Skip to main content

မှော်ပုဇွန်လုံး

< ၁ >
ဂျယ်ရမီးက ကော်နီကျွန်းကလေးမှာ သူ့အဖေ၊ အမေနဲ့ အစ်မ ဆယ်လိုတို့နဲ့အတူ နေတယ်။ သူမွေးကတည်းက ပင်လယ်ရနံ့တွေကိုပဲ အသက်ရှူသွင်းခဲ့တယ်။ ကမ်းခြေမှာ လမ်းလျှောက်ရတာလောက် သူပိုပြီးနှစ်သက်တဲ့အရာ မရှိတော့ဘူး။

နေပူပူမိုးရွာရွာ ဂျယ်ရမီးတစ်ယောက်ကတော့ ပင်လယ်ကမ်းစပ်ကို ရောက်တာချည်းပဲ။ အဝေးက သင်္ဘောတွေကို ငေးကြည့်မယ်၊ လှိုင်းပုတ်သံတွေ၊ ဘောကွင်းတွေဆီက ခေါင်းလောင်းသံတွေနဲ့ ဖားအော်သံတွေကို နားထောင်မယ်၊ သူ့ ခြေထောက်ဆီက သဲပွင့်တွေရဲ့ အရသာကို ခံစားမယ်၊ ပြီးတော့ ရွက်လွှင့်နေရတဲ့အကြောင်း စိတ်ကူးယဉ်မယ်ပေါ့။ ကမ်းခြေမှာလမ်းလျှောက်တိုင်း သူ ဆာလောင်မှုကိုခံစားရတာချည်းပဲ၊ ဂျယ်ရမီးအကြိုက်အစားအစာကတော့ ငါးပေါ့။ ပင်လယ်ထဲက ထွက်လာတဲ့ ဘယ်အရာမကိုမဆို သူ ကြိုက်တာချည်းပါပဲ။

တစ်နေ့မှာတော့ ပင်လယ်ထဲ ရွက်တိုင်သုံးခုတပ် ရွက်လှေကြီးတစ်စင်း ဖြတ်သွားတာကို မြင်ခွင့်ရလိုက်ပြီး၊ ရေစပ်မှာ မြင်းခွာကဏန်းတစ်ကောင်လျှောက်သွားနေတာကို ထူးထူးခြားခြားကြုံတွေ့ရတဲ့ ပြီးပြည့်စုံတဲ့ လမ်းလျှောက်အပြန်မှာ သူ့အမေက သူ့အတွက် ပုဇွန်လုံးတွေ ၀ယ်ထားတာ တွေ့ပြီး ဂျယ်ရမီး ပျော်သွားတယ်။ ပုဇွန်လုံးတွေက မီးဖိုချောင်စားပွဲမှာ အရှင်တွေ၊ ခြေချောင်းတွေနဲ့ နှုတ်ခမ်းမွှေးတွေကို တွန့်လိမ့်နေကြတယ်။ ဂျယ်ရမီးက သူတို့ကို စစ်ဆေးလိုက်တယ်။ သူက အရမ်းဆာနေတော့ အကြီးဆုံးတစ်ကောင်ကို သူ့အတွက် ဝေစုရချင်တယ်။ အဲ့ဒီအထဲက တစ်ကောင်က တခြားအကောင်တွေထက် သိသိသာသာ ပိုကြီးတယ်။ အခွံတွေက အနက်ရောင်နီးပါးပဲ။ ဂျယ်ရမီးက အဲ့ဒီအကောင်ကို ကောက်ကိုင်လိုက်ပြီး သူ့ကို ကြောက်ကြောက်လန့်လန့်ကြည့်နေတဲ့ ပုဇွန်လုံးမျက်စိ သေးသေးဝိုင်းဝိုင်းလေးကို ကြည့်လိုက်တယ်။

