ဇာတ်လမ်းအစကတော့ ဘာပြဿ နာ မှ မရှိခဲ့တာပါ။
ဇာတ်လမ်းဆိုတာ ဘာကိုမှဆိုလိုချင်တာမဟုတ်ဘူးရှင့်၊ ကျွန်မအာရုံလာတဲ့အတိုင်း ပြောလိုက်မိတာ။ ဒီမှာ ကျွန်မပြောမယ်၊ အသက်လေးဆယ့်နှစ်နှစ်၊ ကလေးသုံးယောက်၊ ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင့်တာဝန်တွေယူထားရသူဆို ရှင်ရော စိတ်လှုပ်ရှားစရာကို ရှာဖွေမျှော်လင့်မိမှာပဲလား။ ရုတ်တရက် ကားဘရိတ်ကို အပြင်းနင်းချပြီး သွေးကျောအားလုံးထဲက ယီးးး…ဟလို့ ပေါက်ကွဲထွက်လာတဲ့ ပေါက်တက်ကရ စိတ်လှုပ်ရှားမှုမျိုး မဟုတ်ဘဲနဲ့လေ။
အခုနောက်ပိုင်းမှာ ယောက်ျားတွေကို ကျွန်မ သတိထားကြည့်နေခဲ့မိတာ အမှန်ပဲ။ အထူးသဖြင့်တော့ သူတို့ရဲ့ လက်မောင်းသားတွေပေါ့။ ဘာလို့လဲလို့တော့ ကျွန်မကို မမေးနဲ့၊ ယောက်ျားတွေရဲ့လက်မောင်းတွေကို ကျွန်မ ကြွေသွားတာ ရုတ်တရက်ကြီးဆိုသလို ဖြစ်လာတာ။ မိန်းကလေးတွေမှာ မရှိတဲ့ တံတောင်ဆစ်အောက်ပိုင်းက အမြောင်းမြောင်းထနေတဲ့ ကြွက်သားစိုင်တွေနဲ့ မွှေးညင်းပါးပါးလေးရှိနေတဲ့ လက်ဖျံတွေ။ ပြီးတော့ လေးထောင့်ကျပြီး လုပ်နိုင်ကိုင်နိုင်ရှိတဲ့ ယောက်ျားတွေရဲ့ လက်ဖ၀ါးတွေ။ အို.. ဒါတွေကို ကျွန်မ နေရာတကာမှာ မြင်နေရတယ်ရှင်။ စားသောက်ဆိုင်တွေ၊ ဓာတ်ဆီဆိုင်တွေ၊ သောက်တလွဲ စူပါမားကတ်တွေက လူသွားလမ်းအဆုံး၊ ဘုရားရေ.. မမြင်ချင်မှအဆုံးပေါ့။ လူထူထူနေရာတစ်ခုမှာ ကျွန်မ စိတ်ထ, နေမိမှန်း ကိုယ့်ကိုယ်ကိုယ်ပြန်သိရတာ ရှက်တော့ရှက်စရာပါ။
ဒါဟာ ခပ်ငယ်ငယ်ကောင်လေးတွေအပေါ်ပဲ ဖြစ်သလားဆိုတော့ ဘယ်ကလာဟုတ်ရမှာလဲ။ ဘဲကြီးတွေကိုလည်း ကျွန်မကတော့ လိုက်ကြည့်မိတာပဲ။ ဘယ်မိန်းမမှ ငါ့ကိုမကြည့်တော့ဘူးလို့ အတွေးဝင်ချင်ဝင်နေနိုင်တဲ့ လေးဆယ်ကျော်၊ ငါးဆယ်ကျော် ဘဲကြီးတွေပေါ့။ များသောအားဖြင့်တော့ အမွှေးအမျှင်တွေ ထူထူထဲထဲ ကျန်နေသေးပြီး ခပ်ကြမ်းကြမ်း မျက်နှာကျနဲ့ လူကြီးတွေကို ကျွန်မ သဘောကျတယ်။ ငါစွမ်းသေးတယ်ဆိုတဲ့ ဂိုက်လေ၊ သိတယ်မဟုတ်လား။ ပြီးတော့ ကြက်တောင်စည်းရောပဲ၊ ဘဲကြီးတစ်ယောက်ယောက်ရဲ့ခေါင်းပေါ်မှာ တွေ့တယ်ဆိုရင် ကျွန်မ အာရုံကို ဖမ်းစားတော့တာပဲ။ ဒါကတော့ ငါ ရ,သေးတယ်ဆိုတဲ့အထာနဲ့ ဘဲပဲလို့ ကျွန်မ တွေးကြည့်မိတယ်။ မှားချင်လည်း မှားမှာပေါ့ရှင်၊ ဆံပင်ညှပ်ဆိုင်သွားရမှာ ပျင်းတဲ့လူစားမျိုးလည်း ဖြစ်ချင်ဖြစ်နေမှာ၊ ထားပါတော့။
