ဒီနေ့ (၁၀-၁၂-၂၀၁၀) မှာ တရုတ် အတိုက်အခံ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူ `လျူရှောင်ဘို´ (Liu Xiaobo) ကို အော်စလို (Oslo) မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လျူဟာ ဆုပေးပွဲအခမ်းအနားကို ကိုယ်တိုင်ရော ကိုယ်စားပါ တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ တရုတ်အာဏာပိုင်တွေက လျူအား ထိမ်းသိမ်းထားပြီး၊ လျူရဲ့ ဇနီးဟာလည်း နေအိမ်အကျုယ်ချုပ်နဲ့ နေနေရပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ကိုယ်စား တက်ရောက် ယူနိုင်ခဲ့ပါတယ်။ ဒီနှစ် အခမ်းအနားမှာတော့ လျူရဲ့ ထိုင်ခုံနေရာဟာ သင်္ကေတတစ်ခုအနေနဲ့ လစ်လပ်နေမှာပါ။ ဒါဟာ နိုဘယ်ဆုသမိုင်းမှာ ရှားရှားပါးပါးနဲ့ ဒုတိယအကြိမ် ဖြစ်ပါတယ်။ သူ့ရှေ့မှာ ဂျာမန် စာနယ်ဇင်းနဲ့ စစ်ဆန့်ကျင်ရေးသမား `အိုဇီယက်စကီး´ (Carl von Ossietzky) တစ်ဦးသာ ရှိခဲ့ပါတယ်။ သူကတော့ ၁၉၃၅ ခုနှစ် ဆုရှင်ဖြစ်ပြီး၊ နာဇီအကျဉ်းစခန်းထဲ ရောက်နေခဲ့တဲ့အတွက် ဆုတက်ရောက်မယူနိုင်ခဲ့တာပါ။
တစ်ချိန်တည်းမှာ ထူးထူးဆန်းဆန်း သတင်းတစ်ပုဒ်လည်း ထွက်လာပါတယ်။ တရုတ်အစိုးရက ငြိမ်းချမ်းရေးဆုအတွက် `ကွန်ဖြူးရှပ်ငြိမ်းချမ်းရေးဆု´ (Confucius Peace Prize) ဆိုပြီး၊ ကိုယ်ပိုင်ဖန်တီးပြီး ထိုင်ဝမ်ဒုသမ္မတ `လျန်ချမ်း´ (Lien Chan) ကို ရုတ်တရက် ပေးအပ်လိုက်ပါတယ်။ ဒါဟာ နိုဘယ်ငြိမ်းချမ်းရေးဆုကို တုန့်ပြန်မှုတစ်ခု ဖြစ်တယ်ဆိုတာ သိသာပါတယ်။ တရုတ်အစိုးရဟာ လျူကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်ခြင်းအတွက် ယမ်းပုံမီးကျ ဖြစ်နေပါတယ်။ တရုတ်အစိုးရအနေနဲ့ လျူဟာ ထိန်းသိမ်းအပြစ်ပေးခံထားရတဲ့ ဥပဒေချိုးဖေါက်သူ၊ ရာဇ၀တ်သားတစ်ဦးဖြစ်နေတဲ့အတွက် သူ့ကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးခြင်းဟာ တရုတ်နိုင်ငံရဲ့ တရားစီရင်ပုံစနစ်ကို ပြက်ရယ်ပြုသလိုဖြစ်နေလို့ ဖြစ်ပါတယ်။ ဒါကတော့ ကျယ်ပြန့််လှတဲ့ နိုင်ငံရေးနောက်ခံသဘောတရားတွေ ပါနေတဲ့ ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆုရယ်လို့ အမည်ပေးထားတဲ့ `ဆု´ တစ်ခုခုကို နိုင်ငံရေးဗျူဟာတစ်ခုလို အသုံးချနေကြတာကတော့ (ဘယ်ဘက်ကဖြစ်ဖြစ်) မကောင်းဘူးလို့ ထင်ပါတယ်။ ကွန်ဖြူးရှပ်ဆုဟာ မိုးပေါ်ကကျလာတဲ့ ဟပ်ချလောင်းဆုတစ်ခုလို့ ထင်မိပါတယ်။ ဝေဖန်ချင်ဝေဖန်နိုင်နေဆဲဖြစ်ပေမဲ့ နိုဘယ်ဆုကတော့ အနည်းဆုံး `အဲဖှရက်နိုဘယ်´ ရဲ့ လှပတဲ့ သမိုင်းကြောင်းလေး ကျန်ပါသေးတယ်။ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအကြီးဆုံး ဆုတစ်ခုလည်း ဖြစ်နေပါသေးတယ်။ (လူတွေဖန်တီးထားတဲ့ ဆုအားလုံး ဘက်လိုက်မှုမကင်းဘူးဆိုတာတော့ မငြင်းနိုင်ဘူးပေါ့) တရုတ်ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးအပေါ်အမြင်ကို `ကွန်ဖြူးရှပ်ဆု´ က ကိုယ်စားပြုတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့ အသစ်စက်စက်က ကြေငြာတာကတော့ ရယ်စရာကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော့်တစ်ဦးတည်းအမြင်အရ ကွန်ဖြူးရှပ်ငြိမ်းချမ်းရေးဆုရှင်၊ ထိုင်ဝမ်း ဒုသမ္မတ လျန်ချမ်းအနေနဲ့ အပြည့်အ၀ ပျော်ရွှင်မယ် မထင်ပါဘူး။ ဆုကြေးငွေနဲ့ တရုတ်အစိုးရရဲ့ မျက်နှာသာပေးမှုအပေါ် သာယာချင်သာယာနိုင်မှာဖြစ်ပေမဲ့ မိမိရဲ့ စွမ်းဆောင်ရည်တွေသီးသန့်အပေါ် ရိုးရိုးသားသား စိစစ်ကြည့်မယ်ဆိုရင်တော့ ပျော်ရွှင်ဖို့ဆိုတာ သံသယ၀င်ချင်စရာပါ။
စာရင်းအင်းအရ ကြည့်ပြီးပြောရရင် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က နိုဘယ်ငြိမ်းချမ်းရေးဆုကို ထောက်ခံ/သပိတ်မှောက် စာရင်းမှာ၊ ထောက်ခံတဲ့နိုင်ငံ (၄၄)၊ သပိတ်မှောက် (၂၀) နဲ့ ကြားနေ (၂) နိုင်ငံရှိတာကြောင့် တရုတ်ရဲ့ သြဇာဟာ သုံးပုံ (၁) ပုံနီးပါးကို သက်ရောက်နေတာ စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။ ဆုပေးပွဲအခမ်းအနားကို ဖိတ်ကြားထားတဲ့နိုင်ငံ စုစုပေါင်းက (၆၆) နိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့ အလွမ်းသင့်တဲ့ နိုင်ငံတွေအဖြစ် ပါကစ္စတန်၊ အီရန်၊ ဆူဒန်၊ ရုရှား၊ ကာဇက်စတန်၊ ကိုလံဘီယာ၊ တူနီးရှား၊ ဆော်ဒီအာရေးဗီးယား၊ နီပေါ၊ ဆားဗီးယား၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ အီရတ်၊ ဗင်နီဇွဲလား၊ ဖိလစ်ပိုင်၊ အီဂျစ်၊ ယူကရိန်း၊ ကျူးဘား၊ မော်ရိုကိုနဲ့ သီရိလင်္ကာ ဆိုပြီး တွေ့ရမှာပါ။ နိုဘယ်ငြိမ်းချမ်းဆုကို သပိတ်မှောက်တာဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်မဟုတ်လို့ ဒီလောက်နိုင်ငံများများက တရုတ်ဘက်ကို ထောက်ခံတယ်ဆိုတာဟာ တရုတ်ရဲ့သြဇာ ဘယ်လောက်ကြီးမားသလဲဆိုတာကို ပြတယ်လို့ ထင်ပါတယ်။ ချိန်ခွင်လျှာရဲ့ လားရာဟာ တရုတ်ဘက်ကို ဦးတည်နေပြီလားလို့ ထင်ရပါတယ်။
နောက်ထပ်စိတ်ဝင်စားဖို့ကောင်းပြီး လူသိနည်းတဲ့ အချက်တစ်ခုက (၂၀၁၀) နိုဘယ်ဆုရှင် တရုတ်အတိုက်အခံ လျူဟာ ကဗျာဆရာနဲ့ စာပေဝေဖန်ရေးသမားတစ်ဦး ဖြစ်တယ် ဆိုတဲ့အချက်ပါ။ ဆုပေးပွဲနဲ့ အချိန်ကိုက်ပဲ The New York Times မှာ လျူရဲ့ ကဗျာတစ်ပုဒ် ပါဝင်လာပါတယ်။ Jeffery Yang ဆိုသူက လျူရဲ့ တရုတ်ဘာသာမူရင်းမှ အင်္ဂလိပ်ဘာသာကို ပြန်ဆိုပြီး၊ ကျွန်တော်က အင်္ဂလိပ်မူမှတဆင့် မြန်မာဘာသာကို ပြန်ကြည့်ပါတယ်။ အချိန်ကိုက်ပေါ်လာတဲ့ ကဗျာကောင်းတစ်ပုဒ်လို့ ထင်မိလို့ပါ။ စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ပါတယ်။

မရဏာနုဿတိမှ
နေရောင်အောက်က သည်နားကို ကျွန်တော်တွေးကြည့်မိတယ်
အာဇာနည်တို့ရဲ့ တူရှူချီတက်မှုနဲ့အတူ
ရှည်မျောမျော အရိုးပိန်လေးတစ်ခုကိုသာ သုံးလို့
ယုံကြည်ချက်အစစ်အမှန်ကို ဆိုင်းဘုတ်ထောင်လို့
သို့တိုင်အောင်
ကောင်းကင်ဘုံ ဗလာနယ်ဟာ
စတေးမှုတွေကို ရွှေရည်စိမ်မှာမဟုတ်
အသုဘကောင်တွေကို စားသုံးပြီး ၀ဖီးနေတဲ့ဝံပုလွေတစ်သိုက်
နွေနေ့လည်ထဲ ပျော်ပွဲကျင်း
ရွှင်မြူးမှုနဲ့အတူ ကခုန်
ဟိုအဝေးတစ်နေရာမှာ
ကျွန်တော်ဟာ ကိုယ့်ဘ၀ကိုယ် နယ်နှင်ဒဏ်ပေးထားခဲ့တယ်
နေမင်းတောင်မပါဘဲ
ယေရှုဖွားမြင်ရာခေတ်သို့ ရှောင်တိမ်းလွတ်မြောက်ဖို့
လမ်းတလျှောက်မှာ မျက်မမြင်တစ်ဦးတလေနဲ့မှ
ကျွန်တော် ရင်မဆိုင်ရပါစေနဲ့
မီးခိုးငွေ့ကလေးတစ်မျှင်မှသည် ပြာမှုံမွမွလေးတစ်ခင်းဆီ
အာဇာနည်တို့ရဲ့ ယမကာကို ကျွန်တော်အကြောထဲသွင်းတယ်
အာရုံတွေ ခေါင်းထောင်ထလာခဲ့
ဝါ၀ါရွှေရွှေ ပန်းပေါင်းကုဋေထဲ ချွတ်နင်းဝင်ရောက်တော့မလို့
ညဥ့်ယံထဲ အသည်းခိုက်အောင်နစ်ဝင်၊ လူတွေစင်အောင်လှည်းထားတဲ့ လမ်း
ကျွန်တော်ဟာ အိမ်ကို စက်ဘီးစီးလာစဉ်၊ စီးကရက်မီးညှိဖို့အရပ်
ကားတစ်စင်းလိုက်လာပြီး ကျွန်တော့်စက်ဘီးကို တိုက်ချပစ်လိုက်တယ်
လက်ရဲဇက်ရဲကြီးတချို့က ကျွန်တော့်ကိုဆွဲစိတယ်
လက်ထိပ်စွပ်ပြီး မျက်စိပိတ် ပါးစပ်ပိတ်
ဘယ်မှန်းမသိနဲ့နေရာကို သွားနေတဲ့ ကားပြာထဲ ပစ်သွင်းခြင်းခံလိုက်ရတယ်
မျက်စိတမှိတ်လျှပ်တပြက်၊ တုန်ရီနေတဲ့ တဒင်္ဂကို ဖြတ်သန်းသွားတယ်
အာရုံလေးတစ်ခု လင်းခနဲလက်
ရုပ်မြင်သံကြားသတင်းမှာတော့ ကျွန်တော်ဟာ ရှင်သန်နေဆဲပဲလို့
ကျွန်တော့်နာမည်က `ထိန်းသိမ်းခံ မဟူရာလက်´ တဲ့
လူသေရဲ့ အမည်မဲ့ အရိုးဖြူဖြူတွေ ဖြစ်ပေမဲ့လို့
မေ့လျော့ခြင်းမှာ ရပ်တန့်ရင်း
ကိုယ်တိုင်ထွင်မုသားကို ကျွန်တော် မိုးထိအောင်ထောင်လိုက်တယ်
မရဏာနုဿတိ ကျွန်တော် ဘယ်လိုပွားများခဲ့သလဲဆိုတာ ဟောင်ဖွာဟောင်ဖွာ
ဒီ `လက်မည်း´ဟာ သူရဲကောင်းသိက္ခာ ဆုတံဆိပ်ဖြစ်လာတဲ့အထိ
သေခြင်းတရားဆိုတာ ဘာမှန်းမသိတဲ့ မှော်သေတ္တာ၊
ရှင်လျက်ကြီးတန်းလန်း ခံစားလို့မရတဲ့အရာ၊
ဒါတွေကို သိပေမဲ့လည်းပေါ့
ပြီးတော့ တစ်ခါသေဖူးရင်ပဲ
ပျဉ်ဖိုးနားလည်ခွင့်မှမရှိတော့တာ
သို့တိုင်အောင် ကျွန်တော့်မှာ
မရဏထဲမှာ ပျံဝဲကာ
နစ်မြုပ်ခြင်းအတွင်းသို့ ပျံဝဲမှုတစ်ခု
သံတိုင်ပြတင်းတံခါးနောက်က အသင်္ချေညများ
ပြီးတော့ ကြယ်ရောင်အောက် ဂူသင်္ချိုင်းများက
လှစ်ပြနေတဲ့ ကျွန်တော့် အိပ်မက်ဆိုးများ
မုသားတစ်ခွန်းအပြင်
ကျွန်တော့်မှာ ဘာဆိုဘာမျှ...။
from “Experiencing Death”
I had imagined being there beneath sunlight
with the procession of martyrs
using just the one thin bone
to uphold a true conviction
And yet, the heavenly void
will not plate the sacrificed in gold
A pack of wolves well-fed full of corpses
celebrate in the warm noon air
aflood with joy
Faraway place
I’ve exiled my life to
this place without sun
to flee the era of Christ’s birth
I cannot face the blinding vision on the cross
From a wisp of smoke to a little heap of ash
I’ve drained the drink of the martyrs, sense spring’s
about to break into the brocade-brilliance of myriad flowers
Deep in the night, empty road
I’m biking home
I stop at a cigarette stand
A car follows me, crashes over my bicycle
some enormous brutes seize me
I’m handcuffed eyes covered mouth gagged
thrown into a prison van heading nowhere
A blink, a trembling instant passes
to a flash of awareness: I’m still alive
On Central Television News
my name’s changed to “arrested black hand”
though those nameless white bones of the dead
still stand in the forgetting
I lift up high up the self-invented lie
tell everyone how I’ve experienced death
so that “black hand” becomes a hero’s medal of honor
Even if I know
death’s a mysterious unknown
being alive, there’s no way to experience death
and once dead
cannot experience death again
yet I’m still
hovering within death
a hovering in drowning
Countless nights behind iron-barred windows
and the graves beneath starlight
have exposed my nightmares
Besides a lie
I own nothing
_Liu Xiaobo
© 2010 The New York Times
တေဇာ (လရောင်လမ်း)
Ref: The New York Times, Hindustan Times
Photo Credit: The New York Times
နိုဘယ်ဆုနဲ့ ပတ်သက်ပြီး အတော်ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားတာဘဲနော်.. ကိုယ်တိုင်တောင် ဒီလောက် အတွေးမနက်မိဘူး
ReplyDeleteသူများတွေးပြီး ရေးထားတာလေး အလွယ်တကူဖတ်ခွင့်ရတာ ကျေးဇူးပါ..
နိုဘယ်ဆုဆိုပြီး ငယ်ငယ်တုန်းက ကျောင်းစာတွေမှာသင်ခဲ့ရဖူးသေးတယ်
ကျွန်မထင်ပါတယ်.. အခုအချိန်မှာတော့ နိုဘယ်ဆုအကြောင်း ခုခေတ်ကျောင်းသားတွေ သိခွင့်ရတော့မယ် မထင်ဘူး...
ဘာလို့ဆို တရုတ်လိုဘဲလေ.. သူတို့ မပေးချင်တဲ့သူ ရသွားတာကိုး...
တရုတ်ရဲ့ သြဇာတော့ ခန့်မှန်းရရင် ဒီထက်ပိုကြီးလာဖို့သာ ရှိတယ်လို့ မြင်ပါတယ်..
ကျေးဇူးအစ်ကို ဘာသာပြန်ကဗျာလေးအတွက်ကော နိုဘယ်ဆုအကြောင်းနဲ့ တရုတ်ရဲ့ သြဇာကြီးမာလာတဲ့အကြောင်းပါ သိခွင့်ရတဲ့အတွက် .
ReplyDelete