Skip to main content

ပညာရေးဆိုင်ရာ အဆောက်အအုံသို့ အစီရင်ခံချက် [1] [မြင့်သန်း]

ပညာရေးအဆောက်အအုံရဲ့ လေးစားအပ်တဲ့ လူကြီးမင်းများခင်ဗျား။

ကျွန်တော့်ရဲ့ အတိတ်က မျောက်အဖြစ်နဲ့ ဖြစ်-ရှိခဲ့ရတဲ့ အနေအထားနဲ့ ပတ်သက်လို့ ပညာရေးဆိုင်ရာ အဆောက်အအုံမှာ ခုလို အစီရင်ခံစာတစ်စောင် တင်ခိုင်းတဲ့အတွက် ကျွန်တော့်ကို ဂုဏ်ပြုရာ ရောက်ပါတယ်။

လူကြီးမင်းတို့ စီမံထားတဲ့အတိုင်း တောင်းဆိုချက်တစ်ရပ်အပေါ် ကျွန်တော့်အနေနဲ့ အလုံးစုံမလိုက်လျောနိုင်တဲ့အတွက် ၀မ်းနည်းမိပါတယ်။ ခုဆို မျောက်ဘ၀နဲ့ ကင်းကွာလာတာ ငါးနှစ်ရှိခဲ့ပါပြီ။ ပြက္ခဒိန်အရတော့ သိပ်မကြာလှသေးပါဘူး။ သို့ပေတဲ့ ကျွန်တော်ဖြတ်သန်းလာခဲ့ရသလို ပုံမှန်ဖြတ်သန်းခဲ့ရမယ်ဆိုရင်ဖြင့် ရှည်ကြာလှပါတယ်။ ဖြတ်သန်းခဲ့ရတဲ့အတွင်းမှာဖြင့် လူတော်တွေလူကောင်းတွေ၊ အကြံဉာဏ်တွေ၊ ချီးကျူးသံ သြဘာသံတွေ၊ တီးဝိုင်းကြီးရဲ့ တီးမှုတ်သံတွေနဲ့ အတူပါ။ သို့ပေတဲ့ ပုံပေါ်အောင်ပြောရရင်ဖြင့် ကျွန်တော်က လှောင်အိမ်ထဲကဆိုတော့ တစ်ကိုယ်တော်ပေါ့။ တကယ်လို့ ကျွန်တော်ကသာ ကျွန်တော်ရဲ့ မျိုးရိုးဇာတိ၊ ငယ်စဉ်ဘ၀အဖြစ်အပျက် စတာတို့အပေါ်မှာသာ လိုလိုလားလားနဲ့ မှီတင်းနေခဲ့ရင် ဒီအောင်မြင်မှုတွေ ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကခံစားချက်တွေကို အလုံးစုံငြင်းဆိုလိုက်ခြင်းက အဓိကပါ။ လွတ်လပ်တဲ့မျောက်တစ်ကောင်ဖြစ်တဲ့ ကျွန်တော်ဟာ ဒီကန့်သတ်ခံရခြင်းတွေကို အသိအမှတ်ပြုပါတယ်။ ဒီ့အတွက် ကျွန်တော်ဟာ အတိတ်နဲ့ ဝေးလာစေခဲ့ပါတော့တယ်။ တကယ်လို့ ကျွန်တော့်ကို လာရာလမ်းပြန်စေလို့ ဆိုကြရင်ဖြင့် ကျွန်တော် ပြောစမ်းပါရစေ။ မိုးကုပ်စက်ဝိုင်းအောက်က ကျယ်ပြောလှတဲ့ ကျွန်တော်လာခဲ့ရာလမ်းဟာ ကျွန်တော့်နောက်မှာ ဖြည်းဖြည်းချင်း ကျဉ်းမြောင်းပိတ်ဆို့ရင်း ကျန်ခဲ့ပြီဆိုတာပါပဲ။ ကျွန်တော်ကတော့ ကျွန်တော့်ဘာသာ တစ်ဆင့်ချင်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပါပြီ။ ကျွန်တော်ကတော့ လူတို့ရဲ့ ကမ္ဘာကြီးအတွင်းမှာ ပိုပြီးအသားကျလာခဲ့ပါပြီ။ ကျွန်တော့်ကို တိုက်ခတ်နေတဲ့ မုန်တိုင်းလည်း အားပျော့လာခဲ့ပါပြီ။ ဒီနေ့ဆိုရင် လေပြေလေညင်းတွေက ကျွန်တော့်ရဲ့ခြေဖနောင့်ကိုတောင် အေးမြလာစေခဲ့ပါပြီ။ ဝေးလံတဲ့အရပ်တစ်ပါးမှာ ကျန်ခဲ့တဲ့ ကျွန်တော်ဝင်လာခဲ့တဲ့အပေါက်ဆိုရင်ဖြင့် အခုအခါ သိပ်ကျဉ်းမြောင်းနေပြီ။ တကယ်လို့များ ကျွန်တော့်မှာ ဆန္ဒရှိလို့ပဲဖြစ်ဖြစ်၊ ခွန်အားရှိလို့ပဲဖြစ်ဖြစ် ဒီအပေါက်ကို တိုးပြန်မယ်ဆိုရင် ကျွန်တော့်အရေခွံတွေ ခွာပစ်မှ ရတော့မယ်။ ရှင်းရှင်းပြောရရင် ဒါမျိုးတွေပြောတဲ့အခါ ဥပမာဥပစာစကားတွေ သုံးရတာမျိုးလည်း ကြိုက်ပါတယ်။ ရှင်းရှင်းပြောရရင် တစ်နည်းအားဖြင့် လူကြီးမင်းတို့ရဲ့ ကျန်ရစ်ခဲ့ပြီဖြစ်တဲ့ မျောက်ဖြစ်ခဲ့ရခြင်းအဖြစ်ဟာ ကျွန်တော်မျောက်ဖြစ်ခဲ့တာကို မငြင်းနိုင်သလိုပါပဲ။ ဒါပေတဲ့ ဘယ်သူမဆို ဒီကမ္ဘာကြီးမှာ ခရီးထွက်လာသူတိုင်း ဖနောင့်တော့ယားမှာပဲ။ မျောက်ကလေးပဲဖြစ်ဖြစ်၊ လူစွမ်းကောင်းကြီး အာချီလီပဲ ဖြစ်ဖြစ်။

ဘယ်လိုပဲဖြစ်ဖြစ် ခြုံငုံပြောရရင် လူကြီးမင်းတို့ စုံစမ်းမေးမြန်းတာတွေကို ကျွန်တော် ဖြေနိုင်ကောင်း ဖြေနိုင်ပါလိမ့်မယ်။ ဖြေဖို့လည်း ၀မ်းမြောက်ဝမ်းသာပါပဲ။ ပထမဆုံး ကျွန်တော် သင်ကြားတတ်မြောက်ခဲ့တာကတော့ လက်ဆွဲနှုတ်ဆက်ခြင်းပါပဲ။ လက်ဆွဲနှုတ်ဆက်တယ်ဆိုတာကဖြင့် ရင်းနှီးပွင့်လင်းမှုသဘောပါ။ ဒီနေရာမှာ တစ်ခုလောက်ဖြည့်စွက်ပြောပါရစေ။ ခုလို ကျွန်တော့်ဘ၀ရဲ့ အထွတ်အထိပ်ရောက်နေတဲ့ အနေအထားမှာ ကျွန်တော်ဟာ ပထမဆုံးလုပ်ခဲ့ရတဲ့ လက်ဆွဲနှုတ်ဆက်ခြင်းမှာ ဖော်ထုတ်ခဲ့တဲ့ ရင်းနှီးပွင့်လင်းမှုကို ဆက်လက်ပြုမူသွားမယ်ဆိုတဲ့ အကြောင်းပါ။ ပညာရေးအဆောက်အအုံကိုတော့ ကျွန်တော့်အနေနဲ့ အသစ်အဆန်းတွေထပ်ပြောနိုင်မယ်မထင်ပါဘူး။ အဲသလိုပဲ ကျွန်တော်နဲ့ပတ်သက်လို့ မေးမြန်းထားတာတွေလည်း ကုန်စင်အောင် ပြောနိုင်မယ်မထင်ပါဘူး။  စိတ်ရင်းကောင်းနဲ့ ပြောရရင်လည်း ကျွန်တော့်အနေနဲ့ ဖြေနိုင်မယ် မထင်ပါဘူး။ ဒါပေတဲ့ အတိတ်ကမျောက်တစ်ကောင်ဟာ ဘယ်နည်းဘယ်ပုံနဲ့ လူ့အဖွဲ့အစည်းထဲ ၀င်ရောက်လာတယ်၊ ဘယ်လိုအခြေကျလာတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်ပြောနိုင်လိမ့်မယ် ထင်ပါတယ်။ ဒီကိစ္စတွေရဲ့ နောက်ဆက်တွဲတစ်စုံတစ်ရာ အဆိုပြုဖို့၊ ကောက်ချက်ချဖို့ဆိုတဲ့ ကိစ္စများမှာတော့ ကျွန်တော်ဟာ သိပ်မသေချာလှပါဘူး။ အကြောင်းကတော့ ကျွန်တော်ဟာ လူ့အဖွဲ့အစည်းရဲ့ ဇာတ်ခုံကြီးပေါ်မှာ ပါဝင်ကခုန်နိုင်လောက်တဲ့ အခြေအနေကို ရောက်ပါရဲ့လားဆိုတာ မသေချာသေးလို့ပါ။