ဘာပဲဖြစ်ဖြစ်လေ ကျွန်မက အဲဒီကော်ဖီဆိုင်မှာ ရော်ဘင်ဟမ္မလေစာအုပ်ကို ထိုင်ဖတ်နေမိရင်း အသံကျယ်ကျယ်နဲ့ ထရယ်မိသွားတယ်။ တစ်ယောက်ယောက်များ ကြားသွားလားလို့ ဘေးဘီကို အကဲခတ်ကြည့်တော့ ဘဲတစ်ပွေက ကျွန်မကို ပြုံးပြီးကြည့်နေတာ မြင်လိုက်ရတယ်။ ခပ်ချောချော ဘဲပဲ။ သူက ကော်ဖီဆိုင်ရဲ့ ထိုင်ခုံတွေထဲကတစ်ခုံမှာ ထိုင်နေတာ၊ မဂ္ဂဇင်းတစ်အုပ်ကို ဖတ်နေတယ်။ အံမာ မဂ္ဂဇင်းဆိုလို့ မော်တော်ဆိုင်ကယ်အကြောင်း၊ ကွန်ပြူတာအကြောင်း၊ ဖျော်ဖြေရေးအကြောင်းရေးထားတဲ့ ပေါပေါပဲပဲမဂ္ဂဇင်းမဟုတ်ဘူးရှင့်။ သူက နယူးယော့ခ်ကာ မဂ္ဂဇင်းဖတ်နေတာ။ စာတတ်ပေတတ် ဘဲပဲ၊ ကြွေဇလုံထဲ ခေါင်းနှစ်ငိုမယ့် လူစားမျိုးပဲ။
ကျွန်မ သူ့ကို အပြုံးခပ်စစလေး ကျွေးလိုက်တယ်။ စာအုပ်ကို ပြန်ဖတ်ရင်း ကျွန်မကိုယ်ဟန်ကို ပြင်လိုက်တယ်၊ ခြေထောက်တွေကို ချိတ်တယ်၊ ခါးကို မဆိုစလောက်လေး မတ်လိုက်တယ်။ ကျွန်မအဒေါ်ပြောလေ့ရှိသလိုပေါ့၊ မုဆိုးတွေဟာ မားမားမတ်မတ်ပဲဆိုတာလေ။ ကျွန်မလက်ပေါ်မှာ မေ့စေ့လေးကို တင်ပြီး လည်တိုင်ကို ခပ်ကွေးကွေးလေးထားလိုက်တယ်။ ဒါဟာ “ရှင့်ကို ကျွန်မ စိတ်ဝင်စားတယ်” ဆိုတဲ့ ကိုယ်ခန္ဓာဘာသာစကား၊ ဒါမှမဟုတ်ရင်လည်း အဲဒီလို ခပ်ဆင်ဆင်တစ်ခုပေါ့။ အဲဒီအချိန်မှာပဲ ရှေ့နားက ကော်ဖီသောက်နေတဲ့တစ်ယောက်က ကော်ဖီခွက်မှောက်ကျသွားလို့ အောက်မှာပွစာကျဲသွားတယ်၊ လင်ပန်းက ကြမ်းပြင်ပေါ်မှာ တဖျပ်ဖျပ် ရိုက်နေတယ်။ ကျွန်မလည်း အခွင့်ရေးကို လက်လွတ်မခံဘဲ “ကိုလူချော” ဆီ ဖျပ်ခနဲ လှမ်းကြည့်လိုက်တော့ ကိုယ်တော်ချောကလည်း ကျွန်မကို ကြည့်နေတယ်ရှင့်။ ပြီးတော့လား၊ နတ်ကောင်းမတယ် ပြောမလားမသိဘူး၊ ကျွန်မ သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်နိုင်တယ်။
တကယ့်ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်မိရုံလေးပါပဲ၊ သူက အဲဒီမှာရှိနေတယ် ကျွန်မက ဒီမှာရှိနေတယ်ဆိုတာကို အသိအမှတ်ပြုမိကြရုံလောက်၊ ပြီးတော့ ကျွန်မတို့အဖြစ်ရဲ့ ရယ်စရာကောင်းပုံကို ကျွန်မတို့နှစ်ယောက်စလုံး ခံစားမိကြောင်း အသိအမှတ်ပြုမိရုံလောက်ပေါ့ရှင်။ နှစ်ယောက်လုံး နည်းနည်းတော့ ရယ်ချင်ရဲ့လက်တို့ ဖြစ်ချင်ဖြစ်နေမလား မပြောတတ်ဘူး၊ နှစ်ယောက်ကြားမှာ ပတ်သက်မှုကလေးတစ်ခုတော့ ရှိသွားကြပြီပေါ့။ အခြေအနေက အဲဒီလောက်လေးပါပဲရှင်၊ ဘုရားစူးရပါစေရဲ့။