"ဆရာသမားလေး။ ဒီအရှုပ်ထုပ်ထဲက လွတ်အောင် ကယ်ပေးပါလား။ မင်းအတွက် အလကားမဖြစ်စေရပါဘူး"
ဂျယ်ရမီး လန့်သွားပြီး ပုဇွန်လုံးကို လွတ်ကျတော့မလိုတောင်ဖြစ်သွားတယ်။
"စိတ်အေးအေးထား ကောင်လေး။ ဟိုနားက မိန်းမ၀၀ကြီးက ငါတို့ကို ကြည့်နေဦးမယ်"
"အဲ့ဒါ ကျွန်တော့် အမေဗျ" လို့ ဂျယ်ရမီးက ပြောလိုက်တယ်။
"အော်.. ဆောရီးကွာ။ ငါပြောတာ နားထောင်ဦး ဆရာသမား။ ခင်ဗျားလေးကြည့်ရတာ ဉာဏ်ကောင်းပုံရတယ်။ ခပ်မြန်မြန် စဉ်းစားစမ်းပါ။ ငါ့ကို ဒီက ဘယ်လိုကယ်မလဲဆိုတာ"
ဂျယ်ရမီးက ခပ်မြန်မြန်စဉ်းစားကြည့်လိုက်တယ်။ သူက ပုဇွန်လုံးကို ကြောင်လေးတစ်ကောင်လို ပွတ်သပ်ပေးပြီး မီးဖိုရှေ့က သူ့အမေဆီ ယူသွားတယ်။
"မေမေ။ ဒီကောင်လေးက သားတွေ့ဖူးသမျှ အလှဆုံး ပုဇွန်လုံးလေးပဲ။ သူ့ကို သား မွေးလို့ရမလား။ ညစာကိုတော့ သူ့အစား ဆာဒင်းငါးဆင်းဒွစ်ခ်ျပဲ သား စားမယ်လေ"
ဂျယ်ရမီးအမေက ငါ့သား အဆန်းပါလားဆိုတဲ့ အကြည့်နဲ့ကြည့်တယ်။ "သားပဲ ပုဇွန်လုံးကြိုက်တယ်ဆို။ မေမေက သားစားချင်လို့ပဲ ၀ယ်လာခဲ့တဲ့ဟာကို..."

