ကျွန်တော့်အိမ်ကပ်လျက်က ကော်ဖီဆိုင်မှာ ချစ်စရာကောင်းတဲ့ စားပွဲထိုးမလေးတစ်ယောက်ရှိတယ်။ အဲဒီက စားဖိုခန်းမှာလုပ်တဲ့ ဘန်နီရဲ့ အပြောအရ သူ့နာမည်က "ဆစ်ခ်မာ"။ ဘဲမရှိဘူး၊ ပြီးတော့ ဆေးလေးဝါးလေးလည်း သုံးစွဲတတ်တယ် ဆိုပဲ။ ကော်ဖီဆိုင်မှာ သူ စားပွဲထိုးမလုပ်ခင်တုန်းက ကျွန်တော် အဲဒီဆိုင်ကို ယောင်လို့တောင် မရောက်ဖူးဘူး။ အခုတော့ မနက်မိုးလင်းတာနဲ့ အဲဒီက စားပွဲတစ်ခုမှာ ကျွန်တော်အခန့်သားထိုင်နေတာကို တွေ့ရပါလိမ့်မယ်။ အက်ပရက်ဆို သောက်မယ်။ သတင်းစာထဲ ကျွန်တော်လျှောက်ဖတ်ထားတဲ့အကြောင်းတွေ၊ အခြား ဆိုင်လာထိုင်သူတွေရဲ့အကြောင်း၊ ကွတ်ကီးမုန့်အကြောင်း စသည်ဖြင့် သူနဲ့ စကားစမြည်ပြောမယ်။ တစ်ခါတလေဆို သူ့ကို ရယ်သွားအောင်တောင် ကျွန်တော် လုပ်နိုင်သေးတယ်။ သူရယ်တဲ့အခါကျ ကျွန်တော်လည်း နေလို့ထိုင်လို့ကောင်းတယ်။ ရုပ်ရှင်သွားကြည့်ကြမလားလို့ သူ့ကို ကျွန်တော် ဖိတ်ခေါ်မိလုနီးနီးဖြစ်သွားတာ မကြာခဏပဲ။ ဒါပေမယ့် ရုပ်ရှင်ကြည့်ဖို့ခေါ်တယ်ဆိုတာက ဗြောင်ကျလွန်းတယ်။ ရုပ်ရှင်ဆိုတာ ညစာစားဖို့၊ ဒါမှမဟုတ် ကမ်းခြေမှာတစ်ပတ်လောက် အချိန်သွားဖြုန်းဖို့ မဖိတ်ခင် အစပြုရမယ့် ခြေလှမ်းပဲ။ စော်တစ်ပွေကို ရုပ်ရှင်ကြည့်ဖို့ ဖိတ်ခေါ်ပြီဆိုကတည်းက တစ်ခုပဲ ဖြစ်နိုင်တယ်။ "နင့်ကိုငါ လိုချင်တယ်" လို့ ပြောလိုက်တာပဲ။ တကယ်လို့ ကောင်မလေးက စိတ်မ၀င်စားလို့ ငြင်းလိုက်ပြီဆိုပါစို့၊ အရာအားလုံး မအီမလည်နဲ့ ပြီးဆုံးသွားပြီပဲ။ ဒီလိုအကြောင်းရင်းကရှိနေတော့ မာရှီဆွဲဖို့ ညှိတာက ကျွန်တော့်အတွက် ပိုကောင်းသလို ဖြစ်နေတယ်။ လွန်ရောကျွံရော "ငါမကြိုက်ဘူး" လို့ပဲ တုံ့ပြန်ခံရမယ်။ အဲဒီကျရင် ကျွန်တော်က ငကွဲတွေအကြောင်း စပါးရောဖွဲရော ဟာသတစ်ခုခု ပြောမယ်၊ နောက်ထပ် အက်ပရက်ဆိုတစ်ခွက် ထပ်မှာပြီး နောက်ထပ်ခေါင်းစဉ်တစ်ခုကို ပြောင်းပြောရုံပဲ။
ဒါကြောင့်ပဲ အေဗရီကို ကျွန်တော် ဖုန်းခေါ်လိုက်တယ်။ အေဗရီကတော့ အထက်တန်းကျောင်းသားဘ၀တုန်းက အတန်းထဲမှာ ဆေးလိပ်အသောက်ဆုံးကောင်ပဲ။ ဒီကောင်နဲ့ နောက်ဆုံးစကားပြောဖြစ်ခဲ့တာက နှစ်နှစ်ကျော်ပြီ။ ဖုန်းခေါ်နေတုန်း သူ့ကိုပြောရမယ့် စကားကို ကျွန်တော် ကြိုတင်စဉ်းစားနေလိုက်တယ်။ မာရှီအကြောင်းမပြောခင် ဒီကောင့်ကို ဖှောရှောလုပ်စရာတစ်ခုကို ရှာဖွေနေလိုက်တယ်။ ဒါပေမဲ့ သားကြီးအခြေအနေဘယ်လိုလဲလို့ ကျွန်တော်ပြောပြီးတာနဲ့ ဒီကောင်က စ,လွှတ်တယ်။ "ခမ်းနေတယ်ကွာ။ ဆီးရီးယားမှာ ရှော့ခ်တိုက်နေလို့ လက်ဘနွန်နယ်စပ်ကို ပိတ်လိုက်တယ်။ ပြီးတော့ စောက်တလွဲ အယ်ကိုင်းဒါးတွေလုပ်လို့ အီဂျစ်နယ်စပ်ကိုလည်း ပိတ်လိုက်ပြီ။ ရှူစရာဘာမှမရှိတော့ဘူး သားကြီး။ ငါတော့ ပျားတုပ်နေပြီ" လို့ သူက ပြောတယ်။ တခြားရော အခြေအနေဘာထူးသေးလဲလို့ ကျွန်တော်က မေးတော့ ဒီကောင်က တောင်ရောက်မြောက်ရောက်တွေ လျှောက်ဖြေနေတယ်၊ ကျွန်တော်စိတ်မ၀င်စားမှန်း သိသိနဲ့။ သူ့ကောင်မလေး ကိုယ်ဝန်ရပြီး၊ သူတို့နှစ်ယောက်လုံးကလည်း ကလေးကို လိုချင်တယ်၊ ဒါပေမဲ့ သူ့ကောင်မလေးရဲ့ မုဆိုးမအမေကြီးက မင်္ဂလာဆောင်စေချင်တဲ့အပြင် ထုံးတမ်းဓလေ့အရလည်း ခမ်းခမ်းနားနားပွဲတစ်ခု လုပ်ပေးစေချင်တယ်။ သေသွားတဲ့ သူတို့အဖေကြီးသာ အသက်ရှိနေရင် ဒါမျိုးကို မြင်ချင်မှာမို့လို့တဲ့။ ဒီလိုမျိုး ဆင်ခြေတွေကို တောင့်ခံထားစမ်းပါ။ မင်းဘာလုပ်နိုင်မှာမို့လို့လဲ။ သေသွားတဲ့ သူ့အဖိုးကြီးကို မြေကလော်စက်နဲ့တူးပြီး မေးနိုင်မှာမို့လို့လားလို့ ကျွန်တော်လည်း လျှောက်ပြောရတယ်။
အေဗရီနဲ့ စကားပြောနေတဲ့တစ်ချိန်လုံး ကျွန်တော်က ဒီကောင့်ကို အားလုံးအေးဆေးပါလို့ ပြောရင်း သူ စိတ်ပေါ့သွားအောင် လုပ်နေမိတယ်။ တကယ်လည်း ကျွန်တော့်အတွက်တော့ သူ မိန်းမဘယ်လိုယူယူ ဘာအရေးပါလို့လဲ။ ဒီနိုင်ငံက သူ အပြီးထွက်သွားပြီး လိင်ပြောင်းလိုက်ဦး၊ ကျွန်တော်ကတော့ ရူးချင်ယောင်ဆောင်နေရုံပဲ။ ကျွန်တော့်အတွက် အရေးကြီးတာက ဆစ်ခ်မာအတွက် "အညွန့်" ရဖို့တစ်ခုတည်းပဲ။ "သားကြီး။ တစ်နေရာရာ၊ တစ်ယောက်ယောက်ဆီမှာ မင်း ဖန်လို့ရတယ်မဟုတ်လား။ ငါ ကောင်းချင်လို့ မဟုတ်ပါဘူး။ ငါ လိုက်နေတဲ့ ကောင်မလေးတစ်ယောက်အတွက်။ သူငါ့ကို နည်းနည်းလေးစားသွားအောင် လုပ်ချင်လို့"
"ခမ်းနေတယ်။ ငါ တကယ်ပြောတာ။ ချီးထုပ်တွေလို ငါတောင် 'အင်' တွေ စသောက်နေရတယ်" လို့ အေဗရီက ထပ်ပြောတယ်။
" သောက်တလွဲ 'အင်' တွေတော့ ငါသူ့ကို မပေးနိုင်ဘူး။ သိက္ခာကျတယ်" လို့ ကျွန်တော်က သူ့ကို ပြောလိုက်တယ်။
"အေးပါ၊ ငါသိပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ဆေးခြောက်နဲ့တူတာ ဘာမှ မရှိဘူး" လို့ လိုင်းရဲ့ အခြားတစ်ဖက်ကနေ ဒီကောင်က ညည်းပြတယ်။
နောက်နှစ်ရက်လောက်ကြာတော့ မနက်စောစော အေဗရီက ကျွန်တော့်ဆီ ဖုန်းခေါ်တယ်။ ပစ္စည်းဖန်လို့ ရချင်ရနိုင်တယ်လို့ ကျွန်တော့်ကို ပြောတယ်။ ဒါပေမဲ့ ဇယားတော့ ရှိတယ်တဲ့။ ဘယ်လောက်မြောက်မြောက် ပေးမယ်ကွာလို့ ကျွန်တော်က သူ့ကိုပြောလိုက်တယ်။ ကျွန်တော့်အတွက်တော့ ဒီတစ်ခါပဲ ရင်းရမှာလေ၊ တစ်ဂရမ်လောက်ဆိုရင်ပဲ လုံလောက်ပြီ။ "ငါပြောတာက ဈေးမြောက်တယ်လို့ ပြောတာမဟုတ်ဘူး။ 'ဇယားရှိတယ်' လို့ ပြောတာ" ဒီကောင်က စိတ်တိုသွားတဲ့အသံနဲ့ ပြောတယ်။ "ကာလယ်ဘတ်ခ်ျလမ်းမှာ နောက်မိနစ်လေးဆယ်နေရင် တွေ့မယ်၊ ငါ မင်းကို ရှင်းပြမယ်" လို့ပြောတယ်။
"ဇယားရှိတယ်" ဆိုတာက အခုလောလောဆယ်မှာ ကျွန်တော်လိုချင်နေတဲ့ဟာ မဟုတ်ဘူး။ ကျောင်းအတူတက်တုန်းက အတွေ့အကြုံအရပြောရရင် အေဗရီရဲ့ "ဇယား" ဟာ တကယ်ကို ဇယားရှုပ်တဲ့ကိစ္စတွေကို ပြောတာ။ ကျွန်တော့်အတွက်ပြောရရင်တော့၊ ကျွန်တော်က ဆေးခြောက်လေးနည်းနည်းလိုတယ်၊ ကျွန်တော့်ဟာသတွေကို ရယ်တတ်တဲ့ စော်လှလှလေးတစ်ပွေနဲ့ အတူသောက်ဖို့ပဲ။ အခုလောလောဆယ်မှာ ၀ရမ်းပြေးလိုကောင်တွေနဲ့၊ ဒါမှမဟုတ်လည်း ကာလယ်ဘတ်ခ်ျလမ်းမှာနေတဲ့ ဘာကောင်ပဲဖြစ်ဖြစ်၊ သွားပတ်သက်ဖို့ ကျွန်တော့်ခေါင်းထဲမှာ အစီအစဉ်မရှိဘူး။ ဖုန်းထဲက ကြားရတဲ့ အေဗရီအသံက ကျွန်တော့်စိတ်ကို လေးလံသွားစေတယ်၊ ပြီးတော့ သူက "ဇယား" ဆိုတဲ့ စကားလုံးကိုလည်း နှစ်ခါတောင် ပြောခဲ့တာ။
