သူတို့ လိင်ဆက်ဆံပြီးတဲ့အခါတိုင်း သူမက ဟာဘရာ့ကို စိတ်ဝင်စားဖွယ် အဆန်းတကြယ်ပုံပြင်တစ်ပုဒ် ပြောပြလေ့ရှိတယ်။ တစ်ထောင့်တစ်ညပုံပြင်များထဲက ဘုရင်မ ခီဟာရာဇာလိုပဲ။ ဒါပေမဲ့ ဟာဘရာကတော့ အဲဒီထဲက ဘုရင်ကြီးလို နောက်တစ်နေ့မနက်မှာ သူမခေါင်းကို ဖြတ်ပစ်ဖို့ အစီအစဉ်မရှိဘူးပေါ့။ (ဘာလိုပဲဖြစ်ဖြစ် သူမကလည်း မိုးလင်းတဲ့အထိ သူနဲ့အတူ နေလေ့မရှိပါဘူး) သူမ ဟာဘရာ့ကို ဒီပုံပြင်တွေ ပြောပြနေတယ်ဆိုတာကလည်း ပြောချင်လို့ပြောတာလို့ပဲ ဆိုရမယ်။ အကြောင်းကတော့ ချစ်တင်းနှောပြီးခါစ အခုလို စိမ်ပြေနပြေ ရင်းနှီးနွေးထွေးလှတဲ့ အခိုက်အတန့်မျိုးမှာ အခုလို အိပ်ယာထဲ ခွေခေါက်ပြီး ယောက်ျားတစ်ယောက်ကို စကားပြောရတာ သူမနှစ်သက်လို့ဖြစ်လိမ့်မယ်လို့ သူ ယူဆတယ်။ ပြီးတော့ နေတိုင်း အိမ်ထဲမှာပဲ အမြဲတမ်း ကြပ်ကြပ်ညှပ်ညှပ်နေရတဲ့ ဟာဘရာ့ကို သူမ နှစ်သိမ့်ပေးချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။
ဒါကြောင့်ပဲ ဟာဘရာက အမျိုးသမီးကို ခီဟာရာဇာလို့ ကင်ပွန်းတပ်ခဲ့တာ။ သူ့ရှေ့မှာတော့ ဒီနာမည်ကို မသုံးပါဘူး၊ ဒါပေမဲ့ သူ တစ်ကိုယ်တည်းကျိတ်ရေးနေတဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ သူမကို အဲဒီလိုပဲ ညွှန်းပြီး ရေးသားလေ့ရှိတယ်။ "ဒီနေ့ ခီဟာရာဇာ လာတယ်" ဘောပင်နဲ့ သူက အမှတ်အသားပြုမယ်။ ပြီးတော့မှ အဲဒီနေ့မှာ ပြောတဲ့ ပုံပြင်က လိုတိုရှင်းအချက်လေးတွေကို သူတစ်ယောက်တည်းနားလည်နိုင်မယ့် ဝေါဟာရတွေနဲ့ ခပ်ရှင်းရှင်း ရေးချပါလိမ့်မယ်။ ဒီတော့လည်း ဒီဒိုင်ယာရီကို နောက်များမှာ တစ်စုံတစ်ယောက်ကများ ဖတ်ခွင့်ရခဲ့ရင် ခေါင်းကုပ်ခြေကုပ်ဖြစ်ရဖို့ သေချာနေတော့တယ်။
သူမရဲ့ ပုံပြင်တွေဟာ အစစ်အမှန်လား၊ လုပ်ကြံလား၊ ဒါမှမဟုတ် တစ်ဝက်အမှန် တစ်ဝက်လုပ်ကြံလားဆိုတာကို ဟာဘရာ မသိဘူး။ သိနိုင်ဖို့ လမ်းလည်းမမြင်ဘူး။ သူမရဲ့ စကားပြောပုံပြင်တွေဟာ အရှိတရားနဲ့ ယူဆချက်၊ သုံးသပ်ချက်နဲ့ စိတ်ကူးယဉ်သက်သက် ဒီအရာတွေအားလုံးကို သမ, ထားသလိုမျိုးပဲ။ ဒီတော့လည်း ဟာဘရာအနေနဲ့က ဒါတွေကို ရှည်ရှည်ဝေးဝေးမေးခွန်းထုတ်တာမျိုးမရှိဘဲ ကလေးလေးတစ်ယောက်ကြိုက်သလို ကြိုက်လိုက်မိတယ်။ တကယ်တော့လည်း ဒါတွေဟာ အလိမ်အညာဖြစ်ဖြစ်၊ အမှန်ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီနှစ်မျိုးကို ရောကျိုထားတာဖြစ်ဖြစ် သူ့အတွက်တော့ ဘာများထူးမှာမို့လဲ။
