သူ့စိတ်ကူးတွေထက် ပိုပြီး နာကျင်စရာကောင်းတာကတော့၊ သူမဇာတ်လမ်းတွေကို သူသိထားတဲ့အကြောင်း မျိုသိပ်ထားပြီး သာမန်ဘ၀တစ်ခုမှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ အားထုတ်ရတာပဲ။ သွေးလွှတ်ကြောတွေအတွင်းမှာ သူ့သွေးတွေ အပြင်းအထန် ဆောင့်တိုးပြီး၊ သူ့အတွင်းအင်္ဂါတွေကို တစ်စစီဆုတ်ဖြဲပစ်နေချိန်မှာ၊ သူ့အပြင်ပန်းကိုတော့ တည်ငြိမ်နေအောင် သူထိန်းသိမ်းထားတယ်။ နေ့စဉ်ကိစ္စတွေ၊ စကားပြောဆိုဆက်ဆံရေးတွေနဲ့ သူတို့ရဲ့ အိမ်ထောင်သည်ဘ၀တစ်ခုလုံးဟာ ပုံမှန်အတိုင်းရှိခဲ့တာပဲ။ ဒီကိစ္စဟာ လူတစ်ယောက်အနေနဲ့ ထိန်းချုပ်နိုင်တဲ့ ကိစ္စတော့မဟုတ်ဘူး။ တစ်ဖက်မှာလည်း ကာဖုကုဟာ ကိုယ်တိုင်ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တစ်ဦးဖြစ်သလို သရုပ်ဆောင်ပညာကို ညွှန်ကြားပြသပေးနေတဲ့သူ၊ ကိုယ့်မူရင်းစိတ်ကို အဝေးတစ်နေရာဆီလွှင့်ထားဖို့ဆိုတာ သူ့အတွက်တော့ ထမင်းစားရေသောက်ပဲ။ ဒီတော့လည်း၊ အားပေးမယ့်ပရိသတ် တစ်ယောက်မှမရှိပေမယ့် သူ့ရင်ထဲက ဝေဒနာကို ဖုံးကွယ်ဖို့အတွက် သူ့သရုပ်ဆောင်ပညာကို အစွမ်းကုန်အသုံးချနေမိတော့တယ်။
သူ့ဇနီးအနေနဲ့ အခြေအနေပေးသလို တခြားယောက်ျားတွေနဲ့ အိပ်တတ်တဲ့အချက်ကလွဲလို့ သူတို့အိမ်ထောင်သည်ဘ၀မှာ အခက်အခဲကြီးကြီးမားမား တွေ့ခဲ့တာမျိုးမရှိပဲ ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။ နှစ်ယောက်စလုံး အလုပ်မှာ အောင်မြင်နေခဲ့တယ်၊ ၀င်ငွေအရလည်း တည်ငြိမ်မှုရှိခဲ့တယ်။ နှစ်နှစ်ဆယ်အိမ်ထောင်သည်သက်တမ်းအတွင်း အကြိမ်မရေတွက်နိုင်အောင် လိင်ဆက်ဆံခဲ့ကြတယ်၊ အနည်းဆုံး ကာဖုကုတွက်ကြည့်ရသလောက်ဆိုရင်၊ သူတို့နှစ်ယောက်လုံး ဒါကိုကျေနပ်ခဲ့တာပဲ။ သူမဆုံးပြီးကတည်းကစလို့ တခြားမိန်းကလေးအတော်များများနဲ့ ကာဖုကု တွေ့ခဲ့ပေမယ့် သူ့ဇနီးနဲ့တုန်းကလို ရင်းနှီးနွေးထွေးတဲ့ ပျော်ရွှင်မှုမျိုးကို မခံစားခဲ့ရဘူး။ သူခံစားရသမျှ အတွေ့အကြုံကတော့ နေရာသစ်တစ်ခုကို ရောက်ဖူးပြီးသားလို့ အာရုံမှားတဲ့ ခံစားချက်မျိုးပဲ၊ အတိတ်ဟောင်းထဲက အဖြစ်အပျက်တွေကို ပြန်လည်ခြေရာကောက်မိနေတာမျိုးပဲ။
မီဆာ့ခိကို လစာပေးဖို့အတွက် ကာဖုကုရဲ့ အေဂျင်စီက သူမရဲ့ အသေးစိတ်အချက်အလက်တွေကို လိုအပ်လာတော့၊ လက်ရှိနေရပ်လိပ်စာ၊ အမြဲတမ်းလိပ်စာ၊ မွေးနေ့၊ ကားလိုင်စင်နံပါတ် စတဲ့အချက်အလက်တွေပါတဲ့ ပုံစံတစ်ခုကို ဖြည့်လိုက်ကြတယ်။ ပုံစံအရတော့ သူမလက်ရှိနေတာက တိုကျို၊ အာကာဘိန်းက တိုက်ခန်းတစ်ခုမှာ၊ အမြဲတမ်းလိပ်စာက Nakatonbetsu Town ၊ ဟိုကိုင်းဒိုး။ အသက် ၂၄ နှစ်ပြည့်တာ မကြာသေးဘူး။ ဟိုကိုင်းဒိုးက၊ Nakatonbetsu မြို့နယ်ဆိုတာ ဘယ်နားမှာလဲ ကာဖုကု မသိဘူး။ ဒါပေမဲ့ သူ့ကို အငိုက်မိသွားစေတာကတော့ သူမရဲ့ အသက်ပဲ။
*****
မွေးပြီးသုံးရက်အကြာမှာပဲ ဆုံးသွားတဲ့ သမီးလေးတစ်ယောက် ကာဖုကုမှာ ရှိခဲ့တယ်။ ညသန်းခေါင်ယံ၊ ဆေးရုံရဲ့ကလေးဆောင်ထဲမှာ သတင်းတစ်ခုတောင်ကြိုတင်မရဘဲ ရုတ်တရက်ဖြစ်သွားခဲ့တာ။ မွေးရာပါ နှလုံးအဆို့ရှင်ပြဿနာကြောင့်လို့ ပြောတယ်။ ဆေးရုံကပြောတဲ့ ဇာတ်လမ်းကို ကာဖုကုတို့လင်မယား သံသယမရှိခဲ့ဘူး၊ ရှိခဲ့ရင်လည်း ကလေးရဲ့အသက်ကတော့ ပြန်ရှင်လာတော့မှာ မဟုတ်ပါဘူး။ ကံကောင်းတယ်ပြောမလား၊ ကံဆိုးတယ်ပြောမလား ကလေးကို နာမည်တောင်မပေးရသေးဘူး။ တကယ်လို့ သမီးလေးသာ အသက်ရှင်ခဲ့မယ်ဆိုရင် အခုဆို ၂၄ နှစ်ရှိပြီလို့ ကာဖုကု တွေးမိသွားတယ်။ ကလေးသေဆုံးတဲ့ နှစ်ပတ်လည်တွေမှာ နှစ်စဉ်နှစ်တိုင်း သူ လက်နှစ်ဖက်ယှက်ပြီး ဆုတောင်းချွေတယ်၊ ပြီးတော့ သမီးလေးသာ အသက်ရှင်ခဲ့ရင်..ဆိုတဲ့ အတွေးနဲ့နေတယ်။
ဒီလို ရုတ်တရက်ဆုံးရှုံးသွားမှုက သူတို့နှစ်ဦးလုံးကို အကြီးအကျယ် ထိခိုက်နာကျင်စေခဲ့တယ်။ ကလေးသေဆုံးသွားလို့ ကျန်ရစ်ခဲ့တဲ့ ကွက်လပ်ဟာ နက်ရှိုင်းမှောင်မဲလွန်းပြီး ကုသဖို့ အချိန်အကြာကြီး ယူခဲ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောချင်ဖြစ်နေတဲ့ ကျန်ရစ်သူမိဘနှစ်ဦးဟာ၊ အချိန်အများစုကို သူတို့တိုက်ခန်းအတွင်းက တိတ်ဆိတ်မှုအတွင်းမှာပဲ ကုန်ဆုံးပစ်ခဲ့ကြတယ်။ အဖြစ်ဆိုးကြီးကို ဖျော့ပစ်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ ကာဖုကုရဲ့ဇနီးက ၀ိုင်တွေအများအပြား စသောက်လာတယ်။ ကာဖုကုကတော့ ခဏတဖြုတ်လောက်၊ လက်ရေးလှရေးတဲ့ပညာကို အရမ်းစိတ်ဝင်စားသွားခဲ့တယ်။ စာရွက်ဖြူဖြူပေါ်မှာ စုတ်တံကို ရွေ့လျားပြီး စကားလုံးတွေရေးသားရင်း၊ အနက်ရောင်မင်နဲ့ စကားလုံးအမျိုးမျိုးကို ဖန်တီးနေခြင်းက၊ သူ့အတွေးယန္တယားတွေရဲ့ အခြားတစ်ဖက်ဆီ တစ်နည်းနည်းနဲ့ ကျော်လွန်မြင်တွေ့ဖို့ ကာဖုကုကို အကူအညီပေးခဲ့တယ်။
