ဂျော့က ဓမ္မဆရာရဲ့သား၊ ပြီးတော့ ဓမ္မဆရာရဲ့ မြေးဆိုလည်းဟုတ်တယ်။ ကိုရီးယားစစ်ပွဲကို ရောက်ခဲ့တယ်။ စစ်ကြီးပြီးတော့ သူလည်း ဓမ္မဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူက အပေါက်ကျဉ်းဆိုတာ မကြုံဖူးသေးတဲ့ လူငယ်လေး။ ဒုက္ခရောက်နေသူတွေကို ကူညီချင်တယ်။ ဒီတော့ ရှီကားဂိုးတက္ကသိုလ်ကို တက်တယ်။ ဘာသာရေးတင်မကဘူး၊ လူမှုသိပ္ပံ၊ စိတ်ပညာ၊ ပြီးတော့ မနုဿဗေဒကိုတောင် သင်ယူခဲ့သေးတယ်။ တစ်နှစ်ပတ်လုံး ကျောင်းတက်လာအပြီး နွေရာသီတန်းခွဲအရောက်မှာ "မှုခင်းရေးရာ" ဘာသာရပ်အတွက် အတန်းတစ်ခုရှိနေတာ တွေ့ရတယ်။
ရာဇ၀တ်သားတွေအကြောင်း ဂျော့က ဘာဆိုဘာမှမသိဘူး။ ဒီတော့လည်း သင်တန်းကိုတက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ "စိန့်ပရဲယားဂရပ်ဇ်" ဆိုတဲ့ နာမည်နဲ့ အကျဉ်းသူတစ်ယောက်ကို တွေ့ဆုံမေးမြန်းဖို့ နယ်မြေအကျဉ်းထောင်တစ်ခုဆီ သူ့ကို လွှတ်လိုက်ကြတယ်။ အကျဉ်းသူဆိုတာက၊ ကြေးစားလူသတ်သမားနဲ့ သူခိုးလို့ ပြောနေကြတဲ့ "ဘားနပ်ဂရပ်ဇ်" ဆိုသူရဲ့ မိန်းမပဲ။ ဂွကျတာက သူ့အကြောင်း ဘယ်လိုမှ သက်သေမပြနိုင်တာနဲ့ ဂရပ်ဇ်က အဖမ်းမခံရပဲ အပြင်မှာပဲ လတ်လျားလတ်လျား ဖြစ်နေတယ်။ သူ့မိန်းမကတော့ ခိုးရာပါပစ္စည်း လက်ခံမှုနဲ့ ထောင်ထဲရောက်နေလေရဲ့။ ဂရပ်ဇ်ခိုးထားတာတွေဆိုတာ အသိသာချည်းပဲ။ ကောင်မလေးက ဂရပ်ဇ်ကိုတော့ ဖော်ကောင်မလုပ်ရှာဘူး။ စိန်တွေ ပိုးသားကုတ်အင်္ကျီတွေက ဘယ်ကရောက်လာသလဲလည်း တစ်ခွန်းမှမဟဘူး။ ထောင်ဒဏ် တစ်နှစ်နဲ့တစ်ရက်ကျတယ်။ ဂျော့သူမကို တွေ့ဖို့လုပ်တော့ ပြစ်ဒဏ်က စေ့လုနီးပြီ။ အင်တာဗျူးရတဲ့ အကြောင်းရင်းက သူမရဲ့ ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးကြောင့်တင်မကဘူး၊ အံ့သြစရာကောင်းအောင် မြင့်တဲ့ အိုင်ကျူအဆင့်လည်း သူမမှာ ရှိနေလို့ပဲ။ မျိုးရိုးနာမည်နဲ့ပဲ တပ်ခေါ်ပါလို့ သူမက ဂျော့ကိုပြောတယ်။ သူမ လိင်အသားပေးကချေသည်လုပ်ခဲ့တုန်းက သုံးခဲ့တဲ့နာမည်ပဲ။ "မစ္စဂရပ်ဇ်လို့ ခေါ်သံကြားရင် ဘယ်လိုမှ မထူးတတ်ဘူး" လို့ သူမက ပြောတယ်။ "'ဒါ ဘာနီ့ကို ဆန့်ကျင်တာမဟုတ်ဘူးနော်။ ကျွန်မဘာသာ မထူးတတ်တာ" လို့လည်း ပြောသေးတယ်။ ဒီတော့လည်း ဂျော့က သူမကို မစ္စစိန့်ပရဲယားလို့ ခေါ်ရတယ်။
ထောင်ရဲ့ ဖန်သားပြင်ကတဆင့် မစ္စစိန့်ပရဲယားနဲ့ သူ စကားပြောတယ်။ ဂျော့အတွက်တော့ ထောင်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာပဲ။ သူမကိုယ်ရေးအကျဉ်းကို သူ့ ဖရိုဖရဲမှတ်စုစာအုပ်လေးထဲ ရေးမှတ်ထားတယ်။ အထဲမှာရေးထားတဲ့ အချက်အလက်တွေကို သူက နောက်တစ်ခေါက် ပြန်ဖတ်လိုက်တယ်။
