွဲလဲခိုနေတဲ့ တံခါးပေါက်ပါ ရောင်စုံသေတ္တာလေးတွေ၊ သူတို့အကုန်လုံး ကောင်းကင်ယံမှာ တဖြည်းဖြည်းချင်း လည်ပတ်နေကြတယ်။ အထက်ကိုတက်နိုင်တဲ့ အမြင့်ဆုံးအမှတ်ကို ရောက်ပြီဆိုတာနဲ့ တွဲဆိုင်းလေးတွေဟာ အောက်ဘက်ဆီ ပြန်ပြီး နိမ့်ဆင်းလာလေ့ရှိတယ်။ သဘာဝကျကျပြောရရင်တော့ ရဟတ်ဆိုတာ ဘယ်ကိုမှ ခရီးမရောက်ဘူး။ အထက်ကိုတက်တယ်၊ ပြီးရင် ပြန်နိမ့်ဆင်းလာတဲ့ မြို့ပတ်ခရီးပဲ။ ဒါပေမဲ့ ထူးဆန်းတဲ့အကြောင်းရင်းတစ်ခုကြောင့်၊ လူအတော်များများက အဲဒါကိုပဲ သဘောကျနှစ်သက်နေကြတယ်။
ညနေခင်းတွေဆို အဲဒီရဟတ်ကြီးဆီမှာ မရေတွက်နိုင်တဲ့ မီးရောင်တွေ တဖျပ်ဖျပ်လက်နေတတ်တယ်။ အပန်းဖြေကစားကွင်း ပိတ်လို့ တစ်ညအတွက်ရဟတ်ကို သိမ်းလိုက်တဲ့အချိန်မှာတောင်မှ ဧရာမစက်ဝိုင်းဘီးကြီးဟာ တစ်ညလုံး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေ့ရှိတာ ကောင်းကင်ကကြယ်တွေကို အမှီလိုက်နိုင်အောင် ပြိုင်နေတဲ့အတိုင်းပဲ။ မိရုကတော့ ပြတင်းပေါက်နားမှာ ထိုင်နေမယ်၊ ရေဒီယိုကလာတဲ့ ဂီတအစီအစဉ်ကို နားထောင်မယ်၊ ပြီး အထက်အောက်လှုပ်ရှားနေတဲ့ရဟတ်ကြီးကို ထိုင်ရာကမထပဲ စိုက်ကြည့်နေပါလိမ့်မယ်။ ဒါမှမဟုတ် ရပ်နေတယ်ဆိုရင်လည်း ရဟတ်ကြီးရဲ့ သမိုင်းဝင်အထိမ်းအမှတ်ဆန်ဆန် ငြိမ်သက်နေတဲ့ဟိတ်ဟန်ကို ထိုင်ကြည့်နေမယ်ပေါ့။
ဒီလိုနဲ့ မြို့မှာနေတဲ့ လူတစ်ယောက်နဲ့ သူမ အသိအကျွမ်းဖြစ်သွားတယ်။ အသက် ၅၀ ကျော် ရုပ်ဖြောင့်ဖြောင့်၊ လက်တင်အမျိုးသားဂိုက်မျိုး။ အရပ်မြင့်မြင့်၊ စလယ်ဆုံးပြေပြစ်တဲ့ နှာတံ၊ ဆံပင်နက်နက်ဖြောင့်ဖြောင့်နဲ့။ ကော်ဖီဆိုင်မှာပဲ သူက သူ့ကိုယ်သူမိတ်ဆက်လာတယ်။ ဘယ်ကလာတာလဲလို့ အဲဒီလူက မေးတယ်။ ကျွန်မ ဂျပန်ကပါလို့ သူမက ဖြေတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်သား စကားစပြောဖြစ်သွားကြတော့တယ်။ သူ့နာမည်က ဖှာဒီနန်ဒို၊ ဘာစီလိုနာကလာတယ်လို့ သိရတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီမြို့ကို ပြောင်းလာပြီး အခုတော့ ပရိဘောဂဒီဇိုင်းလုပ်ငန်းလုပ်နေတယ်လို့ ပြောတယ်။
သူစကားပြောပုံကတော့ အေးအေးဆေးဆေးပဲ၊ ဟာသလေးတွေလည်း မကြာမကြာပါတယ်။ အတန်ကြာ ဟိုဟိုဒီဒီလျှောက်ပြောကြပြီးတော့ နှုတ်ဆက်လမ်းခွဲလိုက်ကြတယ်။ နောက်နှစ်ရက်အကြာမှာ အဲဒီကော်ဖီဆိုင်မှာပဲ သူတို့ ထပ်တွေ့ပြန်တယ်။ သူက တစ်ကိုယ်တည်းသမား၊ ကွာရှင်းပြီးသားလို့ သူမ သိရပြန်တယ်။ ဘ၀သစ်စဖို့ စပိန်ကနေ ထွက်လာခဲ့တာလို့ သူက မိရုကို ပြောတယ်။ မိရုအနေနဲ့ ဒီလူကို သိပ်သဘောမတွေ့လှဘူး။ သူ့ဆီကို မြှားဦးလှည့်ချင်တဲ့ အရိပ်အငွေ့ကို သူမ အနံ့ရတယ်။ လိင်ဆန္ဒအရိပ်အငွေ့တစ်ခုကိုလည်း ရှူရှိုက်မိတယ်၊ ဒီအချက်က သူမကို ထိတ်လန့်သွားစေတယ်။ အဲဒီကော်ဖီဆိုင် ရှောင်ဖို့ သူမ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့တောင်မှ၊ ဖှာဒီနန်ဒိုနဲ့ သူမ မြို့ထဲမှာ အကြိမ်အတော်များများ ထိပ်တိုက်တိုးနေမိတုန်းပဲ။ ဘယ်လောက်တောင်များသလဲဆိုရင် ဒီလူဟာ ငါ့နောက်က လိုက်နေသလားလို့တောင် သူမခံစားလာရတဲ့အထိပဲ။ လျှောက်ပြီး အထင်မှားနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒီမြို့က သေးသေးလေးပဲ၊ လူတစ်ဦးတည်းကို မကြာခဏ ဆုံတွေ့တတ်တာ အဆန်းမှမဟုတ်ပဲ။ တွေ့တဲ့အကြိမ်တိုင်းမှာ ဖှာဒီနန်ဒိုကတော့ မျက်နှာတစ်ခုလုံးပြည့်အောင် ပြုံးပြပြီး ခင်မင်ရင်းနှီးတဲ့ဟန်နဲ့ သူမကို နှုတ်ဆက်တတ်တယ်။ ဒါပေမဲ့ မိရုအနေနဲ့ တဖြည်းဖြည်းနဲ့ စိတ်အနှောင့်အယှက်ဖြစ်ပြီး မသက်မသာ ခံစားလာရတော့တယ်။ သူမဘာသာ အေးချမ်းနေတဲ့ဘ၀လေးမှာ ဖှာဒီနန်ဒိုဟာ ခြိမ်းခြောက်မှုတစ်ခုလို့ သူမ မြင်လာမိတယ်။ ဂီတနုတ်စ်စာရွက်တစ်ခုရဲ့ အစပိုင်းမှာ ဟန်ချက်မညီတဲ့ လင်းကွင်းသံတစ်ခုပါနေသလိုပဲ၊ သူမရဲ့ ပျော်ရွှင်ဖွယ်နွေရာသီလေးမှာ အရိပ်ဆိုးတစ်ခုက မိုးသားလို အုံ့ဆိုင်းလာခဲ့တယ်။
ဒါပေမဲ့ ဖှာဒီနန်ဒိုဟာ အရိပ်ဆိုးကြီးတစ်ခုရဲ့ ရှေ့ပြေးအဖြစ်မြင်ရတဲ့ အစလေးတစ်ခုလို့ပဲ ပြောရမယ်။ ဆယ်ရက်မြောက်နေ့မှာတော့ ဒီမြို့ဆီကနေ သူမဘ၀ဆီ လာပူးကပ်နေတဲ့ စိတ်တစ္ဆေတစ်မျိုးကို ခံစားလာရတယ်။ အလုံးစုံနှစ်လိုဖွယ်ကောင်းပြီး သပ်ရပ်လှပနေခဲ့တဲ့ မြို့လေးကို အခုတော့ တစ်ယူသန်တစ်စောက်ကန်းသမားတွေရဲ့ နယ်မြေတစ်ခုလို သူမ မြင်လာတယ်။ လူတွေက ဖော်ရွေပြီး ကြင်နာတတ်ပါရဲ့၊ ဒါပေမဲ့ အာရှမျိုးနွယ်ဆိုပြီး သူမကို ခွဲခြားဆက်ဆံချင်တဲ့ မမြင်ရတဲ့ အာဃာတတွေရှိနေတယ်လို့ သူမ ခံစားလာရတယ်။ စားသောက်ဆိုင်တွေမှာ သောက်မိတဲ့ ၀ိုင်တွေတောင် မကောင်းတဲ့အရသာတွေ ပါးစပ်ထဲစွဲကျန်နေသလိုပဲ။ ၀ယ်လာတဲ့ အသီးအရွက်တွေမှာ တီကောင်တွေပါလာတာ သူမ တွေ့လာရတယ်။ ဂီတပွဲတော်က ဖျော်ဖြေမှုတွေဟာလည်း ပေါ့ပျက်ပျက်အသံပဲထွက်နေတယ်။ ဂီတထဲမှာလည်း သူမ စိတ်ကို နှစ်မထားနိုင်တော့ဘူး။ အတော်လေး သက်တောင့်သက်သာရှိတယ်လို့ ယူဆခဲ့တဲ့ သူမတိုက်ခန်းကိုတောင်၊ အပြင်အဆင်ဆိုးရွားတဲ့ ပေတိပေစုတ်နေရာတစ်အခုအဖြစ် မြင်လာမိတော့တယ်။ အရာအားလုံးဟာ အစဦးတွေ့မြင်ရတဲ့ အပေါ်ယံလွှာတွေ ကြွေကျသွားသလိုပဲ။ နိမိတ်ဆိုးရဲ့ အရိပ်ဟာ ပိုပြီး ကျယ်ပြန့်လာနေတယ်။ အဲဒီက သူမ မလွတ်မြောက်နိုင်တော့ဘူး။
