"အတန်းတွေ ဒီလောက်ပျက်နေတော့ ကျောင်းမှာရော ပြဿနာမဖြစ်ဘူးလား" လို့ ဟာဘရာက မေးတယ်။
"ကျွန်မ မိဘတွေက ကိုယ်ပိုင်စီးပွားရေးလုပ်တယ်၊ ဒီတော့ သူတို့အလုပ်နဲ့သူတို့ ကျွန်မကို သိပ်ဂရုမစိုက်နိုင်ဘူး။ သူတို့နဲ့ ကျွန်မ ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ဘူး၊ သူတို့ အုပ်ချုပ်မှုကိုလည်း ကလန်ကဆန်လုပ်ခဲ့တာမျိုးမရှိဘူး။ ဒီတော့လည်း လွှတ်ထားတာက အကောင်းဆုံးပဲလို့ သူတို့တွက်ပါလိမ့်မယ်။ ကျောင်းကိုပြဖို့အတွက် စာရွက်စာတမ်းအတုလုပ်တာက လွယ်လွယ်လေးပဲ။ ကျန်းမာရေးပြဿနာတစ်ခုရှိနေလို့ တစ်ခါတလေ ဆေးရုံမှာ နေ့တစ်ဝက်လောက် သွားနေရတယ်လို့ အတန်းပိုင်ဆရာမကို ရှင်းပြလိုက်တယ်။ ကျောင်းမတက်တဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး တစ်သက်လုံး ခေါင်းခြောက်လာရတဲ့ ဆရာတွေအနေနဲ့လည်း တစ်ခါတလေကျမှ ကျွန်မ နေ့တစ်ဝက်လောက်နောက်ကျတဲ့ ကိစ္စကို သိပ်စိတ်ဝင်စားကြဘူး"
ရှေ့ဆက်မပြောခင် ခီဟာရာဇာက ကုတင်ဘေးက နာရီဆီ ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်တယ်။
"ကော်ဇောကအောက်က သော့တံကိုယူပြီးတော့ အိမ်ထဲကို ကျွန်မ တတိယအကြိမ်အဖြစ် ၀င်ခဲ့ပြန်တယ်။ အရင်တုန်းကလိုပဲ တိတ်ဆိတ်နေတယ်၊ တိတ်တာမှ အရင်တုန်းကထက်တောင် ပိုသလိုပဲ။ ရေခဲသေတ္တာက မီးစိမ်းသွားတော့ ကျွန်မဖျပ်ခနဲ လန့်သွားတယ်၊ ဧရာမသားရဲကြီးတစ်ကောင် ညည်းညူနေသလို ဖြစ်သွားတာကိုး။ ကျွန်မရှိနေတဲ့ အချိန်မှာပဲ ဖုံးကလည်း လာတယ်။ တယ်လီဖုံးမြည်သံက ကျယ်လောင်ပြင်းရှလွန်းလို့ ကျွန်မ နှလုံးခုန်သံ ရပ်သွားတော့မတတ်ပဲ။ ချွေးစေးတွေ ထွက်လာတယ်။ ဘယ်သူမှမကိုင်တဲ့အဆုံးတော့ ဆယ်ကြိမ်မြောက်ခေါ်သံအပြီးမှာ ရပ်သွားတယ်။ အဲဒါပြီးတော့ အိမ်ထဲမှာ အရင်ကထက်တောင် ပိုပြီး တိတ်ဆိတ်သွားတယ်လို့ ခံစားရတယ်"
အဲဒီနေ့ကတော့ သူ့အိပ်ယာပေါ်မှာ ခါးဆန့်ရင်း ခီဟာရာဇာ အချိန်အတော်ကြာကြာနေလိုက်တယ်။ ဒီတစ်ခါတော့ ရင်ခုန်သံက သိပ်မကျယ်တော့ဘူး၊ အသက်ကိုလည်း ပုံမှန်အတိုင်း ရှူနိုင်တယ်။ သူ့မ ဘေးနားမှာ သူ ငြိမ်းငြိမ်းချမ်းချမ်းအိပ်စက်နေတယ်လို့ ထင်မိတယ်၊ သူ အိပ်နေတာကို သူမက ဘေးနားက စောင့်ကြည့်နေတယ်လို့တောင် ထင်လိုက်မိတယ်။ တကယ်လို့ လက်သာလှမ်းလိုက်ရင် သူ့ လက်မောင်းသားလေးကို ထိမိသွားမယ်လို့ကို သူမ ခံစားရတယ်။ တကယ်တော့ သူက သူမနားမှာ ဘယ်ရှိလိမ့်မလဲ။ စိတ်ကူးဝင်္ကပါထဲမှာ သူမ မျောနေရုံပဲ။
သူ့အနံ့ကို ခံကြည့်ချင်တဲ့စိတ် သူမမှာ တားဆီးမရနိုင်အောင်ဖြစ်လာတယ်။ အိပ်ယာပေါ်ကထပြီး သူ့ အံဆွဲတွေဆီ လျှောက်သွားပြီး တစ်ခုကို ဖွင့်တယ်၊ အထဲမှာ ရှပ်အင်္ကျီရှိမရှိ ကြည့်တယ်။ အားလုံးက လျှော်ဖွပ်ပြီး၊ သပ်သပ်ရပ်ရပ်ခေါက်ပြီးသား။ အရင်တစ်ခေါက်ကလိုပဲ အားလုံးက သန့်ရှင်းနေပြီး အနံ့အသက်မရှိဘူး။