“ကဲ ကြည့်ရအောင်။ အလယ်တန်းတက်နေတုန်း တစ်ဝက်တစ်ပြတ်နဲ့ ခင်ဗျား ကျောင်းထွက်ခဲ့တာနော်။ ခင်ဗျားရဲ့ အရင်နာမည် ပက်ဖ်ကိုကနေ စိန့်ပရဲယားလို့ ပြောင်းခဲ့တယ်။ မစ္စတာ အက်ဖ်နဲ့ တွေ့နေတာကို ရပ်ပြီး၊ စားပွဲထိုးလုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ခင်ဗျား မစ္စတာဂျီနဲ့ စတွေ့ခဲ့တာလား”
“အာနီ့ကို ပြောတာလား” လို့ သူမက မေးတယ်။
“မှန်ပါတယ်။ အာနီခေါ် မစ္စတာဂျီ။ စားပွဲထိုး (Carhop) ဆိုတာ တစ်ဆက်တည်းလား၊ နှစ်လုံးခွဲပေါင်းလား”
“တစ်လုံးလား၊ နှစ်လုံးလားဟုတ်လား။ အဲဒီစကားလုံးကို စာနဲ့ချရေးဖူးတဲ့သူ ရှိလို့လား”
ကောင်မလေးက ဆံပင်နီညိုရောင်နဲ့ ဖြူဖြူသေးသေး၊ အရမ်းလှတယ်။ ပြီးတော့ အတော်လေး ကျွတ်ဆတ်ဆတ်။ ဂျော့မေးတာတွေကို အတော် ပျင်းရိနေတယ်။ ပါးစပ်ကိုကာဖို့တောင် ဂရုမစိုက်ပဲ မကြာခဏ သမ်းပြနေတယ်။ တုံ့ပြန်ပုံကတော့ ဘာကိုမှဂရုမစိုက်ပဲ ခပ်ပြောင်ပြောင်ပဲ။
“ရှင့်လို စာတော်တဲ့ကောလိပ်ကျောင်းသားက အဲဒီစကားလုံးကနေ စကားလုံးဆယ်လုံးလောက် ထုတ်ပြလိုက်လို့ရတာပဲ” လို့ သူမက ပြောတယ်။
ဂျော့ကလည်း ပရော်ဖက်ရှင်နယ်ဆန်ဆန် ကျစ်လျစ်ပြတ်သားတဲ့ ပုံစံထွက်ဖို့ ကြိုးစားလိုက်တယ်။
“ကောင်းပါပြီ။ ဒီလိုဆိုတော့ အလယ်တန်းမှာ ခင်ဗျားကျောင်းထွက်ခဲ့တဲ့အပေါ်မှာ အကြောင်းရင်းတစ်ခုခုများ ပေးစရာရှိနေမလား”
“ကျွန်မအဖေက အမူးသား။ အမေက နှုတ်ကြမ်းလျှာကြမ်း။ ကျွန်မလည်း အရွယ်ရောက်ပြီးပြီ။ အဲဒီအချိန်တုန်းက အသက်နှစ်ဆယ့်တစ်နှစ်သမီး ကိုယ်ခန္ဓာ ရှိနေပြီ။ ကျွန်မ လိုချင်သလောက် ပိုက်ဆံရှာလို့ရတယ်။ အာနီက ကျွန်မကို အမိုးပွင့်ကားတစ်စင်း အပိုင်ပေးထားတယ်။ … ဒီတော့ အက္ခရာသင်္ချာနဲ့ အိုင်ဗင်ဟိုကို ကျွန်မဘာသွားလုပ်ရမှာလဲ..။ ပြောပါဦး သဲရဲ့” လို့ သူမက ပြောလိုက်တယ်။
“ဟမ်။ ဒီလိုနဲ့ မစ္စတာအိပ်ခ်ျ ပေါ်လာတော့၊ သူနဲ့ မစ္စတာဂျီနဲ့ ခင်ဗျားအတွက်နဲ့ လက်သီးချင်းထိုးကြတယ်ပေါ့”
“ဓားမြှောင်တွေပါ ပါတယ်။ လက်သီးချင်းမဟုတ်ဘူး။ ကာဘိုလေ သူ့နာမည်က၊ ရှင်ကဘာလို့ သူ့ကို မစ္စတာအိတ်ခ်ျလို့ ခေါ်တာလဲ”
“သူ့ လုံခြုံရေးအတွက်ပါ။ ဒါတွေအားလုံးက လျှို့ဝှက်အချက်အလက်တွေပဲ။ ခင်ဗျားပြောပြတဲ့ လူတွေအကုန်လုံးရဲ့ လုံခြုံရေးအတွက် လျှို့ဝှက်ထားမှာပါ”
သူမက ရယ်လိုက်တယ်။ လက်ချောင်းနဲ့ ဖန်သားပြင်ပေါ်ကို ထိုးရင်း ဂျော့မြင်သာအောင် တဖျပ်ဖျပ်လှုပ်ပြတယ်။
“ရှင်က…။ ရှင်က ကာဘို့ကို ကာကွယ်ပေးဦးမယ်။ သူ့ကို ရှင်မြင်စေချင်တယ်။ သူကလည်း ရှင့်ကို ကျွန်မ မြင်ဖူးစေချင်လိုက်တာ”
