တောင်စောင်းကကြည့်လိုက်ရင် မြစ်ကြောင်းကို လှမ်းမြင်နေရတယ်။ ဒီမြင်ကွင်းကိုမြင်နေရတာ နှစ်ချင့်နေပြီ။ ပြောရမယ်ဆိုရင်တော့ ရိုးအီလောက်ပြီ။ သူ့အတွက်တော့ ရိုးသွားလို့မဖြစ်ဘူး။ ရိုးသွားလည်း ဒါပဲကြည့်ရမှာ။ ဒါပဲ မြင်နေရတာ။ နောက်ဖက်လှည့်ကြည့်လိုက်ရင် တောင်ရိုး။ တောင်ရိုးဆိုတော့လည်း တောင်ရိုးပဲ။ ဒီထက် မပိုဘူး။ ဒီတော့ မြစ်ကို အဓိကထားမြင်နေရတဲ့ မြင်ကွင်းကို တစ်နေ့သုံးကြိမ်လောက် အမြဲတမ်း မြင်နေရတယ်။ မိုးလင်းလို့ အိပ်ယာကထ၊ သွားတိုက် ပလုတ်ကျင်းပြီးတာနဲ့ တောင်စောင်းကို ဇောင်းတင်ဆောက်ထားတဲ့ ဒီဝရံတာပေါ်ကနေ ပလုတ်ကျင်းတာကို ပစ်ကနဲ ထွေးထုတ်တာက တစ်ကြိမ်။ နေ့ခင်းစာစားတော့ ၀ရံတာပေါ်မှာ ထိုင်းစားရင်း မျက်စေ့ရှေ့မှာ ပြေးမလွတ်လို့ မြင်နေရတာ တစ်ကြိမ်၊ နေ့ခင်းစာစားတော့ ၀ရံတာပေါ်မှာထိုင်စားရင်း မျက်စိရှေ့မှာ ပြေးမလွတ်လို့ မြင်နေရတာက တစ်ကြိမ်။ ညဘက်မအိပ်ခင် ခပ်ထွေထွေနဲ့ ၀ါးပက်လက်ကုလားထိုင်ပေါ်ထိုင်၊ ခြေနှစ်ချောင်းကို ၀ရံတာလက်တန်းပေါ်တင်လိုက်ရင် ဒီမြင်ကွင်းက ပြေးမလွတ်ပြန်ဘူး။ ဒီတော့လည်း ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီမြင်ကွင်းကတော့ မြင်နေရမှာပဲ။ ဒါကိုများ သူ့ဆီလာသွားတဲ့ ငတိတွေထဲက တစ်ကောင်က ပြောသေးတယ်။ ဖသာထော် ခင်ဗျားအင်မတန် ကံကောင်းတာ၊ ဒီလိုမြင်ကွင်းမျိုးဆိုတာ ပိုက်ဆံရှိတိုင်း မခံစားနိုင်ဘူး၊ မခံစားရဘူးတဲ့။ သင်းအုပ်ဆရာ အလကားပေးသွားလို့ နံရံပေါ်မှာချိတ်ထားတဲ့ ပြက္ခဒိန်ပေါ်က ယေရှုပုံတော်ကိုလက်ညှိုးထိုးရင်း ဘုရားသခင်က ခင်ဗျားကို စောင့်ရှောက်တာအမှန်ပဲလို့ လက်ညှိုးထိုးသေးတာ။ ဖသာထော်ကတော့ ပြန်ပြောလိုက်ချင်ပါရဲ့။ ဒီလိုဖြင့် မင်းနဲ့ငါ လူချင်းလဲစို့၊ မင်းက ဒီလာနေ၊ ငါက မင်းအိမ်သွားနေမယ်လို့။ ဒါပေတဲ့ ပြောမဖြစ်လိုက်ပါဘူး။
တကယ်တော့ ဖသာထော်ရဲ့ဘ၀ကြီးဟာ ဘာမှမရေရာဘူး။ အရင်ကလည်း မရေရာခဲ့ဘူး၊ အခုလည်း မရေရာဘူး။ အခုမှ မရေရာတော့ နောင်ရေရာဖို့ဆိုတာ ဘာရှိတော့လို့တုန်း။ ဒီဘက်က ပုလိပ်ကဖမ်းတော့ သူ့ကို မေးတယ်။ မင်းက မှောင်ခိုဈေးသည်လား၊ သူပုန်လား၊ အစိုးရကို မတော်မတည့်ပြောပြီး ထွက်ပြေးလာတဲ့ကောင်းလားဆိုတော့ သူ့ခမျာ အတော်စဉ်းစားရတယ်။ ဈေးမရောင်းတတ်တာကတော့ အမှန်ပဲ၊ ဒီတော့ မှောင်ခိုဈေးသည် မဟုတ်လောက်ဘူး။ မှောင်ခိုဈေးသည်ရဲ့အထမ်းသမား မဖြစ်လောက်ဘူး။ အဲဒီဗလမျိုး မရှိဘူး။ သူပုန်လို့ခေါ်လောက်အောင် ဘယ်သူ့ကိုမှလည်း မပုန်ကန်ဖူးဘူး။ အယ်.. တောပြောတောင်ပြောတွေတော့ ပြောဖူးတယ်။ အခု ဒီဘက်ထွက်လာတာကလည်း အစိုးရတပ်က ရိုက်လိုက်တဲ့ ဓာတ်ပုံတွေထဲ ပါသွားလို့ဆိုသလားပဲ။ သူနဲ့အတူ ဓာတ်ပုံထဲပါတယ်ဆိုတဲ့ အကောင်ကတော့ ငါတို့တော့ မိသွားရင် အသယ်ခံရမယ်၊ ပြေးစို့ဆိုတာနဲ့ ဒီကိုရောက်လာတာ။ ပြေးတုန်းကတော့ အဟုတ်သားရယ်။ ပြေးလို့ ဒီဘက်ဆီရောက်တော့မှ ပြန်စဉ်းစားကြည့်မိတယ်။ ငါက ဘာများသွားလုပ်မိလို့လဲလို့။ လက်ဖက်ရည်ဆိုင်ထိုင်၊ အစိုးရကို မတော်မတည့်ပြော၊ ဒါက လူတိုင်းလုပ်နေကျပဲ။ မတော်မတည့်ဆိုပေတဲ့လည်း ပုန်ကန်ဖို့တို့ ဘာတို့မဟုတ်ဘူး။ ထိုင်ဟားကြတာပဲ။ ဟားတာနဲ့တော့ဖြင့် အဖမ်းမခံရလောက်ဘူးလို့ တွေးမိတယ်။ မပြောတတ်ဘူး၊ လူရွှင်တော်ကို ထောင်ချတဲ့ခေတ်ဆိုတော့လည်း သူ့လိုလူမျိုးက နိုင်ငံတော်ကို အံတုသူလောက် ဖြစ်သွားနိုင်တာကိုး။ ဒါပေမဲ့ သေသေချာချာပြန်တွေးကြည့်ရင် သူ့မှာ ထောင်ထဲထည့် ချုပ်ထားခံရလောက်အောင် အကြောင်းမှမရှိဘဲ။ အကြောင်းမရှိဘဲ နားရင်းရိုက်ခံရတာ အချုပ်ထဲထည့်ထားတာတွေဟာ ခေတ်ကာလကြီးရဲ့ အမှန်တရားတစ်ခုကိုး။ အဲဒီလိုမြင်လာမိတော့ ဒီဘက်ထဲက အချုပ်ခန်းထဲတောင်ရောက်နေပြီ။ ဒီဘက်ရောက်လည်း ခုလို အချုပ်ခံရမယ်မှန်းသိရင်တော့ ဟိုဘက်မှာတင် အိုးမကွာအိမ်မကွာ အချုပ်ခံရတာက ကောင်းဦးမှာ။ မတတ်နိုင်တော့ဘူး၊ နောက်ကျသွားပြီ။ အနာဂတ်ဆိုတာက ကြိုတင်မသိရတာမျိုးကိုး။ အနာဂတ်မှာ သောက်သုံကျသည်ဖြစ်စေ၊ သောက်သုံးမကျသည်ဖြစ်စေ၊ ပစ္စုပ္ပန်ကြီးက ဘာလုပ်နိုင်တာမှတ်လို့။ အနာဂတ်ရဲ့ ပြဿနာဆိုတာက အနာဂတ်မှာသက်သက်ပဲ။ ဒီတော့လည်း ရောက်မလာသေးတဲ့ အနာဂတ်မှန်သမျှက အကြောင်းချည်းပဲ။ အကြောင်းဟာအကျိုးဖြစ်ဖို့ ဘာဖို့ညာဖို့ စတာတွေ ပြောနေကြပေတဲ့ အကြောင်းကဖြစ်သွားတဲ့ အကျိုးဆိုတာက၊ အကြောင်းပြန်ဖြစ်ပြီး ချာချာလည်နေတာကို ဘယ်သေချင်းဆိုးကမှ ထည့်မတွေးကြဘူး။