သူပြောတဲ့လိပ်စာကို ကျွန်တော်ရောက်တော့ အေဗရီက ဦးထုပ်ဆောင်းလျက်သားပဲ သူ့ စကူတာပေါ်မှာ စောင့်နေတယ်။ "ငါတို့ အခုသွားတွေ့မယ့် ဘဲက ရှေ့နေ။ ငါ့ မိန်းကလေးဘော်ဒါတစ်ယောက်က သူ့အိမ်မှာ တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်တယ်။ ဒါပေမဲ့ ရေအတွက်အဟုတ်ဘူးနော်။ ဆေးဖြစ်ဝါးဖြစ်သုံးဖို့ မာရှီလိုလို့ လုပ်တာ။ ဒီဘဲက တော်တော်ဆိုးတဲ့ ကင်ဆာတစ်မျိုး ဖြစ်နေတယ်။ ဘာလဲတော့ သေချာမသိဘူး။ ဒါကြောင့် တစ်လကို ဂရမ် (၄၀) လောက် ဆေးစာရတယ်။ ဒါပေမဲ့ သူကိုယ်တိုင် မသောက်နိုင်ဘူး။ ငါက ငါ့ဘော်ဒါကောင်မလေးကို နည်းနည်းလောက်မျှလို့ရမလားလို့ မေးကြည့်ပေးပါလားဆိုတော့ ဒီဘဲက ညှိကြည့်တာပေါ့လို့ ပြန်ပြောတယ်။ ဒါပေမဲ့ လူနှစ်ယောက်တော့ အတူတူလာခဲ့လို့ ပြောတယ်။ ဘာကြောင့် နှစ်ယောက်လာခိုင်းလဲ ငါလည်းမသိဘူး။ အဲဒါနဲ့ ငါ မင်းဆီ ဖုန်းဆက်လိုက်တာ"
"အေဗရီ။ ငါ မင်းဆီ ဖုန်းဆက်တာ အရွက်လေးနည်းနည်းလိုချင်လို့နော်။ မင်းလည်း တစ်ခါမှမတွေ့ဖူးတဲ့ ရှေ့နေတစ်ယောက်ဆီမှာ မူးယစ်ဖောက်ကား လုပ်ချင်လို့ လာတာမဟုတ်ဘူး" လို့ ကျွန်တော်က သူ့ကို ပြောလိုက်တယ်။
"ဒါ မူးယစ်ဖောက်ကားတာ မဟုတ်ဘူး။ မင်းနဲ့ငါနဲ့ နှစ်ယောက်ကို သူ့အိမ်ခဏ၀င်ပြီး စကားပြောကြည့်ဖို့ပဲ ဒီဘဲက ဖိတ်တာလေ။ ငါတို့နဲ့ ကီးမကိုက်တာတစ်ခုခု ပြောရင် နှုတ်ဆက်ပြီး အဆက်အသွယ်ဖြတ်လိုက်ရုံပဲ။ ဘာပဲဖြစ်ဖြစ် ဒီနေ့လည်း အရောင်းအ၀ယ်ဖြစ်မှာမဟုတ်ပါဘူး။ ငါ့မှာလည်း ဒီနေ့ ရေမပါဘူး။ ဒီတိုင်းထိုင်နေမှာထက်စာရင်တော့ ငါတို့ ဖန်ကြည့်ကြတာပေါ့"
ကျွန်တော်ကတော့ သိပ်ဖှီးမလာသေးဘူး။ အန္တရာယ်ရှိနိုင်လို့ ဖြစ်နေတာမဟုတ်ဘူး၊ မအီမလည်တွေဖြစ်လာမှာကို စိုးရိမ်မိတာ။ မအီမလည်ကိစ္စတွေကို ကျွန်တော် မခံစားနိုင်ဘူး။ ကိုယ်နဲ့မသိတဲ့ သူစိမ်းအိမ်မှာ သူစိမ်းတွေနဲ့ အတူထိုင်နေရတာ၊ ဒီလိုမျိုး အာရုံနောက်တဲ့ ပတ်ဝန်းကျင်မျိုးက ကျွန်တော့်ကို စိတ်ဒုက္ခပေးလိမ့်မယ်။ "နျူး၊ ထကွာ ရွေ့မယ်။ နှစ်မိနစ်လောက်နေပြီးရင် SMS ၀င်လာတယ်လို့ ဟန်ဆောင်ပြီး မင်း ပြန်လစ်ပေါ့။ ငါ့ကို တိုးလိုးတန်းလန်းကြီး မထားခဲ့ပါနဲ့။ ဒီဘဲက နှစ်ယောက်လာခိုင်းထားတာကွ။ ငါ့ကို လဒူလို့ ထင်မသွားအောင် မင်း ငါနဲ့အတူ အိမ်ထဲလိုက်ပေး။ ပြီးရင် တစ်မိနစ်လောက်ကြာတာနဲ့ မင်းထွက်သွားလို့ရတာပဲ" လို့ အေဗရီက ပြောတယ်။ သိပ်တော့ အထာမကျသေးပေမယ့်၊ အေဗရီက ဒီလိုပြောလာတော့လည်း ကျွန်တော့်အတွက် ချီးထုပ်ကျသလိုမဖြစ်ပဲ ငြင်းနိုင်ဖို့ တော်တော်ခက်သွားတယ်။