“ကောင်းပါပြီ။ တစ်နေ့တော့ ကျွန်တော်တို့ တွေ့ချင်တွေ့ကြမှာပေါ့” လို့ သူက မ၀ံ့မရဲပြောလိုက်တယ်။
“သူကသေပြီ” လို့ သူမက ပြောတယ်။ ၀မ်းနည်းနေပုံမရပါဘူး။ စိတ်တောင်ဝင်စားတဲ့ပုံ မရှိဘူး။
“စိတ်မကောင်းစရာပဲ” လို့ ဂျော့က ပြောလိုက်တယ်။
“ဒီလိုမျိုးပြောဖူးတာ ရှင် ပထမဆုံးပဲ” လို့ သူမက ပြောတယ်။
“သူ သက်ရှိထင်ရှားရှိစဉ် ဖြစ်စဉ်တစ်ခုမှာ အရှေ့ရှီကားဂိုးက နိုက်ကလပ်တစ်ခုမှာ လိင်အသားပေးကချေသည်အဖြစ် ခင်ဗျားကို မစ္စတာအိတ်ခ်ျက အလုပ်သွင်းပေးတော့ ခင်ဗျားက လက်ခံခဲ့တယ်” လို့ ဂျော့က သူ့မှတ်စုတွေကို ကြည့်ရင်း ပြောလိုက်တယ်။
ဂလော်ရီယာက ထရယ်တယ်။ “၀န်ခံလိုက်စမ်းပါ သဲရယ်။ ရှင့်မျက်နှာရှင် မြင်စေချင်လိုက်တာ။ ရဲတွတ်နေတာပဲ။ အဲဒါ ရှင်သိရဲ့လား။ ရှင့်နှုတ်ခမ်းက သံပုရာသီးစုပ်ထားသလို ဖြစ်နေတာ” သူမက ခေါင်းယမ်းလိုက်တယ်။
“ဘဲလေး။ ရှင် ဒီနေရာမှာ ဘာလာလုပ်နေတယ်လို့ ထင်နေတာလဲ”
ဒီလိုမေးခွန်းမျိုး ဂျော့ အကြိမ်ကြိမ်ကြားဖူးခဲ့ပြီးပြီ။
“ခင်ဗျားကို ပြောခဲ့သလိုပဲ ကျွန်တော်က လူမှုသိပ္ပံကျောင်းသားပါ။ လူသားအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သိပ္ပံပညာပေါ့”
သူတက်နေတဲ့ အတန်းက တကယ်တမ်းမှာ မှုခင်းရေးရာဆိုတာကိုတော့ သူမကို ပြောပြစရာအကြောင်း မရှိဘူး။ စော်ကားသလို ဖြစ်သွားနိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူမကို တစ်ခုခုပြောဖို့ သိပ်အဓိပ္ပာယ်ရှိမယ့်ပုံမပေါ်ဘူး။
"လူတွေအကြောင်းကို သိပ္ပံပညာဆိုပြီး လုပ်ထားတာလား။ ဒါဆိုရင်တော့ တော်တော်ကြောင်တဲ့သိပ္ပံပဲ ဖြစ်ရမယ်” လို့ သူမက ပြောလိုက်တယ်။
“ဒီပညာရပ်က အခြေပျိုးကာစ ရှိပါသေးတယ်” လို့ ဂျော့က ပြောတယ်။
“ရှင့်လိုပေါ့။ ရှင်ရော ဘယ်နှစ်နှစ်ရှိပြီလဲ ကောင်လေး”
“နှစ်ဆယ့်တစ်” လို့ ဂျော့က မသက်မသာပြောလိုက်တယ်။
“ကြည့်စမ်း နှစ်ဆယ့်တစ်တဲ့။ အဲဒီအသက်အရွယ်က ဘယ်လိုများပါလိမ့်။ ကျွန်မက လာမယ့် မတ်လကျမှ နှစ်ဆယ့်တစ်နှစ်ပြည့်မှာ” လို့ ပြောပြီး သူမက ပြန်ထိုင်ချလိုက်တယ်။
“ဘယ်အရာကိုမှ မျက်မြင်ကိုယ်တွေ့ မကြုံဖူးပဲ၊ ဘယ်အရာကိုမှ ကိုယ်တိုင်မကြုံဖူးပဲ ဒီနိုင်ငံမှာ အရွယ်ရောက်သူဖြစ်ဖို့ သိပ်ဖြစ်နိုင်တယ်ဆိုတာ၊ ရှင့်လိုလူမျိုးတစ်ယောက်နဲ့ ဆုံမိတိုင်း ပိုသိလာရတယ်” လို့ သူမက ပြောလိုက်တယ်။
“ကျွန်တော် ကိုရီးယားမှာ နှစ်နှစ်ခွဲကြာခဲ့တယ်။ ကိုယ်တွေ့ကြုံဖူးတာလေးတွေ နည်းနည်းတော့ ရှိပြီထင်တာပဲ” လို့ ဂျော့က ပြန်ပြောတယ်။