တကယ်တော့ အဲဒီလောက်နဲ့တင် လုံလောက်ပြီမဟုတ်ဘူးလား။
[ ၂ ]
ဒါပေမဲ့ နောက်ခဏအကြာမှာတော့ သူ့ကော်ဖီခွက်နဲ့ နယူးယော့ခ်ကာမဂ္ဂဇင်းကို ယူပြီး သူ ကျွန်မဆီကို ရောက်လာပါလေရော။ မျက်ခုံးလေးပင့်ပြီး ကျွန်မနဲ့အတူ ကော်ဖီသောက်ခွင့်ရှိမလားမေးတော့ မယုံနိုင်စရာအဖြစ်ပါလားလို့ တွေးရင်းပဲ ကျွန်မ ခေါင်းကို တဆတ်ဆတ်ငြိမ့်နေလိုက်မိတယ်။ သူက ကျွန်မဖတ်နေတဲ့ စာအုပ်အကြောင်းမေးတော့ ကျွန်မလည်း သူဖတ်နေတဲ့ မဂ္ဂဇင်းအကြောင်း ပြန်မေးမိတာပေါ့။ ကျွန်မက စာရေးဆရာမတစ်ယောက်ပါလို့ ကိုယ့်ကိုယ်ကိုယ် ခပ်ရိုးရိုးပဲပြောလိုက်တော့ သူကလည်း သာမန်ကာလျှံကာပဲ ကျွန်တော်က ဂီတသမားတစ်ယောက်ပါလို့ သူ့ကိုယ်သူ မိတ်ဆက်တယ်လေ။ ကျွန်မတို့နှစ်ယောက်ဟာ တကယ်တမ်းမှာ စာအုပ်ဆိုင်ပိုင်ရှင်တစ်ဦးနဲ့ နည်းပညာရှင်တစ်ယောက် ဖြစ်နေတယ်ဆိုရင်တောင် ကိုယ့်ကို ထမင်းကျွေးနေတဲ့အလုပ်ကိုပြောပြီး မိတ်ဆက်နေကြတာမဟုတ်မှန်း နှစ်ယောက်စလုံး နားလည်ထားပြီးသားပဲလေ။ ကျွန်မနာမည် သူ့ကိုပြောတော့ သူ့နာမည်လည်း ကျွန်မကို ပြန်ပြောတယ်။ အထွေအထူးတော့မဟုတ်ဘူး၊ ကျွန်မ အမြဲတမ်းသဘောကျခဲ့တဲ့ နာမည်တစ်ခုကို သူ့ကိုပြောလိုက်တာပါပဲ။ အဖြူ၊ မီးခိုး၊ အမဲရောစပ်နေတဲ့ လှိုင်းတွန့်ဆံပင်တစ်စွန်းတစ သူ့ ရှပ်အကျီကော်လံအောက်က ထွက်နေတာ တွေ့ရတယ်။ သူ့မျက်လုံးရဲ့ ထောင့်စွန်းတွေမှာ အရေးကြောင်းလေးတွေရှိနေပြီး တံတောင်ထောက်ထားတဲ့ သူ့လက်ဖျံက ပျော့ပျော့ပြောင်းပြောင်းပါပဲ။ သူက လေသံခပ်တိုးတိုးနဲ့ပဲ စကားပြောလို့ ကျွန်မက ခေါင်းကိုရှေ့တိုးပြီး နားထောင်ယူရတယ်။ ကျွန်မ ပါးချိုင့်တွေကို မြင်စေချင်တာနဲ့ သူ့ကိုပြုံးပြလိုက်တယ်၊ ကျွန်မပါးစပ်က ကော်ဖီနံ့ထွက်မနေဘူးလို့တော့ မျှော်လင့်မိတာပဲ၊ ကျွန်မတို့ စကားဆက်ပြောကြတယ်။ စာအုပ်၊ ဂီတနဲ့ ပြဇာတ်အကြောင်းတွေပေါ့။ ဒီမြို့မှာတော့ ကားရပ်စရာနေရာတစ်ခုရဖို့ မဖြစ်နိုင်တဲ့အကြောင်းနဲ့ သောက်မြင်ကပ်ဖို့ကောင်းလောက်အောင် ယာဉ်ကြောပိတ်တဲ့အကြောင်း။ သူက တောင်ပန်းခြံနားမှာ နေတယ်လို့ သူ့ကိုယ်သူညွှန်းတော့ ကျွန်မလည်း တက္ကသိုလ်အကျော်လေးမှာ နေတယ်လို့ ပြန်ညွှန်းလိုက်တယ်။ သိပ်မကြာခင်မှာပဲ ကျွန်မတို့ ကော်ဖီတွေလည်း အေးသွားတယ်၊ အခုလောက်ဆိုရင် တစ်နာရီဝန်းကျင်လောက် အချိန်ဖြုန်းပြီးကြပြီပေါ့။
