ထိုင်ခုံမှာပဲ အတော်ကြာကြာ အဆီရစ်ပြီး သူ ထိုင်နေမိတယ်။ လက်တွေကို စားပွဲပေါ်တင်ထားရင်း မျက်လုံးမှေးမှေးတွေဆီကနေ နှင်းပန်းတွေကို ငေးကြည့်နေတယ်။ စားလိုက်တဲ့ အစာတွေ အစာရေမျိုကတဆင့် အူထဲရောက်တဲ့အထိ သူ့အစာခြေစနစ်တစ်လျှောက် အလုပ်လုပ်နေချိန်မှာ သူကတော့ နှေးကွေးလေးလံစွာ အသက်ကို ပျင်းပျင်းရိရိ ရှူနေမိတယ်။ ၀မ်းမီးငြိမ်းသွားတဲ့ အရသာကို ဒီရေတက်လာသလို သူခံစားနေရတယ်။ ကော်ဖီအိုးကို လှမ်းယူလိုက်ပြီး ကြွေခွက်ထဲ လောင်းထည့်လိုက်တယ်။ ရနံ့ပြင်းရှရှက သူ့ကို တစ်စုံတစ်ရာကို သတိရလာစေတယ်။ ရုတ်တရက် သတိရလိုက်တာမျိုးမဟုတ်ဘူး၊ အဆင့်ဆင့် သတိရသွားပုံမျိုး။ အနာဂတ်တစ်နေရာဆီကနေ ပစ္စုပ္ပန်ကို ပြန်လည်သတိရနေရသလို ထူးဆန်းတဲ့ ခံစားချက်တစ်မျိုးပဲ။ တစ်နည်းနည်းနဲ့ အချိန်ကာလဟာ အစိတ်အပိုင်းနှစ်ခုအဖြစ် ကွဲထွက်သွားပြီး စက်ဝိုင်းပိတ်တစ်ခုအတွင်းမှာ မှတ်ဉာဏ်နဲ့ အတွေ့အကြုံတို့ဟာ တစ်ခုနောက်တစ်ခုလိုက်ပြီး လည်ပတ်နေကြသလိုပဲ။ ကော်ဖီထဲက နို့နှစ်အနေတော်လောက် လောင်းချလိုက်ပြီး လက်ချောင်းနဲ့မွှေလို့ သူ မော့သောက်လိုက်တယ်။ ကော်ဖီက အေးနေပြီဆိုပေမယ့် အနွေးဓာတ်ငွေ့ငွေ့ ကျန်နေသေးတယ်။ သူက ကော်ဖီကို ပါးစပ်ထဲ ခဏငုံထားလိုက်ပြီးမှ သတိကြီးကြီးထားပြီး လည်ချောင်းတစ်လျှောက် စီးဆင်းသွားအောင် မျိုချလိုက်တော့တယ်။ စိတ်တော့ တည်ငြိမ်သွားသားပဲလို့ သူတွေးလိုက်မိတယ်။
ရုတ်တရက်ဆိုသလို သူ ချမ်းလာတယ်။ ဆာလောင်မှုက ပြင်းထန်လွန်းနေတော့ သူ့ဆီက တခြားအာရုံတွေကို ဖုံးလွှမ်းပစ်ထားခဲ့တာပဲ။ အခု ဗိုက်လည်းကယ်သွားပြီဆိုရော အရေပြားပေါ်က နံနက်ခင်းအအေးဓာတ်က သူ့ကို တဆတ်ဆတ်တုန်လာစေတယ်။ မီးလည်း မရှိတော့ဘူး။ ရှိသမျှအနွေးပေးစက်တွေကလည်း တစ်ခုမှ ဖွင့်ထားပုံမရဘူး။ ဒီထက်ပိုဆိုးတာက သူ့ခန္ဒာကိုယ်က လုံးဝကိုယ်လုံးတီးဖြစ်နေတာပဲ၊ ခြေထောက်တွေမှာတောင် ဗလာကျင်းနေတယ်။
ဝတ်စရာတစ်ခုခုကို ရှာမှဖြစ်တော့မယ်လို့ သူ သိလိုက်တယ်။ ဒီတိုင်းဆို သူ အရမ်းချမ်းနေမယ်။ ဒါတွေအပြင်ကို အခုလိုအ၀တ်အစားမပါဘဲ ဗလာကျင်းနေတာဟာ တစ်ယောက်ယောက်ရောက်လာရင် ပြဿနာဖြစ်လာနိုင်တယ်။ တံခါးခေါက်သံများ ပေါ်လာရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် စောစောက နံနက်စာစားလုလု