Skip to main content

ပျားရည်မုန့် (၂)

အသက် ၃၀ ပြည့်ပြီး မကြာခင်မှာပဲ ဆာယိုခိုမှာ ကိုယ်ဝန်ရှိလာတယ်။ အဲဒီအချိန်မှာ သူမက ဘွဲ့လွန်အတွက် ကြိုးစားရင်း ကျူတာပြန်လုပ်နေပြီ၊ ဒါပေမဲ့ သမီးလေးကို မွေးဖို့ ခွင့်ယူလိုက်တယ်။ သုံးယောက်သား ကလေးအတွက် နာမည်အမျိုးမျိုးစဉ်းစားကြပြီး၊ အဆုံးမှာတော့ ဂျန်ပိုင်းပေးတဲ့ နာမည်တွေထဲက ဆာလာဆိုတဲ့ နာမည်လေးကို ရွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ "ဒီနာမည်လေးကို အသံထွက်ခေါ်ရတာ ကြိုက်တယ်" လို့ ဆာယိုခိုက သူ့ကိုပြောတယ်။ ကလေးကို အခက်အခဲမရှိ မွေးဖွားနိုင်ခဲ့ပြီး၊ အဲဒီညမှာတော့ ဂျန်ပိုင်းနဲ့ တာကာသျှူကီတို့နှစ်ယောက်သား၊ ဆာယိုခိုမပါဘဲ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်မှာ အတူဆုံမိကြတယ်။ ဂျန်ပိုင်းက အောင်ပွဲခံဖို့အတွက် ဆင်ဂယ်မော့တစ်လုံးယူလာတယ်။ မီးဖိုချောင်စားပွဲမှာ ထိုင်ပြီး တစ်လုံးလုံးကို နှစ်ယောက်သား အပြောင်ရှင်းလိုက်ကြတယ်။

"အချိန်တွေကုန်တာ ဘာလို့ ဒီလောက်တောင် မြန်လွန်းတာလဲ" လို့ တာကာသျှူကီ ရုတ်တရက် မေးလိုက်တယ်။ ဒီလိုလေးနက်တဲ့ ခံစားချက်မျိုး သူ့ဆီမှာ မြင်ရတာ ရှားရှားပါးပါးပဲ။ "တက္ကသိုလ်စတက်တယ်၊ မင်းနဲ့တွေ့တယ်၊ နောက်တော့ ဆာယိုခိုနဲ့တွေ့တယ်၊ ဒါတွေအားလုံး မနေ့တစ်နေ့ကလိုပဲ။ နောက်တစ်ကြိမ် ငါသတိပြုမိတော့ အခုလို ကလေးအဖေဖြစ်နေပြီ။ တစ်မျိုးကြီးပဲ၊ ရုပ်ရှင်ကို အရှေ့ကိုရစ်ပြီး ကြည့်နေရသလိုပဲ။ မင်းကတော့ နားလည်ချင်မှ နားလည်မယ် ဂျန်ပိုင်း။ မင်းကတော့ အခုထိ ကောလိပ်ကျောင်းသားလို နေနေတုန်းပဲကိုး။ မင်းကတော့ ဘယ်တုန်းကမှ ကျောင်းသားဘ၀က မရပ်စဲခဲ့သလိုပဲ။ တော်တော်ကံကောင်းတဲ့ကောင်"

"ဒီလောက်တော့ မကောင်းပါဘူးကွာ" လို့ပဲ ဂျန်ပိုင်းက ပြောတယ်။ ဘာပဲဖြစ်ဖြစ် တာကာသျှူကီဘယ်လိုခံစားနေရတယ်ဆိုတာကို သူနားလည်တယ်။ အခုဆိုရင် ဆာယိုခိုတစ်ယောက် ကလေးအမေဖြစ်လာပြီ။ ဒီကိစ္စက တာကာသျှူကီတင်မကဘူး ဂျန်ပိုင်းအတွက်လည်း ရှော့ခ်တစ်ခုပဲ။ ဘ၀ရဲ့ ဂီယာဟာ ကျယ်လောင်တဲ့ ဝေါခနဲမြည်သံနဲ့အတူ နောက်ထပ်အမှတ်တစ်ခုဆီ ရုတ်တရက် ရွေ့သွားသလိုပဲ။ ဒါကို သူတို့ ဘယ်တော့မှ နောက်ပြန်မလှည့်နိုင်တော့ဘူးလို့ ဂျန်ပိုင်း သိနေတယ်။ သူ့အနေနဲ့ မရေရာတာတစ်ခုက ဒီကိစ္စနဲ့ပတ်သက်ပြီး သူ ဘယ်လိုခံစားချက်မျိုး ရှိသင့်တယ်ဆိုတာပဲ။

"ဒီကိစ္စကို ငါ အရင်က မင်းကို ဖွင့်မပြောနိုင်ခဲ့ဘူး" လို့ တာကာသျှူကီက ပြောတယ်။ "ဒါပေမဲ့ သေချာတာက ဆာယိုခိုဟာ ငါ့ထက်စာရင် မင်းကို ပိုစိတ်ဝင်စားခဲ့တာ"
တာကာသျှူကီက မူးနေပြီ။ ဒါပေမဲ့ သူ့မျက်ဝန်းထဲမှာတော့ သာမန်ထက်ပိုပြီး လေးနက်တဲ့ ၀င်းပမှုတစ်ခု မြင်နေရတယ်။
"မဟုတ်တာတွေ" လို့ ဂျန်ပိုင်းက ပြုံးပြီး ပြန်ပြောတယ်။
"ဟုတ်တာမှ သိပ်ဟုတ်ပေါ့။ ငါပြောနေတဲ့စကားကို ငါ့ဘာသာသိတယ်။ စာရွက်ပေါ်မှာ စာလုံးတွေစီဖို့ မင်းက ပိုသိချင်သိလိမ့်မယ်၊ ဒါပေမဲ့ မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကိုတော့ မင်း စောက်တစ်စက်မှ မသိဘူး။ ရေထဲကလူသေကောင်တောင်မှ မင်းထက်ပို သိဦးမယ်။ သူ မင်းနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်ရှိတာကို မင်းနားမလည်ဘူး။ ငါကတော့ အခြေအနေကို ပုံဖော်ကြည့်နိုင်တယ်၊ ဟာ... ငါ သူ့ကို ချစ်မိနေပြီ၊ သူ့ကို ငါ ရမှဖြစ်တယ်ဆိုပြီးတော့။ အခုထိ သူ့ကို ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးမိန်းမလို့ ငါ ထင်နေတုန်းပဲ၊ သူ့ကို ရအောင်ယူခဲ့တာလည်း ငါ့အခွင့်အရေးလို့ ထင်နေတုန်းပဲ"
"မဟုတ်ဘူးလို့လည်း မင်းကို ဘယ်သူမှ ပြောမနေပါဘူး" လို့ ဂျန်ပိုင်းက ပြန်ပြောတယ်။

တာကာသျှူကီက ခေါင်းညိတ်လိုက်တယ်။ "ဒါပေမဲ့ အဲဒါကို မင်း အခုထိ နားမလည်သေးဘူး။ တကယ်နားမလည်သေးဘူး။ အရေးကြီးတယ်လို့ ပြောရမယ့် ကိစ္စတွေမှာဆို မင်းက ငတုံးပဲ။ မင်းလိုလူက ၀တ္ထုရေးနိုင်တယ်ဆိုတာ ငါ့အတွက်တော့ တော်တော်အံ့သြစရာပဲ"
"အင်း။ ဟုတ်ပါတယ်။ တစ်ခုနဲ့တစ်ခု တူမှမတူတာ"
"ဘယ်လိုပဲဖြစ်ဖြစ်၊ အခုတော့ ငါတို့ လေးယောက်ဖြစ်သွားပြီ" လို့ တာကာသျှူကီက သက်ပြင်းချပြီး ပြောတယ်။ "ငါတို့လေးယောက်။ လေးယောက်ပေါ့။ ဒါ အိုကေတယ်မဟုတ်လား"

