လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံး ကဗျာများ (၁၉)

`အကွက်ပျောက်ခြင်း´

ရေနည်းငါးကမှ (အနည်းဆုံး) ဖျပ်ဖျပ်လူးနိုင်သေးတယ်
ငါ့ကိုယ်ငါ ပြန်တွေ့ရတာ
အကွက်တွေမပါတဲ့ ဘုတ်ပြားပေါ် ရပ်နေတဲ့
နယ်ရုပ်လေးတစ်ရုပ်လိုပဲ
ကဲ … ဒါကို ဘယ်လို `ဖြည်´ မလဲ။

`သေချာမှု´

မင်းကိုမှမရရင် သေရပါလိမ့်မယ်
ရရင်လည်း သေမှာပါပဲ
ကိုယ့်အတွက်တော့
သေရမှာက သေရမှာပဲ
သေသေချာချာကို သေမှာ။

`ရလဒ်´

ကိုယ်စိုက်ထားတာ
ကိုယ်ပြန်ရိတ်သိမ်းရမှာပဲ (တဲ့)
အဲလိုသာဆို သိပ်ကောင်းမှာပဲ။
မိုးလေကင်းရှင်းတဲ့ တစ်နေ့သောအခါ
ကျွန်တော် စိုက်ပျိုးထားတာတွေ
ကျွန်တော်ပဲ ပြန်ရိတ်သိမ်းခွင့်ရခဲ့မယ်ဆိုရင်လေ…။

နှုတ်စွမ်းရည်

ခံတပ်ကြီး ပြိုသွားပြီဆိုမှတော့
တိုက်စစ်ကို ဇောက်ချလုပ်နိုင်ပြီပေါ့ (တဲ့)
အကောင်းတွေပဲ ပြောပြီး
အပြောတွေပဲ
ကောင်းနေတယ်။

`အရူးများအနေဖြင့်…´

အရူးအမဲသားကျွေးမိသလိုလို့ ဆိုရအောင်
တို့အရူးထဲ အမဲသားစားဖူးတဲ့ကောင် လုံးဝမရှိဘူးလား
နေပါဦး သင်းတို့အသားကရော
အရူးတွေ ရူးသွားလောက်အောင်ကိုပဲ ကောင်းသလား
အရူးတစ်ယောက်က စဉ်းစား၏။

2 comments:

ကောင်းကင်ကို said...

(တဲ့)...ဆိုတဲ့ စာလုံးလေးတွေ တော်တော်တာသွားတယ်း-)

တေဇာ (လရောင်လမ်း) said...

(တဲ့)...ဆိုတဲ့ စာလုံးလေးတွေ တော်တော်တာသွားတယ်း-) (တဲ့)
ဟုတ်မှာ..။ :P

Post a Comment