လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ကြောင်တွေရဲ့ မြို့ (၃)

`…ဆိုတော့ အဖေပြောနေတာ ဘာလဲ။ အဖေဟာ ကျွန်တော့်ရဲ့ ဇီဝဗေဒဖခင် (အဖေအရင်း) မဟုတ်ဘူးလို့ ဆိုလိုတာလား။ ဒါ မှန်လား။ ကျွန်တော်တို့နှစ်ဦးကြားမှာ သွေးသားတော်စပ်မှု မရှိဘူးလို့ အဖေပြောနေတာလား။ အဲဒီလိုလား´
`ရေဒီယိုလှိုင်းတွေကို ခိုးယူတာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ပဲ´ လို့ သူ့အဖေက တန်ဂို့မျက်လုံးတွေကို ကြည့်ပြီး ပြောလိုက်တယ်။
`အဲဒါဟာ ပိုက်ဆံ၊ ဒါမှမဟုတ် အဖိုးတန်ပစ္စည်းတွေကို ခိုးတာနဲ့ ဘာမှမခြားဘူး။ အဲဒီလို မင်း မထင်ဘူးလား´
`ဟုတ်ချင်ဟုတ်နိုင်ပါတယ်´
တန်ဂိုက လောလောဆယ်အတွက် သဘောတူဖို့ ဆုံးဖြတ်လိုက်တယ်။
`ရေဒီယိုလှိုင်းဆိုတာက မိုးရေလို၊ နှင်းစက်လို ကောင်းကင်ပေါ်က အလကားကျလာတာ မဟုတ်ဘူး´ သူ့အဖေက ဆက်ပြောတယ်။

သူ့အဖေရဲ့ လက်တွေကို တန်ဂိုငေးကြည့်နေမိတယ်။ သူ့ဒူးခေါင်းပေါ်မှာ သပ်သပ်ရပ်ရပ် တင်ထားတယ်။ သေးသေးညိုညိုလက်တွေ၊ နှစ်ပေါင်းများစွာ နေပူမရှောင်မိုးရွာမရှောင် အလုပ်လုပ်ခဲ့ရလို့ အရိုးထိအောင် နေလောင်ထားတဲ့အတိုင်းပဲ။
`ကျွန်တော်ငယ်ငယ်တုန်းက အမေ နေမကောင်းဖြစ်ပြီး သေသွားတာ တကယ်မဟုတ်ဘူး မဟုတ်လား´ တန်ဂိုက ခပ်ဖြေးဖြေးမေးလိုက်တယ်။
သူ့အဖေက ပြန်မဖြေဘူး။ သူ့အမူအယာက မပြောင်းလဲဘူး၊ သူ့လက်တွေက မရွေ့ဘူး။ သူ့မျက်လုံးတွေက တန်ဂို့အပေါ်စူးစိုက်ကြည့်နေတာ သူ မရင်းနှီးတဲ့အရာတစ်ခုခုကို လေ့လာနေတဲ့အတိုင်းပဲ။

`အမေက အဖေ့ကို ထားခဲ့တယ်။ အဖေနဲ့ ကျွန်တော့်ကို သူ ချန်ထားခဲ့တယ်။ သူ အခြားလူတစ်ယောက်နဲ့ လိုက်သွားတယ်။ ကျွန်တော်ပြောတာ မှားနေလား´
သူ့အဖေက ခေါင်းညိတ်တယ်။ `ရေဒီယိုလှိုင်းတွေကို ခိုးတာ မကောင်းဘူး။ မင်း အဲလိုနည်းနဲ့ လွတ်သွားမှာမဟုတ်ဘူး၊ ကိုယ်လုပ်ချင်တာကို လျှောက်လုပ်လို့မရဘူး´
ဒီလူဟာ ငါ့မေးခွန်းတွေကို အားလုံးနားလည်တယ်။ တိုက်ရိုက် အဖြေမပေးချင်တာတစ်ခုပဲလို့ တန်ဂိုတွေးနေမိတယ်။