***

ဆာလာရဲ့ ဒုတိယမြောက် မွေးနေ့ပွဲမတိုင်ခင်မှာပဲ တာကာသျှူကီနဲ့ ဆာယိုခိုတို့ ပြတ်စဲလုဆဲဆဲ ဖြစ်နေတာကို ဂျန်ပိုင်း သိလိုက်ရတယ်။ ဒီသတင်းကို သူ့ကိုပြောပြတော့ ဆာယိုခိုက တိုးသျှိုးတဲ့ အမူအယာနဲ့ပဲ။ ဆာယိုခို ကိုယ်ဝန်ဆောင်နေစဉ်ကတည်းက တာကာသျှူကီမှာ ချစ်သူတစ်ယောက် ရနေခဲ့တာ။ ပြီးတော့ အိမ်ကိုလည်း ပြန်မလာတော့ဘူးလို့ ဆာယိုခိုက ဂျန်ပိုင်းကို ရှင်းပြတယ်။
ဆာယိုခိုက အသေးစိတ်တွေ အများကြီး ပြောပြနေပေမယ့် ဂျန်ပိုင်းကတော့ သူကြားနေရတဲ့သတင်းကို အဓိပ္ပာယ်မပေါက်နိုင်ဘူး။ တာကာသျှူကီက ဘာလို့ အခြားမိန်းမတစ်ယောက် လိုချင်သေးရတာလဲ။ ဆာလာလေးမွေးတဲ့ ညကပဲ ဆာယိုခိုဟာ ကမ္ဘာမှ အကြီးမြတ်ဆုံးမိန်းမတစ်ယောက်လို့ သူကိုယ်တိုင် ပြောခဲ့တာပဲ၊ ပြီးတော့ အတည်ပြောခဲ့တာ။ ဒါ့အပြင် ဆာလာလေးကိုလည်း သူက အရူးအမူးချစ်တယ်။ "ငါဆိုလိုချင်တာကဟာ၊ ငါလည်း နင်တို့အိမ်ကို တစ်ချိန်လုံး ရောက်နေခဲ့တာပဲ။ နင်တို့နဲ့အတူ ညစာစားနေခဲ့တာပဲ။ ဒါပေမဲ့ ငါ ဘာတစ်ခုမှ မရိပ်မိခဲ့ဘူး။ နင်တို့အားလုံး ပျော်နေတာပဲ၊ ငါမြင်ရတာတော့ ပြီးပြည့်စုံတဲ့ မိသားစုလေးပဲ"
"ဒါတော့ အမှန်ပဲ" လို့ ဆာယိုခိုက ပြောတယ်။ "ငါတို့ နင့်ကို လိမ်နေခဲ့တာ၊ ဟန်ဆောင်နေခဲ့တာတော့ မဟုတ်ဘူး။ ဒီလိုပျော်ရွှင်နေခဲ့တာရဲ့ အခြားတစ်ဖက်မှာ သူက ရည်းစားတစ်ယောက် ရသွားတယ်။ ဒီတော့ ငါတို့ အရင်တုန်းက ရှိခဲ့သလိုဘ၀မျိုးကို ဘယ်လိုမှ ပြန်သွားလို့ မရတော့ဘူး။ ဒါနဲ့ပဲ ငါတို့ ကွဲဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နင်လည်း သိပ်စိတ်ရှုပ်ခံမနေပါနဲ့။ အခုပုံစံနဲ့ ရှေ့လျှောက် ပိုကောင်းသွားမယ်လို့ ငါသေချာပါတယ်။ အရင်ကနဲ့ ဘယ်လိုမှ မတူတော့တဲ့ နည်းလမ်းတွေနဲ့ပေါ့"

***

နောက် လအနည်းငယ်ကြာတော့ ဆာယိုခိုနဲ့ တာကာသျှူကီတို့ ကွာရှင်းလိုက်ကြတယ်။ အပြန်အလှန်တောင်းဆိုချက်၊ အငြင်းပွားချက် တစ်စုံတရာမရှိပဲ သဘောတူညီချက် ရရှိခဲ့တယ်။ တာကာသျှူကီကတော့ သူ့ရည်းစားအသစ်နဲ့ အတူသွားနေတယ်၊ တစ်ပတ်တစ်ခါ ဆာလာ့ဆီကို အလည်လာတယ်။ အဲဒီလိုအချိန်တွေမှာ ဂျန်ပိုင်းလည်း ရှိနေပေးဖို့ သူတို့အားလုံး သဘောတူထားကြတယ်။ "ဒါက ငါတို့နှစ်ယောက်စလုံးအတွက် ပိုပြီးအဆင်ပြေသွားစေတယ်" လို့ ဆာယိုခိုက ဂျန်ပိုင်းကို ပြောတယ်။ ရုတ်တရက် အသက်အများကြီးပိုကြီးသွားသလို သူခံစားရတယ်၊ ဒါပေမဲ့ သူ့အသက်က သုံးဆယ့်သုံးနှစ်ပြည့်ပြီးခါစ ရှိသေးတယ်။

သူတို့ အတူရှိနေတဲ့အချိန်တိုင်း တာကာသျှူကီကတော့ သူ့ပုံစံအတိုင်း စကားခပ်များများပဲ၊ ဆာယိုခိုရဲ့ အမူအရာကတော့ အရမ်းကို သဘာဝကျနေတယ်၊ အရှေ့မှာ ဘာမှမဖြစ်ခဲ့သလိုပဲ။ ပြောရမယ်ဆိုရင်၊ ဂျန်ပိုင်းမျက်စိထဲမှာ အရင်ကထက်တောင် ပိုပြီး သဘာဝကျနေသလိုပဲ။ ဆာလာလေးကတော့ မိဘတွေ ကွာရှင်းထားမှန်း မသိရှာဘူး။ ဂျန်ပိုင်းကလည်း သူကျရာနေရာက ပီပီပြင်ပြင် သရုပ်ဆောင်တယ်။ အရင်ကလိုပဲ ဟာသတွေပြောကြ၊ အတိတ်ကနေ့တွေအကြောင်း စားမြုံ့ပြန်ကြနဲ့ပဲ။

နှစ်ယောက်သား အိမ်ကိုအတူပြန်လာကြတဲ့ ဇန်န၀ါရီည တစ်ညမှာတော့ တာကာသျှူကီက ပြောလိုက်တယ်။ သူတို့ အသက်ရှူလိုက်တိုင်း အေးစက်နေတဲ့ လေထုထဲကို အဖြူရောင်အငွေ့တွေ လွင့်ထွက်သွားတယ်။ "ဟေ့ ဂျန်ပိုင်း၊ မင်းမှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ တစ်ယောက်ယောက်များ ရှိလား"
"လောလောဆယ်တော့ မရှိသေးဘူး" လို့ ဂျန်ပိုင်းက ဖြေတယ်။
"ကောင်မလေးရောရှိလား"
"ဟင့်အင်း"
"ဆာယိုခိုနဲ့ အတူနေမယ်ဆိုရင် ဘယ်လိုလဲ"
ပြိုးပြိုးပြက်ပြက် အရာဝတ္ထုတစ်ခုကို ကြည့်လိုက်ရသလို ဂျန်ပိုင်းက တာကာသျှူကီကို မှေးစင်းကြည့်ပြီး "ဘာလို့လဲ" လို့ မေးလိုက်တယ်။
"ဘာကို ဘာလို့လဲလို့ မေးတာလဲ။ ရိုးရိုးလေးပဲ။ တခြားဟာတွေအသာထား၊ ငါ ဆာလာ့အဖေနေရာကို ယူစေချင်တဲ့ တစ်ဦးတည်းသော ယောက်ျားက မင်းပဲလေ"
"ငါ ဆာယိုခို့ကို လက်ထပ်သင့်တယ်လို့ မင်းထင်တာ ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့်လား"
တာကာသျှူကီက သက်ပြင်းချလိုက်ပြီးက သူ့လက်မောင်းတုတ်တုတ်ကို ဂျန်ပိုင်း ပုခုံးပေါ် မှေးတင်ထားလိုက်တယ်။
"ဘာ ဖြစ်လို့လဲ။ ဆာယိုခို့ကို လက်ထပ်ရမှာ မင်းစိတ်မ၀င်စားလို့လား။ ဒါမှမဟုတ် ငါ့နေရာကို ငါပြီးမှ အစားဝင်ရတယ်ဆိုတဲ့ အတွေးကြောင့်လား"
"ဒါကို ငါ ဘာမှမဖြစ်ပါဘူး။ မင်းဒီကိစ္စကို အရောင်းအ၀ယ်ဆန်ဆန်ပြောနေတာကိုပဲ ငါတွေးနေတာ၊ မင်းဒီလိုပြောဖို့ သင့်မသင့် ကျင့်ဝတ်ဘက်က ငါတွေးမိတာ"
"ဒါက အရောင်းအ၀ယ် မဟုတ်ဘူးလေကွာ။ ပြီးတော့ သင့်မသင့်စဉ်းစားရမယ့် ကျင့်ဝတ်နဲ့လည်း ဘာမှမဆိုင်ဘူး။ မင်း ဆာယိုခိုကို ချစ်တယ်ဟုတ်။ ဆာလာ့ကိုလည်းချစ်တယ်၊ ဟုတ်တယ်မဟုတ်လား။ ဒါတွေက အရေးအကြီးဆုံးပဲ။ မင်းမှာလည်း မင်းပြဿနာနဲ့မင်း ရှိမယ်ဆိုတာ ငါသိပါတယ်။ ရတယ်၊ ဒါက မင်းကိစ္စပဲ။ ဒါပေမဲ့ မင်းအဖြစ်က ဘောင်းဘီကိုအရင်မချွတ်ဘဲ အတွင်းခံကိုချွတ်ဖို့ ကြိုးစားနေတဲ့ကောင်လိုပဲ"
ဂျန်ပိုင်းက ဘာမှပြန်မပြောဘူး၊ တာကာသျှူကီလည်း အချိန်အတော်ကြာ ထူးထူးခြားခြား နှုတ်ဆိတ်သွားတယ်။ ရင်ဘောင်တန်းရင်း ဘူတာရုံဆီ သူတို့ လျှောက်လာကြတယ်၊ အဖြူရောင်ထွက်သက်တွေကို ညချမ်းလေပြေထဲကို ကိုယ်စီ ထုတ်လွှင့်နေဆဲပဲ။