ဒီဘက်ကမ်းရောက်လာတော့ အဓိကက နားရင်းအကျင်းမခံရအောင် ကြိုးစားရတယ်။ ထွက်ပြေးလာပါတယ်ဆိုမှ ပိုက်ဆံညှစ်ချင်တဲ့ကောင်တွေက အပုံချည်း။ သူများတွေလို ရည်ရွယ်ချက်နဲ့ထွက်ပြေးလာတယ်ဆိုရင်..၊ အဆက်အသွယ်လေး ဘာလေးရှိလို့ဆိုရင်တစ်မျိုး။ ခုတော့ ဖသာထော်မှာ ဘာရည်ရွယ်ချက်၊ ဘာအဆက်အသွယ်မှမရှိဘဲ သူပုန်နဲ့ပေါင်း သူပုန်ထဆိုရအောင် ဘာကိုသွားပုန်ကန်ရမှန်း မသိဘူး။ ဒေသမှူးကြီး မယားနှစ်ယောက်အကြားမှာ ဗျာများရတာ။ တိုင်းမှူးကြီး အိမ်သယ်သွားတာလောက်ကို လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဟားကြတာက သူပုန်ထနိုင်လောက်တဲ့ ဉာဏ်အမြော်အမြင်မျိုးမှ မဟုတ်ဘဲ။ အဖမ်းခံရမှာကြောက်လို့ ထွက်ပြေး၊ ပြေးတော့ အဖမ်းခံရ။ ဒီလိုနဲ့ ဒုက္ခသည်စခန်းရောက်ပြီး ဒုက္ခသည်ဖြစ်လာတာပဲ။ ဒုက္ခသည်ဖြစ်လာတာကလည်း ဘာဆန်းတာမှတ်လို့။ တစ်လောက်ကလုံး ကိုယ့်ဒုက္ခနဲ့ကိုယ်ချည်းပဲ မဟုတ်လား။ သူများဘက်ကမ်းရောက်လို့ နေခွင့်မရှိလို့ ဒုက္ခသည်ဖြစ်ရတယ်ဆိုတာက၊ ကိုယ့်ဘက်ကမ်းမှာနေရင်း နေ့စဉ်ဒုက္ခမျိုးစုံနဲ့ကြုံနေရတာထက်တောင် ဟုတ်နေသေးတာပဲ။ ဒုက္ခဆိုတာကလည်း အမျိုးမျိုးကိုး။ ရှူရှူးပေါက်ချင်တုန်း ပေါက်စရာနေရာ ရှာမရတာလည်း ဒုက္ခပဲ။ ၀မ်းချုပ်တာကလည်း ဒုက္ခတစ်မျိုးပဲ။ ပိုက်ဆံမရှိတာတို့ စားစရာမရှိတာတို့က ၀မ်းချုပ်တာလောက် ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒုက္ခသည်စခန်းထဲမှာ ယောင်ယောင်ယောင်ယောင်လုပ်နေရင်းက တစ်နေ့တော့ လက်ထောက်နယ်မြေမှူးဆိုတာနဲ့ ဖသာထော်နဲ့ တိုးကရော။ သင်းက အင်္ဂလိပ်စာလေး၊ အင်္ဂလိပ်စကားလေး တတ်တယ်။ တတ်တယ်ဆိုပေတဲ့ သံတိုသံစရောင်းတဲ့ ကြက်တန်းက ကုလားကလေးတွေနီးပါး တတ်တယ်ပြောရမှာပဲ။ ဘာကြောင့်မှန်းတော့မသိဘူး၊ သူ့ကိုကြည့်ပြီး မင်းအင်္ဂလိပ်လိုပြောတတ်သလားလို့ မေးတယ်။ တတ်ပါသော်ကောဗျာ၊ ကိုလိုနီက နှစ်ပေါင်းနှစ်ရာကျော်လောက်အုပ်ချုပ်သွားတဲ့ အရပ်ကလာတာ။ ကျုပ်တို့ဆီက ဆိုက်ကားသမားတွေက ခင်ဗျားတို့ကျောင်းဆရာထက်တောင် သာသေးလို့ ပြောထည့်လိုက်ချင်တာ။ ထနားရင်းရိုက်မှာစိုးတာနဲ့ တတ်ပါတယ်ခင်ဗျားလို့ ရိုရိုသေသေနဲ့ ဖြေလိုက်ရတယ်။ သင်းက ဘာမှပြန်မပြောဘူး။ ပြန်ခါနီးတော့ မင်း ငါနဲ့လိုက်ခဲ့လို့ ပြောပြီး သူ့ကားပေါ် တင်ခေါ်သွားပါလေရော။
ဒုက္ခသည်စခန်းက ထွက်လာခါနီးတော့ စခန်းထဲက ကောင်တစ်ကောင်က ဖသာထော်ကို ကပ်ပြီးပြောသေးတယ်။ အင်္ဂလိပ်စာတတ်တယ်ဆိုလို့ ခင်ဗျားကို ဓားလျှိုပဲဆိုပြီး ဖျောင်ပစ်မယ်လို့ ခေါ်သွားတာပဲတဲ့။ ဒီလိုဆို ငါက ဂျိမ်းစ်ဘွန်းပေါ့လို့ သူက ပြန်နောက်လိုက်သေးတယ်။ ရှာကြံပြီး ကောင်းအောင်တွေးရတယ်။ မတွေးလို့ကလည်း မဖြစ်ဘူး၊ ဒုက္ခဆိုတာက အလိုလိုနေရင်း ပြုတ်ကျသွားတာမဟုတ်တော့ အတွေးဆိုတာက ရေးတေးတေးမျှော်လင့်ချက် တစ်မျိုးကိုး။ အင်္ဂလိပ်စာတတ်တိုင်း ဓားလျှိုလို့ အစွဲခံရရင်ဖြင့်၊ ဒီကမ္ဘာမှာ လူတွေ အတော်လျော့သွားတော့မှာပဲ။ ဒီဘက်ကမ်းကို ထွက်မပြေးခင်က သူတို့အရပ်က ကျောင်းဆရာဟောင်းကြီး ဦးမူနဲ့ လက်ဖက်ရည်ဆိုင်မှာ ၀ိုင်းထိုင် စကားပြောကြရင်း၊ ဦးမူကြီးက လမ်းပေါ်မှာဖြတ်လာတဲ့ အဖြူမကလေးနှစ်ယောက်ကို ကြည့်ပြီး မေးတယ်။ အဲဒါ ဘာလေးတွေလဲ မင်းတို့ သိသလားတဲ့။ ဘာလေးတွေမှန်းတော့ မသိဘူး။ စွပ်ကျယ်လက်ပြတ်အနက်ကို အထဲက ဘာမှခံပြီးဝတ်မထားတော့ လှုပ်စိလှုပ်စိကလေးတွေဖြစ်နေတာ တွေ့တာပဲလို့ ဖြေလိုက်တယ်။ ကမြင်းမသား၊ မင်းမှာ မတော်မလျော်ကြည့်တတ်တဲ့ အမြင်ပဲရှိတယ်လို့ ဦးမူကြီးက ငေါက်တယ်။ ပြီးမှ အဲဒါ ဓားလျှိုကလေးတွေပဲလို့ ပြောတယ်။ ဟုတ်ပါ့မလား ဆရာကြီးရာ၊ ကောင်မလေးတွေက စုတ်တိစုတ်ပြတ်ကလေးတွေနဲ့ပါ။ ရုပ်ရှင်ထဲမှာတွေ့ရတဲ့ ဓားလျှိုဆိုတာက ချောချောလှလှ၊ တောင့်တောင့်ဖြောင့်ဖြောင့်တွေ၊ အင်ဂျလီနာဂျိုလီလိုဟာမျိုးလို့ ဖြေတော့ အဲဒါက ရုပ်ရှင်ဟလို့ ဆရာကြီးက ပြန်ပြောတယ်။ ဒါကလေးတွေက အင် ဂျီ အို၊ ဆိုလို့ တစ်ယောက်က၀င်မေးတော့ အဲဒီထဲမှာ အဲဒါတွေပါလာတာပေါ့လို့ ဆရာကြီးက ပြောတယ်။ ကောင်မလေးတွေက နေကာမျက်မှန်တပ်ထားတာ ဘာလို့ထင်နေသလဲလို့ ဆရာကြီးကမေးတော့ နေပူလို့ပေါ့ဗျာလို့ တစ်ယောက်ကဖြေတယ်။ မဟုတ်ဘူးဟကောင်ရ၊ သူတို့မျက်လုံးတွေက ဘယ်ကိုကြည့်နေတယ်ဆိုတာ မမြင်စေချင်လို့။ မင်းတို့လို အငမ်းမရခေါင်းလှည့်ကြည့်တာမျိုး မလုပ်ကြဘူးလို့ ဆရာကြီးက ရှင်းပြတယ်။ အဲဒီတုန်းကများ အိမ်ပြန်ရောက်တာနဲ့ ခေါင်းမလှည့်ဘဲ မျက်လုံးက ဘယ်လိုကြည့်တယ်ဆိုတာ သိချင်လို့ ဖသာထော်တစ်ယောက် မှန်ထဲကြည့်ရင်း မျက်စေ့ကို အမျိုးမျိုးလုပ်ကြည့်တာ အိပ်ကာနီးတော့ မျက်လုံးတွေကိုက်လာလို့ နားသယ်စမှာ ပရုပ်ဆီသုတ် အိပ်လိုက်ရဖူးတယ်။