`အဖေ´ လို့ တန်ဂိုက ခေါ်လိုက်တယ်။
`အဖေဟာ ကျွန်တော့်အဖေ တကယ်ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် အဖေလို့ပဲခေါ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြား ဘယ်လိုခေါ်ရမလဲဆိုတာ ကျွန်တော် မသိဘူး။ အမှန်အတိုင်းပြောရရင်တော့ အဖေ့ကို ဘယ်တုန်းကမှ ကျွန်တော် သဘောမကျခဲ့ဘူး။ အချိန်အတော်များများမှာ မုန်းနေခဲ့တာတောင်မှ ဖြစ်ချင်ဖြစ်မယ်။ ဒါကို အဖေလည်းသိပါတယ်၊ ဟုတ်တယ်မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ကြားထဲ သွေးသားတော်စပ်မှုမရှိဘူးလို့ ယူဆတယ်ဆိုရင် ကျွန်တော့်မှာ အဖေ့ကို မုန်းနေစရာအကြောင်းလည်း တစ်ခုမှ မရှိတော့ဘူး။ ချစ်နိုင်တဲ့အဆင့်အထိ ရောက်သွားဖို့ဆိုတာတော့ ကျွန်တော် မသေချာဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ အဖေ့ကို ကျွန်တော် အခုထက်ပိုပြီး နားလည်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။
ကျွန်တော် ဘယ်ကလာတယ်၊ ကျွန်တော် ဘယ်သူဆိုတဲ့ အမှန်တရားကို ကျွန်တော် အမြဲသိချင်နေခဲ့တယ်။ ဒါလောက်ပါပဲ။ အခု အဲဒီအမှန်တရားကို အဖေကျွန်တော့်ကို ပြောပြမယ်ဆိုရင် အဖေ့ကိုကျွန်တော် နောက်ထပ်မုန်းတော့မှာမဟုတ်ဘူး။ တကယ်တော့ အဖေ့ကို ကျွန်တော် မုန်းစရာမလိုတော့တဲ့ အခြေအနေ၊ အခွင့်အလမ်းတစ်ရပ်ကို ကျွန်တော် လက်ကမ်းနေတာပါ´

တန်ဂို့အဖေကတော့ သူ့ကို ခံစားချက်တစ်စွန်းတစ်စမှမပါတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေဆဲပဲ။ ဒါပေမဲ့ အဲဒီ ပျံလွှားသိုက်အလွတ်တွေရဲ့ အတွင်းကျကျတစ်နေရာမှာ အလင်းစလေးတစ်ခု သဲ့သဲ့ရှိနေတယ်လို့ တန်ဂို ခံစားရတယ်။

`ကျွန်တော်ဟာ ဘာမှမဟုတ်ဘူး´ လို့ တန်ဂိုက ပြောလိုက်တယ်။ `အဖေပြောတာ ဟုတ်တယ်။ ကျွန်တော်က ညဖက်မှာ ပင်လယ်ထဲပစ်ချခံလိုက်ရတဲ့ လူတစ်ယောက်လိုပဲ၊ တစ်ယောက်တည်း ပေါလောမျှောနေတာ။ ကျွန်တော် လူတွေနဲ့ဆက်သွယ်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ အဲဒီမှာ ဘယ်သူမှရှိမနေဘူး။ ကျွန်တော်ဟာ ဘာနဲ့မှ အဆက်အသွယ်မရှိဘူး။ မိသားစုနဲ့  အနီးစပ်ဆုံးတူတာဆိုလို့ ကျွန်တော့်မှာ အဖေပဲရှိတယ်၊ ဒါပေမဲ့ အဖေကလည်း အဲဒါကို လျှို့ဝှက်ချက်လုပ်ထားတယ်။ တစ်ချိန်တည်းမှာ အဖေ့မှတ်ဉာဏ်တွေက တစ်နေ့တခြား ယိုယွင်းလာနေတယ်။ အဖေ့ရဲ့မှတ်ဉာဏ်နဲ့အတူ ကျွန်တော်နဲ့ပတ်သက်တဲ့ အမှန်တရားဟာလည်း ပျောက်ဆုံးနေခဲ့တယ်။ အမှန်တရားရဲ့ အကူအညီ မပါရင် ကျွန်တော်ဟာ ဘာမှမဟုတ်တော့ဘူး၊ ဘာမှလည်း ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒီနေရာမှာလည်း အဖေမှန်ပါတယ်´