"ဘာပဲဖြစ်ဖြစ်၊ မင်းဟာ လုံးဝ ငတုံးပဲ" လို့ ဂျန်ပိုင်းက ပြောတယ်။
"ငါမငြင်းပါဘူး။ ဒီကိစ္စမှာ မင်းမှန်တယ်၊ ပြောခွင့်လည်း ရှိတယ်။ ငါက ငါ့ဘ၀ငါ ပျက်စီးအောင်လုပ်နေတာ။ ဒါပေမဲ့ ငါပြောမယ် သူငယ်ချင်း၊ ငါ ဘာမှမတတ်နိုင်ဘူး။ ဒါတွေကို ရပ်တန့်လိုက်နိုင်ဖို့ ငါ့မှာ နည်းလမ်းမရှိဘူး။ ဘာလို့ ဒီလိုတွေဖြစ်တယ်ဆိုတာ မင်းထက်ငါ တစ်လုံးမှ ပိုမသိဘူး။ ဒီအတိုင်းပဲ ဖြစ်လာတာပဲ။ ပြီးတော့ ဒီနေ့ဒီအချိန်မှာ မဖြစ်ဘူးဆိုရင်လည်း ဒီလိုမျိုးတွေဟာ အနှေးအမြန် ဖြစ်လာမှာပဲ"

ဒီလိုစကားမျိုးကို တစ်ချိန်ချိန်တစ်နေရာရာမှာ ကြားခဲ့ဖူးသလို ဂျန်ပိုင်း ခံစားရတယ်။ "ဆာလာလေးမွေးတဲ့ နေ့တုန်းက မင်းငါ့ကို ပြောခဲ့တာတွေ မင်းမှတ်မိလား။ ဆာယိုခိုဟာ ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး မိန်းမဆို၊ သူ့နေရာကို အစားထိုးနိုင်မယ့် တစ်ယောက်ယောက် မင်း ဘယ်တော့မှာ ရှာတွေ့မှာ မဟုတ်ဘူးဆို..."
"အဲဒါက အခုထိလည်း မှန်တုန်းပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောင်းလဲဘူး။ ဒါပေမဲ့ ဒီအချက်ကိုယ်တိုင်ကပဲ တစ်ခါတလေမှာ အခြေအနေကို ပိုဆိုးသွားစေတယ်"
"မင်းပြောနေတာတွေ ငါ နားမလည်ဘူး" လို့ ဂျန်ပိုင်းက ပြောလိုက်တယ်။
"ဘယ်တော့မှလည်း နားလည်မှာမဟုတ်ဘူး" လို့ တာကာသျှူကီက ခေါင်းကိုယမ်းရင်း ပြောလိုက်တယ်။ စကားစကို သူပဲ အမြဲတမ်း အဆုံးသတ်နေကျ။

***

နှစ်နှစ်ကြာသွားတယ်။ ဆာယိုခိုကတော့ ကျူတာအလုပ်ကို ပြန်မ၀င်တော့ဘူး။ ဂျန်ပိုင်းက သူ့အသိ အယ်ဒီတာတစ်ယောက်ကတဆင့် ဘာသာပြန်ဖို့ ဇာတ်လမ်းတစ်ပုဒ် သူမဆီ ပို့လိုက်တယ်၊ ဆာယိုခိုကလည်း အဲဒီအလုပ်ကို ကောင်းကောင်း လုပ်နိုင်တယ်။ အယ်ဒီတာက အတော်လေးသဘောကျသွားတော့ နောက်တစ်လမှာ ဘာသာပြန်ဖို့ဝတ္ထုအတော်များများ ထပ်ပို့တယ်။ ၀င်ငွေကတော့ အရမ်းကြီး မကောင်းလှဘူး၊ ဒါပေမဲ့ တာကာသျှူကီ ထောက်ပံ့တဲ့ငွေနဲ့ ပေါင်းလိုက်ရင် ဆာယိုခိုနဲ့ ဆာလာတို့အတွက် သက်တောင့်သက်သာ နေဖို့အတွက်တော့ လုံလောက်တယ်။

အရင်တုန်းကလိုပဲ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သူတို့ ဆုံဖြစ်ကြတယ်။ အလုပ်ကိစ္စအရေးကြီးလို့ တာကာသျှူကီ မလာနိုင်တဲ့အခါ၊ ဆာယိုခို၊ ဂျန်ပိုင်းနဲ့ ဆာလာတို့ သုံးယောက်ပဲ အတူ ညစာစားကြတယ်။ စားပွဲဝိုင်းကတော့ တာကာသျှူကီမရှိတော့ အတော်လေး ငြိမ်သက်သွားတယ်၊ ပြောကြဆိုကြတာတွေကလည်း သာမန်အကြောင်းတွေပဲ။ လူစိမ်းတစ်ယောက်သာ မြင်မယ်ဆိုရင်တော့ သူတို့ကို ပုံမှန်မိသားစုလေး တစ်စုရယ်လို့ပဲ ထင်လိမ့်မယ်။

ဂျန်ပိုင်းကတော့ ၀တ္ထုတိုတွေ ပုံမှန်ဆက်ရေးဖြစ်တယ်၊ အသက်သုံးဆယ့်ငါးနှစ်မှာ "တိတ်ဆိတ်သော လမင်း" ဆိုတဲ့ သူ့ရဲ့ စတုတ္ထမြောက်ဝတ္ထုတိုပေါင်းချုပ် ထွက်နိုင်ခဲ့တယ်။ နာမည်ရပြီးသား စာရေးဆရာတွေကို ပေးလေ့ရှိတဲ့ စာပေဆုတစ်ဆု အဲဒီစာအုပ်နဲ့ ဆွတ်ခူးနိုင်ခဲ့ပြီး၊ စာအုပ်နာမည်ပေးထားတဲ့ ၀တ္ထုကိုလည်း ရုပ်ရှင်ပြန်ရိုက်ခံရတယ်။ ဂီတဝေဖန်ရေးဆောင်းပါးတွေ၊ အလှပန်းဥယျာဉ်စိုက်နည်းစာအုပ်၊ ပြီးတော့ ဂျွန်အပ္ပဒိုက်ရဲ့ ၀တ္ထုတိုပေါင်းချုပ်ကိုလည်း ဂျန်ပိုင်းက ဘာသာပြန်ခဲ့သေးတယ်။ အားလုံးကို ပရိသတ်လက်ခံတယ်။ တဖြည်းဖြည်းနဲ့ စာရေးဆရာအဖြစ် နေရာတစ်ခု အခိုင်အမာရလာခဲ့တယ်၊ ပုံမှန်စာဖတ်ပရိသတ် အခိုင်အမာရှိလာပြီး၊ ၀င်ငွေလည်း အထိုက်အသင့် ကောင်းလာတယ်။

ဆာယိုခိုကို လက်ထပ်ခွင့်တောင်းဖို့ ကိစ္စကိုတော့ သူလည်း အလေးအနက် စဉ်းစားနေတုန်းပဲ။ ဒီအကြောင်းတွေးရင်းနဲ့ တစ်ညလုံးမအိပ်နိုင်ပဲ ဖြစ်သွားခဲ့တာ၊ အလုပ်မလုပ်နိုင်အောင် ဖြစ်ခဲ့ရတောင် တစ်ကြိမ်မက ရှိတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တော့ မချနိုင်သေးဘူး။ ဒီအကြောင်းကို တွေးလေလေ၊ သူနဲ့ ဆာယိုခိုရဲ့ ဆက်ဆံရေးဟာ အခြားလူတွေရဲ့ အမြဲမပြတ် ဇာတ်တိုက်ထားခြင်းခံရသလိုဖြစ်လေလေ သူခံစားရတယ်။ သူ့အနေအထားက အမြဲတမ်း ဆုံးဖြတ်ခံဘက်ကချည်းပဲ။ အတန်းထဲက ကျောင်းသားတွေထဲက သူနဲ့ ဆာယိုခိုတို့ကို သုံးယောက်ပေါင်းသူငယ်ချင်းအဖွဲ့ဖြစ်လာအောင် ရွေးချယ်ပေါင်းသင်းခဲ့သူက တာကာသျှူကီပဲ။ ပြီးတော့ ဒီကောင်ကပဲ ဆာယိုကိုကို ရွေးချယ်ပြီး လက်ထပ်ခဲ့တယ်၊ သူမနဲ့ ကလေးတစ်ယောက် မွေးတယ်၊ ပြီး ကွာရှင်းခဲ့တယ်။ အခု ဂျန်ပိုင်းကို ဆာယိုခိုနဲ့ လက်ထပ်ဖို့ တိုက်တွန်းနေတဲ့သူကလည်း တာကာသျှူကီပဲ။ ဂျန်ပိုင်းအနေနဲ့ ဆာယိုခိုကို ချစ်တာတော့ အမှန်ပဲ။ ဒီကိစ္စကိုတော့ မေးခွန်းထုတ်စရာမရှိဘူး။ ပြီး အခုအချိန်က သူမနဲ့ ပေါင်းစည်းဖို့အတွက် အကောင်းဆုံးအချိန်ပဲ။ သူ့ကို ငြင်းမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဖြစ်အပျက်တွေက နည်းနည်းလေး လွယ်ကူလွန်းနေတယ်လို့ ဂျန်ပိုင်း မတွေးပဲ မနေနိုင်ဘူး။ သူက ဆုံးဖြတ်စရာ ဘယ်မှာ ကျန်တော့လို့လဲ။ ဒီလိုနဲ့ စဉ်းစားတွေးတောရင်းနဲ့ပဲ ဆက်ပြီး အချိန်ကုန်နေခဲ့တယ်။ မဆုံးဖြတ်နိုင်ဘူး၊ အဲဒီအချိန်မှာပဲ ငလျင်ကြီး လှုပ်သွားတာ။

