ခါးကို ပြန်ကိုင်းရင်း လေးလံတဲ့ အနက်ရောင်အိတ်ကြီးကို ညာလက်နဲ့ဆွဲယူပြီး လှေကားပေါ် သူမ ခက်ခက်ခဲခဲ တက်သွားတယ်၊ တွားသွားပိုးမွှားတစ်ကောင်နဲ့ အတော်ကို တူတာပဲ။ သူမနောက်ကနေ ဆမ်ဆာလည်း ကပြာကယာ လိုက်ရတယ်၊ လက်တွေကို လက်ရန်းမှာကိုင်လို့ပေါ့။ သူမရဲ့ တရွေ့ရွေ့ခြေလှမ်းတွေကိုကြည့်ပြီး ဆမ်ဆာ သနားစိတ်တွေ တဖွားဖွားပေါ်လာတယ်၊ ပြီးတော့ တစ်ခုခုကိုလည်း သူ့ကို သတိရလာစေသလိုပဲ။
အမျိုးသမီးကတော့ လှေကားထိပ်မှာ ရပ်ရင်း ခန်းမထဲကို လှမ်းကြည့်လိုက်တယ်။ “ဒီတော့ ဒီတံခါးလေးပေါက်ထဲက တစ်ခုမှာ တံခါးသော့ပျက်နေနိုင်တယ် ဆိုပါတော့” လို့ သူမက ပြောလိုက်တယ်။
ဆမ်ဆာ့မျက်နှာ နီမြန်းသွားတယ်။ “ဟုတ်ကဲ့။ အဲဒီထဲက တစ်ခုပေါ့။ ခန်းမထောင့် ဘယ်ဘက်က တစ်ပေါက်များ ဖြစ်နေမလားမသိဘူး” လို့ သူက အယောင်ယောင်အမှားမှား ပြောမိတယ်။ သူ ဒီမနက်နိုးလာခဲ့တဲ့ ဗလာကျင်းနေတဲ့အခန်းရဲ့ တံခါးပဲ။
“ဖြစ်နိုင်ပါတယ်။ ဖြစ်ချင်ဖြစ်မှာပေါ့” လို့ မီးပုံအသေတစ်ခုလို အသက်မဲ့တဲ့လေသံနဲ့ အမျိုးသမီးက ပြောတယ်။ အနောက်ကိုလှည့်ပြီး ဆမ်ဆာ့မျက်နှာကို အကဲခတ်လိုက်တယ်။
“တစ်နည်းမဟုတ် တစ်နည်းပေါ့” လို့ ဆမ်ဆာပြောလိုက်တယ်။
အမျိုးသမီးက သက်ပြင်းချပြန်တယ်။ “ဂရီဂေါ်ဆမ်ဆာ။ ရှင်နဲ့ စကားပြောရတာ တကယ်ပျော်စရာကောင်းပါတယ်။ ဝေါဟာရလည်း ကြွယ်တယ်၊ လိုရင်းကိုလည်း အမြဲတမ်း ရှင်းအောင်ပြောတယ်” လို့ပြောပြီး သူမ လေသံတစ်မျိုးပြောင်းသွားတယ်။ “ကဲပါ၊ ဒါတွေ ထားလိုက်ပါတော့၊ ခန်းမထောင့်က အဲဒီအခန်းကိုပဲ အရင်သွားကြည့်ကြဦးစို့”
အမျိုးသမီးက တံခါးဆီကို လျှောက်သွားတယ်။ တံခါးလက်ကိုင်ကို လှည့်လို့ ရှေ့တိုးနောက်ဆုတ်လုပ်ပြီး တွန်းလိုက်တော့ တံခါးက အတွင်းကို ပွင့်သွားတယ်။ အခန်းကတော့ အရင်အတိုင်းပါပဲ၊ သန့်ရှင်းတယ်ဆိုတဲ့ အဆင့်အောက်ကို ရောက်နေတဲ့ ဖျာတစ်ချပ်နဲ့ ကုတင်တစ်လုံးပဲ ရှိနေတယ်။ ကြမ်းပြင်ကလည်း ပြောင်သက်သက်ပဲ။ ပြတင်းပေါက်မှာတော့ သံနဲ့ရိုက်ထားတဲ့ ကန့်လန့်ဖြတ် သစ်သားပြားတွေ။ ဒါတွေကို အမျိုးသမီးအနေနဲ့ သတိပြုမိမှာပဲ၊ ဒါပေမဲ့ အံ့သြတဲ့ အရိပ်အယောင်တော့ မပြဘူး။ သူမ အမူအရာကိုကြည့်ခြင်းအားဖြင့် ဒီလိုအခန်းမျိုးကို ဒီတစ်မြို့လုံး ဘယ်မှာမဆို မြင်တွေ့နိုင်တယ်လို့ ဖော်ပြနေတယ်။
သူမက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အိတ်အနက်ကို ဖွင့်တယ်၊ အဖြူရောင်သက္ကလက်အ၀တ်တစ်စကို ဆွဲထုတ်လိုက်ပြီး ကြမ်းပြင်ပေါ် ဖြန့်ခင်းလိုက်တယ်။ ပြီးတော့ ကိရိယာအတော်များများကို ဆွဲထုတ်ပြီး အ၀တ်စပေါ်မှာ ဂရုတစိုက် စီနေတယ်။ သနားစရာ အာဇာနည်တစ်ဦးရှေ့မှာ နှိပ်စက်မယ့်ငရဲမင်းက သူ့ရဲ့ သေမင်းတမန်လက်နက်တွေနဲ့ ဟန်ရေးပြနေသလိုပဲ။
အလယ်အလတ်အထူရှိတဲ့ ၀ိုင်ယာကြိုးတစ်ခုကို သူမ ရွေးပြီး သော့ဂလောက်ထဲ ထိုးထည့်လိုက်တယ်။ ကျင့်သားပြည့်ဝနေတဲ့ လက်တွေနဲ့ ရှုထောင့်အမျိုးမျိုးကနေ ကျွမ်းကျွမ်းကျင်ကျင် မွှေနှောက်နေတော့တယ်။ အာရုံစူးစိုက်ထားလို့ သူမ မျက်လုံးတွေက ကျဉ်းမြောင်းနေပြီး နားတွေကတော့ အသံတိုးတိုးလေးတစ်ခုကိုတောင် ကြားနိုင်လောက်အောင် နိုးကြားနေပုံပဲ။ ပြီးတဲ့နောက်မှာတော့ ပိုပါးတဲ့ ၀ါယာကြိုးကို ရွေးလိုက်ပြီး အဲဒီအစီအစဉ်အတိုင်း နောက်တစ်ကြိမ် ထပ်လုပ်ပြန်တယ်။
“ဒီသော့ဂလောက်ကိုဖွင့်ဖို့ သော့တံရှိလား” လို့ မေးလိုက်တယ်။
“သော့တံဘယ်မှာလဲဆိုတာ ကျွန်တော် နည်းနည်းလေးမှ စဉ်းစားမရဘူး” လို့ သူက အရိုးခံအတိုင်း ပြန်ဖြေလိုက်တယ်။