ဒါ ကျွန်မပြန်သင့်တဲ့ အချိန်ပါပဲ၊ သူက ကျွန်မကားအထိ လမ်းလျှောက်ပြီးလိုက်လာတယ်။ တော်ပါသေးရဲ့၊ ကားရှေ့ခုံပေါ်မှာ စုံစီနဖာဟမ်ဘာဂါဆိုတဲ့ မက်ဂ်ဒေါ်နယ်ကြော်ငြာကြီး ကပ်မထားဘဲ သန့်ရှင်းနေပေလို့ပဲ။ ဒါနဲ့ လာမယ့်သောကြာနေ့ကျရင် ကိုယ် ကဗျာရွတ်ပြိုင်ပွဲတစ်ခု သွားတက်ဖို့ရှိတယ်လို့ သူက ကျွန်မကို ပြောတယ်။ သူ့ သူငယ်ချင်းတစ်ယောက်က အဲဒီမှာ ကဗျာဆရာတချို့အတွက် ပလွေမှုတ်မှာတဲ့လေ။ ဒါနဲ့ ကျွန်မက ကဗျာရွတ်ပြိုင်ပွဲကို တစ်ခါမှမရောက်ဘူးပါဘူးလို့ ပြောလိုက်တော့ သူက တက်ကြည့်ပါလားလို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်မလည်း တက်ဖြစ်မလားမသိဘူးလို့ ပြောလိုက်ပြီး ကားကို မောင်းထွက်လာခဲ့လိုက်တယ်၊ စတီယာရင်ကို ကိုင်ထားတဲ့ ကျွန်မလက်တွေကတော့ ချွေးစေတွေပျံလို့ပါပဲ။
[ ၃ ]
ကျွန်မယောက်ျားအပေါ်မှာ မကျေနပ်ချက် တစ်ခုမှမရှိဘူးဆိုတာကိုတော့ ရှင်တို့ သဘောပေါက်ထားမှရမှာ။ သူက ချစ်တတ်တယ်၊ တွေးတွေးဆဆ ရှိတယ်၊ ဆွဲဆောင်မှုရှိတယ်၊ ခြေအိတ်တွေချွတ်ပြီးရင် သူ့ဘာသာ ပြန်ကောက်တယ်၊ ပြီးတော့ အိမ်သာခွက်အဖုံးကိုလည်း ပြန်ပိတ်တတ်တဲ့ ယောက်ျားမျိုးပါ။ ဒါပေမဲ့လည်းပေါ့လေ၊ သောကြာနေ့ညမှာတော့ အဲဒီ သောက်တလွဲကဗျာရွတ်ပြိုင်ပွဲကို ကျွန်မ ရောက်သွားခဲ့ပါရဲ့။ သူတို့ရွတ်နေတာတွေကို စိတ်ဝင်စားပုံပေါက်အောင် ကြိုးစားနေပေမယ့် တကယ်ကတော့ ကျွန်မမျက်လုံးတွေက “ကိုလူချော” ကို ကျိတ်ရှာနေမိတာ။ သူ့ကို မတွေ့တာနဲ့ ကျွန်မလည်း အရူးလုပ်ခံရတယ်လို့ ခံစားလာမိတယ်၊ ဒါနဲ့ ကျွန်မလည်း ချက်ချင်း ထပြန်ခဲ့တော့မလို့ပဲ၊ (ဒါ ကျွန်မ တကယ်ပြောတာပါရှင်၊ ငါးမိနစ်ပဲထပ်စောင့်တော့မယ်လို့ ဆုံးဖြတ်ထားတာ) အဲဒီအချိန်မှာပဲ သူ အထဲကို ၀င်လာတယ်၊ ကျွန်မကို မျက်စိမှိတ်ပြရင်းနဲ့ပေါ့။
နေရာကတော့ လူတွေအုန်းအုန်းထပြီး ဆူညံနေတာပါပဲ၊ လူတွေက တစ်ယောက်ကိုတစ်ယောက် စကားလှမ်းပြောနေကြတယ်၊ အီတလီခေါက်ဆွဲအကြောင်း ဖွဲ့နွဲ့ထားတဲ့ ကဗျာကို အာဂေါင်ခြစ်အော်နေတဲ့ မရမ်းစေ့ရောင်ဆံပင်, ခြေစွပ်တွေနဲ့ အမျိုးသမီးကိုတော့ ရှိတယ်လို့တောင် ထင်ပုံမရဘူး။ ဒါနဲ့ သူက ကျွန်မ တံတောင်ကို ဆွဲယူလိုက်ပြီး နည်းနည်းပိုပြီး တိတ်ဆိတ်တဲ့ ထောင့်တစ်ခုကို ခေါ်သွားတယ်။ ကျွန်မလက်မောင်းဆီကနေ ကြောက်စိတ်လေးသဲ့သဲ့ ထိုးတက်လာတယ်လို့ ခံစားရတယ်။ ဒီနေရာကနေ ထွက်သွားချင်လားလို့ သူကမေးတော့ ကျွန်မလည်း ခေါင်းညိတ်ပြလိုက်မိတယ်ပေါ့။ ပြီးတော့ ရုတ်တရက်ဆိုသလိုပဲ ကျွန်မဒူးတွေ ညွတ်ကျသွားသလိုပဲ ခံစားရတယ်။ လမ်းလျှောက်လိုက်ရင် အနောက်ဘက်ကို ယိုင်နေမှာတောင် ကျွန်မ ကြောက်မိတယ်။ အဲဒီလိုသာဆို ပုံပန်းမကျဖြစ်နေမှာပဲ၊ ဘယ်လိုမှ ဆွဲဆောင်မှုရှိမှာမဟုတ်ဘူးလေ။