မိသားစု ပြန်ရောက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒီလိုအခြေအနေမှာသာ သူ့ကို တွေ့လိုက်ရရင် ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ဒါတွေအားလုံးကို သူ နားလည်နေတယ်။ အခြေအနေကိုကြည့်ပြီး သုံးသပ်ထားတာမဟုတ်ဘူး၊ ထိုးထွင်းဉာဏ်ကြောင့် အလိုလိုသိနေတာမျိုးလည်း မဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းလေး သူက သိနေရုံပဲ။ ဒီလိုအသိဉာဏ်မျိုး သူ့ဆီ ဘယ်လိုရောက်လာသလဲ ဆမ်ဆာ မသိဘူး။ ခုနတုန်းက သူ ခံစားခဲ့ရတဲ့ ပတ်ချာလှည့်နေတဲ့ မှတ်ဉာဏ်တွေနဲ့တော့ ဆက်စပ်နေနိုင်တယ်။
ထိုင်ခုံက ထလိုက်ပြီး ခန်းမအရှေ့ဘက်ဆီကို သူ လမ်းလျှောက်ပြီး ထွက်လာခဲ့တယ်။ သူ့အခြေအနေက ကပ်သီးကပ်သပ်တော့ ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ အနည်းဆုံးတော့ အခုဆို တစ်ခုခုကို ကိုင်နေစရာမလိုဘဲ ခြေထောက်နှစ်ချောင်းပေါ်မှာ သူ လမ်းလျှောက်နေနိုင်ပြီ။ ခန်းမထဲမှာ ထီးတင်တဲ့ စင်တစ်ခုရှိနေပြီး လမ်းလျှောက်တုတ် အတော်များများ အဲဒီမှာ ချိတ်ထားတယ်။ ဟိုဟိုဒီဒီလျှောက်နိုင်ဖို့အတွက် သူက အနက်ရောင် ၀က်သစ်ချသား တုတ်ကောက်ကို ယူလိုက်တယ်။ တုတ်ကောက်ရဲ့ မာတောင့်တောင့်လက်ကိုင်ကို ဆုပ်ကိုင်မိရုံနဲ့ သူ့မှာ စိတ်သက်သာရာရပြီး အားရှိလာသလိုပဲ။ အခုဆို သူ့မှာ ငှက်တွေ သူ့ကို လာတိုက်ခိုက်ခဲ့ရင်တောင် ပြန်လည်ခုခံစရာ လက်နက်တစ်ခုရှိနေပြီလေ။ ပြတင်းပေါက်ဆီ သွားပြီး ဇာပေါက်လိုက်ကာရဲ့ ပေါက်နေတဲ့နေရာကနေ အပြင်ကို သူချောင်းကြည့်လိုက်မိတယ်။
အိမ်ကြီးရဲ့ မျက်နှာစာမှာ လမ်းတစ်ခု ရှိနေတယ်။ သိပ်ကြီးတဲ့ လမ်းတော့မဟုတ်ဘူး၊ လူတွေလည်း အများကြီး မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဖြတ်သွားဖြတ်လာ လူတိုင်းက အ၀တ်အစားအပြည့်အစုံနဲ့ဆိုတာ သူ မှတ်ထားလိုက်မိတယ်။ အ၀တ်အစားတွေကတော့ အရောင်နဲ့ပုံစံ အမျိုးမျိုးပါပဲ။ ယောက်ျားနဲ့ မိန်းမ ၀တ်ဆင်ပုံချင်း မတူကြဘူး။ သားရည်တောင့်တောင့် ရှူးဖိနပ်တွေနဲ့ ခြေထောက်တွေကို ကာကွယ်ထားကြတယ်။ တချို့ကတော့ ပြောင်လက်နေအောင် တိုက်ထားတဲ့ ဘွတ်ဖိနပ်တွေကို ဆောင့်ကြွားကြွားဝတ်ထားကြတယ်။ သူတို့ ဖိနပ်တွေ ကျောက်ပြားလမ်းပေါ်မှာ တရှပ်ရှပ်မြည်နေတာကို သူ ကြားနေရတယ်။ ယောက်ျားမိန်းမ အမြားအပြားဟာ ဦးထုပ်တွေ ၀တ်ထားကြတယ်။ သူတို့ကိုကြည့်ရတာ ခြေနှစ်ချောင်းနဲ့လမ်းလျှောက်တာနဲ့ လိင်အင်္ဂါတွေကို ဖုံးထားရတဲ့ကိစ္စအတွက် ဘာမှ ခေါင်းထဲမှာ မရှိသလိုပဲ။ ခန်းမထဲက ကိုယ်လုံးပေါ်မှန်ကြီးထဲက သူ့ပုံရိပ်နဲ့ အပြင်မှာ လမ်းလျှောက်နေတဲ့ လူတွေကို ဆမ်ဆာ နှိုင်းယှဉ်ကြည့်မိတယ်။ သူမှန်ထဲမှာ မြင်နေရတဲ့ ငနဲဟာ ပေတိပေစုတ်နဲ့ အားနည်းချိနဲ့လှတဲ့ သတ္တ၀ါတစ်ကောင်ပဲ။ သူ့ဝမ်းဗိုက်မှာ ဟင်းရည်တွေ ပေပွနေတယ်၊ ပေါင်မုန့်အစအနတွေက သူ့အင်္ဂါတစ်ဝိုက်က အမွှေးတွေမှာ ၀ါဂွမ်းစတွေကို ကပ်ပြီး တွဲလဲခိုနေတယ်။ ပေရေနေတာတွေကို သူ လက်နဲ့ သပ်ထုတ်လိုက်မိတော့တယ်။
ဟုတ်တယ်၊ ငါ့ကိုယ်ခန္ဒာကို ဖုံးဖို့ တစ်ခုခုတော့ ငါရှာမှဖြစ်တော့မယ်လို့ သူ ထပ်တွေးလိုက်တယ်။
ငှက်တွေရှိမလားလို့ သူ အပြင်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ့မြင်ကွင်းမှာတော့ ငှက်တွေ ရှိမနေဘူး။
ဒီအိမ်ရဲ့ မြေညီထပ်မှာ ခန်းမကျယ်၊ ထမင်းစားခန်း၊ မီးဖိုခန်းနဲ့ ဧည့်ခန်းတွေ ပါဝင်တယ်။ သူ စဉ်းစားကြည့်ရသလောက်တော့ ဒီအခန်းအမျိုးအစားတွေအားလုံးမှာ တစ်ခုမှ အ၀တ်အစားနဲ့တူတာတစ်ခုခု ရှိနေမယ်မထင်ဘူး။ ဒီတော့လည်း အ၀တ်အစားတွေကို ၀တ်ဖို့၊ ချွတ်ဖို့ကိစ္စဟာ တခြားအခန်းတစ်ခုခုမှာပဲ လုပ်ရမှာဖြစ်ရမယ်လို့ သူက ကောက်ချက်ချလိုက်တယ်။ ဒုတိယထပ်က အခန်းတစ်ခုခုထဲမှာ ဖြစ်မလားပဲ။
လှေကားဆီ ပြန်လာပြီး ဆမ်ဆာ အပေါ်စ တက်လိုက်တယ်။ အောက်ဆင်းရတာထက်စာရင် အပေါ်ပြန်တက်ရတာက သိပ်ကို လွယ်နေတာတွေ့ရလို့ သူ အံ့သြသွားမိတယ်။ လက်ရန်းကို ကိုင်ရင်း လှေကားဆယ့်ခုနစ်ထစ်ကို အနာအကျင် အကြောက်အရွံ့မရှိတော့ဘဲ စောစောကထက် အတော်ကိုပိုမြန်အောင် သူတက်လာနိုင်ခဲ့တယ်။ တက်နေတုန်းမှာ အသက်ရှူဖို့တော့ မကြာမကြာ ခဏတဖြုတ်လောက် နားရတယ်ပေါ့။
ကံကြမ္မာက သူ့ဘက်မှာ ရှိနေတယ်လို့ ပြောရမှာပဲ၊ ဒုတိယထပ်က အခန်းတွေအားလုံး တစ်ခန်းမှ သော့ပိတ်ထားတာ မတွေ့ရဘူး။ တံခါးလက်ကိုင်ကို လှည့်ပြီး တွန်းလိုက်တာနဲ့ သူ့အတွက် ပွင့်သွားတာချည်းပဲ။ စုစုပေါင်း အခန်းလေးခန်းတိတိ ရှိနေတယ်။ သူနိုးထလာခဲ့တဲ့၊ ကြမ်းပြင်ကြီးသက်သက်ပဲ ရှိတဲ့ အေးစက်စက် အခန်းကလွဲရင် ကျန်တဲ့အခန်းတွေအားလုံးကို သက်တောင့်သက်သာနဲ့ စနစ်တကျ ခင်းကျင်းထားတာချည်းပဲ။ သန့်သန့်ရှင်းရှင်း ခင်းကျင်းထားတဲ့ အိပ်ယာ၊ အ၀တ်ဘီဒို၊ စာရေးစားပွဲ၊ နံရံဒါမှမဟုတ် မျက်နှာကြက်မှာ အသေတပ်ဆင်ထားတဲ့ မီးသီး၊ ပြီးတော့ အခင်းဒါမှမဟုတ် အနုအလှအဆင်တွေနဲ့ကော်ဇောတွေ အခန်းတိုင်းမှာ ရှိနေတယ်။ စာအုပ်တွေကို စင်ပေါ်မှာ ညီညီညာညာ စီထားပြီး ဘောင်ကွပ်ထားတဲ့ ရှုခင်းပုံ ရေဆေးပန်းချီကားတွေနဲ့ နံရံတွေကို အလှဆင်ထားသေးတယ်။ အရောင်စိုပြီးတောက်ပနေတဲ့ ဖန်ပန်းအိုးတစ်လုံးစီလည်း အခန်းတိုင်းမှာ ရှိတယ်။ ပြတင်းပေါက်မှာ သစ်သားပြားတွေကို သံနဲ့ရိုက်ထားတဲ့ အခန်းမျိုး တစ်ခန်းမှ မပါဘူး။ ဒီပြတင်းပေါက်တွေမှာတော့ ကောင်းချီးသြဘာပေးသလို နေရောင် ဖောက်ထွင်းသွန်းလောင်းနေတဲ့ ဇာလိုက်ကာတွေပဲ ရှိနေတယ်။ အိပ်ယာတွေအားလုံးမှာ တစ်စုံတစ်ယောက် အိပ်စက်ခဲ့တဲ့ လက္ခဏာတွေ ရှိနေတယ်။ ခေါင်းအုံးတွေပေါ်မှာ အိပ်ခဲ့တဲ့ ခေါင်းကို သူ မြင်နေရတယ်။
အကြီးဆုံးအခန်းထဲမှာ သူနဲ့တော်တဲ့ ဂါဝန်တစ်ခုကို ဆမ်ဆာ ရှာတွေ့လိုက်တယ်။ ကြည့်ရတာတော့ သူ ၀တ်ကြည့်လို့ရမယ့်ပုံပဲ။ တခြားအ၀တ်အစားတွေကိုတော့ ဘယ်လိုဝတ်ရမယ်ဘာညာ သဲလွန်စတစ်ခုမှ သူ ရှာမတွေ့ဘူး။ သူ့အတွက်တော့ အဲဒါတွေအားလုံးဟာ ရှုပ်ထွေးလွန်းနေတယ်၊ ကြယ်သီးတွေအများကြီးနဲ့၊ ပြီးတော့ ဘယ်ဟာ အရှေ့အနောက်၊ ဘယ်ဟာ အထက်အောက်ဆိုတာကိုလည်း သူ မကွဲဘူး။ ဘယ်ဟာကို အပြင်ဘက်ထားဝတ်ရမယ်၊ ဘယ်ဘက်ခြမ်းက အတွင်းဖြစ်ရမယ်ဆိုတာလည်း မကွဲဘူး။ ဒါပေမဲ့ ဂါဝန်ကကျတော့ သူ့အတွက် ရိုးရှင်းပြီး လက်တွေ့ကျနေတာတွေ့ရတယ်၊ အတော်ကလေး လွတ်လွတ်လပ်လပ်ရှိတဲ့ အဆင်တန်ဆာပဲပေါ့။ သူ့အရေပြားပေါ်မှာ ခံစားလို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး နူးနူးညံ့ညံ့ အ၀တ်မျိုးပဲ။ ညှပ်ဖိနပ်တစ်ရံကိုတောင် သူက စီးလိုက်မိသေးတယ်။
ကိုယ်တုံးလုံးကိုယ်ခန္ဒာအပေါ်ကို ဂါဝန်နဲ့ သူက ဖုံးချလိုက်တယ်၊ အတော်လေး အမှားအယွင်းတွေ လုပ်မိပြီးနောက်မှာတော့ ခါးစည်းကြိုးကို သူ ဆွဲချည်လိုက်နိုင်ခဲ့တယ်။ သူ့ကိုယ်သူ မှန်ထဲမှာ ပြန်ကြည့်လိုက်တယ်၊ အခုတော့ ဂါဝန်ဝတ် ညှပ်ဖိနပ်စီး လူသားတစ်ယောက်ပေါ့။ ကိုယ်လုံးတီး လမ်းလျှောက်နေရတာထက်တော့ ဒါက ပိုကောင်းတာ သေချာပါတယ်။ သူထင်ထားခဲ့သလောက်ထိတော့ သိပ်နွေးမသွားပါဘူး၊ ဒါပေမဲ့ အိမ်ထဲမှာ နေသရွေ့တော့ သူ့ကို ဒီဂါဝန်က အအေးရန်က အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးမှာ။ အကောင်းဆုံးအချက်က သူ့ပါးလှပ်လှပ်အရေးပြားကို ငှက်ဆိုးတွေမြင်နေရမှာ ပူစရာမလိုတော့တဲ့ အချက်ပဲ။