ညအချိန်မတော်ကျရင် ဖုန်းသံ မြည်လာလိမ့်မယ်၊ သူမက ကောက်ကိုင်လိုက်မယ်။ "ဟဲလို" လို့ ထူးလိုက်တာနဲ့ တစ်ဖက်က လိုင်းကျသွားမယ်။ ဒီလိုမျိုးတွေပဲ ထပ်ကာထပ်ကာ ဖြစ်လာတယ်။ ဒါ ဖှာဒီနန်ဒိုပဲ ဖြစ်ရမယ်လို့ သူမ တွေးတယ်။ သူမမှာ သက်သေတော့ မရှိဘူး။ သူမ ဖုန်းနံပါတ်ကို သူ ဘယ်လိုသိတာလဲ။ ဖုန်းက မော်ဒယ်အောက်နေတဲ့ အမျိုးအစားဆိုတော့ ပလပ်ဆွဲဖြုတ်လိုက်လို့လည်း မရဘူး။ အိပ်ရတာအဆင်မပြေဖြစ်လာတာနဲ့ အိပ်ဆေးတွေ စတင်သောက်လာမိတယ်။ အစားစားချင်စိတ်လည်း မရှိတော့ဘူး။
ဒီမြို့က ထွက်သွားမှဖြစ်တော့မယ်လို့ သူမ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါပေမဲ့ သူမကိုယ်တိုင်ဘာမှန်းမသိတဲ့ အကြောင်းရင်းတစ်ခုကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီမြို့ကနေ သယ်ထုတ်မသွားနိုင်ဖြစ်နေတယ်။ ဆက်နေဖို့အတွက် အကြောင်းရင်းတွေကို သူမ စာရင်းချရေးကြည့်တယ်။ တစ်လစာအိမ်လခ ရှင်းပြီးသား၊ ဂီတပွဲတော်အတွက်လည်း လက်မှတ်ဝယ်ပြီးသား။ ပြီးတော့ ပဲရစ်မှာရှိတဲ့ သူမတိုက်ခန်းကိုလည်း နွေရာသီအတွက် ပြန်အပ်ပြီးသား။ အခုလိုမျိုး ရုတ်တရက် ထွက်သွားလို့တော့ မဖြစ်သေးဘူးလို့ သူမ ကိုယ့်ကိုယ်ကိုယ်ပြောလိုက်တယ်။ ဒါ့အပြင် တကယ်တမ်းမှာ ဘာမှဖြစ်သေးတာတော့ မဟုတ်ဘူး။ လက်တွေ့ကျကျ တစ်ခုခုထိခိုက်နေတာမျိုးလည်း မဟုတ်ဘူး။ ဘယ်သူမှလည်း သူမကို ဆိုးဆိုးရွားရွား ဆက်ဆံမနေဘူး။ ငါကပဲ အလွန်အကျွံ အဖြစ်သည်းနေတာဖြစ်ရမယ်လို့ သူမ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်တယ်။
ဒီနေရာမှာလာတာ နှစ်ပတ်လောက်အကြာ၊ တစ်ခုသော ညနေခင်းမှာတော့ သူမ ခါတိုင်းလိုပဲ အနားက စားသောက်ဆိုင်ဆီကို ညစာစားဖို့ထွက်ခဲ့တယ်။ ညစာစားပြီးတော့ အပြောင်းအလဲတစ်ခုအနေနဲ့ လမ်းခပ်ဝေးဝေးလျှောက်ပြီး လေညင်းခံကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အတွေးတွေထဲ နစ်မျောရင်း တစ်လမ်းပြီးတစ်လမ်း သူမ လျှောက်သွားနေမိတယ်။ နောက်ဆုံးတော့ ကစားကွင်းတစ်ခုရဲ့ ၀င်ပေါက်ကို ရောက်လာတာ သိလိုက်ရတယ်။ ချားရဟတ်တစ်ခုရှိတဲ့ ပန်းခြံပဲ။ ပွဲဈေးတန်း သီချင်းသည်တွေဆီက