`အသိပညာဆိုတာ တန်ဖိုးရှိတဲ့ လူမှုအရင်းအနှီးပဲ´ သူ့အဖေက အတက်အကျမရှိတဲ့အသံနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က အသံခလုတ်ကို လျှော့ချလိုက်သလို သူ့အသံက အစောကထက်တော့ ပိုပြီး တိုးသွားသလိုပဲ။ `ကြီးမားတဲ့သိုလှောင်ရုံတွေထဲမှာ စုဆောင်းထားရမယ့် အရင်းအနှီးတွေပဲ။ ပြီးရင် သတိကြီးစွာနဲ့ ပြန်လည်ဖြန့်ဖြူးပေးရမယ်။ အကျိုးဖြစ်ထွန်းမယ့် ထုပ်ပိုးမှုတွေနဲ့ နောက်မျိုးဆက်ဆီကို လက်ဆင့်ကမ်းပေးရမယ်။ ဒီအချက်ကြောင့်မို့လို့လည်း NHK ဟာ သင့်ရဲ့လစဉ်ကြေးအားလုံး ရရှိရန်လိုအပ်ပြီးတော့...´
သူ့အဖေပြောနေတာကို တန်ဂိုကြားဖြတ်လိုက်တယ်။ `ကျွန်တော့်အမေက ဘယ်လိုလူမျိုးလဲ။ သူ ဘယ်ကိုသွားတာလဲ။ သူ ဘာတွေ ဖြစ်ခဲ့တာလဲ´

သူ့အဖေက သူရွတ်နေတဲ့ NHK ဂါထာကိုရပ်ပြီး နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်တယ်။
သူ့အသံကိုလျှော့ချပြီး တန်ဂိုက ဆက်ပြောလိုက်တယ်။ `မကြာခဏဆိုသလို မြင်ကွင်းတစ်ခု ကျွန်တော့်စိတ်ထဲပေါ်လာတတ်တယ်။ တစ်သွေမတိမ်းတူညီတဲ့ မြင်ကွင်းတစ်ခုတည်း အထပ်ထပ်အခါခါ။ တကယ်ဖြစ်ပျက်ခဲ့တဲ့ အရာတစ်တစ်ခုအတွက် မှတ်ဉာဏ်မှာပေါ်လာတဲ့ မြင်ကွင်းဟုတ်ပါ့မလား ကျွန်တော်သံသယရှိပါတယ်။ ကျွန်တော် တစ်နှစ်ခွဲအရွယ်တုန်းက အမေက ကျွန်တော့်ရှေ့မှာ။ သူနဲ့ လူငယ်တစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဖက်ထားကြတယ်။ အဲဒီလူဟာ အဖေမဟုတ်ဘူး။ သူ ဘယ်သူလဲဆိုတာတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ အဖေမဟုတ်ဘူးဆိုတာတော့ အသေအချာပဲ´

သူ့အဖေက ဘာမှပြန်မပြောဘူး။ ဒါပေမဲ့ သူ့မျက်လုံးတွေက အခြားတစ်စုံတစ်ခုကို မြင်နေမှန်းသိသာတယ်။ ဒီနေရာမှာ ရှိမနေတဲ့ တစ်စုံတရာကို။

