Skip to main content

သာတူညီမျှကမ္ဘာ (Harrison Bergeron)

အချိန်က ၂၀၈၁ ခုနှစ်။ နောက်ဆုံးမှာတော့ လူတိုင်းသာတူညီမျှ ဖြစ်လာခဲ့ပြီ။ ဘုရားသခင်နဲ့ ဥပဒေရှေ့မှောက်မှာတင် မဟုတ်၊ အရာအားလုံးမှာ သာတူညီမျှ ဖြစ်လာခဲ့ကြပါပြီ။
ဘယ်သူကမှ ဘယ်သူ့ထက် ပိုပြီးမထက်မြက်ဘူး၊ ဘယ်သူကမှ ဘယ်သူ့ထက်ပိုပြီး ကြည့်ပျော်ရှုပျော်မဖြစ်ဘူး၊ ဘယ်သူကမှ ဘယ်သူ့ထက်ပိုပြီး သန်မာမြန်ဆန်မှု မရှိဘူး၊ အရာအားလုံး တန်းတူညီမျှ။
ဒီလို သာတူညီမျှဖြစ်လာရတာကလည်း ဖွဲ့စည်းပုံဥပဒေကို ၂၁၁ ကြိမ်၊ ၂၁၂ ကြိမ်နဲ့ ၂၁၃ ကြိမ်မြောက် ပြင်အပြီးမှာပဲ။ အမေရိကန်ပြည်ထောင်စု သာတူညီမျှရေးကော်မတီက အဖွဲ့ဝင်တွေရဲ့ အချိန်မလပ် ကြပ်မတ်စောင့်ကြည့်မှုကြောင့် ဆိုရင်လည်း မမှားဘူးပေါ့။
ဒါပေမဲ့ ရှင်သန်နေထိုင်နေရတဲ့ လူမှုဘ၀နဲ့ ပတ်သက်ပြီး အဆင်သိပ်မချောတာလေးတွေတော့ ရှိနေပါသေးတယ်။ ဥပမာဆိုပါစို့၊ ဧပြီလဟာ နွေဦးရာသီမဟုတ်တဲ့အတွက် တချို့လူတွေကတော့ စိတ်အနှောင့်အယှက် ဖြစ်နေရသေးတာပဲ။



ပြီးတော့ အဲဒီအေးစက်စက်လမှာပဲ ဂျော့ဂ်ျနဲ့ ဟေဇယ်ဘာဂျရွန်တို့ရဲ့ ၁၄ နှစ်သားအရွယ်သားငယ် ဟယ်ရစ်ဆင်ကို သာတူညီမျှရေးကော်မတီကလူတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီကိစ္စက ၀မ်းနည်းစရာကောင်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဂျော့ဂ်ျနဲ့ ဟေဇယ်တို့အနေနဲ့ ဒီကိစ္စကို လေးလေးနက်နက် မစဉ်းစားနိုင်ခဲ့ကြဘူး။ ဟေဇယ်က ပုံမှန်ဉာဏ်ရည်ထက် မပိုမလိုမရှိ ကွက်တိပဲဆိုတော့ ဘယ်အကြောင်းအရာကိုမှ လေးလေးနက်နက် စဉ်းစားတွေးဆနိုင်စွမ်းမရှိရှာဘူး။ ဂျော့ဂ်ျကတော့ ပုံမှန်ဉာဏ်ရည်ထက် အတော်ကြီးပို မြင့်တယ်၊ ဒီတော့လည်း ဉာဏ်ရည်အကျောပေး ရေဒီယိုလေးတစ်လုံး သူ့နားမှာ တပ်ထားရတယ်။
ဒီရေဒီယိုလေးကို အချိန်ပြည့် တပ်ဆင်ထားဖို့ ဥပဒေအရ ပြဌာန်းထားတယ်။ ရေဒီယိုကို အစိုးရ အသံလွှင့်ဌာနတစ်ခုနဲ့ ချိတ်ဆက်ထားတယ်။  ဂျော့ဂ်ျလို ဉာဏ်ရည်မြင့်သူတွေကို သူတို့ရဲ့ ဦးနှောက်ကိုအသုံးပြုပြီး မလိုလားအပ်တဲ့ အခွင့်ထူးတွေ မရယူနိုင်စေဖို့၊ စက္ကန့် ၂၀ တစ်ခါ အစိုးရအသံလွှင့်ရုံကနေ စူးစူးရှရှအသံတွေ ထုတ်လွှင့်ပေးနေတယ်။

ဂျော့ဂ်ျနဲ့ ဟေဇယ်တို့ တယ်လီဗေးရှင်းကြည့်နေတုန်းမှာပဲ ဟေဇယ့်ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာတယ်။ ဒါပေမဲ့ သူ မျက်ရည်ကျရတဲ့ အကြောင်းရင်းကို ဟေဇယ်မေ့သွားခဲ့ပြီ။ တယ်လီဗေးရှင်းမှာ ဘဲလေးကပွဲလာနေတယ်။ ဂျော့ဂ်ျရဲ့ ခေါင်းထဲမှာ တဂျီးဂျီးမြည်သံတွေ ကြားနေရတယ်။ သူခိုးဖမ်းစက်အသံမြည်ကြားလိုက်ရတဲ့ သူခိုးတစ်ယောက်လို သူ့အတွေးတွေက ယောက်ယက်ခတ်ပြေးလွှားနေတယ်။
"သူတို့ က,နေကြတာ ချစ်စရာလေး၊ သူတို့ ခုနက ကတဲ့အကကို ပြောတာ" လို့ ဟေဇယ်က ပြောလိုက်တယ်။
"ဟင်" လို့ ဂျော့ဂ်ျက ပြောတယ်။