အိမ်ကြီးရဲ့ အကြီးဆုံးအခန်းထဲက အကြီးဆုံးကုတင်ပေါ်မှာ ဆမ်ဆာ တစ်မှေးမှေးနေတုန်းမှာပဲ တံခါးဆီက လူခေါ်ခေါင်းလောင်းသံ မြည်လာတယ်။ ငှက်မွှေးခြုံစောင်ကြီးအောက်မှာ နွေးနွေးလေး ကွေးနေရတာဟာ သူ့အတွက် ကြက်ဥတစ်လုံးအထဲမှာ အိပ်နေရသလိုပဲ ဇိမ်ကျလှတယ်။ သူ အိပ်မက်တစ်ခုတောင် မက်နေတာ။ ဘာလဲဆိုတာတော့ အတိအကျ သူ မမှတ်မိဘူး၊ ပျော်စရာကောင်းတဲ့ အိပ်မက်ဆိုတာပဲ သိတယ်။ အခုတော့ အိမ်တစ်ခုလုံးကို ပဲ့တင်ထပ်နေတဲ့ ခေါင်းလောင်းသံက သူ့ကို အေးစက်စက်လက်တွေ့ဘ၀ဆီကို ပြန်ဆွဲချလိုက်တယ်။
အိပ်ယာထဲကနေ သူ လူးလဲထ၊ ဂါဝန်ခါးစည်းကြိုးကို ချည်ပြီးနက်ပြာရောင် ညှပ်ဖိနပ်ကို စီးလို့ သူ့ အနက်ရောင် လမ်းလျှောက်တုတ်ကောက်ကို ဆွဲယူပြီးတဲ့နောက်မှာတော့ လှေကားလက်ရန်းကို ကိုင်ရင်း တတောက်တောက် ဆင်းလာလိုက်တယ်။ ပထမအကြိမ်တုန်းကထက် အများကြီးပိုပြီး ဆင်းရတာ လွယ်ကူပါတယ်၊ ဒါပေမဲ့ ချော်ကျမယ့် အန္တရာယ်ကတော့ ရှိနေတုန်းပဲ။ သတိဆိုတာက ပိုတယ်လို့မှ မရှိဘဲ။ သူ့ခြေထောက်တွေကို သေသေချာချာကြည့်ပြီး လှေကားအတိုင်း တစ်လှမ်းချင်းစီ သူ ဆင်းလာခဲ့လိုက်တယ်၊ လမ်းတစ်လျှောက်လုံးတော့ ခေါင်းလောင်းသံက မြည်နေဆဲပဲ။ ဒီလိုမျိုးခေါင်းလောင်းကို တီးတဲ့ဘယ်အကောင်မဆို စိတ်မရှည်ဆုံးနဲ့ ခေါင်းအမာဆုံးအကောင်ပဲ ဖြစ်လိမ့်မယ်။
ဘယ်လက်မှာ လမ်းလျှောက်တုတ်ကို ကိုင်ထားရင်း အိမ်ရှေ့တံခါးဆီ ဆမ်ဆာ ချဉ်းကပ်လာတယ်။ လက်ကိုင်ဘုကို ညာဘက် လှည့်ပြီး သူ ဆွဲယူလိုက်တော့ တံခါးက အတွင်းကို အလိုက်သင့်ပွင့်သွားတယ်။
အပြင်မှာ သေးသေးသွယ်သွယ် အမျိုးသမီးတစ်ယောက် ရပ်နေတယ်။ သေးတာမှ အရမ်းကို သေးတယ်။ လူခေါ်ခေါင်းလောင်းကို တီးဖို့ မီတာတောင် အံ့သြစရာပဲ။ ဒါပေမဲ့ သူ အနီးကပ်တိုးကြည့်လိုက်တဲ့အခါမှာတော့ ဒီကိစ္စက သူမရဲ့ အရွယ်အစားကြောင့် မဟုတ်ဘူးဆိုတာ သူ သိလိုက်ရတယ်။ တကယ်တော့ သူမ ကျောကုန်းက သေရာပါ ရှေ့ကိုင်းနေတာကိုး။ ဒါကြောင့်ပဲ သေးသေးလေးလို မြင်နေရတာ၊ သူမရဲ့ အချိုးအစားက