တဖြည်းဖြည်း ပိုအေးလာတယ်။ ဟုတ်တယ်။ ရုတ်တရက်ကြီး အေးလိုက်ဖို့လည်း မသင့်ဘူးလေ။ သဘာဝဟာ ဒီအတိုင်းပဲ။ ဒါကို သဘာဝရဲ့ သဘာဝလို့ ပြောရမယ် ထင်တယ်။ အလင်းရဲ့အလျင်နှုန်းက အတော်မြန်ပေမဲ့ နေကတော့ တဖြည်းဖြည်းချင်း ၀င်နေတာပဲ။ စိမ်ပြေနပြေ ရွေ့လျားနေတာပဲ။ ကျွန်တော် ကြည့်လိုက်တိုင်း သူ ရွေ့နေတယ်လို့ကို မထင်ရဘူး။ နာရီက မိနစ်လက်တံကမှ သူ့ရဲ့ ခိုးချောင်ခိုးဝှက်ရွေ့လျားမှုကို တိုက်ဆိုင်ရင် ဖျပ်ခနဲ မြင်လိုက်နိုင်သေးတယ်။ ဒါပေမဲ့ အချိန်နဲ့ ပိုမိုနီးစပ်တာက မိနစ်လက်တံထက် နေမင်းကြီးပဲ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ နာရီတွေမရှိလို့ ပြဿနာမရှိပေမဲ့ နေမင်းကြီးမရှိရင်တော့ ညတွေချည်းပဲ ဖြစ်နေမှာပေါ့။ ထားပါတော့။ ကိုယ့်ကိုယ်ကိုယ် နောက်ဆုံး သတိထားမိချိန်တွေမှာ ကျွန်တော်ဟာ ညဥ့်နက်သန်းခေါင် အလယ်ကိုချည်း ရောက်ရောက်နေတတ်တယ်။ နေမင်းကြီး ဘယ်တုန်းက၊ ဘယ်လို ၀င်သွားခဲ့မှန်း မသိလိုက်ရဘူး။ သဘာဝဟာ အဲ့ဒီလို လှည့်စားတတ်တယ်။ ခုလည်း ကျွန်တော်က နှင်းတောထဲ ရောက်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ခိုက်ခိုက်တုန်နေတာကို ခုမှ သတိပြုလိုက်မိတယ်။ အပူချိန်တစစ လျော့လာတာကို ကျွန်တော် မသိလိုက်ဘူး။ ဆောင်းတွင်းပဲ အေးမှာပေါ့လို့ မပြောနဲ့။ အေးခဲတတ်တဲ့ ကာလအပိုင်းအခြားတစ်ခုကိုပဲ ဆောင်းတွင်းလို့ ခေါ်ဝေါ်ကြတာမဟုတ်လား။ ဆောင်းကို နွေလို့ခေါ်လည်း ဆောင်းကတော့ အေးနေမှာပဲ။ အခေါ်အဝေါ်နဲ့ သဘာဝကို ရောထွေးပစ်လို့မရဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က လမ်းအတိုင်း ဆက်လျှောက်လာခဲ့တယ်။ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ၀ှက်ထားမယ်။ အနွေးထည်ဇစ်ကို လည်ပင်းထိရောက်အောင် ပိတ်ထားမယ်။