အဲ့ဒီအချိန်မှာပဲ အတွေးတစ်ခု သူမဆီဝင်လာတယ်။ လှေကားအတိုင်း ပထမထပ်ဆီကို ကသောကမျောဆင်းလာခဲ့တယ်။ အဲဒီက ရေချိုးခန်းနားမှာ အခန်းတစ်ခန်းရှိနေတယ်၊ အ၀တ်လျှော်ဇလုံကို သူမတွေ့တာနဲ့ အဖုံးကို ဖွင့်လိုက်တယ်။ အဖေ၊ အမေ၊ သား၊ မိသားစုဝင်သုံးဦးရဲ့ ရောနှောနေတဲ့ အ၀တ်အစားအပေတွေကို တွေ့ရတယ်။ ကြည့်ရတာ တစ်ရက်စာဖြစ်မယ်။ ခီဟာရာဇာကက ယောက်ျားဝတ်အင်္ကျီတစ်ထည်ကို ဆွဲထုတ်လိုက်တယ်။ အဖြူရောင်တီရှပ်တစ်ထည်။ သူမ နမ်းကြည့်လိုက်တယ်။ လူငယ်တစ်ယောက်ရဲ့ ရနံ့ဆိုတာ မမှားနိုင်ဘူး။ အတန်းဖော်ယောက်ျားလေးတွေ အနားကဖြတ်လျှောက်သွားတဲ့အခါ သူမ ရခဲ့ဖူးတဲ့ အောက်သိုးသိုးအနံ့။ တကယ်တမ်းတော့ သိပ်ပြီး ဆွတ်ပျံ့ကြည်နူးဖွယ် အနံ့တော့မဟုတ်ဘူး။ ဒါပေမဲ့ သူ့ဆီက အနံ့ဆိုတဲ့ အချက်က ခီဟာရာဇာကို အပျော်ကြီးပျော်စေတယ်။ ချိုင်းနားကို နှာခေါင်းကပ်ပြီး အသက်ရှူသွင်းလိုက်တဲ့အချိန်မှာ သူမကိုယ်တိုင်ဟာ သူ့ရင်ခွင်ထဲရောက်နေတယ်ပြီး သူ့လက်မောင်းတွေနဲ့ တင်းတင်းကြပ်ကြပ် ရစ်သိုင်းခံထားရတယ်လို့ ခံစားမိတယ်။
တီရှပ်ကို လက်မှာကိုင်ရင်း ဒုတိယထပ်ကို တက်လာခဲ့ပြီး သူ့အိပ်ယာပေါ်မှာ ခီဟာရာဇာ နောက်တစ်ကြိမ် ထပ်လှဲလိုက်တယ်။ သူ့ရှပ်အင်္ကျီပေါ်မှာ မျက်နှာကပ်ထားပြီး အငမ်းမရ ရှူရှိုက်နေမိတယ်။ သူမကိုယ်ခန္ဓာအောက်ပိုင်းက အလိုလို ညင်သာလူးလွန့်နေတဲ့ ခံစားမှုတစ်ခု ရလာတယ်။ သူမ နို့သီးလေးတွေကလည်း တင်းမာလာတယ်။ သူမ ရာသီလာတော့မှာလား။ မဟုတ်လောက်သေးဘူး၊ သိပ်စောလွန်းသေးတယ်။ ဒါဆို ဒါက လိင်ဆန္ဒလား။ ဟုတ်တယ်ဆိုရင်ရော သူမ ဘာလုပ်နိုင်မလဲ။ သူမ မသိဘူး။ သေချာတာတစ်ခုတော့ ရှိတယ်၊ အခုလိုအခြေအနေမှာတော့ သူမ ဘာကိုမှ ပြီးမြောက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။ သူ့ အခန်းနဲ့ သူ့ ကုတင်ပေါ်မှာ အခုလိုရောက်နေချိန်မှာပေါ့။
နောက်ဆုံးတော့ ခီဟာရာဇာက သူ့ရှပ်အင်္ကျီကို ယူသွားဖို့ ဆုံးဖြတ်လိုက်တယ်။ စွန့်စားရာကျတာတော့ အမှန်ပဲ။ သူ့အမေကတော့ ရှပ်အင်္ကျီတစ်ထည်ပျောက်နေဆိုတာ သိသွားဖို့များတယ်။ အခိုးခံရတယ်ဆိုတာ မသိဘူးဆိုရင်တောင်မှ ဘယ်များရောက်သွားလဲ တွေးနေဦးမှာပဲ။ အိမ်ကို ဒီလောက် မှဲ့တစ်ပေါက်မစွန်းအောင် ထိန်းသိမ်းတတ်တဲ့ ဘယ်အမျိုးသမီးမဆို ပထမတန်းစားဇီဇာကြောင်သူဖြစ်ဖို့ နီးစပ်တာပဲ။ တစ်ခုခုပျောက်ပြီဆိုတာနဲ့ မတွေ့မချင်း အိမ်ကို ရဲခွေးတစ်ကောင်လို ခြေဆုံးခေါင်းဆုံးလိုက်ရှာတော့မှာပဲ။ ခီဟာရာဇာ သူ့ သားတော်မောင်ရဲ့ အခန်းထဲကို ရောက်ခဲ့ကြောင်း သဲလွန်စတွေကို ရှာတွေ့မှာပဲဆိုတာ သံသယဖြစ်စရာမလိုဘူး။ ဒီအချက်တွေကို သိသိချည်းနဲ့ပဲ ခီဟာရာဇာကတော့ ရှပ်အင်္ကျီလေးကို ထားမပစ်ခဲ့ချင်ဘူး။ ဦးနှောက်က နှလုံးသားရဲ့အလိုဆန္ဒကို မလွန်ဆန်နိုင်ဘူးဖြစ်နေတယ်။