ဘာကြောင့်မှန်းမသိပေမယ့် နှလုံးသားထဲ စူးနစ်ဝင်ရောက်သွားမယ့် ပုံပြင်လေးတွေ ပြောဖို့ ခီဟာရာဇာမှာ ပါရမီကိုပါတယ်။ ဘယ်လိုပုံပြင်မျိုးကိုပဲ ဖြစ်ဖြစ် သူမကတော့ ထူးခြားသွားအောင် လုပ်ပစ်လိုက်နိုင်တာချည်းပဲ။ သူမရဲ့ အသံ၊ သူမရဲ့ ချိန်သားကိုက်မှု၊ သူရဲ့ အတိုးအလျှော့တွေအားလုံးက အပြစ်ဆိုစရာမရှိဘူး။ နားထောင်သူရဲ့ အာရုံစူးစိုက်မှုကို သူမက ပိုင်ပိုင်နိုင်နိုင်ရယူတယ်၊ ဘာဆက်ဖြစ်မလဲသိချင်လာအောင် မက်လုံးပေးမယ်၊ သို့လောသို့လော စဉ်းစားမိလာအောင် လုပ်မယ်၊ ပြီး နောက်ဆုံးကျတော့မှ ရှာဖွေနေတဲ့ အဖြေအတိုင်း အတိအကျကို ဒိုင်းခနဲ ပစ်သွင်းလိုက်မယ်။ မှင်သက်မိနေရင်းနဲ့ ဟာဘာရာ့အဖို့တော့ သူ့ဘေးနားက အရှိတရားတွေကို မေ့သွားခဲ့နိုင်တာချည်းပဲ။ အ၀တ်စိုစိုတစ်ခုနဲ့ ပွတ်တိုက်ခံလိုက်ရတဲ့ ကျောက်သင်ပုန်းလို သူ့ရဲ့ စိုးရိမ်ပူပန်မှုနဲ့ မနှစ်သက်စရာအာရုံတွေကို ဖယ်ရှားသုတ်သင်လိုက်နိုင်တယ်။ ဒီထက်ပိုပြီးရော ဘာများတောင်းဆိုနိုင်ဦးမှာလဲ။ သူ့ဘ၀ရဲ့ အခုလို ချိန်မှတ်တစ်ခုမှာတော့ ဒီလိုမေ့ပစ်နိုင်ပုံမျိုးဟာ အရာအားလုံးထက်ပို ဟာဘရာလိုချင်တဲ့ အရာပဲ။
ခီဟာရာဇာက အသက်သုံးဆယ့်ငါးနှစ်၊ ဟာဘရာ့ထက် လေးနှစ်ငယ်တယ်။ မူကြိုကျောင်းတက်နေတဲ့ကလေးငယ်ငယ်မရှိတဲ့ အချိန်ပြည့် အိမ်ရှင်မပဲ။ သူနာပြုလိုင်စင် ရထားပြီး အလုပ်ရှိတဲ့အခါမျိုးတွေမှာ သွားပေးရတယ်ဆိုရင်တောင်မှပေါ့။ သူမ အမျိုးသားကတော့ ပုံမှန် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါပဲ။ ဟာဘရာ့ဆီကနေဆို သူတို့နေတဲ့အိမ်က မိနစ်နှစ်ဆယ်လောက် ကားမောင်းရတယ်။ ဒါကတော့ သူမဆီက သိရသမျှ သူမရဲ့ကိုယ်ရေးအချက် အားလုံး (နီးပါး) ပဲ။ ဒါတွေကို မှန်မမှန်စစ်ဆေးဖို့ ဟာဘရာ့မှာ အခွင့်အရေးမရှိဘူး။ ဒါပေမယ့်လည်း သူမကို သံသယ၀င်ဖို့ အကြောင်းပြချက်တစ်ခုခုလည်း သူ စဉ်းစားမရဘူး။ သူမနာမည်ကို ဘယ်တုန်းကမှ သူ့ကို မပြောခဲ့ဖူးဘူး။ "ရှင်သိဖို့လည်း လိုတာမဟုတ်ပါဘူးလေ" လို့ပဲ ခီဟာရာဇာက ပြောတယ်။ ပြီး ဟာဘရာ့ကိုလည်း နာမည်ထပ်ပြီး သူမ တစ်ခါမှ မခေါ်ဖူးဘူး၊ သူ့နာမည်ကို သူမ သိနေတယ်ဆိုပေမယ့်ပေါ့။ သူမပါးစပ်ဖျားမှာ အသံများထွက်မိခဲ့ရင် နိမိတ်မကောင်းသယောင်၊ မသင့်လျော်သယောင် ထင်ရော့သလားမသိအောင်ကို သူမက သူ့နာမည်ကို စကားထဲမပါအောင် ကြပ်ကြပ်မတ်မတ် ရှောင်နေခဲ့တယ်။
အနည်းဆုံးအားဖြင့်၊ အပေါ်ယံမှာတော့ အခုပြောနေတဲ့ ခီဟာရာဇာနဲ့ "တစ်ထောင့်တစ်ညပုံပြင်များ" ထဲက လှပတဲ့ ဘုရင်မလေးနဲ့ တူညီတာဆိုလို့ ဘာမှမရှိပါဘူး။ သူမက လူလတ်ပိုင်းထဲကို ခြေတစ်ဖက်လှမ်းနေပြီ၊ တွဲလာတဲ့ ပါးစောင်တွေ၊ မျက်လုံးထောင့်စွန်းတွေမှာ ပင့်ကူအိမ်ဖွဲ့နေတဲ့ အရေးကြောင်းငယ်လေးတွေနဲ့ ကိုယ်ခန္ဓာရဲ့ အသားစိုင်တွေ လျော့ရဲစပြုလာပြီ။ သူမရဲ့ စတိုင်၊ မိတ်ကပ်နဲ့ အမူအယာတွေက ဖြစ်ကတတ်ဆန်းတော့မဟုတ်ဘူး၊ ဒါပေမဲ့ ချီးကျူးလောက်စရာ ထုံးဖွဲ့မှုမျိုးလို့လည်း ဆိုမရဘူး။ ဆွဲဆောင်မှုကင်းမဲ့နေတာမျိုးမဟုတ်ပေမယ့် သူမမျက်နှာမှာ လူအာရုံစိုက်စရာ ဆုံချက်တစ်ခု ပျောက်ဆုံးနေလို့ လူတွေအမြင်မှာတော့ သူမဟာ မှုန်ဝါးဝါးဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးပဲ။ အကျိုးဆက်အားဖြင့်တော့ လမ်းမှာ ဖြတ်သွားဖြတ်လာတွေ့တဲ့လူ၊ ဓာတ်လှေကားထဲ အတူတူ စီးမိတဲ့လူတွေအနေနဲ့ သူမကို သတိပြုမိဖို့ ခဲယဉ်းတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဆိုရင်တော့ သူမဟာ တက်ကြွဖျတ်လပ်ပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးငယ်တစ်ဦး၊ လူတချို့ နှစ်ခါပြန်လှည့်ကြည့်ရလောက်သည်အထိတောင် ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။ အခုအချိန်မှာတော့ သူမဘ၀ရဲ့ အဲဒီအစိတ်အပိုင်းကို နောက်ထပ်တစ်ခါ ပြန်မပေါ်လာနိုင်သည်အထိ ကားလိပ်ချလိုက်ပြီးပြီလို့ပဲ ဆိုရမယ်။
ခီဟာရာဇာက တစ်ပတ်တစ်ခါ ဟာဘရာ့ဆီလာတယ်။ ဘယ်နေ့လာမယ်လို့ အတိအကျသတ်မှတ်ထားတာမရှိပေမယ့် စနေတနင်္ဂနွေနေ့တွေမှာတော့ သူမ လာလေ့မရှိဘူး။ အဲဒီနေ့တွေမှာ သူမ မိသားစုနဲ့အတူပဲ ရှိနေမှာ သံသယဖြစ်စရာမလိုဘူး။ မရောက်ခင် တစ်နာရီကြိုပြီး သူမ ဖုံးဆက်လေ့ရှိတယ်။ အိမ်နားက ဆူပါမားကတ်လေးမှာ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ပြီး သူမရဲ့ အပြာရောင် မာဇဒါကားလေးနဲ့ ပစ္စည်းတွေကို ဟာဘရာ့ဆီ သယ်လာလေ့ရှိတယ်။ ကားက မော်ဒယ်အဟောင်း၊ အနောက်ဘန်ပါမှာ အပေါက်တစ်ခုနဲ့ ဘီးတွေကလည်း ချေးအထပ်ထပ်နဲ့ မဲညစ်နေပြီ။ အဲဒီကားလေးကို ဟာဘရာ့အိမ်အတွက် သတ်မှတ်ထားတဲ့ ပါကင်မှာ ထိုးပြီးရင်၊ အထုပ်အပိုးတွေကို အိမ်ရှေ့တံခါးရောက်တဲ့အထိ သယ်လာပြီး လူခေါ်ခေါင်းလောင်းကို သူမ တီးမယ်။ ချောင်းကြည့်ပေါက်က ကြည့်ပြီးတော့ ဟာဘရာကတော့ သော့ကို ဖွင့်ပေးလိုက်မယ်၊ ချိတ်ကို ဖြုတ်ပြီးရင် သူမကို အထဲဝင်ခိုင်းလိုက်ပါလိမ့်မယ်။ မီးဖိုချောင်ထဲမှာတော့ သူမက ပစ္စည်းတွေကို ရေခဲသေတ္တာထဲမှာ အစီအရီထည့်လိုက်မယ်။ ပြီးရင် နောက်တစ်ခါလာရင် ၀ယ်ရမယ့်ပစ္စည်းတွေကို စာရင်းပြုစုမယ်။ ဒီတာဝန်တွေအားလုံးကို သူမက စကားကိုချွေတာပြောရင်း၊ မလိုအပ်တဲ့လှုပ်ရှားမှုလည်း မပါဝင်စေဘဲ ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်သွားပါလိမ့်မယ်။
သူမ ပြီးပြီဆိုတာနဲ့ သူတို့နှစ်ဦးသား စကားတစ်ခွန်းမျှမပြောဘဲ အိပ်ခန်းဆီကို မမြင်ရတဲ့ စွမ်းအင်လှိုင်းတစ်ခုက သယ်ဆောင်သွားသလို ရွေ့လျားသွားကြလိမ့်မယ်။ ခီဟာရာဇာက စကားမပြောသေးဘဲ သူမအ၀တ်အစားတွေကို ဖယ်ရှားပြီး အိပ်ယာပေါ်က ဟာဘရာ့ဆီ ပူးကပ်လိုက်မယ်။ ချစ်တင်းနှောနေတဲ့ အတောအတွင်း သူမကတော့ စကားမပြောသလောက်ပဲ၊ လှုပ်ရှားမှုတိုင်းကလည်း အလုပ်တာဝန်တစ်ရပ်ကို ကျေပြွန်အောင် ထမ်းဆောင်နေသလိုပဲ။ သူမ ရာသီလာနေတဲ့ အခါတွေမှာဆိုရင်တော့ လက်နဲ့ပဲ ပြီးအောင် လုပ်ပေးလေ့ရှိတယ်။ သွက်လက်ပြီး အလုပ်သဘောဆန်တဲ့ သူမရဲ့ ဟန်ပန်တွေကြောင့် သူမဟာ လိုင်စင်ရသူနာပြုတစ်ယောက်မှန်း ဟာဘရာ့ကို သတိပြုမိစေတယ်။