< ၂ >
"သူ့ကို သား မွေးပါရစေ မေမေရယ်"
"ကဲ.. တကယ်မွေးချင်တယ်ဆိုရင်လည်း မွေးတော့"
"ကျေးဇူး မေမေ"
"ဟူးးး" လို့ ပုဇွန်လုံးက ရေရွတ်လိုက်တယ်။ "သီသီကလေးပါလား။ အိုးညစ်ပတ်ကြီးထဲက ရေနွေးတွေကလည်း ဆူတော့မှာ။ ဆရာသမားလေး၊ ခင်ဗျားကတော့ သိပ်တော်တာပဲကိုး။ ပြီးတော့ ဒီနေ့ဟာ ခင်ဗျားလေးအတွက် ကံကောင်းတဲ့ နေ့ပဲ၊ တကယ်တော့ ငါက မှော်ပုဇွန်လုံးလေ"
"တကယ်ကြီးလား"
"အမှန်ပေါ့။ လိုချင်တဲ့ ဆုတောင်းတွေ စဉ်းစားထားပေတော့"
"တကယ်ပေါ့"
"သေချာတာပေါ့။ ဒါပေမဲ့ ပထမဆုံး ငါလိုတာလေး တချို့တော့ ရှိတယ်။ ရေနည်းနည်း၊ ဆားငန်ရေပေါ့လေ၊ ပြီးတော့ သန့်သန့်ရှင်းရှင်း ပုံးတစ်ပုံး၊ ဒါမှလည်း ငါ အပြင်ကိုမြင်နိုင်မှာ။ ပြီးတော့ လာပါဦး ငါ့လက်သည်းတွေက ဒီ သားရေကွင်းတွေကို ဖြည်ပေးစမ်းပါဦး"
ဂျယ်ရမီးက အလောတော် ပလက်စတစ်ပုံး သန့်သန့်တစ်လုံးကို ရှာတွေ့တဲ့အချိန်မှာ တစ်အိမ်လုံးလည်း ရှုပ်ပွထသွားတယ်။ ပြီးတော့ အထဲကို ရေနဲ့ ပင်လယ်ဆားခပ်လိုက်ပြီး ပုဇွန်လုံးကို ထည့်လိုက်တယ်။
"အားးး.. ဟေ့ကောင်လေး။ ရေက အေးလှပါလား။ ရေနွေးနွေးလေး မြန်မြန်သွားရှာစမ်းပါဦး"
"ခင်ဗျားကတော့ ချေးထုပ်ပဲ။ ပုဇွန်လုံးတွေက ရေပူမကြိုက်ဘူးလို့ ကျွန်တော်က ထင်တာ"
"ရေပူလို့ မင်းကို ဘယ်သူကပြောတုံး။ ရေနွေးနွေးလို့ ပြောတာ ကောင်လေးရဲ့။ ဖလော်ရီဒါမှာ အနားယူနေသလိုမျိုးပြောတာ"
ဂျယ်ရမီးက ရေနွေးသွားခပ်လိုက်တယ်။ ပြီးတော့ သူများတွေ အိမ်လုပ်မယောနိ့စ်နဲ့ ပုဇွန်လုံးကို မြိန်ရည်ရှက်ရည် စားနေချိန်မှာ သူကတော့ ဆာဒင်းဆင်းဒွစ်ခ်ျနဲ့ပဲ ညစားကို ကျေနပ်လိုက်ရတယ်။
အဲ့ဒီည အိပ်ယာမ၀င်ခင်မှာတော့ ဂျယ်ရီမီးက ပလက်စတစ်ပုံးကို သူ့စားပွဲပေါ်ကို ယူလာတယ်။ ပုဇွန်လုံးကတော့ တရေးတမော အိပ်နေပုံရတယ်။
"ဒီမှာ၊ ကျွန်တော် ဆုတောင်းတစ်ခု စဉ်းစားလို့ရပြီ။ အဆင်ပြေမလားတော့ မသိဘူး"
"ဟမ်.. ၀ါးးးးး၊ အင်း ပြောစမ်းပါဦး။ မင်းက ဘာကို လိုချင်တာလဲ"
"ကျွန်တော် အမြဲတမ်းလိုချင်နေခဲ့တာကတော့ ရွက်သင်္ဘောတစ်စင်းပဲ။ သိပ်အကြီးကြီးတော့ မဟုတ်ဘူးပေါ့၊ ရွက်လှေပေါ့။ ပြီးရင် သူ့ကို အစိမ်းနဲ့ အနီရောင် ဆေးသုတ်မယ်၊ မြစိမ်းရောင်လင်းပိုင်လို့ နာမည်ပေးမယ်။ ရွက်လွှင့်ပြီးကမ္ဘာပတ်မယ်၊ တောင်ဝင်ရိုးစွန်းက နက္ခတ်တာရာတွေကို ကြည့်မယ်၊ မုန်တိုင်းကြီးတွေ၊ ဧရာမလှိုင်းလုံးကြီးတွေကို ကြည့်မယ်၊ ငါးတွေကို ဖမ်းမယ်၊ ကြိုးကွင်းတွေကို ပြင်မယ်၊ ဆေးမင်ကြောင်ထိုးမယ်၊ ဆေးတံသောက်မယ်၊ ပြီးတော့ အကော်ဒယံတီးမယ်"

< ၃ >
"၀ါးး ကောင်လေး။ ခပ်ရှင်းရှင်းလုပ်စမ်းပါ။ ဒီလိုလုပ်မယ်၊ မင်းက ရွက်လှေလိုချင်တာမဟုတ်လား။ ကောင်းပြီ။ အခု သွားအိပ်ပြီး အဲဒီရွက်လှေကို အိပ်မက်မက်ကြည့်။ ပြီးရင် ငါ့ကို နတ်ပကျွန်းဂြိုဟ်မင်းက ပေးအပ်ထားတဲ့ မှော်အစွမ်းနဲ့ မနက်ကျရင် ရွက်လှေတစ်စင်း ကမ်းခြေမှာ မင်းအတွက် အဆင်သင့်စောင့်နေအောင် ဖန်ဆင်းပေးမယ်။ မင်းပြောသလို အစိမ်းနဲ့ အနီစပ်ကြားပေါ့"

ဂျယ်ရမီးတစ်ယောက်တော့ တစ်ညလုံး သူ့ရဲ့ မြစိမ်းရောင်လင်းပိုင် ရွက်လှေကလေးကို အိပ်မက်မက်နေတော့တယ်။
မနက်မိုးလင်းလင်းချင်း ဂျယ်ရမီးလည်း ကမ်းခြေကို အပြေးအလွှားဆင်းလာခဲ့တယ်။ ရွက်တွေအသင့်တပ်ထားပြီး၊ တစ်ဖက်ကမ်းကို ခရီးနှင်ဖို့ အသင့်အနေအထားရှိနေတဲ့ ရွက်လှေအသစ်လေးတစ်စင်းကို တွေ့ရဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဒါပေမဲ့ သူတွေ့လိုက်ရတာကတော့ ဒီရေအကျမှာတင်ကျန်ခဲ့တဲ့ အညှိတက်နေတဲ့ ပလက်စတစ်ပုလင်းတွေနဲ့ သဲထဲနစ်နေတဲ့ ဂျယ်လီငါးအသေ တစ်ချို့ပဲ။