မြူးကြွတဲ့တေးသံတွေ လေထဲမှာ ပျံ့လွင့်နေတယ်။ ကလေးတွေက ပျော်ပျော်ပါးပါး အော်ဟစ်နေကြတယ်။ လာရောက်အပန်းဖြေသူအများစုကတော့ မိသားစုတွေပဲ၊ စုံတွဲ တစ်တွဲစနှစ်တွဲစလည်း ပါတယ်။ သူမငယ်ငယ်တုန်းက အဖေက ကစားကွင်းတစ်ခုဆီခေါ်သွားတာကို မိရု သတိရမိတယ်။ ပတ်ချာလည်နေတဲ့ကော်ဖီခွက်တွေ (Whirling Teacups) စီးနေတုန်း အဖေ့ရဲ့ ဖျင်ကြမ်းကုတ်အင်္ကျီဆီကထွက်နေတဲ့ ရနံ့ကို အခုထိတောင် သူမ မှတ်မိနေတုန်းပဲ။ စီးနေတဲ့အချိန်တစ်လျှောက်လုံး သူမက အဖေရဲ့ အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ် ဆွဲဆုပ်ထားတယ်။ မိရုလေးအတွက်တော့ အဲဒီရနံ့ဟာ သူနဲ့ဝေးကွာလွန်းနေတဲ့ လူကြီးတွေရဲ့ရပ်ဝန်းဆီက ရနံ့တစ်ခုပဲ၊ လုံခြုံစိတ်ချရမှုရဲ့ အမှတ်အသားပဲ။ သူမ အဖေ့ကို လွမ်းနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိလိုက်တယ်။
အပျင်းပြေသဘောမျိုးနဲ့၊ လက်မှတ်တစ်စောင်ဝယ်ပြီး သူမ ပန်းခြံထဲဝင်လာခဲ့တယ်။ အထဲမှာ ပုံစံမတူညီတဲ့ ဆိုင်ခန်းလေးတွေနဲ့ စင်တွေ အများအပြားနဲ့ ပြည့်သိပ်အောင် ရှိနေတယ်။ သေနတ်ပစ်ကစားနည်း၊ မြွေလမ္ပာယ်ပြပွဲ၊ ဗေဒင်ဟောခန်း စသည်ဖြင့်။ ဗေဒင်ဟောတဲ့သူကတော့ ခပ်ဖိုင့်ဖိုင့်အမျိုးသမီးကြီးတစ်ယောက်ပဲ၊ ရှေ့မှာ သလင်းဘောလုံးတစ်လုံး ချထားတယ်။ သူက မိရုကို လက်ဝှေ့ယမ်းပြီး ခေါ်လိုက်တယ်။ "မိန်းကလေး။ ဒီကိုလာပါဦး။ အရေးကြီးတဲ့ကိစ္စမို့လို့ပါ။ မိန်းကလေးမှာ ကံကြမ္မာအကြောင်းအလဲတစ်ခု ဖြစ်တော့မယ်"
မိရုက အသာပြုံးပြီး ဆက်လျှောက်သွားလိုက်တယ်။
ရေခဲမုန့်ဝယ်ပြီး၊ စားဖို့အတွက် ခုံတန်းတစ်ခုပေါ် သူမ ထိုင်လိုက်ရင်း ဖြတ်သွားဖြတ်လာတွေကို ငေးကြည့်နေမိတယ်။ နံဘေးက အုံးအုံးကျွတ်ကျွတ် လူအုပ်ထဲကနေ အဝေးတစ်နေရာကို သူမ ကင်းလွတ်နေတယ်လို့ ခံစားရတယ်။ လူတစ်ယောက်က သူမကို ဂျာမန်စကားနဲ့ စကားလာပြောတယ်။ အသက် ၃၀ ၀န်းကျင်၊ လူကောင်သေးသေး၊ ရွှေရောင်ဆံပင်နဲ့ နှုတ်ခမ်းမွှေးစစနဲ့၊ ၀တ်စုံပြည့်ဝတ်ထားရင် ကြည့်ကောင်းမယ့် လူမျိုး။ သူမက ခေါင်းကိုယမ်းလို့ ပြုံးပြပြီး လက်ပတ်နာရီကို ညွှန်ပြလိုက်တယ်။ "ကျွန်မ တစ်ယောက်ကို စောင့်နေတာ" လို့ ပြင်သစ်လို ပြောလိုက်တယ်။ သူမအသံက လိုတာထက်ပို ကျယ်သွားသလိုပဲ၊ သူမဆီက ထွက်လာတယ်လို့တောင် မထင်ရဘူး။ အဲဒီလူက ဘာမှဆက်မပြောတော့ဘူး၊ အူကြောင်ကြောင်နဲ့ မချိုမချဉ်ပြုံးပြီး သူမကို လက်အသာပြလို့ ထွက်သွားတော့တယ်။
