Skip to main content

နိယာမကျောင်းထွက်တို့၏ နောက်ဆုံးမိတ်ဆုံစားပွဲ (မြင့်သန်း)

သုံးဆယ့်ခုနစ်ဆီက အီးမေးလ်ရတယ်။ ကျောင်းသားဟောင်းတွေအတွက် မိတ်ဆုံထမင်းစားပွဲလုပ်မယ်လို့တဲ့။ သုံးဆယ့်ခုနစ်ဆိုတာ လူလိုသူလို၊ နာမည်တပ်ခေါ်ရရင်တော့ ဘောဂဗလပဲ။ ဘောဂဗလဆိုတော့လည်း ချမ်းသာတယ်။ ချမ်းသာလို့ ဘောဂဗလလို့ ခေါ်တာတော့ မဟုတ်ဘူး။ ကျောင်းတုန်းကတော့ သူ့ကို ဗာလကြီးလို့ပဲခေါ်တယ်။ အချို့ကတော့ ဗာလနံကြီးလို့တောင် ခေါ်ကြတယ်။ နိယာမကျောင်းတော်မှာတော့ နာမည်မခေါ်ရလို့ ကျောင်းဝင်းအပြင်ရောက်ကာမှ ခေါ်ကြတာ။ ကျောင်းထဲမှာ နံပါတ်တပ်ခေါ်ရတယ်။ ပညာရှာဖို့လာတဲ့လူမှန်သမျှ အယုတ်အလတ် အမြတ်မရွေးတဲ့သဘောပဲ။ အမျိုးဘာသာ မခွဲခြမ်းတဲ့သဘောပဲ။ ကျောင်းသားတိုင်းဟာ နံပါတ်နဲ့ချည်းပဲ။ သူ့နံပါတ်က သုံးဆယ့်ခုနစ်။ သုံးနဲ့ခုနစ်ပေါင်းရင် တစ်ဆယ်ရလို့ သူ့ကို "ဘူ" လို့ ကိုယ့်အချင်းချင်းအကြားမှာ ခေါ်ကြတယ်။ ဘူဆိုတော့လည်း သူက သိပ်မကြိုက်ဘူး။ မကြိုက်လည်း သိပ်မတတ်နိုင်ဘူး။ နံပါတ်ရှိတဲ့ကျောင်းသားတိုင်းမှာ အဲဒီလို မဟုတ်ကဟုတ်က နာမည်တွေရှိတယ်။ ကျွန်တော်တို့ကျောင်းထွက်တွေအချင်းချင်း ခုထိ နံပါတ်တွေကိုပဲသုံးပြီး တစ်ယောက်ကိုတစ်ယောက် ခေါ်ကြပြောကြလေ့ရှိတယ်။ ဘောဂဗလက နိယာမကျောင်းတော်မှာ ဘွဲ့လွန်ပညာဆက်ပြီးသင်ခွင့်မရဘူး။ ဒီကောင်က ခပ်ထူထူရယ်။ ခပ်ထူထူဆိုတာ ပညာဘက်မှာ၊ လူကို ဆက်ဆံရာမှာ တော်တယ်။ ရောနိုင်တယ်။ အောက်ကျို့ပေါင်းနိုင်တယ်။ ဒါကြောင့် ပိုက်ဆံသိပ်ချမ်းသာတာပဲဖြစ်မယ်။ နိယာမကျောင်းတော်မှာက ကိုယ်အထူးပြုလေ့လာတဲ့ နိယာမရဲ့ စည်းရိုးကို ကျော်မသွားဘူး။ ဒီတော့လည်း ကိုယ့်မာနနဲ့ကိုယ် နေကြသလိုပဲ။ အမေရိကန်ပြန် ရုရှားပြန်တွေလို  သက်ဆိုင်ရာဆိုတာတွေ့ရင် အတင်းလိုက်ရော။ မျက်နှာသာပေးထားတုန်း တပြုံးပြုံး။ မျက်နှာသာမရလည်းမရရော စနစ်ကြီးတစ်ခုလုံးကို ဆဲတာမျိုး။ ဘုတ်ရိုသေ၊ ကျီးရိုသေဆိုတာမျိုးတွေ ကျွန်တော်တို့ဆီကလူတွေ မလုပ်ကြဘူး။ ဒီတော့လည်း နိယာမကျောင်းတော်ကြီးဟာ ရန်သူသာရှိလို့ မိတ်ဆွေမရှိတဲ့အရပ်လို ဖြစ်နေတယ်။ ဒါပေတဲ့လည်း နိယာမကျောင်းတော်က ပညာရှင်၊ ပညာတတ်တွေအဖို့ကတော့ ရန်သူဖြစ်ဖြစ်၊ မိတ်ဆွေဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် တခြားလူတစ်ယောက်ပဲလို့ လက်ခံထားကြတယ်။ လောကကြီးရှိနေခြင်းကို လက်ခံချင်ရင် "တခြားလူ" ရဲ့ ရှိနေခြင်းကို လက်ခံကြရမှာပဲ မဟုတ်လား။



တစ်ညနေဘက် ဆုံနေကျပျော်ပွဲစားရု့ကလေးမှာ ဆုံကြတော့ နံပါတ်တစ်ဆယ့်ရှစ်က စပြီးပြောတယ်။ သုံးဆယ့်ခုနစ်ဆီက အီးမေးလ်ရသတဲ့။ အဲဒီတုန်းက ကျွန်တော့်ဆီ အီးမေးလ်မရောက်သေးဘူး။ ဘာဖြစ်လို့သင်းက မိတ်ဆုံစားပွဲလုပ်ချင်ရတာလဲလို့ နှစ်ဆယ့်နှစ်ကမေးတယ်။ သူ့ဆီလည်း အီးမေးလ်မရောက်သေးဘူး။ နှစ်ဆယ့်သုံးက ရယ်ရင်း ပြောတယ်။ သင်းက ပိုက်ဆံပိုနေလို့ အိတ်စိုက်လုပ်ပေးတာဖြစ်မှာ။ ခုတလော မိတ်ဆုံစားပွဲလုပ်တာ ရောဂါထနေကြတာ။ နိုင်ငံရပ်ခြားရောက်နေတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေဆို ပိုက်ဆံထောလာတာနဲ့ ဒီကိုပြန်လာပြီး မိတ်ဆုံစားပွဲလုပ်ကြတော့တာပဲ။ လာကြွားကြတာလည်း ပါတာပေါ့ကွာလို့ ပြောတယ်။ နှစ်ဆယ့်သုံးပြောရင် ဟုတ်လောက်တယ်။ သင်းက နိုင်ငံရပ်ခြား အသွားအလာရှိတယ်။ အုပ်ချုပ်ရေးတို့၊ နိုင်ငံရေးတို့ဘက်က လူတွေနဲ့လည်း အဆက်အဆံရှိတယ်။ နေစမ်းပါဦး၊ မင်းက ဖိတ်စာရတယ်။ ငါတို့က မရသေးဘူး။ အီးမေးလ်နဲ့လှမ်းပြီး ဖိတ်တာပဲ။ အားလုံးကိုစုပြီး ခလုတ်ကလေးနှိပ်လိုက်တာနဲ့ အီးမေးလ်တွေ တစ်ပြိုင်တည်းထွက်သွားတာပဲမဟုတ်လားလို့ ကျွန်တော်က မေးလိုက်မိတယ်။ တစ်ဆယ့်ရှစ်က ပြန်ဖြေတယ်။ ဗာလနံကြီးကို မင်းက အထင်ကြီးတာကို။ သင်းက ပိုက်ဆံချမ်းသာပေတဲ့ ကွန်ပျူတာကို စက်ကက်တေရီနဲ့ လုပ်ရတာ။ ကိုယ်တိုင်ဘာမျှမလုပ်တတ်ဘူးတဲ့။ ကျွန်တော်တို့လည်း တိုင်ပင်မထားဘဲ ရယ်လိုက်မိကြတယ်။ နှစ်ဆယ့်သုံးက ၀င်ပြောတယ်။ ချမ်းသာတာပဲ၊ ဘာများတတ်နေစရာရှိလို့လဲ။ သူများကို ခိုင်းတတ်ဖို့ပဲလိုတာ၊ ခိုင်းတတ်ရင်ပြီးတာပဲ မဟုတ်လား။ ခိုင်းတတ်တာက လုပ်တတ်ကိုင်တတ်တာပဲ။ လုပ်တတ်ကိုင်တတ်ရင်လို့ ပြောတဲ့အထဲမှာ ပညာအခြေခံနဲ့ လုပ်တာကိုင်တာမျိုးမဟုတ်ဘူး။ လူရည်လည်လို့ လုပ်တတ်ကိုင်တတ်တာမျိုးကိုပြောတာမဟုတ်ဘူးလားလို့ ပြောပြီး ကျွန်တော့်ကိုလှမ်းကြည့်တယ်။ ကျွန်တော်က ခေါင်းညိတ်ပြလိုက်တုန်း နှစ်ဆယ့်သုံးက လူရည်လည်တာလည်း ပညာတစ်မျိုးပဲကွလို့ ၀င်ပြောတယ်။ အားလုံး ငြိမ်သွားတယ်။ နောက်တော့ နှစ်ဆယ့်သုံးက ခေါင်းတညိတ်ညိတ်လုပ်နေရင်း တစ်နည်းအားဖြင့်တော့ ဟုတ်သားလို့ မတင်မကျပြောတယ်။ "တစ်နည်းအားဖြင့်" လို့ နှစ်ဆယ့်သုံးက စကားခံတာကို ကျွန်တော်တော့ အတော့်ကို သဘောကျတယ်။ ကျွန်တော်တို့ထဲမှာ နှစ်ဆယ့်တစ်နဲ့နှစ်ဆယ့်သုံးက ပညာတတ်တွေရဲ့ ပညာတတ်တွေပဲ။ ပီအိပ်ခ်ျဒီတွေဘာတွေရတယ်။ နှစ်ဆယ့်တစ်က ၀င်ပြီးမေးတယ်။ ဘာဖြစ်လို့ ခုခါမှ မိတ်ဆုံစားပွဲလုပ်ချင်ရတာလဲတဲ့။ ငါ့အထင်တော့လို့ပြောပြီး တစ်ဆယ့်ရှစ်က ခဏရပ်နေတယ်။ ပြောသင့်၊ မသင့် စဉ်းစားနေပုံပဲ။ ဘယ်သူကမျှ ဘာမျှမပြောဘဲ သူ့ကိုပဲ ကြည့်နေကြတော့ သူက ဆက်ပြောတယ်။ အဘိုးကြီးက အနားယူတော့မယ်လို့ကြားတယ်။ အနားမယူခင် အားလုံးကိုပြန်တွေ့ချင်တယ်လို့ ဗာလနံကြီးကိုပြောတယ်လို့ ကြားရဖူးတယ်။ အဲဒီအတွက် ဟိုအကောင်က လုပ်ပေးတာနေမယ်လို့ သူ့အကြားနဲ့သူ့အထင်ကိုပေါင်းပြီး ပြောတယ်။ အဘိုးကြီးဆိုတာက လက်ရှိပါမောက္ခကြီး။ လက်ရှိလို့ဆိုရပေတဲ့ သူရွေးထားတဲ့ သူ့လက်ငုတ်လက်ရင်း တပည့်တစ်ယောက်က ပါမောက္ခအလုပ်ကိုလုပ်နေတာကို အတော်ကြာနေပြီ။ ပါမောက္ခကြီးကတော့ စာလေးဘာလေးဝင်သင်တဲ့အခါသင်၊ အရေးကြီးတဲ့ အစည်းအဝေးတွေ၊ အရေးကြီးတဲ့ လူကြီးတွေနဲ့ စကားပြောဆိုရတာမျိုးတွေလောက်ပဲ လုပ်တော့တယ်။ စာသင်တယ်ဆိုပေတဲ့လည်း နိယာမကျောင်းတော်ကြီးမှာ ပညာလာသင်တဲ့လူ အတော်နည်းနေပြီ။ အကြောင်းရင်းတစ်ခုကတော့ ဒီဘက်ခေတ်ထဲမှာ နိယာမကျောင်းတော်က ပညာမျိုးကို လူတွေသိပ်စိတ်မ၀င်စားကြတော့ဘူး။ ဒီဘက်ခေတ်မှာ ဆူလွယ်နပ်လွယ် ကြိုက်ကြတာ။ ပိုက်ဆံမြန်မြန်ဖြစ်မယ့်နည်းကို ပညာလို့ ထင်ကြတယ်။ ထင်ကြတာတောင်မဟုတ်ဘူး၊ ယုံကြည်နေကြတာ။ ကိုယ်ကာယနဲ့ရုပ်ရည်ကိုအခြေခံသော လူမှုဆက်ဆံရေး၊ အခြေခံစီးပွားရေးလုပ်ငန်း အတတ်သင်ကျောင်းဆိုတာမျိုးမှာ ၀င်ခွင့်ရဖို့ သိပ်မလွယ်ဘူး။ ဥုံဖွဆိုပြီး ပျောက်စေဆရာယောင်ယောင်ငနဲတွေ သိပ်အလုပ်ဖြစ်နေကြတာ။ နောက်လိုက်နောက်ပါ တပည့်တွေကို မနည်းတော့ဘူး။ ကျောင်းကြီးဆို ဟည်းထနေတာ။ သမ္မတကြီးနဲ့ အမှတ်မထင်ရိုက်ထားတဲ့ ပုံတွေဆိုရင် နေရာကိုနှံ့လို့။ နိယာမကျောင်းတော်မှာကတော့ နံရံတွေကို ရေညှိတက်နေပြီ။ သုတ်စရာ ဆေးဖိုးမရှိဘူး။ ဒါပေတဲ့လည်း နိယာမကျောင်းတော်က ပညာရှိများကတော့ ဆေးဖိုးမရှိဘူးရယ်လို့ မပြောကြဘူး။ ဒီလိုကျောင်းတိုက်ကြီးဆိုတာမျိုးက ဆေးမကြာသုတ်ပေးရတာမျိုးမဟုတ်ဘူး။ ဒီလိုဆေးမသုတ်ဘဲထားတာကိုက ရင့်ကျက်မှုကို ဖော်ထုတ်တာပဲတဲ့။