အဲဒီ ရှေ့နေရဲ့ နာမည်က ကိုးမန်း။ ဟုတ်မဟုတ်တော့ မသိဘူး၊ အနည်းဆုံးတော့ ကိုးမန်းလို့ တံခါးဝမှာ ရေးထားတာပဲ။ ဒီဘဲက တကယ်လည်း အေးဆေးပါပဲ။ ကျွန်တော်တို့ကို ကုတ်ထဲကို သံပုရာသီးစိတ်လေးတစ်စိတ်နဲ့ ရေခဲထည့်ပြီး ဟိုတယ်က ဘားထဲမှာလို ဧည့်ခံတယ်။ သူ့တိုက်ခန်းကလည်း မိုက်ပါတယ်။ လင်းလင်းချင်းချင်းနဲ့ အနံ့အသက်တောင် ကောင်းနေသေးတယ်။ "ဒီလိုကွ။ ကိုယ်က နောက်တစ်နာရီအတွင်းမှာ တရားရုံးသွားရမယ်။ အမှုက ဆယ်နှစ်သမီးလေးကို ကားနဲ့တိုက်ပြီး ထွက်ပြေးတိမ်းရှောင်သွားတာ။ ယာဉ်မောင်းက တစ်နှစ်လောက်ပဲ ထောင်ကျမလို ဖြစ်နေတယ်။ အခု ကိုယ်က တရားလိုမိဘတွေဘက်က လိုက်နေရတာ၊ လျှော်ကြေးငွေ နှစ်သန်း တောင်းထားတယ်။ ကောင်မလေးကို ကားနဲ့တိုက်တဲ့လူက အာရပ်လူမျိုး၊ ပိုက်ဆံရှိ အသိုင်းအ၀ိုင်းကပဲ"
"အားပါး" လို့ အေဗရီက ပြောတယ်။ ကိုးမန်းပြောနေတာကို ဂဃနဏ သိသလို ပုံစံမျိုးနဲ့။ "ဒါပေမဲ့ ကျွန်တော်တို့ လာခဲ့တာက တခြားကိစ္စတစ်ခုကြောင့်ပါ။ ကျွန်တော်တို့က တီနာရဲ့ သူငယ်ချင်းတွေပါ။ ကျွန်တော်တို့လာရတဲ့အကြောင်းရင်းက ဆေးခြောက်ပါ"
"ဒီကိစ္စက တစ်ခုတည်းပဲလေ" လို့ ကိုးမန်းက စိတ်မရှည်သလိုပြောတယ်။ "ကိုယ့်စကားကို ဆုံးအောင်နားထောင်ပြီးရင် မောင်ရင်တို့ နားလည်သွားလိမ့်မယ်။ ယာဉ်မောင်းရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ အားလုံးက တရားရုံးလာပြီး သူတို့အမျိုးဘက်က ထောက်ခံကြောင်း ပြကြလိမ့်မယ်။ သေသွားတဲ့ကောင်မလေးဘက်မှာကျတော့ သူ့မိဘတွေကလွဲလို့ မျက်နှာလာပြမယ့် ခွေးတစ်ကောင်ကြောင်တစ်မြီးမှ မရှိဘူး။ ပြီးတော့ မိဘတွေကလည်း ခေါင်းငိုက်စိုက်ချပြီး သူတို့နေရာမှာ စကားတစ်ခွန်းမှမဟပဲ ထိုင်နေရုံပဲ" အေဗရီက ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး ငြိမ်သက်နေတယ်။ ဘာတွေပြောနေတာလဲတော့ သူလည်း နားမလည်သေးပါဘူး၊ ဒါပေမဲ့ သူက ကိုးမန်းကို ဒီထက်ပို စိတ်မရှည်ဖြစ်သွားအောင်မလုပ်ချင်ဘူး။
"ကိုယ်ဖြစ်စေချင်တာက မောင်ရင်နဲ့ မောင်ရင့်သူငယ်ချင်း တရားရုံးကို လိုက်လာပြီး သေဆုံးသူရဲ့ ဆွေမျိုးတွေလို ဟန်ဆောင်ပေးဖို့ပဲ။ ပွစိပွစိ အငြင်းပွားပေးဖို့ပဲ။ ဆူညံသံလေးတချို့ လုပ်ပေးဖို့ပဲ။ တရားခံကို အော်ဟစ်ကြိမ်းမောင်းမယ်။ လူသတ်သမားလို့ အော်ပြောမယ်။ ငိုမယ်။ တစ်လုံးတစ်နှစ်လုံးစ ဆဲမယ်၊ ဒါပေမဲ့ လူမျိုးရေးထိခိုက်စေတဲ့ စကားလုံးတော့ မပါစေနဲ့။ "စောက်ရူးကောင်" ဒါမှမဟုတ်၊ အဲဒီလိုဆန်ဆန် တစ်ခုလောက်ဆိုရင် ရပြီ။ လိုရင်းကတော့ တရားသူကြီးက မောင်ရင်တို့ ရှိနေတာကို သတိထားမိသွားမယ်။ ဒီငနဲဟာ အပြစ်ဒဏ်ကို လျှော့လျှော့ပေါ့ပေါ့ပဲ ခံရတယ်လို့ ယုံကြည်တဲ့ လူတချို့ ဒီမြို့မှာရှိနေကြောင်း တရားသူကြီး နားလည်သွားဖို့လိုတယ်။ မောင်ရင်တို့ကတော့ ဒါ အူကြောင်ကြောင်အလုပ်လို့ ထင်မလား မပြောတတ်ဘူး။ ဒါပေမဲ့ ဒီလို အလုပ်မျိုးတွေက တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်နိုင်တယ်။ ဒီလိုလုပ်ခြင်းက သူတို့ကို ကိုင်လှုပ်နိုင်တယ်၊ ပျင်းခြောက်ခြောက်ဥပဒေဟောင်းတွေကို ခေါက်ထားပြီး လက်တွေ့ဘ၀နဲ့ ပွတ်တိုက်ပေးမှ ရလိမ့်မယ်"