***

ငလျင်လှုပ်တဲ့အချိန်က ဂျန်ပိုင်းက ဘာစီလိုနာမှာ၊ လေကြောင်းလိုင်းမဂ္ဂဇင်းတစ်ခုအတွက် ဇာတ်လမ်းရေးရင်း ရောက်နေခဲ့တယ်။ ညနေ ဟိုတယ်ပြန်ရောက်တော့ ပြိုကျနေတဲ့ အဆောက်အဦတွေ၊ အနက်ရောင်မီးခိုး ပုံရိပ်တွေနဲ့ တီဗီသတင်းမှာ ပြည့်နှက်နေတယ်။ လေကြောင်းတိုက်ခိုက်မှုတစ်ခုအပြီး ကျန်ခဲ့တဲ့  တစပြင်လိုပဲ။ သတင်းကို စပိန်ဘာသာနဲ့ ကြေငြာနေလို့၊ သူ မြင်နေရတဲ့ မြို့က ဘယ်မြို့လဲဆိုတာကို သိဖို့ အချိန်အတော်ယူလိုက်ရတယ်။ "ခင်ဗျားလည်း ကိုဘေးက လာတာမဟုတ်လား" လို့ သူနဲ့အတူပါလာတဲ့ ဓာတ်ပုံဆရာက ဂျန်ပိုင်းကို လှမ်းမေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဂျန်ပိုင်းကတော့ မိဘတွေဆီ ဖုန်းခေါ်ဖို့ မကြိုးစားဘူး။ မိဘတွေနဲ့ သူနဲ့ ပြတ်စဲမှုက နက်ရှိုင်းလွန်းတယ်၊ ပြန်လည်ပေါင်းစည်းဖို့အတွက် မျှော်လင့်ချက်ထားဖို့လည်း အချိန်တွေ အများကြီးလွန်ခဲ့ပြီ။ ဂျန်ပိုင်းလည်း တိုကျိုကိုပြန်ပြီး သူ့ပုံမှန်ဘ၀မှာပဲ ဆက်နေတယ်။ တီဗီကိုဘယ်တော့မှ မဖွင့်ဘူး၊ သတင်းစာလည်း ဖတ်ခဲတယ်။ ငလျင်အကြောင်းတစ်ခုခု တက်လာနဲ့ သူ့ပါးစပ်ကို တင်းတင်းစေ့ထားလိုက်တာပဲ။ ဒါဟာ သူအပြီးတိုင် မြေမြှုပ်လိုက်တာ ကြာခဲ့ပြီဖြစ်တဲ့ အတိတ်တစ်ခုရဲ့ ပဲ့တင်သံမျှပဲ။ ဘွဲ့ရကတည်းက အဲဒီကလမ်းတွေပေါ်ကိုလည်း သူ ခြေတစ်ဝါးမှ မချခဲ့ဘူး၊ ဒါပေမဲ့ ဒီဖြစ်ရပ်ဆိုးကြီးကတော့ သူ့ရဲ့ အနက်ရှိုင်းဆုံး အတွင်းတစ်နေရာမှာ မမြင်ရတဲ့ ဒဏ်ရာတွေကို ဖြစ်ပေါ်စေတုန်းပဲ။ ဒီဖြစ်ရပ်ကြီးက သူ့ဘ၀ရဲ့ မျက်နှာစာတစ်ခုကို တိတ်တဆိတ်နဲ့ အပြီးတိုင် ပြောင်းလဲပစ်လိုက်သလိုပဲ။ ဂျန်ပိုင်းမှာ အရင်တုန်းကနဲ့ဘယ်လိုမှ မတူတော့တဲ့ အထီးကျန်ဝေဒနာတစ်ခုကို ခံစားလာရတယ်။ ဒါအခြေအမြစ်တော့ မရှိပါဘူးလို့ သူတွေးတယ်။ ငါက ဘာသံယောဇဉ်ကြိုးမှ မရှိတဲ့သူပဲ။

***

တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ဆာလာလေးကို ၀က်ဝံတွေပြဖို့ တိရစ္ဆာန်ရုံဆီ ခေါ်သွားကြတယ်။ တာကာသျှူကီကတော့ ဖုန်းဆက်ပြီး အိုကီနာဝါကို သွားဖို့ရှိတဲ့အကြောင်း ပြောတယ်။ မြို့တော်ဝန်နဲ့ နှစ်ဦးကြား အင်တာဗျူးလုပ်ခွင့်ရဖို့ ခက်ခက်ခဲခဲကြိုးစားပြီး ကတိရထားတာ။ "စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ငါမပါဘဲ မင်းတို့ဘာသာပဲ တိရစ္ဆာန်ရုံကို သွားကြတော့။ ၀က်ဝံကြီးကတော့ ငါမပါလို့ စိတ်ဆိုးမယ်မထင်ဘူး" လို့ သူက ပြောတယ်။

ဒါနဲ့ပဲ ဂျန်ပိုင်းနဲ့ ဆာယိုခိုတို့ ဆာလာ့ကို တိရစ္ဆာန်ရုံဆီ ခေါ်လာခဲ့တယ်။ ဂျန်ပိုင်းက ဆာလာ့ကို ချီထားပြီး ၀က်ဝံတွေကို ပြတယ်။ ကောင်မလေးက အကြီးဆုံး၊ အနက်ဆုံး ၀က်ဝံကြီးဆီ လက်ညှိုးထိုးရင်း မေးလိုက်တယ်။ "သူက မာဆာခီချီ လား..."
"မဟုတ်ဘူး၊ သူက မာဆာခီချီမဟုတ်ဘူး။ မာဆာခီချီက သူ့ထက် သေးတယ်၊ ပြီးတော့ ဉာဏ်ထက်တဲ့ ပုံစံလည်း ပေါက်တယ်။ ဒီကောင်ကြီးက ကြမ်းကြမ်းတမ်းတမ်း ၀က်ဝံကြီး၊ တွန်ခီချီပဲ"
"တွန်ခီချီ" လို့ ဆာလာက အထပ်ထပ်အော် ခေါ်တယ်၊ ဒါပေမဲ့ ၀က်ဝံကြီးကတော့ လှည့်မကြည့်ဘူး။ ကောင်မလေးက ဂျန်ပိုင်းဘက် လှည့်ပြီး မေးတယ်။ "တွန်ခီချီကြီး အကြောင်းလည်း သမီးကို ပြောပြဦးလေ"
"သူ့အကြောင်းက ပြောဖို့ခက်တယ် သမီးရဲ့။ တွန်ခီချီ့အကြောင်း စိတ်ဝင်စားစရာက အများကြီးမရှိဘူး။ သူက သာမန်ဝက်ဝံကြီးပဲ။ မီဆာခီချီလို စကားမပြောတတ်ဘူး၊ ပိုက်ဆံမရေတတ်ဘူး"
"ဒါပေမဲ့ သူ့ကောင်းကြောင်း တစ်ခုခုတော့ ပြောစရာ ရှိမှာပါ။ တစ်ခုတည်းပဲလေ.."
"သမီးပြောတာ ဟုတ်တယ်။ သာမန်အဖြစ်ဆုံး ၀က်ဝံတစ်ကောင်အတွက်တောင် အကောင်းပြောစရာ အနည်းဆုံး တစ်ခုတော့ ရှိပါတယ်။ အိုး..ကြည့်စမ်း မေ့နေလိုက်တာ။ ဟုတ်ပြီ... တွန်ချီကီက...."
"တွန်ခီချီပါ..." လို့ ကောင်မလေးက စိတ်မရှည်တော့တဲ့အသံနဲ့ ပြင်ပေးတယ်။
"အား.. မှားလို့။ ဟုတ်ပြီ တွန်ခီချီ့မှာ အကောင်းဆုံးလုပ်နိုင်တာတစ်ခုရှိတယ်၊ အဲဒါကတော့ ဆယ်မွန်ငါးတွေကို ဖမ်းတာပဲ။ မြစ်ဆီကို သူသွားမယ်၊ ရေလယ်က ကျောက်တုံးကြီးတစ်တုံး နောက်မှာ ကုန်းကုန်းကွကွ စောင့်နေမယ်၊ ပြီးတာနဲ့ ဆတ်ခနဲ ဖမ်းလိုက်မယ်။ ဟော.. သူ့လက်ထဲမှာ ဆယ်မွန်ငါးတစ်ကောင် ပါလာရော။ ဒီလိုမျိုးဖမ်းဖို့က တကယ်လျင်မြန်မှရတာ။ တွန်ခီချီဟာ တောင်ပေါ်မှာ ဉာဏ်အကောင်းဆုံးဝက်ဝံတော့ မဟုတ်ဘူး။ ဒါပေမဲ့ တခြား ဘယ်ဝက်ဝံထက်မဆို ဆယ်မွန်ငါးတွေ ပိုဖမ်းနိုင်တာတော့ သေချာတယ်။ သူ့ဘာသာကုန်အောင် မစားနိုင်အောင်လောက်ကို သူဖမ်းနိုင်တယ်။ ဒါပေမဲ့ ပိုနေတဲ့ ဆယ်မွန်ငါးတွေကိုတော့ တောင်အောက်ဆင်းပြီး မရောင်းနိုင်ရှာဘူး၊ သူကမှ စကားမပြောတတ်တာ"