ပိုဆိုးသွားတာက နိယာမကျောင်းတော်ကိုလာပြီး ပါမောက္ခကြီးနဲ့ လေပစ်လေ့ရှိတဲ့ သမိုင်းဆရာကြီးရဲ့လေကလည်း ထောက်ခံစာပေးသလို ဖြစ်သွားတယ်။ ဘယ့်နှယ်ဗျာ သမိုင်းဝင်ပစ္စည်းဆိုတာကို တန်ဖိုးထားရမှန်းမသိတဲ့ခေတ်ကို ရောက်မှန်းမသိရောက်လာတယ်။ ကြည့်ဗျ၊ ကျုပ်တို့သမိုင်းဝင်မြို့ကြီးဟာ နွားလောက်မျှခေါင်းမရှိတဲ့ကောင်တွေက ဘုရားမှန်သမျှ ရွှေမင်သုတ်၊ ရွှေထီးဆောင်းပစ်လိုက်ကြလို့ ခုတော့ ကျုပ်တို့ရဲ့ သမိုင်းဝင်မြို့ကြီးဆိုတာက တစ်ကမ္ဘာလုံးက ၀ိုင်းရယ်စရာကို ဖြစ်ကရောတဲ့။ ဒီတော့ နိယာမကျောင်းတော်ရဲ့ ပါမောက္ခကြီးက ဟုတ်တာပေါ့ဗျာ။ ဒါကြောင့် ကျုပ်က ဒီကျောင်းတိုက်ကြီးကို ဒီအတိုင်းထားတာတဲ့။ အဲဒီတုန်းက ကျွန်တော်တို့က ဘွဲ့လွန်ကျောင်းသားတွေပဲ။ ၀င်မပြောရဲကြဘူး။ လက်ဖက်ရည်ဆိုင်ရောက်ကာမှ ဆရာကြီးတွေပြောတဲ့စကားကို ပြန်လည်ဆွေးနွေးကြရတယ်။ ကျွန်တော်တို့ကျောင်းတိုက်ကြီးရဲ့ ဆောင်ပုဒ်ကိုက "ဆွေးနွေးရင်းသာပညာရှာ" လို့ ဆိုထားတာကိုး။ ဒီနေရာမှာ ပြောစရာလေးတော့ ရှိနေပြန်တယ်။ "ဆွေးနွေးတယ်" ဆိုရာမှာ စောင့်စည်းရတဲ့အချက်တွေလည်း ရှိနေသေးတယ်။ ဆွေးနွေးချင်တိုင်း ထဆွေးနွေးလို့မရဘူး။ ပထမဦးဆုံးအချက်...။ ဒီအချက်ဟာ အရေးအကြီးဆုံးလည်းဖြစ်တယ်။ ဒီပထမဦးဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ အသက်အားဖြင့်ကြီးခြင်း၊ ပညာအားဖြင့်ကြီးခြင်းနဲ့ အတန်းအားဖြင့်ကြီးတဲ့လူတွေနဲ့ ဆွေးနွေးရာမှာ ဆွေးနွေးတဲ့လူတွေနဲ့ အသက်အားဖြင့်ကြီးခြင်း၊ ပညာအားဖြင့်ကြီးခြင်းနဲ့ အတန်းအားဖြင့်ကြီးတဲ့လူတွေ ပြောဆိုတာမှန်သမျှဟာ ခုနစ်ဆယ့်ငါးရာခိုင်နှုန်း မှန်ပြီးသားပဲလို့ လက်ခံထားကြရမယ်ဆိုတဲ့အချက်ပဲ။ ဆွေးနွေးတဲ့အကြောင်းအရာက တစ်မျိုးတည်းပဲဖြစ်ပါစေ။ "ဆွေးနွေးတယ်" လို့ ခေါ်ပုံမတူဘူး။ အသက်ကြီးတယ်။ ပညာအရာကြီးတယ်၊ အတန်းကြီးတဲ့လူတွေဘက်က "ပညာပေးဆွေးနွေးတယ်" လို့ ခေါ်တယ်။ အသက်ငယ်တယ်၊ ပညာအရာနည်းတယ်၊ အတန်းငယ်တယ်ဆိုတဲ့လူတွေဘက်ကတော့ "ပညာယူဆွေးနွေးတယ်" လို့ ခေါ်ရတယ်။

ဒုတိယအချက်ကလည်း မစောင့်စည်းလို့မဖြစ်တဲ့အချက်။ ဒီ အသက်အားဖြင့်ကြီးခြင်း၊ ပညာအရာအားဖြင့်ကြီးခြင်းနဲ့ အတန်းအားဖြင့်ကြီးတဲ့လူတွေဟာ ခုနစ်ဆယ့်ငါးရာခိုင်နှုန်း မှန်ပြီးသားလို့ လက်ခံပြီးတဲ့နောက် ကျန်တဲ့နှစ်ဆယ့်ငါးရာခိုင်နှုန်းဟာ မှားတယ်၊ ဒါမှမဟုတ်ရင် မှားနိုင်တယ်လို့ သဘောမထားမိဖို့ လိုတယ်ဆိုတဲ့အချက်ပဲ။ ကျန်တဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းဟာ မီးခိုးရောင်ရပ်ဝန်းလို့ လက်ခံထားရတယ်။ အဖြူလည်းမဟုတ်ဘူး၊ အမည်းလည်းမဟုတ်ဘူးဆိုတဲ့ သဘောပဲ။ ဒါပေတဲ့ သတိထားစရာလိုနေတဲ့ အချက်ကလည်း ရှိနေသေးတယ်။ အဲဒါက မီးခိုးရောင်က နုနုဆိုတာပဲ။ အဖြူဘက်များတဲ့ မီးခိုးရောင်မျိုး။ တစ်မျိုးပြောရရင် အမှန်ဘက်များတဲ့ အနေအထားမျိုး။ ထပ်ပြီး တစ်မျိုးပြောရရင်တော့ အသက်အားဖြင့် ကြီးခြင်း၊ ပညာအရာအားဖြင့် ကြီးခြင်းနဲ့ အတန်းအားဖြင့်ကြီးတဲ့လူတွေဟာ ခုနစ်ဆယ့်ငါးရာခိုင်နှုန်းမှန်ပြီးသားလို့ လက်ခံပြီးတဲ့နောက် ကျန်တဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းမှာ နှစ်ဆယ့်လေးဒသမ ကိုးရှစ်ရာခိုင်နှုန်းလောက်ဟာ မှန်နေသေးတယ်လို့ လက်ခံထားပြီးကာမှ ဆွေးနွေးကြဖို့ပဲ။ တည့်တည့်ပြောရရင်တော့ အသက်ကြီးလို့ အထက်စီးကရထားတဲ့သဘောပဲ။ သာမန်လူတွေအတွက် နည်းနည်းခက်ကောင်းခက်မယ်။ ကျွန်တော်တို့ကျောင်းကြီးထဲမှာတော့ ဖြည်းဖြည်းချင်း အလေ့အကျင့်ရလာလို့ သိပ်မခက်လှဘူး။ ကျွန်တော်တို့ကိုယ်တိုင် အတန်းကြီးရောက်တဲ့အခါ အတန်းငယ်ကလူတွေကို အဲဒီလိုပဲ သဘောထားလာကြတယ်။ ခုနကပြောတဲ့ သမိုင်းဆရာကြီးစကားကို ပြန်ကောက်ရရင်တော့ ကျွန်တော်တို့လူငယ်ပိုင်းမြင်တာဟာ ဆရာကြီးမြင်ပုံနဲ့မတူဘူး။ သမိုင်းပါမောက္ခကြီးပြောတဲ့ "ကျုပ်တို့ သမိုင်းဝင်မြို့ကြီးဟာ နွားလောက်မျှခေါင်းမရှိတဲ့ကောင်တွေက ဘုရားမှန်သမျှ ရွှေမင်သုတ်၊ ရွှေထီးဆောင်းပစ်လိုက်ကြလို့ ခုတော့ ကျုပ်တို့ရဲ့ သမိုင်းဝင်မြို့ကြီးဆိုတာက တစ်ကမ္ဘာလုံးက ၀ိုင်းရယ်စရာကိုဖြစ်ကရော" ဆိုတာကို ပထမ ခုနစ်ဆယ့်ငါးရာခိုင်နှုန်းအရ မှန်တယ်လို့ လက်ခံပြီးတဲ့နောက် နောက်ထပ် နှစ်ဆယ့်လေးဒသမကိုးရှစ်ရာခိုင်နှုန်းပါ ပေါင်းပြီး စုစုပေါင်း ကိုးဆယ့်ကိုးဒသမကိုးရှစ်ရာခိုင်နှုန်း မှန်တယ်လို့ လက်ခံ။ ဒီတော့ ကျန်နေသေးတဲ့ ဒသမသုညနှစ်ရာခိုင်နှုန်းထဲမှာ ပြောစရာက ရှိနေသေးတယ်။