လိင်ဆက်ဆံပြီးတဲ့နောက်မှာတော့ အိပ်ယာပေါ်မှာ လှဲပြီး သူတို့ စကားပြောကြတယ်။ ပိုတိတိကျကျပြောရရင်တော့ သူမက ပြောပြီး သူက နားထောင်တာပဲ။ လိုအပ်တဲ့နေရာမှာ အလိုက်သင့်လေး စကားထောက်ပေးမယ်၊ အခြေအနေအရ မေးခွန်းမေးသင့်တဲ့နေရာ မေးမယ်။ တိုင်ကပ်နာရီက လေးနာရီခွဲ ဒင်ဆိုတာနဲ့ သူမက ပြောနေတဲ့ ဇာတ်လမ်းကို ဖြတ်ချလိုက်မယ်၊ (တစ်နည်းနည်းကြောင့်၊ အဲ့ဒီအချိန်ကလည်း ဇာတ်လမ်းရဲ့ အထွဋ်အထိပ်ရောက်နေတတ်တဲ့ အချိန်မျိုးပဲ) ကုတင်ပေါ်က ခုန်ချပြီး အ၀တ်အစားတွေကို လိုက်ကောက်မယ်၊ ပြီးတာနဲ့ အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်သွားတော့တယ်။ ညစာပြင်ပေးဖို့အတွက် အိမ်ပြန်ရတော့မယ်လို့ သူမက ပြောတယ်။
ဟာဘရာက သူမကို တံခါးဝအထိ လိုက်ပို့မယ်၊ ချိတ်ကိုပြန်တပ်ပြီးရင်၊ ချောက်ချက်ချောက်ချက် ကားပြာလေး အဝေးဆီမောင်းထွက်ထားတာကို လိုက်ကားကြားထဲကနေ သူ ကြည့်နေလိမ့်မယ်။ ညနေ ခြောက်နာရီမှာ ခပ်ရိုးရိုးညစာကို ပြင်ဆင်ပြီး သူ့ဘာသာ စားတယ်။ တစ်ချိန်တုန်းက စားဖိုမှူးလုပ်ခဲ့ဖူးလို့ ထမင်းတစ်ပွဲဖြစ်အောင် လုပ်ရတာ သူ့အတွက်တော့ သိပ်တော့အခက်အခဲမရှိဘူး။ ညစာနဲ့အတူ ဓာတ်ဆားရည်ကို သောက်ပြီး (အရက်ကိုတော့ သူက လက်ဖျားနဲ့မတို့ဘူး) ကော်ဖီတစ်ခွက်ဆက်သောက်တယ်။ ဒါကိုတော့ ဒီဗီဒီကြည့်ရင်းဖြစ်ဖြစ်၊ စာဖတ်ရင်းဖြစ်ဖြစ် တစိမ့်စိမ့်သောက်တာပဲ။ စာအုပ်ရှည်ရှည်တွေကို သူ သဘောကျလေ့ရှိတယ်၊ အထူးသဖြင့် နားလည်ဖို့ အကြိမ်ကြိမ်ပြန်ဖတ်ရတဲ့ ဟာမျိုးတွေ။ တခြားလုပ်စရာတော့ သိပ်မရှိလှဘူး။ စကားပြောဖော် တစ်ယောက်မျှမရှိ၊ တယ်လီဖုံးမရှိ၊ ကွန်ပြူတာမရှိ၊ အင်တာနက်ကြည့်စရာလည်း မရှိဘူး။ သတင်းစာလာမပို့သလို တယ်လီဗေးရှင်းကိုလည်း သူ ကြည့်လေ့မရှိဘူး။ (ဒီအတွက်တော့ အကြောင်းပြချက်ကောင်းကောင်းတစ်ခု ရှိပါတယ်) သူ အိမ်ပြင်ထွက်လို့မရဘူးလို့ တစ်ယောက်ယောက်က ပြောမထားပါပဲ ဒီအတိုင်းဖြစ်နေခဲ့တယ်။ အကြောင်းတစ်ခုခုကြောင့် ခီဟာရာဇာ အခုလို သူ့ဆီလာမနေနိုင်တော့ဘူးဆိုရင်၊ သူကတော့ လုံးလုံးစွန့်ပစ်ခံထားရတဲ့ တစ်ကိုယ်တည်းသမား ဖြစ်နေမှာပဲ။
ဒီအခြေအနေကိုတော့ ဟာဘရာက အရမ်းကြီး စိတ်မပူလှဘူး။ တကယ်တမ်း အဲ့ဒီလိုဖြစ်လာရင် ခက်ခဲလိမ့်မယ်ဆိုတာ သူသိတယ်၊ ဒါပေမဲ့လည်း တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ကျော်လွှားနိုင်သွားမှာပဲ။ ငါက ကန္တာရကျွန်းပေါ်မှာ သောင်တင်နေတာမှမဟုတ်တာ၊ အို မဟုတ်ဘူး၊ တကယ်တော့ ငါကိုယ်တိုင်က ကန္တရကျွန်းတစ်ခုပဲလို့ သူတွေးမိတယ်။ သူ့ဘာသာတစ်ယောက်တည်း ရှိနေရတဲ့အပေါ် သူ အမြဲတမ်း သက်တောင့်သက်သာရှိခဲ့တာပဲ။ သူ့ကို ထိခိုက်စေတာက တခြားမဟုတ်ဘူး၊ အိပ်ယာထဲမှာ ခီဟာရာဇာနဲ့ စကားပြောခွင့်မရတော့မှာကို တွေးမိလို့ပဲ။ ဒါမှမဟုတ် ပိုတိကျအောင်ပြောရရင်၊ သူမ နောက်ထပ်ပြောပြမယ့် အခန်းဆက်ပုံပြင်ကလေးကို မကြားရတော့မှာစိုးလို့ပဲ။