လက်ထောက်နယ်မြေမှူးက မြို့မှာနေတာ၊ နှစ်နာရီသာသာလောက် သွားရတယ်။ ဒီဘက်ကို ဖသာထော် တစ်ခါမှ မရောက်ဖူးဘူး။ လက်ထောက်နယ်မြေမှူးက သူတတ်တဲ့ အင်္ဂလိပ်လိုတစ်လုံးနဲ့ စမေးတယ်။ မင်း ဟိုဘက်ကမ်းမှာ ဘာလုပ်စားသလဲဆိုတော့ ကျူရှင်ဆရာလို့ပြောတော့ ကျူရှင်ဆိုတာက ဘာလဲတဲ့။ ဆရာဆိုတာတော့ ငါနားလည်တယ် ကျူရှင်ဆိုတာ နားမလည်ဘူးတဲ့။ ဒီတော့ ကျောင်းဆရာက ရိုးရိုးစာသင်တာ၊ ကျူရှင်ဆရာဆိုတာက အမှတ်ကောင်းကောင်းရအောင်၊ တက္ကသိုလ်ရောက်အောင် သင်ပေးနိုင်တဲ့လူလို့။ လက်ထောက်နယ်မြေမှူးက ၀ါးခနဲအော်ပြီး လက်ခုပ်တီးလိုက်တာ သူ့ကားမောင်းတဲ့ ရဲဘော်တောင် လန့်သွားပုံရတယ်။ ဒီတော့ ဖသာထော်လည်း သူ့ဘာသာ တွေးကြည့်ရတော့တာပဲ။ ဒုက္ခသည်စခန်းကအထွက်မှာ ဟိုအကြောင်းပြောလိုက်တာကဖြင့် ဖြစ်လောက်တယ်။ လက်ထောက်နယ်မြေမှူးစိတ်ထဲမှာ ဒီကောင်ဟာ ဓားလျှိုပဲ၊ သေချာပြီ၊ ကျူရှင်ဆရာဆိုတာ ငါတစ်ခါမှ မကြားဖူးဘူး၊ ကျောင်းဆရာ၊ ကျောင်းဆရာပေါ့၊ ဘာလို့ ကျူရှင်ဆရာရယ် ရှိရမှာတုံး။ သင်းကိုဖြင့် သေဒဏ်ကျလောက်တဲ့အထိ စွဲချက်တင်နိုင်ရင် ငါရာထူးတက်လောက်တယ်တို့။ ဘုရင်ကြီးကို နေရင်းထိုင်ရင်း စော်ကားတဲ့လူတွေ၊ ဟန်ကျပြီဟေ့၊ ခုတော့ လက်စားချေရကိန်းပေါ်ပြီလို့ တွေးရင်း လက်ညှိုးတစ်ထောင်ထောင်ဖြစ်နေပုံပဲ။ ကိုင်း ခုနေကာမှတော့ ငါ့အနေနဲ့ ဘာမှမတတ်နိုင်ဘူး။ င၀က်က ကျွန်ခံဆိုတာ ဒါမျိုးခေါ်တာဖြစ်မှာလို့တွေးရင်း ဖသာထော်က စိတ်လျှော့လိုက်တော့တယ်။ ဘာမှမလုပ်တာတောင် မတော်မလျော်တွေချည်း ဖြစ်နေတဲ့သူ့ဘ၀ကိုတော့ ဒီအတိုင်းပစ်ထားတာကတော့ ကောင်းပါပေရယ်။
အိမ်ရောက်တော့ အိမ်နောက်ဖေးက ကားဂိုထောင်အရိပ်ထဲမှာ စောင့်ခိုင်းထားတယ်။ သူတို့နေရတဲ့ ဒုက္ခသည်စခန်းထက်တော့ အများကြီးသာတယ်။ နောက်တော့ လက်ထောက်နယ်မြေမှူးကြီး အိမ်ထဲကထွက်လာပြီး သူ့ကို အင်္ဂလိပ်စာအုပ်တွေပြတယ်။ မင်း ဖတ်တတ်သလားလို့မေးတယ်။ ဒါတွေက ကလေးတွေကျောင်းမှာ ဖတ်တာပဲလို့ သူက ဖြေတော့ လက်ထောက်နယ်မြေမှူးက၊ ဟုတ်တယ် ငါ့သမီးစာအုပ်တွေ၊ မင်း ငါ့သမီးကို အင်္ဂလိပ်စာကောင်းကောင်းတတ်အောင် သင်ပေး။ စာမေးပွဲအောင်အောင်၊ တက္ကသိုလ်ဝင်လို့ရအောင် လုပ်ပေး၊ မင်းကို ဒီမှာနေခွင့်ကတ်ပြား ငါပေးမယ်လို့ ပြောတယ်။ အစီအစဉ်ကဖြင့် အတော်ကောင်းတာ။ ခုအတိုင်းဆိုရင်ဖြင့် သေဒဏ်အပေးခံရဖို့ မရှိလောက်ဘူး။ ဒါပေတဲ့ ရှင်းအောင်တော့ပြောထားဦးမှ။ မတော် ပြဿနာတက်လာရင် ဒုက္ခမရောက်အောင်လို့။ ဒုက္ခဆိုတာက သတိပြန်လည်ပြီး သူ့ဆီကို ပြန်ရောက်လာချင်လာဦးမှာလို့ တွေးမိလိုက်တယ်။ အင်္ဂလိပ်စာတတ်အောင် ကျွန်တော် သင်ပေးနိုင်ပါတယ်။ စာမေးပွဲအောင်တာ၊ တက္ကသိုလ်ရောက်တာအတွက်တော့ ခင်ဗျားသမီးက ကြိုးစားရလိမ့်မယ်လို့ ဖသာထော်က ပြောလိုက်တာ့၊ လက်ထောက်နယ်မြေမှူးက ခေါင်းညိတ်တယ်။ နောက်တော့ သူ့သမီးကလေးကိုလှမ်းခေါ်ပြီး တတ်သမျှမှတ်သမျှ အင်္ဂလိပ်စကားပြောခိုင်းတယ်။ အဲဒီလိုနဲ့ ဖသာထော်ဟာ လက်ထောက်နယ်မြေမှူးအိမ်မှာ မင်းဆရာ ဖြစ်မှန်းမသိဖြစ်လာတော့တာပဲ။ ကားဂိုဒေါင်ဘေးဆီက တန်းလျားမှာ ရဲဘော်ကလေးတစ်ယောက်နဲ့အတူ အခန်းတစ်ခန်းမှာနေရတယ်။ ဖသာထော်က နေတတ်တယ်။ ဖင်ပေါ့ပေါ့နဲ့ ၀ိုင်းလုပ်ကိုင်ပေးတော့ အားလုံးနဲ့အဆင်ပြေတယ်။ ဒီကြားထဲ မဒမ်ရဲ့ခွေးနှစ်ကောင်ကို လမ်းလျှောက်ပေးရေချိုးပေး လုပ်လိုက်သေးတယ်။ မဒမ်ကဖတ်ခိုင်းရင် အင်္ဂလိပ်မဂ္ဂဇင်းတွေထဲက ဖက်ရှင်တွေ ဖတ်ပြရသေးတယ်။ မယားငယ်မှ ပထမမယားငယ်၊ ဒုတိယမယားငယ်ရယ်လို့ ရှိသေး။ ဒီလိုနဲ့ လက်ထောက်နယ်မြေမှူးအိမ်မှာ နှစ်နှစ်ခွဲသုံးနှစ်လောက် ကြာသွားတယ်။ ဒီမှာနေခွင့်ကတ်ကတော့ သုံးလလောက်ကတည်းက ရတယ်။ ကောင်မလေးက အတန်းထဲမှာ အင်္ဂလိပ်စာ ပထမရလို့ ဆိုသလားပဲ။