မိရုက မတ်တပ်ပြန်ရပ်လိုက်ပြီး အနီးအနားကို လှည့်ပတ်ကြည့်နေလိုက်တယ်။ လူတစ်ယောက်က မျှားပေါက်ကစားနေလို့ ဘောလုံးတွေ ဖောင်းခနဲပေါက်နေတယ်။ ၀က်ဝံတစ်ကောင်က လမ်းလှည့်ပတ်လျှောက်ပြီး ကပြနေတယ်။ "The Blue Danube Waltz" ပီယာနိုသံကို ကြားရတယ်။ အပေါ်ကို မော့ကြည့်လိုက်တော့ လေထဲမှာ သက်တောင့်သက်သာလည်ပတ်နေတဲ့ ရဟတ်ကြီးကို မြင်လိုက်ရတယ်။ ငါ့တိုက်ခန်းကို ရဟတ်ပေါ်ကနေကြည့်လို့ရရင် ပျော်စရာကောင်းမှာပဲလို့ သူမ ရုတ်တရက် အတွေးပေါက်သွားတယ်။ အခြားတစ်နည်းနဲ့တော့ သူမ မတွေးမိဘူး။ အဆင်သင့်ချင်တော့ အိတ်ထဲမှာ မှန်ပြောင်းလေးတစ်ခုလည်း သူမနဲ့အတူ ပါလာတယ်။ နောက်ဆုံးအကြိမ် ဂီတပွဲသွားကတည်းက အိတ်ထဲမှာ ကျန်နေတာ၊ သူမထိုင်ခုံက ဝေးလွန်းလို့ စင်ပေါ်ကို မြင်နိုင်အောင် မှန်ပြောင်းလေး ဆောင်သွားရတယ်။ ပေါ့ပေါ့ပါးပါးပေမယ့် အားကောင်းတဲ့ မှန်ပြောင်းလေးပဲ။ ဒါလေးနဲ့ဆိုရင်တော့ သူမ အခန်းဆီအထိ မြင်ရလောက်တယ်။
ရဟတ်ရှေ့က ရုံဆီကို လက်မှတ်ဝယ်ဖို့ သူမ ထွက်လာခဲ့တယ်။ "မကြာခင် ပိတ်တော့မှာနော်" လို့ လက်မှတ်ရောင်းတဲ့ အဘိုးကြီးက သူမကို ပြောတယ်။ ခေါင်းက အောက်ကိုငုံ့ထားပြီး ဗလုံးပထွေးနဲ့၊ သူ့ဘာသာ တစ်ယောက်တည်း ပြောနေပုံမျိုးပဲ။ ပြီးတော့ ခေါင်းကိုယမ်းလိုက်ပြီး "ဒီနေ့အတွက်တော့ ပြီးတော့မယ်။ နောက်ဆုံးအပတ်ပဲ၊ ဒီတစ်ပတ်ပြီးရင် ပြီးသွားပြီ"လို့ ပြောတယ်။ မေးစေ့မှာ အဖြူရောင်အမွှေးအမျှင်တွေနဲ့ နှုတ်ခမ်းမွှေးတွေမှာ ဆေးရွက်ကြီးငွေ့တွေ စွန်းပေနေတယ်။ သူက ချောင်းဆိုးလိုက်တယ်။ မြောက်ပြန်လေရဲ့ နှစ်ပေါင်းများစွာ ရိုက်ခတ်မှု ခံထားရသလို အဘိုးကြီးရဲ့ ပါးပြင်တွေက နီရဲနေတယ်။
"ရပါတယ်။ တစ်ပတ်ဆို ရပါပြီ" လို့ မိရုက ပြန်ပြောလိုက်တယ်။ လက်မှတ်တစ်စောင်ဝယ်ပြီး စင်္ကြန်ပေါ် တက်လာခဲ့တယ်။ တက်ဖို့စောင့်နေတာ သူမ တစ်ယောက်တည်းပဲ။ ပြီးတော့ သူမတွေ့ရသလောက် အတွဲဆိုင်းလေးတွေမှာ လူမရှိသလောက်ပဲ။ လေထဲမှာ လည်ပတ်နေတုန်း လွတ်နေတဲ့ အတွဲဆိုင်းလေးတွေက ဟိုဘက်ဒီဘက် ပျင်းပျင်းရိရိ ယိမ်းထိုးနေတယ်၊ ကမ္ဘာကြီးဟာ အဆုံးသတ်တစ်ခုဆီ သူ့ဘာသာ တအိအိခေါ်ဆောင်သွားသလိုမျိုးပဲ။