"အကလေ- သူတို့က,တာ ကောင်းတယ်" လို့ ဟေဇယ်က ထပ်ပြောလိုက်တယ်။
"အင်း" လို့ ဂျော့ဂ်ျက ပြောလိုက်ရင်း ဘဲလေးကချေသည်တွေအကြောင်း သူစဉ်းစားကြည့်လိုက်တယ်။ တကယ်တော့ က,နေကြတာက တခြားလူတွေထက် ထူးထူးခြားခြား ပိုကောင်းလှတယ် မဟုတ်ပါဘူး။
ကချေသည်တွေဟာ အလေးချိန်စီးတဲ့ အ၀တ်တွေပတ်၊ ကျည်ဆန်အိတ်တွေ လွယ်ပြီး မျက်နှာတွေကိုလည်း မျက်နှာဖုံးတွေ တပ်ထားကြရတယ်။ ဒါမှလည်း သူတို့ရဲ့ လွတ်လပ်ကြက်သရေရှိတဲ့ လှုပ်ရှားမှုတွေနဲ့ လှပတဲ့မျက်နှာတွေကို မမြင်ရတော့ ကြည့်ရှုသူတွေ စနိုးစနောင့်ဖြစ်ရမယ့် အဖြစ်က ကာကွယ်နိုင်မယ်ပေါ့။ ကချေသည်လေးတွေကိုတော့ ဒီလိုရုပ်ပိုင်းဆိုင်ရာ အကျောပေးမှုတွေ မလုပ်ပဲ ဖြေလျှော့ပေးသင့်သားလို့ ဂျော့ဂ်ျတွေးလိုက်မိတယ်။ ဒါပေမဲ့ ဒီအတွေးကို သူအကြာကြီး မတွေးလိုက်နိုင်ဘူး၊ နားထဲ နောက်ထပ်ဝင်လာတဲ့ စူးရှရှအသံတွေက သူ့အတွေးကို ဖျက်ဆီးပစ်လိုက်တယ်။

ဂျော့ဂ်ျမျက်နှာ တစ်ချက်မဲ့သွားတယ်၊ တယ်လီဗေးရှင်းထဲက ဘဲလေးကချေသည် ရှစ်ယောက်လည်း ထိုနည်းအတိုင်း။ 
ဟေဇယ်က ဂျော့ဂ်ျမျက်နှာ မဲ့သွားတာကို မြင်လိုက်ရတယ်။ သူ့အနေနဲ့ အကျောပေးနားကြပ်တပ် မတပ်ရသူဖြစ်လေတော့ ဘာသံလဲလို့ ဂျော့ဂ်ျကို မေးလိုက်တယ်။
"နို့ပုလင်းကို ဘောပင်နဲ့ တတောက်တောက်ခေါက်နေသလို အသံပဲ" လို့ ဂျော့ဂ်ျက ပြောတယ်။
"တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ၊ မတူတဲ့ အသံတွေကို အမြဲတမ်းကြားနေရတာ" လို့ ဟေဇယ်က မနာလိုသံလေးစွက်ပြီး ပြောလိုက်တယ်။ "သူတို့မို့ ကြံကြံဖန်ဖန် စဉ်းစားမိတဲ့ အသံတွေ"
"ဟာကွာ" လို့ ဂျော့ဂ်ျပါးစပ်က ထွက်သွားတယ်။
"ကျွန်မသာ သာတူညီမျှရေးဥက္ကဌဆိုရင် ဘာလုပ်မလဲ သိလား" လို့ ဟေဇယ်က မေးလိုက်တယ်။ တကယ်တမ်းလည်း ဟေဇယ်က သာတူညီမျှဥက္ကဌနဲ့ အတော်လေးဆင်တူတယ်၊ ဒိုင်ယာနာမွန်းဆိုတဲ့ အမျိုးသမီးပဲ။

"ကျွန်မသာ ဒိုင်ယာနာမွန်းဆိုရင်တော့ တနင်္ဂနွေနေ့တိုင်း ခေါင်းလောင်းထိုးမှာ သိလား၊ ခေါင်းလောင်းသံချည်းပဲ။ ဘာသာရေးဆန်ဆန်ပေါ့" လို့ ဟေဇယ်က ပြောတယ်။
"အင်း၊ မင်းပြောချင်တာ ငါသိပါတယ်၊ ခေါင်းလောင်းသံဆိုတာ" လို့ ဂျော့ဂ်ျက ပြောတယ်။
"အင်း.. တော်တော်ကို ကျယ်အောင်ထိုးမှာ။ ကျွန်မကတော့ သာတူညီမျှရေးဥက္ကကောင်းတစ်ယောက် ဖြစ်မှာပဲ" လို့ ဟေဇယ်က ပြောတယ်။
"တခြားလူတွေလိုပဲပေါ့" လို့ ဂျော့ဂ်ျက ပြောလိုက်တယ်။
"ပုံမှန်ဆိုတဲ့ အရာကို ဘယ်သူကများ ကျွန်မထက် ပိုသိဦးမလဲ" လို့ ဟေဇယ်က ပြောလိုက်တယ်။
"ဟုတ်ပါတယ်" လို့ ဂျော့ဂ်ျက ပြောလိုက်တယ်။ သူ့စိတ်ထဲမှာတော့ ထောင်ထဲရောက်နေတဲ့ ပုံမှန်မဟုတ်တဲ့ သူ့သားတော်မောင် ဟယ်ရီဆင်အကြောင်း တစွန်းတစ စတွေးမိလိုက်တယ်။
ဒါပေမဲ့ သူ့နားထဲဝင်လာတဲ့ သေနတ်သံတွေကြောင့် အတွေးက ရပ်သွားတယ်။
"ယောက်ျား၊ ဒီတစ်ခါ တော်တော်ကောင်းတယ် မဟုတ်လား" လို့ ဟေဇယ်က မေးလိုက်တယ်။