“အာ့၊ ဂရီဂေါ်ဆမ်ဆာ ရှင်ကတော့ ကျွန်မကို သေချင်စိတ်ပေါက်အောင် လုပ်နေတာပဲ” လို့ သူမက ပြန်ပြောတယ်။
အဲဒီနောက်တော့ သူမက သူ့ကို သိပ်ဂရုမစိုက်တော့ဘူး။ အ၀တ်စပေါ်မှာ စီတန်းထားတဲ့ ကိရိယာတွေထဲက ၀က်အူလှည့်တစ်ခုကို ရွေးယူလိုက်ပြီး တံခါးက သော့ဂလောက်ကို ဖြုတ်ဖို့ လုပ်တယ်။ သူမ လှုပ်ရှားမှုတွေက ခပ်ဖြေးဖြေးနဲ့ သတိအပြည့်ပဲ။ တစ်ချက်တစ်ချက်မှာတော့ အရင်ကလိုပဲ အကြောလိုက်ဖို့ ခဏတဖြုတ် ရပ်ပစ်ရတယ်ပေါ့။
သူမနောက်ကနေ ရပ်၊ သူမ အဲဒီလို လုပ်နေတာတွေကို စောင့်ကြည့်နေရင်းမှာပဲ ဆမ်ဆာ့ကိုယ်ခန္ဓာမှာလည်း ထူးဆန်းတဲ့ တုံ့ပြန်မှုတစ်မျိုး ဖြစ်ပေါ်လာတယ်။ သူ့တစ်ကိုယ်လုံး ပူထူပြီး နှာသီးဝတွေက ပိုကျယ်လာတယ်။ အာခေါင်တွေက ခြောက်လာလို့ အသံထွက်အောင်တောင် တံတွေးတွေကို မြိုချမိတယ်။ နားသီးတွေက ကျင်တက်လာတယ်။ ပြီးတော့ သူ့ရဲ့ လိင်အင်္ဂါ၊ အဲဒါကလည်း ဒီအချိန်အထိ ပျော့ဖတ်ပြီး တွဲလျောင်းကျနေတဲ့ အခြေအနေကနေ တင်းမာကြီးထွားလာတယ်။ သူ့ဟာက ထောင်လာတာနဲ့အမျှ ဂါဝန်ရဲ့ အရှေ့ဆီမှာ တဖြည်းဖြည်းဖောင်းလာတယ်။ ဒါပေမဲ့ သူက အမှောင်ထဲရောက်နေတော့ သိပ်ပြီးမသိသာလှဘူးဖြစ်နေတယ်။
သော့ဂလောက်ကို ဖြုတ်လိုက်နိုင်ပြီးတဲ့နောက် အမျိုးသမီးငယ်က ပြတင်းပေါက်ဆီကို ယူသွားပြီး သစ်သားပြားနှစ်ချပ်ကြားထဲက ၀င်နေတဲ့ နေရောင်ထဲမှာ စစ်ဆေးကြည့်ရှုလိုက်တယ်။ ၀ါယာကြိုးမျှင်နဲ့ ထိုးထားပြီး အထဲက ဘာသံများထွက်လာမလဲလို့ ခပ်ကြမ်းကြမ်းလှုပ်ကြည့်တယ်။ သူမ မျက်နှာက လေးနက်နေပြီး နှုတ်ခမ်းတွေကို ခပ်တင်းတင်းစေ့ထားတယ်။ နောက်ဆုံးတော့ သက်ပြင်းထပ်ချလိုက်ပြန်ပြီး ဆမ်ဆာ့ဆီကို မျက်နှာလှည့်လာတယ်။
“အတွင်းမှာ ဖြစ်နေတာ။ ရှင်ပြောသလိုပဲ ဒါ အပျက်ပဲ”
“ကောင်းပါတယ်” လို့ ဆမ်ဆာ ပြောလိုက်တယ်။
“ဟင့်အင်း။ မကောင်းဘူး” လို့ အမျိုးသမီးက ပြန်ပြောတယ်။ “ကျွန်မဒါကို ဒီမှာတစ်ထိုင်တည်း ပြင်ပေးနိုင်မှာမဟုတ်ဘူး။ သော့က အထူးပြုလုပ်ထားတဲ့ သော့မျိုး။ အိမ်ပြန်ယူသွားပြီး ကျွန်မ အဖေ၊ ဒါမှမဟုတ် အစ်ကိုတစ်ယောက်ယောက်ကို လုပ်ခိုင်းမှ ရမှာ။ သူတို့ ပြင်ချင်ပြင်နိုင်မှာပဲ။ ကျွန်မက အလုပ်သင်ပဲရှိသေးလို့ သာမန်သော့တွေလောက်ပဲ ပြန်နိုင်တာ”
“သြော် ဟုတ်ကဲ့” လို့ ဆမ်ဆာပြောလိုက်တယ်။
ဒါဆို ဒီအမျိုးသမီးငယ်မှာ အဖေတစ်ယောက်နဲ့ အစ်ကိုတွေရှိတာပေါ့။ သူတို့ တစ်မိသားစုလုံးက သော့ပြင်ဆရာတွေပေါ့။
“တကယ်တော့ ဒီနေ့ ဒီကို ကျွန်မအစ်ကိုတစ်ယောက်လာဖို့ပဲ၊ ဒါပေမဲ့ ဒုန်းဒုန်းဒိုင်းဒိုင်းတွေ ရုတ်တရက်ဖြစ်လာလို့ သူတို့က ကျွန်မကိုပဲ လွှတ်လိုက်တာ။ ဒီတစ်မြို့လုံးမှာ စစ်ဆေးရေးဂိတ်တွေနဲ့ ပွစာကျဲနေတယ်”
ပြောရင်းဆိုရင်း သူမက လက်ထဲကိုင်ထားတဲ့ သော့ဂလောက်ကို ငုံ့ကြည့်နေတယ်။ “ဒါနဲ့ နေပါဦး။ ဒီသော့ဂလောက်က ဘာလို့ ဒီလိုပျက်သွားရတာလဲ။ ဒါ ပုံမှန်မဟုတ်ဘူး။ တစ်ယောက်ယောက်က အတွင်းထဲကို လက်နက်တစ်ခုခုနဲ့ ထိုးဖောက်ထားသလိုပဲ၊ တခြားဖြစ်စရာအကြောင်းတော့ မရှိဘူး”
သူမက အကြောထပ်လိုက်သွားပြန်တယ်။ လက်မောင်းတွေက ရေကူးသမားတစ်ဦး လက်ခတ်လေ့ကျင့်နေသလိုပဲ။ အဲဒီပုံစံကပဲ ဆမ်ဆာ့စိတ်အာရုံကို ညှို့ယူထားပြီး စိတ်လှုပ်ရှားလာစေတယ်။
ဆမ်ဆာ သူ့စိတ်ကို ပိုင်းဖြတ်လိုက်တယ်။ “ကျွန်တော် ခင်ဗျားကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား” လို့ ပြောလိုက်တယ်။
“မေးခွန်းတစ်ခု ဟုတ်လား..” ဇဝေဇ၀ါနဲ့ တစ်ချက်ကြည့်လိုက်ပြီး ပြန်မေးတယ်။ “ဘာမေးမလဲတော့ စဉ်းစားမရဘူး။ ဒါပေမဲ့ မေးကြည့်လေ..”