"ဒါဆို မာရှီကိစ္စကရော.." လို့ အေဗရီက စကားစလိုက်တယ်။
"ကိုယ် အခုပဲ အဲဒါပြောမလို့" ကိုမန်းက ဖြတ်ပြီးပြောတယ်။ "မောင်ရင်တို့ နှစ်ယောက် အဲဒီလို နာရီဝက်လောက် တရားရုံးကို လိုက်လာပေး၊ ကိုယ်က တစ်ယောက်ကို ဆယ်ဂရမ်ဆီ ပြန်ပေးမယ်။ ဆယ့်ငါးမိနစ်လောက်ဖြစ်ဖြစ် အတော်လေး ကျယ်ကျယ်လောင်လောင် အော်ပေးတယ်ဆိုရင်ပေါ့။ ကဲဘယ်လိုလဲ"
"ကျွန်တော်က တစ်ဂရမ်လောက်ပဲလိုတာ" လို့ ကျွန်တော်က ပြောလိုက်တယ်။ "ကျွန်တော့်ကို ရောင်းလို့ မရဘူးလား။ အဲဒီလိုဆိုရင် ၀ယ်ပြီး ကျွန်တော် ပြန်တော့မယ်။ ပြီးတော့မှ ခင်ဗျားနဲ့ အေဗရီနဲ့...."
"ရောင်းရမယ်.." ကိုးမန်းက ရယ်တယ်။ "ပိုက်ဆံနဲ့ ရောင်းဖို့လား။ ကိုယ်က မူးယစ်ဆေးရောင်းတဲ့သူတဲ့လား။ အလွန့်အကျွံ သူငယ်ချင်းတစ်ယောက်ယောက်ကို ကြုံရင်ကြုံသလို အိတ်နဲ့တစ်အိတ် လက်ဆောင်ပေးလိုက်တာပဲ"
"ဒါဆို ကျွန်တော့်ကိုလည်း လက်ဆောင်ပေးပါလား။ တစ်ဂရမ်လေးပဲ ဟာကို" လို့ ကျွန်တော်က အောက်ကျို့လိုက်တယ်။
"ကိုယ်ပြောပြီးသားပဲ" ကိုးမန်းက စိတ်မသက်မသာပြုံးတယ်။ "ကိုယ်ပေးမယ်၊ ဒါပေမဲ့ မောင်ရင်တို့အနေနဲ့ တကယ့်မိတ်ဆွေဆိုတာကိုလည်း အရင် သက်သေပြဦးမှပေါ့"
အေဗရီကြောင့်သာမဟုတ်ရင်တော့ ဒါကို ကျွန်တော် သဘောတူနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီကောင်က ကျွန်တော့်ကို အန္တရာယ်ရှိတဲ့အလုပ်မဟုတ်တဲ့အကြောင်း၊ ဥပဒေချိုးဖောက်တာ မဟုတ်တဲ့အကြောင်း တတွတ်တွတ် ပြောနေတယ်။ "မာရှီဆွဲတာက ဥပဒေနဲ့မညီဘူး၊ ဒါပေမဲ့ ကောင်မလေးတစ်ယောက်ကို ကားနဲ့ဝင်တိုက်တဲ့ အာရပ်တစ်ယောက်ကို အော်တာကျတော့ ဥပဒေနဲ့ညီရုံတင်မကဘူး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အလုပ်မျိုး ဖြစ်နေတယ်။ "ပြောမရဘူး။ အဲဒီနေရာမှာ ကင်မရာများရှိနေရင် ညပိုင်းသတင်းမှာတောင် ကိုယ်တို့သတင်း ပါလာနိုင်တယ်"
"ဒါပေမဲ့ မိသားစုဝင်ယောင်ဆောင်ဖို့က ဘယ်လိုလုပ်မှာလဲ။ ငါပြောတာက ကောင်မလေးရဲ့ မိဘတွေကတော့ ငါတို့ အမျိုးမတော်မှန်း သိမှာပဲလေ" လို့ ကျွန်တော်က အထွန့်တက်လိုက်တယ်။
"ဒီအစ်ကိုပြောတာက ငါတို့ အမျိုးတော်တယ်လို့ ပြောတာမှမဟုတ်တာ။ သူပြောတာက ငါတို့ အော်ပေးဖို့ပဲ။ တစ်ယောက်ယောက်က လာမေးလည်း၊ ဒါကို သတင်းစာမှာဖတ်မိလို့ တာဝန်သိပြည်သူတွေအနေနဲ့ လာခဲ့တာလို့ ပြောရုံပဲ"
တရားရုံးရဲ့ ဧည့်ခန်းဆောင်ထဲမှာ ကျွန်တော်တို့ စကားဆက်ပြောကြတယ်။ နေရာက မှောင်ပြီး မိလ္လာနဲ့ မှိုနဲ့ ရောထားတဲ့ အနံ့အသက်မျိုး ရနေတယ်။ ဆက်ပြီး အငြင်းပွားနေတယ်ဆိုပေမယ့် ကျွန်တော်လည်း အလိုတူအလိုပါ ဖြစ်နေပြီဆိုတာ ငြင်းလို့မရတော့ဘူး။ ဒီလိုမှမဟုတ်ရင် အေဗရီရဲ့ စကူတာနောက်မှာ ကျွန်တော်ဘာလို့ လိုက်စီးလာမလဲ။ "စိတ်ပူမနေနဲ့။ ငါတို့နှစ်ယောက်လုံးစာကို ငါတစ်ယောက်တည်း အော်မယ်။ မင်း ဘာမှလုပ်စရာမလိုဘူး။ ငါ့ကို ဖြောင်းဖြနေတဲ့ သူငယ်ချင်းလို့ပဲ မင်းက သရုပ်ဆောင်။ ငါတို့နှစ်ယောက် အတူတူလာတာကို သူတို့ သိနေရင် ရပြီ" လို့ သူက ကျွန်တော့်ကိုပြောတယ်။
ဒရိုင်ဘာရဲ့ မိသားစုဝင်တွေလည်း အဲဒီနေရာမှာ ရောက်နေပြီ။ ဧည့်ခန်းဆောင်ထဲကနေ ကျွန်တော်တို့ဆီကို ကြည့်နေကြတယ်။ ဒရိုင်ဘာကတော့ ခပ်ပြည့်ပြည့်နဲ့ အတော်ငယ်သေးတဲ့ပုံပေါ်တယ်။ ရောက်လာတဲ့လူတိုင်းကို သူက လိုက်နှုတ်ဆက်နေတယ်၊ အနမ်းတောင်ပေးလိုက်သေးတယ်၊ မင်္ဂလာဆောင်နေတယ်များ မှတ်နေလားမသိဘူး။ တရားပြိုင်ရဲ့ စားပွဲ၊ ကိုးမန်းနဲ့ တခြားမုတ်ဆိတ်နဲ့ ရှေ့နေငယ်တစ်ယောက်ရဲ့ ဘေးမှာတော့ သေသွားတဲ့ကောင်မလေးရဲ့ မိဘတွေ ထိုင်နေတယ်။ သူတို့ကတော့ မင်္ဂလာဆောင်ရောက်နေတဲ့ ပုံစံမျိုးမဟုတ်ဘူး။ အားအင်ကုန်ခမ်းနေပုံပဲ။ အမေက အသက်ငါးဆယ်ကျော်ကျော်လောက်ရှိပြီ၊ စာကလေးတစ်ကောင်လို သေးသေးကွေးကွေး။ ဆံပင်တိုတိုက မီးခိုရောင်နဲ့ ကြောင်တောင်တောင်ဖြစ်နေတဲ့ သွင်ပြင်မျိုး။ အဖေကတော့ မျက်လုံးတွေကို မှိတ်ထားရင် ထိုင်နေတယ်။ တစ်ချက်တစ်ချက်ကျ မျက်လုံးတွေကို ခဏလောက်ဖွင့်တယ်၊ ပြီးရင် ပြန်ပိတ်ထားလိုက်ပြန်ရော။
ကြားနာမှုစတင်တယ်။ ဖြစ်ရပုံက ရှုပ်ထွေးပွေလီတဲ့ လုပ်ထုံးလုပ်နည်းတွေထဲ ကျွန်တော်တို့ ရောပါနေမိသလိုပဲ၊ အရာအားလုံးက ရုံးကိစ္စ ဆန်နေပြီး ဟိုရောက်ဒီရောက် တစ်စစီပြန့်ကျဲနေတယ်။ ရှေ့နေတွေက ပုဒ်ထီးပုဒ်မတွေကို အပိုဒ်လိုက် တတွတ်တွတ် ရေရွတ်နေတယ်။ တကယ်လို့၊ ဆစ်ခ်မာနဲ့ ကျွန်တော်နဲ့သာ ကျွန်တော်တို့သမီးလေး ကားတိုက်ခံရလို့ အခုလို တရားရုံးရောက်လာရရင် ဘယ်လိုများနေမလဲလို့ ကျွန်တော် စိတ်ကူးယဉ်ကြည့်နေမိတယ်။ ကျွန်တော်တို့ ရင်ကျိုးနေကြမှာပဲ၊ ဒါပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက် အားပေးနေကြဦးမယ်၊ ပြီးရင် သူက ကျွန်တော့်နားထဲကို တိုးတိုးလေး ကပ်ပြောမယ်။ "ကျွန်မ ဒီလူသတ်ကောင်ကို သူ့အပြစ် သူပြန်ပေးဆပ်ရစေချင်တယ်"။ တွေးကြည့်လို့တော့ သိပ်မကောင်းဘူး။ ဒါနဲ့ပဲ အတွေးကို လက်စသတ်ပြီး သူနဲ့ကျွန်တော် ကျွန်တော့်တိုက်ခန်းထဲမှာ မာရှီဆွဲပြီး တီဗီကို အသံပိတ်ထားပြီး National Geographic အစီအစဉ်ကြည့်နေကြတယ်လို့ ပြောင်းပြီး စိတ်ကူးလိုက်တယ်။ တစ်နည်းနည်းနဲ့တော့ ကျွန်တော်တို့ အဆင်ပြေသွားမှာပဲ၊ သူက ကျွန်တော့်ဘက်တိုးပြီး နမ်းလိမ့်မယ်။ သူ့ရင်သားတွေက ကျွန်တော့်ဆီမှာ ပူးကပ်သွားတာကို ခံစားနေရမယ်.....။