ကောင်းဆို ဂျော့ဂ်ျမျက်နှာတောင် ဖြူရော်ရော်ဖြစ်သွားပြီး တဆတ်ဆတ်တုန်ခါနေတယ်၊ သူ့မျက်လုံးတွေမှာ မျက်ရည်စတွေ ထွက်လာတယ်။ ကချေသည်ရှစ်ယောက်ထဲက နှစ်ယောက်လည်း စတူဒီယိုကြမ်းပြင်ပေါ် လဲပြိုကျသွားတယ်၊ နားထင်တွေကို ကိုင်လို့။
"ရှင့်ကိုကြည့်ရတာ ရုတ်တရက်ကြီး ပင်ပန်းသွားသလိုပဲ။ ဆိုဖာပေါ် ခါးဆန့်လိုက်ပါလား။ ရှင့် အကျောပေးအိတ်တွေကို ခေါင်းဦးပေါ် ခဏမှေးတင်ထားလို့ရအောင်.." လို့ ဂျော့ဂ်ျရဲ့ လည်ကုတ်မှာ သိုင်းချည်ပြီး လွယ်ထားရတဲ့ ၄၇ ပေါင် အလေးချိန်ရှိတဲ့ အကျောပေးလွယ်အိတ်ကို ညွှန်ရင်း ဟေဇယ်က ပြောတယ်။

"အိတ်ကို ခဏမှေးတင်ပြီး ရှင်နားလေ။ ရှင်ကျွန်မနဲ့ ခဏတဖြုတ် သာတူညီမျှမဖြစ်တာ ကျွန်မ စိတ်မရှိပါဘူး"
"ငါလည်း ဘာမှမဖြစ်ပါဘူး။ ငါလည်း ဒါကို သတိတောင်မထားမိတော့ဘူး၊ ငါနဲ့ တသားတည်းဖြစ်နေပြီ" လို့ ဂျော့ဂ်ျက အကျောပေးအိတ်ကို သူ့လက်နဲ့ မ,ရင်း ပြောလိုက်တယ်။
"ရှင့်ကြည့်ရတာ ခုနောက်ပိုင်း တော်တော်ပင်ပန်းနေသလိုပဲ၊ နွမ်းနေတယ်။ အိတ်အောက်ခြေမှာ အပေါက်လေးတစ်ပေါက်လောက် ဖောက်ထားနိုင်ရင်ကောင်းမယ်။
ခဲသီးတွေနည်းနည်းလောက် ထွက်ကျပြီး ပေါ့သွားအောင်လို့လေ၊ နည်းနည်းပဲဖြစ်ဖြစ်" လို့ ဟေဇယ်က ပြောလိုက်တယ်။

"ထောင်နှစ်နှစ်နဲ့၊ ခဲစေ့တစ်စေ့ကို ဒဏ်ငွေဒေါ်လာနှစ်ထောင် မဆောင်နိုင်ပါဘူး။ တန်မှမတန်ပဲ" လို့ ဂျော့ဂ်ျက ပြန်ပြောတယ်။
"အလုပ်ကနေ အိမ်ပြန်တဲ့အချိန် နည်းနည်းနှိုက်ထားလို့ရတာပဲ။ ကျွန်မပြောချင်တာက အဲဒီအချိန်မှာ ရှင်အကျောပေးရမယ့်လူမှ မရှိတာပဲ၊ ရှင်တစ်ယောက်တည်း ရှိနေတာလေ။
"ကိုယ် အဲဒီလိုလုပ်ဖို့ ကြိုးစားတယ်ဆိုပါစို့၊ တခြားသူတွေလည်း အဲဒီလို လိုက်လုပ်မယ်၊ ဒီလိုနဲ့ မကြာခင်မှာပဲ လူတိုင်း တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေရတဲ့ အမှောင်ခေတ်ကို ပြန်ရောက်သွားလိမ့်မယ်။ ဒီလိုဖြစ်သွားမှာကို မင်းသဘောကျမှာ မို့လို့လား" လို့ ဂျော့ဂ်ျက ပြောလိုက်တယ်။
"ကျွန်မကတော့ မကြိုက်ပေါင်" လို့ ဟေဇယ်က ပြောတယ်။

"အဲဒါပဲလေ။ လူတွေ ဥပဒေကို လက်တစ်လုံးခြား စလုပ်လာတာနဲ့ လူ့အဖွဲ့အစည်းကြီး ဘာဖြစ်သွားမယ်ဆိုတာ မင်းလည်း တွေးတတ်ပါတယ်" လို့ ဂျော့ဂ်ျက ပြောလိုက်တယ်။
ဒီမေးခွန်းကို ဟေဇယ်အဖြေမပေးရင်လည်း ဂျော့ဂ်ျအနေနဲ့ အဖြေ ပေးနိုင်မှာ မဟုတ်တော့ဘူး၊ သူ့ခေါင်းထဲကို ဥသြဆွဲသံတစ်ခုက စူးခနဲဝင်လာနေပြီ။
"ပျက်စီးသွားမှာပေါ့" လို့ ဟေဇယ်က ဖြေတယ်။
"ဘာရယ်" လို့ ဂျော့ဂ်ျက ဇဝေဇ၀ါ မေးလိုက်တယ်။
"လူ့အဖွဲ့အစည်းကြီးလေ၊ ရှင်ပြောနေတာ အဲဒီအကြောင်း မဟုတ်ဘူးလား"
"ငါလည်း မသိတော့ဘူး" လို့ ဂျော့ဂ်ျက ပြောတယ်။

တယ်လီဗေးရှင်းကလာနေတဲ့ ရုပ်သံအစီအစဉ်မှာ နောက်ဆုံးရသတင်းတစ်ခု ရုတ်တရက် တက်လာတယ်။ သတင်းက ဘာအကြောင်းလဲ ပထမတော့ မသေချာဘူး။ မသေချာဆို သတင်းကြေငြာသူဟာ အခြားသတင်းကြေငြာသူတွေလိုပဲ စကားပြောနိုင်စွမ်းချို့ယွင်းနေတာကိုး။ မိနစ်ဝက်လောက် စိတ်လှုပ်ရှားမှုအပြည့်အ၀နဲ့ ကြိုးစားပြီးပြောတော့မှ သတင်းကြေငြာသူဆီက အသံထွက်လာတယ်။ "ပရိသတ်များ ခင်ဗျား" တဲ့။
သတင်းကြေငြာသူက ရုတ်တရက် ရပ်လိုက်ပြီး ဘဲလေးကခြေသည် တစ်ယောက်ဆီကို သတင်းကိုဖတ်ဖို့ ထိုးပေးလိုက်တယ်။
"အဲဒါပဲ ကောင်းတယ်၊ သူ ပြောဖို့ ကြိုးစားနေတာပဲ၊ သတင်းထူးပဲ ဖြစ်ရမယ်။ ဘုရားပေးသလောက် အရည်အချင်းနဲ့ အကောင်းဆုံးပြောနိုင်ဖို့ ကြိုးစားတာပဲ။ ဒီလောက်ကြိုးစားတာ သူ့ကို လစာတောင် တိုးပေးသင့်တယ်" လို့ ဟေဇယ်က ပြောလိုက်တယ်။
"မိဘပြည်သူများရှင်" လို့ အဲဒီဘဲလေးကချေသည်က ပြောလိုက်တယ်။ ၀တ်ထားရတဲ့ မျက်နှာဖုံးက လုံလုံခြုံခြုံဆိုတော့ သူက အတော်လေး လှတဲ့သူပဲ ဖြစ်ရမယ်။ ကချေသည်တွေ အားလုံးထဲမှာ သူက အသန်မာဆုံးနဲ့ ကြက်သရေအရှိဆုံး ဆိုတာလည်း လွယ်လွယ်ခန့်မှန်းလို့ ရတယ်။ သူ့ရဲ့ အကျောပေးအိတ်ကြီးက ပေါင် ၂၀၀ ရှိတဲ့ ယောက်ျားတစ်ယောက် လွယ်ရတဲ့ အိတ်လောက် ကြီးနေတာကိုး။

ပြီးတဲ့နောက်တော့ ကချေသည်အမျိုးသမီးက သူမ အသံအတွက် ပြည်သူလူထုကို တောင်းပန်လိုက်တယ်။ သူမ အသံက မိန်းကလေးတစ်ယောက်ဆီက ထွက်လာဖို့ အတော်လေး တရားမျှတမှုမရှိတဲ့ အသံပဲ။ နွေးထွေးကြည်မြပြီး သံစဉ်တစ်ကို နားထောင်ရသလို ဖြစ်နေတယ်။ "သည်းခံပါရှင်" လို့ အသံချိုချိုကို ပြင်ဆင်ပြီး လူတိုင်းနည်းတူ တဂွပ်ဂွပ်အသံနဲ့ သူက ဆက်ပြောတယ်။
"ဟယ်ရီဆင်ဘာဂျရွန်၊ အသက် ၁၄ နှစ်ဟာ အစိုးရကို ဖြုတ်ချရန်ကြံစည်မှုဖြင့် အကျဉ်းချခံထားရရာမှ ထောင်မှ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ သူဟာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး ကိုယ်ကာယပိုင်း အလွန်သန်စွမ်းသူလည်း ဖြစ်ပါတယ်။ သာတူညီမျှဖြစ်စေမယ့် အကျောပေးမှုကို လုံလောက်အောင် ပြုလုပ်ထားခြင်းမရှိဘဲ အလွန်အန္တရာယ်ကြီးမားတဲ့ လူတစ်ယောက်ဖြစ်ပါတယ်"