"လွယ်ပါတယ်။ ပိုနေတဲ့ငါးတွေနဲ့ မီဆာခီချီဆီက ပိုနေတဲ့ ပျားရည်တွေနဲ့ လဲလိုက်ပေါ့" လို့ ဆာလာက ပြောတယ်။
"ဟုတ်တယ်။ တွန်ခီချီ ဆုံးဖြတ်လိုက်တာလည်း အဲဒီလို လုပ်ဖို့ပဲ။ ဒီလိုနဲ့ တွန်ခီချီနဲ့ မာဆာခီချီတို့ဟာ ဆယ်မွန်ငါးနဲ့ ပျားရည်ကို အလဲအလှယ်လုပ်ပြီး ရောင်းဝယ်ကြတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ သူတို့ တစ်ကောင်နဲ့တစ်ကောင် အရမ်းရင်းနှီးသွားကြတယ်။ မီဆာကီချီဟာ တကယ်တော့ ဘ၀င်မြင့်တဲ့ ၀က်ဝံတစ်ကောင်မဟုတ်မှန်း တွန်ခီချီကြီး နားလည်လာတယ်။ မီဆာခီချီကလည်း တွန်ခီချီဟာ ကြမ်းတမ်းတဲ့ဝက်ဝံကြီးတစ်ကောင်သက်သက် မဟုတ်ကြောင်း သဘောပေါက်လာတယ်။ ဒီလိုနဲ့ သူတို့ဘာသာ သတိမထားမိခင်မှာပဲ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ တွန်ခီချီက ဆယ်မွန်တွေကို ကြိုးစားဖမ်းတယ်၊ မီဆာခီချီက ပျားရည်တွေ ပိုစုတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့၊ နွေခေါင်ခေါင်မိုးကြိုးပစ်ချလိုက်သလို ဆယ်မွန်ငါးတွေဟာ မြစ်ထဲက ပျောက်ကွယ်သွားတယ်"

"နွေခေါင်ခေါင် မိုးကြိုးပစ်သလို..."
"ကြည်လင်နေတဲ့ ကောင်းကင်ကြီးကနေ မိုးကြိုးပစ်ချလိုက်သလိုပေါ့၊ ရုတ်တရက်ကြီး..၊ ကြိုတင်သတိမထားမိဘဲ.." လို့ ဆာယိုခိုက ဆာလာ့ကို ၀င်ရှင်းပြတယ်။
"ရုတ်တရက်ကြီး ဆယ်မွန်ငါးတွေက ပျောက်သွားတာလား။ ဘယ်လိုဖြစ်လို့လဲ.." လို့ ဆာလာက မကျေမနပ် မျက်နှာပေးလေးနဲ့ မေးတယ်။
"ဒီလို သမီးရဲ့။ ကမ္ဘာပေါ်က ဆယ်မွန်ငါးတွေအကုန်လုံး ပေါင်းစည်းသွားကြပြီး ဒီမြစ်ကြီးကို နောက်ထပ် ဘယ်တော့မှဖြတ်မကူးတော့ဖို့ ဆုံးဖြတ်လိုက်ကြတာ၊ ဘာလို့လဲဆိုတော့ တွန်ခီချီလို့ အမည်ရတဲ့၊ ဆယ်မွန်ငါးတွေကို ဖမ်းတာ အရမ်းတော်တဲ့ ၀က်ဝံကြီးတစ်ကောင် အဲဒီမှာ ရှိနေလို့ပဲ။ အဲဒါပြီးတဲ့နောက်မှာတော့ တွန်ခီချီလည်း ဆယ်မွန်ငါးတစ်ကောင်မှ ထပ်မဖမ်းနိုင်တော့ဘူး။ သူလုပ်နိုင်တာကတော့ တစ်ခါတလေ လမ်းမှားပြီး ဖြတ်ကူးလာတဲ့ ပိန်ပိန်လှီလှီ ဆယ်မွန်ငါးလေး တစ်ကောင်တလေကို ဖမ်းပြီး စားနိုင်တာပဲ၊ ဒါပေမဲ့ ဆယ်မွန်ငါးပိန်ပိန်လေးလောက် စားလို့ မကောင်းတာ ဘယ်မှာ ရှိမှာလဲ"
"တွန်ခီချီကြီး သနားပါတယ်" လို့ ဆာလာက ပြောတယ်။
"ဒီလိုနဲ့ပဲ တွန်ခီချီ တိရစ္ဆာန်ရုံကို ရောက်လာရောလား.." လို့ ဆာယိုခိုက မေးလိုက်တယ်။
"အင်း၊ ဇာတ်လမ်းက တော်တော်လေး ရှည်တယ်" လို့ ဂျန်ပိုင်းက လည်ချောင်းရှင်းရင်း ပြောလိုက်တယ်။ "ဒါပေမဲ့ ခပ်လွယ်လွယ်ပြောရင်တော့ ဟုတ်တယ်၊ ဒီလိုနဲ့ ရောက်လာတာပဲ"

"မီဆာခီချီက တွန်ခီချီ့ကို မကူညီဘူးလား" လို့ ဆာလာက မေးတယ်။
"ကူညီဖို့ သူ ကြိုးစားပါတယ်။ တကယ်တော့ သူတို့က အကောင်းဆုံးသူငယ်ချင်းတွေပဲလေ။ သူငယ်ချင်းတွေဟာ အကူအညီပေးဖို့အတွက်ပဲ မဟုတ်လား။ မီဆာခီချီက သူ့ပျားရည်တွေကို တွန်ခီချီကို မျှပေးတယ်.. အလကားပေါ့။ ဒါပေမဲ့ တွန်ခီချီက ပြောတယ်၊ မင်းကို ဒီလိုလုပ်ဖို့ ခွင့်မပြုနိုင်ဘူး၊ မင်းအပေါ်ငါ အမြတ်ထုတ်သလိုဖြစ်နေမှာပေါ့တဲ့။ မီဆာခီချီက ပြန်ပြောတယ်၊ သူငယ်ချင်းအချင်းချင်း ဒီလောက် သူစိမ်းမဆန်စမ်းပါနဲ့ကွာ တွန်ခီချီ၊ မင်းသာ ငါ့နေရာမှာဆိုရင်လည်း ငါလုပ်သလို မင်းလုပ်မှာပဲ၊ မဟုတ်ဘူးလားတဲ့"
"ဒါပေါ့ သူလည်း လုပ်မှာပေါ့"
"ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ ဒီအတိုင်း အကြာကြီးဆက်မသွားနိုင်ဘူး" လို့ ဆာယိုခိုက ကြားဖြတ်ဝင်ပြောတယ်။

"သူတို့နှစ်ယောက်ကြားမှာ ဒီအတိုင်း အကြာကြီးဆက်မသွားနိုင်ဘူး" လို့ ဂျန်ပိုင်းက ပြောတယ်။ "တွန်ခီချီက မီဆာခီချီကို ပြောတာ၊ ငါတို့က သူငယ်ချင်းဖြစ်ကြရမှာလေ။ သူငယ်ချင်းတစ်ယောက်က အပေးချည်းပဲလုပ်ပြီး တခြားသူငယ်ချင်းတစ်ယောက်က အယူချည်းပဲဆို ဘယ်ဟုတ်မလဲ၊ ဒါက သူငယ်ချင်းမှမဟုတ်ပဲ။ ငါအခု ဒီတောင်ကြီးက ထွက်သွားတော့မယ် မီဆာခီချီ၊ တခြားမှာ ရေကြည်ရာမျက်နုရာ ရှာတော့မယ်။ တစ်နေရာရာမှာ မင်းနဲ့ငါ ပြန်တွေ့ခဲ့ရင် ငါတို့ သူငယ်ချင်းကောင်းတွေ ဖြစ်နေကြဦးမှာပဲတဲ့။ ဒီလိုနဲ့ သူတို့လည်း လက်ဆွဲနှုတ်ဆက်ပြီးတော့ ခွဲခွာကြတယ်။ ဒါပေမဲ့ တောင်အောက်ကို ဆင်းလာတဲ့ တွန်ခီချီဟာ အပြင်လောကမှာ သတိဝီရိယထားဖို့ လိုအပ်တယ်ဆိုတာကို မသိခဲ့ဘူး၊ ဒီလိုနဲ့ မုဆိုးကြီးတစ်ဦး ဖမ်းတာ ခံလိုက်ရတယ်။ ဒါကတော့ တွန်ခီချီ့ လွတ်လပ်မှုတွေရဲ့ အဆုံးသတ်ပဲ၊ သူတို့က တွန်ခီချီ့ကို တိရစ္ဆာန်ရုံ ပို့လိုက်ကြတယ်"
"ဒီထက်ကောင်းတဲ့ ဇာတ်သိမ်းကို စဉ်းစားလို့မရတော့ဘူးလား။ အားလုံး ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်းဆိုတဲ့ အဆုံးသတ်မျိုးလေ" လို့ နောက်တော့ ဆာယိုခိုက ဂျန်ပိုင်းကို မေးတယ်။
"အခုထိတော့ စဉ်းစားမရသေးဘူး" လို့ ဂျန်ပိုင်းက ဖြေတယ်။