ဖြည်းဖြည်းမှန်မှန်နဲ့၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဖေးမရင်း အဲဒီလိုခက်ခဲတဲ့ အခိုက်အတန့်ကနေ သူတို့နှစ်ဦး ပြန်လည်နာလန်ထူ ရှေ့ဆက်နိုင်ခဲ့ကြတယ်။ အလုပ်ထဲမှာပဲ စိတ်နှစ်ထားပြီး၊ နောက်ထပ်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်အတွက် ဇာတ်ကောင်စရိုက်တွေကို စိတ်ကူးတည်ဆောက်ရင်းနဲ့ အလုပ်ထဲ ပြင်းပြင်းထန်ထန် အာရုံစူးစိုက်ထားလိုက်ကြတယ်။ အချိန်တစ်ခုအကြာမှာ ဇနီးက နောက်ထပ်ကလေးတစ်ယောက်ယူဖို့ သူမ မကြိုးစားချင်တော့ဘူးလို့ ပြောလာတော့ ကာဖုကုက သဘောတူခဲ့တယ်။ "ကိုယ်နားလည်ပါတယ်။ ကိုယ်တို့ နောက်တစ်ခေါက် မကြိုးစားတော့ဘူး။ ဒီလောက်နဲ့ လုံလောက်ပြီဆိုရင်၊ ဒါကပဲ အကောင်းဆုံးဖြစ်မယ် ထင်တယ်ဆိုရင်ပေါ့" လို့ သူက ပြောခဲ့တယ်။
အခုချိန်ပြန်စဉ်းစားကြည့်တော့၊ အဲဒီအချိန်မှာပဲ တခြားယောက်ျားတွေနဲ့ သူ့ဇနီး ဇာတ်လမ်းစခဲ့တာ။ ကလေးကိုဆုံးရှုံးလိုက်ရခြင်းက သူမဆီမှာ လိုအပ်ချက်ကွက်လပ်တစ်ခုခုဖြစ်ပေါ်လာဖို့ နှိုးဆွပေးလိုက်တာလားလို့ ကာဖုကု စဉ်းစားခန်းဝင်မိတယ်၊ ဒါပေမဲ့ သူ့ ခန့်မှန်းချက်ကို အတည်မပြုနိုင်ဖြစ်နေဆဲပဲ။
"တစ်ခုလောက်မေးလို့ရမလား" လို့ မီဆာ့ခိက ပြောတယ်။
ကာဖုကုက သူမဘက်ဆီ လှည့်ကြည့်လိုက်တယ်။ ပြတင်းပေါက်ကနေ အပြင်ကိုငေးရင်း အတွေးထဲနစ်မျောနေရင်းက သူမ အသံကြောင့် အံ့အားသင့်သွားတယ်။ နှစ်လအတွင်းကို ကားအတူစီးရင်းသူတို့ ကုန်ဆုံးခဲ့ပေမယ့် သူမ သူ့ကို စကားပြောတာ မရှိခဲ့သလောက်ပဲ။
"မေးလေ" လို့ ကာဖုကုက ပြောတယ်။
"ရှင်ဘာလို့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာတာလဲ"
"သြော်။ တက္ကသိုလ်တက်တုန်းက၊ ကောင်မလေးတချို့က ကိုယ့်ကို ကျောင်းသားကပွဲမှာ ၀င်ပါဖို့ တိုက်တွန်းခဲ့တယ်။ အဲဒီအချိန်တုန်းက ကဇာတ်ကို ဒီလောက်ကြီး စိတ်ဝင်စားလှတာမဟုတ်ဘူး။ အထက်တန်းကျောင်းတုန်းက ဘေ့စ်ဘောအသင်းမှာ Short Stop နေရာက ပုံမှန်ကစားရတယ်၊ ကွင်းလယ်မှာလည်း ကောင်းကောင်းကစားနိုင်တယ်၊ ဒါပေမဲ့ တက္ကသိုလ်အသင်းမှာပါဖို့အထိတော့ မကောင်းဘူး။ ဒီတော့ ဘယ်လိုဆက်ဖြစ်မလဲစောင့်ကြည့်ဦးမယ်လို့ စဉ်းစားလာရတယ်။ ဒါ့အပြင်၊ အဲဒီကောင်မလေးတွေနဲ့ တရုန်းရုန်းလုပ်ချင်သေးတာလည်း ပါတယ်။ သိပ်မကြာဘူး၊ သရုပ်ဆောင်ဖျော်ဖြေရတာကို ကိုယ် တကယ်ဝါသနာပါမှန်း သိလာတယ်။ သရုပ်ဆောင်နေစဉ်အတွင်း တခြားလူတစ်ယောက်အဖြစ် ရှိနေနိုင်ပြီး၊ ပြီးတော့မှ ကိုယ့်ဘ၀ဆီ ကိုယ်ပြန်ရောက်သွားရကို သဘောကျတယ်။ ဒါ ပျော်စရာပဲ"
"တခြားတစ်ယောက်ဖြစ်ရတာကို ရှင်သဘောကျတာလား"
"ကိုယ့်ဘ၀ကိုယ် ပြန်ရောက်နိုင်သေးသရွေ့ သဘောကျတာပေါ့"
"ကိုယ့်ဘ၀ဆီ ပြန်မသွားတော့ဘူးလို့ စဉ်းစားကြည့်ဖူးလား"
သူမ မေးခွန်းကို ကာဖုကု စဉ်းစားကြည့်တယ်။ ဒီမေးခွန်းကို သူ အရင်က တစ်ခါမှ အမေးမခံရဖူးဘူး။ အဲဒီအချိန်မှာ တိုကျိုလမ်းမကျယ်ကြီးပေါ်က တာကဲဟရှိ ထွက်ပေါက်ဆီကို ကားက ဦးတည်နေပြီ။
"ကိုယ့်ဘ၀ဆီပြန်မလာလို့ တခြားဘယ်နေရာကို သွားရမှာလဲ" လို့ ကာဖုကုက ပြောတယ်။
ကာဖုကုရဲ့စကားကို မီဆာ့ခိက ဘာမှရှေ့ဆက်မပြောတော့ဘူး။
တိတ်ဆိတ်သွားပြီးတဲ့နောက်မှာ၊ သူ့ဘေ့စ်ဘောဦးထုပ်ကို ကာဖုကု ချွတ်လိုက်တယ်၊ ပြီး ဦးထုပ်ပုံစံကို ကြည့်လိုက်ပြီး ခေါင်းပေါ်ပြန်ဆောင်းလိုက်တယ်။ ထရပ်ကားတွဲကြီးတစ်စီးနဲ့ သူ့ရဲ့ မဆုံးနိုင်တဲ့ ဘီးတွေဘေးတစ်လျှောက် မောင်းလာရင်း သူတို့ရဲ့ SAAB အမိုးဖွင့်ကားလေးက အရုပ်ကလေးတစ်ရုပ်လို ကျိုးပဲ့လွယ်တဲ့ပုံပေါ်နေတယ်၊ တလွန့်လွန့်လူးနေတဲ့ ရွက်လှေကလေးတစ်စင်း၊ ရေနံတင်သင်္ဘောကြီးရှေ့ရောက်နေသလိုပဲ။
ခဏလောက်အကြာမှာ မီဆာ့ခိက ပြောလိုက်တယ်။
"ကျွန်မ တွေးမိနေတာ တစ်ခုရှိတယ်။ ကျွန်မ မေးသင့်ပါ့မလားတော့ မသိဘူး။ ဒါပေမဲ့ မေးကြည့်လို့ရမလား"
"မေးပါ" လို့ ကာဖုကုက ပြောသည်။
"ရှင့်မှာ ဘာလို့ မိတ်ဆွေတစ်ယောက်မှ မရှိတာလဲ"
မီဆာ့ခိရဲ့ မျက်နှာကို ကာဖုကု စိတ်ဝင်တစားနဲ့ ကြည့်လိုက်မိတယ်။
"ကိုယ့်မှာ မိတ်ဆွေမရှိမှန်း မင်းဘယ်လိုလုပ်သိတာလဲ"
မီဆာ့ခိက ပုခုံးကို မသိမသာတွန့်လိုက်တယ်။