ဒါတွေအစား သူမကတော့ ချန်ထားခဲ့ရမယ့်ပစ္စည်းကိုပဲ စဉ်းစားနေမိတယ်။ သူမ အတွင်းခံလေးကို ချန်ထားခဲ့တာကတော့ အကောင်းဖြစ်မယ်ထင်တယ်။ ဒီနေ့ဝတ်လာခဲ့တာက သာမန်အမျိုးအစားပါပဲ၊ ခပ်ရိုးရိုးနဲ့ အသစ်ဘက်ကိုလည်းရောက်သေးတယ်။ သူ့ ဘီရိုရဲ့ အနောက်ဘက်ဆုံးမှာ သူမ ဖွက်ထားခဲ့လို့ရတယ်။ အပြန်အလှန်အနေနဲ့ သူချန်ထားခဲ့စရာ တခြားသင့်တော်မှာ တစ်ခုခုရော ရှိပါ့မလား။ ဒါပေမဲ့ သူမ ချွတ်လိုက်တဲ့အခါမှာတော့ ခွကြားမှာ စိုထိုင်းထိုင်းဖြစ်နေတာ တွေ့လိုက်ရတယ်။ ငါ့စိတ်တွေထနေလို့ ဒီလိုဖြစ်တာ ဖြစ်ရမယ်လို့ သူမ တွေးမိလိုက်တယ်။ သူမ ရမ္မက်နဲ့ စွန်းထင်းနေတဲ့အရာ တစ်ခုခုတော့ သူ့အခန်းထဲ ချန်ထားခဲ့ဖို့ ခက်တယ်။ ကိုယ့်ကိုယ်ကိုယ် အဆင့်နှိမ့်ချလိုက်သလိုပဲ ဖြစ်လိမ့်မယ်။ သူမက အတွင်းခံလေးကို ပြန်ဝတ်လိုက်ပြီး ချန်ထားခဲ့စရာ တခြားတစ်ခုခုကို ထပ်စဉ်းစားရတော့တယ်။
ခီဟာရာဇာက သူမရဲ့ ဇာတ်လမ်းကို ရပ်လိုက်တယ်။ အချိန်အတော်ကြာအောင် တစ်ခွန်းမှဆက်မပြောဘူး။ နေရာမှာပဲ သူမ မျက်လုံးတွေကို မှိတ်ထားရင်း အသက်ကို ငြိမ်ငြိမ်သက်သက် ရှူနေတယ်။ သူမ နားမှာတော့ ဟာဘရာက သူမကိုယ်ဟန်အတိုင်းပဲ၊ ရှေ့ဆက်ပြောမှာကို မျှော်နေမိတယ်။
နောက်ဆုံးတော့ သူမက မျက်လုံးတွေကိုပြန်ဖွင့်ပြီး "ဟာဘရာ" လို့ ခေါ်လိုက်တယ်။ သူမ သူ့ကို နာမည်တပ်ပြီးခေါ်တာ ဒါ ပထမဆုံးအကြိမ်ပဲ။
ဟာဘရာက သူမကို ကြည့်လိုက်တယ်။
"ကျွန်မတို့ နောက်တစ်ခေါက် ထပ်လုပ်လို့ရဦးမလား"
"လုပ်နိုင်မယ်ထင်တာပဲ" လို့ သူက ပြောတယ်။
ဒီလိုနဲ့ သူတို့ ချစ်တင်းထပ်နှောကြတယ်။ ဒီတစ်ကြိမ်တော့ အရင်အကြိမ်နဲ့ အများကြီး ကွာတယ်။ ရမ္မက်ပြင်းပြင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း အချိန်အတော်ကြီးကြာတယ်။ နောက်ဆုံးမှာ သူမ ပြီးသွားတာ မမှားနိုင်ဘူး။ အရှိန်ပြင်းပြင်း အကြောဆတ်ခနဲ အကြိမ်ကြိမ်ဆွဲပြီးနောက်မှာ သူမ တုန်တုန်ယင်ယင် ကျန်ရစ်တယ်။ သူမ မျက်နှာတောင် အရောင်ပြောင်းသွားသလိုပဲ။ ဟာဘရာ့အဖို့တော့ ဒါဟာ ခီဟာရာဇာရဲ့ ငယ်ဘ၀ကို ဖျပ်ခနဲ ဖမ်းမိလိုက်တာနဲ့တူတယ်။ သူ့ရင်ခွင်ထဲရှိနေတာဟာ ချစ်ဒုက္ခရောက်နေရှာတဲ့ ဆယ့်ခွန်နနှစ်သမီးလေးပဲ၊ တစ်နည်းတစ်ဖုံနဲ့ သုံးဆယ့်ငါးနှစ်အရွယ်အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာထဲ ပိတ်မိနေရတာက လွဲလို့ပေါ့။ အဲဒီကောင်မလေးပဲလို့ ဟာဘရာ ခံစားနေရတယ်။ မျက်လုံးတွေကိုမှိတ်ထားရင်း၊ ကိုယ်ခန္ဓာက တဆတ်ဆတ်တုန်ခါရင်း၊ ကောင်လေးတစ်ယောက်ရဲ့ ချွေးနံ့ထွက်နေတဲ့ တီရှပ်က ရနံ့ကို အပြစ်ကင်းစင်စွာ ရှူသွင်းနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။