ကျွန်တော်က ရွှေကမ်းခြေ [2] က လာတာပါ။ ကျွန်တော့်ကို ဖမ်းလာတဲ့ အရပ်ပါ။ ဒါကလည်း သူတို့တတွေ အပြောအရလို့ ဆိုရမှာပဲ။ ဟာဂင်ဘတ်ကုမ္ပဏီက စေလွှတ်တဲ့ အမဲလိုက်အဖွဲ့က တစ်ညနေ ကျွန်တော်တို့အဖွဲ့ ရေစပ်ဆင်းအလာ သူတို့စောင့်နေတဲ့ ချုံစပ်ထဲက ပစ်ဖမ်းရာမှာ ကျွန်တော့်ကို ထိပါတယ်။ ထိသမှ နှစ်ချက်တောင်ပါ။ စကားမစပ် ဟာဂင်ဘက်က လွှတ်လိုက်တဲ့ တော်ပစ်အဖွဲ့က အဖွဲ့ခေါင်းဆောင်နဲ့ ကျွန်တော်ဟာ ၀ိုင်နီကောင်းကောင်း၊ ပုလင်းပေါင်းများစွာ အတူသောက်ဖြစ်ခဲ့ကြပါတယ်။

ကျွန်တော့်ရဲ့ပါးမှာ တစ်ချက်မှန်ပါတယ်။ သိပ်အကြီးအကျယ်တော့ မဟုတ်ပါဘူး။ ဒါပေတဲ့ အနီရောင်အမာရွတ်ကြီး ထင်ကျန်ရစ်ခဲ့ပါတယ်။ အဲဒီကစလို့ ကျွန်တော်လည်း မဆီမဆိုင် ပီတာငနီရယ်လို့ နာမည်တွင်တော့တာပါပဲ။ ဒီတော့လည်း ကျွန်တော့်ပါးက အနီမှတ်ကြီးကြောင့် ကျွန်တော်ဟာ မကြာခင်ကဆုံးသွားတဲ့ မျောက်ကြီးပီတာနဲ့ ကွဲကွဲပြားပြား ဖြစ်သွားရတာပေါ့။ အဲဒီပီတာကိုတော့ ဟိုနားဒီနားက အတော်ကလေး သိကြပါတယ်။ ဒါက ကြုံတုန်းပြောတဲ့ စကားပါ။
နောက်တစ်ချက်ကတော့ ကျွန်တော့် တင်ပါးအောက်ဘက် ထိပါတယ်။ ဒီအချက်ကတော့ အတော်ကလေး ဆိုးပါတယ်။ အဲဒီဒဏ်ကြောင့် ကျွန်တော်လည်း ခုထိ ထော့ကျိုးထော့ကျိုး ဖြစ်နေတာပါ။ မကြာခင်ကပဲ လေအလွန်များတဲ့ လူတွေထဲက တစ်ယောက်က ပြောတာ သတင်းစာမှာ ဖတ်ရပါတယ်။ သူက ကျွန်တော်ဟာ မျောက်စိတ်လုံးလုံးမကုန်သေးဘူးတဲ့။ စွဲချက်အတွက် သူပေးတဲ့ အထောက်အထားက ကျွန်တော့်ထံ လာတွေ့ဆုံသူတွေကို ဘောင်းဘီချွတ်ချွတ်ပြီး ကျွန်တော့် ကျည်ဆန်အရာတွေကို ပြလို့တဲ့။ ဒီငနဲ့ရဲ့ စာရေးတဲ့လက်က လက်ချောင်းကလေးတွေကိုတော့ တစ်ချောင်းချင်း ဖြတ်ပစ်ဖို့ ကောင်းပါတယ်။ ကျွန်တော်၊ ကျွန်တော့်အနေနဲ့ သင့်လျော်တယ်ထင်တဲ့ ဘယ်သူ့ရှေ့မှာမဆို ဘောင်းဘီချွတ်ပြမှာပါ။ ဘာမှလည်း ထွေလီကာလီ တွေ့ကြမှာ မဟုတ်ပါဘူး။ သပ်သပ်ရပ်ရပ် ဖြီးသင်ထားတဲ့ အမွေးအမှင်တွေနဲ့ ဒဏ်ရာပါ။ ဒဏ်ရာက- ဒီနေရာမှာလည်း အံဝင်ခွင်ကျဖြစ်အောင် စကားလုံးရွေးသုံးရရင်- ဒဏ်ရာက အလွန်အကျူးဆိုးရွားစွာ ပစ်ထည့်လိုက်တဲ့ သေနတ်ကြောင့်ပါ။ လူသူလေးပါးကြည့်ရင် မြင်စေချင်လို့ပါ၊ ဘာမှ ဖုံးဖိကွယ်ကာထားစရာ မလိုပါဘူး။ သဘောထားပြည့်ဝတဲ့ ဘယ်ပုဂ္ဂိုလ်မျိုးမဆို အမှန်တရားကိုဖော်ထုတ်တယ်ဆိုရာမှာ ဟန်တွေပန်တွေ၊ အမူအကျင့်တွေကို ထည့်စဉ်းစားနေစရာ မလိုပါဘူး။ တခြားတစ်ဖက်ကပြောမယ်ဆိုရင်တော့ တကယ်လို့ အဲဒီစာရေးဆရာသာ လူသူလေးပါးရှေ့မှာ ဘောင်းဘီချွတ်ပြမယ်ဆိုရင်တော့ ဒါကတော့ တစ်မျိုးပေါ့လေ။ သူ့အနေနဲ့ ဆင်ခြင်တုံတရားရှိတယ်ဆိုရင်တော့ အဲသလိုလုပ်မယ် မထင်ပါဘူး။ ကိုင်း…ဒီတော့ ကျွန်တော် လုပ်တာကိုင်တာတွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ နားလည်သဘောပေါက်ပြီး ၀င်မရှုပ်စေချင်ဘူး။