"လူတစ်ယောက်ကို နေ့တိုင်း ကားပေါ်တင်မောင်းတဲ့အခါ သတိပြုမိလာတာပဲ"
ထရပ်ကားတွဲကြီးရဲ့ တာယာတွေကို ခဏငေးကြည့်ပြီး ကာဖုကု ဒီဘက်ပြန်လှည့်လိုက်တယ်။
"တစ်ယောက်ယောက်ကို သူငယ်ချင်းလို့ ကိုယ်မခေါ်ခဲ့တာ အတော်ကြာခဲ့ပြီ။ ဘာကြောင့်လဲမသိဘူး"
"ရှင်ကလေးဘ၀ကတည်းက ဒီပုံစံပဲလား"
"မဟုတ်ဘူး။ ကလေးဘ၀တုန်းကတော့ သူငယ်ချင်းရှိတာပေါ့။ ဒါပေမဲ့ အရွယ်ရောက်လာတော့ မိတ်ဆွေတစ်ယောက်လိုအပ်တယ်လို့ တကယ်ကို မခံစားရတော့ဘူး။ အထူးသဖြင့် အိမ်ထောင်ကျပြီးကတည်းက စလို့ပေါ့"
"ရှင့်ဇနီးရှိနေသရွေ့ မိတ်ဆွေသူငယ်ချင်း သိပ်မလိုဘူးဆိုတဲ့ သဘောလား"
"ဟုတ်ချင်ဟုတ်လိမ့်မယ်။ သူနဲ့လည်း မိတ်ဆွေကောင်းတွေလိုပဲလေ"
"အိမ်ထောင်ကျတော့ ရှင့်အသက်ဘယ်လောက်ရှိပြီလဲ"
"သုံးဆယ်။ ဇာတ်ကားတစ်ခုကို အတူရိုက်ရင်းတွေ့ကြတာ။ သူက ဇာတ်ပို့ပေါ့၊ ကိုယ်ကတော့ ဇာတ်ရံ"
သူတို့ကားလေးက ယာဉ်ကျောကြပ်ကြပ်အတွင်းကို တဖြည်းဖြည်းတိုးဝင်လာတယ်။ အရင်ကလိုပဲ၊ တိုကျိုလမ်းမကျယ်ကြီးပေါ်မှာ ကားတွေကို ရှေ့တိုးမရလို့ သူတို့ကား အမိုးကို ဖွင့်ထားလိုက်တယ်။
"မင်းက အရက်လုံးဝမသောက်ဘူးလား" လို့ စကားလမ်းကြောင်းပြောင်းပြီး ကာဖုကုမေးလိုက်တယ်။
"ကိုယ်ခန္ဓာက လက်မခံတာ။ ကျွန်မအမေရောပဲ အရက်မူးသွားရင် အမြဲပြဿနာတွေ့တတ်တယ်။ အရက်နဲ့ပတ်သက်ပြီး၊ ပြဿနာတစ်ခုခု ရှိနေတာမျိုးပေါ့"
"မင်းအမေက အခုထိ ပြဿနာတွေ့နေတုန်းလား"
မီဆာ့ခိက လေးနက်တဲ့အမူအရာနဲ့ ခေါင်းကိုယမ်းလိုက်တယ်။
"သူသေသွားပြီ။ အရက်မူးနေရင်း ကားကိုမထိန်းနိုင်ဘဲ သစ်ပင်တစ်ပင်နဲ့ ၀င်တိုက်မိတာ။ ရုတ်တရက်ကြီးဖြစ်သွားတာ။ အဲဒီအချိန်တုန်းက ကျွန်မဆယ့်ခွန်နှနှစ်"
"မင်းရဲ့ဆုံးရှုံးမှုအတွက် ၀မ်းနည်းပါတယ်"
"သူ့အပြစ်နဲ့သူပါ" လို့ မီဆာ့ခိက လက်တွေ့ကျကျပဲ ပြောတယ်။ "ပြီးတော့ နောက်ဆုံးမှာ ဒီလိုဖြစ်လာမှာပဲလေ။ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်မလဲသာ မသိခဲ့တာ"
ခဏလောက် သူတို့ တိတ်ဆိတ်သွားကြပြန်တယ်။
"မင်း အဖေကရော.."
"သူဘယ်မှာလဲ ကျွန်မ မသိဘူး။ ကျွန်မ ရှစ်နှစ်မှာ သူ ထွက်သွားတယ်၊ အဲဒီကတည်းက မမြင်ရတော့ဘူး။ အဆက်အသွယ်လည်း မရှိဘူး။ အမေကတော့ အဲဒီအတွက် ကျွန်မကို အပြစ်တင်တယ်"
"ဘာလို့လဲ"
"ကျွန်မက တစ်ဦးတည်းသော ကလေးလေ။ သူပြောတာကတော့၊ ကျွန်မသာ ဒီထက်ပိုလိမ္မာပြီး ဒီထက်ပိုချစ်စရာကောင်းခဲ့ရင် အဖေ ကျွန်မတို့ကို မထားခဲ့လောက်ဘူးတဲ့။ ကျွန်မက ရုပ်ဆိုးလို့ ကျွန်မကို မလိုချင်တာတဲ့"
"မင်းက ရုပ်မဆိုးပါဘူး။ မင်းအမေက မင်းကို အဲဒီလို ထင်နေစေချင်တာပါ" လို့ ကာဖုကုက အချက်အလက်တကျ ပြောလိုက်တယ်။
မီဆာ့ခိကတော့ ပုခုံးကိုပဲ တွန့်ပြတယ်။
"သူက အမြဲတမ်းတော့ ဒီလိုပုံစံမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ မူးသွားပြီဆိုရင်တော့ ဆိုးလာရော။ အဲဒီအကြောင်းတွေကို ထပ်ကာထပ်ကာ ပြောလေ့ရှိတယ်၊ နာကျင်ရတယ်။ ဒီလိုမျိုးပြောသင့်ချင်မှတော့ပြောသင့်မယ်၊ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် သူသေသွားတဲ့အတွက် ကျွန်မ စိတ်သက်သာရာရခဲ့တာ အမှန်ပဲ"
ဒီတစ်ခါတော့ အချိန်အတော်ကြာကြာ သူတို့ တိတ်ဆိတ်သွားကြတယ်။
"မင်းမှာ သူငယ်ချင်းတွေ ရှိလား" ကာဖုကုက မေးလိုက်တယ်။
သူမက ခေါင်းခါတယ်။ "တစ်ယောက်မှ မရှိဘူး"
"ဘာဖြစ်လို့လဲ"
မီဆာ့ခိက မျက်လုံးတွေကို ကျဉ်းလိုက်ပြီး ငြိမ်သက်နေတယ်၊ ရှေ့က လမ်းမဆီကိုပဲ အာရုံစိုက်ကြည့်နေတယ်။
ကာဖုကုလည်း မျက်လုံးမှိတ်လိုက်ပြီး အိပ်ပျော်မလားလို့ ခဏလောက် ကြိုးစားကြည့်တယ်။ မီဆာ့ခိ ဂီယာပြောင်းတာက ဘယ်လောက်ညင်သာတယ်ဆိုပေမယ့်၊ ယာဉ်ကျောကြပ်နေတဲ့အထဲမှာ ကားက မောင်းလိုက်ရပ်လိုက်ဖြစ်နေလို့ အိပ်မရနိုင်ဖြစ်နေတယ်။
ကြမ္မာငင်သလိုပဲ၊ အရှေ့မှာရှိနေတဲ့ ကားတန်းဆီက ကားတွဲကြီးက သူတို့ရဲ့ SAAB ကားဝါလေးရှေ့မှာ ကွယ်ထားတယ်။
အိပ်မယ့်ကိစ္စကို လက်လျှော့လိုက်ပြီး ကာဖုကုက မျက်လုံးတွေကို ဖွင့်လိုက်တယ်။
"ကိုယ့်မှာရှိခဲ့တဲ့ နောက်ဆုံးသူငယ်ချင်းကတော့ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကပဲ။ သူငယ်ချင်းတုလို့ ပြောရင် ပိုတိကျမလားမသိဘူး။ ကိုယ့်ထက် ခြောက်နှစ်ခွန်နစ်နှစ်လောက်ငယ်မယ်။ တကယ်တော့ လူကောင်းပါပဲ။ သူက အရက်သောက်တတ်တော့ ကိုယ်နဲ့သူနဲ့ ထွက်သောက်ကြတယ်၊ ပြီးတော့ စကားတွေပြောကြတယ်"