"ခွေးအ, လိုကောင်!" စင်ပေါ်ကနေထခုန်ပြီး အေဗရီက စအော်လိုက်တယ်။ "မင်းက ဘာပြုံးနေတာလဲ။ မင်း ကောင်မလေးတစ်ယောက်ကို သတ်လိုက်တယ်လေ။ အခုတော့ မင်းက ပိုလိုရှပ်ဝတ်ပြီး ပျော်ပွဲစားထွက်သလို လုပ်နေတယ်။ ထောင်ထဲမှာ အရိုးဆွေးမှ အေးမယ့်ကောင်" ဒရိုင်ဘာရဲ့ ဆွေမျိုးအတော်များများက ကျွန်တော့်ဆီကို ဦးတည်လာနေတယ်။ ဒါနဲ့ ကျွန်တော်လည်း မတ်တပ်ရပ်ပြီး အေဗရီ့ကို ချော့သလို ဟန်ဆောင်နေလိုက်တယ်။ တကယ်လည်း ကျွန်တော် အေဗရီ့ကို ချော့နေတာပါပဲ။ တရားသူကြီးကတော့ တူကို ခပ်ပြင်းပြင်းထုပြီး အခုလိုအော်ဟစ်နေတာကို မရပ်ဘူးဆိုရင် အေဗရီ့ကို တာဝန်ရှိသူတွေက အပြင်ကို ဆွဲထုတ်မှာဖြစ်တဲ့အကြောင်း သတိပေးတယ်။ ဒရိုင်ဘာရဲ့ ဆွေမျိုးတစ်ပြုံတစ်မကြီးနဲ့ ရင်ဆိုင်ရတာထက်စာရင် အဲဒါက အများကြီးပိုကောင်းလိမ့်မယ်။ ဆွေမျိုးတွေထဲက တချို့က အခုဆိုရင် ကျွန်တော်တို့နဲ့ အနီးဆုံးမှာရပ်နေပြီး အေဗရီ့ကို ဆဲဆဲဆိုဆိုနဲ့ ဆွဲလားရမ်းလား လုပ်နေပြီ။
"အကြမ်းဖက်သမားတွေ" လို့ အေဗရီက နာနာကျည်းကျည်း အော်လိုက်တယ်။ "ခင်ဗျားတို့ကို သေဒဏ်ပေးဖို့ပဲကောင်းတယ်" ဒီကောင်ဘာလို့ အခုလို လျှောက်အော်လိုက်သလဲ ကျွန်တော်တော့ နားမလည်နိုင်ဘူး။ ဒါပေမဲ့ မုတ်ဆိတ်မွှေးထူထူနဲ့ လူတစ်ယောက်က ဒီကောင့်ကို နားဘန်ကျင်းလိုက်တယ်။ ကျွန်တော်လည်း သူတို့နှစ်ယောက်ကို ဆွဲရင်း ကြားထဲရောက်သွားတယ်။ ကျွန်တော့်မျက်နှာကို ခေါင်းနဲ့ ခပ်ပြင်းပြင်းဝင်ဆောင့်တာ ခံလိုက်ရတယ်။ တရားရုံးတာဝန်ရှိသူတွေက အေဗရီ့ကို ဆွဲထုတ်သွားတယ်။ အောင်မာ၊ ဒါတောင် ဒီကောင်က ရုန်းရင်းကန်ရင်း ရသလောက် ပြောဖြစ်အောင်ပြောသွားသေးတယ်။ "အပြစ်မရှိတဲ့ ကောင်မလေးတစ်ယောက်ကို ခင်ဗျားသတ်လိုက်တာ။ ပန်းလေးတစ်ပွင့်ကို အညွန့်ချိုးလိုက်တာ။ ခင်ဗျားရဲ့ သမီးလည်း အဲဒီလို ပြန်အသတ်ခံရပါစေ" အဲဒီအချိန်မှာတော့ ကျွန်တော်လည်း ကြမ်းပြင်ပေါ်လဲကျနေပြီ။ နှာခေါင်းကလား နဖူးကလားမသိ၊ သွေးတွေနဲ့ ကျွန်တော့်မျက်နှာပေါ်မှာ ရွှဲနေပြီ။ ဒရိုင်ဘာရဲ့ သမီး အသတ်ခံရပါစေလို့ အေဗရီ ကျိန်ဆဲနေချိန်မှာပဲ တစ်ယောက်က ကျွန်တော့်နံကြားထဲကို ဆောင့်ကန်လိုက်တယ်။
ကိုးမန်းအိမ်ဆီ ကျွန်တော်တို့ ပြန်ရောက်တော့ သူက ရေခဲသေတ္တာကိုဖွင့်ပြီး ပဲစေ့တစ်ထုပ် ပေးတယ်၊ လက်နဲ့ညှစ်လိုက်လို့ပြောတယ်။ အေဗရီကတော့ ကျွန်တော့်ကိုရော သူ့ကိုရော စကားမပြောဘူး။ ဆေးခြောက်ဘယ်မှာလဲလို့ပဲ မေးတယ်။ "အကြမ်းဖက်သမားလို့ ဘာလို့ မင်းသွားပြောတာလဲ" လို့ ကိုးမန်းက မေးတယ်။ "ဒီကောင် အာရပ်လူမျိုးဆိုတာကို မပြောမိအောင် နေပါလို့ မှာထားရဲ့သားနဲ့"
"အကြမ်းဖက်သမားလို့ ပြောတိုင်း အာရပ်ဆန့်ကျင်ရေးမှ မဟုတ်တာ" လို့ အေဗရီက ကာကွယ်တယ်။ "ဒါ လူသတ်သမားနဲ့ တူနေတာပဲ။ နိုင်ငံထဲဝင်လာတဲ့ကောင်တွေထဲမှာ အကြမ်းဖက်သမားတွေ ပါတာပဲ"
ကိုးမန်းက ဒီကောင့်ကို ဘာမှထပ်မပြောတော့ဘူး။ ရေချိုးခန်းထဲဝင်သွားပြီး ပလက်စတစ်အိတ်ခပ်သေးသေး နှစ်ထုပ်နဲ့ ပြန်ထွက်လာတယ်။ ကျွန်တော့်ကို တစ်ထုပ်ပေးပြီး အေဗရီ့ဆီ တစ်ထုပ်ပစ်ပေးလိုက်တယ်။ ဒီကောင်က ကမန်းကတမ်းဖမ်းလိုက်ပေမယ့် လွတ်ကျလုနီးနီးပဲ။ "တစ်ထုပ်မှာ ၂၀ ပါတယ်။ ပဲထုပ်လည်း ယူချင်ယူသွား" လို့ အိမ်ရှေ့တံခါးကို ဖွင့်ပေးရင် ကိုးမန်းက ပြောလိုက်တယ်။
