တစ်ခုနဲ့တစ်ခုကြား ရှောင်လွှဲနိုင်ကြစတမ်းသာဆိုရင် ဖှရက်ဟက္ကမန်နဲ့ ခရစ္စမတ်နေ့ရက်တို့ဟာ ဆုံဖြစ်ခဲ့ကြမှာမဟုတ်ဘူး။ သူက လူပျိုသိုးကြီး၊ မြို့တော်စာတည်းမှူး၊ ပြီးတော့ သတင်းစာဂုရုကြီး။ ကျွန်တော်ကတော့ သတင်းထောက်လေးတစ်ယောက်အနေနဲ့ သူ့အတွက် သုံးနှစ်တာကြာအောင် ဆင်းရဲတကြီး အလုပ်လုပ်ပေးခဲ့ရသူပေါ့။ ကျွန်တော်တတ်နိုင်သလောက် နီးစပ်အောင် ပြောကြည့်ရရင်၊ သူနဲ့ ခရစ္စမတ်နေ့ရဲ့ ၀ိညဉ်အကြားမှာ တူညီတာဆိုလို့ ယာတောထဲကကြောင်စုန်းကြီးနဲ့ ငှက်ကြည့်ဗေဒအဖွဲ့အစည်းတို့ကြားက တူညီမှုလိုပဲ ဖြစ်လိမ့်မယ်။
တကယ်တော့ သူက ယာတောထဲက ကြောင်စုန်းကြီးနဲ့ နေရာအတော်များများမှာ တူပါတယ်။ သူက တကိုယ်တော်သမား၊ ကိုယ့်ဘ၀နဲ့ကိုယ် မှောက်မှားကျေနပ်နေသူ၊ ပြီးတော့ ငပျင်းကြီး။ နောက် သူ့သြဇာနဲ့ ဇ၀နဉာဏ်တို့ကလည်း ကြောင်လက်သည်းတွေလို လျှင်မြန်စူးရှလိုက်ပါဘိ။
ကျွန်တော် သူ့အတွက် အလုပ်လုပ်တုန်းကတော့ သူ့အသက်က လေးဆယ်တန်းထဲမှာပေါ့။ ခရစ္စမတ်အပေါ်မှာတင် ဘယ်ကလိမ့်မလဲ၊ အစိုးရ၊ အိမ်ထောင်သည်ဘ၀၊ စီးပွားရေး၊ မျိုးချစ်ဝါဒ စတာတွေနဲ့ ခင်ဗျား နာမည်တပ်နိုင်သမျှ အခြားအရေးပါတဲ့ ထုံးတမ်းဓလေ့တွေအပေါ်မှာပါ သူကတော့ လေးစားမှုပျောက်ဆုံးနေခဲ့ပုံပဲ။ ကျွန်တော်ကြားဖူးသမျှ သူတရေးတယူ ညွှန်းလေ့ရှိတဲ့ စံညွှန်းတွေကတော့ လိုတိုရှင်းခေါင်းကြီး၊ စာလုံးပေါင်းသတ်ပုံမှန်ကန်မှု၊ တိကျမှု၊ သတင်းလတ်ဆတ်မှုနဲ့ လူသားတွေရဲ့အသုံးမကျမှု အကြောင်းတွေပါပဲ။
စိတ်ကောင်းစေတနာနဲ့ ပျော်ရွှင်မှုလေးငွေ့ငွေ့ သူပြဖူးတဲ့ ခရစ္စမတ်နေ့တစ်ရက်ကိုတော့ ကျွန်တော် မှတ်မိနေပါသေးတယ်။ ဒါပေမဲ့ ဒါကလည်း တိုက်ဆိုင်မှုသက်သက်ပါ။ ထောင်ဖောက်မှုကြီးတစ်ခုဟာ ဒီဇင်ဘာ ၂၅ ရက်နေ့တည့်တည့်မှာမှ လာဖြစ်ခဲ့တာကိုး။
တခြား ခရစ္စမတ်နေ့တစ်ခုကို ကျွန်တော်မှတ်မိနေတာက၊ အလုပ်သင်အယ်ဒီတာမလေးကို မျက်ရည်ပေါက်ပေါက်ကျတဲ့အထိ သူ မေးခွန်းတွေနဲ့ နှိပ်စက်ခဲ့တုန်းကပေါ့။ ကောင်မလေးက၊ “ကုန်တင်ရထားနှင့် တိုက်မိပြီးသည့်နောက်တွင် လူတစ်ယောက် ကွယ်လွန်သွားသည်” ဆိုပြီး သူ့ သတင်းထဲမှာ ရေးထားခဲ့တယ်လေ။
"သူ ပြန်,ထ လာသေးလား။ ဖုတ်ဖတ်ခါ၊ တဟစ်ဟစ်ရယ်ပြီး သူ အစကသွားနေတဲ့ နေရာဆီ ဆက်လျှောက်သွားသေးလား၊ ရထားစက်ခေါင်းနဲ့ပတ်သက်လို့ သူ နားလည်မှုလေး လွဲသွားပြီးတဲ့နောက်မှာလေ" ဟက္ကမန်သိချင်နေတာက ဒါမျိုးတွေ။
"ဟင့်အင်း၊ သူ သေသွားပါတယ်၊ ပြီးတော့..."
ကောင်မလေးက သူ့နှုတ်ခမ်းကို ကိုက်ပြီး ပြောရှာတယ်။
"ဒါဆို ဘာလို့ အစကတည်းက အဲဒီလို ညည်းမပြောသလဲ။ သူ သေသွားတယ်။ ကုန်တင်ရထား၊ မော်တော်ကားငါးဆယ့်ရှစ်စီး တင်လာတဲ့ ကုန်ရထား၊ အဲဒီရထားဖြတ်ကြိတ်ခံရပြီး၊ နောက်ဆုံးအတွဲ သူ့အပေါ်ဖြတ်ကြိတ်သွားပြီး သူသေသွားတယ်။ ဒါဆို စာဖတ်သူတွေကို နဝေတိမ်တောင်ဖြစ်မှာ မပူရဘဲ ငါတို့ သတင်းပေးနိုင်တာပေါ့။ ပထမတန်းစားသတင်းလေ၊ သူသေသွားတယ်။ သူ ကောင်းကင်ဘုံ ရောက်သွားလား၊ သေသွားပြီးတော့ သူ ကောင်းကင်ဘုံကို ဆက်သွားသေးလား"
"ကျွန်မ..ကျွန်မ မသိဘူး"
"ဒါပေမဲ့ ညည်းရေးပုံက သိသလိုဖြစ်နေတယ်။ သေဆုံးသူဟာ ကောင်းကင်ဘုံရောက်သွားလား၊ လမ်းခုလတ်မှာလားဆိုတဲ့ တိကျတဲ့အချက်အလက်တွေကို သတင်းသမားက ပြောရမှာလား။ အဲဒီလူကို အသုဘချပေးတဲ့ ဘုန်းကြီးဆီမှာ ဒီလူတော့ ကောင်းကင်ဘုံရောက်ဖို့ အခွင့်အလမ်းများရှိသလားလို့ ညည်းသွားစုံစမ်းခဲ့သေးလား"
ကောင်မလေး မျက်ရည်တွေ ပေါက်ပေါက်ကျလာတယ်။ ပြီးတော့ ဒေါသူပုန်ထပြီး အော်တော့တယ်။
"သူ ကောင်းကင်ဘုံရောက်သွားမယ်လို့ ကျွန်မမျှော်လင့်တယ်။ သူက ကောင်းကင်ဘုံရောက်မှာ၊ ဒီလိုပြောလို့ ကျွန်တော်နောင်တမရဘူး"
နှာခေါင်းကို ရှူးရှူးရှဲရှဲမှုတ်ပြီး ကောင်မလေးက ထွက်သွားတယ်။ တံခါးဝရောက်တော့မှ ခဏရပ်လိုက်ပြီး ဟက္ကမန်ကို မီးဝင်းဝင်းတောက် ကြည့်တယ်။