မီဆာ့ခိက မသိမသာခေါင်းညိတ်လိုက်ပြီး ကာဖုကုဆက်ပြောမှာကို စောင့်နေတယ်။ တွေဝေနေပြီးမှ သူက ဆက်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
"အမှန်တော့ သူက ကိုယ့်မိန်းမနဲ့အတူအိပ်ဖူးတဲ့ ယောက်ျားတွေထဲက တစ်ယောက်ပဲ။ ကိုယ်သိနေတာတော့ သူမသိပါဘူး"
မီဆာ့ခိက သူမ ကြားလိုက်ရတဲ့အကြောင်းကို သေချာအောင်ထပ်မေးလိုက်တယ်။
"ရှင်ပြောတာက အဲဒီရှင့်သူငယ်ချင်းက ရှင့်မိန်းမနဲ့ လိင်ဆက်ဆံဖူးတယ်လို့ ပြောတာလား"
"အင်း။ သုံးလ၊ ဒါမှမဟုတ် လေးလအချိန်အတောအတွင်း သူတို့ မကြာခဏအတူအိပ်ခဲ့ဖူးတယ်လို့ ကိုယ်ယုံတယ်"
"ရှင်က ဘယ်လိုလုပ်သိတာလဲ"
"အင်း သူကတော့ လျှို့ဝှက်ထားခဲ့တာပဲလေ။ ဒါပေမဲ့ ကိုယ့်အနေနဲ့ အတော်လေး သေချာပါတယ်"
ကားရပ်နေတဲ့အချိန်မှာ မီဆာ့ခိက ကားရဲ့နောက်ကြည့်မှန်ကို ချိန်လိုက်တယ်။
"အဲဒီလိုရှင့်မိန်းမနဲ့အတူအိပ်တော့ ရှင်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို မထိခိုက်ဘူးလား"
"အမှန်အတိုင်းပြောရရင်၊ ပြောင်းပြန်ပဲ။ သူနဲ့ကိုယ် သူငယ်ချင်းဖြစ်သွားရတဲ့ အဓိကအကြောင်းရင်းက သူ ကိုယ့်မိန်းမနဲ့ အိပ်ခဲ့လို့ပဲ"
မီဆာ့ခိက ဘာမှမပြောဘူး၊ ဖြေရှင်းချက်ကြားရဖို့ပဲ ထပ်စောင့်နေတယ်။
"ဘယ်လိုပြောရမလဲ။ ကိုယ့်မိန်းမ သူနဲ့ဘာကြောင့် ဖြစ်ရတာဆိုတာကို ကိုယ်နားလည်ချင်တယ်။ ဘာကြောင့် သူ ဒီလူနဲ့ အိပ်ချင်ရတာလဲ။ ဒါက အနည်းဆုံးတော့၊ ကိုယ့်အတွက် သူနဲ့သူငယ်ချင်းဖြစ်ဖို့ ပထမဆုံး စေ့ဆော်မှုပဲ"
မီဆာ့ခိက အသက်ကို ပြင်းပြင်းရှုလိုက်တယ်၊ သူမရင်ဘတ်က အထက်ကိုတက်လာပြီး တဖြည်းဖြည်းနဲ့ သူမဂျက်ကက်အောက်ကို ပြန်နိမ့်ဆင်းသွားတယ်။
"အဲဒါက ရှင့်အတွက် စိတ်ပိုင်းဆိုင်ရာမှာ မခက်ခဲဘူးလား။ ကိုယ့်မိန်းမနဲ့အတူအိပ်ခဲ့တဲ့ လူတစ်ယောက်နဲ့ အရက်အတူသောက်ရတာလေ"
"အင်း..၊ ခက်ခဲတာပေါ့။ ခံစားလို့မကောင်းတဲ့ စိတ်ကူးပုံရိပ်တွေ ကိုယ့်စိတ်ထဲပေါ်လာတယ်။ မေ့သွားလောက်ပြီးဖြစ်တဲ့ အရာတွေကို အဲဒီအချိန်မှာ ပြန်သတိရလာတယ်၊ ဒါပေမဲ့ ကိုယ်ကတော့ သရုပ်ဆောင်ထားတာပဲ။ အလုပ်ဖြစ်တယ်လို့တော့ ပြောရမယ်"
"တခြားလူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာလား" လို့ မီဆာ့ခိက မေးတယ်။
"အမှန်ပဲ"
"ဆိုတော့ ရှင့်နေရာ ပြန်ရောက်သွားတဲ့အခါကျတော့ရော"
"အင်းပေါ့။ ခံစားလို့မကောင်းဘူးပေါ့၊ ဒါပေမဲ့ ပြန်ရောက်ရမှာပဲလေ။ ဒါပေမဲ့ အဲဒါက အရင်တုန်းကထက် နည်းနည်းလေးပြောင်းလွဲနေတဲ့ ပုံစံမျိုးနဲ့ ပြန်ရောက်သွားတာ။ နည်းလမ်းတကျဆို၊ ကိုယ်ဖြစ်ခဲ့တဲ့အတိုင်း တစ်ရာရာနှုန်း ဘယ်တော့မှ ပြန်မရောက်နိုင်ဘူး"
မိုးဖွဲဖွဲကျလာတယ်။ မီဆာ့ခိက ၀ိုက်ပါတွေကို ဖွင့်လိုက်တယ်။
"ရှင့်မိန်းမ ဘာကြောင့် သူနဲ့ အိပ်ခဲ့တာလဲဆိုတာ ရှင်သိလား"
သူက ခေါင်းကို ယမ်းလိုက်တယ်။
"ဟင့်အင်း။ ကိုယ်မသိဘူး။ ကိုယ်တို့နှစ်ယောက်ကြားမှာ ခြားနားချက်တွေရှိတယ်။ ကိုယ့်မှာမရှိတဲ့အချက်တွေ အဲဒီလူဆီမှာ ရှိနေတယ်။ တကယ်တမ်းပြောရရင်၊ အတော်များများပါပဲ။ ဒါပေမဲ့ ဘယ်အချက်က ကိုယ့်မိန်းမကို ဆွဲဆောင်ခဲ့လဲဆိုတာ ကိုယ်မသိဘူး။ လူနှစ်ယောက်ကြားပြောဆိုဆက်ဆံတဲ့နေရာမှာ၊ အကြောင်းအရာတွေအပေါ်မှာ လုံးဝအတိအကျ အဓိပ္ပာယ်ဖွင့်ဆိုပြီး ကိုယ်တို့ ပြောဆိုခဲ့ကြတာ မရှိဘူး။ ကိုယ်ဆိုလိုချင်တာက၊ တစ်ယောက်ယောက်နဲ့ပတ်သက်လို့၊ အထူးသဖြင့် ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကြားက ဆက်နွယ်မှုနဲ့ပတ်သက်လို့ ယေဘုယျသဘောမျိုးပဲ ပြောဆိုခဲ့ကြတာ။ အဓိပ္ပာယ်နှစ်ခွထွက်စရာတွေ အများကြီးရှိနေတယ်၊ ကိုယ့်ကိုယ်ကိုယ်ဗဟိုပြုထားခဲ့တာပဲ"
မီဆာ့ခိက ခဏလောက် စဉ်းစားနေလိုက်ပြီး ပြောတယ်။
"ရှင် အဲဒီအဖြေကို မရတာတောင်မှ သူနဲ့ သူငယ်ချင်းဆက်ဖြစ်နေခဲ့တုန်းပဲလား"
ကာဖုကုက သူ့ရဲ့ ဘေ့စ်ဘောဦးထုပ်ကို နောက်တစ်ကြိမ်ထပ်ချွတ်လိုက်ပြီး ပေါင်ပေါ်တင်ထားလိုက်တယ်။ လက်ကိုမြှောက်ပြီး သူ့ခေါင်းကို နှိပ်နယ်နေတယ်။
"ဘယ်လိုပြောရရင် ကောင်းမလဲ။ ခပ်တည်တည်နဲ့ သရုပ်ဆောင်နေရင်းပဲ အဲဒီကိစ္စကို ရပ်တန်းကရပ်ဖို့ အခွင့်အလမ်း ပိုနည်းလာတယ်။ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လောက်ခက်ခဲပါစေ၊ သင့်တော်တဲ့အမှတ်တစ်ခုရောက်ရင်တော့ ဖြတ်ချလိုက်ရမှာပဲ။ ဂီတမှာဆိုရင်တော့ သီချင်းတစ်ပုဒ် အချပိုင်းကိုရောက်ပြီး လိုက်ဖက်တဲ့ဟာမိုနီနဲ့ နုတ်စ်တွေ တီးလိုက်တဲ့အချိန်ပေါ့။ ကိုယ်ပြောတာကို နားလည်ရဲ့လား မသိဘူး"