ရဲမှတ်တမ်းအရ ရိုက်ထားတဲ့ ဟယ်ရီဆင်ဘာဂျရွန်ရဲ့ ဓာတ်ပုံကို တယ်လီဗေးရှင်းမှာ အပေါ်ကအောက် အောက်ကဘေး တဖျပ်ဖျပ်ထိုးပြနေတယ်။
တစ်ကိုယ်လုံးပေါ်အောင် ရိုက်ထားတဲ့ ဟယ်ရီဆင်ဘာဂျရွန်ရဲ့ ရဲမှတ်တမ်းဓာတ်ပုံမှာ အနောက်က အမြင့်ပေ အတိုင်းအရ အရပ် ၇ ပေတိတိရှိကြောင်း ဖော်ပြနေတယ်။
ကျန်တဲ့ သွင်ပြင်တွေကတော့ ဟောလိုးဝင်းပွဲက လူတစ်ယောက်လိုပဲ။ သူ့လောက် အကျောပေးပစ္စည်းတွေ တပ်ဆင်ထားရသူ ရှိတော့မှာမဟုတ်ဘူး။
သာတူညီမျှကော်မတီက လူတွေ ထင်တာထက်ပိုပြီး သူ့ ကြီးထွားနှုန်းက မြန်နေတော့ ကိုယ်ခန္ဓာမှာ တပ်ဆင်ထားတဲ့ အကျောပေးပစ္စည်းတွေက သူ့ကို သာမန်လူဖြစ်အောင် ထိန်းမထားနိုင်ဘူး။

ပုံမှန်ရေဒီယိုအစား ကြီးမားတဲ့ ဟက်ဖုန်းကို တပ်ထားရတယ်၊ ပြီး ထူထဲကွေးကောက်တဲ့ ၀န်စည်စလယ်တွေကို ၀တ်ဆင်ထားရတယ်။ ဒီဝန်စည်စလယ်တွေက သူ့အမြင်အာရုံကို တစ်ဝက်လောက် လျှော့ချဖို့တင်မဟုတ်ဘူး၊ ခေါင်းအဆက်မပြတ် ကိုက်နေအောင်လည်း ရည်ရွယ်ထားတာပဲ။
သတ္တုကိုယ်ထည်နဲ့ သူ့ကိုယ်ခန္ဓာကိုယ်ကို ဖုံးထားတယ်။ လူသန်ကြီးတွေကို တပ်ဆင်ပေးလေ့ရှိတဲ့ တိတိကျကျ ချုပ်လုပ်ထားတဲ့ အကျောပေးပစ္စည်းဆိုတော့ ဘယ်နဲ့ညာနဲ့ မျှနေအောင်တော့ လုပ်ထားတယ်။

ဟယ်ရီဆင်ဘာဂျရွန်ကို ကြည့်ရတာ လမ်းလျှောက်နေတဲ့ အမှိုက်ပုံကြီးလို ဖြစ်နေတယ်။ သူ့နေ့စဉ်ဘ၀ကို ဟယ်ရီဆင်ဟာ အလေးချိန် ပေါင် ၃၀၀ သယ်ဆောင်ပြီး ဖြတ်သန်းနေရတယ်။
ဒါတင်ဘယ်ကဦးမလဲ။ သူ့ချောမောလှပတဲ့ ရုပ်ရည်ကို လျှော့ချဖို့ အနီရောင် ရာဘာဘော်လုံးတစ်ခုကို နှာခေါင်းမှာတပ်ပေးထားတယ်၊ မျက်ခုံးမွှေးတွေကို ရိတ်ထားတယ်၊ ဖြူဖွေးညီညာတဲ့ သွားတွေကိုတော့ အနက်ရောင်သွားစွပ်တွေ ကျိုကြား တပ်ပေးထားတယ်။

ကချေသည်အမျိုးသမီးက ပြောလိုက်တယ်
"ဒီလူနဲ့များ အပြင်မှာတွေ့ရင်တော့ သူနဲ့ အကျွမ်းတ၀င်စကားမပြောမိဖို့ သတိပေးပါရစေရှင်"
အဲဒီအချိန်မှာပဲ တံခါးရွက်တစ်ခု ကျိုးပြတ်ထွက်သွားတဲ့ အသံတွေ ထွက်ပေါ်လာတယ်။
အလန့်တကြား အော်ဟစ်ပြေးလွှားသံတွေသံ တယ်လီဗီးရှင်းက ထွက်လာတယ်။ ဟယ်ရီဆင်ဘာဂျရွန်ရဲ့ ဓာတ်ပုံကတော့ ဖန်သားပြင်ပေါ်မှာ ငလျင်သံနဲ့ စည်းချက်လိုက်နေသလို ခုန်ဆွခုန်ဆွ ဖြစ်နေတယ်။