ကျွန်မ စိတ်ကို သက်သာရာရအောင် လျှော့ချထားလိုက်ပြီး ကားထဲကိုဝင်လိုက်တယ်၊ ပြီးတော့ ဘားတစ်ခုဆီကို သူ့ကားနောက်ကနေ မောင်းပြီး လိုက်သွားမိတယ်။ ဘားက တိတ်တိတ်ဆိတ်ဆိတ်နဲ့ မီးရောင်မှိန်မှိန်လေးထွန်းထားပြီး ခေတ်ဟောင်းသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်တီးခတ်နေတဲ့ ဂီတာဝိုင်းတစ်ဝိုင်းလည်း ရှိတယ်။ ကျွန်မတို့ စကားပြောပြီးတော့ ကကြတယ်၊ သူ့လက်တွေကတော့ ကျွန်မ ခါးနားတစ်ဝိုက်မှာ တရစ်ဝဲ၀ဲနဲ့ပေါ့၊ အရင်က အမြဲတမ်းဆိုသလို မီးဖိုချောင်အ၀တ်စ ပတ်ထားတဲ့၊ ကလေးတွေရဲ့ အငြိမ်မနေတဲ့ခြေထောက်တွေ တတောက်တောက်ရိုက်နေတတ်တဲ့၊ ကျွန်မယောက်ျားရဲ့ လက်တွေ ရှိနေတတ်တဲ့ ကျွန်မ ခါးပဲပေါ့။ ကျွန်မယောက်ျားရဲ့ ခပ်ညိုညိုလက်ကလည်း ပြေပြစ်တဲ့အမွှေးအမျှင်တွေနဲ့ ကျစ်လစ်တဲ့ ကြွက်သားတွေ ရှိပါတယ်။ ထားပါ ဒီအကြောင်းကိုတော့ ကျွန်မ လောလောဆယ် မစဉ်းစားချင်ပါဘူး၊ “ကိုလူချော” ရော ကျွန်မရော နှစ်ယောက်စလုံး လက်ထပ်လက်စွပ်တွေ ကိုယ်စီနဲ့ဆိုတာကို သတိမထားမိသယောင် ကြိုးစားနေရသလိုပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ဒါဟာ လူမြင်ကွင်းမှာ လုပ်နေတဲ့ သွေးပူလေ့ကျင့်ခန်း တစ်ခုလောက်ပါပဲ၊ တခြားအထွေအထူး မဟုတ်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာအောင် လှည့်ဖျားလိုက်, မလှည့်ဖျားလိုက် ဖြစ်နေလို့ပါပဲ။
ရှင်တို့သိရဲ့လား၊ အသက်လေးဆယ်ကျော်မှ လူမြင်ကွင်းထဲရောက်နေရတာပါလားလို့ ကျွန်မခံစားနေရတာရှင့်။ အို ရှင်က ဒီမှာရှိနေသေးတယ်လေ၊ လူတွေကလည်း ရှင့်ကို မြင်နေရတယ်၊ ဒါပေမဲ့ သူတို့ ရှင့်ကို တကယ်မမြင်ပါဘူး။ သူတို့မြင်နေရတာက အရွယ်ရောက်ပြီး သမီးတစ်ယောက် ရှိနေတဲ့ လူတစ်ယောက်၊ အဲဒီ သမီးရဲ့ အမေဟာ ကလေးလေးတစ်ယောက်ပြန်ဖြစ်ပြီး နေရာတကာတွေ့သမျှပစ္စည်း ဆွဲချခွင့်ရှိနေသလိုမျိုးပေါ့။ ဆန္ဒတွေ၊ သံသယတွေနဲ့ မပြည့်ဝခဲ့တဲ့ အုံ့ပုန်းတမ်းတမှုတွေတောင် မရှိတဲ့လူတစ်ယောက်ရယ်လို့ သူတို့အမြင်မှာ ဖြစ်နေမလား မပြောတတ်တော့ဘူး။ ဘုရားစူးရှိနေသေးတဲ့ လူတစ်ယောက်၊ အများတကာရဲ့ သတိပြုမှုရေဒါထဲမှာ မပေါ်တော့တဲ့လူတစ်ယောက် ဖြစ်ချင်ဖြစ်နေမှာ။