လမ်းက ကျဉ်းတယ်။ ပြီးတော့ လူတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ အရမ်းရှုပ်နေတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ ကားဟွန်းသံတွေ ရှိမယ်။ ဆိုင်ကယ်အပွတ်မခံရအောင် သတိကြီးကြီးနဲ့ လျှောက်လာမယ်။ ရှေ့မှာ လမ်းမကြီးကို မြင်နေရပြီ။ လမ်းမကြီးဘေးက ဆိုက်ကားတစ်စီးပေါ်မှာ ဆိုက်ကားဆရာက အိပ်ငိုက်နေတယ်။ သူက ဖွာလန်နေတဲ့ ခေါင်းစွပ်ကို စွပ်ထားတယ်။ သူ့အင်္ကျီက ပါးပါးလေးပါလား။ သူ့မျက်နှာက အရိုးချွန်ချွန်က လမ်းမီးတိုင်ရဲ့အ၀ါရောင်အလင်းအောက်မှာ စူးရှနေတယ်။ အအေးဓါတ်ကို စုတ်ချက်နဲ့ ဖေါ်လိုက်ရင် ဘ၀သရုပ်ဖေါ် ပန်းချီကားတစ်ချပ်လိုပဲလို့ ကျွန်တော် တွေးလိုက်မိတယ်။ သူ့ဘေးနားမှာ မီးပွိုင့်မိနေတဲ့ ကားတစ်စီး ရပ်ထားတယ်။ ဟုတ်ပါတယ်။ ကျွန်တော်က အပိုတွေ သိပ်ပြောတတ်တယ်။ မီးပွိုင့်မိနေတဲ့ကားတစ်စီး မောင်းသွားတယ်လို့လည်း ပြောလို့မှ မဖြစ်တာ။ ထားပါတော့။ ကျွန်တော့်ရဲ့ အအေးရောင်ပန်းချီကားက အခုတော့ ပျက်စီးသွားတယ်။ ပြောင်လက်နေတဲ့ ငွေမှင်ရောင်ကားကြီးတစ်စီးက ပန်းချီကားတစ်ခုလုံးနီးပါး ဖုံးလွှမ်းသွားတယ်။ ကားမောင်းသူနေရာမှာ ပန်ချာပီခေါင်းပေါင်းနဲ့၊ မုတ်ဆိတ်ပါးသိုင်းအပြည့် တပ်ဆင်ထားတဲ့ လူတစ်ဦး ဖုန်းပြောနေတယ်။ ဆိုက်ကားသမားရဲ့ ဦးခေါင်းနဲ့ ပန်ချာပီခေါင်းပေါင်း အလွန်ဆုံး တစ်ပေလောက်ပဲ ကွာလိမ့်မယ် ထင်တယ်။ ကျွန်တော်က အဲ့ဒီ ဦးခေါင်းနှစ်လုံးကို မျက်နှာချင်းဆိုင်ကနေ Zoom ဆွဲယူလိုက်တယ်။ ပြီးတော့ ဖျပ်ခနဲ တစ်ချက်လင်းလက်သွားအောင် ရိုက်လိုက်တယ်။ အရိပ်တချို့ကို ကျွန်တော် ရလိုက်ပြီထင်တယ်။ အဲ့ဒီဦးခေါင်းနှစ်လုံးသာ အရှင်ဆိုရင် ကျွန်တော် လဲတပ်လိုက်ရင် ဘယ့်နှယ့်နေမလဲ။ ကျွန်တော် ဖမ်းထားတဲ့ အနုပညာလက်ရာလေး ပျက်စီးသွားမှာလား။ ပန်ချာပီခေါင်းပေါင်းက ဆိုက်ကားနင်းတတ်ပါ့မလား။ ဇာတ်နိမ့်တစ်ယောက်ကရော ကားမှာ သူအမြဲနင်းနေကျ ခြေနင်းကို လိုက်ရှာနေမှာလား။ ဒါဟာ နောက်စရာကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်က ပန်ချာပီရဲ့ ဂျာကင်အင်္ကျီကိုတော့ ဆိုက်ကားသမားဆီကို တပ်ပေးလိုက်တယ်။ အမြင်မှာ သိပ်မလိုက်ဖက်ပေမဲ့ သူ နွေးသွားမယ်လို့တော့ ကျွန်တော် ထင်တယ်။ ဟုတ်တယ် ကျွန်တော့် စုတ်ချက်မှာ နွေးထွေးမှုလေးနည်းနည်း စွက်လိုက်တယ်။
ကျွန်တော်က အဲ့ဒီနေရာမှာ ခဏရပ်ပြီး မီးပွိုင့်မိနေတဲ့ ကားတွေကို ကြည့်နေမိတယ်။ ကားတင်မဟုတ်ဘူး ဆိုက်ကားတွေ၊ ဆိုင်ကယ်တွေရောပဲ။ သူတို့အားလုံး အပေါ်က မီးအနီရောင်ကို သည်းသည်းမဲမဲ စိုက်ကြည့်နေကြတယ်။ သူတို့အားလုံး ရပ်နေကြတယ်။ အမှန်တော့ ကမ္ဘာပေါ်က ရှိရှိသမျှ ရွေ့လျားနေတဲ့ အရာတွေကို ဓါတ်ပုံရိုက်သလို ရပ်ပစ်လိုက်လို့ ရတာချည်းပဲ။ ဆိုပါတော့ အခု ကျွန်တော့်စာကို ဆက်မဖတ်ဘဲ ရပ်ပစ်လိုက်မယ်။ ဘာဖြစ်လဲ၊ ရတာပဲ။ ဆိုလိုတာက သိပ်ပြီး အရေးကြီးလှတဲ့ အရာတွေ မဟုတ်ဘူးလို့ ပြောချင်တာပါ။ ဒါပေမဲ့ ဘာဖြစ်လို့ ဆက်ဖတ်လဲ။ ဖတ်ချင်လို့လား။ ရှေ့မှာဘာရှိမလဲသိချင်တဲ့ စိတ်ဝင်စားမှုကြောင့်လား။ ဖတ်နေကျမို့လို့ အပျင်းပြေ ဖတ်နေမိတာလား။ ဘာပဲဖြစ်ဖြစ် ခဏတဖြုတ်ရပ်ပစ်လိုက်လို့တော့ အရေးမကြီးတာ သေချာပါတယ်။ ဒါပေမဲ့ အဲ့ဒီအရေးမကြီးတာကကို လုပ်ဖို့ခက်တဲ့ ကိစ္စပဲ။ ရွေ့လျားနေတဲ့ ယာဉ်တွေဟာ အလိုဆန္ဒတွေချည်းပဲ။ ခဏလောက်ရပ်လိုက်ရရင်ကို အလိုဆန္ဒတွေဟာ တရုန်းရုန်းဖြစ်လာတယ်။ ရှေ့ကိုပဲ တိုးထွက်ချင်နေတယ်။ ဒီနည်းအတိုင်း ယာဉ်အမျိုးမျိုးပေါ်က လူတွေ လမ်းမပေါ်မှာ စီးဆင်းနေကြတယ်။ တော်ပြီ၊ ကျွန်တော့်အတွေးစကို သည်နေရာမှာဖြတ်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆက်လျှောက်ဦးမယ်။ အမှန်တော့ ဒီမီးပွိုင့်နားကနေ ကျွန်တော် လမ်းဖြတ်ကူးရမှာပဲ။ ဒါပေမဲ့ ကျွန်တော် မကူးဖြစ်လိုက်ဘူး။ အကြောင်းက လမ်းလယ်ခေါင်အရောက်မှာ ရုတ်တရက် မီးပွိုင့်စိမ်းသွားမှာ ကြောက်လို့ပဲ။ တည်ငြိမ်မှုပျက်ပြားစေတဲ့ ပြေးပြေးလွှားလွှားအလုပ်တွေ ကျွန်တော် မလုပ်ချင်ဘူး။ အေးလည်းအေးနေတယ် မဟုတ်လား။ ကျွန်တော်ဆက်လျှောက်လာတယ်။ လမ်းဘေးအိမ်သာက အနံ့အသက်တချို့ရလို့ အသက်ခဏအောင့်လိုက်တယ်။ ဓါတ်တိုင်လေးငါးတိုင်အကွာရောက်မှ ကျွန်တော် လမ်းကူးလိုက်တယ်။ ပြီးတော့ တစ်ဘက်ရပ်ကွက်ရဲ့ မှောင်ရိပ်ကျနေတဲ့ လမ်းကြားလေးထဲ ၀င်လာလိုက်တယ်။ လူတွေကားတွေ ရှင်းသွားပါပြီ။ တိတ်ဆိတ်မှောင်မိုက်နေတယ်။ ခုကျမှ ပိုအေးလာသလို ခံစားရတယ်။ အဲ့ဒီလမ်းကြားလေးရဲ့ အလယ်ခေါင်တည့်တည့်မှာ ကျွန်တော် အမည်မခေါ်တတ်တဲ့ အပင်ကြီးတစ်ပင် ကတ္တရာလမ်းကို ဖေါက်ထွက်ပြီး ပေါက်နေတယ်။ အမြင်အရ ပြောရတာပါ။ တကယ်တော့ အပင်ကြီးကိုမလှဲချင်တာနဲ့ ကတ္တရာခင်းတဲ့အချိန်မှာ ၀ိုက်ပြီးခင်းထားခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အပင်ကြီးကပဲ လမ်းလယ်ခေါင်တည့်တည့်မှာ မရိုမသေ ပေါက်နေတာလား၊ လမ်းကပဲ အပင်ကြီးတည့်တည့် ဇွတ်တိုးတာလားဆိုတာ ကျွန်တော် သေသေချာချာ မသိဘူး။ ဘာပဲဖြစ်ဖြစ် ကားဝင်မရတဲ့လမ်းမှာ ကျွန်တော်ကတော့ အပင်ကြီးကိုကွေ့ဝိုက်ပြီး အေးအေးဆေးဆေး လမ်းလျှောက်နိုင်တယ်။ ပြီးရင် ဘယ်ဘက်ကို ချိုးရမယ်။ ကျွန်တော်တို့ ပန်းခြံလေးဆီ သွားကြမယ်လေ။
ခန့်မှန်းခြေ ခြေလှမ်းတစ်ထောင်လောက် လှမ်းပြီးနောက်တော့ ပန်းခြံလေးကို လှမ်းမြင်ရတယ်။ အရင်ညတွေကလိုပါပဲ လူတစ်ယောက်မှ မရှိဘူး။ ပန်းခြံထဲ ကျွန်တော် လှမ်းဝင်လိုက်တယ်။ မြက်ခင်းပေါ်က နှင်းတွေကြောင့် ဖိနပ်ပါးပါးလေးစီးထားတဲ့ ကျွန်တော့်ခြေထောက်မှာ စိုစွတ်စွတ်ဖြစ်လာတယ်။ ဖိနပ်စီးတယ်ဆိုပေမယ့် ဖိနပ်က မြင်းတို့၊ ကားတို့၊ ရိုလာကိုစတာတို့၊ လေယာဉ်တို့လို အလိုလိုရွေ့နေတာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော့်ဘာသာ လျှောက်ရတာပါ။ ဟုတ်ပါတယ် သိပြီးသားတွေကို ထပ်ထပ်ပြောမိသလိုဖြစ်နေပြီ။ ဖိနပ်က ကျွန်တော့်ကို သည်နေရာကို ခေါ်လာတာမဟုတ်ဘူးလို့ ပြောချင်တာက အဓိကပါ။ ကျွန်တော့်ကြောင့်သာ ဖိနပ်လေး သည်နေရာကို ရောက်လာရတာ။ ခုနကတွေ့ခဲ့တဲ့ လမ်းပေါ်က ယာဉ်တွေနဲ့ မတူဘူးလို့ ပြောချင်တာ။ ထားပါတော့။ ကျွန်တော်က အဲ့ဒီ လူသူမရှိတဲ့ ပန်းခြံလေးထဲကို လှမ်းဝင်လိုက်တယ်။ အဲ့ဒါကို ပန်းချီကားတစ်ချပ်လို ကျွန်တော်တို့ အတူကြည့်ကြမယ်လေ။ ဆိုပါတော့ ကျွန်တော်က ခုံတန်းလျားလေးပေါ် ထိုင်နေတယ်။ ခုံပေါ်မှာ နှင်းစက်တွေ တင်နေလို့ နည်းနည်းတော့ အေးတယ်။ ကျွန်တော့်ပန်းချီကားထဲမှာ အအေးဓါတ်ကို ထူထူလေးထည့်ဆွဲထားတယ်။ ပြီးတော့ ပန်းခြံအလယ်တည့်တည့်က မီးတိုင်ကြီးကို ကျွန်တော် မော့ကြည့်နေမယ်။ မီးတိုင်ကြီးက အကြီးကြီး။ အ၀ါရောင်။ ပန်းခြံစည်းရိုးတစ်လျှောက်မှာ မီးတိုင်ငယ်လေးတွေ နေရာတကျ တန်းစီနေတယ်။ သူတို့က အဖြူရောင်။ အဲ့ဒါတွေ အလယ်မှာ ကျွန်တော်တစ်ယောက်တည်း ထင်းထင်းကြီး၊ ဒါမှမဟုတ် ထီးထီးကြီး ဖြစ်နေတယ်။ ဟုတ်တယ် အသံကိုတော့ ကျွန်တော်ထည့်မဆွဲဘူး၊ ငြိမ်သက်အထီးကျန်တဲ့သဘောကို ပေါ်လွှင်အောင် ရည်ရွယ်ချက်ရှိရှိ တိတ်ခိုင်းထားမယ်။ ပြီးတော့ ပန်းခြံရဲ့ ထောင့်တစ်နေရာ မြက်ခင်းပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ ခွေးအဖြူလေးတစ်ကောင် ဆွဲမယ်။ ခွေးကလေးက ချစ်စရာလေးပါ။ အရင်တစ်နေ့က ကျွန်တော်က သူ့ကို သွားခေါ်တယ်။ သူက ကျွန်တော့်ကို မာန်ဖီတယ်။ အဲ့ဒါနဲ့ ဒီနေ့တော့ သူ့ကို မခေါ်တော့ဘူး။ စကားမစပ် ဒါတွေဟာ ကျွန်တော့်ပန်းချီကား ဘောင်ထဲက ကင်းဗတ်စပေါ်မှာ အကုန်ပါနေပါတယ်။ အချိန်တွေကိုပါ ထည့်ဆွဲထားတယ်။ အခြားတစ်နည်းနဲ့ မှတ်ဉာဏ်လို့ ခေါ်ချင်လည်း ခေါ်ပေါ့။ ပြီးတော့ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာ ကလေးတွေကစားတဲ့ အခက်အခဲကျော်တဲ့ တန်းတွေ၊ ဘားတွေ ရှိတယ်။ ဒန်းလေးတွေ၊ လျှောလေးတွေရှိတယ်။ ကစားမယ့် ကလေးတွေမရှိတော့ အခက်အခဲတွေဟာလည်း သူတို့ကို ကျော်ဖြတ်မယ့်သူ မဲ့နေရှာတယ်။ အခက်အခဲချည်းသီးသန့် မြင်နေရတဲ့ မြင်ကွင်းဟာ စိတ်မကောင်းစရာ၊ ရယ်စရာပါပဲ။ လျှောကလေးတွေ၊ ဒန်းကလေးတွေကရော ဘာထူးလဲ။ ကစားမယ့်သူတွေ မရှိတဲ့အခါ အပျော်တွေဟာ ငုတ်တုတ်ထိုင်နေကြရတယ်။ ကျွန်တော်ထိုင်နေတဲ့ ခုံတန်းကို ကြည့်ရင်တောင် နေရာလွတ်တွေ ပိုနေတယ်။ အမှန်တော့ နှစ်ယောက်ထိုင်ခုံမှာ ကျွန်တော်က ကျွန်တော်တစ်ယောက်တည်းကိုပဲ ဆွဲထားတာကိုး။ ပန်းချီမှာ လွတ်နေတဲ့ ဗလာနယ်တွေဟာ တမင်ထည့်ထားတာ ဆိုသလိုမျိုးပဲ။ ကျွန်တော်က နေရာလွတ်တွေကို တမင် ချန်ထားမယ်။ ကျွန်တော်က ပန်းချီကားကို အဲ့ဒီလို အနုစိတ်နဲ့ စိတ်ပါလက်ပါ ချယ်မှုန်းနေလိုက်တယ်။ ဘယ်ညာပေါ်အောက် တွေသာမက အတိတ်အနာဂတ်တွေထိပါ ပါဝင်တဲ့ ကင်းဗတ်အတွင်းထဲမှာ ကျွန်တော် နစ်မြောနေတယ်။ ဘယ်လောက်ကြာသွားမှန်း မသိဘူး။ နောက်ဆုံး ကျွန်တော်ထိုင်နေတဲ့ ခုံတန်းလျားဆီကို ပြန်ရောက်လာတယ်။ ကျွန်တော် အလန့်တကြားဖြစ်သွားမိတယ်။ အစက ပြောခဲ့သလိုပဲ သဘာဝရဲ့ တရွေ့ရွေ့ ရွေ့လျားတတ်တဲ့သဘောကို ကျွန်တော် နောက်တစ်ကြိမ် ထပ်မေ့သွားတာပဲ။ ကျွန်တော် ထိုင်နေတဲ့ ခုံတန်းပေါ်မှာ ကျွန်တော် မရှိတော့ဘူး။ လူတစ်ယောက်ထိုင်ခဲ့တယ်ဆိုတဲ့ သက်သေသာဓကအဖြစ် နှင်းစက်လေးတွေ ကွက်နေတဲ့ ဖင်နေရာစာပါ မရှိတော့ဘူး။ နှင်းအသစ်တွေ ပြန်တင်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်ဘယ်တုန်းက ပြန်သွားသလဲဆိုတာ မိနစ်လက်တံကို ကံကောင်းထောက်မစွာ ဖမ်းမိသလို ကျွန်တော် မဖမ်းမိလိုက်ဘူး။
အခုတော့ အအေးရောင် ပန်းခြံထဲမှာ အခက်အခဲအတားအဆီး တချို့ရယ်၊ ပျော်ရွှင်မှု တချို့ရယ်၊ အအေးဓါတ်ရယ်၊ ခွေးတစ်ကောင်ရယ်၊ လွတ်နေတဲ့ ဗလာနယ်တွေရယ်၊ အရောင်ဆင် ရေးဆွဲထားတဲ့ မီးတိုင်တွေရယ်၊ ပြီးတော့ မြက်ခင်းရယ် ဒါတွေပဲ ကျန်ခဲ့တော့တယ်။ အဲ့ဒီနေ့က ကျွန်တော်ပြန်သွားတဲ့အချိန်ကို ကျွန်တော် သတိမထားလိုက်မိဘူး။
တေဇာ (လရောင်လမ်း)
ဒီဇင်ဘာ ၂၇၊ ၂၀၁၀
စိတ်ဝင်တစားဖတ်သွားပါတယ်.
ReplyDeleteသာမန်နဲ့မတူတဲ့ ရေးဟန်လေးတွေက ထူးခြားဆန်းသစ်စေပါတယ်..
ကိုယ်က မရေးတတ်ပေမဲ့ ဒီလိုရေးတတ်သူ၊ တွေးတတ်သူတွေကို အားကျတယ်..
နာရီက မိနစ်လက်တံကမှ သူ့ရဲ့ ခိုးချောင်ခိုးဝှက်ရွေ့လျားမှုကို တိုက်ဆိုင်ရင် ဖျပ်ခနဲ မြင်လိုက်နိုင်သေးတယ်။ ပန်းချီကားထဲက ခိုးကြောင်ခိုးဝှက်ပျောက်သွားတာ သတိထားဖတ်နေရင်းနဲ့ကို လွတ်ထွက်သွားတယ်။
ReplyDelete