Skip to main content

မြင်း၊ မြည်းနှင့် ဖြစ်တည်မှုဝါဒ စသည်


တစ်နေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့် ပုံပြင်ထဲတွင် လမ်းလျှောက်လာရာ လမ်းတွင် ကျွန်ုပ်ရှေ့မှ သွားနေသော မြင်းတစ်ကောင်၊ မြည်းတစ်ကောင်နှင့် လူတစ်ယောက်ကို မီလာလေသည်။ အဲဒီနေ့က နေက အတော်ပူတယ်။ လမ်းကလည်း ဖုန်ထူတယ်။ မြည်းနဲ့ မြင်းရဲ့ပိုင်ရှင်က တစ်ကိုယ်တည်း လမ်းလျှောက်လာတယ်။ မြည်းရဲ့ကိုယ်ပေါ်မှာတော့ အတော်များများ ၀န်ထုပ်ဝန်ပိုးတွေ တင်ထားတယ်။ မြင်းရဲ့ကိုယ်ပေါ်မှာတော့ ဘာမှ တင်မထားဘူး။ ကြည့်ရတာ မြည်းဟာ အင်မတန် မောပန်းနေပုံရတယ်။ သူတို့အနားရောက်သွားတော့ မြည်းက မြင်းကို တောင်းပန်နေတဲ့အသံ ကြားရတယ်။

`မိတ်ဆွေ.. ကျေးဇူးပြုပြီး ကိုယ်ပေါ်က ၀န်တစ်ဝက်လောက် ကူသယ်ပေးစမ်းပါ၊ ကျုပ် သိပ်ပင်ပန်းနေပြီ၊ ဖျားလည်း ဖျားနေလို့ပါ´ လို့ ပြောတယ်။ မြင်းက ခေါင်းခါခါ လည်ခါခါနဲ့-

`မကူညီနိုင်ဘူး၊ မကူညီနိုင်ဘူး။ ကိုယ့်ဝန်ထုပ် ကိုယ်သယ်´ လို့ ခါးခါးသီးသီးပြောတယ်။ ဒီတော့မှ ကျွန်ုပ်ရောက်နေတဲ့ ပုံပြင်ဟာ အီစွတ်ရဲ့ The Horse and the Loaded Ass (မြင်းနဲ့ ၀န်တင်မြည်း) ဆိုတဲ့ ပုံပြင်မှန်း သိတော့တယ်။ ဒီပုံပြင်ကို ကျွန်ုပ်ကဖတ်ဖူးတော့ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ သိနေတယ်။

ဖြစ်တာက နောက်ဆုံး မြည်းဟာ ဒဏ်မခံနိုင်တော့လို့ လဲကျသေသွားတော့တယ်။ အဲဒီတော့ သူတို့သခင်က မြည်းသယ်လာတဲ့ ၀န်ထုပ်ဝန်ပိုးတွေအားလုံးကို မြင်းကို သယ်ခိုင်းတယ်။ ဒါ့အပြင် မြည်းရဲ့ခန္ဓာကိုယ်ကိုလည်း လမ်းမှာပစ်မထားရက်ဘူးဆိုပြီး အသယ်ခိုင်းတော့ မြင်းဟာ အင်မတန်လေးလံတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို သယ်ခဲ့ရပြီး  အင်မတန် ဒုက္ခရောက်ရတယ် ဆိုထားပါတယ်။

အဲဒီအချိန်မှာပဲ မြည်းက တောင်းပန်ပြန်တယ်။
`မိတ်ဆွေ.. တ၀က် မသယ်နိုင်ဘူးဆိုရင်လည်း လေးပုံတစ်ပုံလောက် ကူသယ်ပေးပါလား။ ကျုပ် ဆက်မသယ်နိုင်တော့လို့ပါ´ လို့ ပြောတယ်။ အဲဒါလည်း မြင်းက လက်မခံဘူး။ ငြင်းမြဲ ငြင်းတယ်။ ဒါကြောင့် ကျွန်ုပ်လည်း သူတို့အနား ကပ်သွားပြီး ဖျောင်းဖျပါတယ်။
`ကူသယ်လိုက်ပါ မြင်းရယ်.. မင်းတို့ဟာ အချင်းချင်းတွေပဲ၊ တစ်ကောင်နဲ့တစ်ကောင် ကူညီကောင်းပါတယ်´
ဒါပေမဲ့ မြင်းက ခေါင်းမာတယ်။ ပြီးတော့ ပြောသေးတယ်။

`ခင်ဗျား အိတ်ဇင်စတယ်ရှယ်လစ်ဇင်းဆိုတဲ့ ၀ါဒကို ကြားဖူးလား။ သတ္တ၀ါတိုင်းဟာ ကိုယ့်ဖြစ်တည်မှုကို ကိုယ် တာဝန်ယူရတယ်ဗျ။ သူက မြည်းဘ၀၊ ကျုပ်က မြင်းဘ၀၊ ဖြစ်တည်မှုချင်းမတူရင် အနှစ်သာရ မတူဘူး။ ကျုပ်က သာမန်မြင်း မဟုတ်ဘူး´
`ဒါဆို ဘာမြင်းလဲ၊ သိန္ဓောမြင်းလား´ လို့ မေးတော့-

`ပြင်သစ်မှာနေတုန်းက ဆော်ဘွန်းတက္ကသိုလ်ထဲမှာ သွားပြီး နေ့စဉ် မြက်စားနေကျ မြင်းဗျ။ အဲဒီမှာ ယန်းပေါဆတ်တို့၊ ဆိုင်မွန်ဒီဗိုးဘွားတို့လည်း တွေ့တယ်။ သူတို့တွေက ဒီဝါဒအကြောင်း ဆွေးနွေးနေတာတွေ ကြားရတော့ ကျုပ်လည်း နားရည်ဝနေပြီ။ ဒါကြောင့် မြည်းပြောနေတာတွေ လက်မခံနိုင်ဘူး´ လို့ ပြောသေးတယ်။
ရှေ့ဆက်သွားပြီး မကြာပါဘူး။ မြည်းက ၀န်ပိပြီး လဲကျသေပါလေရော။ အဲဒီတော့ ပုံပြင်ထဲက အတိုင်းပေါ့။ သူတို့သခင်က ၀န်ထုပ်ဝန်ပိုးတွေရော၊ မြည်းအသေကောင်ကိုရော မြင်းကိုသယ်ခိုင်းတော့တာပေါ့။ ဒီမြင်းဟာ ၀န်ပိသေသွားတယ်လို့တော့ မကြားဖူးပါဘူး။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး သူယုံကြည်တဲ့ ဖြစ်တည်မှုပဓာန၀ါဒကိုတော့ သေတပန်သက်တစ်ဆုံး စွန့်လွှတ်လိုက်တယ်လို့ ကြားရတာပါပဲ။

~သစ္စာနီ

***********************************

အထက်ပါ အရေးအသားမှာ ဆရာသစ္စာနီ ရေးသားသော Parody တစ်ခု ဖြစ်ပါသည်။ ထိုအရေးအသားနှင့် ပတ်သက်၍ အနည်းငယ် ဆွေးနွေးစရာ ရှိပါသည်။ အကြောင်းမှာ ဖြစ်တည်မှုဝါဒနှင့်ပတ်သက်၍ ကျွန်တော် နားလည်ထားပုံနှင့် ကွဲလွဲသည်သာမက ဆန့်ကျင်နေသောကောက်ချက်များ ထိုအရေးအသားတွင် တွေ့ရသောကြောင့် ဖြစ်ပါသည်။

အီစွတ်ပုံပြင်များနှင့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်များကို Parody လုပ်ထားသည့် စာအုပ်တွင် `ဖြစ်တည်မှုဝါဒ´ ဟူသော စကားလုံးကို တွေ့ရသဖြင့် အထူးစိတ်ဝင်စားမိပြီး ကျွန်တော် စေ့စေ့စပ်စပ် ဖတ်ရှုကြည့်မိပါသည်။ ဤတွင် မျက်လုံးပြူးရသည့် စာကြောင်းတစ်ကြောင်းကို တွေ့ရသည်။ `ခင်ဗျား အိတ်ဇင်စတယ်ရှယ်လစ်ဇင်းဆိုတဲ့ ၀ါဒကို ကြားဖူးလား။ သတ္တ၀ါတိုင်းဟာ ကိုယ့်ဖြစ်တည်မှုကို ကိုယ် တာဝန်ယူရတယ်ဗျ။ သူက မြည်းဘ၀၊ ကျုပ်က မြင်းဘ၀၊ ဖြစ်တည်မှုချင်း မတူရင် အနှစ်သာရ မတူဘူး။´ ဟူသော အရေးအသား ဖြစ်ပါသည်။ ဖြစ်တည်မှုဝါဒအရ၊ သတ္တ၀ါတိုင်းသည် မိမိဖြစ်တည်မှုအတွက် တာဝန်ယူရသည်ဟူသော အရေးအသားမှာ လုံးဝ မမှန်ပါ။ စင်စစ်၊ `လူသည် သူပြုလုပ်သမျှ လုပ်ရပ် (၀ါ) ရွေးချယ်မှုတိုင်းအတွက် တာဝန်ရှိသည်၊ တာဝန်ယူရသည်´ ဟူ၍သာ ဖြစ်ပါသည်။ အင်္ဂလိပ်မူတွင် …and from the moment that he is thrown into this world he is responsible for everything he does.[*] ဟူ၍သာ တွေ့ရသည်။