`မင်းကိုငါ တစ်ခုခု ဖတ်ပြခိုင်းရင်ကောင်းမလား စဉ်းစားနေတာ´ လို့ အကြာကြီးတိတ်ဆိတ်နေပြီးမှ တန်ဂို့အဖေက ပုံစံတကျအသံနဲ့ မေးလိုက်တယ်။ `ငါ့အမြင်အာရုံက တဖြေးဖြေးယိုယွင်းလာတာ စာအုပ်တွေ ဖတ်လို့မရတော့တဲ့ အဆင့်အထိ ရောက်သွားပြီ။ ဟိုစာအုပ်စင်ပေါ်မှာ စာအုပ်နည်းနည်း ရှိတယ်။ မင်းကြိုက်တဲ့တစ်အုပ် ရွေးလေ´

စင်ပေါ်က စာအုပ်တွဲတွေရဲ့ ကျောစောင်းကို ကြည့်ပြီး တစ်ခုခုရွေးဖို့ တန်ဂို ထရပ်လိုက်တယ်။ အများစုက ဆာမူရိုင်းတွေ နယ်မြေတခွင်လှည့်လည်နေခဲ့တဲ့ ရှေးဟောင်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ သမိုင်းဝတ္ထုတွေ။ ရှေးကျတဲ့ ဘာသာစကားတွေနဲ့ ပြည့်နေတဲ့ အောက်သိုးသိုး စာအုပ်အဟောင်းတွေကိုတော့ တန်ဂို သူ့အဖေကို ဖတ်ပြမနေချင်ဘူး။

`အဆင်ပြေမယ်ဆိုရင် ကျွန်တော် ကြောင်တွေရဲ့မြို့ဆိုတဲ့ ၀တ္ထုတစ်ပုဒ်ကို ဖတ်ပြချင်တယ်။ ကျွန်တော် ကိုယ့်ဘာသာဖတ်ဖို့ ယူလာတဲ့စာအုပ်ထဲကပဲ´ လို့ တန်ဂိုက ပြောလိုက်တယ်။ `ကြောင်တွေရဲ့မြို့ဆိုတဲ့ ၀တ္ထုတစ်ပုဒ်´ လို့ သူ့အဖေက စကားလုံးတွေကို ဖြည်းဖြည်းရေရွတ်နေတယ်။
`သိပ်ပြီး အပန်းမကြီးဘူးဆိုရင် ငါ့ကို ဖတ်ပြပေါ့´

တန်ဂိုက သူ့လက်ပတ်နာရီကို ကြည့်လိုက်တယ်။ `အပန်းမကြီးပါဘူး။ ရထားမထွက်ခင် ကျွန်တော် အချိန်အများကြီး ရပါသေးတယ်။ ဇာတ်လမ်းက နည်းနည်းဆန်းတယ်။ အဖေကြိုက်မလားတော့ ကျွန်တော် မသိဘူး´

တန်ဂိုက သူ့စာအုပ်ကို ဆွဲထုတ်လိုက်ရင်း တဖြည်းဖြည်းချင်း စဖတ်တယ်။ သူ့အသံက ရှင်းလင်းပီသပြီး ဖတ်နေရင်း နှစ်ဖြတ်သုံးဖြတ်လောက် အသက်ရှူဖို့ နားတယ်။ စာဖတ်တာကို ရပ်လိုက်တဲ့အချိန်တိုင်း သူ့အဖေကို သူ ကြည့်တယ်။ ဒါပေမဲ့ သိသာတဲ့ တုန့်ပြန်မှုမျိုး သူမမြင်မိဘူး။ သူ ဒီဝတ္ထုကိုကြိုက်ရဲ့လား။ ဒါကို တန်ဂို မပြောနိုင်ဘူး။

`အဲဒီ ကြောင်တွေရဲ့မြို့မှာ ရုပ်မြင်သံကြားစက် ရှိလား´ တန်ဂို ဖတ်လို့ဆုံးတော့ သူ့အဖေက မေးလိုက်တယ်။
`ဒီဝတ္ထုကို ၁၉၃၀ ကျော်နှစ်တွေက ဂျာမနီနိုင်ငံမှာ ရေးခဲ့တာ။ အဲဒီအချိန်တုန်းက ရုပ်မြင်သံကြားစက် မပေါ်သေးဘူး။ ရေဒီယိုလည်း မရှိဘူး´
`မြို့ကို ကြောင်တွေ ဆောက်ခဲ့တာလား။ ဒါမှမဟုတ် ကြောင်တွေ အဲဒီမှာ လာမနေခင် လူတွေက ဆောက်ခဲ့တာလား´ လို့ သူ့အဖေက မေးတယ်။ သူမေးနေပုံက သူ့ကိုယ်သူ ပြန်ပြောနေသလိုပဲ။