ဖသာထော်ကတော့ ပျော်လှချည့်မဟုတ်ဘူး။ မပျော်ပေတဲ့လည်း ဒုက္ခသည်စခန်းမှာ ဘုမသိဘမသိနဲ့ ဒုက္ခသည်ဖြစ်နေရတာနဲ့စာရင် ဘုသိဘသိနဲ့ ဒုက္ခဖြစ်ရတာက ပိုဟန်ကျတယ်။ သိပ်ပူစရာမရှိဘူး။ တစ်နေ့တော့၊ မယားငယ်တစ်ယောက်အိမ်ကအပြန်၊ ကားပေါ်မှာ လက်ထောက်နယ်မြေမှူးကြီး ပြုံးပြုံးရွှင်ရွှင်ဖြစ်နေတုန်း စကားစကြည့်လိုက်မိတယ်။ တောင်ရိုးပေါ်က အိမ်ကလေးမှာ လူစောင့်ရှိသလားဘော့စ်လို့ မေးတော့၊ မရှိဘူး မင်းနေချင်သလားလို့ မေးတယ်။ ဟုတ်ကဲ့လိုက်တယ်။ တောင်ရိုးပေါ်က အိမ်ကလေးကို လက်ထောက်နယ်မြေမှူးကြီးက မယားငယ်စာရင်းမ၀င်တဲ့ မယားငယ်ပဲခေါ်ရမလား၊ ဘာရယ်လို့ခေါ်ရမှန်း မသိတာကလေးတွေ ခေါ်သွားတတ်တယ်။ သွားရင် သူ့ကားမောင်းသမားနဲ့ ဖသာထော်ပဲ လိုက်ကြရတယ်။ အဲဒီအိမ်က အစိုးရအိမ်၊ နေတဲ့လူ ရှိပုံမရဘူး။ ဘာရည်ရွယ်ချက်နဲ့ဆောက်ထားမှန်း မသိဘူး။ အိမ်ခန်းတွေ အများကြီး၊ ၀ရံတာ အကျယ်ကြီး။ တစ်ခါက နယ်မြေမှူးကြီးပါ ကောင်မလေးတစ်သိုက်နဲ့ လာဖူးတယ်။ များသောအားဖြင့် အိမ်ကလေးက သော့ခတ်ထားတာပဲ။ လက်ထောက်နယ်မြေမှူးကြီးက သူ့ဘာသာပဲ မြူးနေလို့လားမသိဘူး၊ ဖသာထော်ကိုပြောတယ်။ ဒီလိုလုပ်၊ ဒီမှာ မင်းကို တရားဝင်အိမ်စောင့် လုပ်ပေးမယ်။ အဲဒီလိုလုပ်လိုက်ရင် မင်းအတွက် တရားဝင် လခတောင် ရဦးမယ်။ ငါလည်း မင်းကို ကျွေးမွေးထားစရာ မလိုတော့ဘူး။ အစိုးရ၀န်ထမ်းဖြစ်သွားရင် မင်းကို ဘယ်သူမှ ဘာမှမလုပ်နိုင်တော့ဘူးတဲ့။ ဖသာထော်မှာ ရွေးချယ်နေစရာ မရှိဘူး။ ဒါက သခင်အားရ ကျွန်ဝမ်းဝ စီမံကိန်းပဲ။ ဒီတော့လည်း ခေါင်းခါနေစရာ နားရွက်လှုပ်ပြနေစရာ မလိုတော့ဘူး။ တချို့အခြေအနေတွေမှာ ရွေးချယ်စရာမရှိတာကိုက ရွေးချယ်ခြင်းပဲ၊ လွတ်လပ်ခြင်းပဲ။ ဖသာထော်အဖို့ကတော့ ဘ၀မှာ ရွေးချယ်စရာမရှိလို့ ရွေးချယ်လိုက်ရတာချည်းပဲ။ ဒီတော့လည်း တစ်နည်းအားဖြင့် လွတ်လပ်နေတာပဲ။ တကယ်တော့ ဒီဟာက ဟိုဟာက လိုအပ်မှုတစ်ခုပဲ။ လိုအပ်မှုတစ်ခုဆိုတာကို သိလို့ တန်ဖိုးထားတတ်ရင် လွတ်လပ်တာပဲ။ ဒီလိုနဲ့ ဖသာထော်ဟာ တောင်ရိုးပေါ်မှာ၊ အစိုးရဆောက်ထားတဲ့ အိမ်ကလေးမှာ တရားဝင်အိမ်စောင့်ဖြစ်လာတာဟာ သူကိုယ်တိုင်က ရေရေရာရာမသိတဲ့ လွတ်လပ်ခြင်းရဲ့ အသီးအပွင့်တွေကို အလိုလိုခံစားလာရတာလို့ ပြောရတော့မှာ။
အရင်ကတော့ လက်ထောက်နယ်မြေမှူးကြီးနဲ့ ကောင်မလေးတွေလာတဲ့ ရက်လောက်ပဲ ဖသာထော်မှာ အလုပ်ရှုပ်ရတယ်လို့ ပြောရမှာပဲ။ အလုပ်ရှုပ်လည်း တစ်ရက်နှစ်ရက်ပဲ။ မကြာခင်ကတော့ မြို့တော်ကြီးက လွှတ်လိုက်တဲ့ ထောင်ကဲတစ်သိုက်ရောက်လာတယ်။ ဘာလာလုပ်မှန်းတော့ သူလည်း တွက်ကြည့်လို့မရဘူး။ သူ့အဖို့ကတော့ သင်းတို့ကို ထောင်ကဲလို့ပဲမြင်တာ။ သူတို့အထဲက အင်္ဂလိပ်လိုပြောနိုင်တဲ့တစ်ယောက်က သူ့ကိုပြောတယ်။ ထောင်ကဲဆိုတာ ချမ်းသာမှာတဲ့။ ငါတို့က မချမ်းသာဘူးတဲ့။ သူ့ကိုတော့ ဟိုဘက်ကမ်းကမှန်းသိသွားတော့ “မင်တရင်းလို့ ခေါ်ကြတယ်။ အင်္ဂလိပ်လိုတတ်တဲ့ငနဲက ပြောတယ်။ မင်းတို့ မင်တရင်တွေဟာ တော်တယ်၊ ကြိုးစားတယ်။ ဒီဘက်ကကောင်တွေက ပျင်းတယ်တဲ့။ ဒီတော့ ဖသာထော်က ပျင်းတာဟာ ရာဇ၀တ်မှုကျူးလွန်တာမှ မဟုတ်ဘဲ။ သူတို့ဘာသာပျင်းနေတာဟာ ဘယ်သူ့ကိုမျှ ဒုက္ခပေးတာမှမဟုတ်ဘဲလို့ ပြန်ပြောလိုက်တယ်။ ထောင်ကဲက ရယ်တယ်။ ရယ်သမှ မျက်ရည်ထွက်အောင်ရယ်ပြီး မင်းအားသလားလို့ မေးတယ်။ ကျုပ်မှာ ဘာလုပ်စရာရှိတာမှတ်လို့။ ထွက်မပြေးနိုင်တဲ့ အိမ်ကို စောင့်ကြည့်နေရတာကလွဲလို့တော့ အားပါ့လို့ဖြေလိုက်တော့ ထောင်ကဲက ၀ရံတာပေါ် ခုံတစ်လုံးကို လက်ညိုးနဲ့ထိုးပြပြီး ခဏနေဦးလို့ သူ့ကို ပြောတယ်။ ပြီးတော့ သူယူလာတဲ့ ၀ီစကီပုလင်းကို သွားယူလာပြီး ဖသာထော်ကို ဖန်ခွက်ယူခိုင်းတယ်။ တခြားထောင်ကဲနှစ်ယောက်ကလှမ်းမေးတော့၊ သူတို့စကားနဲ့ ဘာပြန်ပြောရမှန်း မသိဘူး။ လက်ခုပ်လက်ဝါးတီးပြီး ရယ်ကြပြန်တယ်။ နောက်တော့သူတို့ပါ သူတို့ခွက်တွေယူလာပြီး ဖသာထော်တို့နဲ့ သောက်ကြတယ်။ သောက်ရင်း အင်္ဂလိပ်လိုတတ်တဲ့ထောင်ကဲက တခြားထောင်ကဲပြောတဲ့စကားကို ဘာသာပြန်ပြတယ်။ မင်းက ပညာရှိ။ ပျင်းတာဟာ အပြစ်မရှိဘူးလို့ ရှေးတုန်းက ပညာရှိကြီးတွေက ပြောဖူးသတဲ့။ ဒါကြောင့် မင်းလည်း ပညာရှိကြီးတွေလို တောထဲတောင်ထဲမှာနေတာတဲ့။ ဒီတော့လည်း ဖသာထော်အဖို့ ဟီးဟီးဟားဟားပြန်လုပ်ရုံပဲ ရှိတော့တယ်။ ငါ့မှာတော့ ဒီမှာနေရင်တောင် နေစရာမရှိဘဲလို့ ပြန်ပြောလိုက်ရင် အလိုလိုနေရင်း ပညာရှိရယ်လို့ သိက္ခာအတင်ခံထားရတာလေးက နေရင်းထိုင်ရင်းပြုတ်ကျသွားဦးမှာကလည်း စိုးသေးတာကိုး။
မကြာခင်ကလည်း ငတိတစ်သိုက် ပြန်ရောက်လာပြန်တယ်။ ဘာတွေမှန်းတော့မသိဘူး။ နယ်မြေမှူးကြီးတို့၊ မြို့တော်ကြီးတို့က လူတွေ ပါလာကြတယ်။ မလာခင်ကတည်းကိုက ချက်ပြုတ်ဖို့ အဖွားကြီးနှစ်ယောက်နဲ့ ရိက္ခာတွေပို့ထားကြတယ်။ အဖွားကြီးတစ်ယောက်ကတော့ မြောက်ဖက်ဆီက တကူးတကခေါ်လာကြတာတဲ့။ သူကတော့ သင်းတို့နဲ့ ရင်းနှီးပုံရတယ်။ ဖသာထော်ကမေးစမ်းကြည့်တော့ အဖွားကြီးက ဒီလူတွေဟာ လူကောင်းတွေပါလို့ ပြန်ပြောတယ်။ ဘယ်လိုလူကောင်းတွေလဲဆိုတော့ အဖွားကြီးက ပြောတယ်၊ ငါ့ကို ဒုက္ခမပေးဘူး၊ ဘယ်သူ့ကိုမှ ဒုက္ခပေးပုံမရဘူး၊ ဒီတော့ လူကောင်းတွေပေါ့တဲ့။ ခင်ဗျားကို ဘာဒုက္ခပေးရမှာတဲ့တုံး၊ ခင်ဗျားက ထမင်းချက်တဲ့လူပဲလို့ ပြန်ပြောထည့်လိုက်ဦးမယ်လို့ပဲ။ ထမင်းချက်တဲ့လူဆိုတာက စိတ်ကွက်သွားရင် မကောင်းဘူး။ သူတို့နဲ့ တည့်မှ။ တည့်ရင် ဦးဦးဖျားဖျားမစားရပေသည့် အကျန်ကောင်းကောင်းတော့ စားရတယ်။ အကျန်ကောင်းကောင်းစားရတာက ဘာမှမစားရတာထက်တော့ ကောင်းနေသေးတာပဲကိုး။ အဲဒီငတိတွေရောက်လာပြီး လာပို့တဲ့ လူကြီးတွေ ပြန်ကာနီးတော့ ယူနီဖောင်းဝတ်အရာရှိကြီးတစ်ယောက်က ပစ္စတိုတွေ ထုတ်ပေးတယ်။ သူတို့အထဲကတစ်ယောက်က လက်ခံယူတယ်။ ဖသာထော်ကလည်း အနီးအနားမှာဆိုတော့ အသေအချာ တွေ့လိုက်ရတယ်။ ဒါနဲ့ပဲ နောက်တော့ အဖွားကြီးကိုပြောပြရင်း ခင်ဗျားပြောတော့ လူကောင်းတွေဆို၊ လူကောင်းတွေဆိုရင် သေနတ်တွေက ဘာလုပ်ဖို့တုံးလို့။ အဖွားကြီးကတော့ ရယ်တယ်။ လူကောင်းသူကောင်းဆို သေနတ်မကိုင်ရဘူးလို့ နင့်ကို တစ်ယောက်ယောက်ကပြောဖူးသလားလို့ ပြန်မေးတယ်။ အေး ဒါလည်းဟုတ်တော့ဟုတ်တာပဲ။ ဖသာထော် တွေးလို့ရတဲ့အတွေးထဲမှာ သေနတ်ကိုင်တာဟာ လူကောင်းရယ်လို့ တစ်ခါမှ မပါဖူးဘူး။ ဟိုဘက်ကမ်းမှာ နေခဲ့စဉ်တုန်းကတော့ ခွေးလည်ပင်းမှာ ခြောက်လုံးပြူးဆွဲပေးလိုက်ဦး၊ အဲဒီခွေးကိုတောင် ကြောက်နေခဲ့ရတာကို။ သူတို့ဟာသူတို့ သေနတ်ကိုင်တာ နင့်ကို ဘာလုပ်တာမှတ်လို့။ အဖွားကြီးက ကြိမ်းသေးတာ။ ဒါလည်း ဟုတ်တုတ်တုတ်ရယ်။ ပြီးတော့ ပြောသေးတယ်။ သေနတ်တွေလက်ခံတဲ့ အဲဒီ ကလန့်ကလားနဲ့အကောင်ဟာ နင့်လိုပဲ။ အနောက်ဘက်ကမ်းက အဖြူကလန့်ကလားကောင်နဲ့ အညိုကလန့်ကလားကောင်က လူကြီးတွေတဲ့။ ဖသာထော်အနေနဲ့တော့ တွေးကြည့်လို့မရဘူး။ အဲဒီငတိတစ်သိုက်က လူမျိုးစုံဆိုတာတော့ သိတယ်။ အဖြူကောင်၊ အညိုကောင်၊ အ၀ါကောင် အမျိုးစုံပဲ။ နောက်တော့ အဖွားကြီးက သူ့ကိုခေါ်ပြီး မိတ်ဆက်ပေးတယ်။ အဲဒီငတိက သူ့ကို အနောက်ဘက်ကမ်းက လူတွေပြောတဲ့ ဘာသာစကားနဲ့ပြောတယ်။ အဖွားကြီးက တာလပေါ့ချက်တာ သိပ်ကောင်းတယ်တဲ့။ သောက်ကျိုးနည်း။ တာလပေါ့ချက်ဖို့ ဟိုးမြောက်ဖက်ကနေ လေယာဉ်ပျံနဲ့တင်ပြီး ဒီကိုခေါ်လာရသလားတဲ့။ ပြောတော့ ပြောထည့်လိုက်မယ်လို့ပဲ၊ မပြောဖြစ်ပါဘူး။ ဖသာထော်ဆီမှာ မပြောဖြစ်လိုက်တာတွေက အပုံချည်းမို့၊ အဲဒီအပုံချည်းထဲမှာပဲ မပြောဖြစ်တာနောက်တစ်ခုကို အသာပစ်ချလိုက်ရတယ်။
ဖသာထော်ကတော့ သူတို့အတွက်လာပို့ထားတဲ့ ၀ီစကီသေတ္တာတွေ၊ မဲခေါင်ရမ်တို့၊ စယ်မ်စွန်းဝီစကီတို့တွေကို မျက်စေ့ကျနေတာ။ ဟိုင်နကင်တို့၊ ချိုင်းတို့ဆိုတဲ့ ဘီယာတွေကတော့ ရေခဲစက်တစ်ခုနဲ့ အပြည့်ပဲ။ သင်းတို့က ၀င်တစ်လုံး ထွက်တစ်လုံးလောက်ပဲ သောက်ကြတယ်။ ၀ီစကီတို့ ရမ်တို့ မသောက်ကြဘူး။ သုံးလေးရက်ကြာလာတော့ သင်းတို့တတွေဟာ ထောင်ကဲတွေလောက်မှ မနိပ်ပါလား၊ အရက်မသောက်တတ်တဲ့ လူကောင်းသူကောင်းတွေများလားလို့ တွေးပြီး ပူတောင်လာလိုက်မိတယ်။ အဖွားကြီးတွေကိုမေးကြည့်တော့ သင်းတို့မှာ အလုပ်ရှိနေသေးပုံ ရသတဲ့၊ မပြောတတ်ဘူး။ သုံးလေးရက်အတွင်းမှာတော့ ဒီငတိတစ်သိုက်ဟာ စားပွဲပေါ်မှာ မြေပုံတွေဖြန့်ကြည့်လိုက်၊ သူတို့လက်ပတော့တွေ ကြည့်လိုက်နဲ့။ နောက်တော့ နောက်ဘက်ထဲကတောင်ရိုးဆီကို ကျောပိုးအိတ်ကိုယ်စီလွယ်ပြီး တက်သွားကြတာ များတာပဲ။ တစ်ခါတလေ ညအိပ်ညနေ ပျောက်သွားကြရော။ ဘယ်သူ့ကိုမှ ဘာမျှမပြောဘူး။ အဖွားကြီးတွေလည်း ချက်ပြုတ်ပြီး တမျှော်မျှော်နဲ့။ ဖသာထော်စိတ်ထဲမှာတော့ အမဲလိုက်သွားကြပုံပဲလို့ တွေးကြည့်မိတယ်။ အမဲလိုက်ရအောင်ကလည်း သင်းတို့မှာ ပစ္စတိုပဲ ပါတာ။ တစ်ပတ်ကြာသွားတော့ ဖသာထော်နဲ့ အတော်လုံးလာတယ်။ ဖသာထော်လည်း အင်္ဂလိပ်လိုပြောနိုင်တော့ အတော်ဟန်ကျတယ်။ တစ်နေ့တော့၊ အဲဒီငတိတစ်သိုက် ဘယ်မှမသွားကြဘူး။ မနက်စာစားပြီး ကိုးနာရီသာသာလောက်၊ ၀ရံတာပေါ်မှာ သူတို့ဘာသာစကားပြောနေကြရင်း ဖသာထော်ကိုလှမ်းပြီးတွေ့တာနဲ့ ဖန်ခွက်သွားယူချေဦးလို့ ခိုင်းတယ်။ အဲဒီတော့ ကလန်ကလားကောင်က မေးတယ်။ မင်း ၀ီစကီသောက်တတ်လားလို့ မေးတယ်။ ပြောဆိုကောင်းရုံလောက်တော့ သောက်တတ်ပါတယ်လို့ သူကဖြေတော့ အဲဒီငတိက ကြိုက်ပုံမရဘူး။ ၀ီစကီသောက်တယ် ဆိုတာက ပြောဆိုကောင်းချင်လို့၊ ပျော်ချင်လို့သောက်တာမဟုတ်ဘူး။ ထိန်းချုပ်ထားရတဲ့ ဆင်ခြင်တုံတရားကို ဖွင့်လှစ်ပေးခြင်းပဲလို့ ပြောတယ်။ ဖသာထော်စိတ်ထဲမှာတော့ အရက်သောက်တာပဲ ဘာလို့ဒီလောက် ကြီးကြီးကျယ်ကျယ် ဆင်ခြေပေးနေရမှာတဲ့တုံး။ ပျော်ချင်လို့မဟုတ်လည်း ဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့လို့ သူ့ဘာသာပြောမိတယ်။ ၀ီစကီသေတ္တာတွေ လာချကတည်းက မျှော်တလင့်လင့်ဖြစ်နေခဲ့တာမို့ ဖသာထော်က အသာဆောရီးလုပ်လိုက်ရတယ်။ ၀ီစကီတစ်ပုလင်းကိုဖွင့် ဖန်ခွက်ရှစ်လုံးထဲကိုမျှထည့်ပြီး ချီးယားလုပ်ပြီး သောက်လိုက်ကြရော။ ရှာရဘာတ်ရည်သောက်နေကြသလိုပဲ။ ဖသာထော်ပဲ နှစ်ခါလောက်နဲ့ကုန်အောင် အတော်ကြိုးစားပြီး မြိုရတာ။ ဒါတောင် ၀ီစကီကောင်းပေလို့။ သူလည်း ငတ်ပြတ်နေလို့။ နောက်တစ်ပုလင်းဖွင့်တော့ အဖွားကြီးတွေဆီက အမြည်းရောက်လာတယ်။ ငါပြောပါသော်ကော၊ အလုပ်မပြီးသေးလို့ဆိုတာ။ ခုတော့ ပြီးသွားကြပုံပဲ။ သတိထားသောက်လို့ အဖွားကြီးတစ်ယောက်က သူ့ကို ခပ်တိုးတိုးငေါက်သွားတယ်။
သတိထားတော့ သောက်တာပဲ။ ဖသာထော် မျက်လုံးဖွင့်ကြည့်လိုက်တော့ အဖွားကြီးတစ်ယောက်က သူ့ကို ပြုံးဖြီးဖြီးနဲ့ ရယ်နေတာ တွေ့ရတယ်။ သူကတော့ ၀ရံတာပေါ်က ၀ါးပက်လက်ကုလားထိုင်ပေါ်မှာ၊ ကျန်တဲ့ ကုလားထိုင်တွေမှာတော့ လူမရှိဘူး။ မြစ်ဖက်ဆီက နေရောင်တက်လာတာ တွေ့ရတယ်။ နေ၀င်တာတော့ မဟုတ်နိုင်ဘူး။ မနေ့ညက မိုးချုပ်သွားတာ သူသတိရနေသေးတယ်။ ဟိုကောင်တွေ မြစ်ထဲသွားရေကူးကြတယ်။ နင်လည်းသွားတော့။ ပြီးတော့ မနက်စာစားလို့ အဖွားကြီးက သူ့ကိုပြောတယ်။ ဘယ်အချိန်ရှိပြီလဲလို့ သူက မေးတော့ ရှစ်နာရီထိုးတော့မှာလို့ အဖွားကြီးက ပြောပြန်တယ်။ ဖသာထော်လည်း သူ့အခန်းထဲက မျက်နှာသုတ်ပုဝါသွားယူပြီး အိမ်ကလေးဆီကဆင်းတော့မယ်အလုပ်မှာ အဖွားကြီးက ငါပြောတယ်မဟုတ်လား၊ ဒီကောင်တွေနဲ့ ယှဉ်မသောက်နဲ့လို့ လှမ်းပြောတယ်။ ဖသာထော်ကတော့ ခေါင်းပဲခါလိုက်ရင်း အဖွားကြီးကို ပြုံးပြလိုက်မိတယ်။ ဘာလို့ခေါင်းခါတယ်ဆိုတာတော့ သူ့ဘာသာစဉ်းစားတောင်မကြည့်မိဘူး။ မြစ်စပ်ကိုရောက်တော့ ဟိုငတိတစ်သိုက် မြစ်ကမ်းပါးမှာ။ တချို့ကတော့ တုံးလုံးပက်လက်၊ တစ်ချို့ကတော့ ကလေးတွေနဲ့ ဘောလုံးကန်နေကြတယ်။ ဖသာထော်ဆင်းလာတာတွေ့တော့ အားလုံးကထပြီး လက်ခုပ်တီးကြတယ်။ ဘာလို့တီးကြမှန်းတော့မသိဘူး။ ဒါပေတဲ့ သူ့ဘ၀မှာ ဘယ်သူကမှ သူ့ကို လက်ခုပ်တီးတာ မခံရဖူးဘူး။ ဟုတ်ဟုတ်မဟုတ်ဟုတ် လက်ခုပ်အတီးခံရတာတော့ အကောင်းသားလို့ တွေးမိတယ်။ ရှက်များတောင်ရှက်သလို ဖြစ်မိတယ်။ နေစမ်းပါဦး၊ ငါ့မှာ ဘာရှက်စရာများရှိလို့တုံးလို့ တွေးကြည့်လိုက်တော့မှ နေသာသွားတယ်။ နေသာဆို၊ ဖသာထော်ဘ၀မှာ အရှက်ဆိုတာ မကြားဖူးသလောက်တောင် ရှိခဲ့ပြီပဲ။ သူများအရပ်၊ ကိုယ့်အရပ်လုပ်နေရမှတော့ ရှက်စရာဆိုတာက ရှိနိုင်ပါဦးမယ်တဲ့လား။ ကိုယ့်အရပ်မှာ ဒုက္ခရောက်မှာဆိုလို့ သူများအရပ်ကိုပြေးလာတာ၊ သူများအရပ်မှာ ဒုက္ခဆိုတာ ဘာမှန်းမသိလောက်အောင်ကြုံခဲ့ပြီမို့ ဒုက္ခတွေနဲ့အတူ သြတ္တပ္ပစိတ်ဆိုတာ ပျောက်ဆုံးခဲ့တာ ကြာပေါ့။
မြစ်ထဲမှာ အညောင်းပြေရုံကူးပြီး တက်လာတော့၊ ဟိုငတိတွေနားဆီ သွားထိုင်တယ်။ အားလုံးလိုလိုက မင်း အိုကေရဲ့လားလို့ မေးကြတယ်။ နောက်တော့ တစ်ယောက်ကပြောတယ်၊ မနက်ဖြန် ငါတို့ ခရီးဆက်ကြဦးမယ်တဲ့။ ဖသာထော်စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ၀မ်းနည်းတာတော့လည်း မဟုတ်ဘူး။ ဒီလူတစ်သိုက်ဟာ ဖသာထော်ရဲ့ ရှိနေခြင်းကို အသိအမှတ်ပြုထားတဲ့လူတွေ။ ဖသာထော်ဟာ ဒီလူတစ်သိုက်နဲ့ တစ်သားတည်း။ တစ်စိမ်းတွေ မဟုတ်ကြဘူး။ ထောင်ကဲတွေ လာစနေတုန်းက “ငါရယ်” “သူတို့ရယ်” ဆိုတဲ့ ပိုင်းခြားမှုက သူ့စိတ်ထဲမှာ ပေါ်နေတတ်တယ်။ သူတို့ရောက်လာကတည်းက ဖသာထော်စိတ်ထဲမှာ ကျေနပ်မှုတစ်ခု ရသလိုပဲ။ သူတို့ကလည်း သူတို့ဘာသာသူတို့ လုပ်စရာရှိတာကို လုပ်နေကြပေတဲ့ ဖသာထော်ရဲ့ရှိနေခြင်းကို အသိအမှတ်ပြုထားကြတယ်။ သူ့ရဲ့ “ငါ” ဟာ သူတို့တတွေရဲ့ “ငါတွေ” နဲ့အတူတူလိုဖြစ်သွားတယ်။ ဖသာထော်က နေရင်းထိုင်ရင်း အားရှိနေသလိုပဲ။ ခုတော့ အားလျော့သွားတယ်။ သူ့ရဲ့ ရှိနေခြင်းဟာ သူ့ထဲမှာပဲ တဖြည်းဖြည်း မှိန်စပြုလာသလိုပဲ။ အဲဒီတုန်း၊ ကလန့်ကလား ငတိနှစ်ယောက်လည်း ရေထဲက တက်လာကြတယ်။ တစ်ယောက်က မေးတယ်။ ဟိုနားဆီမှာ ပုဇွန်ဆိတ်ကလေးတွေ သဲ့နေတာ တွေ့ခဲ့တယ်၊ ၀ယ်လို့ရမလားတဲ့။ ရတာပေါ့ဗျာ၊ ဘာလုပ်မလို့တုံးလို့ မေးလိုက်တော့၊ ကြော်စားရတာပေါ့၊ အရက်နဲ့မြည်းရတာပေါ့တဲ့၊ တစ်ယောက်က၀င်ပြောတယ်။ ရသမျှ ၀ယ်ခဲ့ကွာတဲ့။ ခဏကြာရင် တော်တော်များများ ရလာလိမ့်မယ်။ အဲဒီကျရင် ၀ယ်မယ်လို့ ဖသာထော်က ပြန်ပြောတယ်။ နောက်တော့ အားလုံး တောပြောတောင်ပြော ပြောနေကြတော့တယ်။ ရုတ်တရက်သူ့ကို အနောက်ဖက်ကမ်းကလာတဲ့ ငတိက ဖြတ်မေးတယ်။ ဖသာထော်၊ ပုဇွန်ဆိတ်နဲ့ လူနဲ့ ဘာကွာတယ်ထင်သလဲတဲ့။ ဖသာထော် အတော်စဉ်းစားကြည့်ရတယ်။ နောက်တော့ ပုဇွန်ခေါင်းထဲမှာ ချေးပဲရှိတယ်ဆိုတာကို သတိရလိုက်မိလို့၊ ဦးနှောက်မရှိဘူးထင်တယ်လို့ ဖြေလိုက်တယ်။ ဒီတော့ ကလန်ကလားငတိက ခေါင်းညိတ်တယ်။ သူ့ဘာသာမြစ်ဖက်ကြည့်နေရင်း တစ်ခါတလေတော့ ဦးနှောက်မရှိတာက ခပ်ကောင်းကောင်းရယ်ကွလို့ ပြောတယ်။ သူက မေးမယ်လို့လုပ်တုန်း သူ့ဘာသာဆက်ပြောနေပြန်တယ်။ ဦးနှောက်မရှိတော့ သိစရာမလိုတာတွေရော၊ သိစရာလိုတာရော မရှိတော့ဘူး။ လူရဲ့အဓိကပြဿနာက သိစရာမလိုတာတွေ သိနေရတာပဲလို့ ပြောပြီး သူ့ကိုလှည့်ကြည့်ရင်း မဟုတ်ဘူးလားဖသာထော်လို့ မေးလိုက်တယ်။ ဟုတ်ပါတယ်ဆရာသမားလို့ ချက်ချင်းလိုပဲ ဖသာထော်က ဖြေလိုက်ပြီးကာမှ ငါ့မှာ သိစရာမလိုတာတွေ၊ သိထားတာများရှိသလားလို့ ဆက်တွေးကြည့်နေလိုက်မိတယ်။ သိစရာမလိုတာတွေဆိုတာက ဘာတွေများပါလိမ့်ဆိုတာ ဖသာထော်ခေါင်းထဲမှာ ကဆုတ်ပေါက်နေကြတယ်။
မြစ်ကပြန်သွားပြီး အိမ်ကလေးဆီကိုရောက်သွားတာနဲ့ ငတိတွေက ပုလင်းဖောက်ကြတော့တာပဲ။ ဖသာထော်ကတော့ သူဝယ်လာတဲ့ ပုဇွန်ဆိတ်ကလေးတွေကို အဖွားကြီးတွေလက်ထဲအပ်ပြီး ရေ၀၀သောက်ထားလိုက်ရတယ်။ အဖွားကြီးတွေတောင် သူက နောက်လိုက်သေးတယ်။ ခင်ဗျားသိလား ပုဇွန်ဆိတ်မှာ ဦးနှောက်မရှိဘူးဆိုတာလို့။ အဖွားကြီးကတော့ ပြောတယ်။ အေး နင်ပြောကာမှပဲ ငါလည်းသိတယ်တဲ့။ သိပ်မကြာဘူး သူ့ကိုခေါ်သံ ကြားလိုက်ရတော့တာပဲ။ ဒီတစ်ချီတော့ သူ့ကိုမတိုက်သေးခင် အရက်သောက်နည်းနိဿရည်းကို သူ့ကို ပေးကြသေးတယ်။ အရက်သောက်တာ၊ စာဖတ်တာဟာ ဘယ်သူ့ကိုမှ ဒုက္ခပေးတဲ့အလုပ်မဟုတ်ဘူး။ တစ်ယောက်တည်းအရက်သောက်ရင်း စာဖတ်ပေးရတယ်။ ဖတ်စရာမရှိရင် အတွေးနဲ့ ကိုယ့်ဘာသာရေးပြီး ပြန်ဖတ်ရတယ်။ အတွေးတိုင်းဟာ ဆင်ခြင်တုံတရားရဲ့ အစပဲ။ အရက်သောက်ထားတဲ့အခါ ဆင်ခြင်တုံတရားက မှားနိုင်တယ်။ မှားနိုင်ဖို့အတွက် တံခါးဖွင့်ပေးလိုက်တဲ့သဘောပဲ။ ဖွင့်ထားတဲ့တံခါးကနေ ထွက်သွားလိုက်၊ ၀င်လာလိုက်လုပ်ကြည့်နိုင်တယ်။ မူးလာလို့မှားတဲ့ အတွေးဟာ၊ မမူးဘဲမှားတတ်တဲ့ အတွေးနဲ့ ဘယ်လောက်ကွာသလဲဆိုတာ သတိထားကြည့်ရသတဲ့။ ဆင်ခြင်တုံတရားအခြေခံနဲ့ အရက်သောက်ရင် အရက်လည်းနာမည်မပျက်ဘူး၊ ကိုယ့်အတွက်လည်း အကျိုးမယုတ်ဘူးဆိုပဲ။ ဒီတော့ အရက်သောက်တဲ့အခါ တွေးစရာ၊ ဆင်ခြင်ကြည့်စရာ ရှာထားရတယ်တဲ့။ သူတို့အဖို့တော့ ဟုတ်လောက်တယ်။ ဖသာထော်အဖို့ကတော့ ဘာနည်းနဲ့သောက်သောက် မူးတာချည်းပဲ။ သူတို့မှာက အချိန်ဆိုတာက သိပ်အရေးကြီးပုံမရဘူး။ သောက်တည်ဆို မိုးလင်းကတည်းကသောက်လည်း ရတာပဲ။ မသောက်ဘူးဆိုလည်း မသောက်ဘဲနေနေကြတာ သူ့မျက်စေ့ရှေ့တင်ပဲ။ နေ၀င်တာနေထွက်တာဟာ သူတို့နဲ့ မဆိုင်သလိုပဲ။ ဖသာထော်အတွက်တော့ ဒီလိုမှမဟုတ်ပဲ။ ဒီနေ့လည်း မနေ့ကလိုပဲ၊ ထားလိုက်ပါတော့။