“ရှင့်ကို ကျွန်မပြောမယ်။ ရှင့်မဟာစွန့်စားခန်းတွေအကြောင်း ကျွန်မ စာအုပ်တစ်အုပ်ရေးမယ်။ ရှင်လည်း ကျွန်မအကြောင်း တစ်အုပ်ရေးပေါ့”
ပြောရင်းဆိုရင်း သူမက ခဲတံတစ်ချောင်းနဲ့အတူ အိတ်ကပ်ထဲကနေ စီးကရက်ဗူးခွံလွတ်တစ်ခု ထုတ်လိုက်တော့ ဂျော့ စိတ်မသက်မသာဖြစ်သွားတယ်။ ဗူးခွံကို ဖြဲပြီး သူမက စာရွက်တစ်ခုလို ဖြစ်သွားအောင် ဖြန့်လိုက်တယ်။
“အိုကေ ရပြီ။ ဒီမှာ ဘဲလေး၊ ဒါကို "မစ္စတာဇက်၏ ရင်သပ်ရှုမောဖွယ်ဘ၀ဇာတ်လမ်း" လို့ နာမည်ပေးမယ်။ ရှင့်လုံခြုံရေးအတွက်ပါ။ ဒါနဲ့ ရှင့်ကို ယာတောမှာ မွေးတာမဟုတ်လား မစ္စတာဇက်”
“တဆိတ်…” လို့ ဂျော့က ပြောလိုက်တယ်။ တကယ်လည်း သူ့ကို ယာတောမှာ မွေးခဲ့တာ။
“ရှင့်မေးခွန်းတွေကို ကျွန်မ ဖြေပြီးပြီ။ ကျွန်မမေးတာ ရှင်ဖြေရမယ့်အလှည့်” သူမက မျက်မှောင်ကုပ်ထားတယ်။
“မစ္စတာဇက်ရဲ့ လက်ရှိနေရပ်လိပ်စာ” လို့ မေးလိုက်တယ်။ ဂျော့က ပုခုံးတွန့်ပြပြီး သူ့လိပ်စာကို ပြောလိုက်ရတယ်။ သူနေတာက ကျမ်းစာကျောင်းရဲ့ ကားဂိုထောင်မှာ။
“အလုပ်အကိုင်က ကျောင်းသားနော်။ စာလုံး တစ်လုံးတည်းပေါင်းလား နှစ်လုံးပေါင်းလား”
“နှစ်လုံး” ဂျော့က ဖြေတယ်။
“ကျောင်း….သား….” လို့ ရေရွတ်ပြီး သူမက ချရေးလိုက်တယ်။
“အခု ကျွန်မ ရှင့်ရဲ့အချစ်ရေးကို စုံစမ်းစစ်ဆေးရမယ် မစ္စတာဇက်။ အခြေပျိုးအဆင့်ဆိုရင်တောင်မှ ဒါက ရှင်တို့သိပ္ပံပညာရဲ့ အဓိကအပိုင်းပဲ မဟုတ်လား။ ကြမ်းတမ်းရိုင်းစိုင်းလှတဲ့ ရှင့်ရဲ့ဘ၀ကြီးမှာ ကွဲခဲ့တဲ့အသည်းတွေအားလုံးအကြောင်းကို ကျွန်မ သိချင်တယ်။ ကဲ… မစ္စအေကနေ စမယ်”
သူ့မှတ်စုစာအုပ်ကို ဂျော့ ပိတ်လိုက်တယ်။ ပြီး အသက်မပါတဲ့အပြုံးတစ်ခု ပြုံးပြလိုက်တယ်။
“အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မစ္စစိန့်ပရဲယား။ ကျွန်တော်နဲ့စကားပြောပေးလို့ ကျေးဇူးပါ” သူက မတ်တပ်ရပ်လိုက်တယ်။
ဒီတော့မှ သူမက သူ့ကို မျက်စိပေါက်တွေ ပိတ်တဲ့အထိ ပြုံးပြတယ်။
“အို ထိုင်ပါဦးရှင်။ ကျေးဇူးတင်ရအောင် ကျွန်မက ဘာပေးရသေးလို့လဲ။ ကျွန်မ ပြောချင်ရာတွေ လျှောက်ပြောနေတာကို ရှင်သာ သည်းခံပြီး နားထောင်ပေးနေတာ။ ထိုင်ပါဦးရှင် ထိုင်ပါဦး။ ရှင် မေးချင်ရာမေး ကျွန်မ ဖြေမယ်လေ။ ဘယ်လို မေးခွန်းမျိုးပဲဖြစ်ဖြစ်။ အခက်ကြီးတစ်ခု မေးကြည့်။ ကျွန်မ ကြိုးစားဖြေမယ်။ ရှင်တကယ်မေးချင်တဲ့ မေးခွန်းကြီးတစ်ခု ရှိနေလား”
အနည်းငယ် စိတ်သက်သာရာရသွားပြီး ပြန်ထိုင်ချမိအောင်ကို ဂျော့က တုံးတယ်။ သူ့မှာ မေးစရာ မေးခွန်းကြီးတစ်ခု ရှိနေတယ်။ ဒီကောင်မလေးရှေ့မှာ သိက္ခာလည်းကျလှပြီ၊ နောက်ထပ်ကျစရာ သိက္ခာကို မရှိတော့ဘူး။ ဒီတော့လည်း သူက တည့်တည့်ပဲ မေးလိုက်တယ်။