ဒီလို။ သမိုင်းဆရာကြီးရဲ့ စကားထဲက "နွားလောက်မျှခေါင်းမရှိတဲ့ကောင်တွေ" ဆိုတာက နွားလောက်မျှခေါင်းမရှိတာတော့ မှန်မယ်၊ ဒါပေတဲ့ တိုင်းပြည်အုပ်ချုပ်တတ်တယ်။ တိုင်းပြည်အုပ်ချုပ်တဲ့လူ မှန်သမျှမှာ နိယာမတစ်ခုပဲရှိတယ်။ "နိုင်တာဟာ တရားတယ်" ဆိုတဲ့ မူပဲ။ ဘယ်နိုင်ငံမှာ ဘယ်စနစ်ပဲသုံးသုံး အုပ်ချုပ်ခွင့်ရတဲ့လူဟာ သူလုပ်ချင်တာကိုလုပ်တာဟာ "နိုင်တာဟာ တရားတယ်" ဆိုတဲ့ နိယာမပဲ။ ဒီနိယာမမျိုးကို ကျွန်တော်တို့ကျောင်းတိုက်ကြီးထဲမှာ ပြာတာမင်းစေကလေးများတောင် သိတယ်။ ဒါပေတဲ့ ပြာတာက ပြာတာပဲ။ ပါမောက္ခကြီးတွေဟာ ပါမောက္ခကြီးတွေပဲ။ ကုလားပြည်ကမိတ်ဆွေတစ်ယောက် ပြောဖူးတဲ့ စကားလိုပဲ။ တို့ဆီမှာ ပြောကြသတဲ့။ ဆိတ်ကို ညစာစားပွဲတက်တဲ့ဝတ်စုံ ၀တ်ပေးချင်သလား။ ၀တ်ပေးလိုက်၊ ရတယ်။ ဒါပေတဲ့ ဆိတ်ကတော့ ဆိတ်ပဲဆိုတာမျိုး။ နိယာမမျိုးစုံကို သိတာဟာ သိတာပဲ။ တိုင်းပြည်အုပ်ချုပ်နိုင်လောက်အောင် အသုံးမတည့်ကြဘူး။ ဒါကြောင့်မို့လည်း ဒီကျောင်းတိုက်ကြီးထဲမှာ ပညာအရာဂုဏ်သရေရှိစွာနဲ့ ရပ်တည်နေကြရင်း ကုန်းကြောင်းလျှောက်နေကြတာ။ ခပ်လွယ်လွယ်ပြောရရင်တော့ အုပ်ချုပ်သူကို မကျော်လွှားနိုင်တဲ့ အခိုင်းခံသက်သက်ပဲ။ "နွားလောက်မျှခေါင်းမရှိတဲ့ အကောင်တွေ" ရဲ့ ဘာနိယာမမှာမှ အခြေမခံတဲ့ အမိန့်ဆိုတာကို မငြင်းဆိုရဲတဲ့လူတွေပဲ။ ဒီတော့ ကျွန်တော်တို့လူငယ်ပိုင်းက မြင်နေတာကတော့ တိုင်းပြည်အုပ်ချုပ်ဖို့ဆိုရင် နွားလောက်မျှခေါင်းမရှိတဲ့ကောင်ဖြစ်ဖို့ပဲ။ ခေါင်းထဲမှာ ဘာမျှမရှိလေကောင်းလေပဲ။ အထူးသဖြင့် ခပ်ညံ့ညံ့လူတွေကိုအုပ်ချုပ်ဖို့ အုပ်ချုပ်တဲ့လူကလည်း ခပ်ညံ့ညံ့ဖြစ်ရမှာပဲ။ တရားတဲ့အမြင်ပဲ။ ညံ့တာဟာ ရှက်စရာမဟုတ်ဘူး။ ဂုဏ်ယူစရာလည်း မဟုတ်လောက်ပေတဲ့ လူရဲ့ မွေးရာပါ အခွင့်အရေးပဲ။ နောက်တစ်ချက်ပြောစရာရှိနေတာက "တစ်ကမ္ဘာလုံးက ၀ိုင်းရယ်စရာကိဖြစ်ကရော" ဆိုတဲ့ အချက်ပဲ။ သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးက ၀ိုင်းရယ်စရာဖြစ်လောက်အောင်ဆိုတဲ့ အနေအထားမျိုးက ပေါ့သေးသေးအားထုတ်မှုမျိုးမဟုတ်ဘူး။ အငြိမ့်တို့၊ ဇာတ်တို့ထဲက လူပြက်တွေရဲ့ ပြက်လုံးကိုသာ နမူနာယူကြည့်။ ပြက်လုံးတိုင်းရယ်စရာဖြစ်မလာဘူး။ လူတိုင်း မရယ်ဘူး။ ခုဟာက တစ်ကမ္ဘာလုံးက ၀ိုင်းရယ်စရာဖြစ်နေတာ။ ဒီတော့ တစ်ကမ္ဘာလုံးက ၀ိုင်းရယ်စရာကိုဖြစ်လောက်အောင် အသုံးမကျတာပဲခေါ်ခေါ်၊ ခေါင်းမရှိဘူးဘဲခေါ်ခေါ် အတော့်ကိုကြီးမားတဲ့ အောင်မြင်မှုတစ်ရပ်လို့ ပြောရမှာပဲ။ ကျွန်တော်တို့ လူငယ်ပိုင်းကတော့ နွားလောက်မျှခေါင်းမရှိတဲ့ကောင်တွေဆိုတဲ့ လူတွေရဲ့ အောင်မြင်မှုဟာ တို့ဆရာကြီးတွေထက်တောင် ကြီးပါသေးလားလို့ မြင်ခဲ့မိတယ်။ တို့ဆရာကြီးတွေဟာ နွားထက်ခေါင်းရှိရုံမကဘူး လူတော်တော်များများထက်တောင် ဦးနှောက်ကောင်းဦးမယ်။ အသိပညာတွေ ပိုဦးမယ်။ တကယ့်နေ့စဉ်ဘ၀ထဲမှာတော့ နွားလောက်မျှခေါင်းမရှိတဲ့ကောင်တွေကို ဘယ်လိုမျှ မယှဉ်နိုင်တဲ့လူတွေပဲလို့ မြင်လာမိခဲ့ကြတယ် (ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့ဟာ နိယာမကျောင်းတိုက်ကြီးမှာ ပညာဆည်းပူးလက်စနဲ့ စခန်းသိမ်းခဲ့ကြရတာပဲ။)။

နောက်တော့ သုံးဆယ့်ခုနစ်ကိုယ်တိုင် ဖုန်းဆက်တာနဲ့ပဲ ကျွန်တော်တို့လူသိုက်လည်း ပြန်လည်မိတ်ဆုံစားပွဲ သွားဖြစ်ကြတယ်။ သူစီစဉ်ပေးလို့ပဲ ကျွန်တော်တို့လူသိုက် စားပွဲသီးသန့်ရတယ်။ အမှောင်ရိပ်နားဆီမှာ မြက်ခင်းပြင်ထိပ်နားက စင်မြင့်ကလေးနဲ့နီးတဲ့ အပိုင်းမှာတော့ ဧည့်သည်တော်တွေ၊ နိုင်ငံခြားပြန်တွေ။ ဧည့်သည်တော်တွေထဲမှာလည်း နွားလောက်မျှ ခေါင်းမရှိတဲ့ကောင်တွေ ပါတယ်။ ကျွန်တော်တို့ ဆရာကြီးတွေလည်း နွားလောက်မျှခေါင်းမရှိတဲ့ကောင်တွေနဲ့ တပြုံးပြုံး။ မပြုံးလို့ကလည်း မဖြစ်ဘူး။ ဒီည ပြန်လည်မိတ်ဆုံစားပွဲညမှာ အငြိမ်းစားယူမယ့် ပါမောက္ခကြီးကို နွားလောက်မျှခေါင်းမရှိတဲ့ကောင်တွေက ဘွဲ့ထူးဂုဏ်ထူးတွေ ပေးကြမှာ။ ဒီအပြုအမူကတော့ ဘယ်သူ့ဘယ်သူကိုမျှ မထိခိုက်သလို ဘယ်သူ့ကိုမျှ အကျိုးရှိတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေတဲ့ ပေးသူနဲ့လက်ခံသူအကြားမှာ ဂုဏ်ယူစရာဆိုတဲ့စကားလုံးကလေး ကျန်ရစ်တယ်။ ဘယ်နားမှာ ဘယ်လိုဂုဏ်ယူရမှန်းတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်တို့ရဲ့ စားပွဲမှာထိုင်နေတဲ့ နှစ်ဆယ့်တစ်နဲ့ နှစ်ဆယ့်သုံးကပြောလို့ သိရတာ။ တို့လူမျိုးရဲ့ စနစ်တကျညံ့ဖျင်းတဲ့ စရိုက်လက္ခဏာတစ်ခုက အဲဒီလိုမျိုးတွေကို မက်တာပဲလို့လည်း ပြောတယ်။ သူကြီးခေတ်တုန်းက တောမှာ ဘုရားပွဲလုပ်တဲ့အခါ သူကြီးက လက်ပတ်ပေးပြီး ပွဲကြပ်ခိုင်းရင် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဗိုက်အငှားနဲ့ ဓားထိုးခံရဲတဲ့ကောင်တွေ အပုံချည်းရှိသလိုမျိုးပဲတဲ့။ သူတို့နှစ်ယောက်က နိယာမကျောင်းတော်မှာ ကျွန်တော့်ထက် တစ်နှစ်စောတယ်။ ဘွဲ့လွန်ပြီးတော့ ပါရဂူဘွဲ့အတွက် မတက်တော့ဘဲ ထွက်သွားတဲ့လူတွေ။ ဒီလိုပွဲမျိုးတွေကိုလည်း မကြိုက်ဘူး။ အခုတောင် ကျွန်တော်တို့က တစ်သက်တစ်ခါလောက်ပါကွာဆိုပြီး တောင်းတောင်းပန်ပန်နဲ့ ခေါ်လာခဲ့ကြရတာ။ ပွဲမစခင် ပါမောက္ခကြီးနဲ့ နောက်ဖြစ်မယ့် ပါမောက္ခတို့ ဦးဆောင်ပြီး စားပွဲတွေဆီလျှောက်ပြီး နှုတ်ဆက်ကြတယ်။ သုံးဆယ့်ခုနစ်တို့လို မိတ်ဆုံစားပွဲကျင်းပရေး ကော်မတီတွေလည်းပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့စားပွဲကို ရောက်လာကြတော့တယ်။
ဆရာကြီးခမျာ အတော်အိုရှာပြီ။ ပင်စင်သက်ပြည့်တဲ့နောက်ဆယ်နှစ်သာသာ ထပ်ပြီးလုပ်ပေးနေရသေးတာ။ ခုတော့ ခေါင်းပေါ်က လက်ကျန်ဆံပင် ကျိုးတိုးကျဲတဲက ဖွေးလို့။ လက်ပြင်ကုန်းနေပြီ။ လက်ကိုင်တုတ်အားကိုးနဲ့ လျှောက်ရတယ်။ သတိကတော့ အတော့်ကိုကောင်းပုံရသေးတယ်။ ကျွန်တော်တို့စားပွဲဝိုင်းနားရောက်လာတော့ ကျွန်တော်တို့အားလုံးက မတ်တတ်ရပ်လိုက်ကြတယ်။ ကျွန်တော်တို့မျက်နှာတွေကို အမှောင်မကျတကျ အလင်းရောင်ထဲမှာ အတော်ကြအောင်ကြည့်နေရင်း အမှောင်ထဲက တော်လှန်ရေးသမားတွေကိုးကွလို့ ပြောရင်း ပြုံးနေတယ်။ ကျွန်တော်တို့ကတော့ ဘာမျှ ပြန်မပြောကြဘူး။ ဟိုတုန်းကလည်း အမှောင်ကြိုက်တယ်။ ခုလည်း အမှောင်ကြိုက်ကြတဲ့ကောင်တွေလို့ ပြောပြန်တယ်။ တစ်ဆယ့်ရှစ်ကို ဆရာကြီးက လက်ဆွဲနှုတ်ဆက်နေတုန်း နှစ်ဆယ့်သုံးဆီက အသံထွက်လာတယ်။ အလင်းထဲကို အလင်းထဲကနေကြည့်တာထက် အလင်းထဲကို အမှောင်ထဲကနေကြည့်တာက ပိုပြီး ကြည်လင်ပီပြင်ပါတယ်ဆရာကြီးတဲ့။ ဆရာကြီး လန့်သွားပုံရတယ်။ ရုတ်တရက် အသံလာရာကိုကြည့်လိုက်ရင်း ဟေ့ကောင်ကြီးလို့ ခေါ်လိုက်ရင်း စဉ်းစားနေပုံရတယ်။ ပြီးမှ နှစ်ဆယ်ဆိုပြီး အသံဆက်ထွက်မလာဘူး။ နောက်နားကပါလာတဲ့ သုံးဆယ့်ခုနစ်က ထောက်ပေးတယ်။ သုံး-ပါ ဆရာကြီးတဲ့။ ဆရာကြီးလည်း သတိရသွားပုံရတယ်။ အေးအေး။ နှစ်ဆယ့်သုံး။ သြော် မင်းက နှစ်ဆယ့်တစ်။ ဟိုအကောင်က တစ်ဆယ့်ရှစ်။ မင်းတို့လူသိုက်ကို ဆရာသတိရပြီး ထပ်ပြောတယ်။ အဲဒီတုန်းမှာပဲ နှစ်ဆယ့်တစ်က ၀င်ပြောတယ်။ အလင်းရောင်ထဲကလူတွေဟာ အလင်းရောင်မရှိရင် ပျောက်သွားကြပေတဲ့၊ အမှောင်ထဲကလူတွေကတော့ အစကတည်းက အမှောင်ထဲမှာပဲမို့ အမှောင်ထဲရောက်သွားလည်း လွယ်လွယ်ပျောက်မသွားဘူးပေါ့ ဆရာကြီးရယ်တဲ့။ ဆရာကြီးက နှစ်ဆယ့်တစ်ရဲ့လက်မောင်းကို လှမ်းကိုင်လိုက်ရင်း ဟုတ်လိုက်လေကွာ။ မင်းတို့နှစ်ယောက်ကတော့ ပီအိပ်ခ်ျဒီတွေ တစ်လှေချည်းရထားလေတော့ ဒါမျိုးတွေပြောတတ်တာပေါ့လို့ ပြောတယ်။ ဒီတော့ နှစ်ဆယ့်သုံးက ဖြတ်ပြောပြန်တယ်။ ဆရာကြီး အဲဒီစကားတွေက လွန်ခဲ့တဲ့အနှစ်သုံးလေးဆယ်လောက်က ဆရာကြီး ကျွန်တော်တို့ကို ပြောခဲ့တာပါတဲ့။

ကျွန်တော်တို့ရဲ့ ပါမောက္ခကြီးခမျာ အူကြောင်ကြောင်ဖြစ်သွားပုံရတယ်။ ဟေ၊ ဟုတ်ကဲ့လားလို့ ပြောရင်း သူ့နောက်ကပါလာတဲ့လူသိုက်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်။ နောက်တက်မယ့် ပါမောက္ခအသစ်က အသာခေါင်းညိတ်ပြတယ်။ ဆရာကြီးက ပြုံးလိုက်ရင်း ကျွန်တော်တို့အားလုံးကို တစ်ယောက်ချင်းစီကို လှည့်ပြီး ဖြည်းဖြည်းချင်းကြည့်လိုက်တယ်။ ပြီးမှ ဒီလိုဆိုတော့လည်း ဆရာက အတော်သားပဲလို့ သူ့ဘာသာပြောလိုက်သလိုလိုနဲ့ ပြောရင်း ရယ်တယ်။ ချက်ချင်းပဲ ပီအိပ်ခ်ျဒီတွေ တစ်လှေချည်းရထားတယ်ဆိုတဲ့ အကောင်နှစ်ကောင်ဆီက တစ်ကောင်ရဲ့အသံ ကြားလိုက်ရတယ်။ နှစ်ဆယ့်သုံးဆီက။ ဆရာကြီးက အမြဲတော်တာပါ။ ကျွန်တော်တို့မှာ သံသယမရှိပါဘူး။ တော်တာတွေကို ထုတ်မသုံးတာတစ်ခုပဲလို့ ပြောနေတုန်း အသံရပ်သွားတယ်။ ကျွန်တော်ကကြည့်လိုက်တော့ သူ့ဘေးနားဆီမှာ ရပ်နေတဲ့ တစ်ဆယ့်ရှစ်က တံတောင်နဲ့ အသာတွက်လိုက်တာ တွေ့ရတယ်။ ဆရာကြီးတို့နောက်နားက လူအုပ်ထဲက သုံးဆယ့်ခုနစ်နဲ့ နောက်တက်မယ့် ပါမောက္ခတို့ကလည်း မသိမသာခေါင်းခါပြတာ တွေ့လိုက်ရတယ်။ နှစ်ဆယ့်သုံးကိုကြည့်လိုက်တော့ သူက ဘာမျှ မပြောလိုက်သလိုပဲ။ ဆရာကြီးကတော့ အသေအချာ ကြားလိုက်ပုံမရဘူး။ ဘာတဲ့၊ ဘာတဲ့လို့ လှမ်းမေးနေတယ်။ နှစ်ဆယ့်တစ်က ကြားဝင်ပြီး ဆရာကြီးပြောတာတွေမှန်တယ်လို့ သူက ပြောတာပါလို့ ပြောလိုက်တယ်။ နှစ်ဆယ့်သုံးနဲ့ နှစ်ဆယ့်တစ်ရဲ့ ပြဿနာက အဲဒါပဲ။ သူတို့အနေနဲ့ ၀င်ပြောဖို့လိုတယ်ဆိုရင် ပါးစပ်က ထိန်းမရတဲ့လူမျိုးတွေ။ ပြောစရာရှိရင် ပြောလိုက်ရမှ။ ချစ်လို့၊ မုန်းလို့ ဘာဘာညာညာမဟုတ်ဘူး။ အဲဒီတုန်းမှာပဲ အကင်းပါးတဲ့ သုံးဆယ့်ခုနစ်က ကျွန်တော်တို့ပွဲစကြရင် ကောင်းမယ်လို့ပြောပြီး ဆရာကြီးတို့လူသိုက်ကို ကျွန်တော်တို့စားပွဲဆီက အသာလှည့်ထုတ်သွားဖို့ လုပ်တယ်။ ဆရာကြီးလည်း လှည့်ထွက်သွားတော့မယ်လို့ ခြေလှမ်းပြင်လိုက်ရင်း အားအပြည့်တော့ ဖြည်းလာကြတယ်မဟုတ်လားလို့ ပြောလိုက်ပြီးမှ လှည့်ထွက်သွားတော့တယ်။ အပြည့်ပါပဲ ဆရာကြီးလို့ ကျွန်တော်တို့လည်း ပြိုင်တူလို ဖြေလိုက်ကြပြီး အချင်းချင်းကြည့်ပြီး ပြုံးနေမိကြတယ်။

ဒီအချက်ကလေးကတော့ သိအောင်ရှင်းပြဖို့ လိုလိမ့်မယ်။ နိယာမကျောင်းတော်မှာ ဘွဲ့လွန်ပညာ ဆက်လက်ဆည်းပူးလေ့လာကြတော့မယ့် အချိန်ရောက်ရင် ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ စနစ်တွေကို ပြင်လိုက်ကြရတယ်။ စနစ်ဆိုတာက ရုပ်နဲ့တွဲစပ်တည်ရှိနေတဲ့ "ရှိနေခြင်းစနစ်" ပဲ။ ဘွဲ့လွန်ပညာ ဆက်လက်ဆည်းပူးခွင့်ရတဲ့သူတွေမှန်သမျှမှာ အလိုအလျောက် အသက်ရှူစက်ဆိုတာကလေး တပ်ထားကြရတယ်။ ဒီလူတွေဟာ ပညာဘက်မှာသန်တယ်။ နိယာမတစ်စုံတစ်ရာကို အခြေခံပြီး အသိပညာတိုးပွားဖို့ အားထုတ်နေကြတဲ့သူတွေဖြစ်လေတော့ အသက်ရှူဖို့ကိုတောင် မေ့နေတတ်ကြတယ်။ အသက်ရှူမှလည်း ဦးနှောက်ထဲကို အောက်ဆီဂျင်တို့ဘာတို့ ရောက်မှာတဲ့။ အဲဒီလိုရောက်ပါမှ ဦးနှောက်ကလည်း အလုပ်လုပ်မှာတဲ့။ ဒီတော့ အခု အနားယူတော့မယ့် ပါမောက္ခကြီး နိယာမကျောင်းတော်မှာ ပညာဆည်းပူးတဲ့လူတွေအကျိုးကို မျှော်ကိုးပြီး အဲဒီစက်ကလေးကို တီထွင်ခိုင်းတာပဲ။ ဘွဲ့လွန်တန်းတက်လို့ အထက်တန်းပညာဆည်းပူးကြမယ့်လူမှန်သမျှ အဲဒီစက်ကလေး တပ်ထားကြရတော့တာပဲ။ ပြဿနာတစ်ခုက စက်ကလေးကို တပ်ပြီးရင် ဖြုတ်ပစ်လို့မရတော့ဘူး။ စက်ကလေးတပ်လိုက်ပြီးကတည်းက နှလုံးခုန်တာတို့၊ သွေးလည်ပတ်တာတို့ဆိုတာတွေအားလုံးဟာ စက်ကလေးကပဲ လုပ်နေတော့တာ။ ဖြုတ်လိုက်ရင် အကုန်လုံးရပ်တန့်သွားမယ်။ လွယ်လွယ်ပြောရရင်တော့ ပညာရှင်၊ ပညာရှိဖြစ်လာဖို့ဆိုတာက အသက်ရှင်နေတာ၊ အသက်ရှိနေတာနဲ့မဆိုင်တော့ဘူးလို့ ဖြစ်သွားတဲ့အနေအထားပဲ။ ပညာရှင်၊ ပညာရှိတို့ရဲ့အလုပ်ဟာ အသက်ရှင်နေဖို့၊ အသက်ရှိနေဖို့မဟုတ်ဘူး။ အသက်ရှင်နေတာဟာ ပညာရှိဖြစ်နေဖို့သက်သက်ပဲ။ အသက်ရှင်နေသရွေ့ ပညာရှိ ဖြစ်နေရမယ်ဆိုတဲ့သဘောပဲ။ ဒီတော့ နိယာမကျောင်းထွက် ပညာရှင်၊ ပညာရှိတွေဟာ အသက်ရှင်နေဖို့ စက်ကလေးထဲက ဘက်ထရီကိုသာ မှန်မှန်အားသွင်းနေပေးဖို့ပဲ။ ဘက်ထရီက အားကုန်သွားရင်တောင် စက်ထဲက စွမ်းအားနဲ့ နောက်ထပ်သုံးနာရီလောက် အသက်ရှင်နေနိုင်သေးတယ်။ နိယာမတစ်စုံတစ်ရာကို အခြေခံပြီး အသိပညာဖော်ထုတ်ကြတာ၊ ဆွေးနွေးကြတာ၊ ရှာဖွေကြတာသာ အဓိက။ အသက်ရှင်ဖို့က စက်နဲ့ပဲဆိုင်တော့တယ်။ လူနဲ့မဆိုင်တော့ဘူး။ ဒါကြောင့် ဆရာကြီးက ကျွန်တော်တို့ကို အားတော့ အပြည့်ဖြည့်လာကြတယ်မဟုတ်လားလို့ မေးတာ။ ကျွန်တော်တို့အနေနဲ့ကတော့ မဖြည့်ရင်မဖြစ်တဲ့အခြေအနေမို့ ဘက်ထရီကိုအားပြည့်အောင် အမြဲဖြည့်နေရတော့တာပဲ။

ညစာစားပွဲစ,တယ်။ မစားခင် စကားတွေပြောကြတယ်။ နွားလောက်ခေါင်းမရှိတဲ့ကောင်တွေဆိုတာကလည်း ပြောလိုက်ကြတာစုံလို့။ ၀မ်းထဲကကိုက်လောက်အောင်တိုက်တဲ့ လေနုအေးဆိုတာမျိုး။ ကျွန်တော်တို့ကတော့ မှောင်ရိပ်ထဲမှာ တ၀ါးဝါးပဲ။ ကိုယ့်အချင်းချင်းတောင် သတိပေးနေရတယ်။ ကျွန်တော်တို့လူသိုက်ရဲ့ ဟားသံက သိပ်ကျယ်သွားလို့။ နောက်တော့ ကျွန်တော်တို့ ပါမောက္ခကြီးလည်း ဘွဲ့တံဆိပ်တစ်ခုရတယ်။ နောက်ဖြစ်မယ့် ပါမောက္ခလည်းရတယ်။ ရလိုက်ကြသမှ သုံးဆယ့်ခုနစ်တောင် တစ်ခုရသေးတယ်။ သူကတော့ ခပ်သေးသေးရယ်။ နောက်တော့ ညစာစားပွဲအပိတ်အနေနဲ့ အငြိမ်းစားယူမယ့်ပါမောက္ခကြီးက စကားပြောတယ်။ နောက်ဖြစ်မယ့်ပါမောက္ခကတော့ နောက်နားဆီက ရပ်နေတယ်။ သိပ်ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ဟိုလူ့ကျေးဇူးတင်၊ ဒီလူ့ကျေးဇူးတင်ဆိုတာမျိုးတွေပဲ။ ကျွန်တော်တို့ဘက်ကိုတောင် လက်နဲ့ညွှန်ရင်း ဟောဟိုမှောင်ရိပ်ထဲမှာ ကျုပ်တစ်သက်လုံးမနိုင်ခဲ့တဲ့ တပည့်တစ်သိုက်တောင် တကူးတကလာကြလို့ ကျေးဇူးတင်တယ်၊ ၀မ်းသာတယ်လို့ ပြောသေးတယ်။ ဆရာကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့လည်း ထပြီး လက်ခုပ်တီးလိုက်ကြတယ်။ ဆရာကြီးက အသိအမှတ်ပြုတဲ့အနေနဲ့ လက်ဝှေ့ယမ်းပြသေးတယ်။ ဆရာကြီးက ဆက်ပြောနေတယ်။ ပြောနေရင်း သူ့စကားလုံးတွေ ဗလုံးဗထွေးဖြစ်လာတယ်။ သိပ်ပြီး ပီပီသသမဟုတ်ချင်ဘူး။ ကျွန်တော်တို့ဆီက မြင်နေရတာကတော့ ဆရာကြီးဟာ စကားပြောနေရင်း ငိုက်ခနဲ ဖြစ်ဖြစ်သွားတယ်။ ကြည့်နေရင်းပဲ ဆရာကြီးဟာ ပျောခွေ့ပြီး လဲတော့မလိုဖြစ်သွားလို့ သူ့နောက်နားမှာရပ်နေတဲ့ နောက်ဖြစ်မယ့်ပါမောက္ခက အသာပွေ့ထားလိုက်ရတယ်။ ကျွန်တော်တို့အားလုံးလည်း ထပြီး အဲဒီဆီပြေးကြတယ်။ ကျွန်တော်တို့ရောက်တော့ နောက်ဖြစ်မယ့်ပါမောက္ခရင်ခွင်ထဲမှာ ဆရာကြီးဟာ သတိမရတော့ဘူး။ နောက်ဖြစ်မယ့်ပါမောက္ခက မြေပေါ်မှာ ထိုင်ချလိုက်တယ်။ တစ်ယောက်တစ်ပေါက်ပြောနေကြတယ်။ သုံးဆယ့်ခုနစ်က ဧည့်သည်တော်တွေအထဲမှာ ဆရာဝန်မပါကြဘူးလားလို့ အော်ရင်း မေးနေတယ်။ နွားလောက်မှခေါင်းမရှိတဲ့ ကောင်တစ်ကောင်ရဲ့ မိန်းမကထပြီး ကျွန်မက မီးယပ်နဲ့သားဖွားပါရဂူလို့ ပြောတယ်။ ဘာဖြစ်ဖြစ် ဆရာဝန်ဖြစ်ရင်ပြီးရော။ လာပါလို့ တစ်ယောက်ကလှမ်းပြောလိုက်တာနဲ့ မီးယပ်နဲ့သားဖွား ပါရဂူမလည်း ထိုင်ရာက ထတော့မယ်လို့လုပ်တယ်။

ကျွန်တော်တို့လည်း ဘာလုပ်ရမှန်း မသိဘူး။ အဲဒီတုန်းမှာပဲ နှစ်ဆယ့်တစ်က ငတုံးတွေ၊ ဒီသောက်ဆရာဝန်က ဘာလုပ်ရမှာတုံး။ ဆရာဝန်ဆိုတာက သေတာရှင်တာကို လုပ်မပေးနိုင်ဘူး။ အသက်ရှင်နေတာကို နည်းနည်းပိုရှည်အောင် အချိန်ခိုးပေးနိုင်တဲ့ သူခိုးပဲလို့ လှမ်းပြောလိုက်တယ်။ နှစ်ဆယ့်သုံးက ပါမောက္ခကြီးနားမှာထိုင်ချလိုက်ရင်း ဆရာကြီးရဲ့ အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး စက်ကလေးကို ဆွဲထုတ်လိုက်တယ်။ စက်ကလေးရဲ့ နောက်ဘက်ကိုလှန်ပြီး ဘက်ထရီထည့်တဲ့နေရာကို ကြည့်လိုက်တယ်။ ပြီးတော့ ၀ိုင်းအုံနေတဲ့လူတွေကို ပြလိုက်တယ်။ စက်ထဲမှာ ဘက်ထရီမရှိဘူး။ ဆရာကြီးဟာ စက်ကလေးထဲက ဘက်ထရီကို သူ့ဘာသာ ထုတ်ထားလိုက်ပုံပဲ။ နောက်တော့ နှစ်ဆယ့်သုံးက စက်ကလေးကို ဆရာကြီးအိတ်ထဲ ပြန်ထည့်ပြီး ထိုင်ရာကထလိုက်ရင်း ကျွန်တော့်ပုခုံးကို လှမ်းကိုင်လိုက်တယ်။ လာ၊ သွားကြစို့လို့ ပြောတာနဲ့ ကျွန်တော်တို့အားလုံးလည်း အဲဒီနားဆီက ထွက်လာခဲ့ကြတော့တယ်။ မိတ်ဆုံစားပွဲလုပ်တဲ့နေရာဆီကို ကျောပေးပြီး ခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ကားဆီ ထွက်လာခဲ့ကြရင်း အတော်ကြာအောင် ဘာစကားမှ မပြောဖြစ်ကြဘူး။ ကိုယ့်အတွေးနဲ့ကိုယ်ပဲ။ လမ်းပေါ်မှာကျနေတဲ့ စီးကရက်ဘူးခွံတစ်ခုကို တစ်ဆယ့်ရှစ်က ခြေထောက်နဲ့ ကန်လိုက်တဲ့ အသံတစ်ချက်ကလွဲလို့ ဘာသံမျှ မကြားရဘူး။ ကားတွေရပ်ထားတဲ့နားဆီရောက်တော့ ရှေ့က လျှောက်သွားနေတဲ့ နှစ်ဆယ့်တစ်က ရပ်လိုက်တယ်။ ကျွန်တော်တို့အားလုံးလည်း လျှောက်နေရာက ရပ်လိုက်မိကြတယ်။ နောက်တော့ သူက ပြောတယ်။ တကယ်တော့ ဆရာကြီးက တို့ကို ဆုံးမခဲ့တာပဲတဲ့။ ဘယ်သူကမျှ ဘာမျှ ၀င်မပြောကြဘူး။ ကျွန်တော်တို့အားလုံးဘက်ကိုလှည့်လိုက်တော့ ခပ်လှမ်းလှမ်းက မီးလုံးက သူ့ကျောဘက် ရောက်သွားလို့ သူ့ကိုယ်ရဲ့ နောက်ဘက်ဆီက အလင်းရောင်တွေ ဖြာထွက်နေသလိုဖြစ်တယ်။ သူ့မျက်နှာနဲ့ ကိုယ်ရဲ့ ရှေ့ပိုင်းကို အမှောင်ကျနေတယ်။ ဆရာကြီး ပြောချင်တာကတော့ တို့တစ်တွေဟာ ကိုယ့်အချိန်ကို ကိုယ်သိတယ်။ ကိုယ့်နေရာကို ကိုယ်သိတယ်ဆိုတာပဲလို့ နှစ်ဆယ့်တစ်ဆီက အသံထွက်လာတယ်။ ဘယ်သူကမျှ ဘာမျှ ၀င်မပြောတော့ သူက ဆက်ပြောတယ်။ ငါတို့ဟာ ဒီကောင်တွေလို ရာသီလိုက်လို့ အရောင်မပြောင်းတတ်ဘူး။ နိုင်ငံရေးဆိုတာက အခွင့်အရေးယူတတ်ရင် မျက်နှာလွှဲခဲပစ် လုပ်နိုင်လောက်တဲ့ အခွင့်အရေးမှန်းသိပေတဲ့ မယူခဲ့ဘူး။ သားစဉ်မြေးဆက် စားမကုန်အောင် မတိုခဲ့ဘူး။ ဒါပေတဲ့ ငါတို့ဟာ ငါတို့ရဲ့ အတိုင်းအတာကိုသိတယ်။ ငါတို့ ပါဝင်ပတ်သက်နေရတဲ့ ကာလနဲ့ အာကာသအကြောင်း သိတယ်။ ငါတို့ရဲ့ ဖြစ်-ရှိနေခြင်းကိုသိတယ်။ ဒီသိမှုတွေရှိနေတာကြောင့် ငါတို့ဟာ ညံ့တယ်ဆိုရင်တော့ ရင်ကော့ခံကြရုံပဲ။ ငါတို့ဟာ ဒီကောင်တွေနဲ့ မတူလို့၊ အသုံးမကျကြဘူးလို့ မြင်ကြရင်ဖြင့် ဒီလိုညံ့တာ၊ အသုံးမကျတာတွေဟာ တို့ရဲ့ သိမှုမှာတည်နေတဲ့ သိက္ခာပဲမို့ ဂုဏ်ယူစရာတွေပဲလို့ တို့ဘာသာ လက်ခံကြရုံပဲတဲ့။ နှစ်ဆယ့်တစ်ရဲ့အသံမှာ ဒေါသသံ ပါနေတယ်။

နောက်တော့ နှစ်ဆယ့်တစ်က ကားတွေရပ်ထားတဲ့ဘက်ကို လှည့်လိုက်ပြီး လျှောက်သွားတယ်။ နောက်ဘက်တည့်တည့်က မီးရောင်က ရွေ့သွားလို့ ရုတ်တရက်ကြီး လင်းလက်သွားတယ်။ နှစ်ဆယ့်သုံးက နှစ်ဆယ့်တစ်ရဲ့အနား ရောက်အောင် ခပ်သွက်သွက်လျှောက်သွားပြီး နှစ်ဆယ့်တစ်ပုခုံးပေါ် သူ့လက်တင်ထားလိုက်ရင်း နှစ်ဆယ့်တစ် စိတ်ပြေသွားအောင် စကားတစ်ခွန်း၊ နှစ်ခွန်းစ စပြောတယ်။ ကျွန်တော့်ခေါင်းထဲမှာတော့ နှစ်ဆယ့်တစ်ပြောတဲ့အထဲက "ဒီကောင်တွေ" ဆိုတာ ဘယ်သူဘယ်ဝါကို ညွှန်းတာပဲဆိုတာ အသေအချောသိချင်တယ်။ နောက်မှမေးကြည့်ဦးမယ်လေလို့ တွေးကြည့်မိပေတဲ့ မမေးတော့ပါဘူးလို့ပဲ ဆုံးဖြတ်လိုက်မိတယ်။ ဆုံးဖြတ်လိုက်မိတာက ကျွန်တော်လည်း နိယာမကျောင်းတော်ထွက်။ နှစ်ဆယ့်တစ်နဲ့ နှစ်ဆယ့်သုံးလို၊ ဆရာကြီးပြောခဲ့သလို ပီအိပ်ခ်ျဒီတွေ တစ်လှေကြီး မရဖူးပေတဲ့ နာမည်နောက်မှာ ကြွက်မြီးတန်းပြစရာတွေ ရှိနေတယ်။ ပညာတတ်စာရင်းထဲ အပြည့်မ၀င်တောင် အဖျားအနားလောက်မှာတော့ စာရင်းဝင်နေသေးတယ်။ ဒီတော့လည်း "ဒီအကောင်တွေ" ဆိုတာဟာ ဘယ်အကောင်တွေပဲဖြစ်ဖြစ်၊ သမိုင်းဆရာကြီးညွှန်းခဲ့ဖူးတဲ့ နွားလောက်မျှခေါင်းမရှိတဲ့ကောင်တွေပဲဖြစ်ဦးတော့ ကျွန်တော်မပူဘူး။ သိနေစရာမလိုဘူး။ သင်းတို့တစ်တွေလို မြေးမြစ်တွေအထိ စားမကုန်အောင် ကျွန်တော်တို့မှာ မရှိဘူး။ ရွှေဝါရောင် ပိုးပုဆိုးထည်လဲ မ၀တ်နိုင်ဘူး။ လက်အုပ်ကလေးချီရင်း၊ ဘုရားတည်ရင်း လူကြည်ညိုခံရအောင် မလုပ်ဘူး။ ဒါပေတဲ့ အလကားရတဲ့လေကို နောက်ဆံမတင်းဘဲ စိတ်ရှင်းရှင်းနဲ့ ရှူနိုင်တယ်။ အသက်ရှင်နေဖို့အတွက် ထည့်စဉ်းစားနေစရာ မလိုဘူး။
သေချာတာတစ်ခုကတော့ ကျွန်တော်တို့လူသိုက်အတွက်တော့ ဒီနိယာမကျောင်းထွက်တွေရဲ့ မိတ်ဆုံစားပွဲဟာ နောက်ဆုံးမိတ်ဆုံစားပွဲပဲ။   ။

မြင့်သန်း
ရွှေအမြုတေ၊ ဇူလိုင် ၂၀၁၄

Comments

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...