မီဆာ့ခိက မာဘိုရိုတစ်လိပ်ကို ထုတ်လိုက်ပြီး နှုတ်ခမ်းလွှာနှစ်ခုကြားမှာ တပ်လိုက်တယ်။ အမိုးဖွင့်ထားတုန်းဆိုတော့ ဆေးလိပ်မသောက်ပါဘူး၊ နှုတ်ခမ်းမှာ မီးမညှိဘဲ တပ်ထားရုံပဲ။
"ရှင်တို့ သူငယ်ချင်းဖြစ်နေတဲ့ တလျှောက်လုံး အဲဒီလူက ရှင့်မိန်းမနဲ့အတူ အိပ်နေခဲ့တာလား"
"မဟုတ်ဘူး။ မအိပ်ပါဘူး။ အဲဒီလိုပြောကြေးဆိုရင်တော့ သိပ်ပြီး စိတ်ကူးယာဉ်ဇာတ်လမ်း ဆန်သွားလိမ့်မယ်။ ကိုယ့်မိန်းမသေပြီး ခဏကြာမှ သူနဲ့ကိုယ် သူငယ်ချင်းဖြစ်ခဲ့တာပါ"
"သူက ရှင်နဲ့ တကယ် သူငယ်ချင်းဖြစ်ခဲ့တာလား။ ဒါမှမဟုတ် သရုပ်ဆောင်ချက်တစ်ခုပဲလား"
မေးခွန်းကို ကာဖုကု စဉ်းစားနေလိုက်တယ်။
"နှစ်ခုစလုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ အချိန်တစ်ခုကြာလာတဲ့အခါ တကယ်သူငယ်ချင်းလား၊ သရုပ်ဆောင်နေတာလားဆိုတဲ့ စည်းတစ်ခုကို ကျော်လွန်လာတယ်။ အဲဒါက တကယ့်သရုပ်ဆောင်ပညာမှာ ဖြစ်တတ်တဲ့သဘောပဲ"
*****
သူတို့ ပထမဆုံး တွေ့ဆုံခွင့်ရတဲ့ အချိန်ကစပြီး အဲဒီလူအပေါ်နှစ်လိုစိတ်ကို ကာဖုကု ထိန်းသိမ်းထားနိုင်ခဲ့တယ်။ သူ့နာမည်က တာကာသှူကီ။ အရုပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်ပဲ။ ဆော်ကြည်တဲ့ အမျိုးအစားပေါ့။ အသက်လေးဆယ်ကျော်အရွယ်မှာ သူ့ သရုပ်ဆောင်မှုက ထူးထူးခြားခြားကောင်းနေတာမျိုး မရှိဘူး၊ သူများထက် ချွန်ထွက်နေတာတစ်ခုမှ သူ့မှာ မရှိဘဲ။ အဲဒီအချက်ကပဲ သူသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေကို ကန့်သတ်လိုက်တယ်။ ပုံမှန်အားဖြင့်တော့ သူက လူကောင်းတစ်ယောက်ပါ။ သူ့မျက်နှာပြင်တည်ဆောက်ပုံက ၀မ်းနည်းရိပ်တစ်စွန်းတစ်စ မျက်နှာမှာ အမြဲတမ်းစွန်းထင်းနေပြီး ကြည့်လို့ကောင်းတယ်၊ ဒါက လူလတ်ပိုင်းအမျိုးသမီးတွေ အသဲစွဲပုံစံမျိုးဆိုတာ လူတိုင်းသိတယ်။ သူ့မိန်းမ ဆုံးပြီး ခြောက်လလောက်အကြာမှာ၊ ရုပ်သံစတူဒီယိုတစ်ခုရဲ့ ဧည့်ခန်းဆောင်ထဲမှာ အဲဒီလူကို ကာဖုကု စတွေ့တယ်။ တာကာသှူကီက ကာဖုကုဆီကိုလာပြီး သူ့ကိုယ်သူမိတ်ဆက်လို့၊ သူမ ဆုံးတဲ့အတွက် စာနာစကား ပြောလာတယ်။ ရုပ်ရှင်တစ်ခုမှာ သူမနဲ့ အတူတွဲသရုပ်ဆောင်ဖူးတဲ့အကြောင်း တာကာသျှူကီက ရှင်းပြပြီး၊ သူမဟာ အရမ်းစိတ်နှလုံးကောင်းတဲ့ မိန်းမတစ်ယောက်လို့ တရိုတသေ ညွှန်းတယ်။ သူ့ စာနာစကားကို ကာဖုကု အသိအမှတ်ပြုပါတယ်။ အချိန်ဇယားအတိုင်းပြောရရင်၊ ကာဖုကုသိသလောက်၊ တာကာသျှူကီဟာ သူ့မိန်းမအတူအိပ်ခဲ့တဲ့ ယောက်ျားတွေထဲမှာ နောက်နားကျကျကပဲ။ ဒီလူနဲ့ဇာတ်လမ်း အဆုံးသတ်ပြီး သိပ်မကြာဘူး၊ ဆေးရုံမှာ စစ်ဆေးရင်း ကျွမ်းနေပြီဖြစ်တဲ့ သားအိမ်ကင်ဆာရောဂါ သူမမှာ ရှာတွေ့ခဲ့တာပဲ။
"ခင်ဗျား ကျွန်တော့်ကို စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ကူညီပေးနိုင်မလားလို့ တောင်းဆိုကြည့်ချင်တယ်" လို့ ပဋိသန္တာရတွေအပြီးမှာ ကာဖုကုက ပြောလိုက်တယ်။
"ဘာများလဲဗျာ။ လုပ်ပေးနိုင်တာပေါ့" လို့ သူက ပြောတယ်။
"စိတ်မရှိဘူးဆိုရင်၊ ခင်ဗျားအချိန်လေး ကျွန်တော့်ကိုနည်းနည်းပေးနိုင်မလား မသိဘူး။ ကျွန်တော့်မိန်းမနဲ့ ပတ်သက်ပြီး ခင်ဗျားမှတ်မိတာတွေကို ကျွန်တော့်ကို ပြန်ပြောပြပါလား။ တစ်ခွက်တစ်ဖလား သောက်ရင်းဖြစ်ဖြစ်ပေါ့။ သူကလည်း ခင်ဗျားအကြောင်းကို မကြာခဏပြောတတ်ပါတယ်"
တာကာသျှူကီက အံ့အားသင့်သွားတယ်၊ ဒါမှမဟုတ် သူ့တုံ့ပြန်ပုံကို ပိုတိကျအောင် အဓိပ္ပာယ်ဖွင့်ဆိုရရင် "တုန်လှုပ်သွားတယ်" လို့ ပြောတာက ပိုမှန်မလားမသိဘူး။ သူ့ရဲ့ ကြည့်ကောင်းတဲ့ မျက်ခုံးတွေက တွန့်သွားပြီး၊ ကာဖုကုမျက်နှာကို မေးခွန်းထုတ်တဲ့အကြည့်နဲ့ ကြည့်နေတယ်၊ ကာဖုကုရဲ့ သိသာတဲ့ ရိုးရိုးသားသားတောင်းဆိုချက်နောက်မှာ တခြားရည်ရွယ်ချက်တစ်ခု သိုဝှက်ထားပုံမျိုးနဲ့။ ဒါပေမဲ့ ဒီလူ့ဆီမှာ ကွယ်ဝှက်ထားတဲ့ စေ့ဆော်မှုတစ်ခုတော့ ကာဖုကု မမြင်မိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မကြာသေးခင်ကမှ မိန်းမဆုံးသွားတဲ့ လူတစ်ယောက်ရဲ့ သိမ်ငယ်တဲ့ မျက်နှာထားမျိုးရအောင် ကာဖုကုကိုယ်တိုင်လည်း သရုပ်ဆောင်နေရလို့ပဲ။ ကျယ်ပြန့်သွားတဲ့ စက်ဝိုင်းသဏ္ဍာန် ရေလှိုင်းကလေးတွေရဲ့ အလယ်မှာ တည်ငြိမ်စွာကျန်ရစ်ခဲ့တဲ့ ရေပြင်ရဲ့အသွင် ကာဖုကု သူ့မျက်နှာမှာ ပေါ်နေတယ်။
"သူ့အကြောင်းကို တခြားလူတစ်ယောက်က ပြောနေတာ ကျွန်တော် ကြားချင်ရုံပါ" လို့ ကာဖုကုက ဆက်ပြောလိုက်တယ်။