အနီရောင်အတွဲကလေးထဲ သူမက ၀င်လိုက်ပြီး ခုံတန်းပေါ်ထိုင်လိုက်တော့ အဘိုးကြီးထွက်လာပြီး တံခါးကို ပိတ်လိုက်တယ်၊ ပြီးတာနဲ့ အပြင်ကနေ ဂလန့်ချလိုက်တယ်။ လုံခြုံစေဖို့ ရည်ရွယ်ပြီးလုပ်တယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး။ ရှေးခေတ်သတ္တ၀ါကြီးတစ်ကောင် ရုတ်တရက်အသက်ဝင်လာသလို ရဟတ်က တကျီကျီမြည်သွားပြီး အပေါ်စတက်လာတယ်။ စီတန်းနေတဲ့ ဆိုင်ခန်းတွဲတွေ၊ ပွဲဈေးဆီက အပြင်အဆင်တွေက သူမရဲ့ အောက်ဆီမှာ တဖြည်းဖြည်းကျုံ့ဝင်သွားတယ်။ တစ်ချိန်တည်းမှာပဲ မြို့ဆီက မီးအလင်းရောင်တွေ သူမရှေ့မှာ ပေါ်လာတယ်။ ရေကန်က သူမရဲ့ ဘယ်ဘက်အခြမ်းမှာ၊ အပျော်စီးလှေတွေဆီက မီးရောင်တွေ ရေမျက်နှာပြင်ပေါ် ညင်ညင်သာသာ အလင်းပြန်နေတာ သူမ မြင်ရတယ်။ ဟိုအဝေးဆီက တောင်စောင်းတွေဆီမှာတော့ ရွာငယ်လေးတွေဆီက ထွက်လာတဲ့ အလင်းစက်ကလေးတွေ မြင်ရတယ်။ ဒီအရာတွေအားလုံးရဲ့ အလှကြောင့် သူမရင်မှာ တင်းကြပ်သွားတယ်။
တောင်ကုန်းထိပ်ဆီက သူမနေတဲ့နေရာလည်း မြင်ကွင်းမှာပေါ်လာတယ်။ မိရုက မှန်ပြောင်းကို လှည့်ပြီး သူမတိုက်ခန်းကို ရှာလိုက်တယ်၊ ဒါပေမဲ့ ရှာရ သိပ်မလွယ်ဘူး။ ရဟတ်က ခပ်မှန်မှန်အရှိန်နှုန်းနဲ့ မြင့်သထက်မြင့်လာတယ်။ မြန်မြန်ရှာမှဖြစ်မယ်။ မှန်ပြောင်းကို ရှေ့နောက် လှည့်ပြီး အသည်းအသန်ရှာနေမိတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ခပ်ဆင်ဆင်အဆောက်အဦတွေ အများကြီးရှိနေတယ်။ ရဟတ်က ထိပ်ဆုံးကို ရောက်လာပြီးလို့ ပြန်ဆင်းနေပြီ။ နောက်ဆုံးတော့ သူမနေတဲ့ အဆောက်အဦကို တွေ့လိုက်တယ်။ ဟုတ်တယ်။ ဒါပေမဲ့ သူမမှတ်မိတာထက် ပြတင်းပေါက်တွေ ပိုများနေသလိုပဲ။ လူအတော်များများက နွေလေညင်းကို ခံချင်လို့ ပြတင်းပေါက်တွေ ဖွင့်ထားကြတယ်။ သူမက မှန်ပြောင်းကို ပြတင်းပေါက်တစ်ခုက တစ်ခုစီ ရွေ့လျားပြီး၊ နောက်ဆုံးမှာ ညာဘက်ကရေရင် ဒုတိယမြောက် တတိယထပ် တိုက်ခန်းကို ချိန်လိုက်နိုင်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရဟတ်က မြေပေါ်ကို ရောက်လုနီးနေပြီ။ အခြားအဆောက်အဦတွေရဲ့ နံရံတွေက မြင်ကွင်းမှာ ပေါ်လာတယ်။ ကပ်သီးလေးပဲ၊ နောက်ထပ်စက္ကန့်အနည်းငယ်သာ အချိန်ရရင် သူမနေရာကို မြင်ခွင့်ရတော့မှာ။
ရဟတ်က မြေပြင်ကို ဆင်းသက်လာတယ်၊ ပိုပြီးတောင် နှေးသွားသေးတယ်။ တံခါးဖွင့်ပြီး အပြင်ထွက်ဖို့ သူမ ပြင်လိုက်တယ်။ ဒါပေမဲ့ တံခါးက တုပ်တုပ်မှမလှုပ်ဘူး။ ဟုတ်သားပဲ၊ အပြင်က ဂလန့်ချထားတာပဲ။ လက်မှတ်ရုံထဲက အဖိုးကြီးကို သူမ ရှာကြည့်ပေမယ့်၊ အရိပ်အယောင် မတွေ့ရဘူး။ လက်မှတ်ရုံထဲမှာ မီးရောင်မရှိတော့ဘူး။ တစ်ယောက်ယောက်ကို လှမ်းခေါ်ဖို့ လုပ်လိုက်ပေမယ့် အနားမှာ လှမ်းခေါ်စရာလူလည်း တစ်ယောက်မှ ရှိမနေဘူး။ ရဟတ်က နောက်တစ်ကြိမ် အပေါ်ပြန်တက်လာတယ်။ ဒီလိုမျိုးဖြစ်နိုင်လို့လား၊ ဘယ်လိုတွေ ဖြစ်တာလဲလို့ သူမ တွေးလိုက်ပြီး သက်ပြင်းချလိုက်တယ်။ အဘိုးကြီး အိမ်သာထသွားပြီး အချိန်မှတ်တာ မှားသွားတာဖြစ်နိုင်တယ်၊ သူမ နောက်တစ်ပတ် ထပ်စီးရတော့မှာပဲ။