[ ၄ ]
ငါကျန်သေးတယ်ဆိုတဲ့ ဟန်အပြည့်ရှိနေတဲ့ “ကိုလူစွမ်း” ကို ကျွန်မ ခပ်ကြာကြာလေးကြည့်လိုက်တော့ ရော့ခ်န်ရိုးတေးသွားကိုလည်း သူကြိုက်နေသေးပါလားဆိုတာ မြင်လိုက်ရတယ်။ တက်မကို နိုင်နိုင်နင်းနင်း ကိုင်နိုင်သေးတဲ့ မာလိန်မှူးကြီးဖြစ်နေဆဲပါလားဆိုတာ သိလိုက်ရတယ်။ အင်း.. သူ့ထက်ငယ်တဲ့ မိန်းမတစ်ယောက်အမြင်မှာ သူဘယ်လိုများ ဖြစ်နေပါ့မလဲဆိုတဲ့ စိုးရိမ်မှုသဲ့သဲ့ကိုလည်း မြင်လိုက်ရတာပေါ့။ ဒါက ကျွန်မ သူ့အပေါ်ဖြစ်နေသလိုမျိုးပါပဲ။ ဒါနဲ့ပဲ ကျွန်မလည်း ပြုံးလိုက်ပြီး အီစီကလီလေးတွေ စပြောလိုက်တော့ သူကလည်း ပြန်ပြီး အီစီကလီပြောတယ်၊ တကယ့်ကို အလာကြီးပဲရှင်။ ကျွန်မတို့ က, နေရင်းပဲ အခြားလူတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်နေရတာဟာ ဘယ်လောက်ထူးဆန်းလိုက်သလဲလို့ စဉ်းစားနေမိတယ်။ ကျွန်မယောက်ျားထက် နည်းနည်းပို အရပ်မြင့်ပြီးတောင့်တင်းတဲ့ အခြားယောက်ျားတစ်ယောက်၊ ပြီးတော့ အသံ၊ နှုတ်ခမ်းတွေနဲ့ မျက်လုံးတွေ မတူတဲ့ ယောက်ျားတစ်ယောက်ပေါ့။
အခုလိုမျိုးနေရတာ ကျွန်မတကယ့်ကို တမျိုးကြီးခံစားရတယ်၊ ပြီးတော့ သူ ကျွန်မကို နမ်းတော့ ပိုဆိုးလာတယ်။ အခုလို ကပွဲရဲ့ အလယ်တည့်တည့်ကြီးမှာလေ။ တခြားယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကို နှစ်နှစ်ဆယ်ကျော်အတွင်း ကျွန်မ တစ်ခါမှ မနမ်းခဲ့ဖူးဘူး၊ အခုတော့ သူ့နှုတ်ခမ်းတွေက ကျွန်မအပေါ်မှာ၊ ခြားနားတဲ့ အထိအတွေ့၊ အရသာနဲ့ လှုပ်ရှားမှုတွေနဲ့ပေါ့။ အဲဒါတွေထက်ကို ဒါဟာတကယ်ဖြစ်နေတယ်ဆိုတဲ့ အသိက ကျွန်မကို ပိုပြီးတုန်လှုပ်စေတယ်၊ ငါဒီမှာ တကယ်ရှိနေပြီး ဒီအလုပ်ကို တကယ်လုပ်နေပါလားဆိုတဲ့ အသိပေါ့။
ကျွန်မ စပြီး တဆတ်ဆတ်တုန်လှုပ်လာတယ်၊ ဂစ်တာကြိုးညှိတဲ့ ခက်ရင်းခွတစ်ခုလိုပဲ။ သူအနမ်းပေးကောင်းလိုက်ပုံများ ကျွန်မပြီးချင်ချင်တောင်ဖြစ်နေပြီလို့ သူ ထင်ချင်ထင်သွားမတတ်ပါပဲရှင်။ ဘယ်ကလာ၊ တကယ်တော့ ပြီးဖို့ဆိုတာ ရပ်ကွက်သုံးခုစာလောက် ခြားသေးတာပေါ့။ အမှန်က ကျွန်မမှာ ကြောက်စိတ်နဲ့ တုန်လှုပ်နေတာပါ၊ ဘာကြောင့်လဲဆိုတော့ နမ်းနေတာထက်ပိုပြီး ခရီးတော်တော်ပေါက်အောင်အထိ ကျွန်မစဉ်းစားနေမိမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားလိုက်မိလို့ပါပဲ၊ အဲဒီအတွေးကြောင့် ကျွန်မမှာ လိပ်ပြာလွင့်သွားမတတ်ပဲ။