"ရိုးရိုးသားသားပြောရရင်၊ တစ်ချိန်လုံး တစ်ယောက်တည်း နေနေရတာ တော်တော်ခက်ခဲတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုနှစ်သိမ့်ပေးဖို့ ခင်ဗျားမှာ တာဝန်ရှိတယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူးပေါ့" လို့ ကာဖုကုက ပြောတယ်။
ကာဖုကု ရှင်းလင်းပြောဆိုပြီးတဲ့နောက်မှာ တာကာသျှူကီရဲ့ မျက်နှာမှာ စိတ်အေးသွားတဲ့ အရိပ်အယောင်တစ်ခုတက်လာတာ မြင်ရတယ်။ တာကာသျှူကီနဲ့ သူမိန်းမကြားမှာ ဇာတ်လမ်းရှိခဲ့တဲ့အကြောင်း သံသယရှိတဲ့ အငွေ့အသက်မျိုး ကာဖုကုရဲ့ မျက်နှာမှာ ပေါ်မနေဘူး။
"ဟင့်အင်း၊ ကျွန်တော့်အတွက် ဘာပြဿနာမှမရှိပါဘူး။ လိုလိုလားလားနဲ့ ပြောချင်ပါတယ်။ ခင်ဗျားအတွက် စကားပြောဆိုလို့ကောင်းမယ့် မိတ်ဆွေတစ်ယောက်ဖြစ်ပါ့မလားဆိုတာတော့ ကျွန်တော် မသေချာဘူးပေါ့"
တာကာသျှူကီရဲ့ မျက်နှာပေါ်မှာ ပေါ့ပါးတဲ့အပြုံးတစ်ခု ဖြတ်သွားပြီး၊ ခပ်ဖွဖွ အရေးကြောင်းလေးတွေ သူ့မျက်ဝန်းတစ်ဝိုက်မှာ ပေါ်လာတယ်။ ဒီလူမှာ နှစ်လိုဖွယ်အပြုံးတစ်ခု ပိုင်ဆိုင်ထားတယ်၊ လူလတ်ပိုင်းအမျိုးသမီးတွေသာမြင်ရင် ရှက်သွေးဖြာမယ့် အပြုံးမျိုးပဲလို့ ကာဖုကု တွေးလိုက်မိတယ်။
သူ့အလုပ်အချိန်ဇယားကို တာကာသျှူကီက မှတ်ဉာဏ်နဲ့ ပြန်ဖော်လိုက်တယ်။ "အဆင်ပြေမယ်ဆိုရင်တော့ မနက်ဖြန်ညနေပိုင်းတစ်ခုလုံး ကျွန်တော်အားပါတယ်။ ခင်ဗျားမှာရော ဘာအစီအစဉ်ရှိလဲ"
သူလည်းအားတဲ့အကြောင်း ကာဖုကု ပြောလိုက်တယ်။ အားလုံးကို ထည့်သွင်းစဉ်းစားပြီးသွားပြီ၊ တာကာသျှူကီ့ပုံစံက ဒီလောက်ပွင့်လင်းတဲ့ပုံစံပေါက်နေတာကို ကာဖုကု အမှတ်ပေးလိုက်မိတယ်။ တာကာသျှူကီရဲ့ မျက်လုံးကို သူကြည့်တဲ့အချိန်မှာ သူ့အတွေးတွေကို ဖတ်လို့ရတယ်လို့ ကာဖုကု ခံစားရတယ်။ တာကာသျှူကီဟာ အဝေ့အ၀ိုက်တွေနဲ့၊ ကြိုတင်တွေးထင်ချက်က ထွက်ပေါ်လာတဲ့ အာဃာတမျိုး မရှိတဲ့ ယောက်ျားတစ်ယောက် ဖြစ်ပုံရတယ်။ ကိုယ့်တွင်းထဲ ပြုတ်ကျလာမယ့် တစ်ယောက်ယောက်ကို အသာထိုင်စောင့်နေတတ်တဲ့ လူစားမျိုးပဲ။ ဒီလူကတော့ သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ ကာဖုကု တွေးပစ်လိုက်တယ်။
"ကျွန်တော်တို့ ဘယ်ကို သွားကြမလဲ" လို့ တာကာသျှူကီက မေးလိုက်တယ်။
"ခင်ဗျားပဲ ရွေးပါ။ ခင်ဗျား အဆင်ပြေတဲ့နေရာ သွားကြတာပေါ့" လို့ ကာဖုကုက ပြောလိုက်တယ်။
ဂင်ဇာက လူသိများတဲ့ ဘားတစ်ခုရဲ့ နာမည်ကို တာကာသျှူကီက ညွှန်းတယ်။ ကြိုတင်စာရင်းပေးထားရင် ဘယ်သူမှမကြားဘဲ သူတို့နှစ်ယောက် စကားလွတ်လွတ်လပ်လပ်ပြောနိုင်တယ်လို့ သူက ပြောတယ်။ အဲဒီနေရာနဲ့ ကာဖုကု ရင်းနှီးပြီးသားပဲ။ လက်ဆွဲနှုတ်ဆက်ပြီးတော့ တာကာသျှူကီ ထွက်သွားတယ်။ တာကာသျှူကီရဲ့ လက်ချောင်းတွေက နူးညံ့ပြီး ရှည်လားတယ်၊ သွယ်ပြောင်းတဲ့လက်ချောင်းတွေလို့ပဲ ပြောပါတော့။ သူ့လက်ဖ၀ါးက နွေးနေပြီး၊ ချွေးနဲ့ နည်းနည်းလေး စိုဆွတ်နေတယ်။ ဒီလူ စိုးရိမ်စိတ်ဝင်နေတာ ဖြစ်နိုင်တယ်။
သူထွက်သွားပြီးတော့ ကာဖုကုလည်း ထိုင်ချလိုက်တယ်၊ သူ့လက်ဖ၀ါးတွေကို ဖြန့်ပြီး ငေးကြည့်နေမိတယ်။ တာကာသျှူကီ့ လက်ဖ၀ါးရဲ့ အထိအတွေ့က သူ့လက်ဖ၀ါးပေါ်မှာ လတ်ဆတ်နေတုန်းပဲ- "ငါ့မိန်းမရဲ့ အ၀တ်မပါတဲ့ ကိုယ်ခန္ဓာပေါ်မှာ ပွတ်သပ်ချော့မြူခဲ့တဲ့ လက်ဖ၀ါး" ၊ လို့ ကာဖုကု တွေးနေမိတယ်။ "သူမကိုယ်ခန္ဓာကို တစ်လက်မမကျန်အောင် သူ့လက်တွေနဲ့ နူးညံ့ညင်သာစွာ ပွတ်သပ်ခဲ့မှာပဲ"။ မျက်လုံးတွေကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလို့၊ သူ ဒီကိစ္စကို ဘာလိုချင်လို့ လုပ်နေတာလဲလို့ ကာဖုကု အတွေးပွားနေမိတယ်။ ပြီးတော့၊ ဘေးထွက်ဆိုးကျိုးတွေ ဘယ်လိုရှိပါစေ၊ ဒါကတော့ မဖြစ်မနေလုပ်ရမယ့် အရာတစ်ခုလို့ သူ ဆုံးဖြတ်လိုက်တယ်။
ဘားထဲမှာထိုင်ရင်း မော့ဝီစကီကို ဖန်ခွက်တစ်လျှောက် လှုပ်နေရင်း တစ်ခုခုကို ကာဖုကု နားလည်လာတယ်။ အဲဒါကတော့ တာကာသျှူကီဟာ သူ့မိန်းမကို လေးလေးနက်နက် ချစ်နေတုန်းဆိုတာပဲ။ လူနဲ့ပတ်သက်တာဆိုလို့ အရိုးနဲ့ပြာပဲ ရှိတော့တဲ့ အခြေအနေမှာတောင် သူမသေဆုံးမှုနဲ့ပတ်သက်ပြီး အဓိကထားပြောဆိုနေတုန်းပဲ။ သူ့ခံစားချက်ကို ကာဖုကုအနေနဲ့ ကိုယ်ချင်းစာနိုင်ပါတယ်။ သူ့မိန်းမအကြောင်း စားမြုံ့ပြန်နေတုန်း၊ တာကာသျှူကီရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေဝဲလုမတတ်ဖြစ်နေတာ ကာဖုကု သတိထားမိတယ်။ သူ့စိတ်သူ တတ်နိုင်သလောက် အလိုလို ဖြေဖျောက်မိနေတာမျိုးနဲ့ တူတယ်။ တာကာသျှူကီဟာ သူ့ စိတ်ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့လူစားမျိုးမဟုတ်ဘူး၊ ဖိအားနည်းနည်းရှိလာတာနဲ့ အရာအားလုံးကို ၀န်ခံလိုက်တတ်တဲ့ လူစားမျိုးဖြစ်ပုံပဲ။