***

သူတို့သုံးယောက်သား ဆာယိုခို့ တိုက်ခန်းမှာ အရင်လိုပဲ အတူတူ ညစာစားကြတယ်။ ဆာယိုခိုက စပက်ဂက်တီတစ်အိုး ပြုတ်ပြီး ခရမ်းချဉ်သီးဆော့ကို အပူပေးတယ်၊ ဂျန်ပိုင်းကတော့ ပဲတီစိမ်းနဲ့ ကြက်သွန်နီစလတ်တစ်ပွဲ လုပ်တယ်။ သူတို့အတွက် ၀ိုင်နီတစ်ပုလင်းဖောက်ပြီး ဆာလာ့အတွက်တော့ လိမ္မော်သီးဖျော်ရည်တစ်ခွက် ထည့်ပေးလိုက်တယ်။ စားပြီးသောက်ပြီး၊ မီးဖိုချောင်ကို ရှင်းလင်းပြီးတော့ ဂျန်ပိုင်းက ဆာလာ့ကို ပုံပြစာအုပ်ထဲက စာကြောင်းတွေ ဖတ်ပြတယ်၊ အိပ်ယာဝင်ချိန်ရောက်တော့ ကောင်မလေးက မအိပ်ချင်သေးဘူးလို့ ဂျီကျနေတယ်။

"မေမေက ဘရာကစားနည်း လုပ်ပြပါ" လို့ ပြောလိုက်တယ်။
ဆာယိုခို ရှက်သွေးဖြာသွားတယ်။ "အခု မဟုတ်ဘူးလေ။ ဧည့်သည်ရှိတယ်လေ" လို့ သူမက ပြောတယ်။
"ဟင့်အင်း။ ဧည့်သည်မရှိပါဘူး။ ဂျန်ပိုင်းက ဧည့်သည်မှမဟုတ်တာ" လို့ ကောင်မလေးက ပြန်ပြောတယ်။
"ဘာတွေ ပြောနေကြတာလဲ" လို့ ဂျန်ပိုင်းက မေးလိုက်တယ်။
"အလကား ကလေးနဲ့ဆော့တဲ့ ကစားနည်းပါ" လို့ ဆာယိုခိုက ပြောတယ်။
"မာမားက အ၀တ်အစားတွေမချွတ်ဘဲ ဘရာကိုချွတ်ပြီး စားပွဲပေါ်တင်တယ်၊ ပြီးရင် ပြန်ဝတ်တယ်။ လက်တစ်ဖက်ကို စားပွဲပေါ်တင်ထားရတယ်။ သမီးတို့က အချိန်မှတ်ထားတယ်။ သူက သိပ်မြန်တာ"
"ဆာလာ..." လို့ ဆာယိုခိုက သူမ ခေါင်းကို ခါပြီး ငေါက်လိုက်တယ်။ "ငါတို့ချည်းပဲ အိမ်မှာ ဆော့တဲ့ ကစားနည်းပါ။ တခြားသူတွေနဲ့ မကစားပါဘူး"
"ပျော်စရာကောင်းမယ့်ပုံပဲ" လို့ ဂျန်ပိုင်းက ပြောတယ်။
"မာမား လုပ်ပါ၊ ဂျန်ပိုင်းကို ပြလိုက်ပါ။ တစ်ခါတည်းပါ။ မာမား လုပ်ပြမယ်ဆိုရင် သမီး တစ်ခါတည်း အိပ်ယာတန်းဝင်မယ်"

"အို.. ပြောတတ်လိုက်တာ" လို့ ဆာယိုခိုက မြည်တမ်းလိုက်တယ်။ သူမရဲ့ ဒစ်ဂျစ်တယ်နာရီကို ယူပြီး ဆာလာ့ဆီပေးလိုက်တယ်။ "ကဲ လုပ်ပြီးရင်တော့ အိပ်ယာဝင်ဖို့ ထပ်ပြီး ဂျီမကျနဲ့တော့နော်။ တစ်နှစ်သုံး ရေပြီးတာနဲ့ အချိန်စမှတ်တော့"
ဆာယိုခိုက အနက်ရောင် လည်ပေါက်ဝိုင်းဆွယ်တာပွပွကို ၀တ်ထားတယ်။ သူမ လက်နှစ်ဖက်လုံးကို စားပွဲပေါ်တင်ပြီး စရေလိုက်တယ်။ "တစ်...နှစ်...သုံး..."
အခွံထဲ လိပ်ဦးခေါင်းပြန်ဝင်သွားသလိုပဲ သူမ ညာလက်က အကျီလက်အောက်ထဲကနေ ပျောက်သွားတယ်။ ပြီးတော့ ကျောကိုကုပ်နေသလို လှုပ်ရှားမှုမျိုး မသိမသာ မြင်ရတယ်။ သူမရဲ့ ညာလက် ပြန်ထွက်လာတယ်၊ ပြီး ဘယ်လက်က အကျီလက်ထဲ ပြန်ဝင်သွားပြန်တယ်။ ဆာယိုခိုက ခေါင်းကို နည်းနည်းစောင်းလိုက်တယ်၊ ပြီးတော့ ဘယ်လက်ပြန်ထွက်ပြီး အထဲမှာ အဖြူရောင်ဘရာလေးကို ကိုင်ထားတာ မြင်ရတယ်၊ ခပ်သေးသေး၊ ကြိုးမပါတဲ့ ဘရာလေး။ မလိုအပ်တဲ့ လှုပ်ရှားမှုတွေ မပါစေဘဲ လက်က အကျီလက်ထဲကို ပြန်ဝင်သွားတယ်၊ ပြီးတာနဲ့ လက် ပြန်ထွက်လာတယ်။ နောက်တော့ ညာလက်က ပြန်ဝင်သွားပြီး ကျော်ဘက်ကို ပွတ်နေတာ မြင်ရတယ်၊ ပြန်ထွက်လာတယ်။ ပြီးပြီ။ ဆာယိုခိုက သူမ ညာလက်ကို စားပွဲပေါ်က သူမဘယ်လက်ပေါ် တင်ထားလိုက်တယ်။

"နှစ်ဆယ့်ငါးစက္ကန့်" လို့ ဆာလာက ပြောလိုက်တယ်။ "မာမားက တော်လိုက်တာ။ စံချိန်သစ်ပဲ။ အရင်တုန်းက စံချိန်က ၃၆ စက္ကန့်လေ"
ဂျန်ပိုင်းက လက်ခုပ်တီး အားပေးလိုက်တယ်။ "အံ့သြစရာပဲ။ မျက်လှည့်ပြလိုက်သလိုပဲ"
ဆာလာကလည်း လက်ခုပ်တီးလိုက်တယ်။ ဆာယိုခိုက မတ်တပ်ရပ်ပြီး ပြောလိုက်တယ်။ "ကဲ.. အစီအစဉ်လေး ပြီးသွားပါပြီ။ အိပ်ယာဝင်တော့ မမလေး။ ကတိအတိုင်းပေါ့"
ဆာလာက ဂျန်ပိုင်းပါးကို နမ်းလိုက်ပြီး အိပ်ခန်းထဲ ၀င်သွားတယ်။
ဆာယိုက ကောင်မလေး အသက်မှန်မှန်ရှူပြီး ငြိမ်သက်သွားချိန်အထိ နေလိုက်တယ်၊ ပြီးတော့မှ ဂျန်ပိုင်းရှိတဲ့ ဆိုဖာဆီကို ပြန်လာတယ်။ "၀န်ခံစရာတစ်ခုရှိတယ်ဟ။ ငါ လိမ်လိုက်တာ" လို့ ဆာယိုခိုက ပြောတယ်။