“ခင်ဗျား အဲဒီလို ဘာလို့ ခဏခဏတွန့်နေရတာလဲ”
“ဟုတ်တယ်။ အဲဒီလိုဖြစ်တာကိုပြောတာ”
“ကျွန်မ ဘရာဇီယာက အံဝင်ခွင်ကျမဖြစ်လို့လေ၊ ဒါပါပဲ”
“ဘရာဇီယာ” လို့ ဆမ်ဆာက ပလုံးပထွေးပြောလိုက်တယ်။ ဒီစကားလုံးကို သူ့ မှတ်ဉာဏ်ထဲကနေ ဖော်မရဘူးဖြစ်နေတယ်။
“အင်းလေ ဘရာဇီယာ။ အဲဒါဘာလဲဆိုတာ ရှင်သိတယ်မဟုတ်လား။ ဒါမှမဟုတ် ခါးကုန်းမိန်းမက ဘရာဇီယာဝတ်လို့ ရှင် အထူးအဆန်းဖြစ်နေတာလား။ လာလာချည်သေးလို့ ရှင်တွေးနေတာလား” လို့ အမျိုးသမီးက မေးလိုက်တယ်။
“ခါးကုန်း” လို့ ဆမ်ဆာ တအံ့တသြ ရေရွတ်မိပြန်တယ်။ ဗလာကျင်းနေတဲ့ သူ့ဦးခေါင်းထဲကို နောက်ထပ်ထိုးစိုက်လိုက်တဲ့ စကားလုံးတစ်လုံးပဲ။ သူမ ဘာပြောနေတယ်ဆိုတာကို သူ တစ်လုံးတစ်ပါဒမှ မသိဘူး။ ဒါပေမဲ့လည်း သူ တစ်ခုခုပြန်ပြောသင့်တယ်ဆိုတာတော့ သိနေတယ်။
“ဟင့်အင်း။ ကျွန်တော် အဲဒီလို လုံးဝမထင်ပါဘူး” လို့ သူက တီးတိုးပြောလိုက်တယ်။
“ကဲ နားထောင်။ ကျွန်မတို့ ခါးကုန်းတွေမှာလည်း တခြားအမျိုးသမီးတွေလိုပဲ ရင်သားနှစ်ဖက်ရှိတယ်။ အဲဒါတွေကို ထိန်းထားဖို့ ကျွန်မတို့လည်း ဘရာဇီယာလိုတယ်။ နွားမကြီးတွေလို နို့သီးလွှဲရမ်းလွှဲရမ်းနဲ့ လျှောက်သွားမနေနိုင်ဘူး”
“အို ဒါပေါ့။ ဘယ်သွားနိုင်မလဲ”
ဆမ်ဆာ ဘာမျှနားမလည်တော့။
ဆမ်ဆာ ဘာမျှနားမလည်တော့။
“ဒါပေမဲ့ ဘရာဇီယာတွေက ကျွန်မတို့အတွက် ရည်ရွယ်ထားတာမဟုတ်ဘူး၊ ချောင်ကျနေတယ်။ ကျွန်မတို့က သာမန်အမျိုးသမီးတွေရဲ့ ဖွဲ့စည်းပုံနဲ့ မတူဘူးလေ၊ သိတယ်မဟုတ်လား။ ဒါကြောင့် နေရာတကျဖြစ်အောင် မကြာခဏ တွန့်ပြီး ပြန်တင်နေရတာပေါ့။ ခါးကုန်းဖြစ်ရတာ ရှင်တွေးကြည့်နိုင်တာထက် အများကြီးပို ဒုက္ခကြီးပါတယ်။ ဒါကြောင့် ရှင် ကျွန်မကို နောက်ကနေ စိုက်ကြည့်နေတာဟုတ်။ ရှင် ဒါကို ရယ်ချင်နေတာလား”
“မဟုတ်ရပါဘူးဗျာ။ ခင်ဗျား အဲဒီလို ဘာလို့လုပ်နေလဲ ကျွန်တော်က သိချင်ရုံပါ”
အခုတော့၊ ဘရာဇီယာဆိုတာ ရင်သားတွေကို နေရာမှန်မှာ ထိန်းဖို့ ပြုလုပ်ထားတဲ့ တန်ဆာပလာတစ်ခုလို့ သူ တွေးကြည့်လိုက်နိုင်တယ်။ ပြီးတော့ ခါးကုန်းဆိုတာကတော့ ဒီအမျိုးသမီးလို ကိုယ်ခန္ဓာဖွဲ့စည်းပုံရှိတဲ့ လူပေါ့။ ဒီကမ္ဘာလောကကြီးမှာ သူ သင်ယူစရာတွေ များလွန်းလှပါလား။
“ကျွန်မကို လှောင်နေတာမဟုတ်ဘူးဆိုတာ ရှင်သေချာရဲ့လား” လို့ အမျိုးသမီးက မေးတယ်။
“ကျွန်တော် ခင်ဗျားကို မလှောင်ပါဘူး”
အမျိုးသမီးက ဆမ်ဆာ့ကို မော့ကြည့်လိုက်တယ်။ သူ့ဆီမှာ လှောင်ပြောင်တဲ့ အရိပ်အယောင်နည်းနည်းလေးတောင် မတွေ့ရလို့ အမှန်ကိုပြောနေတာပဲလို့ သူမ သိလိုက်တယ်။ ဒီလူဟာ ဦးနှောက်နည်းနည်းချောင်နေတာမျိုးပဲဖြစ်မယ်၊ ဒီလောက်ပဲ။ သူမထက် သူက အသက်နည်းနည်း ကြီးချင်ကြီးလိမ့်မယ်။ လမ်းလျှောက်ပုံက ချိနဲ့နေသလို အသိဉာဏ်ပိုင်းမှာလည်း အခက်အခဲရှိနေပုံပဲ။ ဘာပဲဖြစ်ဖြစ် သူက မိကောင်းဖခင်သားသမီးပဲ၊ သူ့ အပြုအမူတွေက အပြစ်ဆိုစရာမှ မရှိပဲ။ ပြီးတော့ သူက ကြည့်ပျော်ရှုပျော်လည်း ရှိတယ်၊ လူသေကောင်မျက်နှာလို မျက်နှာက ဖြူဖပ်နေပြီး ပိန်ချုံးနေတယ်ဆိုပေမယ့်ပေါ့။
အဲဒီအချိန်မှာပဲ သူ့ ဂါဝန်အောက်ပိုင်းက ထိုးထိုးထောင်ထောင်ဖြစ်နေတာကို သူမ သတိပြုမိသွားတယ်။
“အဲဒါ ဘာကြီးလဲ။ အဲဒီအဖောင်းကြီးက ဘာဖြစ်နေတာလဲ” လို့ သူမ စူးစူးဝါးဝါး အော်လိုက်တယ်။