ဂျော့ဂ်ျက ငလျင်သံကို အတိအကျ မှတ်မိလိုက်တယ်။ ဟယ်ရီဆင်ရှိနေခဲ့တဲ့အတောအတွင်း သူ့အိမ်လေးမှာလည်း ဒီလို ငလျင်သံနဲ့ လှုပ်ရမ်းနေခဲ့တာပဲ။
"ဘုရားရေ - ဒါ ဟယ်ရီဆင်ပဲ ဖြစ်ရမယ်"
ကားအချင်းချင်း ခေါင်းချင်းဆိုင်တိုက်မိတဲ့ အသံတစ်ခုက သူ့ရဲ့အတွေးကို ရုတ်ချည်းဖျက်ဆီးပစ်လိုက်တယ်။
ဂျော့ဂ်ျ မျက်စိပြန်ဖွင့်နိုင်တဲ့ အချိန်မှာ ဟယ်ရီဆင်ရဲ့ ဓာတ်ပုံ မရှိတော့ဘူး။ အသက်ရှင်လျက်သား ဟယ်ရီဆင် စစ်စစ်ကြီးကို ဖန်သားပြင်နဲ့အပြည့် မြင်လိုက်ရတယ်။ 
သတ္တုတွေတချွင်ချွင်နဲ့ တိုးလျိုးတွဲလျောင်းကျနေတဲ့ လူရွှင်တော်သွင်ပြင်၊ ဟယ်ရီဆင်ကို စတူဒီယိုရဲ့ အလယ်တည့်တည့်မှာ မားမားကြီးရပ်နေတာ မြင်ရတယ်။
ပြုတ်ထွက်သွားတဲ့ တံခါးလက်ကိုင်ကို သူ့လက်ထဲမှာ ကိုင်ထားတုန်းပဲ။ ကချေသည်တွေ၊ အင်ဂျင်နီယာတွေ၊ ဂီတပညာရှင်တွေနဲ့ အစီအစဉ်ကြေငြာသူတို့က သူ့ရှေ့မှာ ဒူးထောက်ပြီး အသေခံဖို့ အဆင်သင့်ဖြစ်နေတာ မြင်ရတယ်။

"ကျုပ်က ဘုရင်ပဲ" လို့ ဟယ်ရီဆင်က ကြုံးဝါးလိုက်တယ်။
"အားလုံးကြားရဲ့လား၊ ကျုပ်က ဘုရင်ပဲ။ လူတိုင်း ကျုပ်ခိုင်းတာကို ချက်ချင်းလုပ်ရမယ်" လို့ ပြောပြီး ခြေကို ဆောင့်ချလိုက်တာ စတူဒီယိုတစ်ခုလုံး သိမ့်သိမ့်တုန်သွားတယ်။
"ဒီလို အနှောင်အဖွဲ့တွေနဲ့ ရပ်နေရပေမယ့် ကမ္ဘာပေါ်မှာရှိသမျှလူအားလုံးထက် ကျုပ်က ပိုကြီးမြတ်တဲ့ ဘုရင်ပဲ။ ကဲ အခု ကျုပ် ဘာလဲဆိုတာ အားလုံးမြင်အောင် ကြည့်ကြ" လို့ သူ့ အသံသြသြကြီးနဲ့ ဟိန်းဟောက်လိုက်တယ်။

သူ့ အကျောပေး အဆင်တန်ဆာတွေကို ဟယ်ရီဆင်က တစ်ရှူးအစိုတစ်ခုလို ဆွဲခွာလိုက်တယ်၊ အလေးချိန် ပေါင် ၅၀၀၀ ထောက်ကို တောင့်ခံနိုင်တဲ့ ချုပ်ဝတ်ပဲ။
ဟယ်ရီဆင်ရဲ့ အကျောပေးချုပ်ဝတ်တန်ဆာတွေ ကြမ်းပြင်ပေါ် ကျိုးပြတ်ကျသွားတယ်။ သူ့ခေါင်းမှာတပ်ထားတဲ့ ချုပ်ကျိုးကို ပူးတွဲထားတဲ့ သော့ဂလောက်ထဲ လက်မကို ထည့်လိုက်တယ်။
သော့က ဟင်းရွက်ဖတ်တစ်စလို ပြတ်ကျသွားတယ်။ နားကြတ်နဲ့ မျက်မှန်ကိုလည်း ဟယ်ရီဆင်က နံရံမှာ ပေါက်ခွဲပစ်လိုက်တယ်။
နှာခေါင်းမှာ တပ်ထားတဲ့ ရာဘာဘောလုံးလေးကို ပစ်ထုတ်လိုက်တဲ့အခါမှာတော့ မိုးကြိုးနတ်သား "သော" တောင် အားကျရလောက်မယ့် လူတစ်ယောက်ပုံစံ ပေါ်ထွက်လာတော့တယ်။
"ကဲ အခု ကျုပ် ကြင်ယာတော်ရွေးတော့မယ်" လို့ ငုံ့လျှိုးနေတဲ့ လူတွေဆီ ငုံ့ကြည့်ရင်း သူက ပြောလိုက်တယ်။

"ပထမဆုံး မတ်တပ် ထရပ်ရဲတဲ့ အမျိုးသမီးကို ကြင်ယာတော်အဖြစ်သတ်မှတ်ပြီး ထီးနန်းဆက်ခံခွင့်ပေးမယ်"
ခဏကြာတော့ ကခြေသည်တစ်ဦး မတ်တပ်ရပ်လာတယ်၊ ယိမ်းနွဲ့နေတဲ့ မိုးမခပင်တစ်ပင်လိုပဲ။

သူမ နားမှာ တပ်ထားတဲ့ ဉာဏ်ရည်ပိုင်းအကျောပေး ကိရိယာကို ဟယ်ရီဆင်က ဆွဲဖြုတ်လိုက်ပြီး၊ ကိုယ်ခန္ဓာက အကျောပေးပစ္စည်းတွေကိုလည်း ခန့်ညားညင်သာစွာနဲ့ ဖြုတ်ပေးနေတယ်။
နောက်ဆုံးတော့ သူမရဲ့ မျက်နှာဖုံးကိုပါ ဆွဲချွတ်လိုက်တယ်။

