လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အကြမ်းထည်များ (၁)

“ ကွင်းဆက် ”

ကြွက်ကလေး ပြေးသွားလို့ကြည့်လိုက်တော့
ကြောင်ကလေးက လိုက်နေတယ်
အလို…၊ကြောင်ကလေးနောက်မှာလည်း
ခွေးကလေးပါလား။
အတော်ဘိုကျတဲ့ ခွေးဆိုပြီး
ခဲစာကျွေးလိုက်တယ်။
ကဲ.. ကံကြမ္မာရေ…
ကျွန်တော့်ကိုလည်း စီရင်ပေတော့။


`ပြာ´

[၁]

ဘ၀ကို လောင်ကျွမ်းခံပြီး ရတာမှအနုပညာအစစ် [*] (တဲ့)
ရော့… ဆရာ
ကျွန်တော့် `ပြာ´။

[၂]

အနုပညာစစ်ဖို့
ဘ၀ကို လောင်ကျွမ်းခံဖို့လိုသလား…၊
အားလုံး လောင်မီးကျနေကြတာပဲကွယ်
အနုပညာရယ် မကြွေးကျော်တော့ပါဘူး။

[*] မောင်ချောနွယ်၊ ၁၉၉၇ သြဂုတ်၊ မဟေသီ

“အလံ”

ဟော… ဟိုမှာ လှေခွက်ကြီး
အလံ တလူလူနဲ့
ဘယ်လိုလူ လှော်ခတ်ခဲ့ပါလိမ့်။
ငါကိုယ်တိုင် မကျန်တော့ရင်တောင်
အလံတော့ ချန်ထားခဲ့မယ်
လေပြင်းရေ…
ငါ့ကို တလူလူနေခွင့်ပေးစမ်းကွယ်။

“ငါမြင်ခွင့်မရှိတော့တဲ့ အနိဋ္ဌာရုံ”

လောက်တွေ တဖွားဖွား
ငါ့ခန္ဓာကိုယ်အား ၀ါးမျိုစားသောက်
ဘာတတ်နိုင်မလဲ
ခါချစရာ အသက်မရှိတော့ဘူး
ရွံရှာစရာ အသက်မရှိတော့ဘူး
အရှက်ကို အသက်နဲ့လဲပြီးနောက်
ငါ့အရှက်တွေလည်း အသက်မရှိတော့ဘူး။

`ငိုကြွေးခြင်း´

[၁]

အလွမ်းတွေနဲ့ မြည်းစမ်းဖို့
ဝီစကီခွက်ကို လှမ်းယူလိုက်ရတယ်
ဟုတ်တယ်လေ…
ဆင်ခြင်တုံတရားကြီး ငုတ်တုတ်နဲ့
ငါ ဘယ်လိုလုပ် လွမ်းရမလဲ
တစ်ပေါက်.. နှစ်ပေါက်။

[၂]

ငိုတတ်တဲ့ကလေး မုန့်စားရတယ် (တဲ့)
ဒါပေမဲ့ ငါ့အတွက်မုန့်မပါဘူး။
ကျွမ်းကျွမ်းကျင်ကျင် ငိုတတ်သူပါပဲ
အမှောင်ထဲခေါင်းစိုက်
ခက်ရာခက်ဆစ် ရှိုက်သံများ
ဘယ်သူကြားစရာလိုလို့လဲ..။

`အရူး´

[၁]

ကျွန်တော်က ကျပ်မပြည့်လို့
စကားပြောမှားသွားရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ။
အံမာ…အတော်လာတဲ့ အရူး။

[၂]

အကောင်းတွေက
ရူးချင်ယောင်ဆောင်တယ်
အရူးတွေက
ကောင်းချင်ယောင်ဆောင်တယ်
ကျွန်တော်လား…
ဟန်မဆောင်တတ်တဲ့ အရူးတစ်ပိုင်း။ ။

တေဇာ (လရောင်လမ်း)

2 comments:

ကောင်းကင်ကို said...

ရော့… ဆရာ
ကျွန်တော့် `ပြာ´။

ကောင်းကင်ကို said...

ကံကြမ္မာရဲ့ နောက်မှာရော ?

Post a Comment