ကျောင်းကနေ အိမ်ကိုပြန်အရောက်မှာတော့ ဂျယ်ရမီးက ပုဇွန်လုံးနဲ့စကားပြောဖို့ ထိုင်လိုက်တယ်။
"အမှန်အတိုင်းပြောရရင်တော့ ကောင်လေးရေ၊ မင်းမနေ့ညက ငါ့ကို အစာကျွေးဖို့ မေ့ခဲ့တယ်မဟုတ်လား။ ဗိုက်ဟောင်းလောင်းနဲ့ ရွက်လှေကြီးတစ်စင်းလုံးကို ကိုယ်ထင်ပြခိုင်းရမယ်ဆိုတော့ မင်းစဉ်းစားသာကြည့်ဦး"
"အိုကေ အိုကေ။ တစ်နေရာမှာ ကျွန်တော်ဖတ်ဖူးတာကတော့ ပုဇွန်လုံးတွေဟာ ငါးသေးသေးလေးတွေ၊ ကမာကောင်လေးတွေနဲ့ ရေမှော်တွေကို စားကြတယ်တဲ့၊ အဲဒါအမှန်ပဲလား"
"မှန်တယ်ကောင်လေးရဲ့။ ပုံမှန်အားဖြင့်တော့ အဲဒီလိုအစားအသောက်တွေက အဆင်ပြေပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေကျတော့ ဟမ်ဘာဂါကောင်းကောင်းတစ်ခု၊ ကမာကြပ်တိုက်ကလေးတွေနဲ့ ဟင်းနုနယ်လေးတွေ ဖြူးထားတာမျိုး။ မင်းဖေဖေသောက်တဲ့အထဲက အကောင်းဆုံးဝီစကီလေး တစ်စက်နှစ်စက်ပါရင်တော့ ပိုကောင်းတာပေါ့။ ငါ့ရဲ့ မှော်အစွမ်းတွေ အမြင့်ဆုံးဖြစ်လာမှာ၊ ငါပြောတာ မင်းသဘောပေါက်ရဲ့လား"
"ဟုတ်ကဲ့ နားလည်ပါတယ်" လို့ ဂျယ်ရမီးက ပြန်ဖြေလိုက်တယ်။
ပုဇွန်လုံးပြောသမျှအကုန်လုံးပါအောင် ဂျယ်ရမီးက ညစာကိုပြင်ဆင်ပေးလိုက်ပြီး သူစားတာကို ထိုင်ကြည့်နေလိုက်တယ်။ ကြည့်လို့တော့ သိပ်မကောင်းပါဘူး။
"အား အရသာရှိလိုက်တာ။ ကဲ..မင်းလိုချင်နေတာ ဘာများလဲ ငါ့ကိုပြန်ပြောစမ်းပါဦး"
"ရွက်လှေလေ။ ရွက်တိုင်နှစ်ခုနဲ့ အစိမ်းနဲ့အနီစပ်ကြား"
"အော် ဟုတ်သားပဲ။ နားထောင် ကောင်လေး။ ဒီထက်ပိုသေးတဲ့ တစ်ခုခုနဲ့ စကြည့်ပါလား။ ငါလည်း မှော်အစွမ်းကို မသုံးဖြစ်တာတောင် တော်တော်ကြာပေါ့"
"ဒါဆို ရေကြောင်းပြကိရိယာဆိုရင်ရော"
"ရေကြောင်း ဘာဖြစ်တယ်.."

