Skip to main content

Posts

Showing posts from April, 2013

Setting Free

အစကို အဆုံးထိ မဆွဲတော့ဘူး အချစ်ကို လက်ရေးတိုနဲ့ ဖွဲ့ဖြစ်ခဲ့ပုံများ အားလားလား ကျွန်တော့်လက်ကို ကိုက်သွားတဲ့ မိုဗီဒစ်*။ * Moby-Dick by Herman Melville တေဇာ (လရောင်လမ်း)

အတိုးဆုံးကဗျာများ (၄၃)

Definite Maybe ငါ ဘာကိုဆိုလိုသလဲ ဆိုတာထက် ငါ့ကို ဘာတွေဆိုလိုခွင့်ပြုသလဲ ဆိုတာကို ပိုစိတ်ဝင်စားပါတယ် ပြောနိုင်တာတွေ သိပ်များသွားတယ် တစ်ခုခုကို မပြောပြနိုင်ခဲ့ဘူး။ Opening ခေါင်းငိုက်စိုက် အနေအထားနဲ့ လှုပ်ရှားတက်ကြွနေခွင့်ဟာ အောက်မှာ ဖွင့်လှစ်ထားပြီးသား စာအုပ်တစ်အုပ်သာ ရှိဖို့ပါ။ Silent Celebration စာတစ်ပုဒ်ရဲ့ နောက်ဆုံးဝါကျ ပုဒ်မချနိုင်လိုက်ပြီဆိုတိုင်း မျက်စိမှိတ်ငြိမ်သက်ကာ ပြုံးပါတယ် ဂိုးသွင်းပြီးစ တိုက်စစ်မှူးလို ငါ့အပေါ်လူတွေ ပြိုကျလာဖို့မလိုဘူး။ Stickiness ရှာမရဘူး မျက်နှာကြက်ပေါ်မှာလား မျက်နှာကြက်အောက်မှာလား အဲဒီ ကပ်သပ်နေတဲ့ အိမ်မြောင်ဟာ။ ၀ိဘတ်တွေနဲ့ ပတ်သက်လို့၊ ဒါမှမဟုတ် ရင်ဆိုင်ရာမှာ ကျွန်တော် ပြဿနာရှိပါတယ်။ Certain Feeling မိန်းကလေးတစ်ယောက် ကိုယ့်ရှေ့မှာငိုတိုင်း ဘယ်လိုခံစားချက်မျိုး ထားရမလဲ ဝေခွဲမရဘူးဆိုတော့ သူပြုံးတယ်။ အဲဒီအပြုံးမျိုးမြင်ရင် ၀မ်းနည်းရမယ် ဆိုတာလောက်တော့ ကျွန်တော်ကောင်းကောင်း သိပါတယ်။ တေဇာ (လရောင်လမ်း)

ကမ္ဘာဖောက်ခြင်း

အံ့ဘနန်းခဏမှာ အနာဂတ်ဟာ အနက်နဲ့ကာထားတယ်။ ကျွန်တော့်မှာ ရည်ရွယ်ချက်တစ်ခု ရှိတယ်။ နည်းနည်းတော့ ကြီးမားတယ်လို့ ပြောချင်ပြောနိုင်တယ်။ အသေးအမွှားကိစ္စပါလို့ သတ်မှတ်မယ်ဆိုလည်း ဖြစ်တာပဲ။ သေချာတာက အဆုံးစွန် စိတ်လှုပ်ရှားဖို့ကောင်းမယ် ဆိုတာပါပဲ။ ဒီလို..။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဒီကမ္ဘာမြေကြီးထဲက ခိုးထုတ်ဖို့ ကြံစည်နေတာ။ ဒါဟာ ကျွန်တော့်အတွက်တော့ ထိပ်တန်းလျှို့ဝှက် ကိစ္စကြီးတစ်ခုပဲ။ ကျွန်တော် အဲဒါကို ဘယ်သူ့ကိုမှ ထုတ်မပြောဘူး။ တစ်ယောက်တည်းကြိတ်ပြီး အကောင်းဆုံးနည်းလမ်းတစ်ခုကို အသေအချာ ပြင်ဆင်စဉ်းစားနေခဲ့တယ်။ ဘယ်လိုပြောမလဲ၊ ထောင်ဖောက်ပြေးဖို့ ကြံစည်နေတဲ့ အကျဉ်းသားလိုပေါ့။ ဘ၀တူ အကျဉ်းသား တစ်ယောက်ယောက်ကိုလည်း ထုတ်ဖော်မတိုင်ပင်ရဲဘူး။ မတော် သတင်းသွားပေးရင် မခက်ဘူးလား။ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်ကလည်း တစ်ကိုယ်ကောင်းခပ်ဆန်ဆန်လေ။ ဒါတွေအသာထား၊ ဒီကိစ္စမှာကျတော့ တိုင်ပင်လို့ကို မဖြစ်နိုင်သလောက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်ကလူအများစုက မိမိကိုယ်ကိုယ် အကျဉ်းကျနေတယ်လို့ မခံစားရလို့ပဲ။ ကျွန်တော် ကမ္ဘာကိုဖောက်ပြီးပြေးဖို့ ကြံစည်နေကြောင်း ဖွင့်ဟမိတာနဲ့ ကျွန်တော့်ကို အရူးထောင်ထဲ ထည့်ထားလိုက်နိုင်တယ်။ ဒါဆို အဆိ