အဲဒီလို သေနတ်နဲ့ အပစ်ခံရပြီး မကြာခင်ပဲ ကျွန်တော် သတိပြန်လည်လာပါတယ်။ ဒီမှာပဲ ကျွန်တော် အမှတ်ရနေတဲ့အကြောင်းတွေ စခဲ့တယ် ခေါ်ရလိမ့်မယ်။ ကျွန်တော် သတိရတော့ ဟာဂင်ဘက် မီးသင်္ဘောရဲ့ ကုန်းပတ်ပေါ်က လှောင်အိမ်ထဲမှာပါ။ လှောင်အိမ်ဆိုပေတဲ့ လေးဖက်လေးတန်မှာ တန်းတွေနဲ့ဟာမျိုး မဟုတ်ပါဘူး။ တန်းတွေက သုံးဖက်မှာပဲရှိပြီး တစ်ဖက်က သေတ္တာကြီးတစ်ခုပါ။ ဒါကြောင့် သေတ္တာဟာ စတုတ္ထမြောက် နံရံတစ်ဖက်လို့ ဆိုရပါမယ်။ တစ်ခုလုံးကတော့ အတော်နိမ့်ပါတယ်။ ဒီတော့လည်း ကျွန်တော် မတ်တပ်ရပ်လို့မရဘူး။ ဒီတော့လည်း ကျွန်တော့်အနေနဲ့ ဆောင့်ကြောင့်ထိုင်သလို ဒူးကိုကွေးထားရတော့ ဒူးတွေလည်း တုန်နေတာပေါ့။ အစပိုင်းမှာတော့ ဘယ်သူ့ကိုမှလည်း မတွေ့ချင်၊ မကြည့်ချင်၊ မှောင်ထဲမှာပဲ တစ်ကိုယ်တည်းနေချင်တော့ သေတ္တာရှိတဲ့ဘက်ကိုသာ မျက်နှာမူပြီး နေတော့တာပါပဲ။ ဒီတော့လည်း ကျွန်တော့်ရဲ့နောက်ကျောဘက်တွေကို တိုင်တွေက ရှတော့တာပေါ့။ ဒီနေ့များမှာတော့ ဖမ်းပြီးစ တိရစ္ဆာန်တစ်ကောင်ကို အဲသလိုထားရင် အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုကြပါတယ်။  ကျွန်တော့်အဖို့တော့ ကိုယ့်အတွေ့အကြုံလည်းရှိထားပြီး လူသားတစ်ယောက်ရဲ့နေရာက ပြန်လည်ရှုမြင်သုံးသပ်ရမယ်ဆိုရင်တော့ အလွန်စဉ်းစားစရာကောင်းလှတဲ့ အချက်လို့ ဆိုရပါမယ်။

အဲဒီတုန်းကတော့ ဒါတွေ မစဉ်းစားမိပါဘူး။ ကျွန်တော့်ဘ၀မှာ ပထမဦးဆုံးအနေနဲ့ ထွက်ပေါက်မရှိဘူးဆိုတာကို တွေ့သိရလို့ပါ။ ကျွန်တော့်ရှေ့မှာလည်း ဒီလိုမျိုးမှ မရှိခဲ့ဖူးကိုး။ ကျွန်တော့်ရဲ့ ရှေ့တည့်တည့်မှာက သေတ္တာ၊ ကုန်းပေါင်နဲ့ အသေအချာတွဲထားတဲ့ သေတ္တာ။ ဒီနှစ်ခုကြားထဲမှာက အကြားလေးတစ်ခုရှိတယ်။ ကျွန်တော်က အဲဒီအကြားကလေးကို တွေ့ခါစကဆိုရင် အိုးတိုးအတနဲ့ အားပါးတရ အော်မိသေးတာ။ ဒီအကြားလေးကလည်း ကျွန်တော့်အမြီးတောင် ကောင်းကောင်းမ၀င်ချင်ပါဘူး။ မျောက်တစ်ကောင်ရဲ့အားနဲ့လည်း ဘယ်မှာ ချဲ့နိုင်မှာလဲ။

ပြန်ပြောပြလို့ သိရတာက ကျွန်တော်က ပုံမှန်အသံမျိုးမဟုတ်တဲ့ အသံမျိုးလေး လုပ်အော်လေ့ရှိတယ်ဆိုပဲ။ ဒီတော့ သူတို့တွေထင်တာက ကျွန်တော်ဟာ သေတော့မှာမို့လား၊ ဒါမှမဟုတ် ဒီကာလလေးကို ကျော်လွှားနိုင်ခဲ့လို့ မသေတော့ဘူးဆိုရင် ကျွန်တော်ဟာ အတော့်ကို သင်လို့ကြားလို့ရမယ့် မျောက်ကလေးဖြစ်လာမယ်ပေါ့။ ကျွန်တော်ဟာ အဲဒီကာလကို ကျော်လွှားနိုင်ခဲ့ပါတယ်။ တိတ်တိတ်ကလေး ငိုနေတာ၊ သန်းကလေးတွေကို လိုက်ဖမ်းရင်း နာကျင်ရတာ၊ အုန်းသီးကို မောပန်းတဲ့အထိ လျှက်နေမိတာ၊ ခေါင်းကို သေတ္တာနံရံနဲ့ ဆောင့်နေတာ၊ အနီးအနား လာသမျှလူတွေကို လျှာထုတ်ပြတာ။ ကျွန်တော်ဟာ အဲသလိုလုပ်ရင်း ဘ၀သစ်ရဲ့အစမှာ အချိန်ကုန်ခဲ့ရပါတယ်။ ခုလို ပြုမူနေတာရဲ့ တစ်ခုတည်းသော ခံစားချက်ကတော့ ကျွန်တော့်မှာ လွတ်လမ်းမရှိတော့လို့ပါ။ တကယ်တော့ မျောက်ဘ၀မှာ တွေ့ကြုံခံစားခဲ့တာတွေကို ခုလူ့ဘ၀မှာ လူတို့ရဲ့ဘာသာစကားနဲ့ ဖော်ပြနေရတဲ့အတွက် အနက်ယူလွဲမှားမှုတွေ ရှိနိုင်ပါတယ်။ သို့ပေတဲ့ ခုနေအခါ  ကျွန်တော့်အနေနဲ့ မျောက်တွေရဲ့ အမှန်တရားရှုထောင့်ကနေ မပြောဆိုနိုင်တော့ပေတဲ့ ကျွန်တော့်ရဲ့ဖော်ပြချက်တွေဟာ အမှန်တွေပါ။ ဒီ့အတွက်တော့ သံသယမရှိကြစေချင်ပါဘူး။

ခုထိ ကျွန်တော့်မှာ လွတ်လမ်းတွေ ရှိခဲ့ပါတယ်။ ခုတော့ မရှိတော့ပါဘူး။ ကျွန်တော်ဟာ မလိုလားအပ်တဲ့ အခြေအနေ ပြောင်းခဲ့ရတာကိုး။ တကယ်လို့သာ သူတို့က ကျွန်တော့်ကိုသာ ချုပ်နှောင်ထားခဲ့ရင် ကျွန်တော့်ရဲ့ လွတ်လွတ်လပ်လပ်လှုပ်ရှားမှုတွေဟာ ပိုလို့ အတားအဆီးဖြစ်မှာ မဟုတ်ဘူး။ ဘာကြောင့်ပါလဲ။ ခြေကြားကိုဖြဲပြီး ကုတ်ကြည့်ဦးတော့ အဖြေတွေ့လိမ့်မယ်မထင်ဘူး။ လှောင်အိမ်ထဲက တိုင်တွေကို ကျောနဲ့ တအားမှီပြီး စဉ်းစားကြည့်ဦး ဘာကြောင့်လဲဆိုတဲ့ ဆင်ခြေကို ရမှာမဟုတ်ဘူး။ ကျွန်တော့်မှာ လွတ်လမ်းမရှိပါဘူး။ ဒီတော့ ကျွန်တော် ဖန်တီးယူရပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ကျွန်တော့်အဖို့ ဆက်ရှင်သန်နေစရာ အကြောင်း မရှိပါဘူး။ သေတ္တာရဲ့ ဒီဘက်အခြမ်း၊ အတွင်းထဲမှာ နေ-နေရလို့ဖြင့် ကျွန်တော် သက်ဆိုးရှည်မှာမဟုတ်ပါဘူး။ ဟာဂင်ဘက်ကုမ္ပဏီက မိထားတဲ့ မျောက်တွေကတော့ သေတ္တာရဲ့အတွင်းဘက်မှာသာ နေရတော့တာကိုး။ ဒီတော့ ကျွန်တော့်အဖို့ မျောက်အဖြစ်နဲ့နေရခြင်းကို ပြီးဆုံးပစ်ရတော့မှာပါ။ ဒီတော့လည်း အင်မတန် ကြည်လင်လှပတဲ့ စိတ်ကူးစိတ်သန်းတွေ ကျွန်တော်ရရှိလာပါတယ်။ ဒီစိတ်ကူးတွေဟာ တစ်နည်းနည်းနဲ့ ကျွန်တော့်ဝမ်းဗိုက်ထဲမှာ သန္ဓေတည်ခဲ့တာကိုး။ မျောက်ဆိုတာကလည်း ဗိုက်နဲ့စဉ်းစားတာ မဟုတ်ဘူးလား။