နောက်တစ်နေ့မနက် အဖွားကြီးတစ်ယောက်လာနှိုးမှပဲ သူလည်းနိုးတော့တယ်။ ဒီတစ်ချီတော့ အဖွားကြီးက မေးတယ်။ နင်နဲ့ ပုဇွန်ဆိတ်နဲ့ ဘာကွာသလဲသိလားတဲ့။ သူက ခေါင်းပဲညိတ်ပြနိုင်တယ်။ အဖွားကြီးလည်း ထွက်သွားတော့တယ်။ ဟိုငတိတစ်သိုက်လည်း မြစ်ထဲကနေတောင် ပြန်ရောက်နေကြပြီ။ အထုပ်အပိုးပြင်နေကြတယ်။ နောက်တော့ မနက်စာစားကြပြီး ၀ိုင်းထိုင်စကားပြောနေကြရင်း ကလန့်ကလားငတိက သူ့ကိုပြောတယ်။ ငါတို့အတွက်ပို့ထားတဲ့ရိက္ခာတွေ ပိုနေတယ်။ မင်းဆီမှာပဲ ထားခဲ့ချင်တယ်။ မင်းအတွက် ဒုက္ခများ များနေမလားမသိဘူးတဲ့။ ဖသာထောမျက်စေ့ထဲမှာတော့ မဖောက်ရသေးတဲ့ ၀ီစကီတစ်သေတ္တာနဲ့အတူ မဲခေါင်တွေ၊ စယ်မ်စွန်းတွေ၊ စပယ်မ်ဗူးတွေ.. အပုံချည်းပဲ။ ရပါတယ်ခင်ဗျား၊ ကျွန်တော်ကြည့်လုပ်လိုက်ပါ့မယ်လို့ ဘာမှသိပ်မတွေးတော့ဘဲ ဖြေလိုက်မိတယ်။ “ကြည့်လုပ်လိုက်တယ်” ဆိုတဲ့စကားဟာ ဘယ်ကလာမှန်းမသိဘူး။ ဒီနေရာမှာတော့ အတော်အသုံးတည့်ပုံရတယ်။ သူတို့ခမျာမှာလည်း အတော်စိတ်သက်သာရာ ရသွားပုံရတယ်။ မင်းသာတာဝန်မယူရင် ပြန်ပို့ရပြုရနဲ့ ကားမောင်းတဲ့လူတွေအတွက်လည်း အတော်အလုပ်ရှုပ်ဦးမှာ၊ ကျေးဇူးတင်တယ်ကွာလို့ပြောပြီး သူ့ပိုက်ဆံအိတ်ထဲက ဒေါ်လာတစ်ရာတန်တစ်ရွက် ထုတ်ပေးတယ်။ ဖသာထော်ခမျာ အတော်အားနာသွားတယ်။ ဒီဘက်ကမ်းရောက်ကာမှ ပထမဦးဆုံး ဒေါ်လာတစ်ရာတန် ကိုင်ရဖူးတာ။ နောက်တော့ အနားမှာရှိတဲ့ကောင်တွေကလည်း ရာတန်တွေ ငါးဆယ်တန်တွေ ပေးကြတယ်။ တစ်ယောက်ကတော့ သူ့အိတ်ထဲမှာရှိတဲ့ ပိုက်ဆံမျိုးစုံ လက်တစ်ဆုပ်စာ ထုတ်ပေးတယ်။ အဖွားကြီးတစ်ယောက်ကိုလည်း ပိုက်ဆံအတော်များများ ပေးကြတယ်။ တစ်ယောက်တော့ သူတို့နဲ့အတူ မြောက်ဘက်ကို သွားဦးမှာတဲ့။ နောက်တော့ သူတို့အတွက် ကားတွေရောက်လာတယ်။ ဒီတော့ အားလုံးစုပြီး “လမ်းအတွက် တစ်ခွက်” လို့ ကြွေးကြော်ရင်း ဖန်ခွက်တစ်ဝက်လောက်စီ သောက်ကြပြန်တယ်။ ဘယ်မှမသွားတဲ့ ဖသာထော်လည်း အူလိအူလည်နဲ့ ၀င်သောက်လိုက်ရသေးတယ်။ နားထဲက လေထွက်မလိုဖြစ်သွားတာပဲ အဖတ်တင်ကျန်ရစ်တယ်။
ကားတွေမထွက်ခင် သူနဲ့တစ်ရပ်တည်းသား ကလန်ကလားက ပြောတယ်။ ဖသာထော် ပျော်ပျော်သာနေတဲ့။ ဘယ်လိုပျော်အောင်နေရမယ်ဆိုတာလေးများ ပြောခဲ့စမ်းပါဗျာလို့ ပြန်ပြောမလို့ပဲ။ ထုံးစံအတိုင်း မပြောဖြစ်ဘူး။ သူက မပြောဖြစ်လိုက်ပေတဲ့ ဟိုက ဆက်ပြောတယ်။ ပျော်တယ်မပျော်ဘူးဆိုတာတွေက မင်းရဲ့ ရွေးချယ်မှုပဲ။ အနှစ်သာရ မှန်သမျှဟာ မင်းရဲ့အတိတ်က တည်ဆောက်ပေးနေတာ၊ မင်းရဲ့ ရှိနေခြင်းက တည်ဆောက်ပေးနေတာတဲ့။ လွယ်လွယ်ပြောရရင်ကွာ၊ မင်းရဲ့ အခုအနေအထားဟာ မင်းက လုပ်ထားတာ၊ မင်းရဲ့ ရွေးချယ်မှုတစ်ခုဟာ လွတ်လပ်တယ်ဆိုတာရဲ့ အခြေခံတစ်ခုပဲ ငါ့လူရယ်တဲ့။ ဖသာထော်က မေးလိုက်ချင်တယ်။ ဒါပေတဲ့ ကားတွေက ထွက်သွားပြီ။ ဖသာထော်လည်း အိမ်ကလေးဘက်ဆီတစ်ယောက်တည်း ပြန်လျှောက်လာရင်း ငါ့ရင်ထဲက မေးခွန်းတွေ အများကြီး၊ ငါမပြောဖြစ်ခဲ့တာတွေ အများကြီးဟာ ငါကမှ မပြောဘဲကိုးလို့ သဘောပေါက်လိုက်မိတယ်။ နောက်တော့ တွေးစရာက လမ်းကြောင်းပြောင်းသွားတယ်။ တွေးကြည့်မှာဆိုတော့လည်း ၀ီစကီလေးသောက်ပြီးတွေးတာ ပိုကောင်းမှာ။ ရေချိုးပြီးလို့ လန်းလန်းဆန်းဆန်းဖြစ်သွားကာမှ ၀ီစကီလေးသောက်ပြီး တွေးကြည့်ရမှာပဲ။ ဘီယာတွေလည်း ကျန်သေးတယ်။ အဖွားကြီးတွေ ချက်ပြုတ်ထားတာတွေလည်း အပုံချည်း။ အတွေးဆိုတာက သူ့ချည်းမကောင်းဘူး။ ၀ီစကီလေးပါမှ ပိုမြိုင်မယ်။ ငါရှိနေသေးလို့ ငါသောက်တာပဲ။ ငါသောက်ဖို့ ငါရွေးချယ်တယ်။ ဘာဖြစ်လို့တုံး၊ တရားသော သောက်ခြင်းပဲလို့ တွေးလိုက်မိတော့ သူတွေးနေတာတွေကို ဘေးလူတွေများသိသွားမလားရယ်လို့ လိပ်ပြာမလုံဖြစ်ပြီး ဘေးဘက်လှည့်ကြည့်လိုက်မိသေးတယ်။ ပြီးတော့မှ ဆက်လျှောက်လာလိုက်ရင်း ဒီလိုသောက်လိုက်ပြီးကာမှ ငါမပြောဖြစ်သမျှစကားတွေကို ငါ့ဘာသာပြန်ပြောလို့ရမယ်။ ဒါလည်း ပျော်စရာတစ်မျိုးပဲနေမှာ..လို့၊ တွေးချလိုက်တော့တယ်။
ဖသာထော်တစ်ယောက်ဖြင့် ဆင်ခြင်တုံတရားဆိုတာကို အတွေးကစမှဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ကလေးဆီသွားနေရာက နောက်ပြန်လှည့်ပြီး မြစ်ဘက်ကို ဆင်းသွားတော့တယ်။ ဟုတ်တယ်၊ ပျော်တယ်မပျော်ဘူးဆိုတာကလည်း သူ့ဘာသာ ရွေးချယ်ရတာမျိုးကိုး။
မြင့်သန်း
ချင်းတွင်း၊ ဖေဖော်ဝါရီ ၂၀၁၄
Comments
Post a Comment