< ၄ >
"ကိုယ်ရောက်နေတဲ့နေရာကို တိုင်းတဲ့ ကိရိယာလေ၊ ကြေးနဲ့လုပ်ထားတာ။ မှန်ဘီလူးလေးတွေနဲ့ ရိုးရိုးမှန်တစ်ချပ်ပါတယ်။ မွန်းတည့်ချိန်မှာ နေရဲ့ထောင့်မှန်ကို တိုင်းဖို့၊ ညဖက်ဆိုရင်တော့ ကြယ်တွေအတွက်ပေါ့။ စာကြည့်တိုက်ကနေ ရေကြောင်းပြကိရိယာ အသုံးပြုပုံကို ကျွန်တော်ဖတ်ဖူးတယ်။ ဒါပေမဲ့ ဈေးကြီးလို့ ကျွန်တော့် မိဘတွေက ၀ယ်ပေးနိုင်မယ်မထင်ဘူး"
"မင်းပြောတဲ့ အဲ့ဒီရေကြောင်းပြဆိုတာကြီးက ဘယ်လောက်ကြီးတုံး"
"ရေကြောင်းပြကိရိယာပါ။ သိပ်မကြီးဘူး။ ကင်မရာလောက်ပဲ ရှိမယ်ထင်တယ်"
"ကောင်းပြီလေ။ ရပြီလို့ မှတ်လိုက်တော့။ အခုတော့ မျက်လုံးခဏလောက် ပိတ်ဦးမှ။ မင်းရဲ့ ရေကြောင်းပြကြီးကို အိပ်မက်မက်ဖို့ မမေ့နဲ့။ မင်း နိုးလာတာနဲ့ ဒီမှာ ရောက်နေစေရမယ်။ ပြောင်ပြောင်လက်လက် အသစ်စက်စက်"

မနက်ကျတော့ ဂျယ်ရမီးလည်း စိတ်လှုပ်ရှားမှုတစ်ဝက် စိုးရိမ်စိတ်တစ်ဝက်နဲ့ နိုးလာတယ်။ သူ့ရဲ့ အသစ်စက်စက် ရေကြောင်းပြကိရိယာနဲ့ ကမ်းခြေကိုသွားပြီး နေကို ဖတ်ဖို့အတွက်ပေါ့။ ဒါပေမဲ့ သူ့ကိရိယာကို ဘယ်မှာမှ ရှာမတွေ့ပါဘူး။ သူက ပုဇွန်လုံးရဲ့ ပုံးကို ခေါက်ပြီး နှိုးလိုက်တယ်။ "ဟေ့.. ဘယ်မှာတုံးဗျ"
"ဘာကို ဘယ်မှာတုံးလို့ မေးတာလဲ ကောင်လေး။ အိပ်ရေးပျက်လိုက်တာကွာ"
"ကျွန်တော်တောင်းထားတဲ့ ရေကြောင်းပြကိရိယာလေ"
"အော် ဒါလား။ ငါ တကယ်ကို အပြင်းအထန် ကြိုးစားပါသေးတယ်။ ဒါပေမဲ့ ငါ့မှော်အစွမ်းကို သုံးလို့မရဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့မှာ အထီးကျန်လွန်းနေတာကိုး"
"ပုဇွန်လုံးတွေက အထီးကျန်တတ်တယ်ဆိုတာ ကျွန်တော်လည်း မသိရပါလား"
"ကျန်တတ်ပြီလားကွာ၊ တခြားလူတွေလိုပဲပေါ့။ ဒီမှာ.. မင်းလုပ်ရမှာက၊ ဒီအနီးအနားမှာ ငါးဆိုင်တစ်ဆိုင်လောက် ရှိတယ်မဟုတ်လား။ အဲဒီကိုသွား၊ အဲဒီက ဆိုင်ရှင်ကြီးကို သူဖမ်းမိတဲ့အထဲက အချောဆုံးအလှဆုံး ပုဇွန်လုံးလေးတစ်ကောင်ကို လိုချင်တယ်လို့ပြော၊ အမ ဖြစ်ပလေ့စေနော်။ အလေးချိန် ၂ ပေါင်၊ ခြေထောက်ရှည်ရှည်၊ ယပ်တောင်လို အမြီးကော့ကော့၊ သားရေကွင်းပတ်ထားတဲ့ လက်သည်းမြမြလေးတွေနဲ့။ ကြားရဲ့လား ကောင်လေး"
"ကျွန်တော် မှတ်မိပါတယ်"

ဒီလိုနဲ့ ဂျယ်ရမီလေးလည်း သူ့ရဲ့ ၀က်စုဗူးလေးကို ဖွင့်လိုက်ရတယ်။ သူစုထားတဲ့ ပိုက်ဆံလေးနဲ့ အကြေးခွံအပြာရောင် ပုဇွန်လုံးအမလေးတစ်ကောင်ကို ၀ယ်လိုက်ရတယ်။ တံငါသည်ကြီးအပြောအရတော့ တစ်ဆိုင်လုံးမှာ အလှဆုံးပုဇွန်လုံးကလေးပဲ။ မှော်ပုဇွန်လုံးကတော့ ကောင်မလေးကို အတော်လေး ကျေနပ်သဘောကျပုံရတယ်။ သူ့ရဲ့ ပြောင်ပြောင်လက်လက် မျက်လုံးနဲ့ မျက်စပစ်တယ်၊ သူ့လက်သည်းတွေကို တဖျပ်ဖျပ်ကုပ်တယ်၊ သူ့နှုတ်ခမ်းမွှေးကို ကျောပေါ်မှာ ဟန်ကျပန်ချ ချထားတယ်။

< ၅ >
"အားပါးပါး။ တော်လိုက်တဲ့ ကောင်လေး။ ချစ်စရာကောင်းလိုက်တာကွာ။ သူ့ကို ငါ့အထဲ ပစ်ချလိုက်၊ ပြီးရင် ငါတို့စားဖို့ တစ်ခုခုသွားယူပါဦး"
"ပြီးရင် ကျွန်တော့်အတွက် ရေကြောင်းပြကိရိယာလုပ်ပေးမှာလား"
"ကဲ အဲဒီအကြောင်းပြောရအောင်။ မင်းပြောတဲ့ ရေကြောင်းပြ ကိရိယာဆိုတာက ရှုပ်လွန်းတယ်။ ငါ့မှာ မျက်စိထဲ ဘယ်လိုပုံဖော်ရမယ်ဆိုတာတောင် မသိဘူး။ ဒီထက်ပိုပြီး ရိုးရှင်းတာတစ်ခုခု လိုချင်ပါလားကွာ"
"ကောင်းပြီလေ ဒါဆို သင်္ဘောသုံးဝီစီဆိုရင်ရော။ လည်ပင်းမှာဆွဲထားလို့ရတာမျိုးပေါ့။ ၀ီစီလေးရှိရင် အနည်းဆုံးတော့ ကျွန်တော်က ရွက်လှေပေါ်မှာရောက်နေတယ်လို့ စိတ်ကူးနဲ့ ကမ္ဘာပတ်ခရီးထွက်တမ်း ကစားလို့ရတာပေါ့။ အဲ့ဒါကိုရော ခင်ဗျားလုပ်ပေးလို့ ဖြစ်မှာလား"
"သေချာတာပေါ့ကွာ။ သင်္ဘောဝီစီမဟုတ်လား။ ဒီထက်ပိုပြီး ရှင်းတာမရှိတော့ဘူး။ အခုလောလောဆယ်တော့ မင်း ခဏရှောင်ပေးဦး။ ငါနဲ့ ဒီက ချောချောလှလှ အမျိုးသမီးလေးနဲ့ မိတ်ဖွဲ့ရဦးမယ်"
ပုဇွန်လုံးပုံးဆီက ထွက်လာတဲ့ ထူးဆန်းတဲ့ ဆူညံသံတွေကြောင့် ဂျယ်ရမီး အဲဒီတစ်ညလုံး ခဏခဏ လန့်နိုးနေရတယ်။ မနက်ရောက်တော့လည်း သင်္ဘောဝီစီကို အစအနတောင် မတွေ့ပါဘူး။
ဂျယ်ရမီး ဒေါသထွက်လာတယ်။ "ဟေ့လူ ကျွန်တော်လိုချင်တဲ့ ၀ီစီက ဘယ်မှာလဲ။ ခင်ဗျားပြောတော့ အဲဒါက လွယ်တယ်ဆို။ ခင်ဗျားက မှော်ပုဇွန်လုံးဆိုတာရော သေချာရဲ့လား"
"အာ.. ဟုတ်ပါတယ် ကောင်လေးရ။ ငါက မှော်ပုဇွန်လုံးပါ။ ငါ မင်းကို ပြောဖို့ မေ့သွားတာ။ ငါ အ၀တ်အစားတချို့လိုတယ်သိလား။ ပိုးသားဦးထုပ်နဲ့ အနက်ရောင်ကြိမ်လုံးနဲ့ ထိပ်ဖျားမှာ အဖြူရောင်ခလုပ်လေးပါပါစေနော်၊ ဒါမှ မှော်ကြိမ်လုံးအနေနဲ့ ငါ သုံးလို့ရမှာ။ ၀တ်စုံမရှိပဲနဲ့ မင်းက ငါ့ကို ဘာတွေများ ဖန်ဆင်းနိုင်မယ်ထင်နေရတာတုံး။ ပြီးတော့ ဟောဒီက ငါ့ရည်းစားအသစ်လေးရှေ့မှာ စမတ်ကျဖို့လည်း လိုသေးတာ"
ဂျယ်ရမီးက သူ့ ဂျက်ကတ်ကို ၀တ်လိုက်တယ်။ ပြီးတော့ မှော်ပုဇွန်လုံးကို ပုံးထဲကနေ ဆွဲထုတ်ပြီး ကမ်းခြေဘက် ထွက်လာခဲ့လိုက်တယ်။
"ကောင်လေး။ မင်းဘယ်ကို သွားနေတာလဲ။ စိတ်ဆိုးသွားတာလား။ ငါ ဒီထက်ပိုပြီး ကြိုးစားကြည့်ပါဦးမယ်ကွာ၊ ဘုရားစူး။ စားသောက်ဆိုင်မှာ ငါ့ကို သွားရောင်းတော့မလို့လား"
ဂျယ်ရမီးက ပြန်မဖြေဘူး။ ကမ်းခြေကို ဆင်းလာပြီး ဆိပ်ခံတံတားရှည်ရှည်ပေါ်ကို ဆက်လျှောက်လာလိုက်တယ်။ ပုဇွန်လုံးက ကြောက်ရွံ့မှုကြောင့် တုန်တုန်ရီရီဖြစ်လာတယ်။
"ကောင်လေး။ မင်း ဘာလုပ်မလို့လဲ"