`ကျွန်တော် မသိဘူး။ ဒါပေမဲ့ လူတွေက ဆောက်ခဲ့တာဖြစ်မယ့်ပုံပေါ်တယ်။ အကြောင်းတစ်ခုခုကြောင့် လူတွေ စွန့်ခွာသွားကြတာ ဖြစ်ချင်ဖြစ်မယ်။ ဆိုပါစို့ ကပ်ရောဂါတစ်ခုခုကျရောက်ပြီး အကုန်သေကုန်တာမျိုး။ ပြီးတော့မှ ကြောင်တွေ လာနေကြတယ်ပေါ့´ လို့ တန်ဂိုက ပြောတယ်။

သူ့အဖေက ခေါင်းညိတ်တယ်။ `လေဟာနယ်တစ်ခု ဖြစ်ပေါ်လာရင် အဲဒါကိုဖြည့်ဖို့ တစ်စုံတစ်ခု ရောက်လာရတယ်။ ဒါဟာ လူတိုင်းလုပ်တာပဲ´
`ဒါဟာ လူတိုင်းလုပ်တာ..´
`အမှန်ပဲ´
`အဖေရော ဘယ်လိုလေဟာနယ်မျိုးကို ဖြည့်နေတာလဲ´

သူ့အဖေက မှုန်သိုးသိုး ကြည့်တယ်။ ပြီးတော့ ရွဲ့တဲ့တဲ့လေသံနဲ့ သူက ပြောလိုက်တယ်။ `မင်း မသိဘူးလား´
`ကျွန်တော် မသိဘူး´ လို့ တန်ဂိုက ပြန်ပြောတယ်။

သူ့အဖေရဲ့ နှာခေါင်းပေါက်တွေ ကျယ်ပြန့်လာတယ်။ မျက်ခုံးတစ်ဖက်က အနည်းငယ်မြင့်တက်နေတယ်။ `ဖြေရှင်းချက်မပါဘဲ အဲဒါကို မင်း နားမလည်ဘူးဆိုရင်၊ ဖြေရှင်းချက်ပါလည်း အဲဒါကို မင်းနားလည်မှာ မဟုတ်ဘူး´

တန်ဂို့မျက်လုံးတွေက ကျဉ်းသွားတယ်။ လူကြီးရဲ့ အမူအရာကို သူ အကဲဖြတ်ဖို့ ကြိုးစားနေမိတယ်။ ဒီလို သမားရိုးကျမဟုတ်ဘဲ အထာပါတဲ့ ဘာသာစကား အသုံးအနှုန်းမျိုး တစ်ခါမှ သူ့အဖေ မသုံးခဲ့ဖူးဘူး။ သူအမြဲတမ်း ပြောတတ်တာက ဒိုးဒိုးဒေါက်ဒေါက်နဲ့ လက်တွေ့ကျတဲ့ ဝေါဟာရတွေပဲ။

`ဟုတ်ပါပြီ။ ဒါဆိုတော့ အဖေက လေဟာနယ်တစ်မျိုးကို ဖြည့်နေခဲ့တယ်ပေါ့။ အဲဒါပြီးတော့ အဖေချန်ထားခဲ့တဲ့ လေဟာနယ်ကို ဘယ်သူက လာဖြည့်မှာလဲ´
`မင်းပေါ့´ လို့ သူ့အဖေက သူ့လက်ညှိုးကိုမြှောက်ပြီး တန်ဂို့တည့်တည့်ဆီ ထိုးရင်း ပြောလိုက်တယ်။
`ဒါ အသိသာချည်း မဟုတ်ဘူးလား။ အခြားတစ်ယောက် ဖန်တီးခဲ့တဲ့ လေဟာနယ်ကို ငါက ဖြည့်နေခဲ့ရတယ်။ ဒီတော့ ငါ ဖန်တီးခဲ့တဲ့ လေဟာနယ်ကို မင်းဖြည့်မှာပေါ့´