ဒီတစ်ခါတော့ လိင်ဆက်ဆံပြီးတဲ့နောက်မှာ ခီဟာရာဇာက သူ့ကို ပုံပြင်မပြောတော့ဘူး။ သူ့ကွန်ဒွန်ထဲကိုလည်း မစစ်ဆေးတော့ဘူး။ နေရာမှာပဲ နှစ်ယောက်သား ဘေးချင်းယှဉ်ရက် လှဲနေကြတယ်။ သူမ မျက်လုံးတွေက ပြူးကျယ်ပြီး မျက်နှာကြက်ကို ငေးကြည့်နေတယ်။ စုပ်ကပ်ငါးတစ်ကောင် တောက်ပတဲ့ရေမျက်နှာပြင်ဆီ ငေးစိုက်ကြည့်နေသလိုပဲ။ ဘယ်လောက် အံ့သြကြည်နူးစရာ ကောင်းလိုက်မလဲလို့ ဟာဘရာ တွေးမိတယ်။ သူကိုယ်တိုင် အခြားအချိန်နဲ့ နေရာတစ်ခုခုမှာ နေထိုင်သဖြစ်ခဲ့ရင်၊ အခုလို ဟာဘရာလို့ အမည်ရတဲ့ လူသားတစ်ယောက်အဖြစ်ကနေ အမည်မဲ့ စုပ်ကပ်ငါးတစ်ကောင်ဖြစ်သွားခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ။ သူနဲ့ ခီဟာရာဇာ ဘေးချင်းယှဉ်လျက်သား သူတို့ စုပ်ခွက်တွေကို ကျောက်တုံးတစ်တုံပေါ်မှာ တွယ်ကပ်ထားတယ်လို့ သူ ပုံဖော်ကြည့်တယ်။ သူတို့ ကိုယ်ခန္ဓာတွေက ရေစီးကြောင်းနဲ့အတူ လူးလွန့်နေမယ်၊ တအိအိဖြတ်ကူးလာမယ့် ဖားပြုတ်၀၀တစ်ကောင်ကို စောင့်စားရင်း၊ ရေမျက်နှာပြင်ပေါ်ကို မျှော်ကြည့်နေကြရင်းပေါ့။
"ဒီတော့ ရှပ်အင်္ကျီအစား ခင်ဗျား ဘာပြန်ထားခဲ့လဲ" ဟာဘရာကစပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။
"ဘာမှမထားခဲ့ဘူး" လို့ နောက်ဆုံးမှာ သူမက ပြန်ပြောတယ်။
"သူ့ရနံ့လေးစွဲနေတဲ့ ရှပ်အင်္ကျီနေရာမှာ အစားထိုးဖို့ သင့်လျော်တာတစ်ခုမှ ကျွန်မဆီ ပါမလာဘူး။ ဒါနဲ့ ဒီတိုင်းပဲ ယူလာပြီး အပြင်ကို ပြန်ထွက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်မ သူခိုးဖြစ်သွားတာပေါ့၊ သူခိုးစစ်စစ်"
နောက်ဆယ့်နှစ်ရက်အကြာ ခီဟာရာဇာ ကောင်လေးရဲ့အိမ်ကို စတုတ္ထအကြိမ် ရောက်သွားတဲ့အခါမှာတော့ အိမ်ရှေ့တံခါးမှာ သော့ဂလောက်အသစ်တစ်ခု တပ်ဆင်ထားတာတွေ့ရတယ်။ သော့ဂလောက်က သူ့ရဲ့ ကြံ့ခိုင်မှုကို ကြွားဝါတဲ့အလား နေ့လယ်ခင်းနေရောင်အောက်မှာ တဖျပ်ဖျပ်တောက်နေတယ်။ ကော်ဇောအောက်မှာဖွက်ထားတဲ့ သော့တံလည်း မရှိတော့ဘူး။ ရှပ်အင်္ကျီပျောက်သွားလို့ သူ့အမေ သံသယဖြစ်သွားတာ သေချာတယ်။ တစ်အိမ်လုံး ပိုက်စိတ်တိုက်ပြီး သူမ လိုက်ရှာမယ်၊ ဒီလိုနဲ့ အိမ်ထဲက ခြေရာလက်ရာပျက်နေတဲ့ တခြားသဲလွန်စတွေကိုလည်း သူမ တွေ့သွားမှာပဲ။ သူမက တိတိကျကျအနံ့ခံနိုင်တယ်၊ ပြီး တုံ့ပြန်ပုံကလည်း သွက်လက်တယ်။
ခီဟာရာဇာကတော့ ဒီလိုဖြစ်သွားတာကို မကျေနပ်နိုင်ဘူး၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ စိတ်သက်သာရာလည်း ရသွားမိတယ်။ သူမ နောက်ကနေ တစ်ယောက်ယောက်ရောက်လာပြီး သူမ ပုခုံးပေါ်က ဧရာမအလေးအပင်ကြီးတစ်ခုကို ဆွဲချလိုက်သလိုပဲ။ ဒါ ငါ သူ့အိမ်ထဲကို ထပ်ပြီး ခိုးဝင်နေစရာမရှိတော့ဘူးဆိုတဲ့ သဘောပဲလို့ သူမ တွေးတယ်။ သော့ဂလောက်သာ မပြောင်းသွားဘူးဆိုရင် သူမ ဒီလိုပဲ ဆက်ပြီး ကျူးကျော်ဝင်ရောက်နေဦးမှာပဲဆိုတာ သံသယရှိစရာမလိုဘူး။ သူမ လုပ်ရပ်တွေကလည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုအတင့်ရဲလာဦးမှာပဲ။ နောက်ဆုံးတစ်နေ့မှာ သူမ ဒုတိယထပ်မှာရှိနေတုန်း