"အရင်ဘ၀တုန်းက ကျွန်မက ငါးရှဥ့်စုပ်ကပ်တစ်ကောင်ပေါ့" လို့ အိပ်ယာထဲမှာ အတူလဲလျောင်းရင်း တစ်ခါတော့ ခီဟာရာဇာက ပြောတယ်။ ပြောလိုက်တာကတော့ ရိုးရိုးရှင်းရှင်းပဲ၊ မြောက်ဝင်ရိုးစွန်းဟာ မြောက်ဘက် အစွန်ဆုံးမှာရှိတယ်လို့ ကြေငြာလိုက်သလို သာမန်ကာလျှံကာပဲ။ ဟာဘရာကတော့ စုပ်ကပ်ဆိုတာ ဘာနဲ့တူသလဲဆိုတာမပြောနဲ့ ဘာကောင်မှန်းကို စဉ်းစားမရဘူး။ ဒီတော့လည်း သူမပြောတဲ့ အကြောင်းကို ထင်မြင်ချက်တစ်ခုခု မပေးနိုင်ဘူး။
"စုပ်ကပ်ငါးက ဖားပြုပ်စားတယ်ဆိုတာရော ရှင်သိလား" လို့ သူမက မေးတယ်။
သူ မသိဘူး။ တကယ်တော့ စုပ်ကပ်ငါးက စားပြုပ်စားတယ်ဆိုတာ သူ ပထမဆုံး ကြားဖူးတာပဲ။
"စုပ်ကပ်တွေမှာ မေးရိုးမရှိဘူး။ ဒါကြောင့်ပဲ တခြားငါးရှဥ့်မျိုးစိတ်တွေနဲ့ ကွဲထွက်နေတာပေါ့"
"ဟင် ငါးရှဥ့်တွေမှာက မေးရိုးရှိတာလား"
"ငါးရှဥ့်ကို ရှင်ကောင်းကောင်း မမြင်ဖူးဘူးလား" လို့ သူမက အံ့သြတကြီးမေးတယ်။
"ငါးရှဥ့်ကို တစ်ခါတလေတော့ စားဖူးပါတယ်။ ဒါပေမဲ့ သူတို့မှာ မေးရိုးရှိ,မရှိ ကြည့်ရလောက်အောင်တော့ အခြေအနေမပေးဘူး"
"အင်း။ ဒါဆိုရင်လည်း တစ်ခါလောက် ကြည့်ကြည့်သင့်တယ်။ အဏ္ဏ၀ါပြတိုက်လို နေရာမျိုးတစ်ခုခုကို သွားပေါ့။ ပုံမှန်ငါးရှဥ့်တွေမှာတော့ သွားတွေပါတဲ့ မေးရိုးရှိတယ်။ ဒါပေမဲ့ စုပ်ကပ်တွေမှာတော့ စုပ်ခွက်ပဲပါတယ်။ မြစ်တွေ ရေကန်တွေရဲ့ အောက်ခြေက ကျောက်တုံးတွေမှာ သူတို့ကိုယ်ကို တွဲလျက်သား ကပ်နေအောင် စုပ်ထားနိုင်တဲ့ စုပ်ခွက်တွေပေါ့။ ပြီးရင်တော့ သူတို့က ရေထဲမှာ မျောနေရုံပဲ၊ အရှေ့အနောက်လွင့်မျောနေတဲ့ ရေမှော်ပင်တွေလိုပေါ့"
ရေကန်အောက်ခြေမှာ ရေမှော်ပင်တွေလို ယိမ်းထိုးနေတဲ့ စုပ်ကပ်ငါးအုပ်လိုက်ကြီးကို ဟာဘရာ မြင်ယောင်ကြည့်မိတယ်။ မြင်ကွင်းက တစ်နည်းနည်းနဲ့ အရှိတရားကနေ သွေဖည်နေသလိုပဲ။ ဒါပေမဲ့ အရှိတရားကိုယ်တိုင်ကလည်း သူသိသလောက် မကြာခဏဆိုသလို ဆိုးဆိုးရွားရွား စိတ်ကူးယဉ်ဆန်နေတတ်တာပဲ။
"စုပ်ကပ်တွေက ဒီအတိုင်းပဲ နေထိုင်ကြတယ်၊ ရေမှော်ပင်တွေကြားမှာ ပုန်းနေတတ်တယ်။ လဲလျောင်းရင်း စောင့်နေတာပေါ့။ ပြီး၊ ဖားပြုပ်တစ်ကောင် အပေါ်ကဖြတ်သွားပြီဆိုတာနဲ့ ဆတ်ခနဲ ထိုးပေါက်ပြီး သူ့စုပ်ခွက်နဲ့ ညှပ်လိုက်တော့တာပဲ။ သူ့စုပ်ခွက်ထဲမှာတော့ လျှာနဲ့တူတဲ့ သွားတွေရှိနေတယ်။ အဲဒီသွားတွေနဲ့ ဖားပြုပ်ရဲ့ ဗိုက်ကို မပေါက်မချင်း ရှေ့နောက်ပွတ်တိုက်တာ၊ တတိတိ စားလို့ရတဲ့အခြေအနေ ရောက်တဲ့အထိပဲ"
"ဒီလိုဆိုရင် ငါကတော့ ဖားပြုပ်မဖြစ်ချင်လောက်ဘူး" လို့ ဟာဘရာက ပြောလိုက်တယ်။
"ရောမခေတ်တုန်းကဆိုရင်တော့ စုပ်ကပ်တွေကို ရေကန်တွေထဲမှာ ထည့်မွေးကြတယ်။ ပြီးရင် ကလန်ကဆန်လုပ်တဲ့ ကျွန်တွေကို ရေကန်ထဲပစ်ချပြီး စုပ်ခွက်တွေက အရှင်လတ်လတ်စားတာခံခိုင်းတယ်"
ရောမကျွန်တစ်ယောက်လည်း သူမဖြစ်ချင်လောက်ဘူးလို့ ဟာဘရာ တွေးမိတယ်။