ဆမ်ဆာလည်း သူ့ဂါဝန်အောက်ကို ငုံ့ကြည့်လိုက်မိတယ်။ သူ့အင်္ဂါက တကယ့်ကို ကြီးထွားမာကျောနေပြီ။ ဒီကိစ္စဟာ သိပ်မသင့်လျော်တဲ့ အနေအထားတစ်ခုလို့ သူမပြောလိုက်တဲ့ လေသံကနေ သူတွက်ကြည့်လိုက်နိုင်တယ်။
“ကျွန်မ သဘောပေါက်ပြီ။ ရှင်က ခါးကုန်းမိန်းမတစ်ယောက်ကို လုပ်ရရင် ဘယ်လိုများနေပါ့မလဲလို့ အတွေးနယ်ချဲ့နေတာမဟုတ်လား” သူမ ပါးစပ်က အဆက်မပြတ်ပြောနေတယ်။
“လုပ်ရရင်..” သူ အဓိပ္ပာယ်ကောက်လို့မရတဲ့ နောက်ထပ် စကားလုံးတစ်ခုပါပဲ။
“ခါးကုန်းတွေက ခါးအလိုလိုကုန်းပြီးသားဖြစ်နေလို့ နောက်ကနေ အသာလေး လုပ်ရုံပဲလို့ ရှင် တွေးနေတာမဟုတ်လား။ ခါးကုန်းဖြစ်နေတာနဲ့ပဲ လုပ်ချင်တာ လုပ်လို့ရမယ်လို့ ထင်နေတဲ့ ရှင့်လို တဏှာကောင်တွေ လောကကြီးမှာ ပြည့်နေတာပဲလို့ ပြောလိုက်ပါရဲ့။ ဒါပေမဲ့ ရှင့်လိုကောင် စဉ်းစားထားဖို့က အဲဒီလောက် မလွယ်ဘူးဆိုတာပဲ”
“ကျွန်တော်တော့ ဘာမှ နားမလည်တော့ဘူးဗျာ။ တစ်နည်းနည်းနဲ့ ကျွန်တော် ခင်ဗျားကို ထိခိုက်သွားစေတယ်ဆိုရင် ကျွန်တော် တကယ်ကို ၀မ်းနည်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော့်မှာ စော်ကားလိုစိတ် မရှိပါဘူး။ ကျွန်တော် နေသိပ်မကောင်းခဲ့ဘူး၊ ပြီးတော့ ကျွန်တော် နားမလည်နိုင်တဲ့ ကိစ္စတွေလည်း ပြည့်နေတယ်”
“ဟုတ်ပါပြီ။ ကျွန်မ တွေးကြည့်လို့ရပါတယ်။ ရှင်က နည်းနည်းထုံတယ်၊ ဟုတ်တယ်မဟုတ်လား။ ဒါပေမဲ့ ရှင့် အမြှောက်ကတော့ စံချိန်မီပဲ။ အဲဒါကတော့ ဘုရားပေးလက်ဆောင်ထင်ပါရဲ့”
“ကျွန်တော် တောင်းပန်ပါတယ်” ဆမ်ဆာ ထပ်ပြောလိုက်တယ်။
“ထားပါတော့။ အိမ်မှာလည်း တစ်စက်မှမကောင်းတဲ့ အစ်ကိုလေးယောက်တောင် ရှိတယ်။ ကျွန်မ ငယ်ငယ်လေးကတည်းက ရှိသမျှ အကုန်ထုတ်ပြနေကြတာပဲ။ အဲဒါမျိုးတွေလုပ်ပြီး ပွဲကျနေကြတာပဲ။ သူတို့အကုန်လုံး အယုတ်တမာကောင်တွေချည်းပဲ။ ဒီတော့ ကျွန်မရှင့်ကိုပေးတဲ့အမှတ်က နောက်ပြောလိုက်တာ မဟုတ်ဘူး”
သူမက ကိရိယာတွေကို အိတ်ထဲပြန်ထည့်ဖို့ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သက္ကလက်အ၀တ်စထဲ သော့ဂလောက်ပျက်ကို စုချည်လိုက်တယ်။ ပြီးတော့ ဘေးမှာ အသာထားလိုက်တယ်။
“ဒီသော့ဂလောက်ကို ကျွန်မ ယူသွားမယ်။ ရှင့်မိဘတွေကို ပြောလိုက်ပေါ့။ ပြင်လို့ရရင်ပြင်၊ မရရင် အသစ်နဲ့လဲပေးမယ်။ အသစ်တစ်ခုနဲ့ လဲရမယ်ဆိုရင်တော့ အချိန်နည်းနည်း ပိုကြာလိမ့်မယ်။ ကံသေကံမတော့ မပြောနိုင်ဘူး။ ရှင် သူတို့ကို ပြန်ပြောဖို့ မမေ့နဲ့နော်။ ကျွန်မပြောတာကို နားလည်ရဲ့လား၊ မှတ်ရော မှတ်မိရဲ့လား”
“ကျွန်တော် ပြောလိုက်ပါ့မယ်”
လှေကားအတိုင်း သူမ ခပ်ဖြည်းဖြည်းဆင်းသွားတော့ ဆမ်ဆာလည်း အနောက်က တရွေ့ရွေ့လိုက်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်အနေအထားနဲ့ ကိုယ်စီလျှောက်နေကြတယ်၊ သူမက ခြေလေးချောင်းနဲ့ သွားသလို ဖြစ်နေပြီး ဆမ်ဆာကတော့ ပုံမကျပန်းမကျ အနောက်ကို မြင့်တစ်ခါနိမ့်တလှည့်နဲ့။ ဒါပေမဲ့ သူတို့ ခြေလှမ်းတွေက ညီလို့တောင်နေသေးတယ်။ ဆမ်ဆာက သူ့ရဲ့ရှေ့က အဖောင်းကို ဖုံးဖိဖို့ အသည်းအသန်ကြိုးစားနေပေမယ့် အဲဒီနေရာက နဂိုအခြေအနေဆီ ပြန်မရောက်နိုင်သေးဘူး။ လှေကားအတိုင်းဆင်းလာရင်း သူမရဲ့ လှုပ်ရှားဟန်တွေကို နောက်ကနေ ကြည့်ရတာ သူ့နှလုံးသားကို တဒိတ်ဒိတ်ခုန်လာစေတယ်။ သူ့သွေးကြောတွေထဲက ပူနွေးလတ်ဆတ်တဲ့ သွေးတွေဟာ အလျင်အမြန်စုန်ဆန်နေတယ်။ ဘာပဲဖြစ်ဖြစ် အဖောင်းနေရာကတော့ ခေါင်းမာမာနဲ့ ရှိနေဆဲပဲ။