ဒါလည်း ကောင်းတာပဲလို့ သူမ တွေးလိုက်တယ်။ အဘိုးကြီးမေ့တော့ သူမ နောက်တစ်ပတ် အလကားထပ်စီးခွင့်ရမယ်။ ဒီတစ်ကြိမ်တော့ သူမ တိုက်ခန်းကို တွေ့နိုင်မှာ အသေအချာပဲ။ အဝေးကြည့်မှန်ပြောင်းကို တင်းတင်းဆုပ်ကိုင်ရင်း ပြတင်းပေါက်နားမှာ မျက်နှာကို မခွာတမ်းကပ်ထားလိုက်တယ်။ ရှိနိုင်တဲ့နေရာ အနီးတစ်ဝိုက်ကို ပထမအကြိမ်ကတည်းက သိထားလို့ ဒီတစ်ကြိမ်မှာတော့ သူမအခန်းကို အမိဖမ်းဖို့ လွယ်ကူသွားပြီ။ ပြတင်းပေါက်က ပွင့်နေပြီး မီးတွေလည်း ဖွင့်ထားတယ်။ အမှောင်ခန်းထဲ ပြန်လာရတဲ့အဖြစ်ကို သူမ မုန်းတယ်၊ ညစာစားပြီး အိမ်ကို တန်းပြန်မယ်လို့ ပထမစီစဉ်ထားခဲ့တာ။
အဝေးတစ်နေရာကနေ ကိုယ့်အခန်းကိုယ် မှန်ပြောင်းနဲ့ပြန်ချောင်းကြည့်ရတာ အပြစ်မကင်းသလို သူမ ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ချောင်းကြည့်နေရသလိုပဲ။ ဒါပေမဲ့ ငါမှအဲဒီမှာ မရှိပဲလို့ သူမ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်တယ်။ တကယ်လည်း မရှိပါဘူး။ စားပွဲပေါ်မှာ ဖုန်းရှိနေတယ်။ အဲဒီဖုန်းဆီကို ဒီကနေ ခေါ်လိုက်လို့ရရင် ကောင်းမယ်။ စားပွဲပေါ်မှာ သူချန်ထားခဲ့တဲ့ စာတစ်စောင်လည်း ရှိနေတယ်၊ ဒီကနေ အဲဒီစာကိုလည်း ဖတ်ကြည့်ချင်တယ်လို့ သူမ တွေးမိတယ်။ ဒါပေမဲ့ အဲဒီလောက် အသေးစိတ်ကိုတော့ သူမ ဘယ်မြင်နိုင်မလဲ။
နောက်ဆုံးတော့ ရဟတ်ဟာ အမြင့်ဆုံးနေရာကိုရောက်လာပြီး အောက်ကို ပြန်နိမ့်ဆင်းစပြုလာတယ်။ သိပ်မကြာလိုက်ဘူး ရုတ်တရက် ရပ်တန့်သွားတယ်။ အတွဲဆိုင်းလေးက လူးသွားလို့ နံရံကို သူမ ပုခုံးနဲ့တိုက်မိပြီး မှန်ပြောင်းလည်း အောက်ကိုလွတ်ကျလုမတတ် ဖြစ်သွားတယ်။ ရဟတ်ရဲ့ စက်သံလည်းရပ်သွားပြီး၊ အရာအားလုံးဟာ ကမ္ဘာပျက်ကြီးတစ်ခုလို တိတ်ဆိတ်မှုနဲ့ လွှမ်းခြုံသွားတယ်။ သူမ ကြားနေရတဲ့ မြူးကြွတဲ့ နောက်ခံတေးဂီတလည်း မကြားရတော့ဘူး။ အောက်ခြေက ရုံကလေးတွေဆီ က မီးအတော်များများ မှိတ်သွားပြီ။ သူမ ဂရုတစိုက်နားစွင့်ကြည့်လိုက်တယ်၊ လေတိုးသံခပ်တိုးတိုးကလွဲပြီး ဘာမှမကြားရတော့ဘူး။ တိတ်ဆိတ်ငြိမ်သက်မှုအတိ။ လမ်းဘေးဈေးသည်တွေရဲ့ အော်သစ်သံတွေ၊ ကလေးတွေရဲ့ အော်ဟစ်သံတွေ မရှိတော့ဘူး။ ပထမတော့ ဘာဖြစ်သွားလဲ သူမ စဉ်းစားကြည့်လို့မရဘူး။ ခဏကြာတော့မှ အတွေးဝင်လာတယ်။
