လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

မီးခိုးလုံးကြီးတွေ ထွက်လာလေ့ရှိတဲ့ စင်မြင့်ပေါ်မှာ
နေကာမျက်မှန်နဲ့ကောင်က ငြိမ်းချမ်းရေးကို
သီချင်းလိုဆိုတယ်
ပရိသတ်ကြားထဲမှာ ငါတို့ဟာ မထင်မရှား
"စစ်ဟာ တကယ်မဖြစ်ခဲ့ဘူး" လို့ တစ်ယောက်က
ရုတ်တရက် ထအော်လိုက်တယ်
စလိုက်မီးတွေ ငါတို့ဆီ စုပြုံကျလာတယ်
ပြီးငါတို့ကပဲ ပရိသတ်တန်မဲ့ လူနည်းစုပြန်ဖြစ်သွားတယ်
ငါတို့ မီနီမိုက်ဇ်လုပ်ခံနေရတဲ့ အတောအတွင်း
နေကာမျက်မှန်နဲ့အဆိုတော်ကောင်တွေ စင်မြင့်ပေါ်မှာ
အကြီးအကျယ် ကလုန်းပွားတယ်
ငါတို့ဆီကို မျက်ရည်ယိုဗုံးတွေနဲ့လှမ်း ထုတယ်
ငါတို့ အသက်လုပြေးကြတယ်
ကိုယ့်ပြေးလမ်းမှာ ရေညှိဟာ
အန်နီမေးရှင်းနဲ့ ပေါက်လာတယ်
မှန်တံခါးကို မျက်နှာကြီးပြားသွားတဲ့အထိ အပြင်းအထန်ဝင်တိုက်မိတယ်
ဓာတ်လှေကားလို့ ထင်ရတဲ့ ဗီရိုကြီးထဲ ၀င်ပုန်းကြတယ်
လူသေကောင်တွေလို နှာချေတယ်
အဲဒီတုန်းက ကျွတ်ကျခဲ့တဲ့ မျက်လုံးတွေ
မြင်မကောင်းဘူး
မျက်မြင်သက်သေယောင်ဆောင်ထားတဲ့
နောက်လူတွေ ပြောကြပါလိမ့်မယ်
စစ်ကြီးတကယ်မဖြစ်ခဲ့တဲ့အကြောင်း လက်ဆင့်ကမ်းဖို့
ငါတို့ထဲက တစ်ယောက်တစ်လေ
အသက်ရှင်ကျန်မှဖြစ်မယ်
ရုန်းရင်းဆန်ခတ်မှုအတွင်း
ဒီလိုပဲ ငါမမြင်မစမ်းလှမ်းပြောမိခဲ့တယ်‬


တေဇာ (လရောင်လမ်း)

0 comments:

Post a Comment