တကယ်လို့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဘ၀တစ်ခုဖြစ်ဖို့ အသုံးဝင်နေစရာတော့ မလိုဘူးဆိုပါစို့
ကမ်းစပ်မှာ နေစာလှုံနေတဲ့ ဘ၀တစ်ခုကို
အနည်းဆုံးတော့ လူတချို့အတွက် အဓိပ္ပာယ်ရှိတယ်လို့ ဆိုနိုင်လောက်တယ်
ဆိုပါစို့ နေကို ဘုရားအဖြစ်ကိုးကွယ်ပြီး
နေစာလှုံတာကို ၀တ်ပြုမှုပုံစံတစ်ခုလို ယူဆကြတဲ့ တချို့တွေအတွက်ပေါ့
လှိုင်းစီးဘုတ်တစ်ခု ဒါမှမဟုတ် ရေခဲပြင်စကိတ်တစ်စုံ ဒါမှမဟုတ် ဂေါ့ဖ်အိတ်တစ်လုံးနဲ့
အချိန်ပြည့် လည်ပင်းဖက်ထားတဲ့ သူတွေ
သူတို့ဘ၀တွေဟာ အသုံးဝင်ပါတယ်လို့ ကျွန်တော်မငြင်းခုံနိုင်လည်း
သူတို့မှာ အဓိပ္ပာယ်လို့ မရှိဘူးတော့ ကျွန်တော်ပြောရခက်မိမှာပါပဲ
သူတို့ ကျွမ်းကျင်သရုပ်ပြနေတာကို စောင့်ကြည့်သူတစ်ဦး မရှိဘူးဆိုရင်တောင်မှပေါ့
စာကြည့်တိုက်မှူးရဲ့ လက်သံကို နားထောင်သူမရှိဘူး
အလုပ်ချိန်ပြီး တစ်နေ့တာ ရွှေဝါရောင်နာရီ
ဟှူးဗှားလမ်းတစ်နေရာ တိုက်ခန်းမှာ
သူမ တယောထိုးလေ့ကျင့်တာ ကျွန်တော်ပြန်တွေးကြည့်လိုက်တယ်
ဒါဆို လူတွေ ၀င်ကြေးပေးနားထောင်တဲ့ ဂီတပွဲတစ်ခုတင်ဆက်နိုင်လောက်ဖို့
သူမ ဘယ်တော့မှ တယောကောင်းကောင်းထိုးတတ်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ
သူမမှာ နားထောင်မယ့် ပရိသတ်ရှိတယ်လို့ ကျွန်တော့်ကို တွေးခိုင်းမယ်ဆိုရင်
ရာစုနှစ်များကြာက သေဆုံးခဲ့တဲ့ ဂီတစာဆိုတစ္ဆေတွေ
သူမ ကိုယ့်ဂီတကို အကောင်းဆုံးကြိုးစားနေတာ သိရလို့ ပျော်ရွှင်ကျေနပ်ကြမှာ
ကျွန်တော် စိတ်ကူးကြည့်လို့ရပါတယ်
ဖြိုဖျက်ခံထိတော့မယ့် ကားလိပ်ချဟိုတယ်တစ်ခုကို ကယ်တင်ဖို့အကြောင်း
အစည်းအဝေးတစ်ခုအပြီး ညနေစောင်း
ဟှူးဗှားလမ်းပေါ် ပါကင်ထိုးထားတဲ့ ကျွန်တော်တို့ ကားတွေဆီလျှောက်လို့
တစ္ဆေခြောက်ခြား တေးသွားတစ်ပုဒ်နဲ့ဆို ရောက်ဖြစ်မှာမဟုတ်တဲ့ အခန်းထဲ
ပြည့်လွှမ်းနေတဲ့ တစ်စုံတစ်ယောက်ရဲ့ တေးသံသာကို နားဆင်ဖို့ဆိုတာ
ပျော်ရွှင်ကျေနပ်စရာ မဟုတ်ဘူးလား
ဒီလိုဆိုတော့ ကျွန်တော်တို့ အတွေးမှာ ရလိုက်တာတွေက
ကျွန်တော်တို့ နှစ်လိုလက်ခံနေစရာလိုတဲ့ ဒီလှိုင်းလုံးကြီးတွေဟာ
အာရုံစိုက်ခံရဖို့အတွက်နဲ့တော့ တောင်းပန်တိုးလျှိုးနေမှာမဟုတ်တဲ့အကြောင်း
ယနေ့ ဟောဒီကမ်း အောက်ခြေမှာ လှိုင်းစီးကြသူတွေက
ဘယ်လိုသက်သေပြခဲ့တယ်ဆိုတာ
ပြီးတော့ ကြိုဆိုဖို့ ကျွန်တော်တို့ပျက်ကွက်ခဲ့တဲ့ နေရောင်အကြောင်း စဉ်းစားကာ
တခြားသူတွေ သူ့ကို ဘယ်လိုရှေ့ထွက် ရယူခဲ့ကြတယ်ဆိုတာ
တေဇာ (လရောင်လမ်း)
ဇန်န၀ါရီ ၂၀၁၄
Meaning by Carl Dennis ကို ဆီလျော်မယ်ထင်သလို
Original: http://www.poets.org/viewmedia.php/prmMID/23814

Comments
Post a Comment