ကျွန်တော်က “လွတ်လမ်း” ဆိုတဲ့ စကားလုံးကို သုံးစွဲတဲ့အတွက် တချို့က အနက်ကောက်လွဲကောင်းလွဲနိုင်ပါတယ်။ ကျွန်တော်သုံးစွဲလိုက်တာက အများသုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့်သဘောပါ။ “လွတ်လပ်ခြင်း” ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ သုံးတာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုတာက ဘယ်လိုမှ အတားအဆီး အချုပ်အနှောင်မရှိတဲ့ လွတ်လပ်ခြင်းသဘောမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဒီသဘောကိုနားလည်ရတာက ကျွန်တော်မျောက်ဘ၀က အဲဒီလိုမျိုး စိတ်ကူးယဉ်နေတဲ့လူတွေကို တွေ့ခဲ့ဖူးလို့ပါ။ ကျွန်တော့်အတွက်ပြောရရင်တော့ ဒီကနေ့မှာ ကျွန်တော်ရရှိနေတဲ့ လွတ်လပ်မှုထက် ပိုပြီးရဖို့ ဆန္ဒမရှိပါဘူး။ စကားမစပ်ပြောရရင် လူတွေဟာ လွတ်လပ်ခြင်းဆိုတာနဲ့ပတ်သက်ပြီး တယ်ပြီး စိတ်ကူးယဉ်ကြတာကိုး။ တကယ်တော့ လွတ်လပ်ခြင်းဆိုတာက သိမှတ်ခံစားနိုင်တဲ့အထဲမှာ အကောင်းဆုံးကိုး။ ဒီတော့လည်း အဲဒီကိုစိတ်ကူးယဉ်တော့ ယဉ်လို့ကောင်းနေတာပေါ့။ တစ်ခါတလေ ကြည့်ချင်ပွဲတွေမှာ ကျွန်တော့်အလှည့်ကိုစောင့်ရင်း ကောင်းကင်ဘာကျွမ်းကစားတာတွေကို ကြည့်မိတယ်။ ရုံရဲ့အမိုးအောက်မှာ လေထဲ ခုန်၊ ပျံ၊ ကျော်၊ လွှား၊ တစ်ယောက်နဲ့တစ်ယောက် လေထဲမှာ ကူးလူးနေကြပုံ တွေ့ရတယ်။ တစ်ယောက်များဆိုရင် တခြားတစ်ယောက်ရဲ့ ဆံပင်ကို ပါးစပ်နဲ့ကိုက်ထားရင်း အဲဒီတစ်ယောက်ရဲ့ တစ်ကိုယ်လုံးကို ဆွဲထားနိုင်တာ။ ဒါတွေဟာ လူတွေရဲ့ လွတ်လပ်ခြင်းဆိုတာပဲ။ လူတွေဖန်တီးထားတဲ့ ဆန်းကြယ်တဲ့အပြုအမူတွေပဲ ထင်မိတယ်။ သဘာဝတရားရဲ့ ဖန်တီးထားချက်တွေကို လိုက်တုပထားကြတာကိုး။ အဲဒါကိုများ မျောက်တွေကသာ ၀ိုင်းကြည့်ပြီး ရယ်လိုက်ကြရင်ဖြင့် အဆောက်အအုံတွေတောင် ပြိုသွားနိုင်ပါသေးရဲ့။

လွတ်လပ်ခြင်းကို ကျွန်တော်လိုချင်တာမဟုတ်ပါဘူး။ ကျွန်တော်က လွတ်လပ်ချင်တာပါ။ ဘယ်ဖြစ်ဖြစ်၊ ညာဖြစ်ဖြစ်၊ ဘယ်ကိုပဲဖြစ်ဖြစ် ကျွန်တော့်မှာ တခြားတောင်းဆိုစရာဆိုလို့လည်း ရှိမှမရှိဘဲကိုး။ လွတ်ချင်တယ်ဆိုတာကိုက စိတ်ကူးယဉ်မှားတာလည်း ဖြစ်မှာပါ။ ကျွန်တော့်တောင်းဆိုချက်က သိပ်ကြီးကြီးမားမားမဟုတ်လေတော့ ကျွန်တော့်စိတ်ကူးယဉ်မှုကလည်း သိပ်မကြီးပေဘူးပေါ့။ ဆက်လုပ်ကိုယ့်လူရေ၊ ဆက်လုပ်။ လက်ကလေးနှစ်ချောင်းမြှောက်ပြီး ရပ်နေမယ့်အစား၊ ဘေးဘီလည်း တွန်းကြည့်ဦးပေါ့။

ဒီကနေ့တော့ အရာရာကို ထင်လင်းစွာ မြင်လိုက်မိပါတယ်။ စိတ်ရဲ့အတွင်းသား ငြိမ်းအေးမှုမရရင်ဖြင့် ကျွန်တော့်အတွက် လွတ်လမ်းရှိမယ်မဟုတ်ဘူး။ အချက်တစ်ရပ်အနေနဲ့ ပြောရမယ်ဆိုရင် ဒီကနေ့ ကျွန်တော့်ရဲ့အနေအထားဟာ ကျွန်တော်အဖမ်းခံရပြီး၊ သင်္ဘောပေါ်ရောက်ပြီး ပထမ လေး-ငါးရက်အကြာမှာ ရရှိခဲ့တဲ့ ငြိမ်းအေးမှုကြောင့်ပါ။ အဲဒီ ငြိမ်းအေးမှုအတွက်တော့ သင်္ဘောပေါ်ကလူတွေကို ကျေးဇူးတင်ရမှာပါ။

ဘာပဲဖြစ်ဖြစ် သင်္ဘောပေါ်ကလူတွေဟာ လူကောင်းတွေပါ။ ကနေ့အထိ သတိရနေသေးတာကတော့ သူတို့ရဲ့ ခြေသံပြင်းပြင်းတွေပါပဲ။ ကျွန်တော်တော့ ငိုက်နေတဲ့အခါမှာတောင် သူတို့ခြေသံတွေ ကြားနေတတ်တယ်။ ဒီလူတွေက ဘာလုပ်လုပ် ဖြေးဖြေးပဲ လုပ်လေ့ရှိတတ်တယ်။ ဆိုကြပါစို့၊ သူတို့ထဲက တစ်ယောက်ယောက်က မျက်လုံးကို ပွတ်ချင်တယ်ဆိုရင် လက်ကိုလှုပ်နေတာက ခဲဆွဲထားသလိုပါပဲ။ ရယ်စရာပြောတဲ့အခါများဆိုရင် ပက်ပက်စက်စက်ပြောတတ်ပေတဲ့ စိတ်ရင်းက ကောင်းကြပါတယ်။ သူတို့က ရယ်များရယ်တဲ့အခါ မကြားဝံ့တဲ့အသံမျိုးနဲ့ ရယ်တတ်ကြပေတဲ့ အန္တရာယ်ရှိလှတယ်တော့ မဟုတ်ပါဘူး။ သူတို့တစ်တွေရဲ့ ပါးစပ်ထဲမှာ အမြဲတမ်း တစ်ခုခုငုံထားတတ်ကြတော့ ဟိုဟိုဒီဒီ ပစ်ခနဲထွေးတတ်ကြတယ်။  ကျွန်တော့်ကိုယ်ပေါ်သန်းတွေ သူတို့ပေါ် တက်ကုန်ပြီလို့ တိုင်ကြတောကြတတ်ပေတဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်အပေါ် စိတ်ဆိုးခဲ့ကြတာ မရှိပါဘူး။ သန်းလေးတွေဟာ ကျွန်တော့်ရဲ့ အမွှေးတွေထဲမှာ ကြီးပြင်းကြပြီးတဲ့နောက် သန်းတို့ရဲ့သဘာဝအတိုင်း ခုန်ကြတာပဲလို့ သူတို့က လက်ခံကြတာကိုး။ တစ်ခါတလေများ သူတို့လုပ်စရာရှိတာ လုပ်ကိုင်ပြီးရင် ကျွန်တော့်လှောင်အိမ်နားလာပြီး ၀ိုင်းပတ်ထိုင်ကြတော့တာ။ စကားတွေဘာတွေတော့ သိပ်မပြောကြပါဘူး။ သူတို့ အချင်းချင်းတော့ တို့တိတို့တိ ပြောတတ်ကြတယ်။ ဆေးတံလေးဘာလေးသောက်ရင်း သေတ္တာကို ဆေးတံနဲ့ ခေါက်တတ်ကြတယ်။ ကျွန်တော်က နည်းနည်းပါးပါးလှုပ်ရှားလိုက်တယ်ဆိုရင်ပဲ သူတို့က သဘောကျလို့ သူတို့ဒူးကို သူတို့လက်နဲ့ ရိုက်တတ်ကြတယ်။ မကြာမကြာတော့ ကျွန်တော်ယားတတ်တဲ့နေရာတွေကို တုတ်နဲ့ထိုးပြီး ကလိထိုးတတ်၊ စတတ်ကြတယ်။ ခုနေများ အဲဒီသင်္ဘောနဲ့ ခရီးသွားရအောင်လို့ ဖိတ်ကြားခံရရင် ကျွန်တော်တော့ ငြင်းရလိမ့်မယ်။ သို့ပေတဲ့ ကျွန်တော်မှတ်မိသရွေ့တော့ အဲဒီတုန်းက အဖြစ်အပျက်တွေအားလုံးဟာ အဆိုးချည်းပဲလည်း မဟုတ်ခဲ့ကြပါဘူး။

ဒီ့ပြင်ပြောရရင်ဖြင့် ဒီလူသိုက်ဆီကရခဲ့တဲ့ အေးငြိမ်းမှုက ကျွန်တော်လွတ်မြောက်ဖို့ ကြံဆနေတာကို တားမြစ်ခဲ့တယ်ဆိုရမယ်။ ခုနေ အတိတ်ကိုပြန်ကြည့်မယ်ဆိုရင် ကျွန်တော်မြင်မိတာက ဟိုစဉ်ကတည်းက ကျွန်တော်ဟာ အသက်ရှင်သန်နေဖို့ ကျွန်တော့်အနေနဲ့ လွတ်လမ်းကိုရှာရမယ် ဆိုတာပါပဲ။ လွတ်လမ်းလို့ ဆိုပေတဲ့ လွတ်ထွက်ပြေးဖို့ မဟုတ်ပါဘူး။ ဟိုစဉ်က လွတ်ထွက်ပြေးဖို့ဆိုတာ တကယ်ပဲဖြစ်နိုင်ရဲ့လားဆိုတာ အသေအချာတော့ ကျွန်တော် မမှတ်မိပါဘူး။ ဒါပေတဲ့ ဖြစ်နိုင်တယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ မျောက်တစ်ကောင်အတွက်ကတော့ဖြင့် လွတ်လမ်းဆိုတာ အမြဲတမ်းဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ခုနေတော့ ကျွန်တော့်ရဲ့သွားတွေဟာ သစ်ချသီးလေး၊ မြေပဲလေးစားရင်တောင် သတိထားနေရပေတဲ့ ဟိုတုန်းကတော့ လှောင်အိမ်တံခါးက ပတ္တာကို ကိုက်ဖြဲဖျက်ဆီးပြီး ထွက်ပြေးနိုင်လောက်ပါတယ်။ သို့ပေတဲ့ ကျွန်တော် အဲသလို မလုပ်ခဲ့ပါဘူး။ ကျွန်တော့်အတွက် ဘာအကျိုးရှိမှာမို့လဲ။ ကျွန်တော့်ခေါင်းတစ်လုံး အပြင်ဘက်ရောက်တယ်ဆိုတာနဲ့ ပြန်အဖမ်းခံရမှာပဲ။ ဖမ်းမိတဲ့အခါ အခုထက်ပိုဆိုးတဲ့ လှောင်အိမ်ထဲ ထည့်ပစ်လိုက်ကြမှာ။ ဒါမှမဟုတ်လို့ လွတ်ပြေးရင်း တခြားတိရစ္ဆာန်လှောင်အိမ်ထဲ ရောက်ချင်ရောက်သွားမှာ။ ဆိုကြပါစို့ ကျွန်တော့်လှောင်အိမ်ရဲ့ တခြားဘက်မှာရှိတဲ့ စပါးကြီးမြွေလှောင်အိမ်လိုဟာမျိုး။ အဲဒီထဲများရောက်သွားရင်ဖြင့် ကျွန်တော့်ဘ၀ အဲဒီတွင် အဆုံးသတ်ရပေတော့မှာ။ အဲသလိုမျိုးတွေမဖြစ်ဘဲ ကျွန်တော်လွတ်ထွက်ပြေးရင်း ကုန်းပတ်ပေါ်ရောက်သွားပြီပဲ ဆိုပါစို့၊ အဲဒီကတစ်ဆင့် ရေထဲခုန်ချဖို့ ရှိတော့တာ။ ရေထဲခုန်ချလိုက်ရင် ခဏတော့ ဟုတ်သပေါ့။ အတော်လည်းကြာရော ရေထဲမြုပ်သွားတော့မှာပေါ့။ ဒီနည်းကတော့ဖြင့် အလွန်ဆိုးရွားလှတဲ့ ပြဿနာဖြေရှင်းနည်းပါ။ ကျွန်တော့်အနေနဲ့က လူတွေတွေးသလို မတွေးတတ်သေးပေတဲ့ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေကြောင့် လူတွေလို တွေးကြည့်မိခဲ့တယ်ထင်ပါရဲ့။

ကျွန်တော့်အနေနဲ့ မတွေးဘူး၊ မဆင်ခြင်တတ်ဘူးဆိုပေတဲ့ ခပ်ငြိမ်ငြိမ်ကလေး ကြည့်ရှုလေ့လာတတ်ပါတယ်။ လူတွေ သွားချည်လာချည်နဲ့ လမ်းလျှောက်နေတာကို ကျွန်တော်ကြည့်နေတတ်ပါတယ်။ မျက်နှာတွေကလည်း တစ်ပုံစံတည်း၊ လှုပ်ရှားပုံတွေကလည်း အတူတူဆိုတော့ တစ်ခါတလေများတော့ စိတ်ထဲမှာ သင်းတို့ဟာ တစ်ယောက်တည်းလို့တောင် တွေးမိပါတယ်။ ဒီလူတစ်ယောက်၊ ဒါမှမဟုတ် ဒီလူတွေဟာ အနှောင့်အယှက် အတားအဆီးမရှိ သွားလာနေကြတာပါ။ သူတို့ကိုကြည့်ရင်း ကျွန်တော် အားကျလာမိတယ်။ ကျွန်တော်သာ သူတို့လို ပြုမူလာမယ်ဆိုရင် ကျွန်တော့်ကို လှောင်အိမ်ထဲက လွှတ်မယ်လို့တော့ ဘယ်သူကမှ အာမမခံကြပါဘူး။ အဲဒီလို အာမခံဖို့ဆိုတာကတော့လည်း သိပ်မဖြစ်နိုင်တာကများလေတော့ အာမမခံကြဘူးပေါ့။ ဖြစ်နိုင်တယ်ပဲထားဦး အာမခံကြတယ်ဆိုတဲ့တိုင် ဒါမျိုးဆိုတာက လျော်ပစ်လို့လည်း ရသေးတာ။ တကယ်တော့ လူတွေနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ တပ်မက်စရာ မမြင်မိပါဘူး။ တကယ်လို့သာ ရှေ့မှာ ကျွန်တော်ပြောခဲ့သလို ကျွန်တော်ဟာ လွတ်လပ်ခြင်းကို စိတ်သန်သပါ့ဆိုရင် ကျွန်တော့်အနေနဲ့ ပင်လယ်ထဲခုန်ချလိုက်တာပဲ ကောင်းမယ်ဆိုတာကို ဒီလူတွေရဲ့မျက်နှာမှာ ပေါ်နေသလိုပါပဲ။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ခုလိုအခြေအနေမျိုးရောက်မလာခင် အချိန်အတော်ကြာအောင် သူတို့ကို ကျွန်တော် ကြည့်နေမိတတ်ပါတယ်။ ဒီလိုကြည့်ရှုလေ့လာခြင်း ပြုခဲ့တာကြောင့်ပဲ ကျွန်တော်ဟာ လမ်းမှန်ရောက်ခဲ့တယ်လို့ ဆိုရပါမယ်။

သူတို့ကို အတုခိုးဖို့က လွယ်ပါတယ်။ ပထမနေ့မှာပင် ကျွန်တော့်ပါးစပ်က ထွေးတတ်လာပါတယ်။ ဒီတော့ ကျွန်တော်တို့ တစ်ယောက်မျက်နှာကိုတစ်ယောက် တံတွေးနဲ့ ထွေးကြပါတယ်။ သူတို့နဲ့ ကျွန်တော်နဲ့ ကွာတာက ပြီးတာနဲ့ ကျွန်တော်က ကျွန်တော့်မျက်နှာကို သန့်စင်ပစ်ပါတယ်။ သူတို့ကတော့ မလုပ်ကြဘူး။ သိပ်မကြာခင်မှာပဲ ကျွန်တော် ဆေးတံသောက်တတ်လာပါတယ်။ အဘိုးကြီးတစ်ယောက်လိုပေါ့ဗျာ။ ကျွန်တော်က ဆေးတံဆေးအိုးထဲကို လက်မများနှိပ်ထည့်လိုက်တဲ့အခါ သင်္ဘောတစ်စီးလုံး ၀ိုင်းပြီး သြဘာပေးကြတာ။ ဒါပေတဲ့ အတော်ကလေးကြာတဲ့အထိ ကျွန်တော် နားမလည်တာရှိတယ်။ ဒါက ဆေးတံဆေးအိုးထဲမှာ ဆေးဖြည့်ထားတာနဲ့ ဆေးမရှိတာနဲ့ ဘာကွာလဲဆိုတာပဲ။
ကျွန်တော့်အတွက် အကြီးမားဆုံးအခက်အခဲက အရက်ပုလင်းပဲ။ အနံ့က မခံမရပ်နိုင်အောင်ပါ။ အရက်နံ့ခံနိုင်လာဖို့ ရက်သတ္တ အတော်ကြာအောင် ကြိုးစားရပါတယ်။ ခုလို ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတစ်ရပ်ကို ဒီလူတွေက အတော်ကလေး လေးလေးစားစား ရှိလာကြပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလူတွေကို ဘယ်သူဘယ်ဝါရယ်လို့ မမှတ်မိတော့ပါဘူး။ သို့ပေတဲ့ သူတို့ထဲက တစ်ယောက်ကဖြင့် သူတစ်ယောက်တည်းဖြစ်ဖြစ်၊ သူ့မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် ကျွန်တော့်ဆီ နေ့မရွေးညမရွေး၊ အချိန်မရွေးပေါက်ချလာတတ်ပါတယ်။ လာတဲ့အခါ ကျွန်တော့်ရှေ့မှာရပ်ပြီး ကျွန်တော့်ကို အရက်ပုလင်းပေးရင်း အရက်သောက်နည်း သင်တန်းပေးတော့တာကိုး။ မျောက်ဆိုတာ ဘာလဲဆိုတာကိုလည်း သူက သိပ်ပြီး သဘောပေါက်ပုံ မပေါ်ပါဘူး။ ကျွန်တော့်ရဲ့ အနေအထားကို ဖြေရှင်းပေးချင်ပုံ ရပါတယ်။ သူက ပုလင်းအဖုံးကို ဖြေးဖြေးဖွင့်ရင်း ကျွန်တော့်ကို လှမ်းကြည့်ပါတယ်။ သဘောကတော့ သူလုပ်နေတာကို ကျွန်တော် နားလည်ရဲ့လားပေါ့။ အမှန်ဝန်ခံရရင် သူလုပ်သမျှကို ကျွန်တော် စိတ်ပါလက်ပါ အားတက်သရော ကြည့်လေ့ရှိပါတယ်။ ဘယ်လူသားဆရာမှာမှ ကျွန်တော့်လို စိတ်အားထက်သန်လှတဲ့ လူသားတပည့်တစ်ယောက် ရှာလို့ရမှာ မဟုတ်ပါဘူး။ ပုလင်းအဖုံး ပွင့်သွားပြီဆိုတဲ့အခါ ပုလင်းကို ပါးစပ်အနား မြှောက်လိုက်ပါတယ်။ ကျွန်တော်ကတော့ သူ့လည်ချောင်းအထိ လိုက်ကြည့်နေမိတယ်။ သူက ကျွန်တော့်ကို ကျေနပ်စွာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ပုလင်းကို သူ့နှုတ်ခမ်းနဲ့ တေ့လိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ နားလည်နိုင်အောင် ကြိုးစားအားထုတ်နေရင်းက နားမလည်နိုင်တော့လည်း ဟိုကုတ်ဒီကုတ်ပြီး အသံများထွက်အောင်တောင် အော်မိပါတယ်။ သူကတော့ ကျေနပ်နေပုံပါ။ ပုလင်းဝကို ပါးစပ်ထဲထည့်ပြီး အရက်တစ်ကျိုက် မျိုလိုက်ပါတော့တယ်။ ကျွန်တော်က သူ့လို သိပ်ပြီးလုပ်ချင်သွားတယ်။ သူက ကျေနပ်သွားပုံရပေတဲ့ ကျွန်တော်က လှောင်အိမ်ထဲမှာ နေမထိထိုင်မသာ ဖြစ်နေမိတယ်။ သူက ပုလင်းကိုင်ထားတဲ့လက်ကို နှိမ့်ချလိုက်တယ်။ ပြီးမှ အရှိန်နဲ့ တစ်ချက်တည်း လက်ကိုလွှဲ၊ ပုလင်းကို သူ့ပါးစပ်နဲ့တေ့ပြီး တစ်ခါတည်းအကုန်မော့ချလိုက်တာ။ ကျွန်တော့်အဖို့မှာတော့ သူ့ကိုကြည့်ရတာရယ်၊ ကျွန်တော်ကိုယ်တိုင် လုပ်ချင်လာတဲ့ ဆန္ဒတွေရယ်ကြောင့် အတော်ပန်းသွားပါတယ်။ သူလုပ်တာ ဆက်လက်မကြည့်နိုင်တော့လို့ လှောင်အိမ်ကတန်းတွေကိုပဲ ချည့်ချည့်နဲ့နဲ့နဲ့ ကိုင်ထားမိပါတော့တယ်။ သူကတော့ သီဝရီပိုင်းဆိုင်ရာ ပြသပြီးလို့မို့ သူ့ဗိုက်ကိုသူပွတ်ရင်း အသာပြုံးလိုက်ပါတော့တယ်။
ခုမှ ကျွန်တော့်အတွက် လက်တွေ့လေ့ကျင့်ခန်း စရတော့မှာပါ။ သီဝရီလေ့လာရတာနဲ့ ကျွန်တော် မပင်ပန်းသေးဘူးလားလို့ မေးကြရင်ဖြင့် အလွန်ပင်ပန်းတာကတော့ အမှန်ပါလို့ ကျွန်တော် ပြောရမှာပါပဲ။ သို့ပေတဲ့ ကျွန်တော့်အကျိုးပေးက ဒီလိုဖြစ်နေတာကိုး။ ဒီတော့လည်း ကျွန်တော့်ကို လှမ်းပေးလိုက်တဲ့ အရက်ပုလင်းကို ဟန်ပန်တကျ လှမ်းယူလိုက်မိပါတယ်။ အဖုံးကို တုန်တုန်ယင်ယင်နဲ့ပဲ ဖွင့်လိုက်ပါတယ်။ အဖုံးပွင့်သွားတယ်ဆိုရင်ပဲ ယုံကြည်ချက်ကလေးရှိလာတော့ အားရှိလာတယ်ပေါ့။ ကျွန်တော့်ဆရာလုပ်တာနဲ့ တစ်သွေမတိမ်းတူတဲ့ အပြုအမူအတိုင်း ပုလင်းကို နှုတ်ခမ်းနဲ့ တေ့လိုက်မိပါတယ်။ ဒါပေတဲ့ ချက်ချင်းပဲ လွှင့်ပစ်လိုက်မိပါတယ်။ လွှင့်ပစ်ရအောင်ပဲ အနံ့က မခံမရပ်နိုင်ကိုး။ ဒါတောင် ပုလင်းက အလွတ်၊ ပုလင်းထဲမှာ အနံ့ပဲ ရှိတော့တာ။ ကျွန်တော့်ဆရာကတော့ စိတ်ပျက်သွားပါတယ်။ ကျွန်တော်လည်း အတော့်ကို စိတ်ပျက်သွားမိပါတယ်။ ကျွန်တော့်အနေနဲ့က ပုလင်းကို လွှင့်ပစ်လိုက်ပြီးတဲ့နောက် မျောက်တို့ထုံးစံအတိုင်း ဗိုက်ကိုပွတ်ရင်း ပြုံးဖြီးဖြီးလုပ်နေမိပေတဲ့ သူရောကျွန်တော်ပါ စိတ်မပြေနိုင်ကြပါဘူး။
ကျွန်တော့်ရဲ့ သင်ခန်းစာအတော်များများဟာ ခုလို ပြီးဆုံးသွားရတာ များပါတယ်။ ကျွန်တော့်ဆရာကတော့ ချီးကျူးစရာ ကောင်းပါတယ်။ တစ်ခါမှ ကျွန်တော့်ကို စိတ်ဆိုးခဲ့တယ်လို့ မရှိပါဘူး။ တစ်ခါတလေတော့ မီးညှိထားတဲ့ သူ့ဆေးတံကို ကျွန်တော့်ကျောဘက်က အမွေးတွေထဲ ကျွန်တော်မမီလောက်တဲ့နေရာမှာ ထားရင်း ဆေးတံကအခိုးနဲ့ လောင်စေတတ်ပါတယ်။ ဒါပေတဲ့ အမွေးတွေ လောင်တဲ့အခါမှာတော့ သူ့ရဲ့ ကြင်နာသနားတတ်တဲ့လက်ကြီးနဲ့ သူ့ဘာသာ ငြှိမ်းပေးတတ်ပါတယ်။ သူက ကျွန်တော့်ကို စိတ်မဆိုးနိုင်တာက ကျွန်တော်တို့နှစ်ယောက်စလုံးဟာ မျောက်ဆန်တဲ့ သဘောသဘာဝတွေကို ဆန့်ကျင်နေကြသူတွေ ဖြစ်လို့ပါပဲ။ ဒီကိစ္စမှာ ကျွန်တော်ကတော့ ပိုပင်ပန်းတာပေါ့လေ။

ဖြစ်ချင်တော့ တစ်ညနေမှာ သူရောကျွန်တော်ပါ အောင်မြင်မှုတစ်ခု ရခဲ့ပါတယ်။ အဲဒီနေ့က သင်္ဘောပေါ်မှာ အထိမ်းအမှတ်ပွဲ တစ်ခုခု လုပ်တယ်ထင်ပါရဲ့။ ဓာတ်စက်ကလည်း သီချင်းတွေဘာတွေ ဖွင့်လို့။ သင်္ဘောအရာရှိတွေကလည်း လူတွေအကြား ဟိုလျှောက်ဒီလျှောက်နဲ့။ အဲဒီညနေက ဘယ်သူကမှ သိပ်ပြီး ဂရုတစိုက်မရှိတုန်း ကျွန်တော့်ရဲ့ လှောင်အိမ်ရှေ့မှာ အမှတ်တမဲ့ ထားသွားတဲ့ အရက်ပုလင်းကို ကျွန်တော်လှမ်းယူလိုက်ပါတယ်။ ဆရာပြထားတဲ့အတိုင်း အဖုံးကို ဖွင့်လိုက်ပါတယ်။ အပြင်ကလူတွေက ကျွန်တော့်ကိုကြည့်နေကြတုန်း ကျွန်တော်က အရက်ပုလင်းကို နှုတ်ခမ်းမှာ တေ့လိုက်ပြီး သောက်နေကျအရက်သမားတစ်ယောက်လို မဲ့တာရွဲ့တာမရှိဘဲ မျက်လုံးကို အသာမှေးလို့ သောက်ချလိုက်ပါတော့တယ်။ ပြီးတော့မှ ပုလင်းကို အသာလွှင့်ပစ်လိုက်ပါတယ်။ လွှင့်ပစ်တာကတော့ အရင်ကလို မနှစ်မြို့တဲ့ပုံစံမျိုး မဟုတ်ပါဘူး။ ကျေကျေနပ်နပ် လှလှပပပါ။ လုပ်နေကျ ဗိုက်ကို ပွတ်ဖို့တောင် မေ့သွားပါတယ်။ ဒါပေတဲ့ ကျွန်တော့်အတွင်းမှာ စေ့ဆော်မှုတွေ၊ တွန်းအားတွေ များလာတာကြောင့် ကျွန်တော်ဟာ ပါးစပ်က “ဟဲလို” လို့ ကြည်ကြည်လင်လင်ပဲ အော်လိုက်မိပါတယ်။ အဲဒီလိုအော်လိုက်တာဟာ လူတွေအကြား ထွင်းဖောက်ဝင်ရောက်သွားခဲ့ပြီး လူတွေပြောဆိုနေကြတာတွေဟာ ရပ်တန့်သွားပါတယ်။ “နားထောင်ကြစမ်း၊ ဒီကောင် လူလိုစကားပြောနေတယ်” လို့ ပြောဆိုသံတွေဟာ ပဲ့တင်ထပ်သွားပြီး ချွေးထွက်နေတဲ့ ကျွန်တော့်ကိုယ်ခန္ဓာကို နမ်းရှုတ်နေသလိုပါပဲ။
ကျွန်တော်ထပ်ပြောပါရစေ။ ကျွန်တော့်အနေနဲ့ လူတွေကို တုပလိုစိတ် မရှိပါဘူး။ ကျွန်တော် တုပလုပ်ကိုင်နေရတာတွေက ကျွန်တော့်ရဲ့ လွတ်မြောက်မှုအတွက်ပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ လူလို စကားတစ်ခွန်းထွက်သွားတဲ့အတွက်လည်း ကြီးကြီးကျယ်ကျယ်အောင်မြင်မှု မရခဲ့ပါဘူး။ အသံကလည်း အဲဒီကတည်းက ၀င်သွားလိုက်တာ လ,အတော်ကြာမှပဲ ပြန်ကောင်းလာတယ်။ အရက်ကိုမုန်းတီးမှုလည်း ပြန်ဖြစ်လာရုံမကဘူး၊ ပိုတောင် မုန်းလာတယ်။ ဒီပေတဲ့ ဦးတည်ချက်တစ်ရပ်အတွက်တော့ သန္နိဋ္ဌာန် ချဖြစ်သွားတာပေါ့။

ကျွန်တော့်ကို ဟမ်းဘာ့ဂ်မြို့က တိရစ္ဆာန်တွေလေ့ကျင့်ပေးတဲ့ လူရဲ့လက်ထဲ အပ်လိုက်တဲ့အခါ ကျွန်တော့်မှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်ဆိုတာ ကျွန်တော်မြင်လိုက်မိတယ်။ တိရစ္ဆာန်ရုံကို အပို့ခံမလား၊ ရုံသွင်းပြပွဲတွေဆီ အပို့ခံမလား။ ကျွန်တော်တွေဝေမနေပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ပြောလိုက်မိတယ်၊ ပွဲသွင်းတဲ့ဆီကို ရောက်အောင် တတ်နိုင်သမျှကြိုးစားလို့။ အဲဒီမှာ လွတ်လမ်းရှိတယ်။ တိရစ္ဆာန်ရုံဆိုတာက လှောင်အိမ်အကြီးကြီး တစ်မျိုးပဲ။ အဲဒီရောက်ရင်ဖြင့် ကိုယ်ကျိုးနည်းရော့ပဲ။

လူကြီးမင်းများခင်ဗျား၊ အဲဒီတော့ ကျွန်တော် လေ့လာဆည်းပူးပါတယ်။ လိုအပ်ပြီဆိုတဲ့အခါ လေ့လာဆည်းပူးရပါတယ်။ လွတ်မြောက်ချင်ပြီဆိုတဲ့အခါ လေ့လာဆည်းပူးရပါတယ်။ သန္နိဋ္ဌာန်ချထားခဲ့ပြီဆိုရင် လေ့လာဆည်းပူးရပါတော့တယ်။ ကျွန်တော်တို့ကို လေ့ကျင့်ပေးသူကတော့ ကြာပွတ်နဲ့အုပ်ချုပ်တော့တာပေါ့။ သူ့ကိုဆန့်ကျင်တာ ဘယ်ခံမလဲ။ ကျွန်တော့်ရဲ့ မျောက်တို့ထုံးဓလေ့တွေဟာ ကျွန်တော့်ဆီက ထွက်ခွာသွားကြပါလေရော။ ကျွန်တော့်ရဲ့ ပထမဦးဆုံးဆရာလည်း သူကိုယ်တိုင်မျောက်လိုဖြစ်လာတာမို့ အရူးထောင်ပို့လိုက်ကြရလို့ သူ အဲဒီအထဲ ရောက်နေတုန်း ကျွန်တော့်ကိုသင်ကြားတဲ့ကိစ္စတွေ ဆက်မလုပ်နိုင်တော့ပါဘူး။ ကံအားလျော်စွာပါပဲ၊ သူလည်း မကြာခင် အဲဒီက ထွက်ရပါတယ်။
ကျွန်တော့်အနေနဲ့ နည်းပြဆရာတွေ အများကြီး သုံးခဲ့ရပါတယ်။ တစ်ခါတလေ အများကြီးကို တစ်ကြိမ်တည်းမှာ သုံးခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့၊ ကျွန်တော့်ရဲ့ အရည်အချင်းကို ပိုပြီး ယုံကြည်လာတာနဲ့အမျှ ပရိသတ်ကလည်း ကျွန်တော့်ရဲ့ တိုးတက်မှုတွေအပေါ် ပိုပြီး စိတ်ဝင်တစားရှိလာတဲ့အခါ ကျွန်တော့်ရဲ့အနာဂတ်လည်း တောက်ပလာလေတော့ ကျွန်တော်လည်း ကျွန်တော့်ကို လမ်းညွှန်နည်းပြနိုင်မယ့် ဆရာများကို ကိုယ်တိုင်ပဲ ငှားရပါတယ်။ သူတို့ကို အခန်းငါးခန်း ဆက်လျက်မှာထားပြီး ကျွန်တော်က တစ်ခန်းချင်း ခုန်ပျံကျော်လွှားရင်း သူတို့ဆီက မနားတမ်း လေ့လာဆည်းပူးပါတယ်။

ကျွန်တော်ဟာ တိုးတက်လာခဲ့ပါတယ်။ အရပ်တကာကလာတဲ့ အသိပညာရောင်ခြည်များဟာ ကျွန်တော့်ရဲ့ ဦးနှောက်ကို နိုးထစေခဲ့ပါပြီ။ ကျွန်တော် ၀မ်းမြောက်ခဲ့ရတယ်ဆိုတာကိုဖြင့် မငြင်းလိုပါဘူး။ ဒီအချက်ကလေး တစ်ချက်လည်း ပြောပါရစေ။ ဟိုကတည်းက ကျွန်တော်ဟာ မျှော်လင့်ချက်တွေကြီးကြီးမားမား မထားခဲ့သလို ဒီကနေ့မှာဆိုလည်း အများကြီးနည်းနေခဲ့ပါပြီ။ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုအမျိုးမျိုးကြောင့် ကျွန်တော်ဟာ သာမန်ဥရောပတိုက်သားတစ်ယောက်ရဲ့ ပညာရေးအဆင့်ကို ရခဲ့ပါပြီ။ ဒါဟာ တကယ်တော့ ဘာမှကြီးမားတဲ့အောင်မြင်မှုတစ်ရပ်မဟုတ်ဘူးလို့ဆိုနိုင်ပေတဲ့ ကျွန်တော့်အတွက်မှာတော့ လှောင်အိမ်ထဲက ထွက်ရပြီး လူတို့ရဲ့လွတ်မြောက်မှုတစ်နည်းကို ရရှိစေခဲ့တာပါ။ (ဂျာမန်)[3] ဘာသာစကားအရ တင်စားပြောဆိုရာမှာသုံးတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနည်းရာသို့ ပြုတ်ကျခြင်းတဲ့။ မှန်ပါတယ်၊ ကျွန်တော်ဟာ ဖွံ့ဖြိုးတိုးတက်မှုနည်းရာကို ပြုတ်ကျသွားတာပါ။ ကျွန်တော့်မှာလည်း တခြားရွေးချယ်စရာမှ မရှိဘဲကိုး။ ဒါကြောင့်လည်း လွတ်လပ်ခြင်းဆိုတာကို ကျွန်တော်ကမှ မရွေးချယ်ခဲ့တာ။

ခုထိ ကျွန်တော့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရည်ရွယ်ချက်တွေကို ပြန်ပြီးသုံးသပ်ကြည့်တဲ့အခါ ကျွန်တော့်အနေနဲ့ ၀မ်းနည်းစရာမရှိသလို ကျေနပ်စရာတွေလည်း မရှိပါဘူး။ လက်ကို ဘောင်းဘီအိတ်ထဲမှာထည့်ပြီး ၀ိုင်ပုလင်းက စားပွဲပေါ်မှာ။ ကိုယ်တစ်ဝက်က လှဲလို့၊ တစ်ဝက်ကတော့ ကုလားထိုင်ပေါ်ထိုင်ရင်း ပြတင်းပေါက်ကနေ အပြင်ကို ကြည့်နေတတ်တယ်။ ဧည့်သည်တွေများလာရင် ဣနြေ္ဒရရနဲ့ သူတို့ကို တွေ့ဆုံပါတယ်။ ကျွန်တော့်မန်နေဂျာကတော့ ဘေးက အခန်းကျဉ်းကလေးထဲမှာ ထိုင်လေ့ရှိပြီး ကျွန်တော်က အချက်ပေးခေါင်းလောင်းကလေး လှုပ်လိုက်တဲ့အခါမှ ကျွန်တော်ရှိရာလာပြီး ညွှန်ကြားချက်တွေကို နာယူရတာ။ ညနေဘက်တွေမှာတော့ ပြပွဲ အမြဲလိုရှိပါတယ်။ ကျွန်တော့်ရဲ့အောင်မြင်မှုကို သဘောကျပေတဲ့ ဒီ့ထက်ကောင်းအောင်တော့ ကျွန်တော် အားထုတ်နိုင်မယ် မထင်တော့ဘူး။ ဧည့်ခံပွဲတွေ၊ လူမှုရေးပွဲတွေ၊ ပညာတတ်တွေဘာတွေဆီက ညဥ့်နက်လို့ အိမ်ပြန်တဲ့အခါမှာတော့ အတော်အတန် လေ့ကျင့်သင်ကြားပေးထားတဲ့ မျောက်မကလေးရှိရာ ကျွန်တော့်အိမ်ကို ပြန်ပါတယ်။ သူနဲ့က မျောက်တို့ဘာသာဘာဝ ဆက်ဆံရသပေါ့။ နေ့လယ်ခင်းတွေမှာတော့ သူနဲ့ တွေ့လေ့မရှိပါဘူး။ သူ့မှာက သင်ကြားထားပေတဲ့ ဆင်ခြင်တုံတရားမရှိလှတဲ့ တိရစ္ဆာန်ရဲ့ အကြည့်မျိုးက ရှိနေသေးတာကိုး။ ကျွန်တော်ကလွဲလို့ တခြားသူတွေကတော့ မသိကြပါဘူး။ ကျွန်တော်ကတော့ မကြည့်ရက်ဘူး။

အားလုံးပြန်ပြီးခြုံငုံပြောရရင် ကျွန်တော်ဦးတည်ရည်မှန်းထားတဲ့အတိုင်း အောင်မြင်မှုရှိခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ကြိုးပမ်းရကျိုးမနပ်ပေဘူးလို့တော့ မပြောကြစေချင်ဘူး။ ဘယ်လိုအဖြစ်အပျက်မျိုးမှာဖြစ်ဖြစ် ကျွန်တော့်အနေနဲ့က ဘယ်လိုလူပုဂ္ဂိုဟ်ဆီကမှ အဆုံးအဖြတ်မတောင်းပါဘူး။ ကျွန်တော့်အနေနဲ့က အသိပညာဖြန့်ဝေပေးချင်တာပါ။ သိစေချင်တဲ့ သဘောပါ။ လေးစားထိုက်တဲ့ အသိပညာအဆောက်အအုံက လူကြီးမင်းတို့အတွက်လည်း ဒီသဘောပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့က အစီရင်ခံရုံသာပါပဲ။

မြင့်သန်း

[1] A Report for an Academy
[2] အာဖရိကတိုက် အနောက်ဘက်ဒေသ
[3] ပက်စလေ၏ မူတွင်သာ ဘာသာစကား၏အမည်ကို ဖော်ပြထားသည်။

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”