"ခင်ဗျားမှာ အရမ်းမြင့်တဲ့ အိုင်ကျူအဆင့် ရှိတာပဲ မစ္စပရဲယား။ ခင်ဗျားလောက် ထက်မြက်တဲ့သူတစ်ဦးက အခုလို ဘာဖြစ်လို့ နေနေရတာလဲ"
"ကျွန်မကို ထက်မြက်တယ်လို့ ဘယ်သူပြောလဲ" လို့ သူမက မေးတယ်။
"ခင်ဗျားကို စစ်ဆေးပြီးပြီလေ။ ခင်ဗျားရဲ့ အိုင်ကျူက သာမန်ဆရာဝန်တစ်ယောက်ထက် ပိုမြင့်တယ်"
"သာမန်ဆရာဝန်ဆိုတာ အနားမှာ ဘာဖြစ်လို့ဖြစ်နေမှန်း မသိတဲ့လူမျိုးပဲ"
"အဲဒီလိုတော့လည်း မဟုတ်ပါဘူး" လို့ ဂျော့က ပြောလိုက်တယ်။
"ဆရာဝန်တွေကို ကျွန်မ စိတ်ပျက်တယ်" လို့ သူမ ပြောလိုက်တယ်။ အဲဒီနောက်မှာတော့ သူမက တကယ့်ကို ဆိုးချင်လာပုံရတယ်။
"ကောလိပ်ကျောင်းသားလေးကိုတော့ ပိုတောင်စိတ်ပျက်သေးတယ်" လို့ ပြောတယ်။
"ရှင် ဒီက ထွက်သွားတော့။ ကျွန်မတွေ့ဖူးသမျှထဲမှာ ရှင်က ပျင်းစရာအကောင်းဆုံး ကောင်ပဲ"
ရွှံရှာတဲ့ဟန်နဲ့ သူမက လက်ကို တဖျပ်ဖျပ်ခါလိုက်တယ်။ "သွားတော့ ဘဲလေး။ ရှင့်ဆရာကိုပြောလိုက်။ ကျွန်မဘာသာ အခုနေတဲ့ပုံစံအတိုင်းဖြစ်နေတာက ဒီလိုနေရတာကို ကျွန်မ ကြိုက်လို့ပဲ။ သူတို့က ရှင့်ကို ကျွန်မတို့လိုလူတွေအတွက်ခေါ်ဖို့ ပါမောက္ခတောင် ခန့်လိုက်မလားမသိဘူး"
****
အကျဉ်းထောင်ရဲ့ ဧည့်ခန်းဆောင်အပြင်ဘက်အရောက်မှာ လူဆိုးရုပ်ထွက်နေတဲ့ မှုန်ကုပ်ကုပ်လူဖလံလေးတစ်ယောက်နဲ့ ဂျော့ သွားဆုံတယ်။ သူက ဂျော့ကို သတ်ချင်သလို အကြည့်မျိုးနဲ့ ကြည့်နေတယ်။ အသံက ဇရပ်ငှက်အသံနဲ့။ သူကတော့ ဘားနတ်ပရပ်ဇ်၊ ကောင်မလေးရဲ့ ယောက်ျားပဲ။
"မင်း အဲဒီမှာ ဂလော်ရီယာစိန့်ပရဲယားနဲ့ ရှိနေတာလား" လို့ ဂရပ်ဇ်က မေးတယ်။
"ဟုတ်ပါတယ်" လို့ ဂျော့က ယဉ်ယဉ်ကျေးကျေး ဖြေလိုက်တယ်။
"မင်းက ဘယ်ကတုံး။ သူ့ဆီက ဘာလိုချင်တာလဲ။ မင်းကို ဘယ်သူလာခိုင်းသလဲ" သူက ဆက်တိုက်မေးတယ်။
မှုခင်းရေးရာအတန်း ပါမောက္ခရဲ့ မိတ်ဆက်စာ ဂျော့ဆီမှာရှိတယ်။ အဲဒီစာကို သူက ဂရပ်ဇ်ဆီ ထိုးပေးလိုက်တယ်။
ဂရပ်ဇ်က စာရွက်ကို ပြန်ခေါက်ပြီး ပြန်ပေးတယ်။ "ဒီစာကြောင့် မင်းနဲ့ အသိဖြစ်သွားမှာမဟုတ်ဘူး။ ငါနဲ့ သူ့ရှေ့နေက လွဲပြီး သူ ဘယ်သူနဲ့မှ စကားပြောစရာမလိုဘူး။ သူလည်း သိတယ်"
"သူ့ဘက်က စိတ်ပါလို့ ပြောတာပါ။ ဘယ်သူမှ သူ့ကို ကျွန်တော့်ကို စကားပြောပါလို့ အတင်းမခိုင်းပါဘူး"
ဂရပ်ဇ်က ဂျော့ရဲ့ မှတ်စုစာအုပ်ကို လှမ်းကိုင်လိုက်တယ်။ "ကဲ..ငါ့ကို ပြစမ်းပါဦး။ အထဲမှာ ဘာတွေလဲလို့"
ဂျော့က စာအုပ်ကို ပြန်ဆွဲယူလိုက်တယ်။ အထဲမှာ ဂလော်ရီယာ့အကြောင်းရေးထားတဲ့ မှတ်စုတွေချည်းပဲမဟုတ်ဘူး။ သူ့ အခြားအတန်းတွေအားလုံးအတွက် မှတ်စုတွေလည်း ပါတယ်။
