Skip to main content

ရသခံစားမှုတွင် နားလည်သိမှတ်မှုနှင့် ယုံကြည်မှုတို့၏ အခန်းကဏ္ဍ

အနုပညာ သို့မဟုတ် ရသစာပေအား ချဉ်းကပ်ရာတွင် ယင်းတို့၏ ရသတန်ဖိုးအား ခံစားနိုင်ရန် ကျွန်တော်တို့၏ ယုံကြည်မှုများကို ခွာချထားရမည်လားဟူသော မေးခွန်းတစ်ခု ရှိပါသည်။ ယခုအခါ ဝေဖန်ရေးပညာရှင်များက `အမှန်မဲ့သီအိုရီ´ (No Truth) အား တင်ပြလာပါသည်။

အနုပညာတစ်ရပ်၏ မှန်ကန်မှုအပေါ် မေးခွန်းထုတ်ခြင်းသည် ယင်း၏ ရသဂုဏ်ရည်များအား ချဉ်းကပ်ရန် အဟန့်အတားတစ်ရပ်ပင်ဖြစ်သည်ဟု အမှန်မဲ့သီအိုရီက သက်သေထူသည်။ အနုပညာပစ္စည်းတစ်ခု၏ မှန်ကန်မှုအား မေးခွန်းထုတ်သော အခိုက်အတန့်၊ (အနုပညာပစ္စည်းတစ်ခု၏) အရှိတရားအား ဖယ်ခွာလိုက်သည့် အခိုက်အတန့်တွင် အရေးကြီးသည့် ရသခံစားမှုမှာ ပျောက်ဆုံးသွားရပေသည်။

`မှန်ကန်မှုနှင့် ကိုယ်စားပြုခြင်း´ အမည်ရသည့် အက်ဆေးတွင် Hursthouse က အမှန်မဲ့သီအိုရီသမားများ၏ ငြင်းခုန်ချက်များအား ရှင်းလင်းပြခဲ့သည်။ လူတစ်ယောက်သည် ကဗျာ သို့မဟုတ် ၀တ္ထုတစ်ပုဒ်အား ဖတ်ရှုရာတွင် ယင်းသည် ကဗျာ သို့မဟုတ် ၀တ္ထုတစ်ပုဒ်သာဖြစ်သည်ဟု စဉ်းစားသည်ဆိုသော် ပြင်ပအစစ်အမှန်ကမ္ဘာနှင့် ပတ်သက်သည့် သူ၏ ယုံကြည်ချက်များအားလုံးကို ဘေးချိတ်ထားသင့်ပေသည်။ အမှန်မဲ့သီအိုရီသမားများ၏ ယုံကြည်မှုမှာ အဆိုပါ ဖယ်ခွာမှု၊ တစ်နည်း အမှန်မဟုတ် ၀တ္ထု/ကဗျာတစ်ပုဒ်သာ ဖြစ်သည်ဟု ယူမှတ်ထားမှုအား နှောင့်ယှက်သည့် ဘာသာစကား ပါဝင်မှုသည် ရသခံစားမှု အရည်အသွေးအား လျော့ကျစေသည်ဟူ၍ ဖြစ်သည်။ ကဗျာ/၀တ္ထုတို့အား ကဗျာဝတ္ထုတို့သာ ဖြစ်သည်ဟူသော သဘာဝ ဖယ်ခွာမှုအား တိုက်ခိုက်ဆန့်ကျင်နေသည့် ဘာသာစကား (ဥပမာ- မိမိလက်ခံထားသော ကျင့်ဝတ်/ယဉ်ကျေးမှု/နိုင်ငံရေး စံတို့နှင့် မညီသော အရေးအသားများ) ပါဝင်မှုအနည်းအများသည် ဖတ်ရှုခံစားသူ၏ ရသခံစားမှုအား သက်ရောက်မှုရှိစေသည်ဟု ဆိုလိုပါသည်။ အမှန်မဲ့သီအိုရီအရ ရသ(ပစ္စည်း)သည် ပြင်ပဘ၀၊ အမှန်တရားတို့နှင့် မသက်ဆိုင်ဟု ဆိုချင်ဟန်တူသည်။

ပြည့်ဝသော ရသခံစားမှုအတွက် ယုံကြည်မှုများသည် အရေးကြီး

အဆိုပါအချက်နှင့် ၀ိရောဓိဖြစ်နေသော အခြား တွေးဆစရာ အများအပြားလည်း ရှိပါသေးသည်။ အမှန်မဲ့သီအိုရီအား ကိုင်စွဲထားသူတစ်ဦးအနေဖြင့် လူတစ်ဦးတစ်ယောက်၏ ယုံကြည်မှုများသည် ထိုသူ၏ အနုပညာခံစားမှုတွင် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်မနေသင့်ဟု အဆုံးသတ်နိဂုံးတစ်ခု ဆွဲယူလိုက်သလို ဖြစ်နေသည်။ အဆိုပါနိဂုံးသည်လည်း ဓမ္မဒိဋ္ဌာန်ကျမှုမရှိကြောင်း Hurthouse က ဥပမာတစ်ခု ထုတ်ပြပါသည်။

"Their meeting made December June, / Their every parting was to die."

သူကြီးပြင်းခဲ့သည့် နယူးဇီလန်နိုင်ငံတွင် ရာသီများသည် ပြောင်းပြန်လည်ပတ်သည်။ ထို့ကြောင့် ဥရောပ၏ နွေရာသီသည် ဇွန်လတွင်ရှိကြောင်း နားမလည်ထားခဲ့လျှင် အဆိုပါကဗျာစာသားအား သူ့အနေဖြင့် နားလည်နိုင်မည်မဟုတ်ပေ။ ပိုမိုရှင်းလင်းသည့် ဥပမာတစ်ခု ထုတ်ပြရလျှင် `ရွက်ကြွေရာသီမှာ ကိုယ်တို့ ဝေးခဲ့ကြတယ်´ ဟူသော စာသားအား မြန်မာတစ်ဦးအနေဖြင့် (တိုင်းခြားရာသီဥတုများအား ကြိုတင်နားလည်ထားပြီးသား မရှိခဲ့လျှင်) အပြည့်အ၀ နားလည်နိုင်မည်မဟုတ်။ ရွက်ကြွေရာသီ၊ သို့မဟုတ် နွေနှောင်းဆောင်းဦးသည် မြန်မာပြည်တွင် မရှိ။ ထို့ကြောင့် အဆိုပါ ဗဟုသုတလစ်လပ်မှုက ပြည့်ဝသော ရသခံစားမှုအား အနှောင့်အယှက်ဖြစ်စေပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့၏ သုတနှင့် ယုံကြည်မှုများသည် အနုပညာတစ်စုံတစ်ရာအား ခံစားနားလည်ရာတွင် ပါဝင်ပတ်သက်မှု ရှိရပါလိမ့်မည်။ ဤတွင် အထက်ပါ အမှန်မဲ့သီအိုရီနှင့် ၀ိရောဓိဖြစ်နေပေသည်။

နားလည်မှု ပထမ၊ (မ)ယုံကြည်မှု ဒုတိယ

အလားတူစွာ အနုပညာ သို့မဟုတ် စာပေတွင် ပါရှိသည့် အဆိုပြုချက်တစ်ခု၏ အမှန်/အမှားအား ကျွန်တော်တို့၏ တိုင်းတာဆုံးဖြတ်မှုပြုခြင်းသည် ရသဆိုင်ရာ ရှုထောင့်မှ တန်ဖိုးတွက်ချက်ခြင်းနှင့်လည်း ဆက်စပ်မှု ရှိမရှိဆိုသည်ကို မေးခွန်းထုတ်ဖို့လိုပါသည်။ ရသ အားကောင်းလွန်းသည့် လက်ရာများသည် အချက်အလက်အမှားများကိုသော်မှ အမှန်ဟု၊ အမှန်များကို အမှားဟု (ထင်ရအောင်) ပုံဖေါ်နိုင်စွမ်းရှိသလောဟူသော မေးခွန်းဖြစ်ပါသည်။ ရသက ကျွန်တော်တို့၏ ဓမ္မဒိဋ္ဌာန် အမှန်/အမှားဆုံးဖြတ်မှုကို ဘက်လိုက်စေခြင်း၊ ၀င်စွက်ခြင်းများ ပြုလုပ်နိုင်သလောဟူသော အချက်ဖြစ်ပါသည်။ ဤနေရာတွင် အမှန်မဲ့သီအိုရီသမားများက အဆိုပြုချက်တစ်ခုအား နားလည်ခြင်းနှင့် အမှန်ဟု လက်ခံ/မခံ ကိစ္စအား ယုံကြည်ရန် ဆုံးဖြတ်ခြင်းသည် ကွဲပြားသော ဖြစ်စဉ်နှစ်ရပ်ဖြစ်သည်ဟု ထောက်ပြသည်။ Arnold Isenberg က နားလည်ခြင်းသည် ယုံကြည်ခြင်း၏ အရှေ့တွင် လာသည်ဟု ဆိုသည်။ တစ်စုံတစ်ခုအား ကျွန်တော်တို့ကို ပြောလိုက်လျှင် အမှန်အမှားဆုံးဖြတ်ခြင်းလုပ်ငန်း မတိုင်ခင် ကျွန်တော်တို့အနေဖြင့် ဘာပြောလိုက်သလဲဆိုသည်ကို ရှေးဦးစွာ နားလည်ရန်လိုအပ်သည်။ လက်ခံခြင်း၊ ငြင်းပယ်ခြင်းကိစ္စများသည် အထောက်အထားရှာဖွေခြင်းကဲ့သို့ နောက်ပါ အဆင့်များသာဖြစ်သည်ဟု Isenberg က ဆိုသည်။

ဥပမာအားဖြင့် "Tout est pour le mieux dans le meilleur des mondes possibles," ဟု သင့်ကို မေးလိုက်လျှင် သင်သည် ပြင်သစ်လို နားမလည်ခဲ့လျှင် `ဒါကို ငါယုံသလား´ ဟု သင့်အနေဖြင့် မိမိကိုယ်ကိုယ် ပြန်လည် မေးခွန်းထုတ်နိုင်ခြင်းမရှိ။ `ကျွန်တော့်ခွေးက သိပ်တော်တာပဲဗျာ´ ဟု ပြောလိုက်လျှင်မူ သင်သည် ဆိုလိုရင်းအား ရှင်းရှင်းလင်းလင်း နားလည်ပေလိမ့်မည်။ သို့ရာတွင် အဆိုပါအချက်အား ယုံသည်၊ မယုံသည် ယတိပြတ်ပြောရန်မှာ အထောက်အထားအချို့ကို စောင့်စား ရယူရန် လိုအပ်ပါလိမ့်ဦးမည်။ ထို့ကြောင့် Isenberg က အမှန်အမှားဆုံးဖြတ်ခြင်း မပါဘဲ၊ နားလည်ခံစားရန် ဖြစ်နိုင်သည်ဟူသော အချက်ကို နိဂုံးဆွဲယူခဲ့သည်။

`ကဗျာတစ်ပုဒ်အား နားလည်ခြင်းသည် မည်သည့် ယုံကြည်မှုအပေါ်မျှ မှီတည်ထားခြင်းမရှိသော အရာသာဖြစ်သည်´ ဟူသော ဖွင့်ဆိုချက်သည် ကဗျာဝေဖန်ရေးတွင် နေရာမရှိပေ။ သို့ရာတွင် အဓိပ္ပါယ်ရှိပါသည်။

မှန်ကန်မှုနှင့် စိတ်ကူးဉာဏ်ခုန်လွှားခြင်း

မှန်ကန်မှုကိစ္စနှင့် ပတ်သက်၍မူ Elliott က ဤသို့ရှင်းလင်းသည်။ မှန်ကန်မှုသည် သပ်ရပ်စွာ ခင်ကျင်းထားသော ရသဆိုင်ရာ ကျေနပ်နှစ်သိမ့်မှုဖြစ်သည်။ ကျွန်တော်တို့ ရှင်းလင်းထင်ရှားစွာ စိတ်ကူးပုံဖေါ်နိုင်သော အရာသည် ကျွန်တော်တို့ ဂဃနဏသိသည့်အရာ၊ သို့မဟုတ် ကျွန်တော်တို့ ယုံကြည်နိုင်သည့်အရာတို့နှင့် အမြဲတစေ ဆက်စပ်နေကြသည်မဟုတ်။ တိကျသည့် ရှင်းလင်းဖွင့်ဆိုမှုသည် အမြဲတစေ ရသမမြောက်၊ သို့မဟုတ် ဘယ်တော့မျှ ရသမမြောက်နိုင်ပေ။ `စိတ်ကူးဉာဏ်ခုန်လွှားခြင်း´ (Leap of the Imagination) သည် ရသဆိုင်ရာ တန်ဖိုးတွက်ချက်ခြင်း လိုအပ်သည်ဟု Elliott က ညွှန်းဆိုသည်။ မြန်မာ ဥပမာဖြင့် ပြရသော်

ဥရုဝေလတောဟာ ဝေးပေသမို့
အမှောင်ကို ထမ်းပြီးတော့သာ လျှောက်ပေရော့။ 
(မောင်သွေးသစ်)

ဤကဗျာစာသားအား စိတ်ကူးဉာဏ်ခုန်လွှားရာတွင် ဥရုဝေလတောဟူသော စကားလုံးအား ဘုရားမဖြစ်ခင် သိဒ္ဓဿမင်းသား တရားကျင့်ခဲ့ရာ တောဟု (မြန်မာလူမျိုးတစ်ဦးအနေဖြင့်) ဖျပ်ခနဲ စဉ်းစားမိနိုင်သည်။ (ဤဥပမာတွင်လည်း အထက်တွင် ဖော်ပြခဲ့သည့် ရသခံစားမှုတွင် နောက်ခံဗဟုသုတ (၀ါ) ယုံကြည်မှုလိုအပ်ခြင်းသဘောကို တွေ့နိုင်ပါသည်။ ဥရုဝေလတောအကြောင်း မသိသူတစ်ဦးအနေဖြင့် ဤစာသားတွင် ရသတန်ဖိုး အနည်းငယ်မျှသာ၊ သို့မဟုတ် တစ်စုံတစ်ရာ ရှာတွေ့နိုင်မည်မဟုတ်ပေ) အမှောင်သည် မသိခြင်း၊ အ၀ိဇ္ဇာ စသည့် အနက်များကို ကိုယ်စားပြုသည်ဟု ရသနှင့်မစိမ်းသူတစ်ဦးအနေဖြင့် အလိုအလျောက်နီးပါး ဉာဏ်ကွန့်မြူးလိုက်နိုင်ပါသည်။ မသိမိုက်မဲမှုများနှင့်အတူ ဝေးလွန်းလှသည့်ခရီးကို ဖြတ်သန်းရခြင်းသဘောမျိုး၊ ထိုမှတစ်ဖန် ဥရုဝေလတောတွင် ဒုက္ကရစရိယာ ကျင့်ခြင်းဟူသော လေးနက်ကျယ်ပြန့်သည့် အနက်မျိုးထိ စိတ်ကူးဉာဏ်နှင့် ဗဟုသုတရှိသလောက် ဆွဲယူခံစားလိုက်ခြင်းသဘောသည် စိတ်ကူးဉာဏ်ခုန်လွှားခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ကူးဉာဏ်ခုန်လွှားခြင်းသာ မရှိခဲ့လျှင် အထက်ပါကဗျာစာသားသည် အရည်မရအဖတ်မရသာ ဖြစ်သွားနိုင်ပါသည်။

တေဇာ (လရောင်လမ်း)
မှီငြမ်း- The Roles of Understanding and Belief in Aesthetic Experience

မှတ်ချက်။ အထက်ပါ စာသားအား ရေးသားသူမှာ ကဗျာဆရာမောင်သွေးသစ်ဟု ထင်ပါသည်။ မသေချာပါ။ သိသူများ အတည်ပြု၊ ပြင်ဆင်ပေးပါရန်။

Comments

  1. အရမ်းကောင်းသလို တကယ်ကို နှစ်ခြိုက်မိပါတယ်။
    ကျနော် ၄ လတစ်ကြိမ် ဘယ်သူမှ တိုက်တွန်းခြင်း မဟုတ်ဘဲ ဘလော့ပေါ်မှ စာကောင်းလေးတွေကို ရွေးခြယ်ပြီး တင်ပြလေ့ ရှိပါတယ်။
    ဒီစာကိုတော့ ကျနော် ရွေးဖြစ်မှာ သေချာပါတယ်။
    လင့်ရော နာမည်ရော ဖော်ပြပေးထားပါ့မယ်။

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA