"ကမ္ဘာပေါ်မှာ ကြုံတွေ့ရနိုင်တဲ့ အဆိုးရွားဆုံးအဖြစ်ဟာ လူတစ်ယောက်နဲ့တစ်ယောက်အကြား ကွဲပြားတယ်။ အရှင်လတ်လတ်မြေမြှုပ်ခံရတာ ဖြစ်ချင်ဖြစ်မယ်၊ မီးရှို့ခံရတာဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်လည်း ရေနစ်တာ၊ တံကျင်နဲ့ထိုးခံရတာ၊ ဒါမှမဟုတ်လည်း သေနည်းအမျိုးအစား ၅၀ ထဲက တစ်ခုခုပေါ့။ တချို့ဖြစ်ရပ်တွေမှာ သိပ်ပြီးထူးဆန်းနေတာမျိုးတောင်မဟုတ်ပဲ အမှုမထားလောက်တဲ့ အရာမျိုးလေးတွေလည်း ဖြစ်နေတတ်တယ်" ဟု အိုဘရိုင်ယန်က ပြောသည်။
သူက ဘေးဘက်သို့ အနည်းငယ်တိမ်းလိုက်ပြီး၊ စားပွဲပေါ်တွင်ရှိနေသည့် အရာကို ၀င်စတန် မြင်သာအောင် ပြလိုက်သည်။ ၀ါယာကြိုးဖြင့်ပြုလုပ်ထားသော ရှည်မျောမျော လှောင်အိမ်တစ်ခု၊ သယ်ဆောင်ရန်အတွက် လက်ကိုင်တစ်ခု အပေါ်တွင်ပါသည်။ ၎င်း၏ အရှေ့ဘက်တွင် ပူးတွဲပါရှိသည့်အရာတစ်ခုမှာ ဓားသိုင်းစွပ်မျက်နှာဖုံးနှင့်တူပြီး အခွက်မျက်နှာပြင်အတိုင်း အပြင်ဘက်သို့ ထိုးထွက်နေသည်။ သူ့ဆီမှ သုံးလေးမီတာခန့် ဝေးကွာနေသော်လည်း လှောင်အိမ်ကို အကန့်နှစ်ခုဖြင့် ခွဲခြားထားသည်ကို မြင်နေရပြီး၊ အထဲတွင် သတ္တ၀ါတစ်မျိုးရှိနေ၏။ ကြွက်များဖြစ်သည်။
အိုဘရိုင်ယန်က ပြောသည်။ "ခင်ဗျားကိစ္စမှာတော့ ကမ္ဘာပေါ်မှာဆိုးရွားဆုံးအဖြစ်ဟာ ကြွက်တွေ လာဖြစ်နေတယ်"
လှောင်အိမ်ကို ပထမဆုံး ဖျပ်ခနဲကြည့်မိလိုက်စဉ်တွင်ပင်၊ နိမိတ်မကောင်းသော တုန်လှုပ်မှုတစ်ခု၊ သူအမျိုးအမည်မခွဲခြားတတ်သော ကြောက်ရွံ့မှုတစ်ခုက ၀င်စတန်ဆီသို့ ဖြတ်စီးသွား၏။ သို့သော် ထိုခဏမှာပင် လှောင်အိမ်မှ ထိုးထွက်နေသည့် မျက်နှာဖုံးလိုလိုအရာ၏ ရည်ရွယ်ချက်ကို ရုတ်တရက်ဆိုသလို သူ သဘောပေါက်လိုက်သည်။ ကိုယ်တွင်းရှိ ကလီစာများ အရည်ပျော်သွားသလို သူခံစားလိုက်ရသည်။
"ခင်ဗျား ဒီလို လုပ်လို့မရဘူးလေ" ဟု စူးရှအက်ကွဲသောအသံဖြင့် သူအော်ဟစ်လိုက်သည်။ "ခင်ဗျားမလုပ်ရဘူး၊ ခင်ဗျားမလုပ်ရဘူး။ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ"
အိုဘရိုင်ယန်က ပြောသည်။
"ခင်ဗျားအိပ်မက်ထဲမှာ မက်လေ့ရှိတဲ့ အပြင်းအထန်ကြောက်လန့်တုန်လှုပ်ရတဲ့ အချိန်လေးတွေကို ခင်ဗျားမှတ်မိမှာပေါ့။ ခင်ဗျားရှေ့မှာ နံရံမည်းမည်းကြီးတစ်ခု ရှိနေတယ်။ ခင်ဗျားနားထဲမှာ မာန်ဖီအော်ဟစ်သံတွေ ကြားနေရမယ်။ အဲဒီနံရံရဲ့ အခြားတစ်ဖက်မှာ ကြောက်ရွံ့စရာတစ်ခုခုရှိနေတယ်။ အဲဒီအရာဟာ ဘာလဲဆိုတာ ခင်ဗျားသိတာကို ခင်ဗျားနေသိတယ်၊ ဒါပေမဲ့ အဲဒါကို ခင်ဗျား ဖွင့်မကြည့်ရဲဘူး။ အဲဒီနံရံရဲ့ အခြားတစ်ဖက်မှာရှိနေတာ ကြွက်တွေလေ"
"အိုဘရိုင်ယန်။ ဒီလိုလုပ်ဖို့မလိုဘူးဆိုတာ ခင်ဗျားသိပါတယ်။ ခင်ဗျားကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ" သူ့အသံကို ထိန်းချုပ်ဖို့ကြိုးစားရင်း ၀င်စတန်က မေးလိုက်သည်။
အိုဘရိုင်ယန်က တည့်တည့်မဖြေ။ တမင်လုပ်ယူထားသည့် ကျောင်းအုပ်ဆရာကြီးလေသံမျိုးဖြင့် စကားကို ပြောသည်။ ၀င်စတန်၏ နောက်ကျောဘက်တွင် ပရိသတ်များရှိနေသလို အဝေးသို့ တွေးတွေးဆဆ မျှော်ကြည့်နေသည်။
"သူ့အတိုင်းဆို နာကျင်မှုဟာ အမြဲတမ်းတော့ မလုံလောက်ဘူး။ သေတဲ့အထိ နာကျင်တယ်ဆိုရင်တောင်မှပေါ့။ ဒါပေမဲ့ လူတစ်ယောက်တိုင်းအတွက် မခံမရပ်နိုင်တဲ့ အရာတစ်ခုစီ ရှိနေတယ်။ ဆင်ခြင်တုံတရားရဲ့ ပြင်ပက အရာပေါ့။ သတ္တိတွေ၊ သူရဲဘောကြောင်တာတွေ မပါတဲ့ကိစ္စပေါ့။ ခင်ဗျားအမြင့်တစ်နေရာက ပြုတ်ကျတယ်ဆိုပါတော့ ကြိုးစတစ်ခုကို ကသောကမျောလှမ်းဆွဲမိတဲ့အဖြစ်ဟာ သူရဲဘောကြောင်တာမှမဟုတ်ပဲ။ ရေနက်ထဲကနေ ထိုးတက်လာပြီး ခင်ဗျားအဆုတ်ထဲကို လေတွေရှူသွင်းတယ်ဆိုပါတော့၊ ဒါ သူရဲဘောကြောင်တာမှမဟုတ်ပဲ။ ဒါ ကျွန်တော်တို့ မဖျက်ဆီးနိုင်တဲ့ ဗီဇစိတ်တစ်မျိုးမျှပဲ။ ဒီကြွက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အတူတူပဲ။ ခင်ဗျားအတွက် ဒါတွေဟာ မခံမရပ်နိုင်တဲ့ကိစ္စပဲ။ ကြွက်တွေဟာ ခင်ဗျား ခုခံဖို့ မတတ်နိုင်တဲ့ ဖိအားပုံစံတစ်ရပ်ပေါ့။ ခင်ဗျား ခုခံဖို့ ကြိုးစားသေးတယ်ဆိုရင်တောင်မှပေါ့။ ခင်ဗျားလုပ်ဖို့ လိုအပ်တဲ့အရာကို ခင်ဗျားလုပ်တော့မှာပါ"
"ဒါပေမဲ့ ကျွန်တော်လုပ်ရမှာက ဘာလဲ၊ ဘာလဲ။ ဘာလဲဆိုတာမှ ကျွန်တော်မသိဘဲနဲ့ ဘယ်လိုလုပ် ကျွန်တော် အဲဒါကို လုပ်နိုင်မှာလဲ"
အိုဘရိုင်ယန်က လှောင်အိမ်ကို ဆွဲယူလိုက်ပြီး ပိုနီးသောစားပွဲပေါ်သို့ ယူဆောင်လာသည်။ ပြီး ကော်ဇောစိမ်းပေါ်တွင် ဂရုတစိုက် နေရာချထားလိုက်၏။ သွေးများ တထုတ်ထုတ်တိုးနေသောအသံကို ၀င်စတန့်နားထဲတွင် ကြားနေရသည်။ အဆုံးစွန်အထီးကျန်သောနေရာတစ်ခုတွင် ထိုင်နေရသည်ဟု သူခံစားရသည်။ နေရောင်ပက်ဖြန်းထားသော ကန္တာရကွင်းပြင်တစ်ခု၏ အလယ်ဗဟိုတွင် တစ်ယောက်တည်း ထီးထီးချည်းရောက်နေပြီး၊ မမျှော်မှန်းနိုင်သည့် အဝေးနေရာများမှ အသံမျိုးစုံ သူ့ထံသို့ ရောက်လာသလို ခံစားရသည်။ သို့တိုင် ကြွက်လှောင်အိမ်က သူနှင့် နှစ်မိတာခန့် ဝေးကွာနေဆဲ။ ဧရာမ ကြွက်ကြီးများဖြစ်သည်။ နှုတ်သီးများချွန်ထွက်လာပြီး အမွှေးအရောင်များ မီးခိုးမှ အညိုရောင်သို့ ပြောင်းလဲလာသော အသက်အပိုင်းအခြားတွင် ရောက်နေသည့် ကြွက်ကြီးများ။
မမြင်နိုင်သည့် ပရိသတ်ကို စကားပြောနေသည့်ဟန်ဖြင့်ပင် အိုဘရိုင်ယန်က ဆက်ပြောသည်။
"ကြွက်တွေဟာ၊ အို ရှဥ့်တွေတောင်မှပဲ အသားစားသတ္တ၀ါတွေလေ။ ဒါကို ခင်ဗျားလည်း သိပါတယ်။ ဒီမြို့က ဆင်းရဲသားရပ်ကွက်တွေမှာ ဖြစ်တတ်တဲ့ ဖြစ်ရပ်တွေကို ခင်ဗျားလည်း ကြားဖူးပြီးသားဖြစ်မှာပါ။ တချို့လမ်းတွေမှာဆို အမျိုးသမီးတစ်ဦးဟာ သူ့ကလေးကို အိမ်ထဲမှာ ငါးမိနစ်လောက်တောင် တစ်ယောက်တည်း ထားမသွားရဲဘူး။ ကြွက်တွေလာကိုက်မှာ သေချာနေလို့ပေါ့။ အချိန်ခဏလေးအတွင်း မွေးကင်းစကလေးတစ်ယောက်ကို အရိုးပဲကျန်အောင် ကိုက်ဖြတ်လိုက်နိုင်တာပေါ့။ ဒါတင်မကသေးဘူး ကြွက်တွေဟာ နာမကျန်းသူတွေ၊ သေခါနီးလူတွေကိုလည်း တိုက်ခိုက်တတ်ကြသေးတယ်။ လူတွေ ကူကယ်ရာမဲ့ဖြစ်နေတဲ့အခြေအနေကို သိတဲ့နေရာမှာ ဒီသတ္တ၀ါတွေဟာ အံ့သြစရာကောင်းလောက်အောင် ဉာဏ်ရည်မြင့်တယ်"
လှောင်အိမ်အတွင်းမှ နောက်ထပ် တစီစီအသံများ ထွက်ပေါ်လာပြန်သည်။ ၎င်းတို့သည် အဝေးတစ်နေရာဆီမှ ၀င်စတန့်ထံ ရောက်ရှိလာသလို ခံစားရသည်။ ကြွက်များက တိုက်ခိုက်နေကြသည်၊ အကန့်အတွင်းမှ သူ့ထက်ငါ ရှေ့ရောက်ဖို့ ကြိုးစားနေကြသည်။ စိတ်ပျက်ညစ်ညူးသော မာန်မဲသံတစ်ခုကို သူကြားရသည်။ ထိုအသံသည်လည်း သူ့ကိုယ်ခန္ဓာ၏ ပြင်ပမှ ထွက်ပေါ်လာသလို သူ ခံစားနေရသည်။
အိုဘရိုင်ယန်က လှောင်အိမ်ကို ကောက်ယူလိုက်ပြီး၊ ၎င်းမှ တစ်စုံတစ်ခုကို နှိပ်လိုက်သည်။ စူးရှသောမောင်းတံတစ်ခုဖြစ်သည်။ သူ့ကို တုပ်နှောင်ထားသော ထိုင်ခုံမှ လျော့လိုလျော့ငြား ၀န်စတန် အရူးတစ်ယောက်လို ရုန်းထွက်နေမိသည်။ မျှော်လင့်ချက်လုံးလုံးမရှိ။ သူ့အစိတ်အပိုင်အားလုံး၊ ဦးခေါင်းသော်မှ ရှိသည့်နေရာတွင်ပင် မလှုပ်နိုင်အောင် တုတ်နှောင်ခံထားရသည်။ အိုဘရိုင်ယန်က လှောင်အိမ်ကို အနီးသို့ ဆွဲယူလာသည်။ ယခု လှောင်အိမ်မှာ ၀င်စတန်၏မျက်နှာနှင့် တစ်မီတာပင် မကွာဝေးတော့။
"ပထမမောင်းကိုတော့ ကျွန်တော် ဖြုတ်လိုက်ပြီးပြီ" ဟု အိုဘရိုင်ယန်က ပြောလိုက်သည်။ "ဒီလှောင်အိမ်ရဲ့ တည်ဆောက်ပုံကို ခင်ဗျားနားလည်ပါတယ်။ မျက်နှာဖုံးကို ခင်ဗျားခေါင်းမှာ အပေါက်မရှိအောင် အံကိုက်စွပ်လိုက်မယ်။ ကျွန်တော်က ဟောဒီကနောက်ထပ်မောင်းတံကို ထပ်ဖြုတ်တဲ့အခါကျတော့ လှောင်အိမ်တံခါးက ဘေးတိုက်ပွင့်သွားလိမ့်မယ်။ အဲဒီအချိန်မှာ ငတ်မွတ်နေတဲ့ ဒီသားရဲတွေက ကျည်ဆန်တွေလို အပြင်ကို ၀ှီးခနဲပြေးထွက်လာလိမ့်မယ်။ ကြွက်တစ်ကောင် လေထဲမှာ ခုန်ပျံနေပုံကို ခင်ဗျားတွေ့ဖူးတယ်မဟုတ်လား။ သူတို့က ခင်ဗျားမျက်နှာဆီကို အဲဒီလိုပဲ ခုန်ပျံလာပြီး တည့်တည့်ထိုးဖောက်လိုက်လိမ့်မယ်။ တစ်ခါတလေတော့ သူတို့က မျက်လုံးကို အရင်ဖောက်ကြတယ်။ တစ်ခါတလေကျတော့လည်း ပါးကိုအရင် ကိုက်ဖောက်ပြီး အထဲက လျှာကို စမြည်းတတ်တယ်"
လှောင်အိမ်က ပိုမိုနီးကပ်လာပြီး အန္တရာယ်က တေ့တေ့ဆိုင်ဆိုင်ဖြစ်နေပြီ။ သူ့ဦးခေါင်းအပေါ်မှ လေထဲတွင် ပေါ်ပေါက်လာဟန်ရှိသည့် စူးရှသောအော်ဟစ်သံများကို ဆက်တိုက်ဆိုသလို ၀င်စတန် ကြားနေရ၏။ သို့သော် သူက ရူးမတတ်ကြောက်ရွံ့စိတ်ကို မီးကုန်ယမ်းကုန် တွန်းလှန်ပစ်နေမိသည်။ စဉ်းစားစမ်း၊ စဉ်းစားစမ်း၊ နောက်ဆုံးတစ်စက္ကန့်ကျန်သည်အထိ စဉ်းစားစမ်း။ စဉ်းစားခြင်းသည်သာ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လိမ့်မည်။ ရုတ်တရက် သားရဲများထံမှ ထွက်ပေါ်လာသော ပုတ်အဲ့စူးရှသည့်အနံ့တစ်ခု သူ့နှာသီးဖျားဆီသို့ ၀င်ရောက်လာသည်။ သူ့အတွင်းထဲတွင် ပြင်းထန်ဆိုးရွားသော အော်ဂလီဆန်မှုတစ်ခု တလှိုက်လှိုက်တက်လာပြီး သတိလစ်တော့မတတ် ဖြစ်သွားသည်။ အရာရာ မှောင်မဲသွားသည်။ လျှပ်တစ်ပြက်ဆိုသလို သူ ရူးသွပ်သွားပြီး အသံကုန်အော်ဟစ်နေသော တိရစ္ဆာန်တစ်ကောင် ဖြစ်သွား၏။ သို့တိုင် နောက်ဆုံးတွင် ထိုအမှောင်ထုအတွင်းမှ အကြံတစ်ခုကိုင်ဆွဲပြီး သူ ပြန်လည်လွတ်မြောက်လာသည်။ သူ့ကိုယ်သူကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းတစ်ခုသာ ရှိတော့သည်။ အခြားလူသားတစ်ဦး၊ အခြားလူသားတစ်ဦး၏ ကိုယ်ခန္ဓာဖြင့် သူကိုယ်တိုင်နှင့် ကြွက်တွေအကြား သူ စည်းခြားရမည်။
မျက်နှာဖုံး၏ အ၀န်းအ၀ိုင်းက အခြားမည်သည့်အရာကိုမျှ မမြင်နိုင်အောင် သူ့မြင်ကွင်းကို ကာကွယ်ထားသည်အထိ ကြီးမားသည်။ လှောင်အိမ်၏၀ိုင်ယာတံခါးက သူ့မျက်နှာမှ နှစ်မိုက်ခန့်သာ ကွာဝေးတော့သည်။ ရောက်လာနေသည့်အရာကို ကြွက်များက ကောင်းကောင်းသိနေသည်။ တစ်ကောင်က အထက်အောက် ၀ရုန်းသုန်းကား ခုန်ပေါက်နေပြီး၊ မိလ္လာနယ်မြေ၏ သက်တော်ရှည်ကြွက်အိုကြီးတစ်ကောင်က မတ်တပ်ရပ်၍ သူ့ ပန်းနုရောင်လက်ချောင်းများဖြင့် ၀ါယာကြိုးများကို ကိုင်ထားပြီး လေထဲသို့ အငမ်းမရ အနံ့ခံနေသည်။ နှုတ်ခမ်းမွှေးများနှင့် ၀ါကျင်ကျင်သွားများကိုပါ ၀င်စတန် မြင်နေရ၏။ အဆုံးစွန်ကြောက်ရွံ့သော အမှောင်ထုကြီးက သူ့ထံသို့ တဖန်ကြီးစိုးလာပြန်သည်။ ကူကယ်ရာမဲ့၊ အသိစိတ်မဲ့၊ အမြင်မဲ့။
"ဒါက ထီးနန်းပိုင်တရုတ်နိုင်ငံတော်ကြီးမှာတော့ အတော်လေးခေတ်စားတဲ့ အပြစ်ပေးနည်းမျိုးပါ" ဟု အိုဘရိုင်ယန်က သူ၏ ဆရာလုပ်သောလေသံဖြင့်ပင် ပြောသည်။
မျက်နှာဖုံးက မျက်နှာကို အုပ်နေသည်။ ၀ါယာကြိုးများက သူ့ ပါးပြင်ကို လာရောက်ပွတ်သပ်နေ၏။ ထို့နောက်တွင် စိတ်သက်သာရာ၊ မဟုတ်ဘူး၊ မျှော်လင့်ချက်တစ်ခု သေးငယ်သော မျှော်လင့်ချက်အပိုင်းအစလေးတစ်ခုကို သူ မြင်ရသည်။ သိပ်နောက်ကျခဲ့ပြီဆိုတာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ သို့ရာတွင် ဤကမ္ဘာကြီးတစ်ခုလုံးတွင် သူ့အပြစ်ဒဏ်ကို လက်ပြောင်းလွှဲစရာ လူသားတစ်ဦးတည်းသာရှိကြောင်း သူ ရုတ်တရက်နားလည်လိုက်သည်။ သူနှင့် ကြွက်များအကြားသို့ တွန်းပို့နိုင်မည့် ကိုယ်ခန္ဓာတစ်ခု။ ထို့နောက်တွင် သူ ငယ်သံပါအောင် အထပ်ထပ်အော်ဟစ်နေမိတော့သည်။
"ဒါကို ဂျူလီယာ့ (၀င်စတန်၏ ချစ်သူ) ကို လုပ်။ ဒါကို ဂျူလီယာ့ကို လုပ်။ ငါ့ကို မလုပ်နဲ့။ ဂျူလီယာကိုလုပ်။ သူ့ကို ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး။ သူ့မျက်နှာကို ဆွဲဖြဲပစ်။ သူ့ကို အရိုးပဲကျန်အောင် ကိုက်ဖြဲပစ်။ ငါ့ကိုတော့ မလုပ်ပါနဲ့။ ငါ့ကို မလုပ်ပါနဲ့"
ကြွက်များထံမှ သူ အလွန်နက်ရှိုင်းစွာ နောက်ပြန်လန်ကျသွားသည်။ သူ့ကို ထိုင်ခုံတွင် တုပ်နှောင်ထားဆဲ၊ သို့သော် သူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ နံရံများ၊ အဆောက်အဦများ၊ ကမ္ဘာမြေကြီး၊ ပင်လယ်သမုဒ္ဒရာများ၊ လေထု၊ အာကာသ၊ ကြယ်များအချင်းချင်းကြားမှ ဗလာနယ်များအားလုံးကို ဖောက်ထွက်ပြီး ကြွက်များနှင့် ထာဝရ ဝေးရာ ဝေးရာ ဝေးရာဆီသို့။ သူ အလင်းနှစ်များစွာ ဝေးကွာသွားသော်လည်း၊ အိုဘရိုင်ယန်က သူ့နံဘေးတွင် မတ်တပ်ရပ် လိုက်ပါလာနေဆဲရှိသည်။ အေးစက်သော ၀ါယာကြိုး၏ အထိအတွေ့က သူ့ပါးပြင်တွင် ရှိနေဆဲ။ သို့သော် သူ့ကို အုပ်ဆိုင်းထားသော အမှောင်ထဲကြီးကိုဖြတ်သန်း၍ မောင်းဖြုတ်ချလိုက်သောသတ္တုသံတစ်ခုကို သူကြားလိုက်ရသည်။ လှောင်အိမ်တံခါးကို သေသပ်စွာ ချက်ပြန်ချလိုက်ပြီးနောက် တံခါးပွင့်လာတော့မည်မဟုတ်ကြောင်း သူသိလိုက်သည်။
တေဇာ (လရောင်လမ်း)
1984 by George Orwell မှ Chapter 22 ကို ဆီလျော်သလို ထုတ်နှုတ်ပြန်ဆိုပါသည်။
Image: www.listoid.com

Comments
Post a Comment