အဲဒီတုန်းက မြေဆွဲအားကို ကျွန်တော်မသိတာ ဖြစ်နိုင်သလို
မြေဆွဲအားက ကျွန်တော့်ကို မသိတာလည်း ဖြစ်နိုင်တယ်
ဘာပဲဖြစ်ဖြစ် ကြယ်တွေကတော့ ကြွေနေတယ်
သတ္တ၀ါဆန်းကြီးတစ်ကောင်အဖြစ်နဲ့ ကျွန်တော်က
ကြယ်ကြွေတွေ လိုက်ကောက်ပြီး နှီးနဲ့သီတယ်
ဘယ်သူ့ကို ပေးဖို့မှမဟုတ်ဘူး
ကြွေလက်စကြယ်တစ်ပွင့်ကို လမ်းခုလတ်မှာ ဖမ်းမိရင် သိပ်ပျော်တာပဲ
ပျော်နေရင်းတန်းလန်းပဲ
ဘုန်းကြီးကျောင်းဝန်းထဲက ခရေပင်ကြီးအောက်
လမ်းလျှောက်နေတဲ့ ကလေးလေးဖြစ်သွားတယ်
အဲဒီတုန်းက ကျွန်တော်က
မပျောက်ပျက်နိုင်တဲ့ သက်တံ့တစ်ခုကို
အသည်းအသန် လိုချင်နေခဲ့တာတဲ့
ရောင်စုံခဲတံတစ်ဘူးအတွက် ပိုက်ဆံစုရင်း
တရုတ်ပြက္ခဒိန်ကို တစ်ရွက်ပြီးတစ်ရွက်
ကုန်စင်အောင် စုတ်ဖြဲပစ်လိုက်တဲ့ကောင်တဲ့
အဲဒီလုပ်ရပ်ကို မိဘတွေမသိသေးခင်ပဲ
ကျွန်တော် စိတ်လေပြီး အိမ်က ထွက်ပြေးခဲ့တယ်
ချောကလက်မြစ်ကို ဆန်တက်မယ့် ဝေဖာသင်္ဘောကြီးပေါ်
နောက်ဆုံးမိနစ်မှ ခုန်တက်ခဲ့တယ်
အပြင်လူမ၀င်ရ သင်္ဘောဦးခန်းထဲကို မာလိန်မှူးဝင်လာတော့
ဆယ်ကျော်သက်ပီပီ ကျွန်တော်က ခပ်တည်တည်ပဲ
ခင်ဗျားသင်္ဘောဦးနဲ့ ထိုးခွဲလိုက်တဲ့
ရေမွှာတွေဖွာသွားပုံက သိပ်ထူးခြားတယ်လို့ မြှောက်ပင့်လိုက်တယ်
ပြောပြောဆိုဆို အောက်ကိုငုံ့ကြည့်လိုက်ချိန်မှာ
အရှိန်လွန်ပြီး ပြုတ်ကျခဲ့တာ ကန္တာရထဲ

ဒါတွေအားလုံး
အခုပြန်တွေးကြည့်တော့လည်း ရယ်စရာမကောင်းဘူးလား
အခုပြန်တွေးကြည့်တော့လည်း ရယ်စရာမကောင်းဘူးလား
နောက်ဆုံးတော့
ပင်ဂွင်းငှက်တစ်အုပ် အလန့်တကြား ထပျံသွားပြီး
အတော်ကြာမှပဲ သေနတ်သံတစ်ချက် ထွက်ပေါ်လာတယ်
ဒါကလည်း ယုတ္တိတန်ပါတယ်။
တေဇာ (လရောင်လမ်း)
Comments
Post a Comment