ရှင့်ကို ပြောခဲ့တဲ့အတိုင်းပဲ၊ အမှန်တော့ ဒီနေ့ ကျွန်မအစ်ကိုတစ်ယောက် ဒီကိုလာဖို့ပဲ။ ဒါပေမဲ့ လမ်းတွေမှာ စစ်သားတွေ၊ တင့်ကားတွေနဲ့ ပြည့်နေတယ်။ လူတွေကို အစုလိုက်အပြုံလိုက် ဖမ်းနေတယ်။ ဒါကြောင့် ကျွန်မအိမ်က ယောက်ျားသားတွေ အပြင်ကို မထွက်နိုင်ဘူး။ အဖမ်းခံရပြီဆိုတာနဲ့ အိမ်ပြန်ရောက်ဖို့ ဘယ်သူမှ အာမမခံနိုင်တော့ဘူး။ ဒါကြောင့် ကျွန်မ ရောက်လာရတာ၊ ပရက်ဂ်မြို့ကို ဖြတ်ပြီး တစ်ယောက်တည်း။ အိမ်ကလူတွေအပြောကတော့၊ ခါးကုန်းမလေးတစ်ယောက်ကို ဘယ်သူမှ သတိပြုမိမှာမဟုတ်ဘူးတဲ့လေ”
“တင့်ကားတွေ..” ဆမ်ဆာက တီးတိုးပြောလိုက်တယ်။
“အင်းလေ၊ အများကြီးပဲ။ အမြှောက်တွေ၊ စက်သေနတ်တွေပါတဲ့ တင့်ကားတွေ။ ရှင့်အမြှောက်က အထင်ကြီးစရာပါ”
ဆမ်ဆာ့ဂါဝန်အောက်က အဖောင်းနေရာကို ညွှန်ပြရင်း သူမက ပြောလိုက်တယ်။
“…ဒါပေမဲ့ ဟိုက အမြှောက်တွေကတော့ ပိုကြီးပြီး ပိုလည်းမာတယ်။ ရှင်ဟာထက် အများကြီးပို အသက်ပါသွားနိုင်တယ်။ ရှင့်မိသားစုဝင်တွေ အန္တရာယ်ကင်းကင်း ပြန်ရောက်ဖို့ပဲ မျှော်လင့်ရမှာပေါ့”
ဆမ်ဆာ့ဂါဝန်အောက်က အဖောင်းနေရာကို ညွှန်ပြရင်း သူမက ပြောလိုက်တယ်။
“…ဒါပေမဲ့ ဟိုက အမြှောက်တွေကတော့ ပိုကြီးပြီး ပိုလည်းမာတယ်။ ရှင်ဟာထက် အများကြီးပို အသက်ပါသွားနိုင်တယ်။ ရှင့်မိသားစုဝင်တွေ အန္တရာယ်ကင်းကင်း ပြန်ရောက်ဖို့ပဲ မျှော်လင့်ရမှာပေါ့”
ဖြစ်ချင်ဖြစ်ရာဖြစ် အရဲစွန့်ဖို့ ဆမ်ဆာ ဆုံးဖြတ်လိုက်တယ်။
“နောက်တစ်ခါ ထပ်တွေ့ဖို့ ဖြစ်နိုင်သေးရဲ့လား”
အမျိုးသမီးက ခေါင်းကို မတင်ပြီး ဆမ်ဆာ့ကို ကြည့်တယ်။
“ရှင်က ကျွန်မကို နောက်တစ်ခါထပ်တွေ့ချင်တယ်လို့ ပြောနေတာလား”
“ဟုတ်ကဲ့။ ခင်ဗျားကို ကျွန်တော် နောက်တစ်ခါ ထပ်တွေ့ချင်ပါသေးတယ်”
“ရှင့်ဟာက အခုလို ထိုးထွက်နေတဲ့ ပုံစံနဲ့ပဲလား”
ဆမ်ဆာ အောက်က သူ့အဖောင်းကို ငုံ့ကြည့်လိုက်မိတယ်။ “ဘယ်လိုရှင်းပြရမလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဒီဟာက ကျွန်တော့် ခံစားချက်နဲ့ ဘာမှမဆိုင်ပါဘူး။ နှလုံးပြဿနာတစ်ခုခု ဖြစ်ရမယ်”
“မနောက်ဘူးပေါ့လေ” လို့ ဒီတစ်ခါတော့ သူမက အတည်ပေါက် ပြောတယ်။ “နှလုံးသားပြဿနာလို့ ရှင်ပြောတယ်နော်။ အတော်စိတ်ဝင်စားစရာကောင်းတဲ့ ရှုမြင်ပုံမျိုးပဲ။ အရင်တုန်းက မကြားဖူးခဲ့ဘူး”
“ဒီအဖောင်းကို ကျွန်တော် မထိန်းချုပ်နိုင်ဘူးဆိုတာ ခင်ဗျားလည်း သိသားပဲ”
“ဒါဆို လုပ်တဲ့ကိစ္စနဲ့လည်း ဘာမှမပတ်သက်ဘူးပေါ့”
“လုပ်ဖို့ကိစ္စကို ကျွန်တော့်စိတ်ထဲမှာ မရှိပါဘူး။ တကယ်ပါ”
“ကဲ ဒါဆို ရှင်းသွားအောင် ကျွန်မပဲ ပြောကြည့်မယ်။ ရှင့်ဟာက ဒီလို ကြီးပြီးမာလာတဲ့အချိန်မှာ ရှင့်စိတ်ထဲမှာ ဘာမှမရှိဘူး။ ရှင့်နှလုံးသားက ဒီလိုဖြစ်အောင် လုပ်လိုက်တာ၊ ဒီလိုမျိုးလား”
ဆမ်ဆာက ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ဘုရားစူးလား”
“ဘုရား” လို့ ဆမ်ဆာက သံယောင်လိုက်တယ်။ ကျန်တဲ့စကားလုံးကိုတော့ အရင်ကကြားဖူးသလား သူ မမှတ်မိဘူး။ သူ ငြိမ်နေလိုက်တယ်။
အမျိုးသမီးက သူမဦးခေါင်းကို ခပ်ညည်းညည်း ခါရမ်းလိုက်တယ်။ ပြီးတော့ တွန့်ပြီး သူမ ဘရာဇီယာကို အနေအထားပြင်တယ်။
“ထားလိုက်ပါတော့။ ပရက်ဂ်မြို့ကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ဘုရားသခင်စွန့်ခွာသွားခဲ့တဲ့ ပုံပဲ။ ဘုရားကို မေ့လိုက်တော့”
“ဒါဆို ကျွန်တော် ခင်ဗျားကို နောက်တစ်ခါ ထပ်တွေ့နိုင်မှာလား”