ဂရပ်ဇ်က နောက်တစ်ကြိမ် စာအုပ်ကို ပြန်ဆွဲယူလိုက်တော့ ရသွားတယ်။ သူက စာရွက်တွေအားလုံးကို ဖြဲပြီး လေထဲလွှင့်ပစ်လိုက်တယ်။
အဲဒီအချိန်မှာတော့ ဂျော့က ခရစ်ယန်မပီသဆုံး အပြုအမူတစ်ရပ်ကို လုပ်လိုက်တယ်။ လူဖလံလေးကို သူက တစ်ချက်တည်းသတိမေ့သွားအောင် ဆွဲထိုးချလိုက်တယ်။
သူက ဂရပ်ဇ်ကို သတိပြန်လာအောင် လုပ်ပေးလိုက်တော့ ဂရပ်ဇ်က သူ့ကို ဖြေးဖြေးချင်းနှိပ်စက်ပြီး သတ်ပြမယ်လို့ ကတိပေးတယ်။ ပြီးတာနဲ့ ဂျော့လည်း သူ့ စာရွက်တွေကို လိုက်ကောက်ပြီး အိမ်ပြန်လာခဲ့တော့တယ်။
****
ဘာတစ်ခုမှ ထူးထူးခြားခြား မဖြစ်ပဲနဲ့ သီတင်းနှစ်ပတ်လောက် ဖြတ်သန်းသွားတယ်။ ဂျော့ကတော့ သူအသတ်ခံရမလားလို့ ပူမနေဘူး။ ကျမ်းစာကျောင်းရဲ့ ကားဂိုထောင်ထဲမှာရှိနေတဲ့ သူ့အခန်းလေးကို ဂရပ်ဇ်တစ်ယောက် ရှာတွေ့နိုင်မယ် မထင်ဘူး။ အကျဉ်းထောင်မှာ ဖြစ်ခဲ့တဲ့ သူ့စွန့်စားခန်းကိုတောင် သတိရဖို့ ခက်ခက်ဖြစ်နေပြီ။
တစ်နေ့တော့ ဂလော်ရီယာစိန့်ပရဲယားနဲ့ ဂရပ်ဇ်နဲ့တွဲပြီး ထောင်ထဲက ထွက်လာတဲ့ပုံတစ်ပုံ သတင်းစာထဲမှာ တွေ့လိုက်ရတယ်။ ဂျော့တော့ သူ့မျက်လုံးတောင် သူမယုံနိုင်သေးဘူး။
ဒီလိုနဲ့ တစ်ညမှာတော့ မှုခင်းရေးရာစွယ်စုံကျမ်းကို သူဖတ်နေမိတယ်။ ဂလော်ရီယာစိန့်ပရဲယား လျှောက်လှမ်းဖို့ ရွေးချယ်တဲ့ဘ၀ကို နားလည်နိုင်ဖို့ သူ့ကို ဒီစွယ်စုံကျမ်းက ဘာများကူညီပေးနိုင်မလဲ သိချင်လို့ပဲ။ အကြောင်းအရာ အားလုံးပါဝင်အောင် ကြိုးစားထားတဲ့ စွယ်စုံကျမ်းထဲမှာ၊ လှပပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကောင်မလေးတစ်ယောက်ဟာ ရုပ်ဆိုးလောဘကြီးပြီး ရက်စက်တဲ့ယောက်ျားတစ်ယောက်ရဲ့လက်ထဲမှာ သူမဘ၀ကို ဘာလို့လွှင့်ပစ်ချင်ရတာလဲဆိုတဲ့ သူရှာနေတဲ့မေးခွန်းအကြောင်း အဖြေတစ်လုံးမှမပါဘူး။
အဲဒီအချိန်မှာပဲ တံခါးခေါက်သံထွက်လာတယ်။
ဂျော့ တံခါးဖွင့်လိုက်တော့ အပြင်မှာ သူမမြင်ဖူးတဲ့ လူငယ်နှစ်ယောက် ရပ်နေတာ တွေ့ရတယ်။ တစ်ယောက်က ဂျော့ရဲ့ နာမည်ကို ယဉ်ယဉ်ကျေးကျေး ခေါ်လိုက်ပြီး၊ ဆုတ်ဖြဲထားတဲ့ စီးကရက်ဗူးခွံတစ်ခုပေါ်ကနေ လိပ်စာကို အသံထွက်ဖတ်ပြနေတယ်။ ဒီစာရွက်ကတော့ ဂျော့ရဲ့ အထုပ္ပတ္တိ၊ "မစ္စတာဇက်၏ ရင်သပ်ရှုမော ဘ၀ဇာတ်လမ်း" ကို ဂလော်ရီယာ စရေးထားခဲ့တဲ့ စာရွက်ပိုင်းလေးပဲ။
မျက်စိတမှိတ်လေးအတွင်းမှာပဲ အဲဒီလူနှစ်ယောက်ဟာ သူ့အထဲက ကလီစာတွေ အပြင်ထွက်တော့မတတ် သူ့ကို စတင်ရိုက်နှက်ကြတော့တယ်။ တစ်ခါရိုက်တိုင်းလည်း ပါးစပ်ကနေ "ပါမောက္ခလားကွ" လို့ တစ်ခါခေါ်သေးတယ်။ ဒေါသတော့ လုံးဝထွက်နေပုံမရဘူး။