`လူတွေ မရှိတော့တဲ့နောက်ပိုင်း ကြောင်တွေက မြို့ကို ၀င်ဖြည့်သလိုလား´
`မှန်တယ်´ လို့ သူ့အဖေက ပြောလိုက်တယ်။ ပြီးတော့ ဆန့်တန်းထားတဲ့ သူ့လက်ညှိုးသူ စင်းစင်းကြီး ကြည့်နေတယ်။ နေရာမှားပြီးရောက်နေတဲ့ ဘာမှန်းမသိရတဲ့ အရာဝတ္ထုကို ကြည့်နေသလိုပဲ။
တန်ဂို သက်ပြင်းချလိုက်တယ်။
`…ဆိုတော့ ကျွန်တော့် အဖေက ဘယ်သူလဲ´

`လေဟာနယ်တစ်ခုပဲပေါ့။ မင်းအမေဟာ သူ့ကိုယ်ခန္ဓာကို လေဟာနယ်တစ်ခုနဲ့ စပ်ယှက်ပြီး မင်းကို မွေးခဲ့တာ။ အဲဒီလေဟာနယ်ကို ငါက ဖြည့်ခဲ့တာ´
ဒီလောက်လည်း ပြောပြီးရော သူ့အဖေဟာ သူ့ မျက်လုံးတွေကိုမှိတ်ပြီး သူ့ ပါးစပ်ကိုလည်း ပိတ်လိုက်တော့တယ်။
`ဒါနဲ့ သူထွက်သွားပြီးတော့ အဖေက ကျွန်တော့်ကိုမွေးခဲ့တယ်ပေါ့။ အဖေပြောနေတာ အဲလိုလား´

သူ့လည်ချောင်းကို ဟန်ကျပန်ကျ ရှင်းလိုက်ပြီးတော့ ခပ်ထုံထုံ ကလေးငယ်ကို ရိုးရှင်းတဲ့ အမှန်တရားတစ်ခု ရှင်းပြဖို့ ကြိုးစားနေပုံမျိုးနဲ့ သူ့အဖေက ပြောလိုက်တယ်။
`အဲဒါကြောင့်မို့ ငါပြောတာလေ။ ဖြေရှင်းချက်မပါဘဲ အဲဒါကို မင်း နားမလည်ဘူးဆိုရင် ဖြေရှင်းချက်ပါလည်း အဲဒါကို မင်းနားလည်မှာ မဟုတ်ဘူး´

တန်ဂိုက သူ့လက်တွေကို ပေါင်ပေါ်တင်လိုက်ပြီး သူ့အဖေမျက်နှာတည့်တည့်ကို ကြည့်လိုက်တယ်။ ဒီလူဟာ အခွံလွတ်တော့ မဟုတ်ဘူးလို့ သူတွေးနေမိတယ်။ သူဟာ အမြင်ကျဉ်းပြီး ခေါင်းမာတဲ့ စိတ်ဓာတ်မျိုးရှိတဲ့ သွေးနဲ့သားနဲ့ကိုယ် လူတစ်ယောက်။ ပင်လယ်ကမ်းစပ်က မြေကွက်လပ်ပေါ်မှာ ရှင်တလှည့်သေတလှည့် နေထိုင်နေခဲ့တဲ့ လူ။ သူ့အတွင်းသားထဲက ဖြည်းဖြည်းချင်း ကြီးထွားနေတဲ့ လေဟာနယ်နဲ့ အတူတကွရှင်သန်ဖို့ကလွဲလို့ သူ့မှာ ရွေးစရာလမ်းမရှိခဲ့ဘူး။ ဒါဟာ အချိန်ကိစ္စပဲ။

ခြောက်နာရီမထိုးခင်လေးမှာပဲ တန်ဂို သူ့အဖေကို နှုတ်ဆက်လိုက်တယ်။ သူ တက္ကစီလာဖို့ စောင့်နေတုန်း သူတို့နှစ်ဦး ပြတင်းပေါက်ခြားထားတဲ့ တစ်ဖက်ဆီမှာ ထိုင်နေမိကြတယ်။ ဘာတစ်ခုမှ မပြောဖြစ်ကြဘူး။ တန်ဂို့မှာ မေးချင်တဲ့ မေးခွန်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဖြေရမှာမဟုတ်ဘူးဆိုတာ သူသိတယ်။ တင်းတင်းစေ့ထားတဲ့ သူ့အဖေရဲ့နှုတ်ခမ်းတွေကို မြင်နေရတာက သက်သေပဲ။ ဖြေရှင်းချက်မပါဘဲ အဲဒါကို မင်း နားမလည်ဘူးဆိုရင် ဖြေရှင်းချက်ပါလည်း အဲဒါကို မင်းနားလည်မှာ မဟုတ်ဘူးလို့ သူ့အဖေပြောခဲ့သလိုပဲ။

သွားရတော့မယ့်အချိန် နီးလာတော့ တန်ဂိုက ပြောလိုက်တယ်။
`ဒီနေ့အဖေ ကျွန်တော့်ကို အများကြီး ပြောခဲ့တယ်။ သွယ်ဝိုက်နေတာမို့လို့ အတော်များများကို နားလည်ရခက်ပါတယ်။ ဒါပေမဲ့ ဒါကပဲ အဖေတတ်နိုင်သမျှ အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံးပြောတာ ဖြစ်မယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်´

ဒီအထိလည်း သူ့အဖေက ဘာမှမပြောဘူး။ လုံခြုံရေးတာဝန်ကျ စစ်သားတစ်ယောက်လို သူ့မျက်လုံးတွေက မြင်ကွင်းကိုပဲ မမှိတ်မသုန်ကြည့်နေတယ်။ ဟိုးအဝေး တောင်ကုန်းတွေဆီက လူရိုင်းတွေပစ်လွှတ်လိုက်မယ့် အချက်ပြမီးပန်းကို မြင်ကွင်းက လွတ်မသွားဖို့ ပိုင်းဖြတ်ထားပုံမျိုး။ သူ့အဖေကြည့်နေတဲ့ မြင်ကွင်းအတိုင်း တန်ဂိုလည်း လိုက်ကြည့်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ နေ၀င်ချိန်မှာ မှုန်မှိုင်းနေတဲ့ ထင်းရူးပင်အုပ်ကိုပဲ သူမြင်လိုက်ရတယ်။

`အခုလိုပြောရတာ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်လုပ်ပေးနိုင်တာက မရှိသလောက်ပဲ။ အထဲမှာ ဖြစ်ပေါ်နေတဲ့ လေဟာနယ်ဟာ နာကျင်မှုမရှိတဲ့အရာ ဖြစ်ပါစေလို့ မျှော်လင့်ရုံက လွဲလို့ပေါ့။ အများကြီး ခံစားခဲ့ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘယ်လိုချစ်ရမယ်ဆိုတာ သိသလိုပဲ အမေ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ကျွန်တော် အဲဒါကို ခံစားမိပါတယ်။ ဒါပေမဲ့ အမေက ထားခဲ့တယ်၊ အဲဒီအတွက် အတော်ကလေး ခက်ခဲခဲ့မှာပေါ့။ ဗလာကျင်းနေတဲ့ မြို့တစ်ခုမှာ နေရသလိုမျိုး ဖြစ်ခဲ့မှာပေါ့။ ဒါနဲ့တောင် အဲဒီဗလာကျင်းတဲ့မြို့မှာ ကျွန်တော့်ကို ပြုစုပျိုးထောင်ခဲ့သေးတယ်နော်´

ကျီးကန်းတစ်အုပ်က ကျယ်လောင်စွာမြည်တမ်းပြီး ကောင်းကင်ကို ဖြတ်ပျံသွားတယ်။ တန်ဂိုက မတ်တပ်ရပ်လိုက်ပြီး သူ့အဖေဆီ လျှောက်သွားတယ်။ သူ့အဖေ ပုခုံးပေါ်ကို လက်နဲ့ကိုင်ပြီး သူက ပြောလိုက်တယ်။
`နှုတ်ဆက်ပါတယ် အဖေ။ မကြာခင် ကျွန်တော်ပြန်လာခဲ့ပါ့မယ်´

တံခါးလက်ကိုင်ပေါ် ဆုပ်ကိုင်ထားရင်း နောက်ဆုံးအကြိမ်အဖြစ် လှည့်ကြည့်လိုက်ချိန်မှာပဲ သူ့အဖေမျက်ဝန်းဆီက လွတ်ကျနေတဲ့ မျက်ရည်တစ်စက်ကို မြင်လိုက်ရပြီး တန်ဂို တုန်လှုပ်သွားမိတယ်။ မျက်နှာကြက်ဆီက မီးချောင်းအလင်းရောင်အောက်မှာ မျက်ရက်စက်ဟာ ငွေလွှာရောင်တောက်နေတယ်။ မျက်ရည်စက်ဟာ ဖြည်းဖြည်းချင်း  ပါးပေါ်စီးကျသွားပြီး ပေါင်ပေါ်ကို ကျသွားတာ သူ မြင်လိုက်ရတယ်။ တံခါးဖွင့်ပြီး တန်ဂို အခန်းထဲက ထွက်လိုက်တယ်။ တက္ကစီနဲ့ ဘူတာရုံဆီကို ရောက်လာတယ်၊ ပြီး သူ့ကို ဒီနေရာဆီ ခေါ်ဆောင်လာခဲ့တဲ့ ရထားပေါ်ပဲ သူ ပြန်တက်လိုက်မိတော့တယ်။

တေဇာ (လရောင်လမ်း)
Town of Cats by Haruki Murakami, (Translated, from the Japanese, by Jay Rubin) ကို ဆီလျော်သလို ပြန်ဆိုပါသည်။


6 comments:

Nan said...

လာဖတ်မိတဲ့ ဘာသာပြန် ပူစီဝတ္ထုများ ကဏ္ဍ ~

တေဇာ (လရောင်လမ်း) said...

ကျေးဇူးတင်ပါ၏။

ဒီနိုဗို said...

ဝထ္ထုက အရမ်းကောင်းသလို ဘာသာပြန်ကလည်း ပြောစရာမရှိပါဘူး။ တင်ပေးတဲ့အတွက် ကျေးဇူးပါ။

တေဇာ (လရောင်လမ်း) said...

ကျေးဇူးတင်ပါတယ်ဗျာ။ အစ်ကိုဘာသာပြန်တဲ့ ၀တ္ထုလေးတွေ ကျွန်တော် “ချင်းတွင်း” မှာ ဖတ်ဖူးတယ် ထင်တယ်။

မိုးရဲ said...

အမြဲတမ်းလည်းရောက်ဖြစ်ပါတယ်။ ကြိုက်တဲ့ ပို့စ်တွေကိုလည်း အိမ်ကို ကူးယူပြီး ခဏခဏ ဖတ်ဖြစ်ပါတယ်။
ကျွန်တော်ကြိုက်တဲ့ အရေးအသားတွေ ၊ အတွေးအခေါ်တွေ အတွက် ကျေးဇူးတင်ပါတယ်။

မိုးရဲ said...

အမြဲတမ်းလည်းရောက်ဖြစ်ပါတယ်။ ကြိုက်တဲ့ ပို့စ်တွေကိုလည်း အိမ်ကို ကူးယူပြီး ခဏခဏ ဖတ်ဖြစ်ပါတယ်။
ကျွန်တော်ကြိုက်တဲ့ အရေးအသားတွေ ၊ အတွေးအခေါ်တွေ အတွက် ကျေးဇူးတင်ပါတယ်။

Post a Comment