သူတစ်ခါမှမမြင်ဖူးတဲ့ ဟန်ပန်တစ်ခု မိန်းကလေးရဲ့ မျက်နှာပေါ်မှာ ဖြတ်ပြေးသွားတယ်။ သူမ မျက်လုံးတွေက အဝေးတစ်နေရာဆီက မြူတွေဆိုင်းနေတဲ့ ရှုခင်းကို စူးစိုက်ကြည့်နေတယ်။ “ရှင် ကျွန်မကို တကယ်ပဲ နောက်တစ်ခါ ပြန်တွေ့ချင်တာလား”
ဆမ်ဆာ ခေါင်းညိတ်ပြလိုက်တယ်။
“အဲဒီအချိန်ကျတော့ ကျွန်မတို့ ဘာလုပ်ကြမှာလဲ”
“ကျွန်တော့်တို့ စကားအတူ ပြောနိုင်တာပေါ့”
“ဘာအကြောင်းတွေလဲ” အမျိုးသမီးက ပြန်မေးတယ်။
“အကြောင်းတွေ အများကြီးပေါ့”
“စကားပြောရုံပဲလား”
“ခင်ဗျားကို မေးချင်တာတွေ ကျွန်တော့်မှာ အများကြီးရှိတယ်” ဆမ်ဆာက ပြောလိုက်တယ်။
“ဘာအကြောင်းလဲ”
“ဒီကမ္ဘာကြီးအကြောင်းပေါ့။ ခင်ဗျား အကြောင်းပေါ့။ ကျွန်တော့် အကြောင်းပေါ့။ ကျွန်တော်တို့ ပြောစရာ အကြောင်းအရာအတွေ အများကြီးရှိတယ်လို့ ကျွန်တော်ခံစားရတယ်။ ဥပမာ တင့်ကားတွေအကြောင်း။ ဘုရားသခင်အကြောင်း။ ဘရာဇီယာအကြောင်း။ သော့ဂလောက်အကြောင်း”
သူတို့နှစ်ဦးကြားကို တိတ်ဆိတ်မှုက နောက်တစ်ကြိမ် တိုးဝင်လာတယ်။
“ကျွန်မ မသိဘူး” လို့ နောက်ဆုံးတော့ အမျိုးသမီးက ပြောတယ်။ ခေါင်းကို သူမ ဖြည်းညင်းစွာ ခါယမ်းလိုက်တယ်။ ဒါပေမဲ့ သူမ အသံရဲ့ အေးစက်မှုကတော့ မသိမသာ လျော့ကျသွားပြီ။ “ရှင်က ကျွန်မထက်ပိုပြီး ကောင်းကောင်းနေထိုင်လာခဲ့ရတာ။ ပြီးတော့ မြို့တစ်ဖက်စွန်းက ခါးကုန်းမတစ်ယောက်နဲ့ သူတို့ရဲ့ သားလေး ပတ်သက်နေတာသိရင် ရှင့်မိဘတွေက ၀မ်းသာကြမလားဆိုတာ ကျွန်မ သံသယရှိတယ်။ သူတို့သားလေးဟာ ပိန်လှီပြီး ထုံတုံတုံလေး ဆိုရင်တောင်မှပေါ့။ အဲဒါတွေအားလုံးထက် ပိုအရေးကြီးတာက ကျွန်မတို့မြို့ကို နိုင်ငံခြားတပ်သားတွေနဲ့ တင့်ကားတွေက လွှမ်းမိုးထားပြီ။ ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိဘူးလေ”
ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာ ဆမ်ဆာမသိတာ အသေအချာပဲပေါ့။ အနာဂတ်ကို ဆမ်ဆာမသိဘူး၊ ဒါပေမဲ့ သူ့လို အရာရာနဲ့ပတ်သက်လို့ အမှောင်အတိကျနေသူအတွက် ပစ္စုပ္ပန်နဲ့ အတိတ်ကရော ဘာထူးလို့လဲ။ အမှန်ကဘာလဲ၊ အမှားကဘာလဲ။ အ၀တ်အစားဘယ်လိုဝတ်ရမယ်ဆိုတာကအစ သူကတော့ ပဟေဠိတစ်ခုလိုဖြစ်နေတာပဲလေ။
“ဘာပဲဖြစ်ဖြစ်ပါ၊ ရက်အနည်းငယ်ကြာရင် ဒီလမ်းကို ကျွန်မ ပြန်လာခဲ့မယ်။ ပြင်လို့ရတယ်ဆိုရင် သော့ဂလောက်ကို ကျွန်မ ပြန်လာပေးမယ်။ ပြင်လို့မရရင်လည်း ပြန်လာပေးမှာပဲ။ ဖုန်းဆက်ခေါ်တဲ့အတွက်တော့ ရှင်တို့ ပိုက်ဆံပေးရမှာပေါ့။ ရှင်ဒီမှာ ရှိနေရင် ကျွန်မတို့ အဲဒီအချိန်ကျတော့ တွေ့နိုင်တာပေါ့။ အချိန်ကြာကြာ စကားပြောနိုင်မလားဆိုတာကတော့ ကျွန်မ မသေချာဘူး။ ဒါပေမဲ့ ရှင့်နေရာမှာ ကျွန်မဆိုရင်တော့ ရှင့်အဖောင်းကြီးကို ရှင့်မိဘတွေ မမြင်အောင် ဖုံးထားမှာပဲ။ လက်တွေ့ဘ၀မှာ ဒီလိုအရာမျိုးတွေကို လူမြင်အောင်ပြလို့ ရှင့်ကို ဘယ်သူမှ ချီးကျူးမှာမဟုတ်ဘူး”
ဆမ်ဆာ ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမဲ့ ဒီလိုအရာမျိုးကို လူမမြင်အောင် ဘယ်လိုထားရမယ်ဆိုတာတော့ သူလည်း သိပ်မရှင်းဘူး။
“ထူးတော့ ထူးဆန်းတယ်နော်” လို့ အမျိုးသမီးက တွေးတွေးဆဆအသံနဲ့ ပြောလိုက်တယ်။ “ကျွန်မတို့ဘေးနားက အရာတွေအားလုံး ပေါက်ကွဲပျက်စီးနေတယ်၊ ဒါတောင် သော့ဂလောက်တစ်ခု ပျက်တာကို ဂရုစိုက်တဲ့လူရှိသေးတယ်၊ ပြီးတော့ အဲဒါကို တာဝန်ကျေကျေနဲ့ ပြင်ဖို့ ကြိုးစားနေသူတွေလည်း ရှိသေးတယ်နော်။ ဒါပေမဲ့ ဒါကလည်း ဖြစ်သင့်ပါတယ်လေ။ အသေးအမွှားလေးတွေကို တာဝန်ကျေကျေနဲ့ ရိုးရိုးသားသား ပြုလုပ်တာဟာ တစ်စစီပြိုကျနေတဲ့ ကမ္ဘာကြီးထဲမှာ ကျွန်မတို့တွေကို ရူးမသွားအောင် နေနိုင်စေတဲ့ နည်းလမ်းဖြစ်ချင်ဖြစ်မှာ”