"ဘယ်လို.."
"ငါ ဘရာကို ပြန်မ၀တ်လိုက်ဘူး။ ၀တ်ချင်ဟန် ဆောင်လိုက်တာ။ ဆွယ်တာထဲကနေ အောက်ကို လျှောချလိုက်တာ၊ ကြမ်းပြင်ပေါ်ကျသွားရော"
ဂျန်ပိုင်းက ရယ်လိုက်မိတယ်။ "ဘယ်လောက်ဆိုးတဲ့ အမေလဲ.."
"ငါက စံချိန်သစ် တင်ချင်လို့ပါ" လို့ မျက်လုံးတွေကို ကျဉ်းပြီး ဆာယိုခိုက ခပ်ပြုံးပြုံးလေးပြောလိုက်တယ်။ ဒီလိုရိုးရှင်းတဲ့ မချိုမချဉ်အပြုံးမျိုးလေးကို သူ မမြင်ခဲ့ရတာ အတော်လေးကြာခဲ့ပြီ။ လိုက်ကာဟာ လေပြေညင်းကြောင့် လှုပ်ခါသွားသလို၊ ဂျန်ပိုင်းရဲ့ အတွင်းသားထဲမှာ အချိန်ဟာ သူ့ဝင်ရိုးအတိုင်း ရစ်ငင်နေတယ်။ ဆာယိုခို့ ပုခုံးတွေကို ဆုပ်ကိုင်လိုက်ပြီး သူ့ဆီ ဆွဲယူလိုက်တယ်။ သူတို့နှစ်ယောက်သား တင်းတင်းကြပ်ကြပ်ဖက်ထားရင်း ဆိုဖာပေါ်ကို နိမ့်ဆင်းသွားတယ်။ သဘာဝအကျဆုံး လှုပ်ရှားမှုမျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ်ဖက်ထားပြီး နမ်းရှိုက်လိုက်ကြတယ်။ သူတို့ ဆယ့်ကိုးနှစ်အရွယ်ကတည်းက အခုထိ ဘာတစ်ခုမှ အပြောင်းအလဲ မဖြစ်ခဲ့သလိုမျိုးပဲ။
"ဟိုးအစကတည်းက ဒီလိုမျိုး ဖြစ်ခဲ့သင့်တာလို့" ဆိုဖာပေါ်ကနေ ကုတင်ဆီ ရွှေ့နေရင်း ဆာယိုခိုက တီးတိုးပြောတယ်။ "နင်က မသိတာ။ နင်ကိုက နားမလည်တာ။ ဆော်မွန်ငါးတွေ မြစ်ထဲက ပျောက်သွားချိန် မတိုင်ခင်ကတည်းက ဒီလိုမျိုး ဖြစ်ခဲ့သင့်တာ"

အ၀တ်အစားတွေကို ချွတ်ပြီး သူတို့နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ညင်သာစွာ ဖက်ထားကြတယ်။ နှစ်ယောက်စလုံး ပထမဦးဆုံးအကြိမ် လိင်ဆက်ဆံဖူးသလို လက်တွေကို ဟိုတိုးဒီစမ်းလုပ်နေမိတယ်။ နှစ်ယောက်စလုံး အဆင်သင့်ဖြစ်ကြောင်း သေချာတဲ့အထိ အေးအေးဆေးဆေး အချိန်ယူတယ်၊ နောက်ဆုံးတော့ ဂျန်ပိုင်းက ဆာယိုခို့ဆီ တိုးဝင်လိုက်တယ်၊ သူမကလည်း ဂျန်ပိုင်းကို အလိုက်သင့် ဆွဲယူလိုက်တယ်။
ဒါတွေအားလုံးဟာ တကယ်မဟုတ်သလို ဂျန်ပိုင်း ခံစားနေရတယ်။ ၀ိုးတ၀ါးအလင်းရောင်အောက်မှာ လူသူမရှိတဲ့ တံတားတစ်စင်းကို ဖြတ်သန်းနေရသလို သူ ခံစားရတယ်၊ ပြီးတော့ အဆုံးမရှိအောင် ရှေ့ဆက်ရှေ့ဆက် လျှောက်နေမိသလိုပဲ။ သူလှုပ်ရှားလိုက်တိုင်း သူမကလည်း သူနဲ့အတူ လိုက်ပါလှုပ်ရှားတယ်။ တစ်ကြိမ်ပြီးတစ်ကြိမ်၊ နောက်တော့ သူ ပြီးချင်လာတယ်။ ဒါပေမဲ့ သူ့ဘာသာ ထိန်းချုပ်ထားလိုက်တယ်၊ ပြီးသွားပြီဆိုတာနဲ့ အိပ်မက်တစ်ခုလို ပြီးဆုံးသွားပြီး အရာအားလုံး ပျောက်ကွယ်သွားမှာကို ကြောက်မိလို့ပဲ။

အဲဒီနောက်မှာတော့ သူ့နောက်ဆီက ကျွီခနဲ အသံတိုးတိုးလေးတစ်ခု ကြားလိုက်ရတယ်။ အိပ်ခန်းတံခါးက အလွယ်တကူ ပွင့်သွားတယ်။ ဟောခန်းထဲက အလင်းရောင်က တံခါးကို အရိပ်ကျနေပြီး တွန့်ကြေနေတဲ့ အိပ်ယာခင်းပေါ် ဖြာကျလာတယ်။ ဂျန်ပိုင်းက ထပြီး နောက်ပြန်လှည့်ကြည့်လိုက်တော့ အလင်းရောင်အောက်မှာ ဆာလာလေး ရပ်နေတာကို မြင်လိုက်ရတယ်။ ဆာယိုခိုက သက်ပြင်းရှိုက်ပြီး၊ ဂျန်ပိုင်းအောက်က လွတ်အောင် သူမတင်သားတွေကို ဆွဲရွှေ့လိုက်တယ်။ ရင်သားတွေကို ကာကွယ်ဖို့ စောင်ကို ဆွဲယူလိုက်ပြီး သူမ နဖူးပေါ်ကျနေတဲ့ ဆံနွယ်တွေကို လက်တစ်ဖက်နဲ့ သပ်လိုက်တယ်။
ဆာလာက ငိုပြီး အကြောက်အကန် အော်မနေဘူး။ သူမ လက်တစ်ဖက်က တံခါးလက်ကိုင်ဘုကို ဖြစ်ညှစ်ထားပြီး ဒီအတိုင်းလေး ရပ်နေတယ်၊ သူတို့နှစ်ယောက်ဆီ ကြည့်နေပေမယ့် ဘာမှ မြင်ရတဲ့ပုံ မပေါ်ဘူး။ သူမမျက်ဝန်းတွေက ဘာမှမရှိတဲ့တစ်ခုခုဆီ စူးစိုက်ထားသလိုပဲ။
ဆာယိုခိုက ကောင်မလေး နာမည်ကို ခေါ်လိုက်တယ်။

"ဟိုလူကြီးက ဒီကိုလာဖို့ ပြောတယ်" ဆာလာက အိပ်မက်က အတင်းလှုပ်နှိုးခံလိုက်ရသလို ခြောက်ကပ်ကပ်အသံနဲ့ ပြောလိုက်တယ်။
"ဟိုလူကြီး.." လို့ ဆာယိုခိုက မေးလိုက်တယ်။
"ငလျင်လူသားလေ။ သူရောက်လာပြီး သမီးကို နှိုးတယ်။ ပြီးတော့ မာမားကို ပြောဖို့ ပြောတယ်။ သေတ္တာက အားလုံးအတွက် အဆင်သင့်ဖြစ်နေပြီတဲ့။ အဖုံးကို ဖွင့်ပြီး သူ စောင့်နေတယ်လို့ ပြောတယ်။ အဲဒါကို မာမားနားလည်အောင် ပြောပြသင့်တယ်လို့ သူက ပြောတယ်"

အဲဒီညတော့ ဆာလာလေးကို ဆာယိုခို့ အိပ်ယာမှာပဲ အိပ်ခိုင်းလိုက်တယ်။ ဂျန်ပိုင်းကတော့ စောင်တစ်ထည်ယူပြီး ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ခါးဆန့်ရတယ်၊ ဒါပေမဲ့ အိပ်မပျော်ဘူး။ ဆိုဖာနဲ့ မျက်နှာချင်းဆိုင်မှာ တီဗီရှိနေလို့ တီဗီရဲ့ မလှုပ်မယှက်မျက်နှာပြင်ကို အချိန်အကြာကြီး သူ ငေးကြည့်နေမိတယ်။ သူတို့ အထဲမှာ ရှိနေတယ်လို့ ဂျန်ပိုင်း သိနေတယ်။ သေတ္တာကို ဖွင့်ပြီး စောင့်နေကြတယ်။ ကျောရိုးထဲက စိမ့်သွားတဲ့ ခံစားချက်တစ်ခု ဂျန်ပိုင်းရလာတယ်၊ အကြာကြီးစောင့်ပေမယ့် အဲဒီခံစားချက်က ပျောက်မသွားဘူး။

အိပ်ပျော်နိုင်ဖို့ ကြိုးစားနေတာကို လက်လျှော့လိုက်ပြီး သူ မီးဖိုချောင်ထဲ ၀င်လာခဲ့တယ်။ ကော်ဖီဖျော်ပြီး မီးဖိုချောင်စားပွဲပေါ်မှာ သောက်ဖို့ ထိုင်နေလိုက်တယ်၊ သူ့ ခြေထောက်အောက်မှာ တစ်ခုခု ခုနေတယ်လို့ ခံစားရတယ်။ ဆာယိုခို့ ဘရာလေး၊ အဲဒီနေရာမှာ ရှိနေတုန်းပဲ။ သူက ကောက်ယူလိုက်ပြီး ထိုင်ခုံနောက်မှီမှာ ချိတ်ထားလိုက်တယ်။ ရိုးရိုးရှင်းရှင်း အဖြူရောင် အောက်ခံလေးပဲ၊ အဆင်တန်ဆာတွေ မရှိဘူး။ ဟိုးအဝေးဆီက အတိတ်ကာလတစ်ခုဆီ လှည့်လည်သွားရောက်ခဲ့တဲ့ အမည်မသိ မျက်မြင်သက်သေတစ်ဦးလို ဘရာလေးဟာ ရောင်နီမလာခင် အမှောင်ထုထဲက မီးဖိုချောင်ကုလားထိုင်ပေါ်မှာ တွဲလျောင်းကျနေတော့တယ်။