"စုပ်ခွက်ကို ကျွန်မ ပထမဆုံးစတွေ့ဖူးတာကတော့ မူလတန်းကျောင်းတုန်းက ငါးပြတိုက်ကို လေ့လာရေးခရီးသွားတုန်းကပဲ။ သူတို့ ဘယ်လိုနေထိုင်တယ်ဆိုတဲ့ အညွှန်းကို ဖတ်မိလိုက်တဲ့ခဏမှာပဲ အရင်ဘ၀တုန်းက ကျွန်မကိုယ်တိုင်ဟာ စုပ်ခွက်တစ်ကောင်ဖြစ်ခဲ့တယ်လို့ သိလိုက်ရတယ်။ ကျွန်မဆိုလိုတာက၊ ကျောက်တုံးတစ်တုံးပေါ်မှာ တွယ်ကပ်၊ ရေမှော်ပင်တွေကြားမှာ မမြင်သာအောင် လွင့်ဝဲပြီး ကျွန်မအပေါ်ကနေ ဖြတ်သွားမယ့် ဖားပြုပ်၀၀တစ်ကောင်ကို စောင့်မျှော်နေရတဲ့ အဖြစ်ကို အမှန်တကယ် သတိရလိုက်မိတာ" လို့ ခီဟာရာဇာက ပြောတယ်။
"သူတို့ကို စားတာကိုရော မှတ်မိသေးလား"
"ဟင့်အင်း။ မမှတ်မိဘူး"
"တော်သေးတာပေါ့။ ဒါပေမဲ့ စုပ်ကပ်ဘ၀အကြောင်း ခင်ဗျားမှတ်မိတာ ဒါအကုန်ပဲလား၊ မြစ်အောက်ခြေမှာ ဟိုဒီ ယိမ်းထိုးနေတာလောက်ပဲလား" လို့ ဟာဘရာက မေးတယ်။
"ရှေ့ဘ၀ဆိုတာက ရှင် ဒီအတိုင်းလေး ပြန်စဉ်းစားလိုက်လို့ ပေါ်လာနိုင်တာမျိုးမဟုတ်ဘူး။ ကံကောင်းပါမှ ဖျပ်ခနဲ တစ်ချက်လောက် ပြန်သတိရတတ်တာမျိုး။ နံရံပေါ်က အပေါက်သေးသေးလေးကို ဖျပ်ခနဲမြင်မိလိုက်သလိုပဲ။ ရှင်ရော ရှင့်ဘ၀ဟောင်းတစ်ခုခုအကြောင်း မှတ်မိလား"
"ဟင့်အင်း တစ်ခုမှမမှတ်မိဘူး" အမှန်အတိုင်းပြောရရင်တော့ ရှေ့ဘ၀ကို ပြန်လည်ပတ်ချင်တယ်လို့ သူဘယ်တုန်းကမှ မခံစားရဖူးပါဘူး။ လက်ရှိဘ၀နဲ့တင် လက်နဲ့မဆန့်မပြဲ သယ်နေရတာမဟုတ်လား။
"ဘာပဲဖြစ်ဖြစ် ရေကန်အောက်ခြေမှာတော့ အတော်လေး နေလို့ကောင်းသားပဲ။ ဇောက်ထိုးအနေအထားနဲ့ ကျွန်မ ပါးစပ်ကို ကျောက်တုံးတစ်တုံးပေါ်မှာ တင်းကြပ်နေအောင်ကပ်ထားပြီး အပေါ်က ဖြတ်သွားတဲ့ ငါးတွေကို ကြည့်နေမယ်။ တစ်ခါတုန်းကဆို အတော်ကိုကြီးတဲ့ လိပ်ကြီးတစ်ကောင်ကို ရိပ်ခနဲဖြတ်သွားတာ မြင်ခဲ့ရတယ်၊ ဧရာမအနက်ရောင်အရိပ်ကြီးတစ်ခု လွင့်နေသလိုမျိုး "စတားဝါးစ်" ထဲက မကောင်းဆိုးရွားအာကာသယာဉ်ပျံကြီးတစ်ခုလိုပေါ့။ နောက်တော့ နှုတ်သီးချွန်ချွန်ရှည်ရှည်တွေနဲ့ အဖြူရောင်ငှက်ကြီးတွေရောပဲ၊ အောက်ကနေကြည့်တော့ သူတို့ဟာ ကောင်းကင်မှာ လွင့်မျောနေတဲ့ တိမ်ဆိုင်ဖြူဖြူတွေလိုပဲ"
"အဲ့ဒါတွေအားလုံးကို ခင်ဗျား အခုရောမြင်နေရသေးတာလား"
"သိပ်ကိုရှင်းရှင်းလင်းလင်း မြင်ရတာပေါ့။ အလင်းရောင်၊ ရေစီးကြောင်း အားလုံးပဲ။ တစ်ခါတလေဆို အဲ့ဒီက စိတ်ကူးဆီကိုတောင် ပြန်သွားလို့ရသေးတယ်"
"အဲ့ဒီအချိန်တုန်းက ခင်ဗျားတွေးနေတဲ့ဆီကိုလား"
"အင်း"
"စုပ်ကပ်တွေက ဘာကိုများ တွေးကြမှာပါလိမ့်"
"စုပ်ကပ်ဆိုမှတော့ စုပ်ကပ်ဆန်ဆန်အတွေးတွေပဲပေါ့။ စုပ်ကပ်ဆန်တဲ့ အကြောင်းအရာအောက်က စုပ်ကပ်ဆန်တဲ့ ခေါင်းစဉ်တွေကို တွေးကြတာပေါ့။ အဲ့ဒီအတွေးတွေအတွက် စကားလုံးတွေတော့မရှိပါဘူး။ ရေအောက်ကမ္ဘာနဲ့ သက်ဆိုင်တဲ့အတွေးတွေပဲ။ ရှင့်အမေရဲ့ သားအိမ်ထဲမှာရှိနေတုန်းကလိုပဲ။ အဲဒီတုန်းကလည်း ကျွန်မတို့ တစ်ခုခုကို တွေးနေခဲ့ကြတာပဲ၊ ဒါပေမဲ့ အခု အပြင်မှာသုံးနေတဲ့ ဘာသာစကားနဲ့တော့ အဲ့ဒီအတွေးတွေကို တည်ဆောက်ပြလို့မရဘူး မဟုတ်လား"
"ခဏလောက် နေပါဦး။ ခင်ဗျားက သားအိမ်ထဲမှာနေတုန်းက ဘယ်လိုရှိတယ်ဆိုတာကို မှတ်မိနေတဲ့သဘောလား"
"ဒါပေါ့။ ရှင်က မမှတ်မိဘူးလား" လို့ ခီဟာရာဇာ့က ခေါင်းမော့ပြီး သူ့ရင်ဘတ်ကိုမော့ကြည့်ရင်း ပြောလိုက်တယ်။
"ဟင့်အင်း" သူဘယ်လိုလုပ်မှတ်မိမှာလဲ။
"ဒါဆိုရင် ကြုံလာတော့ ကျွန်မပြောပြမယ်။ သားအိမ်ထဲက ဘ၀ဟာ ဘယ်လိုလဲဆိုတာကို"
"ခီဟာရာဇာ့၊ စုပ်ခွက်၊ ဘ၀ဟောင်း" စတာတွေကတော့ အဲ့ဒီနေ့က ဟာဘရာ သူ့ဒိုင်ရာရီထဲ ရေးမှတ်ထားခဲ့တဲ့ စကားလုံးတွေပဲ။ တစ်ချိန်ချိန်မှာ တစ်စုံတစ်ယောက်ကများ သူ့ဒိုင်ယာရီကို မတော်တဆတွေ့ခဲ့ရင်တော့ ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ခန့်မှန်းမိလိမ့်မယ်လို့ သူ မထင်ဘူး။
လွန်ခဲ့တဲ့လေးလလောက်တုန်းက ပထမဆုံးအကြိမ်အဖြစ် ခီဟာရာဇာ့နဲ့ ဟာဘရာ စတွေ့ခဲ့တယ်။ တိုကျိုမြို့မြောက်ပိုင်း နယ်မြို့လေးတစ်ခုဆီကနေ သူ့အိမ်ကို ပြန်ပို့ခဲ့ကြတာ၊ သူမကိုတော့ သူ့အတွက် "ပြုစုရေးသံတမန်" အဖြစ် တာဝန်ပေးခဲ့တယ်။ အဲ့ဒီကတည်းပဲ သူလည်း အပြင်မထွက်နိုင်ခဲ့ဘူး။ သူမကပဲ သူလိုအပ်တဲ့ ပစ္စည်းနဲ့ အစားအစာတွေကို အပြင်က၀ယ်ပြီး သူ့အိမ်ဆီ ယူဆောင်ပေးရသူဖြစ်လာခဲ့တယ်။ သူဖတ်ချင်တဲ့စာအုပ်တွေ၊ နားထောင်ချင်တဲ့ စီဒီချပ်တွေကိုလည်း လိုက်ရှာပေးခဲ့ရတယ်။ ဒီ့အပြင်တော့ ဒီဗီဒီခွေအမျိုးမျိုးကို သူမက ရွေးချယ်ဝယ်ယူပေးတယ်၊ ဒီကိစ္စမှာတော့ သူမရဲ့ ဒီဗီဒီဆိုင်ရာ စံနှုန်းတွေကို ဟာဘရာလက်ခံနိုင်ဖို့ ခက်ခဲခဲ့ရတယ်။
သူ့အိမ်ကိုရောက်ပြီးလို့ တစ်ပတ်အကြာမှာတော့၊ မဖြစ်မနေ နောက်တစ်ဆင့်တက်လှမ်းရမယ့် ခြေလှမ်းတစ်ခုလိုပဲ ခီဟာရာဇာက သူ့အိပ်ယာပေါ် ရောက်လာခဲ့တယ်။ သူရောက်လာကတည်းက ကုတင်ဘေးက စားပွဲခုံအံဆွဲထဲမှာ ကွန်ဒွန်တွေ ရှိနေခဲ့ပြီးသား။ လိင်ကိစ္စ၊ ဒါမှမဟုတ်လည်း သူတို့သုံးတဲ့စကားလုံးအရ "ပြုစုရေးကိစ္စ" က သူမကိုပေးအပ်ထားတဲ့ တာဝန်တွေထဲက တစ်ခုလို့ပဲ ဟာဘရာယူဆခဲ့တယ်။ ဘယ်လိုစကားလုံးကိုပဲသုံးသုံး၊ သူမရဲ့ စေ့ဆော်မှုက ဘာပဲဖြစ်ပါစေ၊ သူကတော့ သူမရဲ့ ကမ်းလှမ်းချက်ကို အတုံ့အဆိုင်းမရှိဘဲ အလိုက်သင့်မျောပါခဲ့တာပဲ။
သူတို့ရဲ့ လိင်ကိစ္စက တာဝန်အရသက်သက်ရယ်လို့တော့ မဟုတ်ဘူး၊ ဒီလိုပဲ နှလုံးသားနဲ့ အပြည့်အ၀မြှုပ်နှံပြီး လုပ်တဲ့ ကိစ္စလည်းမဟုတ်ပြန်ဘူး။ အဆုံးစွန်ထိ စီးမြောနစ်ဝင်သွားတာမျိုးမဖြစ်ရအောင် သူမအနေနဲ့ သတိထားနေသလိုပဲ။ ကားမောင်သင်တဲ့ဆရာက ကားမောင်းရတာ သိပ်စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ သူ့တပည့်ကို မခံစားမိစေချင်တာနဲ့ ဆင်တယ်။ ရမ္မက်အပြည့်နဲ့ ချစ်တင်းနှောတယ်လို့ မခေါ်ဆိုနိုင်ပေမယ့် အလုပ်ကိစ္စချည်းသက်သက်ရယ်လို့လည်း ပြောမရပြန်ဘူး။ ဒီကိစ္စဟာ သူမရဲ့ တာဝန်တွေထဲက တစ်ခု (ဒါမှမဟုတ် အနည်းဆုံးတော့ လုပ်ပေးဖို့ သူမကို တိုက်တွန်းထားတာတွေထဲကတစ်ခု) ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ တစ်ချက်တစ်ချက်မှာတော့ သူမဆီက သာယာတဲ့အငွေ့အသက်လေးကို မသိမသာ တွေ့ရလေ့ရှိတယ်။ သူ့ကိုလည်း သာယာမှုပေးတဲ့၊ သူမကိုယ်ခန္ဓာဆီက သိမ်မွေ့သိုသိပ်တဲ့ တုံ့ပြန်မှုတစ်မျိုးကနေ ဒါကို ဟာဘရာ အကဲဖြတ်နိုင်တယ်။ တကယ်တော့ သူက ခြံခတ်ခံထားရတဲ့ တောရိုင်းတိရစ္ဆာန်တစ်ကောင်မှမဟုတ်တာ၊ ကိုယ်ပိုင်ခံစားချက်တွေ အပြည့်အ၀ တပ်ဆင်ထားတဲ့ သက်ရှိလူသားတစ်ဦးပဲ၊ ရုပ်ပိုင်းဆိုင်ရာပြေလျော့ဖို့ ရည်ရွယ်ချက်သက်သက် လိင်ဆက်ဆံရတယ်ဆိုရင် ကျေနပ်စရာဘယ်ဟုတ်လိမ့်မလဲ။ ဘာပဲဖြစ်ဖြစ်၊ ခီဟာရာဇာအနေနဲ့ ဘယ်အတိုင်းအတာအထိ ဒီကိစ္စကို တာဝန်တစ်ရပ်အနေနဲ့သတ်မှတ်တယ်၊ ဘယ်အတိုင်းအတာအထိ ပုဂ္ဂိုလ်ရေးခံစားချက် အ၀န်းအ၀ိုင်းထဲမှာ ထားတယ်ဆိုတာကိုတော့ သူ မဝေခွဲတတ်ဘူး။
ဒီအခြေအနေဟာ တခြားကိစ္စတွေမှာလည်း အတူတူပဲ။ မကြာခဏဆိုသလို ခီဟာရာဇာရဲ့ ခံစားချက်နဲ့ ရည်ရွယ်ချက်ကို ဖတ်နိုင်ဖို့ခက်တယ်ဆိုတာ ဟာဘရာ တွေ့ရတယ်။ ဥပမာပြောရရင် ချည်သားသက်သက်အောက်ခံဘောင်းဘီလေးတွေကိုပဲ အချိန်အတော်များများမှာ သူမ ၀တ်လေ့ရှိတယ်။ အသက်သုံးဆယ်ကျော်အိမ်ရှင်မတွေ အများအားဖြင့်ဝတ်လေ့ရှိတဲ့ အောက်ခံဘောင်းဘီမျိုးလို့ အကြမ်းဖျင်း ပြောရမလားပဲ၊ လက်တွေ့လိုက်ကြည့်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ တချို့နေ့တွေကျတော့ အရောင်တောက်တောက် ဇာအထပ်ထပ်ပိုးသားအောက်ခံဘောင်းဘီလေးတွေကို ၀တ်လာတာတွေ့ရပြန်ရော။ ဒီနှစ်ခုကြား ဘာလို့အပြောင်းအလဲဖြစ်နေရတာလဲ သူ မတွေးတတ်ဘူး။
သူ့ကိုပဟေဠိဖြစ်တဲ့ နောက်ထပ်တစ်ချက်ကတော့ သူတို့ ချစ်တင်းနှောတာနဲ့ သူမ ပုံပြောတဲ့ကိစ္စနှစ်ခုဟာ နီးနီးကပ်ကပ်ချိတ်ဆက်နေတာပဲ။ တစ်ခုက ဘယ်မှာဆုံးပြီး အခြားတစ်ခုက ဘယ်မှာစလဲဆိုတာကို သိနိုင်ဖို့ခက်တယ်။ ဒီလိုအဖြစ်မျိုး အရင်က တစ်ခါမှ သူ မခံစားဖူးဘူး။ သူမကို သူ မချစ်ပေမယ့်၊ လိင်ကိစ္စကလည်း အလိုက်အထိုက်လောက်ဆိုပေမယ့်၊ ရုပ်ပိုင်းဆိုင်ရာအရ သူမက သူ့ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားနိုင်တယ်။ ဒါတွေ အားလုံးက ခပ်ရှုပ်ရှုပ်လို့ပဲပြောရမယ်။
****
တေဇာ (လရောင်လမ်း)
Scheherazade by Haruki Murakami ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Translated from the Japanese by Ted Goossen
Source: The New Yorker

Harrah's Cherokee Casino & Hotel - JMH Hub
ReplyDeleteHarrah's Cherokee 광양 출장샵 Casino & 영천 출장마사지 Hotel · Amenities · Casino & Resort Fee · COVID-19 · Fitness Center 영천 출장마사지 · 대전광역 출장안마 Restaurants 광주 출장샵 · Casino · Resort Spa.