******
နောက်နေ့မနက်ကျတော့ ကော်ဖီဆိုင်မှာ ဆစ်ခ်မာက ကျွန်တော့်မျက်နှာ ဘာဖြစ်တာလဲလို့ မေးတယ်။ မတော်တဆပြုတ်ကျတာလို့ပဲ ဖြေရတာပေါ့။ သူငယ်ချင်းတစ်ယောက်အိမ်သွားလည်ရင်း ဧည့်ခန်းထဲမှာ ကလေးကစားစရာအရုပ်တစ်ခုကို တက်နင်းမိပြီး ချော်လဲတာလို့ ရွှီးလိုက်တယ်။ "အော်.. မသိပါဘူး။ ရှင့်ကို ကောင်မလေးတစ်ယောက်ယောက်က ရိုက်လိုက်သလားလို့ ကျွန်မက ထင်နေတာ" လို့ ဆစ်ခ်မာက ပြောပြီး ရယ်နေတယ်။ ပြီးတော့ ကျွန်တော့်အတွက် အက်ပရက်ဆို သွားယူပေးတယ်။
"အဲဒီလိုမျိုးလည်း တစ်ခါတလေ ဖြစ်တတ်ပါတယ်" လို့ ကျွန်တော်က ပြုံးဖို့ကြိုးစားရင်း ပြောလိုက်တယ်။ "ကောင်မလေးတွေရိုက်တာတို့၊ သူငယ်ချင်းတွေက ရိုက်တာတို့ ကြောင်ကလေးတွေ ကုပ်တာတောင် ခံရသေးတယ်ဆိုတာ ကိုယ်နဲ့ ပေါင်းတာကြာတော့ မင်းသိလာလိမ့်မယ်။ ကိုယ်ကတော့ အခံဘက်ကချည်းပဲ၊ ကိုယ်က လုပ်ရတယ်လို့ မရှိဘူး" လို့ ကျွန်တော်က ဆက်ပြောတယ်။
"ရှင်ကတော့ ကျွန်မ မောင်လေးလိုပဲ။ ရန်ကို သူကပဲစတယ်၊ ဒါပေမဲ့ အဆုံးမှာတော့ သူခံရတာချည်းပဲ" လို့ ဆစ်ခ်မာက ပြောတယ်။
ကျွန်တော့် အင်္ကျီအိတ်ကပ်ထဲမှာ မာရှီနှစ်ဆယ်ဂရမ် ရှိနေတယ်။ ဒါပေမဲ့ အဲဒါကို ဂရုမစိုက်အားပဲ ရုပ်ရှင်ကားအသစ်ရုံတင်တာ သွားကြည့်မလားလို့ သူ့ကို မေးလိုက်မိတယ်။ အာကာသယာဉ်ပေါက်ကွဲသွားတဲ့ အမျိုးသမီး အာကာသယာဉ်မှူးတစ်ယောက်ရဲ့ ဇာတ်လမ်း၊ ဂျော့ကလူနီနဲ့ အာကာသဟင်းလင်းပြင်ထဲမှာ သွားပြီး သောင်တင်နေတယ်။ "ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တော်တော်ကောင်းတဲ့ ကားပဲ။ သရီးဒီနဲ့ ရိုက်ထားတာ၊ မျက်မှန်နဲ့ ကြည့်ရမှာ။ ကိုယ်နဲ့များ သွားကြည့်ချင်မလားလို့..."
ခဏလောက် တိတ်ဆိတ်သွားတယ်။ ပြီးရင်တော့ ဟုတ်တယ်မဟုတ်ဘူး အဖြေတစ်ခု ထွက်လာတော့မယ်လို့ ကျွန်တော်သိနေတယ်။ အဲဒီအချိန်လေးမှာပဲ ကျွန်တော့်ခေါင်းထဲမှာ ပုံရိပ်တစ်ခု ပေါ်လာတယ်။ ဆစ်ခ်မာ ငိုနေတဲ့ ပုံရိပ်။ ကျွန်တော်တို့ နှစ်ယောက်သား တရားရုံးတစ်ခုမှာ၊ လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြတယ်။ ဒီပုံရိပ်တွေကို ဖျောက်ဖျက်ပစ်ဖို့ ကျွန်တော်ကြိုးစားတယ်၊ တခြားပုံရိပ်တစ်ခုခု ပြောင်းစဉ်းစားမယ်။ ကျွန်တော့်ဖရိုဖရဲဧည့်ခန်းလေးရဲ့ ဆိုဖာပေါ်မှာ နှစ်ယောက်သား ကစ်ဆင်ဆွဲကြတယ်လို့ ပြောင်းစဉ်းစားကြည့်တယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ ဟိုပုံရိပ်ကို ကျွန်တော့်ခေါင်းထဲက ဖျောက်ဖျက်မပစ်နိုင်ဘူး။
တေဇာ (လရောင်လမ်း)
One Gram Short by Etgar Keret ကို ဆီလျော်သလို ပြန်ဆိုပါသည်။
(Translated, from the Hebrew, by Nathan Englander.)
Source: http://www.newyorker.com/magazine/2014/12/01/one-gram-short

Comments
Post a Comment