သူ ကောလိပ်တက်ခါစ နေ့တွေဆီ ဂျန်ပိုင်း အတွေးရောက်သွားတယ်။ သူတို့ ပထမဦးဆုံး ဆုံတွေ့ခဲ့ကြတုန်းက တာကာသျှူကီပြောခဲ့တဲ့ စကားတွေကို သူ ပြန်အမှတ်ရနေတုန်းပဲ။ "ဟေ့၊ တစ်ခုခု သွားစားရအောင်" သူ့ပုံစံအတိုင်း နွေးနွေးထွေးထွေး၊ သူ့ မျက်နှာပေါ်က ခင်မင်နှစ်လိုဖွယ်အပြုံးက "အေးအေးဆေးဆေးပါ။ ကမ္ဘာကြီးတစ်ခုလုံး တဖြည်းဖြည်းနဲ့ ကောင်းသထက်ပိုကောင်းလာမှာ" လို့ ပြောနေသလိုပဲ။ အဲဒီတုန်းက ဘယ်နေရာမှာ ဘာတွေ သွားစားခဲ့ကြပါလိမ့်လို့ ဂျန်ပိုင်း ပြန်တွေးကြည့်တယ်။ သူ စဉ်းစားမရဘူး၊ ထူးထူးခြားခြားတစ်ခုခု မဟုတ်တာတော့ သေချာတယ်။

"နေ့လယ်စာအတူစားဖို့ ဘာလို့ ငါ့ကိုမှ ရွေးပြီး ခေါ်ခဲ့ရတာလဲ" လို့ အဲဒီနေ့မှာတင်ပဲ ဂျန်ပိုင်း သူ့ကို မေးမိတယ်။ တာကာသျှူကီက သူ့နားထင်ကိုသူ ယုံကြည်ချက်အပြည့်နဲ့ ထိုးပြပြီး "မှန်ကန်တဲ့ သူငယ်ချင်းကို မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နေရာမှာ ရွေးချယ်နိုင်တာက ငါ့အရည်အချင်းပဲလေ" တဲ့။

တကယ်လည်း တာကာသျှူကီ မမှားခဲ့ဘူးလို့ သူ့ ကော်ဖီခွက်ကို မီးဖိုချောင်စားပွဲပေါ် ပြန်တင်ရင်း ဂျန်ပိုင်း တွေးမိတယ်။ မှန်ကန်တဲ့ သူငယ်ချင်းကို ရွေးချယ်နိုင်တဲ့ ထူးခြားစွမ်းရည်တစ်ခု သူ့မှာ ပင်ကိုယ်ပါလာတာပဲ။ ဒါပေမဲ့ ဒီထက်တောင် မကဘူး။ ဘ၀တစ်လျှောက်လုံး ချစ်ခင်သွားစရာ လူတစ်ယောက်ကို ရှာဖွေတာဟာ သူငယ်ချင်းရှာတာနဲ့ အတော်လေး ခြားနားတာပဲ။ ဂျန်ပိုင်း သူ့ မျက်လုံးတွေကို ပိတ်လိုက်ပြီး သူ ဖြတ်သန်းလာခဲ့တဲ့ ကာလရှည်ကြီးအကြောင်း တွေးနေလိုက်တယ်။ ရည်ရွယ်ချက် တစ်ခုခုမရှိပဲ အလဟဿ အသုံးပြုမိခဲ့တယ်လို့တော့ သူ မတွေးချင်ဘူး။

မနက်ဖြန် ဆာယိုခို နိုးနိုးချင်းပဲ သူမကို လက်ထက်ခွင့်တောင်းတော့မယ်လို့ ဂျန်ပိုင်း ဆုံးဖြတ်လိုက်တယ်။ အခုတော့ သူ သေချာသွားပြီ။ နောက်ထပ် တစ်မိနစ်တောင် မဖြုန်းနိုင်တော့ဘူး။ အသံမထွက်အောင် သတိထားပြီး၊ အိပ်ခန်းတံခါးကိုဖွင့်လို့ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ပြီး သက်တောင့်သက်သာ အိပ်မောကျနေတဲ့ ဆာယိုခိုနဲ့ ဆာလာလေးကို သူ လှမ်းကြည့်လိုက်တယ်။ ဆာလာက ဆာယိုခို့ကို ကျောနဲ့ကပ်ထားပြီး ဆာယိုခို့လက်က ဆာလာ့ပုခုံးလေးပေါ် မှေးတင်ထားတယ်။ ခေါင်းအုံးပေါ် ပြန့်ကျဲနေတဲ့ ဆာယိုခို့ ဆံနွယ်တွေကို ဂျန်ပိုင်း တို့ထိတယ်၊ ပြီးတော့ သေးသွယ်ပြီး ပန်းရောင်သန်းနေတဲ့ ပါးလေးကို သူ့လက်ချောင်းတွေနဲ့ ပွတ်သပ်ပေးနေတယ်။
သားအမိနှစ်ယောက်စလုံး လှုပ်ရှားမှု မရှိဘူး။ ကုတင်ဘေးက ကော်ဇောခင်းထားတဲ့နေရာမှာ သူ ထိုင်ချလိုက်ပြီး နံရံကို ကျောမှီလို့ သားအမိနှစ်ယောက် အိပ်မောကျနေတာကို သူ ထိုင်ကြည့်နေလိုက်တယ်။
နာရီလက်တံတွေဆီကို စိုက်ကြည့်နေရင်း၊ ဆာလာ့အတွက် ပုံပြင်ဇာတ်သိမ်းပိုင်းကို စဉ်းစားကြည့်နေတယ်။ မာဆာခီချီနဲ့ တွန်ခီချီပုံပြင်ရဲ့ ဇာတ်သိမ်းပိုင်းကို သူ ဖြေရှင်းရမယ်။ တွန်ခီချီ့ကို တိရစ္ဆာန်ရုံက လွတ်အောင် ကယ်တင်နိုင်ဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်။ ပုံပြင်ရဲ့ အစပိုင်းအထိ ဂျန်ပိုင်း နောက်ကြောင်းပြန်စဉ်းစားတယ်။ သိပ်မကြာခင်မှာပဲ စိတ်ကူးတစ်ခု သူ့ခေါင်းထဲမှာ တဖြည်းဖြည်းနဲ့ ပုံပေါ်လာတယ်။

တွန်ခီချီ တွေးတာလည်း ဆာလာလေး ပြောသလိုပဲ၊ မီဆာခီချီဖွပ်ထားတဲ့ ပျားရည်တွေကို ပျားရည်မုန့်လုပ်မယ်။ ကြွပ်ရွပြီး အရသာရှိလှတဲ့ ပျားရည်မုန့်တွေကို သူလုပ်နိုင်ကြောင်း သိရဖို့ အချိန်သိပ်မယူရဘူး။ မီဆာခီချီက ပျားရည်မုန့်တွေကို မြို့ထဲယူသွားပြီး လူတွေဆီ ရောင်းချတယ်။ လူတွေက တွန်ခီချီရဲ့ ပျားရည်မုန့်တွေကို ကြိုက်လွန်းလို့ ဒါဇင်လိုက် ၀ယ်ယူအားပေးကြတယ်။ ဒီလိုနဲ့ တွန်ခီချီနဲ့ မီဆာခီချီတို့ဟာ အမြဲတမ်းမခွဲပဲ တောင်ပေါ်မှာ ထာဝရ ပျော်ရွှင်စွာ နေထိုင်သွားခဲ့တော့တယ်။

ဒီ ဇာတ်သိမ်းအသစ်ကို ဆာလာလေးလည်း ကြိုက်မှာ သေချာတယ်။ ဆာယိုခိုရောပဲ။ အခုထိ ရေးခဲ့ဖူးသမျှနဲ့ မတူတဲ့ ဇာတ်လမ်းတွေကို ငါရေးချင်လိုက်တာလို့ ဂျန်ပိုင်း တွေးမိတယ်။ တစ်ညတာကုန်ဆုံးသွားဖို့ အိပ်မက်တွေမက်ပြီး စောင့်နေရတဲ့ လူတွေ၊ ကိုယ်ချစ်ရတဲ့လူတွေကို ပွေ့ဖက်နိုင်ဖို့ ရောင်နီလာချိန်ကို တမ်းတနေရသူတွေ အကြောင်းကို ငါ ရေးချင်တယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီမှာပဲနေပြီး ဒီအမျိုးသမီးနဲ့ ကောင်မလေးကို ငါ စောင့်ကြည့်နေရလိမ့်ဦးမယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့နှစ်ယောက်ကို သေတ္တာထဲ ထည့်သွင်းဖို့ကြိုးစားတာကို သူ လုံးဝခွင့်ပြုမှာ မဟုတ်ဘူး။ မိုးပြိုပြီး၊ ကမ္ဘာမြေကြီး မြည်ဟီးလို့ အက်ကွဲသွားဦးတော့ သူ ခွင့်ပြုလိမ့်မှာ မဟုတ်ဘူး။

တေဇာ (လရောင်လမ်း)
Honey Pie by Haruki Murakami ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Image: goodreads.com

Comments

  1. ဟား စွန်စွန်းမိုက်တယ်ဗျာ

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