အတိုးဆုံးကဗျာများ (၄၂)

Whisper လူချင်းနီးစပ်ဖို့ လိုပါတယ် ဘာဖြစ်လို့လဲ သိလား ကိုယ် တိုးတိုးလေးပြောပြမယ် အနားလာကွယ်။ Attention ယင်ကောင်တစ်ကောင်သေတာ ဘယ်သူမှ ဂရုမစိုက်ပါဘူး အေး ငါ့လက်ဖက်ရည်ခွက်ထဲတော့ လာမသေနဲ့ပေါ့ကွာ (တဲ့) အံ့သြလို့တော့မဟုတ်ဘူး မူလအတိုင်းပြူးကျယ်ထားပြီးသား စုပေါင်းမျက်စိ။ Benefit of the Doubt မတည်တဲ့ကတိတွေ မတောင်းဘဲ အထပ်ထပ် ပေးတဲ့ကမ္ဘာ စေတနာအကျိုးမပေးနဲ့ ငါ့ကို သံသယအကျိုးပဲပေး။ Becoming ဘယ်ကိုမှမရောက်ခဲ့ဘူး ရေလျှံနေတဲ့ မြစ်သဖွယ် စီးစရာကမ်းမဲ့ ငါဒီမှာပဲ ကျယ်ပြန့်အောင် အိုင်, ထွန်းခဲ့ရတယ်။ Immune System ၀ါသနာအသစ်တစ်ခုလိုပါ အစွယ်တွေ ဂျိုတွေ စုချင်လာတယ် ဒီမှာက သံချပ်ကာကားယောင် ဆောင်လည်းမရ သင်းခွေချပ်တွေ သေနေတဲ့ကွင်း။ တေဇာ (လရောင်လမ်း) Image: www.chineseimpression.net

အတိုးဆုံးကဗျာများ (၄၁)

Behaviorism ရလာတဲ့အကြံကတော့ ဖျပ်ခနဲ လက်ဖျောက်တီးလိုက်ဖို့ပါပဲ ကောင်းပါပြီ အဲဒီလိုပဲ လုပ်ကြပါစို့။ The Burnt Fan တစ်ကိုယ်ကောင်း သိပ်ဆန်ပါတယ် နွေလယ်ညတွေမှာ မီးလောင်တစပြင် ဓာတ်ပုံပါ သတင်းစာနဲ့ ယပ်ခပ်နေမိရသူ။ Bone Dry Living ကိုယ့်ကိုယ်ကို စာအုပ်တစ်အုပ်လို့ ယူဆတယ်ဆို ရေစိုခံဖို့ကို ငြင်းဆန်မယ် ပူးကပ်မသွားချင်ဘူး ပျက်စီးမသွားချင်ဘူး ခြောက်သွေ့လွန်းသော ရှင်သန်မှုဟာ ငါ့ကိုအခု လွယ်လွယ်ဖတ်ဖို့ပါ။ Et cetera သဒ္ဒါနည်းကျ ချုံ့ပစ်ခွင့်ရှိပါတယ် တစ်ခုချင်းစီ ညွှန်း(ဖို့)မလိုတော့တဲ့အခါ ခပ်ဆင်ဆင် အကြောင်းပေါင်းများစွာဟာ စသည်နှင့် ဆုံးသွားသော ၀ါကျ။ Waning Interjections မဆဲတော့ဘူး ငါ သူရဲကောင်းမဆန်တော့ဘူး အခုလာနေတဲ့ အသံတွေက မောင်းသူမဲ့လေယာဉ်ပျံတွေဆီက အာမေဋိတ်ပျောက်ရှခဲ့လေသော ယဉ်ကျေးမှု။ တေဇာ (လရောင်လမ်း)