ဒါပေမဲ့ သူတို့လုပ်ရမယ့်အလုပ်ကို ကောင်းကောင်းသိပါတယ်။ နံရိုးလေးချောင်းကြိုး၊ ခြေကျင်းဝတ်နှစ်ချောင်းလည်၊ နားရွက်တစ်ဖက် စုတ်ပြတ်၊ မျက်လုံးတစ်လုံးပိတ်ပြီး ခေါင်းတစ်ခုလုံး အညိုအမည်းစွဲဒဏ်ရာတွေနဲ့ ဆေးရုံပေါ် ဂျော့ရောက်သွားတယ်။ နောက်တစ်နေ့နံနက်ကျတော့ ဂျော့ဟာ ဆေးရုံကုတင်ပေါ်မှာထိုင်ပြီး မိဘတွေဆီ စာတစ်စောင်ရေးဖို့ လုပ်နေတယ်။
"ချစ်တဲ့ ဖေဖေနဲ့ မေမေ
ကျွန်တော်အခု ဆေးရုံရောက်နေတယ်၊ ဒါပေမဲ့ စိတ်ပူစရာ မလိုပါဘူး"
ဒီထက်ပိုပြီး ဘာဆက်ရေးရမလဲ သူ မသိတော့ဘူး။
အဲဒီအချိန်မှာပဲ ပလက်တီနမ်ရောင်ဆံပင်နဲ့ နှင်တံလို တွဲလဲကျနေတဲ့ မျက်တောင်မွှေးတုကြီးတပ်ထားတဲ့ မိန်းကလေးတစ်ယောက် ၀င်လာတာ တွေ့လိုက်ရတယ်။ လက်ထဲမှာလည်း ပန်းအိုးတစ်လုံးကိုင်လာတယ်။ အပေါ်မှာတော့ "စုံထောက်ကျော်" ဆိုတဲ့ စာသားတစ်ခုပါတယ်။ သူမဆီက ဂိုဏ်းစတားတွေရဲ့ အသုဘအနံ့မျိုး ရနေတယ်။
သူမကတော့ ဂလော်ရီယာစိန့်ပရဲယားပဲ။ ဒါပေမဲ့ ဂျော့ကတော့ သူမကို မှတ်မိနိုင်စရာ အကြောင်းမရှိဘူး။ ဒီလိုအပြင်အဆင်မျိုးနဲ့ဆို ဘယ်သူမဆို ရုပ်ဖျက်သလို ဖြစ်သွားမှာပဲ။ သူမက လက်ဆောင်တွေနဲ့ လာတာတော့ဟုတ်တယ်၊ ဒါပေမဲ့ သနားတဲ့အရိပ်အယောင်တော့ အတူပါမလာဘူး။ ဂျော့ရဲ့ ဒဏ်ယာတွေကိုတော့ သူမ စိတ်ဝင်စားတယ်။ ဒါပေမဲ့ ဆေးပညာရှုထောင့်က စိတ်ဝင်စားပုံမျိုး။ လူတွေအညိုအမဲစွဲနေတဲ့ မြင်ကွင်းကို ကျင့်သားရနေမှန်း သိပ်သိသာတယ်။ ဒါပေမဲ့ ရုံသွင်းပြစားမယ်ဆိုရင်တော့ အဆင့်နိမ့်သေးတယ်ဆိုပြီး ဂျော့ကို သတ်မှတ်လိုက်တယ်။
"ရှင်က အေးအေးဆေးဆေးပါလား" လို့ ဂျော့ သူမ ဘယ်သူမှန်း သိတယ်အထင်နဲ့ ပြောတယ်။
"သေမှမသေသေးပဲကိုး။ အမှန်ပေါ့"
သူမက ခေါင်းတငြိမ့်ငြိမ့်လုပ်နေတယ်။
"တော်တယ်။ ကျွန်မထင်ထားတာထက် ရှင်ပိုတော်တယ်။ တကယ်ဆို ရှင် သေသွားဖို့ အလွယ်လေးပဲ။ ရှင် မသေတာ ကျွန်မ အံ့သြပါရဲ့"
"တစ်ခုလောက် မေးလို့ရမလားဗျာ" လို့ ဂျော့က ပြောလိုက်တယ်။
"လေးငါးဆယ်ခု ဆက်တိုက် ရှင် မေးတော့မှာ မဟုတ်လား" လို့သူမ ပြောတယ်။ နောက်ဆုံးတော့ ဂျော့လည်း သူမအသံကို မှတ်မိသွားတယ်။
နောက်ကို ပြန်လှဲချလိုက်ပြီး အကောင်းအတိုင်းကျန်တဲ့ သူ့မျက်လုံးတစ်ဖက်ကို ပိတ်လိုက်တယ်။
"ရှင့်အတွက် ပန်းပင်နဲ့ မဂ္ဂဇင်းစာအုပ် ယူလာတယ်"
"ကျေးဇူး" လို့ သူက ခပ်တိုတိုပြောတယ်။ သူက သူမကို ထွက်သွားစေချင်လှပြီ။ ပြောစရာစကားလည်း တစ်ခွန်းမှမရှိဘူး။ ဘယ်လောက်တောင် ရိုင်းစိုင်းပြီး ခင်မင်စရာမရှိတဲ့ ကောင်မလေးလဲ။ ဂျော့သူမ အကြောင်း စဉ်းစားကြည့်လို့တောင် မရဘူး။
"တခြားအပင်နဲ့ တခြားမဂ္ဂဇင်း လိုချင်တယ်ဆိုရင်လည်း ပြောပါ"