အဲဒါကတော့ သူမ တစ်ယောက်တည်းစွန့်ပစ်ခံထားရပြီ ဆိုတာပဲ။
တစ်ဝက်ဖွင့်ထားတဲ့ ပြတင်းပေါက်ဆီ ခေါင်းညွတ်ပြီး အောက်ကို သူမ နောက်တစ်ကြိမ်ငုံ့ကြည့်လိုက်တယ်။ အဲဒီတော့မှပဲ ဘယ်လောက်အမြင့်ကြီးမှာ ရောက်နေမှန်း သတိပြုမိတော့တယ်။ အပြင်ကို အော်ဟစ်အကူအညီတောင်းဖို့ မိရုစဉ်းစားလိုက်ပေမယ့် ဘယ်သူမှ မကြားလောက်ဘူးဆိုတာလည်း သိနေတယ်။ သူမက အမြင့်ကြီးမှာ ရောက်နေတယ်၊ ပြီးတော့ သူမ အသံကလည်း တိုးလွန်းတယ်။
ဟိုအဘိုးကြီးက ဘယ်ရောက်သွားရတာလဲ။ အရက်သွားသောက်နေတာ ဖြစ်ရမယ်။ သူ့မျက်နှာအရောင်အဆင်း၊ သူ့ အသက်ရှုသံ၊ သူ့ အသံလေးလေး၊ ဒါတွေအားလုံးကိုထောက်ရင် အရက်သမားဆိုတာ သံသယရှိစရာ မလိုဘူး။ ငါ့ကို ရဟတ်ပေါ်တင်ထားတာ မေ့သွားပြီး စက်သတ်လိုက်တာဖြစ်ရမယ်။ အခုချိန်လောက်ဆို သူ အရက်ဘားတစ်ခုခုမှာ ဘီယာ၊ ဒါမှမဟုတ် ဂျင်လေးသောက်ပြီး ဒူးနမ့်နေတာ ဖြစ်လောက်တယ်။ ဒီထပ်ပို မူးလာပြီး သူလုပ်ထားခဲ့တာသူ မေ့သွားတော့မှာပဲ။ မိရု နှုတ်ခမ်းတွေကို ကိုက်လိုက်တယ်။ မနက်ဖြန်နေ့လယ်အထိ ဒီနေရာကနေ ငါ ထွက်သွားလို့ရချင်မှရတော့မယ်။ ဒါမှမဟုတ် ညနေအထိတောင် ဖြစ်သွားနိုင်တယ်။ ကစားကွင်းက ဘယ်အချိန်ဖွင့်တာလဲ၊ ဒါကို သူမ မသိဘူး။
ပေါ့ပေါ့ပါးပါး ဘလောက်စ်အင်္ကျီလေးနဲ့ ချည်သားစကပ်တိုလေးပဲ မိရုဝတ်လာမိတယ်။ နွေခေါင်ခေါင်ဆိုပေမယ့် ဆွစ်ဇာလန်ရဲ့ညချမ်းဟာ အေးစိမ့်နေတယ်။ လေက ကြမ်းလာတယ်။ အောက်ကမြင်ကွင်းကို မြင်ရဖို့ ပြတင်းပေါက်ကနေ နောက်တစ်ကြိမ် ခေါင်းထုတ်ကြည့်လိုက်တယ်။ ခုနက ထပ်တောင် လျှပ်စစ်မီးတွေ ပိုနည်းသွားပြီ။ ကစားကွင်းတစ်ခုရဲ့ တစ်နေ့တာအစီအစဉ်တွေပြီးဆုံးလို့ အားလုံးအိမ်ပြန်သွားကြပြီ။ လုံခြုံရေးတစ်ယောက်လောက်တော့ တစ်နေရာမှာ ရှိရမယ်။ အသက်ကိုပြင်းပြင်းရှူလို့ သူမ အဆုပ်တွေကို အစွမ်းကုန်ဖြစ်ညှစ်ပြီး အကူအညီအော်တောင်းလိုက်တယ်။ ပြီးတော့ နားစွင့်ကြည့်တယ်။ နောက်တစ်ခါ၊ ပြီး နောက်တစ်ခါ ထပ်အော်ကြည့်တယ်။ တုံ့ပြန်သံမကြားရဘူး။
တေဇာ (လရောင်လမ်း)
Sputnik Sweetheart by Haruki Muraki မှ ထုတ်နုတ်ပြီး ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Image: www.gammemagie.com

Comments
Post a Comment