တာကာသျှူကီ့စကားပြောပုံကို ထောက်ရင်၊ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကို အဆုံးသတ်ခဲ့တာက သူ့မိန်းမပဲ။ အဆက်မသွယ်မလုပ်တော့တာပဲ အကောင်းဆုံးဖြစ်မယ်၊ ကျွန်မကို နောက်ထပ် မဆက်သွယ်တော့ပါနဲ့လို့ သူမ ပြောခဲ့ပုံရပါတယ်။ ကာဖုကုသိသလောက်တော့၊ သူမရဲ့ အချစ်ဇာတ်လမ်းတွေဟာ (အချစ်ဇာတ်လမ်းလို့ ခေါ်နိုင်မယ်ဆိုရင်ပေါ့) လအတန်ကြာ ကြာတဲ့ ဆက်ဆံရေးမျိုးဖြစ်လိမ့်မယ်၊ နောက်တော့ ဇာတ်လမ်းရှည်မှာကို ကာကွယ်တဲ့အနေနဲ့ သူမကစပြီး လုံးဝပြတ်စဲလိုက်ဖို့ အဆိုပြုမယ်။ ဒီလိုလွယ်လွယ်အဆုံးသတ်လိုက်ရမှာကို တာကာသျှူကီ့အနေနဲ့ အတော်လေးနှမျောခဲ့ပုံရတယ်၊ ဒီထက်ပိုရှည်ကြာတဲ့အနေအထားတစ်ခုနဲ့ သူမဘ၀မှာ နေချင်ခဲ့တာဖြစ်မယ်။
သူမကင်ဆာရောဂါ ကျွမ်းတဲ့အဆင့်ကိုရောက်ပြီး၊ အသည်းအသန်လူနာဆောင်ကို ရောက်တဲ့အချိန်မှာ တာကာသျှူကီက လာတွေ့ပါရစေလို့ ဆက်သွယ်ခဲ့တယ်၊ ဒါပေမဲ့ တုံးတိတိ ငြင်းပယ်တာပဲ ခံခဲ့ရတယ်။ ဆေးရုံတက်ပြီးနောက်ပိုင်းမှာ ကာဖုကုဇနီးကို လာတွေ့တဲ့ ဧည့်သည် နည်းနည်းပဲရှိခဲ့တယ်။ ဆေးရုံဝန်ထမ်းတွေမှအပ သူမအခန်းထဲ ၀င်ခွင့်ရခဲ့တဲ့သူက သူမ အမေနဲ့ ညီမနဲ့ ကာဖုကုတို့ပဲ ရှိခဲ့တယ်။ တစ်ခါလောက်တောင် သွားတွေ့ခွင့်မရခဲ့တဲ့အတွက် တာကာသျှူကီအနေနဲ့ အတော်အထိနာခဲ့ပုံရတယ်။ သူမ မသေခင် ရက်သတ္တပတ်အနည်းငယ်ကမှ သတင်းရခဲ့တာဖြစ်လို့ သူမ ကင်ဆာဖြစ်တယ်ဆိုတဲ့သတင်းဟာ သူ့အတွက် အကြီးအကျယ် တုန်လှုပ်စရာ ဖြစ်ခဲ့ပါလိမ့်မယ်။ သူ့အနေနဲ့ ဖြစ်ခဲ့တာတွေကို အပြည့်အ၀လက်ခံလိုက်ဖို့ အဆင်သင့်ဖြစ်သေးပုံမရဘူး။ သူတို့နှစ်ယောက်ရဲ စိတ်ခံစားချက်တွေက အတော်ကြီးကွဲလွဲနေပေမယ့် ဒီလူ့ကို ကာဖုကု ဂရုဏာသက်နိုင်ပါတယ်။ သူမ မသေခင် သီတင်းပတ်တွေတစ်လျှောက်လုံး၊ သူမ ယခင်အတ္တရဲ့ ပုံရိပ်တစ်ခုပြန်ဖြစ်နေတဲ့ကာလမှာ ကာဖုကု သူ့မိန်းမနဲ့အတူ ရှိနေနိုင်ခဲ့တယ်။ သင်္ဂြုဟ်ပြီးတော့ သူမအရိုးပြာတွေကို စွန့်ပစ်ခွင့်ရခဲ့တာလည်း သူပဲ။ သူမ သေသွားပြီဆိုတဲ့ အချက်ကို လက်ခံရမယ့် အခြေအနေတွေကို သူ ဖြတ်သန်းခဲ့တာပဲ။ အဲဒါကပဲ သူနဲ့ တာကာသျှူကီကြားက ခြားနားချက်ဖြစ်လိမ့်မယ်။
"ငါကတောင် သူ့ကို ပြန်ဖြေသိမ့်ပေးနေရသလို ဖြစ်နေပြီ" လို့ သူ့မိန်းမကြောင်း စားမြုံ့ပြန်နေရင်း ကာဖုကု တွေးမိတယ်။ ယောက်ျားနှစ်ယောက် အခုလို အတူရှိနေကြတာကိုသာ သူ့မိန်းမ မြင်ရရင် ဘယ်လိုများနေမလဲလို့ ကာဖုကု တွေးကြည့်မိတယ်။ ခံစားတွေးတောတာတွေ ဘာမှမလုပ်ဘဲ နေနိုင်တဲ့စွမ်းရည်ဟာ သေဆုံးသူတွေရဲ့ အဓိကအားသာချက်တွေထဲက တစ်ခုဖြစ်မယ်လို့ပဲ ကာဖုကု အဖြေရလိုက်တယ်။
တခြားတစ်ခုကိုလည်း ကာဖုကု နားလည်လာတယ်၊ အဲဒါကတော့ တာကာသျှူကီဟာ အရက်ကို အလွန်အကျွံသောက်တတ်တယ် ဆိုတာပဲ။ အလုပ်သဘောအရ ကာဖုကုအနေနဲ့ အရက်သောက်တဲ့ကိစ္စကို အများကြီး မြင်ဖူးခဲ့တယ် (သရုပ်ဆောင်တစ်ယောက်က ဘာလို့ အလွန်အကျွံသောက်ရမှာလဲ)။ တာကာသျှူကီရဲ့ သောက်ပုံကတော့၊ ကျန်းမာရေးကောင်းတယ်ပြောရမလား၊ သောက်နိုင်တယ်ပြောရမလား တစ်ခုခုပဲ။ အသောက်သမား နှစ်မျိုးရှိတယ်လို့ ကာဖုကု သတ်မှတ်ထားတယ်၊ ကိုယ့်ဆီကို တစ်ခုခုပေါင်းထည့်ဖို့ သောက်တဲ့သူနဲ့ ကိုယ့်ဆီက တစ်ခုခုဖယ်ထုတ်လိုက်ဖို့ သောက်တဲ့သူပဲ။ တာကာသျှူကီကတော့ တစ်ခုခုဖယ်ထုတ်လိုက်ဖို့ သောက်တဲ့အမျိုးအစား ဖြစ်ပုံရတယ်။
တာကာသျှူကီ သူ့ဆီကနေ ဘာကိုဖယ်ထုတ်ချင်နေတာလဲ ကာဖုကု မသိဘူး။ သူ့ကိုယ်ရည်ကိုယ်သွေး အားနည်းချက်တစ်ခုခုဖြစ်ချင်ဖြစ်မယ်၊ အတိတ်က စိတ်ဒဏ်ရာတစ်ခုဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်လည်း အခုထိ သူ့ဘ၀ကို အရိပ်ထိုးနေတဲ့ ပြဿနာတစ်ခုဖြစ်ချင်ဖြစ်မယ်။ အဲဒါဟာ ဘာပဲဖြစ်ဖြစ်၊ တာကာသျှူကီ မေ့ပစ်ချင်နေတဲ့ တစ်ခုခုတော့ ရှိရမယ်။ သူ့သောက်ပုံက ထုံထိုင်းသွားဖို့ နည်းလမ်းတစ်ခုနဲ့တူတယ်၊ ဒါမှမဟုတ်လည်း အထပ်ထပ်ဖြစ်ပေါ်နေတဲ့ နာကျင်မှုကို မေ့ပစ်ချင်နေပုံမျိုးပဲ။ ကာဖုကုသောက်နှုန်းထက် နှစ်ဆခွဲ ပိုမြန်တယ်။ ခြေတစ်လှမ်းသာနေတဲ့ သဘောပဲ။