အိမ်သားတစ်ယောက်ယောက် ပြန်လာတာနဲ့ ပက်ပင်းတိုးမှာပဲ။ လွတ်မြောက်စရာ ထွက်ပေါက်မရှိဘူး။ ညှပ်ပူးညှပ်ပိတ်အခြေအနေမှာ ဘာပြောပြီးဘာလုပ်ရမှန်းကို သိတော့မှာမဟုတ်ဘူး။ ဒါဟာ သူမကို အနှေးနဲ့အမြန် စောင့်ကြိုနေတဲ့ အနာဂတ်ပဲ။ ဒီအတွက် ရလဒ်တွေကတော့ သိပ်ကိုဆိုးရွားသွားနိုင်တယ်။ အခုတော့ ဒီအဖြစ်ကို သူမ လက်မတင်လေး ရှောင်လွှဲလိုက်နိုင်ပြီ။ တစ်ခါမှမမြင်ဖူးတဲ့ သူ့ အမေကိုတောင် ကျေးဇူးတင်ရမလားပဲ။ သိန်းငှက်တစ်ကောင်ကို မျက်လုံးရှင်လွန်းလို့ပေါ့။
အိပ်ယာမ၀င်ခင် ညတိုင်း သူ့တီရှပ်လေးရဲ့ အငွေ့အသက်ကို ခီဟာရာဇာ ရှူရှိုက်နေတတ်တယ်။ အဲဒါလေးကို သူမ ဘေးနားမှာထားပြီး အိပ်တယ်။ မနက် ကျောင်းမသွားခင်မှာ စက္ကူနဲ့ထုပ်ပြီး တစ်နေရာမှာ သိမ်းထားခဲ့တယ်။ နောက် ညဘက်ပြန်ရောက်လို့ ညစာစားပြီးတဲ့အခါ တစ်ခါပြန်ဆွဲထုတ်မယ်၊ ပွတ်သပ်ပြီး တရှုတ်ရှုတ်နမ်းမယ်။ အချိန်တွေကြာလာတာနဲ့အမျှ အနံ့လေးတွေ လွင့်ပါးသွားမှာ သူမ စိုးရိမ်မိတယ်၊ ဒါပေမဲ့ အဲဒီလို မဖြစ်ပါဘူး။ ရှပ်အင်္ကျီမှာ စွန်းနေတဲ့ သူ့ချွေးနံ့က အဲဒီနေရာမှာပဲ တစ်သက်လုံးစွဲနေပြီ။
နောက်တစ်ခေါက် ထပ်ခိုးဝင်ဖို့ကိစ္စကိုတော့ ဘယ်လိုမှထည့်စဉ်းစားလို့မရတော့ဘူး။ ခီဟာရာဇာရဲ့ စိတ်တွေက တဖြည်းဖြည်း ပုံမှန်အခြေအနေကို ပြန်ရောက်လာတယ်။ အတန်းထဲမှာလည်း စိတ်ကူးထဲမျောနေတာ နည်းလာတယ်၊ ဆရာဘာပြောနေလဲဆိုတာ ခေါင်းထဲရောက်စပြုလာတယ်။ ဘာပဲဖြစ်ဖြစ် သူမရဲ့ မူလအာရုံကတော့ ဆရာ့အသံမှာမဟုတ်သေးဘူး၊ အတန်းဖော်ကောင်လေးရဲ့ လှုပ်ရှားမှုဆီမှာပဲ ရှိသေးတယ်။ သူမ မျက်လုံးတွေက သူ့ဆီကို ခိုးချောင်ခိုးဝှက်ကြည့်နေမိတုန်းပဲ၊ တီရှပ်ပျောက်သွားတာကြောင့် သူ့ဆီမှာ အပြောင်းအလဲတစ်ခုခုများ ရှိမလား၊ မသိုးမသန့်တစ်ခုခုဖြစ်မလား အကဲခတ်နေမိတယ်။ ဒါပေမဲ့ သူကတော့ အရင်တုန်းကလိုပဲ မပြောင်းမလဲ။ ဟက်ဟက်ပက်ပက် ရယ်မောနေတုန်း၊ သူ့နာမည်ခေါ်တဲ့အခါမှာ မဆိုင်းမတွ ပြန်ဖြေတုန်းပဲ။ ဘောလုံးပွဲတွေမှာဆို အကျယ်ကြီးအော်ဟစ်နေတတ်ပြီး ချွေးတွေလည်း ရွှဲနေတတ်တုန်းပဲ။ သဘာဝမကျတာဆိုလို့ ဘာတစ်ခုမှ သူ့ဆီမှာ သူမ မတွေ့ရဘူး။ မကြောင့်ကျရတဲ့ ဘ၀တစ်ခုဆီဦးတည်နေတဲ့ တက်လူလေးတစ်ယောက်လို့ပဲ မြင်နေရတယ်။
ဒါပေမဲ့ သူ့အပေါ်မှာ ကျရောက်နေတဲ့ တစ်ခုသောအရိပ်ကို ခီဟာရာဇာကတော့ သိနေတယ်။ အရိပ်မဟုတ်တောင်မှ အရိပ်နဲ့ နီးစပ်တဲ့တစ်ခုပေါ့။ ဒီအကြောင်း အခြားတစ်ယောက်သိဖို့တော့ မဖြစ်နိုင်ဘူး။ သူမ တစ်ယောက်တည်းပဲ (သူ့အမေလည်း သိချင်သိနေနိုင်တယ်လို့ ပြောပါတော့)။ သူ့အိမ်ထဲကို တတိယအကြိမ်မြောက် ခိုးဝင်တုန်းက သူ့ ဘီရိုရဲ့နောက်ဘက်ဆုံးမှာ အံဝှက်တစ်ခုနဲ့ ပါးပါးနပ်နပ် သိုဝှက်ထားတဲ့ အပြာမဂ္ဂဇင်းတွေကို သူမ မြင်ခဲ့ရတယ်။ အထဲမှာ ကိုယ်လုံးတီးအမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေနဲ့ပြည့်နေတယ်၊ ခြေထောက်တွေကို ကားထားပြီး၊ သူတို့အင်္ဂါတွေကို မြင်သာအောင် ရက်ရက်ရောရောပြထားတဲ့ မြင်ကွင်းတွေ။ တချို့ပုံတွေကျတော့လည်း လိင်ဆက်ဆံတဲ့ကိစ္စကို ပုံဖော်ထားတယ်၊ သံချောင်းလိုမာကျောတဲ့ လိင်တံတွေက အမျိုးသမီးကိုယ်ခန္ဓာတွေထဲ သဘာဝမကျဆုံး အနေအထားနဲ့ ၀င်ရောက်နေပုံတွေ။ ခီဟာရာဇာအနေနဲ့ ဒီလိုမျိုးပုံတွေကို အရင်တုန်းက တစ်ခုမှ မမြင်ခဲ့ဖူးဘူး။ သူ့ စာကြည့်စားပွဲမှာထိုင်ရင်း မဂ္ဂဇင်းတွေကို ခပ်ဖြေးဖြေးလှန်ပြီး ဓာတ်ပုံတစ်ပုံချင်းစီကို စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်နေခဲ့မိတယ်။ ဒီပုံတွေကိုကြည့်ပြီး သူ အာသာဖြေမှာပဲလို့ သူမ ခန့်မှန်းမိတယ်။ ဒီအတွေးကြောင့်တော့ သူ့ကို မနှစ်မြို့တဲ့ခံစားချက်မျိုး မပေါ်မိဘူး။ တစ်ကိုယ်ရည်အာသာဖြေမှုကို ပုံမှန်အပြုအမူတစ်ရပ်လို့ပဲ သူမ လက်ခံထားတယ်။ ဒီသုတ်ရည်တွေဟာ တစ်နေရာရာကိုတော့ သွားရမှာပဲ၊ မိန်းကလေးတွေ ရာသီလာသလိုပဲ။ တစ်နည်းအားဖြင့်ပြောရရင်တော့ သူက ပုံမှန် ကောင်လေးတစ်ယောက်ပဲ။ သူရဲကောင်းရော၊ သူတော်စင်ရောမဟုတ်ဘူး။ အဲဒီလို သိလိုက်ရတာဟာ စိတ်သက်သာစရာတစ်ခုလို့ သူမ ခံစားလိုက်ရတယ်။
"အိမ်ထဲ ခိုးဝင်တာကို ရပ်လိုက်တော့ ကျွန်မ စိတ်ဆန္ဒတွေလည်း သွေးအေးစပြုလာတယ်။ ရှည်လျားတဲ့ ဆင်ခြေလျောကမ်းခြေအတိုင်း ဒီရေက တဖြည်းဖြည်းကျသွားသလိုမျိုးပဲ။ တစ်နည်းနည်းနဲ့၊ သူ့ အင်္ကျီကို အနံ့ခံတဲ့အချိန် နည်းနည်းလာတယ်၊ သူ့ခဲတံလေးနဲ့ တံဆိပ်လေးကို ပတ်သပ်နေမိတာတွေ လျော့လာတယ်။ အဖျားကျစပြုပြီ။ ကျွန်မကြုံတွေ့ခဲ့ရတဲ့အရာက အဖျားနဲ့တူတဲ့အရာတစ်ခုမဟုတ်ဘူး၊ တကယ့်ကို အဖျားစစ်စစ်။ အဲဒါရှိနေသရွေ့ ကျွန်မ ဖြောင့်ဖြောင့်တန်းတန်း ဆင်ခြင်နိုင်စွမ်းမရှိဘူး။ လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန်တော့ ဒီလိုမျိုး ရူးသွပ်တဲ့ကာလတစ်ရပ် ကြုံခဲ့ကြမှာပါ။ ဒါမှမဟုတ်လည်း ကျွန်မတစ်ယောက်တည်းပဲ ကွက်ဖြစ်ခဲ့တာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ရှင်ရော၊ အဲဒီလိုမျိုး အတွေ့အကြုံ ရှိဖူးလား"
တစ်ခုခု သတိရမလား ဟာဘရာ စဉ်းစားကြည့်လိုက်တယ်၊ ဒါပေမဲ့ ဘာမှပေါ်မလာဘူး။ "ဟင့်အင်း။ ဒီလောက် ပြင်းထန်တာမျိုးတော့ မကြုံဖူးဘူး" လို့ ပြောတယ်။
ခီဟာရာဇာက သူ့အဖြေကို သိပ်တော့ ကျေနပ်ပုံမရဘူး။
"ဘာပဲဖြစ်ဖြစ် ကျွန်မ ဘွဲ့ရပြီးတဲ့အချိန်ကစပြီး သူ့အကြောင်းအားလုံးကို မေ့သွားတော့တာပဲ။ သိပ်မြန်သိပ်လွယ်လွန်းလို့ တမျိုးကြီးတောင်ဖြစ်နေတယ်။ ကျွန်မဆယ့်ခွန်နစ်နှစ်သမီးတုန်းက ဘာကြောင့် ဒီလောက်ဆိုးဆိုးရွားရွား သူ့ကို ဖြစ်ခဲ့ရတာလဲ။ ပြန်စဉ်းစားပေမယ့်လည်း သတိမရတော့ဘူး။ ဘ၀က ဆန်းကြယ်တယ်လို့ ရှင်မထင်ဘူးလား။ တစ်ခုခုက ရှင့်ကို ခဏတွင်းချင်း အရူးအမူးဖြစ်သွားအောင် လုပ်ပစ်လိုက်နိုင်တယ်၊ ပိုင်ဆိုင်ခွင့်ရဖို့ အရာအားလုံးကို စတေးချင်လာအောင် လုပ်ပစ်နိုင်တယ်။ အချိန်လေးနည်းနည်းကြာတော့၊ ဒါမှမဟုတ် အမြင်လေး အနည်းငယ်ပြောင်းသွားတော့ အဲဒီအရောင်အ၀ါတွေ ဘယ်လိုမှေးမှန်သွားတယ်ဆိုတာကို ရှင် ရုတ်တရက် ပါးစပ်အဟောင်းသားဖြစ်ရတော့တာ။ ကျွန်မ ဘာကို ကြည့်နေခဲ့တာလဲဆိုတာ ရှင်တွေးကြည့်စမ်းပါ။ ဒါကတော့ ကျွန်မရဲ့ "ချိုးဖောက်ဝင်ရောက်" ခဲ့တဲ့ အခိုက်အတန့်ပေါ့"
သူမက ကုတင်ဘေးက နာရီကို ကြည့်လိုက်တယ်။ သူမ ပြန်ရမယ့်အချိန် ရောက်လုပြီ။
"အမှန်အတိုင်းပြောရရင်တော့ ဇာတ်လမ်းက ဒီနေရာမှာ မဆုံးသေးဘူး။ နောက်နှစ်အနည်းငယ်အကြာ၊ ကျွန် သူနာပြုကျောင်းဒုတိယနှစ်တက်နေတဲ့အချိန်မှာ ဆန်းကြယ်တဲ့ ကံကြမ္မာအလှည့်အပြောင်းတစ်ခုက ကျွန်မတို့ကို အတူပြန်ဆုံအောင် ဖန်တီးခဲ့သေးတယ်။ ဒီကိစ္စမှာ သူ့အမေက အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်၊ တကယ်ဆို ဒီအဖြစ်အပျက်တစ်ခုလုံးဟာ အဆန်းကြီးလို့ပဲပြောရမယ်၊ ဟိုတုန်းက တစ္ဆေပုံပြင်အဟောင်းတွေထဲက တစ်ပုဒ်လိုပဲ။ အဖြစ်အပျက်တွေဟာ ယုံနိုင်စရာတောင်မကောင်းဘူး။ အဲဒီအကြောင်းရော ရှင်နားထောင်ချင်သေးလား"
"သိပ်နားထောင်ချင်တာပေါ့" လို့ ဟာဘရာက ပြောတယ်။
"ကျွန်မ နောက်တစ်ခေါက်လာတဲ့အထိ စောင့်တာ ပိုကောင်းမယ်။ အခု နောက်ကျနေပြီ။ အိမ်ပြန်ပြီး ကျွန်မ ညစာပြင်ဆင်ရတော့မယ်" လို့ ခီဟာရာဇာက ပြောလိုက်တယ်။
အိပ်ယာပေါ်က ထပြီး သူမ အ၀တ်အစားတွေကို ၀တ်တယ်။ အတွင်းခံ၊ ခြေအိတ်၊ အောက်ခံအင်္ကျီနဲ့ နောက်ဆုံး စကတ်နဲ့ ဘလောက်စ်အင်္ကျီကို ၀တ်လိုက်တယ်။ ဟာဘရာကတော့ ကုတင်ပေါ်ကနေ သူမရဲ့ လှုပ်ရှားမှုတွေကို အလိုက်သင့်ကြည့်နေမိတယ်။ အမျိုးသမီးတွေ အ၀တ်အစားတွေကို ပြန်ဝတ်တဲ့ပုံစံဟာ ချွတ်တဲ့ပုံစံထက်တောင် ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ သူ့စိတ်ထဲမှာ ထင်မှတ်လိုက်မိတယ်။
"ကျွန်မကို ၀ယ်ခိုင်းချင်တဲ့ စာအုပ်တစ်အုပ်အုပ်များ ရှင့်ဆီမှာ ရှိလား" တံခါးဆီကို သွားနေရင်း သူမက ဟာဘရာ့ကို မေးတယ်။
"ဟင့်အင်း။ မရှိပါဘူး" လို့ သူက ဖြေတယ်။ သူတကယ်လိုချင်တာက ပုံပြင်ရဲ့ကျန်တဲ့အပိုင်းကို ဆက်ပြောပြစေချင်တာပဲလို့ သူတွေးနေတယ်။ ဒါပေမဲ့ ပါးစပ်ကတော့ ပြောမထွက်လိုက်ဘူး။ အဲဒီလိုပြောလိုက်ခြင်းအားဖြင့် ပုံပြင်ရဲ့ကျန်တဲ့အပိုင်းကို သူ ကြားနိုင်ဖို့အခွင့်အရေး ထိခိုက်သွားနိုင်တယ်။