မျက်စိကျိန်းလောက်အောင် လှပတဲ့ အမျိုးသမီးလေးတစ်ဦးကို မြင်လိုက်ရတယ်။
သူမလက်ကို ဆွဲကိုင်ပြီး ဟယ်ရီဆင်က အမိန့်ပေးလိုက်တယ်။ "ကဲ.. အခု အကနဲ့ ဂီတဆိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို လူတွေသိအောင် တို့နှစ်ယောက် ပြလိုက်ကြစို့"
ဂီတပညာရှင်တွေဟာ သူတို့ထိုင်ခုံတွေဆီ ၀ရုန်းသုန်းကား ပြန်သွားကြတယ်။ သူတို့ရဲ့ အကျောပေးပစ္စည်းတွေကိုလည်း ဟယ်ရီဆင်က ဖြုတ်ပေးလိုက်သေးတယ်။
"ခင်ဗျားတို့ အစွမ်းကုန် တီးမှုတ်ပြစမ်းပါ။ ခင်ဗျားတို့ကို မြို့စား၊ နယ်စား ရာထူးတွေ ပေးမယ်"

တီးလုံးသံ ထွက်ပေါ်လာတယ်။ ဒါပေမဲ့ အစပိုင်းမှာ သာမန်တီးလုံးမျိုးပဲ။ ဂီတပညာရှင်နှစ်ဦးကို ဟယ်ရီဆင်က ထိုင်ခုံပေါ်ကနေ ဆွဲယူလိုက်ပြီး၊ သီချင်းဆိုနေရင်းပဲ သူလိုချင်တဲ့ သံစဉ်မျိုးကို အချက်ပြတဲ့အနေနဲ့ သံစုံတီးဝိုင်းအချက်ပြ တုတ်ချောင်းလေးတွေလို သူတို့ကို ဝှေ့ယမ်းလိုက်တယ်။
ပြီးတာနဲ့ သူတို့ထိုင်ခုံတွေဆီ ပြန်တွန်းပို့လိုက်တယ်။
တီးလုံးသံပြန်စလာပြီး အစကထက် အများကြီးပိုကောင်းလာတယ်။
ဟယ်ရီဆင်နဲ့ ကြင်ယာတော်နှစ်ဦးသားက တေးသွားသံကို ခဏလောက် စူးစူးစိုက်စိုက် နားထောင်နေတယ်။ တေးသွားနဲ့ သူတို့ရဲ့ နှလုံးခုန်သံ စည်းချက်ကျလာတဲ့အထိ စောင့်နေသလိုပဲ။
ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ ကိုယ်ခန္ဓာအလေးအချိန်တွေကို ခြေမတွေဆီ ပို့လွှတ်လိုက်ကြတယ်။
ဟယ်ရီဆင်က သူ့ရဲ့ လက်ကြီးနဲ့ မိန်းကလေးရဲ့ ခါးသိမ်သိမ်ဆီမှာ ပွေ့ဖက်ထားပြီး၊ မြေဆွဲငင်အားကင်းမဲ့တဲ့ ဂုဏ်သတ္တိကို ခံစားစေလိုက်တယ်။
မကြာခင်ပဲ ပီတိအဟုန်နဲ့ သူတို့နှစ်ဦးလုံး လေထဲကို ခုန်တက်သွားကြတော့တယ်။

ကမ္ဘာမြေရဲ့ နိယာမတွေ စွန့်ပယ်လိုက်ရုံမက၊ မြေဆွဲအားနဲ့ ရွေ့လျားမှုဥပဒေသတွေကိုပါ ဖီဆန်လိုက်သလိုပဲ။
သူတို့ ပတ်ချာလှည့်တယ်၊ စက်ဝိုင်းပုံလှည့်တယ်၊ တစ်ယောက်ကငြိမ်ပြီး တစ်ယောက်ကလည်တယ်၊ ဘောက်ဆတ်ဆတ်လျှောက်တယ်၊ သွက်သွက်ခါအောင်ခုန်တယ်၊ ပြုတ်ကျမတတ်ခုန်တယ်၊ ပြီးတော့ ပြန်ပြီး ပတ်ချာလည်လှည့်ကြပြန်တယ်။