သူက ခပ်ဖွဖွ ရယ်တယ်၊ စိတ်ကျေနပ်သွားတဲ့သဘောမျိုး ညင်ညင်သာသာလေး။ ကျွန်မကတော့ လက်သည်းဖျားအထိရောက်အောင် အရှက်ပိုသွားမိတယ်။ ပြီးတော့ စားပွဲဆီကို ပြန်လာခဲ့ကြတယ်။ သူက ကျွန်မကို ကြည့်နေတယ်ရှင်။ ကျွန်မစိတ်ထဲမှာလား၊ ဒါပေါ့ ရှင်,ကျွန်မကို ကြည့်ရမှာပေါ့။ ကျွန်မက ပျော်စရာတွေအားလုံးကို နောက်မှာချန်ထားပြီး အိုပစ်လိုက်ဖို့ အဆင့်သင့်မဖြစ်သေးဘူးဆိုတာ ရှင်တွေ့ပြီမဟုတ်လား၊ ကျွန်မက က,ရင် ဗြောင်းဆန်နေချင်တာ၊ လမ်းလျှောက်ရင် ငြိမ့်နေချင်တာ။ ယောက်ျားတစ်ယောက် ကျွန်မကိုကြည့်ပြီး စိတ်ထဲမှာ ယီးးးးးးဟ လို့ မြည်သွားတာကို လိုချင်တာ။
အဲဒီနောက်မှာတော့ ဒါကြောင့်ပဲ လူတွေ နောက်မီး စ, လင်းကြတာနေမှာလို့ ကျွန်မ အတွေးဝင်စပြုလာတယ်။ အခြားတစ်ယောက်မျက်ဝန်းက ထွက်ကျလာတဲ့ နွေးထွေးတဲ့အလင်းရောင်ကို ရဖို့။ ငါဘာကောင်လဲဆိုတာကို အမြဲသတိရနေစေဖို့နဲ့၊ အခြားလူတွေကိုယ့်ကို မြင်နေသလို သုံးစားမရတော့တဲ့ လူစားမျိုး မဖြစ်စေဖို့။ နောက်တော့ ကိုယ်ဘာဆိုတာ ကိုယ့်ဘာသာသိနေရတဲ့ အဖြစ်ကို နည်းနည်းပဲဖြစ်ဖြစ် ထစ်ငေါ့ပစ်ဖို့ပေါ့။
[ ၅ ]
အဲဒီနောက်မှာတော့ ကျွန်မသူ့ကို ကြည့်မိတယ်။ ကျွန်မလိုပဲ လူမြင်ကွင်းက ပျောက်ကွယ်သွားရမှာ ကြောက်ရွံ့နေတဲ့ ယောက်ျားတစ်ယောက်ကို ကျွန်မ မြင်ရတယ်လေ။ ဒါမှမဟုတ် ယောက်ျားတစ်ယောက်အဖြစ်က ပြုတ်ကျလုဆဲဆဲ အစွန်းတစ်ဖက်က အတိတ်ဟောင်းတစ်ခုအဖြစ် အမြင်ခံရမှာ၊ ကုန်သွားပြီလို့ အထင်ခံရမှာ ကြောက်ရွံ့မှုမျိုးပေါ့။ ဒီလိုဆိုတော့လည်း ကျွန်မက စားပွဲပေါ်ကိုဖြတ်ပြီး သူ့လက် (ယောက်ျားပီသတဲ့လက်၊ ကျယ်ပြန့်သွယ်လျတဲ့ စက်ပြင်ဆရာလက်မျိုးပါပဲ) ကို လှမ်းကိုင်လိုက်မိတယ်ရှင်။ သူ့လက်ကောက်ဝတ်ကို ကျွန်မ ပွတ်ပေးလိုက်မိတယ်၊ တကယ်တော့ ရှင်ဟာ ကျွန်မ သွားရည်ယိုစေလောက်တဲ့အထိ အတော်လေး ဆွဲဆောင်မှုရှိပါတယ်လို့ အသံတိတ်နှစ်သိမ့် အသိပေးလိုက်တဲ့ သဘောပေါ့။ ကျွန်မတစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ အလုပ်တွေအကြောင်းကို ကျွန်မစဉ်းစားနေမိတယ်၊ ပြီးတော့ ကျွန်မ ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်တဲ့ အရာတွေကိုရောပေါ့။ ငါသိပ်နောက်ကျသွားပြီလားလို့ အတွေးဝင်လိုက်မိပါတယ်။
အင်အားပြင်းထန်တဲ့ စွမ်းအင်လှိုင်းတစ်ခု ကျွန်မဆီကို ဖြတ်စီးသွားတယ်၊ ကျွန်မရဲ့ နှုတ်ခမ်းတွေကစလို့ ပြည့်ဝပူနွေးလာစေပြီတဲ့နောက်မှာ၊ လာစမ်း.. ငါ့ရဲ့ လတ်ဆတ်တဲ့ အသွေးအသားအသစ်တစ်ခု ရတော့မယ့်အချိန်ပဲလို့ ကျွန်မ တွေးလိုက်မိတယ်။ ဒါပေမယ့် ဒါဟာ လတ်ဆတ်တဲ့ အသွေးအသားတစ်ခုတော့ ဘယ်ဟုတ်ပါ့မလဲ။ တကယ်တော့ ဒါဟာ ကျွန်မ ဘာကိုမှလုပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့ အသေအချာသိလိုက်ရတဲ့ နားလည်မှုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မဘ၀မှာ လုပ်ချင်တဲ့အရာတွေအများကြီးထဲမှာ ဒီလိုအလုပ်မျိုးဟာ စာရင်းမှ မရှိခဲ့ပဲရှင်။
ကျွန်မက ငါအိပ်မက်မက်နေတာလားဆိုတဲ့ အထာနဲ့ အံ့အားသင့်နေတဲ့ “ကိုအိပ်မက်” ရဲ့ ပါးပြင်ကို ဖျပ်ခနဲ အနမ်းပေးလိုက်တယ်။ ကျွန်မကိုယ်တိုင်လည်း အတော်အတန်ကြာတဲ့အထိ သူ့အကြောင်းကို ရော်ရမ်းတမ်းတနေဦးမှာပါပဲ၊ ငါ့ကို သူ အပြစ်ကျူးလွန်စေခဲ့သင့်တာဆိုတဲ့ အတွေးတွေနဲ့ ကစားရင်းနဲ့ပေါ့။ ပြီးတော့ ကျွန်မ စိတ်တွေ အလွယ်တကူ နိုးကြွမလာနိုင်တဲ့ နေ့တွေအတွက် သူ့ အနမ်းကို မှတ်ညဏ်ထဲမှာ သေသေချာချာ သိမ်းဆည်းထားဦးမှာပေါ့ရှင်။ ကားကို အိမ်ပြန်မောင်းလာပြီးတော့ ကားထဲကမထွက်သေးဘဲ ကျွန်မ ခဏဆက်ထိုင်နေမိတယ်။ ကျွန်မတို့ အိပ်ခန်းကလေးရဲ့ ပြတင်းပေါက်က ဖြာကျနေတဲ့ မီးရောင်ကို ကြည့်ရင်းနဲ့ပေါ့။
ရှင်သိရဲ့လား၊ တစ်ခါတလေမှာ မျက်စိကလေးတစ်ဖက် မှိတ်လိုက်တာဟာ တကယ်တော့ အာရုံကြောချို့ယွင်းမှု တစ်ခုမျှလောက်ပဲ။ ဦးတည်ရာလွဲသွားတဲ့ နျူယွန်လေးတစ်ခုရဲ့ အမှားကြောင့် တွန့်လိမ်သွားတဲ့ ကြွက်သားစတွေက ရုတ်တရက် တဖျပ်ဖျပ် ခတ်လိုက်တာပါပဲရှင်။ နျူယွန်နဲ့ ကြွက်သားကြားက မတော်တဆမှုတစ်ခုဟာ ချွတ်ချော်မှုဖြစ်သွားစေတာပါ။ ကြွက်သွားတွေဟာ တစ်စုံတစ်ခု ဖျပ်ခနဲဖြစ်ပေါ်လာစေဖို့ တွန့်လိမ်သွားခဲ့တယ်၊ ပြီးတော့လည်း ပြန်လည်ပြေလျော့သွားကြပါတယ်။ နောက်ဆုံးတော့ အရာရာဟာ ပုံမှန်အနေအထားကို ပြန်ရောက်သွားတော့တာပါပဲလေ။ ဒီတိုင်းပဲ ဖြစ်သင့်တယ်လို့ ကျွန်မကတော့ ယူဆတယ်။ ဒါဖြစ်တတ်တဲ့ ပုံစံပဲလေ၊ ဒါဟာ ဂီတသံစဉ်တစ်ခုကို အကောင်းဆုံး တီးခတ်သွားတဲ့ ပုံစံပဲပေါ့။
တေဇာ (လရောင်လမ်း)
After the Wink by Carolyn Steele Agosta ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Comments
Post a Comment