ဆရာသစ္စာနီ၏ အရေးအသားတွင် `ကိုယ့်ဖြစ်တည်မှုကို ကိုယ်တာဝန်ယူရတယ်´ ဟု တိုတိုတုတ်တုတ် ရေးသားထားခြင်းကြောင့် `သူတစ်ပါးအတွက် တာဝန်ယူစရာမလို´ ဟူသော ဖြစ်တည်မှုဝါဒ၏ မူရင်းအာဘော်နှင့် လုံးလုံးဆန့်ကျင်ဘက်[**] ကောက်ချက်တစ်ခုကို ဘေးချော်၍ (သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ) ရောက်ရှိသွား ရပါသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရပါသနည်း။ အကြောင်းရင်းသည် စိတ်ဝင်စားဖွယ် ကောင်းသည်။ ဆရာသစ္စာနီက ဖြစ်တည်မှုဝါဒ၏ Key Terms များဖြစ်သော လုပ်ရပ် (Action) ၊ ရွေးချယ်မှု (Choice) စသည့် စာလုံးများကို ဖျောက်ကာ ကိုယ်ဆွဲချင်သည့် ကောက်ချက်ကို အလွယ်တကူ ဆွဲယူနိုင်ရန် စကားလုံးယန္တယား ဆင်ထားခဲ့သောကြောင့် ဖြစ်ပါသည်။ အဆိုပါထောင်ချောက်မှ ထွက်လာသည့် ကောက်ချက်အမှားတွင် အခြေခံကာ ဖြစ်တည်မှုဝါဒကို ထိုးနှက်ခဲ့သည်။ ရလဒ်မှာ ၀မ်းနည်းဖွယ် ကောင်းပါသည်။

အခြားစိတ်ဝင်စားဖွယ်အချက်တစ်ခုမှာ မူရင်းအီစွတ်ပုံပြင်တွင် မြင်းသည် မြည်းသေကြီးကို ထမ်းရသည်ဟု မပါ။ ပိုင်ရှင်က မြည်းသားရေကို ခွာပြီး မြင်းပေါ်တင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ဆရာသစ္စာနီက ပရဟိတစိတ်မ၀င်စားသော မြင်းကို လေးလေးပင်ပင် ထမ်းစေလိုသော စေတနာ ရှိပုံရသည်။ Parody အရေးအသားမျိုးတွင် မူရင်းအကြောင်းအရာအား ပြင်ဆင်ခွင့်ရှိသည်ဆိုသော်ငြား ပြင်ဆင်ရခြင်း၏ `စေတနာ´ ကောင်း,ဆိုးကို လေ့လာကြည့်ရန်မူ ထိုက်တန်သည်ဟု ထင်မြင်မိပါသည်။ [ဤကိစ္စကိုလည်း New Criticism မှ Intentional Fallacy နှင့် မရောထွေးစေလိုပါ။ အကြောင်းမှာ ယခု ကျွန်တော်သည် `စာပေဝေဖန်ရေး´ ပြုလုပ်နေခြင်းမဟုတ်ဘဲ၊ ၀ါဒရေးရာ အချက်အလက် အမှားများအား ပံ့ပိုးနိုင်ရန် ကြိုးပမ်းချက်များကို လေ့လာကြည့်ခြင်းသာ ဖြစ်သောကြောင့်ပါ။]`ဖြစ်တည်မှုချင်း မတူရင် အနှစ်သာရ မတူဘူး´ ဟူသော အရေးအသားမှာမူ ဆရာသစ္စာနီ၏ `တီထွင်ရေးသားချက်´ ဖြစ်ပုံရသည်။ ကျွန်တော်လက်လှမ်းမီသလောက် ဖြစ်တည်မှုဝါဒတွင် ထိုသို့သောအရေးအသားမျိုးကို မဖတ်ရှုမိသေးပါ။ Existence / Essence စသော စကားလုံးများကို ကုလားဖန်ထိုးထားခြင်းသာ ဖြစ်ပါသည်။

ပုံပြင်အရ `အသေးအမွှား´ ဟုဆိုနိုင်သော်လည်း ဖြစ်တည်မှုဝါဒအမြင်အရမူ `ကြီးလေးသော´ အခြားအမှားတစ်ခုမှာ `သတ္တ၀ါတိုင်း´ ဟူသော အသုံးဖြစ်ပါသည်။ ဖြစ်တည်မှုဝါဒသည် တီကောင်များ၊ ဒိုင်နိုဆောများအကြောင်း ထည့်သွင်းစဉ်းစားခဲ့သည်ဟု ကျွန်တော် မကြားမိပါ။ စကြ၀ဠာအတွင်းမှ `လူသား´ ၏ အနေအထားကိုသာ ကျောရိုးပြု တွေးခေါ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် `လူဟာ ကိုယ့်လုပ်ရပ်တိုင်းအတွက် ကိုယ် တာဝန်ယူရတယ်´ ဟူသော စာသားအမှန်ကို ပုံပြင်ထဲရှိ `မြင်း´အား ပြောဆိုခိုင်းရန် ဆရာသစ္စာနီအတွက် အဆင်မပြေ။ ထို့ကြောင့် သတ္တ၀ါဟု သုံးလိုက်သည်ဟု ခန့်မှန်းကြည့်ရသည်။ ပုံပြင်အရ အသေးအမွှားပြင်ဆင်ချက် ဖြစ်မည်။ သို့သော် ဖြစ်တည်မှုဝါဒ ရှုထောင့်မှကြည့်သော် အကြီးအကျယ် လမ်းလွဲစေသည့် ရေးသားချက် ဖြစ်ပါသည်။

နောက်ထပ်ပြုံးချင်စရာ အချက်တစ်ခုကို တွေ့ရှိရပါသေးသည်။ ပုံပြင်ကို ခေါင်းစဉ်ပေးထားပုံ ဖြစ်ပါသည်။ ဇာတ်လမ်းသွားအရ `မြင်းတစ်ကောင်နှင့် ဖြစ်တည်မှုဝါဒ´ ဟုပေးရန် ပိုမိုသင့်လျော်မည် ဖြစ်သော်လည်း `မြည်း´ ဟု သုံးထားပါသည်။ (ဆရာသစ္စာနီ ပြန်ရေးထားသော) ပုံပြင်၏ အဓိကဇာတ်ကောင်မှာ မြင်းဖြစ်ပြီး၊ မြည်းသည် ဒုတိယဇာတ်ကောင်သာ ဖြစ်သည်။ မြည်း (Ass) ဟူသော စကားလုံး၏ အနက်ခွဲ `ရူးမိုက်သူ´ (a Stupid Person) ကို ဖြစ်တည်မှုဝါဒနှင့် ရင်ဘောင်တန်းထားလိုခြင်း ဖြစ်ပုံရသည်။ အဆိုးဂုဏ်ပေါ်စေလိုခြင်း ဖြစ်ပုံရပါသည်။ ကိစ္စမရှိပါ၊ ပြုံးရုံသာ တတ်နိုင်ပါသည်။

ခြုံငုံကောက်ချက်ချရလျှင် ဆရာသစ္စာနီက အမှာစာတွင်ရေးခဲ့သလို `ထိုပုံပြင်များက ပြောသော တွေးစရာအကြောင်း (ဒဿနဟုဆိုရလျှင် ကြီးကျယ်ပေမည်) ကို စာဖတ်သူများ ခြေရာခံ မိဖို့မျှသာ ဖြစ်ပါသည်´ ဟူသော ရည်ရွယ်ချက်တွင် အခြေမခံဘဲ မိမိ၌ရှိပြီးသား ကောက်ချက်အမှားတစ်ခုကို ပုံပြင်ထဲ အရမ်းကာရော သွပ်သွင်းကာ၊ ၀ါဒ/အမြင်တစ်ရပ်ကို ထိုးနှက်ရန် ကြိုးပမ်းထားခြင်းမျှ ဖြစ်ပါသည်။ ထိုထက် မပိုပါ။

အကယ်၍ အီစွတ်ပုံပြင်အတွင်းမှ မြင်းသည် အမှန်တကယ် ဖြစ်တည်မှုဝါဒီသာ ဖြစ်ခဲ့လျှင် ပုံပြင်အဆုံးတွင်  ဖြစ်တည်မှုဝါဒကို သူ စွန့်လွှတ်လိမ့်မည်ဟု ကျွန်တော် မထင်ပါ။  အဘယ်ကြောင့်ဆိုသော် မြည်း၏တောင်းဆိုချက်အား ငြင်းပယ်(ရန် သူရွေးချယ်) ခဲ့မှုအတွက် အကျိုးဆက်ကို  သူသာလျှင် တာဝန်ယူရမည် ဖြစ်ကြောင်း အသေအချာ သဘောပေါက်ထားကြောင့် ဖြစ်ပါမည်။ အကယ်၍ အဆိုပါမြင်း ၀န်ပိပြီး သေသွားခဲ့လျှင်လည်း သတ္တ၀ါနှစ်ကောင်သေစေရန် ဆုံးဖြတ်ချက်ပေး (တစ်နည်း ရွေးချယ်/ပြုလုပ်) ခဲ့သော `ပိုင်ရှင်´ တွင်သာ မြည်းသားရေ၊ မြင်းသားရေနှင့် ၀န်ထုပ်ဝန်ပိုးများအားလုံးကို ဆက်လက်သယ်ဆောင်ရန် တာဝန်ရှိသည်မှာ ရှင်းပါသည်။ ထိုမျှရှင်းသည့် `သဘော´ (Concept) တစ်ခုသည် အဘယ်ကြောင့် ရှုပ်ထွေးသွားသနည်းကိုမူ ကျွန်တော် စဉ်းစားကြည့်၍ မရပါ။

ကျွန်တော် အခုလို လျှောက်ရေးနေရခြင်း၏ ရည်ရွယ်ချက်မှာ `ဖြစ်တည်မှုဝါဒသည် သူတစ်ပါးကို မကူညီရ၊ ပရဟိတမလုပ်ရဟု မည်သည့်အခါကမျှ တားမြစ်ထားခြင်းမရှိခဲ့´၊ `လူသည် ကိုယ့်လုပ်ရပ်တိုင်းအတွက် မိမိဖာသာ တာဝန်ယူရသည်´ ဟုသာ ဆိုခဲ့သည်ဟု တင်ပြလိုခြင်းကြောင့် ဖြစ်ပါသည်။ အထင်လွဲခံရခြင်းမှာ သမီးရည်းစားရေးရာတွင်သာမက အယူအဆရေးရာအတွက်ပါ နာကျည်းဖွယ်ကိစ္စ ဖြစ်ပါသည်။ ဖြစ်သင့်သည်ဟု ကျွန်တော်မထင်ပါ။

တေဇာ (လရောင်လမ်း)

[*]     Existentialism is Humanism by Jean Paul Sartre
[**]    လုံးလုံးဆန့်ကျင်ဘက်ဟု ဆိုရခြင်းမှာ အကြောင်းရှိပါသည်။ Our responsibility is thus much greater than we had supposed, for it concerns mankind as a whole ဟု Existentialism is Humanism တွင် ယန်းပေါဆတ်က ဆိုခဲ့သည်။ ကျွန်တော်တို့၏ တာဝန်ယူမှုသည် (တစ်ဦးတစ်ယောက်တည်း အတွက်သာမဟုတ်) လူသားမျိုးနွယ် တစ်ရပ်လုံးနှင့် သက်ဆိုင်သောကြောင့် ကျွန်တော်တို့ ထင်ထားသည်ထက် များစွာပို၍ ကြီးမားကျယ်ပြန့်ပါသည်ဟု ဆို၏။ ထိုအကြောင်းကို ဥပမာများဖြင့်လည်း ရှင်းလင်းထားသည်။ ဆရာမောင်သာမည မြန်မာပြန်လည်း ရှိပါသည်။ စိတ်ဝင်စားသူများ ဖတ်ရှုကြည့်ကြဖို့ပါ။

Comments

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...