အဲဒီညကတော့ ဟာဘရာ အိပ်ယာစောစောဝင်ပြီး ခီဟာရာဇာအကြောင်း တွေးနေမိတယ်။ သူမကို သူ နောက်တစ်ကြိမ်ပြန်တွေ့ရတော့ချင်မှ တွေ့ရမယ်။ အဲဒီအတွေးကြောင့် သူ စိုးရိမ်မိတယ်။ အဲဒီဖြစ်နိုင်ခြေက သိပ်ကို လက်တွေ့ကျတာပေါ့။ သူတို့နှစ်ဦးကြားမှာ ပုဂ္ဂိုလ်ရေးပတ်သက်တဲ့ အနေအထားမရှိဘူး။ သူတို့နှစ်ဦးကို တွဲချည်ထားဖို့ အာမဘန္တေခံထားတဲ့ ကတိမရှိဘူး၊ နှလုံးသားချင်းနားလည်ထားတာမရှိဘူး။ သူတို့အဖြစ်က အခြားတစ်ယောက်က ဖန်တီးထားတဲ့ ဆက်ဆံရေးတစ်ခုပဲ၊ အဲဒီလူရဲ့ စိတ်ကစားမှုအတိုင်း အချိန်မရွေး ရပ်ဆိုင်းသွားနိုင်တယ်။ တစ်နည်းအားဖြင့်တော့ သူတို့နှစ်ယောက်ပူးကပ်နေတဲ့အဖြစ်က အပ်ချည်ကြိုးနဲ့ ချည်ထားရုံမျှပဲ။ အသေအချာမပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေရှိနေတာက၊ အဲ့ဒီနှောင်ကြိုးဟာ နောက်ဆုံးမှာ ပြတ်တောက်သွားပြီး သူမ သူ့ကိုပြောခဲ့တဲ့ ထူးခြားဆန်းကြယ် ပုံပြင်တွေဟာလည်း သူ့ဆီမှာပဲ ပျောက်ဆုံးသွားနိုင်တယ်။ ဒါတွေ ဘယ်တော့ဖြစ်လာမလဲဆိုတာပဲ စဉ်းစားစရာရှိတယ်။
တခြားဖြစ်နိုင်သေးတာတစ်ခုက အခြေအနေတစ်ခုမှာ သူကိုယ်တိုင် သူ့လွတ်လပ်မှုကို လုံးဝဆုံးရှုံးသွားရရင် ခီဟာရာဇာတင်မကဘူး မိန်းမတွေအားလုံး သူ့ဘ၀ထဲက ပျောက်ကွယ်သွားနိုင်တယ်။ သူတို့ ကိုယ်ခန္ဓာတွေရဲ့ နွေးထွေးဆွတ်စိုမှုထဲ ဘယ်တော့မှ ပြန်လည်မ၀င်ရောက်နိုင်တော့တဲ့ဘ၀မျိုး ရောက်သွားနိုင်တယ်။ ဟာဘရာ့တွက် ပိုပြီး စိတ်ပျက်စရာကောင်းတာက လိင်ကိစ္စတွေ ရပ်ဆိုင်းခံရလိုက်တာထက်၊ ဝေမျှထားတဲ့ ရင်းနှီးကျွမ်းဝင်စရာ အခိုက်အတန့်လေးတွေ ပျောက်ဆုံးသွားမှာကိုပဲ။ သူ့အတွက် အမျိုးသမီးတွေနဲ့ အချိန်ကုန်ဆုံးရတဲ့အခါမှာ အရှိတရားကို လက်တစ်ဖက်နဲ့ ပွေ့ဖက်ခွင့်ရတယ်၊ အခြားတစ်ဖက်ကတော့ အဲ့ဒီအရှိတရားကို ငြင်းဆန်ထားရင်းနဲ့ပေါ့။ ဒါကတော့ ခီဟာရာဇာ သူ့ကို အလျှံပယ်ဖြည့်ဆည်းနေတဲ့ အရာပဲ။ တကယ်တော့ သူမဟာ သူ့အတွက် တန်ဖိုးအရမ်းကြီးမားတဲ့ လက်ဆောင်တစ်ခုပဲ။ ဒါကို ဆုံးရှုံးလိုက်ရမယ်ဆိုရင်တော့ သူ့အတွက် အရာအားလုံးထက်ပို ၀မ်းနည်းစရာကောင်းတဲ့ ကိစ္စပဲဖြစ်လိမ့်မယ်။
ဟာဘရာက မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး ခီဟာရာဇာအကြောင်း တွေးနေတာကို ရပ်လိုက်တယ်။ အဲ့ဒီအစား စုပ်ကပ်ငါးတွေအကြောင်း သူ ပြောင်းတွေးကြည့်တယ်။ မေးရိုးမရှိတဲ့ စုပ်ကပ်ငါးတွေ ကျောက်တုံးတွေပေါ်မှာ တွယ်ကပ်နေကြတယ်။ ရေမှော်တွေကြားမှာ ပုန်းအောင်းရင်း၊ ရေစီးကြောင်းအတိုင်း ရှေ့နောက် ယိမ်းထိုးရင်း။ သူ့ကိုယ်သူ ဖားပြုပ်တစ်ကောင်ပေါ်လာမှာကို စောင့်နေတဲ့ အဲ့ဒီအထဲက တစ်ကောင်လို့ စိတ်ကူးကြည့်လိုက်တယ်။ ဒါပေမဲ့ သူ ဘယ်လောက်ကြာအောင်စောင့်စောင့် ဖားပြုပ်တစ်ကောင်မှ ဖြတ်မသွားဘူး။ ဖားပြုပ်၀၀လည်းမဖြတ်ဘူး၊ ဖားပြုပ်ပိန်ပိန်လည်းမဖြစ်ဘူး၊ ဘာဖားပြုပ်မှကို မဖြတ်ဘူး။ နောက်ဆုံးမှာ နေ၀င်သွားတယ်၊ သူ့ကမ္ဘာဟာ အမှောင်ရဲ့ တင်းကြပ်တဲ့ပွေ့ဖက်မှုထဲ ပြန်ရောက်သွားတော့တယ်။
တေဇာ (လရောင်လမ်း)
Scheherazade by Haruki Murakami ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Translated from the Japanese by Ted Goossen
Source: The New Yorker

Comments
Post a Comment