တကယ်တော့ ပုံမှန်အရွယ်အစားပဲ။ ခါးက ရှေ့ကိုင်းနေတော့ ဆံပင်တွေ သူမ မျက်နှာပေါ် ပြန့်ကျဲကျမနေအောင် သားရေပင်နဲ့ စည်းထားရတယ်။ ဆံပင်တွေကတော့ သစ်အယ်သီးရင့်ရောင်နဲ့ အရမ်းကို ထူထပ်လှပတယ်။ သက္ကလပ်အပေါ်အင်္ကျီနွမ်းနွမ်းနဲ့ ခြေမျက်စိထိဖုံးနေတဲ့ ပွယောင်းယောင်းစကပ်ရှည်ကြီးကို ၀တ်ထားတယ်။ လည်ပင်းမှာတော့ ပိုးပ၀ါတစ်ခုကို ပတ်ထားတယ်။ ဦးထုပ် မပါဘူး။ ဖိနပ်က ကြိုးသိုင်းအမျိုးအစားနဲ့ သူမ အသက်အရွယ်က နှစ်ဆယ်စွန်းစွန်းလောက်ပဲ ရှိမယ်။ သူမဆီမှာ ကောင်မလေးတစ်ယောက်ရဲ့ အငွေ့အသက်တစ်ခု ကျန်နေသေးတယ်။ မျက်လုံးကြီးကြီး၊ နှာခေါင်းသေးသေးနဲ့ နှုတ်ခမ်းတွေက တစ်ဖက်ကို နည်းနည်း ရွဲ့နေတာ လခြမ်းပါးပါးလေးတစ်ခုလိုပဲ။ သူမရဲ့ နက်မှောင်တဲ့ မျက်ခုံးတွေက မျဉ်းဖြောင့်နှစ်ခုလို နဖူးပြင်မှာ ကန့်လန့်ဖြတ်ပေါ်နေတော့ သံသယကြီးမယ့် မျက်နှာထားမျိုး။
“ဒါ ဆမ်ဆာစံအိမ်လားရှင့်” လို့ သူ့ကို ကြည့်ဖို့ ခေါင်းကို မော့ပြီး အမျိုးသမီးက မေးလိုက်တယ်။ ဒီတော့ သူမ ကိုယ်ခန္ဒာတစ်ခုလုံးက တွန့်လိမ်သွားတယ်။ ငလျင်ပြင်းပြင်းလှုပ်တဲ့အခါ ကမ္ဘာမြေကြီး တွန့်လိမ်သွားတာနဲ့တောင် တူတယ်။
ပထမတော့ သူ ကြက်သေသေသွားတယ်၊ ဒါပေမဲ့ ဣနြေ္ဒပြန်ဆယ်လိုက်တယ်။ “ဟုတ်ပါတယ်” လို့ သူ ပြန်ပြောလိုက်တယ်။ သူ့နာမည်က ဂရီဂေါ်ဆမ်ဆာဖြစ်နေမှတော့ ဒီနေအိမ်ကြီးဟာ ဆမ်ဆာစံအိမ်ပဲ ဖြစ်တော့မပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီလိုပြောလိုက်လို့တော့ အန္တရာယ်မရှိလောက်ဘူးလေ။
ဒါနဲ့တောင် အမျိုးသမီးက သူ့အဖြေကို ကျေနပ်စရာမကောင်းဘူးလို့ မြင်ပုံရတယ်။ နဖူးမှာ မျက်မှောင်လေး အနည်းငယ်ကျုံ့သွားတယ်။ သူ ပြန်ဖြေလိုက်တဲ့ လေသံက ဇဝေဇ၀ါအရိပ်အငွေ့ကို သူမ သတိထားမိလိုက်တာ ဖြစ်ချင်ဖြစ်မယ်။
“ဒါဆို ဒီအိမ်က တကယ်ပဲ ဆမ်ဆာစံအိမ်ပေါ့” လို့ သူမက ခပ်စူးစူး ထပ်မေးတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ ဂိတ်စောင့်တစ်ယောက်က ပေစုတ်စုတ်ဝတ်ထားတဲ့ ဧည့်သည်ကို မေးခွန်းတွေအထပ်ထပ်မေးပြီး ရစ်နေသလိုပဲ။
“ကျွန်တော်က ဂရီဂေါ်ဆမ်ဆာပါ” လို့ သက်တောင့်သက်သာ လေသံဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားရင်း ဆမ်ဆာက ပြောလိုက်တယ်။ အနည်းဆုံးတော့ ဒီအချက်ကို သူ့အနေနဲ့ သေချာတယ်။
“ရှင်ပြောတာ မှန်မယ်လို့ ထင်ပါတယ်။ ကဲ.. အလုပ်စကြစို့” လို့ ပြောပြီး သူမခြေထောက်နားက အ၀တ်အိတ်ကို ငုံ့ယူလိုက်တယ်။ အိတ်က အနက်ရောင်၊ အတော့်ကို လေးလံပုံရတယ်။ အပေါက်အပြဲတော်တော်များနေလို့ ပိုင်ရှင်တွေ တစ်လှေကြီးပြောင်းခဲ့ပြီးပြီဆိုတာ သံသယဖြစ်စရာမလိုဘူး။
ပြန်ပြောသံကို မစောင့်ဘဲ သူမက အိမ်ထဲကို ခြေလှမ်းကျဲကျဲနဲ့ ၀င်သွားတယ်။ သူမနောက်ကနေ ဆမ်ဆာက တံခါးကို ပိတ်လိုက်တယ်။ သူမက နေရာမှာ ရပ်နေပြီး ဆမ်ဆာ့ကို ခြေဆုံးခေါင်းဆုံး ကြည့်နေတယ်။ သူ့ဂါဝန်နဲ့ ညှပ်ဖိနပ်တွေက သူမကို သံသယ၀င်အောင် လုပ်နေတဲ့ ပုံပဲ။
“ကျွန်မ ရှင့်ကို နှိုးလိုက်မိတယ်ထင်တယ်” လို့ သူမက အေးစက်စက်ပြောတယ်။
“သိပ်ဟုတ်တာပေါ့ဗျာ။ ကျွန်တော် ဖြစ်နေတဲ့ပုံစံအတွက်တော့ ခင်ဗျားကို တောင်းပန်ရတော့မှာပဲ။ ဒီလိုဖြစ်နေရတာက…” လို့ သူက စကားဆက်လိုက်တယ်။
“ကဲ ဒီတော့..” လို့ ဆမ်ဆာ့စကားကို အမှုမထားဘဲ နှုတ်ခမ်းတွေဆူပြီး အမျိုးသမီးက ပြောလိုက်တယ်။
“ကဲ ဒီတော့” ဆမ်ဆာ သံယောင်လိုက်မိသွားတယ်။
“ကဲ ဒီတော့ ရှင်တို့ ပြဿနာဖြစ်နေတဲ့ သော့က ဘယ်မှာလဲ” လို့ အမျိုးသမီးက ပြောတယ်။
“သော့လား”
“ပျက်သွားတဲ့ သော့လေ။ အဲဒါကို ပြင်ဖို့ ရှင်တို့က ကျွန်မတို့ကို ခေါ်တာလေ”
“အား..ပျက်သွားတဲ့ သော့”
ပြန်ပြောစရာတစ်ခုခုကို ခေါင်းထဲမှာ ဆမ်ဆာ မွှေနှောက်ရှာဖွေနေမိတယ်။ တစ်ခုခုကို အာရုံစိုက်စဉ်းစားဖို့ ကြိုးစားလိုက်တိုင်း အနက်ရောင် ခြင်အုပ်လိုက်ကြီးက သူ့ခေါင်းထဲမှာ ပေါ်လာပြန်တယ်။
“သော့နဲ့ပတ်သက်လို့တော့ ကျွန်တော် မကြားမိသေးဘူး။ ကျွန်တော့်အထင်တော့ ဒုတိယထပ်က တံခါးတစ်ခုခု ဆီမှာ ဖြစ်မယ်”
အမျိုးသမီးက သူ့ကို စူးစူးဝါးဝါး ကြည့်တယ်။ “ရှင့်အထင် ဟုတ်လား။ တံခါးတစ်ခုခု ဟုတ်လား” လို့ သူ့မျက်နှာဆီကို တိုးကပ်ကြည့်ပြီး ပြောလိုက်တယ်။ သူမ အသံက ပိုပြီးတောင် အေးစက်လာတယ်။ မျက်လုံးတစ်ဖက်က မယုံကြည်နိုင်မှုကြောင့် ကွေးကောက်နေတယ်။
သူ့မျက်နှာ နီရဲနေပြီဆိုတာ ဆမ်ဆာ ခံစားရတယ်။ သော့နဲ့ပတ်သက်ပြီး သူ ဘာမှမသိတာဟာ သူ့အတွက်တော့ ရှက်ရွံ့စရာအကောင်းဆုံး ကိစ္စတစ်ခုလို ဖြစ်နေတယ်။ လည်ချောင်းကိုရှင်းလိုက်ပေမယ့် ပြောစရာစကားလုံး သူ့ဆီက ထွက်မလာဘူး။