အမျိုးသမီးက ဆမ်ဆာ့မျက်နှာကို မော့ကြည့်လိုက်တယ်။ “စပ်စုတာတော့ မဟုတ်ပါဘူး။ ဒုတိယထပ်က အဲဒီအခန်းထဲမှာ ဘာတွေဖြစ်ခဲ့တာလဲဟင်။ ကုတင်တစ်လုံးပဲ ရှိနေတဲ့အခန်းကို ပိတ်ဖို့ ရှင့်မိဘတွေက ဘာလို့ ဒီလောက်ကြီးတဲ့ သော့ဂလောက် လိုတာလဲ။ ပြီးတော့ သော့ဂလောက်ပျက်သွားတာကိုရော သူတို့ ဘာကြောင့် ဒီလောက်အလေးထားနေတာလဲ။ ပြတင်းပေါက်မှာ ဖြတ်ရိုက်ထားတဲ့ သစ်သားပြားတွေကရော ဘာအတွက်လဲ။ အဲဒီအထဲမှာ တစ်ခုခုကို ပိတ်လှောင်ထားခဲ့တာ မဟုတ်လား”
ဆမ်ဆာ ခေါင်းကို ယမ်းလိုက်တယ်။ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုကို အဲဒီအထဲမှာ ပိတ်လှောင်ထားခဲ့တယ်ဆိုရင်တော့ အဲဒါက သူပဲဖြစ်မှာ။ ဒါပေမဲ့ ဘာလို့ ဒီလိုလုပ်စရာ လိုရတာလဲ။ သူ့မှာ အဖြေမရှိဘူး။
“ရှင့်ကို မေးနေလို့တော့ အကြောင်းမထူးဘူး ထင်ပါတယ်” လို့ အမျိုးသမီးက ပြောလိုက်တယ်။
“ကဲ ကျွန်မလည်း သွားမှပဲ။ နောက်ကျရင် အိမ်က စိတ်ပူနေလိမ့်မယ်။ မြို့ကို တစ်စစီမဖြစ်ဘဲ ကျွန်မဖြတ်နိုင်ဖို့ ဆုတောင်းပေါ့။ သနားစရာ ခါးကုန်းမလေးကို စစ်သားတွေ ဂရုမစိုက်ပါစေနဲ့လို့ ဆုတောင်းပေါ့။ သူတို့ထဲက တစ်ယောက်မှ တဏှာရူးမဟုတ်ပါစေနဲ့လို့ ဆုတောင်းပေါ့။ တကယ်တော့ ဒီထက်ပိုပြီး အလုပ်ခံရစရာမရှိလောက်အောင်ကို ကုန်ပြီးပါပြီ”
“ကျွန်တော် ဆုတောင်းပါ့မယ်” လို့ ဆမ်ဆာပြောလိုက်တယ်။ ဒါပေမဲ့ “တဏှာရူး” ဆိုတာ “ဆုတောင်း” တယ်ဆိုတာ ဘာလဲတော့ သူ နားလည်တာ မဟုတ်ဘူး။
အမျိုးသမီးက သူမရဲ့ အိတ်အနက်ကို ဆွဲယူလိုက်တယ်၊ ပြီးတော့ ကုန်းလျက်သားအတိုင်းပဲ တံခါးဝဆီကို ဦးတည်လိုက်တယ်။
“ကျွန်တော် ခင်ဗျားကို ပြန်တွေ့ရမှာလား” နောက်ဆုံးအကြိမ်အနေနဲ့ ဆမ်ဆာ မေးလိုက်တယ်။
“တစ်ယောက်ယောက်အကြောင်း လုံလောက်အောင်စဉ်းစားတယ်ဆိုရင် အဲဒီလူကို ရှင်ပြန်တွေ့ဖို့ သိပ်သေချာတာပေါ့” လို့ ထွက်သွားရင်းပဲ သူမက ပြောတယ်။ ဒီတစ်ကြိမ်မှာတော့ သူမ လေသံထဲမှာ တကယ့်နွေးထွေးမှုတစ်ခု ကိန်းဝပ်နေပါတယ်။
“ငှက်တွေကို သတိထားနော်” လို့ သူက အော်ပြောလိုက်တယ်။ သူမက လှည့်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ အဲဒီနောက်တော့ လမ်းမပေါ်ကို လျှောက်သွားတော့တယ်။
ခါးကုန်းနေတဲ့ သူမရဲ့ ပုံရိပ်ကလေး ကျောက်ခင်းလမ်းကို ဖြတ်သွားပုံကို လိုက်ကာပေါက်ကနေ ဆမ်ဆာ စောင့်ကြည့်နေမိတယ်။ မသက်မသာ လျှောက်နေရပေမဲ့ အံ့သြစရာကောင်းလောက်အောင်ကို မြန်တယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ဆမ်ဆာ မြတ်နိုးမိတယ်။ သူမကိုကြည့်ရင်း ရေပေါ်လမ်းလျှောက်ကောင်တစ်ကောင် ကုန်းပေါ်မှာ အလန့်တကြား ပြေးလွှားနေတဲ့ ပုံရိပ်တစ်ခု သူ့ခေါင်းထဲပေါ်လာတယ်။ သူ့အနေနဲ့ကတော့ သူမ လမ်းလျှောက်ပုံဟာ ခြေထောက်နှစ်ချောင်းထောင်လျက်သားနဲ့ နိမ့်ချည်မြင့်ချည် လမ်းလျှောက်ရတာထက် အများကြီးပိုပြီး သဘာဝကျနေပါရဲ့။
သူ့လိင်အင်္ဂါဟာ နူးညံ့ပျော့ပြောင်းတဲ့ မူလအခြေအနေကို ပြန်ရောက်သွားမှန်း သူ သတိထားမိချိန်အထိ သူမ သူ့မြင်ကွင်းက ပျောက်ကွယ်မသွားသေးဘူး။ အခြေအနေတစ်ခုမှာ ခဏတာဖြစ်ပေါ်ခဲ့တဲ့ အဲဒီ ထိန်းမနိုင်တဲ့ အဖောင်းဟာ အခုတော့ စုပ်စမြုပ်စပျောက်ကွယ်သွားခဲ့ပြီ။ အခုတော့ သူ့အင်္ဂါက သူ့ခြေထောက်နှစ်ချောင်းကြားမှာ အကာအကွယ်မဲ့တဲ့၊ ငြိမ်းချမ်းပြီး အပြစ်ကင်းစင်တဲ့ သစ်သီးတစ်လုံးလို တွဲလျောင်းကျနေတယ်။ သူ့ဝှေးစေ့တွေက နေရာတကျ ငြိမ်သက်အနားယူနေတယ်။ ဂါဝန်ခါးစည်းကြိုးကို နေသားတကျပြန်စည်းလိုက်ပြီး ထမင်းစားခန်းထဲက စားပွဲမှာ သူထိုင်လိုက်တယ်၊ ပြီးတော့ သူ့အေးစက်စက် ကော်ဖီလက်ကျန်ကို သောက်ချလိုက်တော့တယ်။
ဒီနေရာမှာ နေခဲ့တဲ့လူတွေဟာ တစ်နေရာရာကို ထွက်သွားခဲ့ပြီ။ သူတို့ ဘယ်သူတွေဆိုတာတော့ သူ မသိဘူး၊ ဒါပေမဲ့ သူ့ မိသားစုဝင်တွေ ဖြစ်လိမ့်မယ်လို့တော့ သူ့ မှန်းကြည့်လို့ရတယ်။ ရုတ်တရက် တစ်ခုခုဖြစ်ခဲ့ပြီး သူတို့ ထွက်သွားကြတာ ဖြစ်လိမ့်မယ်။ သူတို့ တစ်သက်လုံး ပြန်လာချင်မှ ပြန်လာကြတော့မယ်။ “ကမ္ဘာကြီး တစ်စစီပြိုကျတယ်” ဆိုတာက ဘာများပါလိမ့်။ ဂရီဂေါ်ဆမ်ဆာမှာ အဖြေမရှိဘူး။ နိုင်ငံခြားတပ်တွေ၊ စစ်ဆေးရေးဂိတ်တွေ၊ တင့်ကားတွေ… အရာရာဟာ ပုစ္ဆာဆန်နေတယ်။
သူအသေအချာသိတဲ့ တစ်ခုတည်းသောအရာကတော့ သူ့အနေနဲ့ ခါးကုန်းမလေးကို တွေ့ချင်တယ်ဆိုတာပဲ။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး သူ စိတ်ကျေနပ်တဲ့အထိ စကားတွေ တစ်ဝကြီး ပြောချင်တယ်။ သူမနဲ့အတူတူ ကမ္ဘာမြေကြီးရဲ့ ပဟေဠိကို အဖြေညှိကြဖို့။ သူမ ဘရာဇီယာကို ပြင်ချိန်မှာ တွန့်သွားတဲ့ပုံစံကို ရှုထောင့်အမျိုးမျိုးကနေ သူ ထိုင်ကြည့်နေချင်တယ်။ ဖြစ်နိုင်ရင် သူ့လက်တွေကို သူမရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးပေါ်မှာ ပြေးလွှားနေချင်တယ်။ သူမရဲ့ နူးညံ့တဲ့အရေပြားကို ထိတွေ့ပြီး သူ့လက်ချောင်းထိပ်ကလေးတွေနဲ့ သူမရဲ့ နွေးထွေးမှုကို ခံစားချင်တယ်။ သူမနဲ့ ဘေးချင်းယှဉ်လျက်သား ကမ္ဘာမြေကြီးရဲ့ လှေကားထစ်တွေကို မြင့်ချည်နိမ့်ချည် လျှောက်လှမ်းချင်မိတယ်။
သူမအကြောင်း စဉ်းစားမိရုံနဲ့ပဲ သူ့အတွင်းထဲက နွေးထွေးလာရတယ်။ ဒီအတွက်တော့ သူ့မှာ ငါးတစ်ကောင်၊ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့်၊ ဒါမှမဟုတ် တခြားအရာတစ်ခုခု ဖြစ်ချင်တဲ့ဆန္ဒတွေ မရှိတော့ဘူး။ လူဖြစ်ရတာကို သူ ၀မ်းသာမိတယ်။ အ၀တ်အစားတွေ ၀တ်ရတာ၊ ခြေထောက်နှစ်ချောင်းပေါ် လမ်းလျှောက်ရတာတွေကတော့ အဆင်မပြေတာ အမှန်ပဲ။ သူ မသိတဲ့ အရာတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့လည်း သူသာ လူသားတစ်ယောက်မဟုတ်ဘဲ ငါးတစ်ကောင်၊ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့်ဖြစ်တယ်ဆိုရင် ဒီလိုစိတ်ခံစားမှုမျိုးကို သူ ခံစားခွင့်ရှိချင်မှ ရှိမှာ။ ဒီလိုပဲ သူ တွေးမိတယ်။
မျက်လုံးတွေကို မှိတ်ထားပြီး အဲဒီနေရာမှာပဲ ဆမ်ဆာ အကြာပြီး ထိုင်နေမိတယ်။ ပြီးတဲ့နောက်မှာတော့ စိတ်အာရုံကို စုစည်းပြီး သူ မတ်တပ်ထရပ်လိုက်တယ်။ လမ်းလျှောက်တုတ်အနက်ကို ဆွဲယူပြီး လှေကားဆီကို ဦးတည်လိုက်တယ်။ ဒုတိယထပ်ကို ပြန်သွားပြီး အ၀တ်အစားကို အဆင်ပြေအောင် ဘယ်လိုဝတ်ရမယ်ဆိုတာ သူ အဖြေရှာမယ်။ အနည်းဆုံး အခုအချိန်မှာတော့ ဒါဟာ သူ့အတွက် အရေးကြီးတာဝန်တစ်ရပ်ပဲ။
သူ သင်ယူရမယ့် ကမ္ဘာမြေကြီးက ရှေ့မှာ စောင့်ကြိုနေပြီလေ။
တေဇာ (လရောင်လမ်း)
Samsa in Love by Haruki Murakami ကို ဆီလျော်သလို ပြန်ဆိုသည်။
Ref: The New Yorker
Comments
Post a Comment