"ရပါတယ်" လို့ ဂျော့ကပြောတယ်။ ခေါင်းက တဆစ်ဆစ်ကိုက်လာပြီ။
"ရှင့်အတွက် စားစရာတစ်ခုခု ကျွန်မ ယူလာခဲ့ဦးမလို့ပဲ။ ဒါပေမဲ့ ရှင်က အရေးကြီးလူနာစာရင်းထဲ ရောက်နေတယ်ပြောလို့။ ဘာမှမစားသေးတာ ပိုကောင်းဦးမယ်နဲ့တူတယ်"
ဂျော့က မျက်လုံးဖွင့်ကြည့်လိုက်တယ်။ သူ့ကိုယ်သူ အရေးကြီးစာရင်းထဲရောက်နေတယ်လို့ ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ "အရေးကြီးလူနာ ဟုတ်လား" လို့ သူက မေးလိုက်တယ်။
"ရှင့် ညီမလို့သာ မပြောဘူးဆိုရင် သူတို့က ကျွန်မကို ဒီကိုတောင် ၀င်ခွင့်ပြုမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ တစ်ခုခုမှားသွားတာ နေမှာပါ။ ကျွန်မကြည့်ရတာတော့ ရှင့်ဒဏ်ရာတွေက ပြင်းထန်ပုံမရပါဘူး"
ဂျော့က သက်ပြင်းချဖို့ ကြိုးစားမိလိုက်တယ်။ ညည်းညူသံတစ်ခုပဲ ထွက်လာတယ်။ ခေါင်းတဆစ်ဆစ်ခဲနေတဲ့ ကြားထဲကပဲ ကြိုးစားပြီးပြောလိုက်တယ်။
"စာရင်းကို သူတို့ လျှောက်ရေးထားတာဖြစ်မယ်"
"ဒါတွေအားလုံးအတွက် ရှင်ကတော့ ကျွန်မကိုပဲ အပြစ်တင်မယ်ထင်တယ်။ ကျွန်မထင်တာတော့ ရှင့်စိတ်ကတော့ ဒီလိုပဲ အဖြေထုတ်မှာ"
"ဘာအဖြေမှတောင် မထုတ်နိုင်တော့ဘူး" လို့ ဂျော့က ပြောလိုက်တယ်။
"ကျွန်မ အခု ဒီကိုရောက်လာတာက ရှင့်အတွက် စိတ်မကောင်းဖြစ်ရလို့ပါ။ ဒါပေမဲ့ တောင်းပန်စရာတစ်ခုခုတော့ လုံးဝရှိမနေဘူးနော်။ ဒါကို ရှင့်ဘာသာရှင် တောင်းဆိုခဲ့တာ။ ဒီကိစ္စကနေ ရှင် သင်ခန်းစာတစ်ခုခုရနိုင်မယ် ထင်ပါတယ်။ သင်ယူစရာတိုင်းကို စာအုပ်ထဲမှာတွေချည်း ရေးထားတာမဟုတ်ဘူး"
"အခု အဲဒါကို ကျွန်တော်သိပါပြီ။ အခုလို လာပေးတဲ့အတွက်၊ လက်ဆောင်တွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စစိန့်ပရဲယား။ အခုလောလောဆယ်တော့ ကျွန်တော် တစ်မှေးလောက်အိပ်လိုက်တာ ပိုကောင်းမယ်ထင်တယ်"
ဂျော့က အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။ ဒါပေမဲ့ ဂလော်ရီယာကတော့ ထွက်မသွားဘူး။ သူမ သူနဲ့အနီးကပ်ဆုံးမှာ ရှိနေတယ်လို့ ဂျော့အနံ့ရနေတယ်။
"ကျွန်မ သူ့ကို လမ်းခွဲလိုက်ပြီ။ ကျွန်မပြောတာ ရှင်ကြားရဲ့လား" လို့ သူမက ပြောတယ်။
ဂျော့ကတော့ အိပ်ချင်ယောင်ဆက်ဆောင်နေတုန်းပဲ။
"ရှင့်ကို သူ ဘယ်လိုလုပ်လိုက်တယ်ဆိုတာ ကျွန်မ ကြားကြားချင်းပဲ ကျွန်မ သူ့ကို ထားခဲ့လိုက်ပြီ" လို့ သူမက ပြောတယ်။
ဂျော့ကတော့ အိပ်ချင်ယောင်ပဲ ဆက်ဆောင်နေတယ်။ ခဏအကြာမှာ ဂလော်ရီယာလည်း ထွက်ခွာသွားတယ်။
တေဇာ (လရောင်လမ်း)
Mr. Z by Kurt Vonnegut ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

Comments
Post a Comment