ဒါမှမဟုတ်၊ သူဒီလောက်မြန်မြန်သောက်ရတဲ့ အကြောင်းရင်းက ပိုပြီး လက်တွေ့ကျတာမျိုးလား။ တကယ်တော့ အခုလောလောဆယ် သူက သူနဲ့ မဖွယ်မရာဇာတ်လမ်းရှိခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ရဲ့ ယောက်ျားရှေ့မှာ ရောက်နေတာလေ။ လုံးဝသက်တောင့်သက်သာဖြစ်နေတယ်ဆိုတာက ပုံမှန်တုံ့ပြန်မှုမျိုး ဘယ်ဟုတ်လိမ့်မလဲ။ ဒါပေမဲ့ ဒီအကြောင်းပြချက်တွေအားလုံးက ဒီလူရဲ့ အပြုအမူကို မဖြေရှင်းပြနိုင်ဘူးလို့ ကာဖုကု ယုံကြည်နေတယ်။ တခြားနည်းနဲ့ မသောက်တတ်လို့ အခုလို စွတ်သောက်နေတာမျိုးလည်း ဖြစ်နိုင်တယ်။
ကာဖုကုကတော့ ပုံမှန်ပဲ လိုက်သောက်သွားတယ်၊ တာကာသျှူကီ အခြေအနေကောင်းရဲ့လား ဂရုတစိုက် ကြည့်ရင်းပဲ။ အရက်ခွက်အရေအတွက် မြင့်တက်လာတာနဲ့အမျှ သူ့အရက်သောက်ဖော်မှာ ရှိန်နေတာတွေလည်း တဖြည်းဖြည်းလွင့်ပါးသွားတယ်။ ဒါနဲ့၊ ခင်ဗျား အိမ်ထောင်ပြုဖူးလားလို့ ကာဖုကုက နှိုက်လိုက်တယ်။ တာကာသျှူကီ အိမ်ထောင်ကျခဲ့တာ ဆယ်နှစ်ထဲကို ရောက်လာပြီ၊ ခုနစ်နှစ်အရွယ် သားတစ်ယောက်ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အခြေအနေအရ သူ့မိန်းမနဲ့ မနှစ်ကတည်းက ခွဲနေခဲ့တယ်လို့ သူက ပြောတယ်။ မကြာခင်မှာတော့ ကွာရှင်းကြတော့မှာပဲတဲ့၊ ဒီကိစ္စကတော့ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်ပြီး ပြဿနာတက်ဦးမှာပဲလို့ ကာဖုကု ကြိုမြင်လိုက်တယ်။ ဘယ်လိုပဲဖြစ်လာပါစေ၊ သူ့သားကတော့ သူ့ဘ၀အတွက် ဘယ်လိုအခြေအနေမှာမဆို အရေးအကြီးဆုံးအစိတ်အပိုင်းပဲလို့ တာကာသျှူကီက ပြောတယ်။ ခပ်ချောချောနဲ့ ရည်မွန်တဲ့လက္ခဏာတွေရှိတဲ့ ကောင်လေးရဲ့ဓာတ်ပုံကို သူက ကာဖုကုကို ထုတ်ပြတယ်။
သောက်လေလေ၊ တာကာသျှူကီက စကားဖောင်လာလေလေပဲ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ စကားတွေအများကြီးပြောပြီး၊ မေးသမျှမေးခွန်းတိုင်းကို အထွေအထူးစဉ်းစားမနေဘဲ ဖြေပေးတတ်တဲ့ သာမန်တွေ့ဆုံပွဲ တစ်ခုလိုပဲ။ ကာဖုကုကတော့ လိုအပ်တဲ့နေရာ စကားထောက်ပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်နေရတဲ့ အနေအထားကို ပြောင်းလဲသွားတယ်၊ တစ်လျှောက်လုံးတော့ တာကာသျှူကီနဲ့ သူ့မိန်းမရဲ့ ပတ်သက်မှုအကြောင်း အချက်အလက်ရနိုင်သလောက် စုဆောင်းရင်းနဲ့ပေါ့။ တာကာသျှူကီကို သဘောကျသယောင်လုပ်ဖို့က သူ့သရုပ်ဆောင်ချက်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ဒါပေမဲ့ အဲဒီအပိုင်းက သူ့အတွက် သိပ်လွယ်နေတယ်။ တကယ်တမ်းတော့ ကာဖုကုက သူများစကားကို ဂရုတစိုက်နားထောင်ပေးတတ်တဲ့သူပဲ၊ တာကာသျှူကီအပေါ်မှာ မကောင်းတဲ့စိတ်ထားမျိုး မရှိပါဘူး။ သူတို့နှစ်ယောက်အကြားမှာ အရမ်းအရေးကြီးတဲ့ ဘုံအချက်တစ်ခုလည်း ရှိသေးတယ်၊ အဲဒါကတော့ သူတို့နှစ်ယောက်လုံး အမျိုးသမီးတစ်ဦးတည်းကို အခုထိ ချစ်နေဆဲဆိုတဲ့အချက်ပဲ။ အခုလို သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ရှိနေစေတဲ့ အဲဒီအမျိုးသမီးနဲ့ ဆက်သွယ်ထားတဲ့ နှောင်ကြိုးဟာ အကြောင်းအရာအပေါ်မှာ မူတည်ပြီး ရှုထောင့်တွေပြောင်းသွားပေမယ့်ပေါ့။ သူတို့နှစ်ယောက်ကြား ပြောစရာတွေကတော့ အများကြီးပဲ။
"တာကာသျှူကီ၊ ကျွန်တော်တို့ ထပ်တွေ့ကြရင် ခင်ဗျားအဆင်ပြေမလား။ ခင်ဗျားနဲ့ စကားပြောလို့ သိပ်ကောင်းတယ်၊ အမှန်အတိုင်းပြောရရင် ဒီလိုမျိုး ကျွန်တော် မခံစားရတာ ကြာခဲ့ပြီ" လို့ ဘားကထွက်ဖို့ ထလိုက်ကြရင်း ကာဖုက ပြောလိုက်တယ်။ အဲဒီအချိန်မှာ ကာဖုကုက ကျသင့်ငွေကို ရှင်းပြီးနေပြီ။ တာကာသျှူကီကတော့ စားသောက်ပြီးရင် ငွေရှင်းဖို့လိုတဲ့အကြောင်းတောင် သတိပြုမိပုံ မရတော့ဘူး။ မဖြစ်မနေအရေးကြီးတဲ့ ကိစ္စတွေအပါအ၀င်၊ အရာအတော်များများကို အသောက်အစားက သူ့ကို မေ့အောင်လုပ်လိုက်ပြီ။
"ဒါပေါ့။ ခင်ဗျားနဲ့ နောက်တစ်ခါထပ်တွေ့ချင်တာပေါ့။ ခင်ဗျားနဲ့ စကားပြောလိုက်ရတာ၊ ကျွန်တော့်ပုခုံးပေါ်ထမ်းထားတဲ့ အလေးအပင်တစ်ခု လျော့ကျသွားသလို ခံစားရတယ်" တာကာသျှူကီက ပြောလိုက်တယ်။
"ကျွန်တော်တို့ အခုလိုဆုံခွင့်ရတာ ရေစက်ပဲဖြစ်ရမယ်။ သွားလေသူ ကျွန်တော့်ဇနီးသည်က ကျွန်တော်တို့အခုလိုဆုံတွေ့ဖို့ ဖန်တီးပေးလိုက်တာပဲ"
ကာဖုကုစကားက အနက်အဓိပ္ပာယ်တစ်မျိုးထက်မက ပိုမှန်နေတယ်။ ဖုန်းနံပါတ်တွေ ဖလှယ်လိုက်ကြပြီး၊ မခွဲခွာခင် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။
တေဇာ (လရောင်လမ်း)
Drive my Car by Haruki Murakami ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

Comments
Post a Comment