“မစ္စတာဆမ်ဆာ၊ ရှင့်မိဘတွေ အထဲမှာရှိလား။ သူတို့ကို မေးကြည့်တာ ပိုကောင်းမယ်လို့ ကျွန်မထင်တယ်”
“သူတို့ ကိစ္စလေးတစ်ခုနဲ့ အပြင်ထွက်သွားကြတယ်ထင်တယ်” လို့ ဆမ်ဆာ ပြောလိုက်တယ်။
“ကိစ္စလေးတစ်ခု။ ဒီလို ဒုက္ခတွေ ပင်လယ်ဝေနေချိန်မှာတောင် ကိစ္စလေးတစ်ခုရှိတယ်၊ ဟုတ်လား” လို့ သူမက မကျေမနပ် ပြောတယ်။
“ကျွန်တော် တကယ်မသိတာပါ။ ဒီမနက် ကျွန်တော်နိုးတော့ ဘယ်သူမှ မရှိကြတော့ဘူး”
“ကောင်းရော။ ဒီမနက်မှာ တစ်ယောက်ယောက် ဒီကိုလာမယ်လို့ ရှင့်မိဘတွေကို ကျွန်မတို့ သေသေချာချာ ပြောခဲ့တယ်”
“ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်”
အမျိုးသမီးက နေရာမှာပဲ ခဏ ရပ်နေတယ်။ နောက်တော့ သူမရဲ့ ကွေးနေတဲ့ မျက်ခုံးက တဖြည်းဖြည်း ပြေလျော့လာတယ်။ ဆမ်ဆာ့ဘယ်လက်မှာ ကိုင်ထားတဲ့ အနက်ရောင် လမ်းလျှောက်တုတ်ကိုကြည့်ရင်း ပြောလိုက်တယ်။
“ရှင့်ခြေထောက်တွေကြောင့် အနှောင့်အယှက်ဖြစ်နေတာလား ဂရီဂေါ်ဆမ်ဆာ”
“ဟုတ်ကဲ့။ နည်းနည်းပါ” လို့ သူက မယုတ်မလွန် ဖြေလိုက်တယ်။
အမျိုးသမီးဟာ နောက်တစ်ကြိမ် ရုတ်တရက်ကြီး အကြောလိုက်သလို တွန့်လိမ်သွားပြန်တယ်။ ဒီအပြုအမူဟာ ဘာကိုဆိုလိုပြီး ဘာရည်ရွယ်ချက်ရှိသလဲ ဆမ်ဆာ နည်းနည်းလေးမှ မတွေးတတ်ဘူး။ ဒါပေမဲ့ အဲဒီရှုပ်ထွေးလှတဲ့ လှုပ်ရှားမှုတွေကို သူ အလိုလို စိတ်ဝင်တစားဖြစ်နေမိတယ်။
“ကဲပါလေ၊ လုပ်စရာရှိတာတော့ လုပ်ရမှာပဲ။ အဲဒီ ဒုတိယထပ်က တံခါးတွေကိုပဲ သွားကြည့်ကြတာပေါ့။ ကျွန်မက တံတားဟိုဘက်ကနေ လာခဲ့ရတာ၊ ဒီနေရာကို ရောက်ဖို့ ဒီကပ်ဆိုးကြီးထဲမှာ မြို့ထဲကို ဖြတ်လာရတာ။ အသက်စွန့်ပြီး လာခဲ့ရတာလို့ ပြောရင် မပိုဘူး။ ဒီတော့၊ အို တကယ်လား၊ အိမ်မှာဘယ်သူမှ မရှိကြဘူးလား။ ဒါဆိုလည်း နောက်မှ ပြန်လာခဲ့မယ်နော်၊ လို့ ပြောရမယ်ဆိုရင် အဓိပ္ပာယ်မှမရှိတာ။ မဟုတ်ဘူးလား”
ဒီကပ်ဆိုးကြီးတဲ့။ သူမ ဘာအကြောင်းပြောနေသလဲဆိုတာကို ဆမ်ဆာ ဉာဏ်မမီဘူး။ ဘယ်လို ကြောက်စရာတွေ ဖြစ်ပျက်နေလို့လဲ။ ဒါပေမဲ့ ဒီကိစ္စကို မမေးဖို့ သူ ဆုံးဖြတ်လိုက်တယ်။ သူ ဘာမှမသိတဲ့အကြောင်း ဒီထက်ပို ပေါ်လွင်သွားမယ့်ကိစ္စတွေကို ရှောင်တာ ပိုကောင်းတယ်။
တေဇာ (လရောင်လမ်း)
Samsa in Love by Haruki Murakami ကို ဆီလျော်သလို ပြန်ဆိုသည်။
Ref: The New Yorker
Comments
Post a Comment