< ၆ >
"ခင်ဗျားနဲ့ သက်ဆိုင်တဲ့ နေရာကို ပြန်ပစ်ထုတ်တော့မလို့ပေါ့။ ခင်ဗျားက မှော်ပုဇွန်လုံးမှမဟုတ်ပဲ"
"အား အဲဒီလိုတော့ မလုပ်ပါနဲ့ ကောင်လေးရယ်။ အပြင်မှာ သတ်နေကြတယ်။ တခြားငါးတွေကလည်း ငါ့ကို စားဖို့လိုက်ဖမ်းနေကြတာ၊ တံငါသည်တွေက ငါ့ကို ဖမ်းဖို့ ထောင်ခြောက်ဆင်နေကြတာ။ အေးလည်းအေးတယ်၊ ပြီးတော့ မှောင်မဲနေတာပဲ။ အစာရှာရတာလည်း အရမ်းခက်တယ်။ ပြီးတော့ ငါက မှော်အစွမ်း ထက်တယ်လေ။ ငါက စကားပြောတတ်တယ်လေ၊ မဟုတ်ဘူးလား"
"ဒါပေါ့ ခင်ဗျားစကားပြောတတ်ပါတယ်။ ဒါပေမဲ့ မုသားပဲပြောတတ်တဲ့ ပါးစပ်ပေါက်ကြီးပဲ"
ဂျယ်ရမီးက ပုဇွန်လုံးကို အဝေးဆုံးရောက်အောင် အားကုန် ပစ်ထုတ်လိုက်တယ်။ လေထဲမှာ လက်သည်းတွေကို ဝှေ့ယမ်းနေရင်း ရေထဲကို ပွက်ခနဲကျပြီး ပျောက်ကွယ်သွားတော့တယ်။ ပလုံစီနေတဲ့ အမြှုပ်ကလေးတချို့ ရေမျက်နှာပြင်ပေါ် တက်လာတယ်။

ဂျယ်ရမီးက ပုဇွန်လုံးအမလေးကို ဆက်မွေးထားလိုက်တယ်။ သူ့ရဲ့ တောက်ပတဲ့ အပြာရောင်အကြေးခွံတွေက မိုးလေကင်းစင်တဲ့နေ့ရဲ့ ပင်လယ်ပြင်ကို ဂျယ်ရမီးကို အမှတ်ရစေတယ်။ ပြီးတော့ သူ့ကြည့်ရတာ မှော်ပုဇွန်လုံးကိုလည်း သိပ်လွမ်းနေပုံမရဘူး။


တေဇာ (လရောင်လမ်း)
Geremy and Magic Lobster by Matthew Licht ကို ဆီလျော်သလို။
Source: East of the Web

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