"ဘာလို့ဆို သူက ခရစ်ယန်မို့လို့ပဲ" လို့ ကောင်မလေးက အော်ပြောလိုက်တယ်၊ အဲဒီကတည်းပဲ၊ ကောင်မလေးလည်း သတင်းစာလောကက အပြီးအပိုင် ပျောက်ကွယ်သွားတော့တယ်။
"ခရစ္စမတ်တဲ့လား" လို့ ဟက္ကမန်က ပြောလိုက်တယ်။ သူ့ပုံက ဇဝေဇ၀ါ၊ ပြီးတော့ ဒီအထူးအဆန်းစကားလုံးကို တစ်ယောက်ယောက်က သူ့အတွက် ဘာသာပြန်ပေးဖို့ မျှော်လင့်နေပုံမျိုးနဲ့ အခန်းထဲ နဝေတိမ်တောင် လျှောက်ကြည့်နေတယ်။ "ခရစ္စမတ်တဲ့" ပြောရင်းဆိုရင်း နံရံမှာချိတ်ထားတဲ့ ပြက္ခဒိန်ဆီလျှောက်သွားပြီး သူ့လက်ချောင်းလေးတွေကို ၂၅ ရက်အကွက်ကို ရောက်တဲ့အထိ လျှောက်ပြေးလွှားနေတယ်။ ပြီးတော့မှ
"အို ဒီအကွက်က အနီရောင်နဲ့ပါလား၊ ဟဟ" တဲ့။
ဒါပေမဲ့ ခရစ္စမတ်ရာသီအကြောင်း ကျွန်တော် အမှတ်အရဆုံးတစ်ခုကတော့ ဟက္ကမန်နဲ့ ကျွန်တော် နောက်ဆုံးရှိခဲ့တဲ့ နှစ်တုန်းကပါပဲ။ ရာဇ၀တ်မှုကြီးတစ်ခု ကျူးလွန်ခဲ့တဲ့နှစ်၊ ဟက္ကမန် ကြေငြာမောင်းခတ်ခဲ့တဲ့ ခိုးဆိုးလုယက်မှုကြီး၊ ဒီမြို့လေးရဲ့ သမိုင်းမှာ နာမည်ဆိုးနဲ့အကျော်ကြားဆုံး ရာဇ၀တ်မှုကြီးပေါ့။
ဒီဇင်ဘာလ အစပိုင်းလောက် ဖြစ်မယ်ထင်တယ်၊ သူ့အတွက်ရောက်နေတဲ့ နံနက်ခင်းသတင်းလွှာတွေ စစ်ဆေးနေရင်း ဟက္ကမန် ပြောတာကြားလိုက်ရတယ်။
"သောက်ကျိုးနည်း၊ ဒီလောက် ဘ၀တိုတိုလေးမှာ လူတစ်ယောက်ဆီကို အောင်မြင်မှုနဲ့ဂုဏ်သိက္ခာ ဘယ်လောက်များများ ရောက်လာနိုင်မလဲ"
သူက ကျွန်တော့်ကို သူ့အလုပ်စားပွဲဆီ လှမ်းခေါ်လိုက်တယ်။
"မဟုတ်ဘူးလား။ ဒီရုံးခန်းတွေဆီ နေ့စဉ်နဲ့အမျှ စီးဝင်လာတဲ့ ချီးကျူးဂုဏ်ပြုမှုတွေအားလုံးကို စီမံခန့်ခွဲမှုနဲ့ပဲ မျှဝေလက်ခံကြရမှာမဟုတ်ဘူးလား။ မင်းဆီကို၊ အလုပ်လုပ်နေတဲ့ ရုံးဝန်ထမ်းတွေဆီကိုလေ။ ချီးကျူးဂုဏ်ပြုမှုဟာ တကယ်တော့ သူတို့နဲ့ပဲ သက်ဆိုင်တယ်မဟုတ်လား"
"သဘောထားကြီးလှပါတယ် ခင်ဗျား" လို့ ကျွန်တော်က စိတ်မသက်မသာ ပြန်ဖြေလိုက်တယ်။
"ဒီတော့ မင်းနဲ့ အများကြီးထိုက်တန်တဲ့ လစာတိုးမှုအစား မင်းကိုငါ ငါ့လက်အထောက်အဖြစ် ခန့်အပ်တော့မယ်"
"လက်ထောက်မြို့တော်စာတည်းမှုးလားခင်ဗျာ"
"ဒီထက်ပို ကြီးကျယ်တာပေါ့ကွာ။ ကောင်လေး၊ အခုဆိုရင် မင်းဟာ 'ခရစ္စမတ်ဆိုင်ရာပြင်ပမီးပန်းမီးဆိုင်းပြိုင်ပွဲကြီး' ရဲ့ လူမှုရေးအမှုဆောင်ဖြစ်သွားပြီကွ။ သတင်းစာအတွက် မင်း အနစ်နာခံပြီး ထက်ထက်မြက်မြက်ပေးဆပ်ခဲ့တဲ့ အလုပ်တွေကို ငါ သတိမပြုမိဘူးလို့ မင်းကတော့ ထင်နေမှာပေါ့၊ ဟုတ်လား။ ဒီမှာ မင်းရဲ့အဖြေပဲ၊ ဂုဏ်ယူပါတယ်ကွာ" ဆိုပြီး ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်တယ်။
"ကျေးဇူးပါခင်ဗျ။ ဒါနဲ့ ကျွန်တော်က ဘာလုပ်ရမှာလဲ"
"အမှုဆောင်အရာရှိကြီးတွေ စောစောသေရတဲ့အကြောင်းရင်းက သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ဘယ်လို ဝေခြမ်းရမယ်ဆိုတာ မသိလို့ပဲ။ အခုတော့ ငါ အသက်နှစ်ဆယ်လောက် ပိုနေရသင့်ပြီ၊ ကုန်သည်ကြီးများအသင်းက ငါ့ကို ပေးလာတဲ့၊ လူမှုရေးအမှုဆောင်တာဝန်ကို ငါက မင်းကို အပြည့်အ၀ လွှဲပြောင်းပေးလိုက်ပြီလေ။ အခွင့်အလမ်းတံခါးတွေ မင်းရှေ့မှာ အကျယ်ကြီးပွင့်နေပြီ။ ဒီနှစ်အတွက် ခရစ္စမတ်ဆိုင်ရာပြင်ပမီးပန်းမီးဆိုင်းပြိုင်ပွဲကြီးကိုသာ မင်းအနေနဲ့ အကြီးမားဆုံး၊ အတောက်ပဆုံးဖြစ်အောင် လူထုကိုဆွဲဆောင်နိုင်မယ်ဆိုရင်၊ သတင်းစာလောကမှာ မင်းထက်ပိုမြင့်မယ့် မျက်နှာကြက်တောင် ရှိတော့မှာမဟုတ်ဘူး။ ဒါထက်ပိုသွားရင်၊ မင်းကို "အရထူးလှလူ့ဘ၀ နိုင်ငံတော်ရက်သတ္တပတ်" ရဲ့ လူမှုရေးအမှုဆောင်ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောရဲမလဲ"
"ကျွန်တော်စိုးရိမ်တာက အနုပညာပုံစံရပ်တစ်ခုခုနဲ့ ကျွန်တော်က သိပ်ပြီး အကျွမ်းတ၀င်မဖြစ်လှဘူးလေ" လို့ ကျွန်တော်က ပြောလိုက်တယ်။
"ဘာမှ အဲဒါတွေ မလိုဘူး။ ပြိုင်ပွဲဝင်တွေဟာ ရောင်စုံလျှပ်စစ်မီးဆိုင်းတွေကို သူတို့ အိမ်တွေရဲ့ မျက်နှာစာတွေမှာ အလှချိတ်ဆွဲကြရမှာ။ ပြီးရင် အိမ်က လျှပ်စစ်မီတာကို အမြန်ဆုံးလည်အောင်လုပ်နိုင်သူက အနိုင်ရပြီပေါ့။ ဒါ မင်းအတွက် ခရစ္စမတ်ပဲပေါ့"
***
တာဝန်ကျေတဲ့ လူမှုရေးအမှုဆောင်တစ်ဦးအနေနဲ့ ကျွန်တော်ကတော့ ဒီပြိုင်ပွဲရဲ့သမိုင်းကို အထူးအလေးပေး လေ့လာပါတော့တယ်။ ပြိုင်ပွဲကို ၁၉၃၈ က စလို့၊ စစ်ဖြစ်နေတဲ့နှစ်တွေမှအပ နှစ်စဉ်ကျင်းပခဲ့ကြတယ်ဆိုတာ ကျွန်တော် သိလာရတယ်။ ပထမဆုံး ဆုရသူကတော့ အိမ်မျက်နှာစာမှာ နှစ်ထပ်တိုက်အမြင့်ရှိတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးပုံဖော်ထားတဲ့ မီးဆိုင်းကြီးနဲ့ ဆုရခဲ့တာပါ။ နောက်ထပ် ဆုရသူကတော့ သုံးထပ်သားပြား ခေါင်းလောင်းကြီးနှစ်ခုပေါ်မှာ မီးဆိုင်းတွေဆင်ထားပြီး တံစက်မြိတ်ကနေ တွဲလဲချထားလေရဲ့၊ ခေါင်းလောင်းကြီးတွေက ရှေ့နောက်လွှဲယမ်းနေစဉ်မှာ ခြုံပုတ်တွေထဲဝှက်ထားတဲ့ လော်စပီကာဆီကလည်း တင်းးးတောင်... ဆိုတဲ့ အသံကို ဖွင့်ထားသေးတယ်။ ဒီလိုနဲ့ပဲပေါ့၊ ဆုရသူတစ်ဦးချင်းစီဟာ အရင်နှစ်ကရခဲ့တဲ့ သူထက် ပိုပိုပြီး ကောင်းမွန်လာကြတာ၊ နောက်ဆုံး လျှပ်စစ်အင်ဂျင်နီယာတစ်ဦးရဲ့ အကူအညီမပါဘဲ ဆုရဖို့ မမျှော်လင့်နိုင်တော့တဲ့အထိ ဖြစ်လာခဲ့တယ်။ ခရစ္စမတ်ညချမ်းဆိုရင် စွမ်းအင်နဲ့လျှပ်စစ်ကုမ္ပဏီကြီးက ရှိရှိသမျှ လျှပ်စစ်ပစ္စည်းကိရိယာတွေအားလုံးဟာ မနိုင်ဝန်ထမ်းရတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အထိပဲ။
ကျွန်တော်ပြောခဲ့သလိုပေါ့၊ ဟက္ကမန်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှစိတ်ဝင်စားမှုမရှိပါဘူး။ ဒါပေမဲ့ ဟက္ကမန်အတွက်ကံမကောင်းချင်တော့၊ သူ့သတင်းစာတိုက်ရဲ့ ထုတ်ဝေသူကို ကုန်သည်ကြီးများအသင်းရဲ့ နာယကအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြတာက စတယ်။ ဒီတော့လည်း ထုတ်ဝေသူဟာ သူ့လက်အောက်က၀န်ထမ်းတစ်ယောက်က လူမှုရေးတာဝန်တစ်ခုကြောင့် အရှက်ရနေရတယ်ဆိုတာကို သိသွားပြီး စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ သူက သတင်းစာတိုက်ကိုတော့ လာခဲပါတယ်။ ဒါပေမဲ့ သူလာတိုင်းလည်း အမှတ်ရစရာချည်းပဲ၊ အထူးသဖြင့် ခရစ္စမတ်နေ့မတိုင်ခင် နှစ်ပတ်လောက်အလိုမှာလာလေ့ရှိတဲ့၊ လူ့အဖွဲ့အစည်းထဲမှာ နှစ်ကိုယ်ခွဲစရိုက်နဲ့ နေနေတဲ့ ဟက္ကမန်ကို ဆုံးမစကားပြောပြီး ပညာပေးတဲ့ အချိန်တွေမှာပေါ့။
"ဟက္ကမန်။ ဒီကိစ္စမှာပါဝင်နေတဲ့ လူတိုင်းဟာ သတင်းသမားတစ်ဦးသက်သက်တင် မဟုတ်ဘူး၊ တက်ကြွတဲ့နိုင်ငံသားကောင်းတစ်ဦးလည်း ဖြစ်တယ်" လို့ သူက ပြောလေ့ရှိတယ်။
"ကျွန်တော် မဲပေးတယ်၊ အခွန်ဆောင်တယ်လေ" လို့ ဟက္ကမန်က တုံ့ပြန်တယ်။
"အဲဒီမှာ လမ်းဆုံးပြီပေါ့" လို့ သူက အပြစ်တင်သံနဲ့ ပြောတယ်။
"ဆယ်နှစ်လောက် ခင်ဗျား မြို့တော်စာတည်းမှူး လုပ်ခဲ့တယ်၊ အဲဒီဆယ်နှစ်အတွင်းမှာပဲ ခင်ဗျားဟာ ကိုယ့်ဆီကျရောက်လာတဲ့ လူမှုရေးတာဝန်တွေကို နီးစပ်ရာသတင်းထောက်တွေဆီ လွှဲချပြီး ခေါင်းရှောင်နေခဲ့တယ်" လို့ ပြောပြီး ကျွန်တော့်ကို ညွှန်ပြတယ်။
"ဒါဟာ လူ့အသိုင်းအ၀ိုင်းကို ရေနွေးနဲ့အပက်ခံရတာပဲ၊ နိုင်ငံကြီးသားတွေ ဂုဏ်ယူစရာကြီးတစ်ခုလို့ ယူဆထားတဲ့ ဒီလိုအလုပ်တာဝန်ကို ကလေးတစ်ယောက်ဆီ အခုလို လွှဲပြောင်းခဲ့တာဟာ…"
"ကျွန်တော့်မှာ အချိန်မရှိဘူး" ဟက္ကမန်က ညူစူစူပြောတယ်။
"ရှိအောင်လုပ်ပေါ့။ တစ်နေ့ကို ဆယ့်ရှစ်နာရီ ရုံးမှာနေရမယ်လို့ ခင်ဗျားကို ဘယ်သူမှမခိုင်းဘူး။ ခင်ဗျားဘာသာ နေချင်လို့နေတာ၊ လိုအပ်လို့မဟုတ်ဘူး။ တစ်ခါတလေလောက်များ ခင်ဗျားလူတွေခေါ်ပြီး အပြင်ထွက်ကြည့်ပါလား ဟက္ကမန်။ အထူးသဖြင့် အခုလို အချိန်မျိုးမှာပေါ့။ အခု ခရစ္စမတ်ရာသီဗျ ဟေ့လူ။ ပြိုင်ပွဲကြီးရဲ့ နောက်ကွယ်မှာ ရပ်တည်ပြီး...."
"ကျွန်တော့်အတွက် ခရစ္စမတ်လား" ဟက္ကမန်က ခွန်းတုံ့ပြန်တယ်။
"ကျွန်တော်က ဘာသာရေးသမားမဟုတ်သလို၊ မိသားစုလည်း မရှိဘူး။ အစာအိမ်ရောဂါရှိလို့ ဘီယာမသောက်နိုင်ဘူး၊ ဒီတော့ သောက်ခရစ္စမတ်ဆိုတာကို ဘာသွားလုပ်ရမတုံး"
ထုတ်ဝေသူကြီးလည်း ကြက်သေသေသွားတယ်။
"သောက်ခရစ္စမတ်ကို ဘာလုပ်မတုံး.. ဟုတ်လား" လို့ ဂလိုင်သံကြီးနဲ့ မပီမသပြောလိုက်တယ်။
"ဟုတ်တယ်" လို့ ဟက္ကမန်က ပြောတယ်။
"ဟက္ကမန်။ ဒီပြိုင်ပွဲမှာ ခင်ဗျားပူးပေါင်းပါဝင်ဖို့ ကျုပ် အမိန့်ပေးတယ်။ ခရစ္စမတ်ပြိုင်ပွဲထဲ ၀င်ပါလိုက်စမ်းပါ။ ဒါ ခင်ဗျားအတွက် ကောင်းမှာပါ" လို့ ထုတ်ဝေသူက တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
"ဒါဆို ကျွန်တော် အလုပ်ထွက်တယ်။ ဒါ ခင်ဗျားအတွက် သိပ်မကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ်" လို့ ဟက္ကမန်က ပြောလိုက်တယ်။
သူပြောတာ မှန်ပါတယ်။ သူထွက်သွားလို့ သတင်းစာတိုက်အတွက် ဘာကောင်းကျိုးမှ မရှိပါဘူး။ သတင်းစာတိုက်ဟာ အစစအရာရာ သူ့ခြေသူ့လက်ဖြစ်နေခဲ့တာဆိုတော့ သူနှုတ်ထွက်သွားတာဟာ ဧရာမဆုံးရှုံးမှုကြီးတစ်ခုပဲလေ။ ဒါပေမဲ့ ဒီအတွက်တော့ သတင်းစာတိုက်ရဲ့ အမှုဆောင်ခန်းထဲမှာ တအီအီညည်းပြီး အံတကြိတ်ကြိတ်ဖြစ်နေသူ တစ်ဦးတလေမှ မရှိပါဘူး။ ခပ်တည်တည်နဲ့ စိတ်ထဲကကျိတ်ပြီး သက်ပြင်းချနေရုံလောက်ပဲ။ အရင်တုန်းကလည်း ဟက္ကမန်တစ်ယောက် နှုတ်ထွက်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ သတင်းစာတိုက်နဲ့ နှစ်ဆယ့်လေးနာရီကြာအောင် ကင်းကွာပြီး ဘယ်တုန်းကမှ သူ မနေနိုင်ခဲ့ဘူး။ သူ့ဘ၀တစ်ခုလုံးဟာ သတင်းစာတိုက်မှာပဲ၊ သူအလုပ်ထွက်ဖို့ ပြောတယ်ဆိုတာက၊ သမ၀ါယမဆိုင်မှာအလုပ်ဝင်ဖို့အတွက် တောင်ကျစမ်းချောင်းလေးထဲက နှုတ်ထွက်မယ်လို့ပြောနေတဲ့ ဖားပြုတ်တစ်ကောင်နဲ့ တူနေတယ်။
သတင်းစာတိုက်ကနေ အလုပ်ပျက်ကွက်မှုစံချိန်သစ်တင်ပြီးတဲ့နောက် ဟက္ကမန်တစ်ယောက် သူ့အလုပ်စားပွဲဆီ ပြန်ရောက်လာခဲ့တယ်၊ သူ အလုပ်ထွက်ပြီး နှစ်ဆယ့်ခွန်နစ်နာရီတိတိ အကြာမှာပေါ့။ နည်းနည်းမူးနေပြီး ညစ်ကျယ်ကျယ်ရုပ်နဲ့၊ ဘယ်သူ့ကိုမှတော့ မကြည့်ဘူး။ သူ့စားပွဲရှေ့က ကျွန်တော်ဖြတ်လျှောက်တဲ့အချိန်မှာပဲ၊ သူ့ဆီက မပီမသပြောသံတစ်ခု ကြားလိုက်ရတယ်။
"ဘာပြောတာလဲ ခင်ဗျာ" လို့ ကျွန်တော်က မေးလိုက်တယ်။
"ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့လို့ ပြောတာကွ" လို့ ဟက္ကမန်က ပြန်ပြောတယ်။
"ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့ပါခင်ဗျား" ကျွန်တော် ပြန်နှုတ်ဆက်လိုက်တယ်။
"ဒီတော့ ဆရာလေးရေ၊ အခုဆို မုတ်ဆိတ်မွှေးဖြူဖြူရှည်ရှည်နဲ့ ပညာရှိအဘိုးကြီးတစ်ယောက် ချွင်ချွင်ချွမ်ချွမ်လုပ်ပြီး ကောင်းချီးမင်္ဂလာတွေပေးဖို့ ကျုပ်တို့ အိမ်ခေါင်မိုးတွေပေါ် ရောက်လာဖို့ သိပ်မဝေးတော့ဘူးပေါ့၊ ဟုတ်ရဲ့လား"
"ကျွန်တော်တော့ အဲဒီလို မထင်ပါဘူး"
"သမင်ကြီးတစ်ကောင်ကို ကျာပွတ်ကိုင်နိုင်တဲ့လူဟာ အရာအားလုံးကို တတ်နိုင်တာပဲပေါ့" လို့ ဟက္ကမန်က ပြောလိုက်တယ်။
"ဟုတ်မယ် ထင်ပါတယ်"
"ငါ့ကို အခုနောက်ဆုံး ဘာတွေဖြစ်ပျက်နေသလဲ ပြောပြစမ်းပါဦး၊ ကောင်လေး။ အဲဒီ သောက်တလွဲ ပြိုင်ပွဲဆိုတာကြီးက ဘာဖြစ်သွားပြီလဲ"
ပြိုင်ပွဲပြုလုပ်ပေးမယ့် ကော်မတီဝင်တွေကတော့ ထိပ်တန်းပုဂ္ဂိုလ်တွေချည်းပါပဲ၊ ပြိုင်ပွဲအတွက် အပ်ချည်ဝင်ထိုးပေးဖို့တောင် မအားလပ်လောက်အောင် အလုပ်များတဲ့ အောင်မြင်ကျော်ကြားအနုပညာရှင်တွေ။ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဥက္ကဋ္ဌရာထူးယူထားတဲ့ မြို့တော်ဝန်၊ ပြီးတော့ အိမ်ခြံမြေဘုတ်အဖွဲ့ရဲ့ သဘာပတိ။ ဟက္ကမန်က ကျွန်တော့်ကို သူ့လက်ထောက်အနေနဲ့ပဲ ဆက်ထားပါတယ်။ လက်တိုလက်တောင်းခိုင်းဖို့ ကုန်သည်ကြီးများအသင်းကလွှတ်လိုက်တဲ့ ရာထူးနိမ့် လူတချို့ကလွဲရင် ဒီအလုပ်မှာ ကျွန်တော်တို့ခြေကျွန်တော်တို့လက်ချည်းပါပဲ။
ပြိုင်ပွဲဝင်တွေကို ကြည့်ရှုဖို့ ကျွန်တော်တို့ ညတိုင်း အပြင်ထွက်ကြရတယ်၊ ပြိုင်ပွဲဝင်အရေအတွက်က ထောင်ကျော်တယ်။ ခရစ္စမတ်နေ့ကျရင် ဆုရွေးချယ်ရေးကော်မတီက ရွေးချယ်ပေးနိုင်ဖို့ အကောင်းဆုံးပြိုင်ပွဲဝင် အယောက်နှစ်ဆယ်ကို ကျွန်တော်တို့ စာရင်းပြုစုဖို့ ကြိုးစားရတယ်။ ကုန်သည်ကြီးများအသင်းက ကဖျစ်ကညစ်ကောင်တွေကတော့ မြို့ရဲ့ တောင်ဘက်ခြမ်းကို ထောက်လှမ်းရတယ်၊ ကျွန်တော်နဲ့ ဟက္ကမန်ကတော့ မြောက်ဘက်ခြမ်းပေါ့။
ပတ်ဝန်းကျင်က စိတ်ကြည်နူးစရာပါ။ ရာသီဥတုက အဆိုးစားကြီးမဟုတ်ဘဲ ခြောက်ခြောက်သွေ့သွေ့နဲ့ ပျော်မွေ့ဖွယ်ရာပဲ။ ညစဉ်ညတိုင်း ကောင်းကင်ယံမှာ ကြယ်ကလေးတွေ ထွက်နေတာ တွေ့ရတယ်။ အနက်ရောင်ကတ္တီပါ ကောင်းကင်ကြီးနောက်ခံမှာ အေးစက်မာကျောတဲ့ ကြယ်ရောင်လေးတွေ တောက်ပနေတာ မြင်ရတယ်။ လမ်းတွေပေါ်ကနေ ပြောင်နေအောင် ရှင်းလင်းခံထားရတဲ့ ဆီးနှင်းတွေက အိမ်ခေါင်မိုးတွေပေါ်မှာ၊ ခြံဝန်းတွေထဲမှာ အေးအေးသက်သာ လဲလျောင်းနေကြတော့ ကမ္ဘာလောကကြီးတစ်ခုလုံး သန့်ရှင်းနူးညံ့နေတော့တာပေါ့။ ကျွန်တော်တို့ ကားရဲ့ ရေဒီယိုမှာတော့ ခရစ္စမတ်တေးသံ လွင့်ပျံနေပါတယ်။
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ကြည်နူးစရာ မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ဘေးနားက ဟက္ကမန်က ခရစ္စမတ်ပွဲတော်ရဲ့ ယိုယွင်းမှုအကြောင်း တစ်ချိန်လုံးနီးပါး နာနာကျည်းကျည်း ပြောနေတယ်လေ။ တစ်ကြိမ်မှာတော့ "တိတ်ဆိတ်ညချမ်း" ဆိုတဲ့ ကလေးတွေရဲ့ သံပြိုင်တေးသွားကို ကျွန်တော်နားထောင်ရင်း၊ အပြစ်ကင်းစရာမလိုဘဲ သေစရာမလိုဘဲ ကောင်းကင်ဘုံရောက်လုဆဲဆဲ စိတ်ကူးနဲ့လွင့်မျောနေတဲ့အနေအထားမှာ ဟက္ကမန်က ရုတ်တရက်ဆိုသလို လိုင်းကို ပြောင်းပစ်လိုက်တော့ ဂျက်ဇ်ဂီတအဖွဲ့တစ်ဖွဲ့ရဲ့ အက်ကွဲစူးရှတဲ့ သံစဉ်တွေဟာ ကားတစ်ခုလုံး လွှမ်းသွားတော့တယ်။
"ဘယ်လိုလုပ်တာလဲဗျ" လို့ ကျွန်တော်က ပြောလိုက်တယ်။
"သင်းတို့က ဒါကို ဖွတ်ဖွတ်ညက်ညက်ကျေအောင် ဆိုနေတာ" လို့ ဟက္ကမန်က ဘောက်ဆတ်ဆတ်ပြန်ပြောတယ်။
"ဒီတစ်ညတည်းမှာပဲ အဲဒီသီချင်းကို ကြားရတာ ရှစ်ခါရှိနေပြီ။ သင်းတို့က စီးကရက်ရောင်းသလို ခရစ္စမတ်ကို ရောင်းစားနေကြတာ။ စာသားတစ်ကြောင်းတည်းကိုပဲ ဖင်ပြန်ခေါင်းပြန်နဲ့၊ ထပ်ခါထပ်ခါ ဆိုပြီးတော့။ ငါ့နားထဲကတောင် ခရစ္စမတ်တွေ ထွက်ကျလာပြီ"
"သူတို့က ခရစ္စမတ်ကို ရောင်းစားနေတာမဟုတ်ဘူးလေ။ သူတို့က ခရစ္စမတ်မှာ ပျော်နေရုံပဲလေ" လို့ ကျွန်တော်က အထွန့်တက်လိုက်တယ်။
"ကုန်တိုက်ကြော်ငြာ ပုံစံတစ်မျိုးပါကွာ"
ကျွန်တော်က ကလေးတွေသံပြိုင်သီချင်းဆိုနေတဲ့ လိုင်းဆီ ခလုတ်ကိုပြန်လှည့်လိုက်တယ်။
"စိတ်မရှိဘူးဆိုရင် ကျွန်တော် ဒီသီချင်းကိုတော့ ဆုံးအောင်နားထောင်ပါရစေ။ ဒါပြီးသွားရင်တော့ ခင်ဗျားဘာသာ လိုင်းကို ပြန်ပြောင်းပေါ့" လို့ ပြောလိုက်တယ်။
"ငြိမ်းချမ်းနိဗ္ဗာန်ဘုံဝယ်.....အိပ်စက်အနားယူမယ်......" အသံချိုချိုလေးတွေ ပြန်ထွက်လာတယ်။ အဲဒီနောက်မှာတော့ အစီအစဉ်ကြေငြာသူရဲ့ အသံတစ်ခု ကြားဖြတ်ဝင်လာတယ်။
"ခရစ္စမတ်အထူးအစီအစဉ်ရဲ့ နားနေချိန် ဆယ့်ငါးမိနစ်ကို ရောက်ရှိလို့လာပါပြီရှင်။ ဒီအစီအစဉ်ကို ဘူးလာ့ဒ်နှင့်ညီအစ်ကိုများကုန်တိုက်မှ စီစဉ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဘူးလာ့ဒ်နှင့်ညီအစ်ကိုများကုန်တိုက်ကို တနင်္ဂနွေနေ့မှအပ နေ့စဉ် ညဆယ်နာရီအထိ ဖွင့်လှစ်ထားပါတယ်ရှင်။ ခရစ္စမတ်အတွက် ဈေးဝယ်ဖို့ အချိန်နောက်မကျခင် အခုပဲ လှမ်းလာခဲ့လိုက်ပါနော်"
"တွေ့ပြီလား" လို့ ဟက္ကမန်က အောင်နိုင်သူအပြုံးနဲ့ ပြောလိုက်တယ်။
"ဒါက ဘေးထွက်ကိစ္စတွေပါ။ အဓိကက ကယ်တင်ရှင်ဟာ ခရစ္စမတ်နေ့မှာ မွေးခဲ့တယ်ဆိုတဲ့ အချက်ပဲ"
"မှားပြန်ပြီ။ သူဘယ်တုန်းက မွေးသလဲဆိုတာ ဘယ်သူမှမသိဘူး။ သမ္မာကျမ်းစာက မင်းကိုပြောနိုင်တဲ့အချက် တစ်ခုမှမရှိဘူး၊ တစ်လုံးမှ မရှိဘူး"
"သမ္မာကျမ်းစာနဲ့ ပတ်သက်လို့၊ ကျွမ်းကျင်သူတွေရဲ့ အယူအဆကိုများသိချင်ခဲ့ရင် ခင်ဗျားဟာ ကျွန်တော် နောက်ဆုံးမှ လာမေးတဲ့သူပဲ ဖြစ်လိမ့်မယ်" လို့ ကျွန်တော်က ဒေါပွပွနဲ့ ပြန်ချဲမိတယ်။
"ကလေးဘ၀တုန်းကတော့ သမ္မာကျမ်းစာကို ငါ အလွတ်ရခဲ့သားပဲ" လို့ ဟက္ကမန်က ပြောတယ်။
"ညတိုင်း အဲဒီထဲက တစ်ပိုဒ်ကို ငါကျက်ရတယ်။ မတော်လို့များ စာတစ်လုံးမှားရွတ်မိလို့ကတော့ အဘိုးကြီးရဲ့ အရိုက်ခံထိတော့တာပဲ"
"အို ဟုတ်လား.." လို့ ကျွန်တော်လည်း ကယောင်ကတမ်း မေးလိုက်မိတယ်။ တကယ်တော့ ဒါဟာ ကျွန်တော် လုံးဝမမျှော်လင့်ထားတဲ့ စကားပဲ။ ဘာကြောင့်လဲဆိုတော့ ဟက္ကမန်ရဲ့ လေးစားဖွယ်ကောင်းမှုဟာ သူ့ရဲ့ သိုသိပ်မှုအပေါ်မှာ အများကြီး မှီတည်နေခဲ့လို့ပါပဲ။ သူ့အနေနဲ့တော့ သူ့ရဲ့အတိတ်အကြောင်း၊ သူဘာတွေလုပ်ခဲ့တယ်၊ ဘယ်လို အယူအဆရှိခဲ့တယ်ဆိုတာတွေကို အလုပ်ချိန်ပြင်ပမှာ တစ်လုံးတစ်ပါဒမှ ဖွင့်ပြောလေ့ရှိခဲ့တာ မဟုတ်ဘူး။ အခုတော့ သူက သူ့ကလေးဘ၀အကြောင်းကို ကျွန်တော့်ကို ပြောလာတယ်။ သူ့ရဲ့ ရှိရင်းစွဲ အဆိုးမြင်ဝါဒနဲ့ စိတ်မရှည်မှုတို့ထက် ပိုမိုလေးနက်တဲ့ စိတ်ခံစားချက်တစ်ခုကို ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော့်ကို ပြသခဲ့တာပါပဲ။
"တနင်္ဂနွေကျမ်းစာသင်တန်းကို ဆယ်နှစ်တိတိ ငါ တစ်ရက်မှ မပျက်ကွက်ခဲ့ဖူးဘူး။ နေပူပူမိုးရွာရွာ၊ ဖျားဖျားနာနာ၊ ငါကတော့ ကျောင်းရှိနေခဲ့တာပဲ"
"အမာခံသက်ဝင်သူပေါ့"
"ဘယ်ကလာ..၊ အဘိုးကြီးရဲ့ ခါးပတ်စာမိမှာ ကြောက်လို့ပါ"
"သူရော အသက်ရှင်နေတုန်းပဲလား၊ ခင်ဗျားအဖေကြီးလေ"
"ငါမသိဘူး" ဟက္ကမန်က စိတ်မပါ့တပါ ဖြေတယ်။ "အသက်ဆယ့်ငါးနှစ်မှာ ငါထွက်ပြေးခဲ့တယ်၊ အဲဒီကတည်းက တခါမှ ပြန်မရောက်တော့ဘူး"
"ဒါဆို ခင်ဗျားရဲ့ အမေရော.."
"ငါ တစ်နှစ်သားမှာ သေသွားတယ်"
"စိတ်မကောင်းပါဘူးဗျာ"
"ဘယ်မအေပေးက မင်းကို စိတ်မကောင်းဖြစ်ခိုင်းနေလို့လဲ"
***
အဲဒီညအတွက် သွားကြည့်မယ်လို့ စီစဉ်ထားတဲ့ နောက်ဆုံးအိမ်ရှေ့မှာ ကျွန်တော်တို့ ကားကိုရပ်လိုက်တယ်။ အချွန်အတက်တွေနဲ့ ခြံစည်းရိုးအတွင်းက ပန်းနုရောင်အိမ်ကြီးရခိုင်၊ သံမဏိနဲ့လုပ်ထားတဲ့ ကြိုးကြာရုပ်တွေ၊ ပြီးတော့ ရုပ်မြင်သံကြားအင်တာနာ ငါးခု။ အားမနာတမ်းပြောရရင်တော့၊ စပိန်ဗိသုကာပညာ၊ လျှပ်စစ်ပညာနဲ့ ရုတ်တရက်ထီပေါက်လို့ချမ်းသာလာခြင်းတွေရဲ့ အဆိုးရွားဆုံးအထိမ်းအမှတ်တွေကို ရုပ်ဆိုးဆိုးဂြိုဟ်သားကြီးတစ်ကောင်ဆီမှာ ပေါင်းစပ်ထားသလိုပဲခံစားရပါတယ်။ ခရစ္စမတ်ရောင်စုံမီးတွေကိုတော့ ကျွန်တော်တို့ မမြင်ရဘူး၊ အိမ်ထဲမှာထွန်းနေကျ သာမန်မီးရောင်လောက်ပါပဲ။
ကျွန်တော်တို့ လာခဲ့တဲ့အိမ် အမှန်ပဲလားလို့ သေချာအောင် တံခါးခေါက်လိုက်တော့ ခြံစောင့်တစ်ယောက်ထွက်လာတယ်။ အလှဆင်မီးပန်းတွေကို အိမ်ရဲ့ တခြားဘက်မျက်နှာစာမှာ ဆင်ထားတာလို့ သူက ပြောတယ်။ ဖွင့်ကြည့်ချင်တယ်ဆိုရင်တော့ သူ့ ဆရာရဲ့ ခွင့်ပြုချက် လိုလိမ့်မယ်လို့လည်း သူကပြောတယ်။ ခဏလောက်ကြာတော့ သူ့ဆရာထွက်လာတယ်၊ ၀၀နဲ့ အမွှေးထူထူ၊ ရှေ့သွားနှစ်ချောင်းက ပြူးနေတယ်။ ကြက်သွေးရောင်ည၀တ်အင်္ကျီထဲ ရှဥ့်တစ်ကောင်ထည့်ထားသလို ဥပဓိမျိုးပေါ့။
"ဆရာ မစ္စတာဖှလီးဝုဒ်ခင်ဗျာ၊ ဒီက လူကြီးမင်းတွေကတော့....." ခြံစောင့်က သူ့ ဆရာကို စကားစလိုက်တုန်းပဲ ဆရာသမားကတော့ စကားရပ်ဖို့ လက်ဝှေ့ယမ်းပြတယ်။
"ဘယ်လိုလဲ ဟက္ကမန်၊ အခုလို ညကြီးမင်းကြီးဟာ အကူအညီလာတောင်းဖို့အတွက် အချိန်ကောင်းမဟုတ်ဘူးဆိုပေမယ့် ကျုပ်ကတော့ မိတ်ဆွေဟောင်းတွေအတွက်ဆို အမြဲတမ်း တံခါးဖွင့်ထားပါတယ်ဗျာ"
"ဂရစ်ဘွန်၊ လီယူဂရစ်ဘွန်၊ ခင်ဗျား ဒီမှာနေနေတာ ဘယ်လောက်ကြာပြီလဲ" လို့ ဟက္ကမန်က မယုံကြည်နိုင်စွာ မေးလိုက်တယ်။
"အခု ကျွန်တော့်နာမည်က ဖှလီးဝုဒ်ဖြစ်သွားပြီ ဟက္ကမန်၊ အရှည်ဆိုရင်တော့ ဂျေ စပရူး ဖှလီးဝုဒ်ပေါ့၊ ပြီးတော့ ကျွန်တော်က ဥပဒေဘောင်အတွင်းမှာ တိတိကျကျနေထိုင်တာနော်။ ခင်ဗျားနဲ့ ကျွန်တော် နောက်ဆုံးတွေ့စဉ်တုန်းကတော့ ဇာတ်လမ်းလေးတစ်ခု ရှိခဲ့တာပေါ့။ ဒါပေမဲ့ ဒီညမှာတော့ မရှိတော့ဘူး။ ကျွန်တော် ထောင်ကလွတ်လာတာ တစ်နှစ်ရှိပြီ၊ အေးအေးချမ်းချမ်း၊ ငြိမ်ငြိမ်သက်သက်ပေါ့"
"ခွေးရူးဂရစ်ဘွန်တောင် ထောင်ကလွတ်လာတာ တစ်နှစ်ရှိပြီလား၊ ငါလည်း ဒါကို မသိရပါလား" လို့ ကျွန်တော့်ဘက်ကိုကြည့်ရင်း ဟက္ကမန်က ပြောလိုက်တယ်။
"ကျွန်တော့်ကို မကြည့်နဲ့လေ။ ကျွန်တော်က ကျောင်းဘုတ်အဖွဲ့နဲ့ မီးသတ်ဌာနအတွက်ပဲ သိတာလေ" လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။
"လူ့အဖွဲ့အစည်းကို ပေးရမယ့် အကြွေးတွေကို ကျွန်တော်ပေးဆပ်ပြီးပါပြီ" ဂရစ်ဘွန်က ပြောတယ်။
လူကုန်တံဆန်တဲ့ ဧည့်ခန်းအ၀င်ပေါက်မှာ နေကာဖို့ထားတဲ့ ကိရိယာကို ဟက္ကမန်က တို့ထိဆော့ကစားနေတယ်။
"ငါ့အမြင်မှာတော့ မင်းဟာ လူ့အဖွဲ့အစည်းကို ပေးရမယ့်အကြွေးတွေကို နှစ်ပဲတစ်ပြားပဲ ဆပ်ခဲ့တယ်လို့ထင်တယ်"
"ရင်းနှီးမြှုပ်နှံမှုလေ၊ စတော့ဈေးကွက်မှာ တရားဝင်ရင်းနှီးမြှုပ်နှံမှုတွေလေ" လို့ ဂရစ်ဘွန်က ပြန်ပြောတယ်။
"ငွေကြေးရဲ့တန်ဖိုးဆိုတာဘာလဲလို့ ဉာဏ်အလင်းရဖို့အတွက်သက်သက်နဲ့တင် မင်းငွေတွေဆီကထွက်ကျလာတဲ့ သွေးကွက်တွေ မင်းပွဲစားက ဘယ်လိုရသွားလဲ" လို့ ဟက္ကမန်ကမေးတယ်။
"ကျွန်တော် ယဉ်ကျေးပျူငှာနေတာကို ခင်ဗျားရဲ့ ရိုင်းစိုင်းမှုနဲ့ ဖျက်ဆီးမယ်ဆိုရင်တော့ ခင်ဗျားကို ဒီကနေ မောင်းထုတ်ပစ်ရလိမ့်မယ်၊ ဟက္ကမန်၊ ကဲ ခင်ဗျား ဘာကို လိုချင်လဲ" လို့ ဂရစ်ဘွန်က ပြောလိုက်တယ်။
"သူတို့က မီးဆိုင်းတွေ ဘယ်လိုခင်းကျင်းထားသလဲ သိချင်တာပါ ဆရာ" လို့ ခြံစောင့်က ၀င်ပြောတယ်။
အခုလို လာရင်းကိစ္စကို ကြေငြာမောင်းခတ်ခံလိုက်ရတဲ့အချိန်မှာ ဟက္ကမန်ရဲ့ မျက်နှာမှာ ရှက်သွေးနဲ့ ရဲကနဲဖြစ်သွားတယ်။
"အင်း..၊ ဟုတ်တယ်။ ငါတို့က အဲဒီစောက်ရူးကော်မတီဆီက လူတွေပဲ" လို့ သူက တီးတိုးပြောလိုက်တယ်။
"ကျွန်တော်က ခရစ္စမတ်ညကျမှ အကဲဖြတ်ကျမှာ ထင်နေတာ။ အဲဒီအချိန်မတိုင်ခင် မီးတွေကို မထွန်းဘူးလို့ စီစဉ်ထားတာ၊ လူ့အဖွဲ့အစည်းကို ပျော်ရွှင်အံ့သြသွားစေမယ့် ပုံစံမျိုးပေါ့"
"ဓာတုအဆိပ်ဓာတ်ငွေ့တွေနဲ့လား" လို့ ဟက္ကမန်က ပြောတယ်။
"ဟုတ်ပါပြီလေ၊ ခင်ဗျားက ဉာဏ်ကြီးရှင်ပဲ။ ဒီညတော့ ဂျေ စပရူး ဖှလီးဝုဒ်ဟာ ဘယ်လို နိုင်ငံကြီးသားလဲဆိုတာ ခင်ဗျားတွေ့ရတော့မှာပါလေ"
ကျွန်တော်မြင်နေရတာတော့ ဒါဟာ တကယ်တော့ ဂျေ စပရူး ဖှလီးဝုဒ် (ခေါ်) ခွေးရူးဂရစ်ဘွန်ရဲ့ နှင်းခဲနေတဲ့ ခြံဝန်းထဲမှာ အပြာရောင်အရိပ်တွေနဲ့ ဝေေ၀၀ါးဝါးပုံသဏ္ဍာန်တွေ ပေါင်းစည်းထားတဲ့ ကမ္ဘာသစ်တစ်ခုပါပဲ။ သန်းခေါင်ယံအချိန်မှာ ကျွန်တော်နဲ့ ဟက္ကမန်က ခြေလှမ်းတွေ ခဲဆွဲထားပြီး ကိုယ့်လက်ဖ၀ါးကိုယ် အနွေးဓာတ်ရဖို့ ပွတ်သပ်နေချိန်မှာ၊ ဂရစ်ဘွန်နဲ့ အစေခံသုံးယောက်ကတော့ ခြံဝန်းတစ်ခုလုံး သွက်သွက်လက်လက် လှုပ်ရှားပြေးလွှားနေကြပါတယ်။ လျှပ်စစ်ဆက်ကြောင်းတွေကို ချိတ်ဆက်ရင်း၊ ၀က်အူလှည့်တွေ၊ ဆီပုံးတွေလို့ ထင်ရတဲ့အရာတွေနဲ့ အလုပ်ရှုပ်ရင်းပေါ့။
ဖွင့်လိုက်တယ်ဆိုတာနဲ့ မီးရောင်တွေရဲ့ အလှအပကို အပြည့်ဝခြုံငုံမြင်နိုင်အောင် ကျွန်တော်တို့ကို ခပ်ဝေးဝေးမှာ ရပ်နေဖို့ ဂရစ်ဘွန်က အထပ်ထပ်ပြောနေတယ်။ ဘာတွေမြင်ရမလဲဆိုတာ ကျွန်တော် မတွေးတတ်သလို၊ ခြံစောင့်လုပ်နေတာတွေကိုလည်း ဇဝေဇ၀ါနဲ့ပါပဲ။ မိုးလေ၀သတိုင်းဘောလုံးကို ဆီတိုင်ကီနဲ့ ဖြည့်နေတာတွေရောပေါ့။ ခြံစောင့်က ဆွဲကြိုးကို မ,လိုက်ချိန်မှာပဲ ဘောလုံးက ကြိုးရဲ့ တခြားတစ်ဖက်မှာ ခန့်ခန့်ညားညား မြင့်တက်လာတယ်။
"ဒါ ဘာလုပ်နေတာလဲ" လို့ ကျွန်တော်က ဟက္ကမန်ကို တီးတိုးမေးလိုက်တယ်။
"ဘုရားသခင်ဆီက နောက်ဆုံးဗျာဒိတ်ကို ပို့လွှတ်နေတာပေါ့" လို့ ဟက္ကမန်က ပြောတယ်။
"ဒါနဲ့ ဒီလူက ဘာလို့ ထောင်ကျရတာလဲ"
"လောင်းကစားမှုပေါ့၊ ပြီးတော့ သူအဲဒီလိုင်းထဲမှာ တည်မြဲနေဖို့ လူနှစ်ဆယ်လောက် အသတ်ခံခဲ့ရတယ်၊ အဲဒီနောက်မှာ သူတို့က သူ့ကို အခွန်ရှောင်မှုနဲ့ ထောင်ထဲငါးနှစ်ပို့လိုက်တယ်"
"မီးတွေ အဆင်သင့်ဖြစ်ပြီလား" လို့စင်ဝင်အောက်မှာ ရပ်နေတဲ့ ဂရစ်ဘွန်က စိတ်မရှည်တဲ့လေသံနဲ့ အော်ငေါက်လိုက်တယ်။ သူ့လက်တွေကိုဟန်ပါပါ မြှောက်ထားပုံက တန်ခိုးဣဒ္ဓိပါဒ် တစ်ခုခုပြဖို့ အမိန့်ပေးနေပုံမျိုး။
"မီးတွေ အဆင်သင့်ပါပဲဆရာ" ခြုံပုတ်တစ်ခုထဲက အသံထွက်လာတယ်။
"အသံ အဆင်သင့်ဖြစ်ပြီလား"
"အသံ အဆင်သင့်ပါပဲဆရာ"
"ဘောလုံးရော.."
"ဘောလုံး လွှင့်ထားပြီးပါပြီဆရာ"
"ကဲ..ဒါဆို စတော့.." ဂရစ်ဘွန်က အော်လိုက်တယ်။
သစ်ပင်ထိပ်ဖျားတွေပေါ်က မိစ္ဆာတွေ အသံကုန်အော်ငေါက်ပြီး ခုန်ပေါက်ထွက်လာတယ်။
နေအစင်းတစ်ရာလောက် ပေါက်ကွဲသွားတယ်။
ဟက္ကမန်နဲ့ကျွန်တော် လန့်ဖျန့်ပြီး ခေါင်းငုံ့နောက်ဆုတ်လိုက်ကြတယ်၊ မျက်နှာကိုလည်း လက်မောင်းနဲ့ အလိုအလျောက် ကွယ်ပြီးသားဖြစ်သွားတယ်။ ခဏနေတော့မှ ကြောက်ကြောက်နဲ့ ကျွန်တော်တို့ မျက်လုံးကို ခပ်ဖြည်းဖြည်းချင်း ပြန်ဖွင့်ကြည့်မိတယ်။ ကျွန်တော်တို့ ရှေ့မှာတော့ မျက်စိကန်းသွားလောက်တဲ့ ကြောင်ကြောင်ကျားကျား မီးရောင်စုံတွေနဲ့ ခရစ်တော်ဖွားတော်မူခန်းကို ပကတိအရွယ်အစားအတိုင်း ဖြန့်ကြက်အလှဆင်ထားတာ တွေ့လိုက်ရတော့တယ်။ လော်စပီကာတွေကလည်း ဘက်ပေါင်းစုံကနေ ခရစ္စမတ်သီချင်းကို နားကွဲလုမတတ်အော်မြည်နေကြတယ်။ နွားပေါက်နဲ့သိုး ပလာစတာရုပ်ကလေးတွေကတော့ နေရာတိုင်းမှာပဲ၊ ခေါင်းလေးတွေ လည်တည်လည်တည်နဲ့။ သိုးကျောင်းသားတွေကျတော့ ရထားလမ်းကူးဂိတ်ဝတွေလို၊ သူတို့ညာလက်တွေကို ဆတ်ခနဲဆတ်ခနဲ ကောင်းကင်ပေါ်ညွှန်ရင်း မြှောက်လိုက်ချလိုက်လုပ်နေကြတယ်။
အပျိုစင်မေရီနဲ့ ဂျိုးဆက်တို့က နွားစာခွက်ထဲက ကလေးငယ်ကို ပီတိနဲ့ကြည့်နေချိန်မှာ သံပတ်ပေးထားတဲ့ နတ်သမီးလေးတွေက အတောင်ပံတွေကို တဖျပ်ဖျပ်ခတ်ပြီး စက်ရုပ်ပညာရှိကြီးက ကားအင်ဂျင်လုံးလို တဂျီးဂျီးလည်နေတယ်။
ဆူညံနေတဲ့အသံတွေကြားကပဲ "ကြည့်စမ်း" လို့ ဟက္ကမန်က အော်လိုက်တယ်။ သိုးကျောင်းသားတွေ ညွှန်ပြနေတဲ့ဆီကို သူ့လက်ညှိုးနဲ့ ထိုးပြနေတယ်၊ အဲဒီမှာတော့ ဘောလုံးက ကောင်းကင်ယံကို ပျံတက်ပျောက်ကွယ်သွားပြီ။ ခွေးရူးဂရစ်ဘွန်ရဲ့ ပန်းနုရောင်နန်းတော်ထက် ဟောဒီနေရာမှာတော့ ခရစ္စမတ်ကောင်းကင်ဘုံကြီး ချိတ်ဆွဲထားတာ အံ့ဘနန်းတွေ့နေရပါတော့တယ်၊ ဖွားတော်မူကြယ်စင်လေးတွေလို တုပလင်းလက်နေတဲ့ မြေပေါ်ကလွှင့်ပျံသွားတဲ့ ဂတ်စ်ငွေ့အိတ်ကြီးတွေဆီကပါပဲ။
ရုတ်တရက်ဆိုသလိုပဲ အရာအားလုံး မှောင်မိုက်သွားပြီး အရင်အတိုင်းပြန်ဖြစ်သွားတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ထုံပေပေနဲ့။ ဟက္ကမန်ကတော့ ကြယ်ကလေးတွေရှိခဲ့တဲ့နေရာဆီ ခံစားချက်ကင်းမဲ့တဲ့မျက်နှာနဲ့ ငေးကြည့်နေတယ်၊ စကားတော့ တစ်ခွန်းမှမပြောဘူး။ ဂရစ်ဘွန်က ကျွန်တော်တို့ရှိရာဆီ ဘောက်ဆတ်ဘောက်ဆတ် လျှောက်လာတယ်။
"ဒါကိုမီနိုင်တာမျိုး ဒီမြို့မှာ ရှိပါ့မလား" သူက ဂုဏ်ယူဝင့်ကြွားစွာ တဟဲဟဲပြောတယ်။
"ဟင့်အင်း" လို့ပဲ ဟက္ကမန်က တုံးတိတိ ဖြေတယ်။
"နိုင်မယ်လို့ ထင်လား"
"နိုင်မှာပေါ့" ဟက္ကမန်က မြုံစိစိပဲ၊ "နှာခေါင်းနီသမင်ကြီးပုံစံမျိုးပေါ်အောင် ပေါက်ကွဲပေးမယ့် အနုမြူဗုံးကို တစ်ယောက်ယောက် မရခဲ့ဘူးဆိုရင်ပေါ့"
"ဒီနားပတ်ချာလည် မိုင်နဲ့ချီကွာဝေးတဲ့ လူတွေက ဒါကိုကြည့်ဖို့ လာကြတော့မှာ။ ခင်ဗျားသတင်းစာထဲမှာ ကြယ်စင်တွေကိုမျှော်ကြည့်ရင်း လှမ်းလာခဲ့ကြပါဆိုပြီး ဇာတ်လမ်းလေးဖွဲ့နွဲ့ရေးပေးစမ်းပါဗျာ"
"ကျုပ်ပြောတာ နားထောင်ဦး၊ ဂရစ်ဘွန်။ ပထမဆုရလို့ ပိုက်ဆံတစ်ပြားမှရမှာမဟုတ်ဘူးဆိုတာတော့ ခင်ဗျားသိပါတယ်နော်။ တစ်ပြားဖိုးလောက်ပဲတန်တဲ့ စာချွန်လွှာလေးတစ်ခုက လွဲလို့ပေါ့"
ဂရစ်ဘွန်ကြည့်ရတာ စော်ကားခံလိုက်ရသလိုပဲ။
"သိတယ်လေ၊ အဲဒါဘာဖြစ်တုံး။ ကျွန်တော်လုပ်နေတာက လူမှုဝန်ဆောင်မှုပဲဟာ" လို့ ပြန်ပြောတယ်။
"ကဲ သွားကြစို့ ကောင်လေး။ ဒီညတော့ ဒီလောက်ပဲ" လို့ စိတ်မ၀င်စားတဲ့လေသံနဲ့ ဟက္ကမန်က ကျွန်တော့်ဘက်ကို လှမ်းပြောလိုက်တော့တယ်။
>>ဆက်ရန်>>
တေဇာ (လရောင်လမ်း)
While Mortals Sleep by Kurt Vonnegut ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

Comments
Post a Comment