လကမ္ဘာပေါ်က သမင်လေးတစ်ကောင်လို ရှေ့ကိုလှမ်းခုန်တယ်။
သူတို့ တစ်ခါ ခုန်လိုက်တိုင်း ပေသုံးဆယ်မြင့်တဲ့ စတူဒီယိုမျက်နှာကြက်ကို ထိမတတ်ပဲ။
တဖြည်းဖြည်းနဲ့ မျက်နှာကြက်ကို တကယ်အနမ်းပေးဖို့ ခုန်နေမှန်း သိသာလာတယ်။ နောက်ဆုံးတော့ နှစ်ဦးလုံး မျက်နှာကြက်ကိုထိအောင် အနမ်းပေးလိုက်ကြတယ်။
ပြီးတဲ့နောက်မှာတော့ ချစ်ခြင်းမေတ္တာနဲ့ စိတ်ဆန္ဒစွမ်းအားတို့ရဲ့ အစွမ်းသက်သက်နဲ့ မြေဆွဲအားကို ဖျယ်ဖျက်ပစ်လိုက်သလို၊ မျက်နှာကြက်အောက်နားက လေထဲမှာ တန့်နေကြတယ်။ အဲဒီလို လေထဲမှာပဲ အတော်ကြီးကြာအောင် သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းရှိုက်နေကြတယ်။
အဲဒီလိုအချိန်မှာပဲ သာတူညီမျှရေးကော်မတီဥက္ကဌ ဒိုင်ယာနာမွန်း ၀င်ရောက်လာတယ်၊ လက်ထဲမှာ နှစ်လုံးပြူးရှော့ဂန်းသေနတ်နဲ့။
သူမက သေနတ်ကို နှစ်ချက်ဆင့်ပစ်လိုက်ပြီးတဲ့အခါမှာတော့ ဘုရင်နဲ့ မိဖုရားဟာ ကြမ်းပြင်ပေါ်ပြန်မကျခင် လေထဲမှာပဲ အသက်ပျောက်သွားတော့တယ်။
ဒိုင်ယာနာမွန်းက သေနတ်ကို ကျည်ပြန်ထိုးလိုက်တယ်။ ဂီတပညာရှင်တွေကို ထိုးချိန်လိုက်ပြီး ဆယ်စက္ကန့်အတွင်း အကျောပေးပစ္စည်းတွေ ပြန်တပ်ကြဖို့ အမိန့်ပေးတယ်။
အဲဒီအချိန်မှာပဲ တယ်လီဗေးရှင်းဟာ အမှောင်အတိကျသွားတယ်။

တီဗီပိတ်သွားတဲ့အကြောင်း ပြောဖို့ ဟေဇယ်က ဂျော့ဂ်ျဘက်ဆီ လှည့်လိုက်တယ်။ ဒါပေမဲ့ ဂျော့ဂ်ျက မီးဖိုခန်းထဲမှာ ဘီယာသွားယူနေတယ်။
ဘီယာဗူးကိုင်ပြီး ဂျော့ဂ်ျပြန်ရောက်လာတော့ အကျောပေးကိရိယာရဲ့ အချက်ပေးမှုကြောင့် ခဏလောက် တုံ့ဆိုင်းနေတယ်။ ပြီးတော့မှ သူက ဟေဇယ့်ဘေးမှာ ထိုင်ချလိုက်တယ်။
"အို.. မင်း ငိုနေတာလား" လို့ သူက ဟေဇယ့်ကို မေးတယ်။
"အင်း" ဟေဇယ်က ပြန်ပြောတယ်။
"ဘာလို့ ငိုတာလဲ"
"ကျွန်မ မေ့သွားပြီ။ တီဗီမှာ ၀မ်းနည်းစရာတစ်ခုခု လာသွားတယ်ထင်တယ်"
"ဘာဝမ်းနည်းစရာမို့လဲ"
"မမှတ်မိတော့ဘူး။ ကျွန်မစိတ်ထဲ ရောထွေးသွားပြီ"
"၀မ်းနည်းစရာဆိုရင်တော့ မေ့ထားလိုက်ပါကွာ" လို့ ဂျော့ဂ်ျက ပြောလိုက်တယ်။
"အင်းပါ။ ၀မ်းနည်းစရာဆို ကျွန်မ အမြဲမေ့ပစ်နေကျပဲ"
"ဒါမှ ကိုယ့်မိန်းမပေါ့" လို့ ဂျော့ဂ်ျက ပြောပြီး မျက်စိကို တင်းတင်းမှိတ်ပစ်လိုက်တယ်။ ကျယ်လောင်လွန်းတဲ့ တတောက်တောက် သေနတ်သံတွေ သူ့ခေါင်းထဲမှာ ကြားလာရလို့။
"ဒီတစ်ခါ ဘာနဲ့မှမတူတဲ့ အသံမျိုး ဖြစ်ရမယ်" လို့ ဟေဇယ်က ပြောလိုက်တယ်။ 
"မှန်လိုက်လေ[*]"
"ဒီတစ်ခါ ဘာနဲ့မှမတူတဲ့ အသံမျိုး ဖြစ်ရမယ်"

#တေဇာ (လရောင်လမ်း)
"Harrison Bergeron" by Kurt Vonnegut ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Image: https://www.emaze.com/@AZZRIRLL/harrison-bergeron

[*] You can say that again. ကို မြန်မာလိုဖလှယ်ထားခြင်း ဖြစ်ပါသည်။ ပုံမှန်ဉာဏ်ရည်သာ ရှိသော ဟေဇယ်အနေဖြင့် ထိုအသုံးကို မသိပဲ နောက်တစ်ခေါက် ထပ်ပြောခိုင်းသည်အထင်ဖြင့် ထပ်ပြောလိုက်ခြင်း ဖြစ်နိုင်ပါသည်။ ဤနည်းဖြင့် ပုံမှန်ဉာဏ်ရည်သာရှိသော ဟေဇယ်၏ ရယ်ရွင်ဂရုဏာသက်ဖွယ် အခြေအနေကို ပိုမိုပေါ်လွင်စေလာသည်။ မြန်မာပြန်လိုက်သောအခါတွင်မူ ထိုအရသာကို ပေါ်လွင်အောင် မဖော်ပြနိုင်တော့ပါ။


Comments

  1. ကောင်းလိုက်တဲ့ ဘာသာပြန် ၀တ္တုတိုလေး

    ReplyDelete
  2. Blog မှာShare ဦးမယ်ဗျ။

    ReplyDelete
  3. ဟုတ်ကဲ့ ကျေးဇူးပါ။ :D

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA