Skip to main content

အက်ဆေး (ဇော်ဇော်အောင်)

`အက်ဆေး´ ဆိုတာ ဘာလဲ။

ကမ္ဘာ့ `အက်ဆေး´ ဖခင်သည် မီရှယ်မောန်တိန်း [Michel Eyquem de Montaigne (1533-92)] ဖြစ်သည်ဟု ဆရာစဉ်သမားစဉ် အမှတ်အသားရှိသည်။ သူကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၄၀၈ နှစ်ရှိပြီ။ ထိုမျှအထိ ဆွဲဆန့်လျှင် ရှည်လျားလေးလံပေသည်။ သိမီသလောက်က ဖြတ်ပြောပါမည်။
ကျောင်းစာသင်ခန်းအတွင်းမှာ သင်ခန်းစာအဖြစ် `စာစီစာကုံး´ ဟု ရှိသည်။ အများသိပြီးဖြစ်၏။ နိဒါန်း၊ စာကိုယ်၊ နိဂုံး အင်္ဂါသုံးပါးနှင့်ညီညွတ်သော၊ စီကာစဉ်ကာ ပန်းသဖွယ်သီကုံးထားသော စာ။ ထိုစာကို စာစီစာကုံးဟု ယနေ့အထိ အသုံးတွင်နေသည်။

စာသင်ခန်းပြင်ပတွင် Essay ၏ အခြားအဓိပ္ပာယ်တစ်ခုကို ရည်၍ `အစမ်းစာ´ ဟု ခေါ်ခဲ့ကြသေးသည်။ ဆရာဇော်ဂျီက (စာတမ်း/စာတန်း) နှစ်မျိုးကွဲစေ၍ Essay ကို `စာတန်း´ ဟုသတ်မှတ်ကာ စတင်သုံးစွဲခဲ့သည်။ စည်းကြီးကမ်းကြီးနှင့်ရေးသားသော စာမျိုးကို `စာတမ်း´၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ ပါးပါး ရေးသောစာမျိုးကို `စာတန်း´ ဟု ခေါ်စေလိုသည်ဟု ယူဆရပါသည်။ ပညာရပ်၊ ဘာသာရပ်အလေးကဲ၍ စည်းကမ်းစနစ်ကိုတည်ဆောက်ကာ ရေးသားသော ဘွဲ့ယူစာတမ်း Thesis/Dissertation အမျိုးအစားများဖြင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ `စာတန်း´ သည် စည်းမဲ့ကမ်းမဲ့ မဟုတ်စေကာမူလည်း ပိုလွတ်လပ်ပေါ့ပါးသည်။ အနုပညာသဏ္ဌာန်ဘက်သို့ တိမ်းညွတ်သော စာမျိုးဟုလည်း ဆင်ခြင်ကြည့်နိုင်ပါသည်။ ကျွန်တော့စာများတွင်ပါသော ထွေပြားမှုနှင့်လည်း ယှဉ်၍ ဆင်ခြင်ကြည့်စေလိုပါသည်။



မြန်မာစာပေလောကတွင် `သိပ္ပံမောင်ဝ´ ကလောင်အမည်ဖြင့် ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ခဲ့သည်။ `ခေတ်စမ်းစာပေ´ နှင့် တွဲ၍လည်းကောင်း၊ သူတို့၏ဆရာကြီး (၀ါ) ခေတ်စမ်း၏ဖခင်ကြီး ပါမောက္ခဦးဖေမောင်တင်နှင့် တွဲ၍လည်းကောင်း၊ ခေတ်စမ်းကဗျာက၀ိကြီးနှစ်ဦးနှင့် တွဲ၍လည်းကောင်း၊ မြန်မာစာပေသမိုင်းတွင် ထင်ရှားအသိများခဲ့၏။

သူ့စာများကိုစုစည်း၍ `သိပ္ပံမောင်ဝ၏ ၀တ္ထုဆောင်းပါးများ´ ဟူသော စာအုပ်တစ်အုပ် ပေါ်ထွန်းထုတ်ဝေခဲ့ဖူးသည်။ စာပေဗိမာန်တိုက်က ထုတ်ဝေသည်ဟု မှတ်မိနေပါသည်။ `၀တ္ထုဆောင်းပါး´ ဟူသော အမည်အမျိုးအစား Genre နှင့်ပတ်သက်၍ ဘ၀င်မကျသော အသံဗလံများ ကြားခဲ့ရသည်။ ၀တ္ထုနှင့်ဆောင်းပါး အတူတူပဲလား။ ထိုနှစ်မျိုးရောထားတာလား စသည်ဖြင့် အသံဗလံများအဖြစ်သာ ကြားခဲ့ရသည်။ ထိုအမည်ကိုပေး၍ ထိုအမျိုးအစားဟုသတ်မှတ်ရန် အကြံပြုသူ၊ တိုက်တွန်းသူ၊ သတ်မှတ်ခေါ်တွင်စေသူများမှာ ခေတ်စမ်းက၀ိကြီးနှစ်ဦးဟု ကျွန်တော်မှတ်သားဖူးသည်။

ဆရာဇော်ဂျီနှင့်အနီးကပ်နေခဲ့ရသော ကာလများအတွင်း (၁၉၇၀-၇၅ ၀န်းကျင်) တစ်နေ့ ထိုကိစ္စနှင့်ပတ်သက်၍ ဆရာ့ကိုကျွန်တော် မေးဖူးသည်။ ကျွန်တော်ကိုယ်တိုင် ထိုစဉ်က အမှန်တကယ် ဘ၀င်မကျ။ ဆရာက `၀တ္ထုကောင်းလျှင် ဆောင်းပါးဖြစ်၍၊ ဆောင်းပါးကောင်းလျှင် ၀တ္ထုဖြစ်တတ်သည်´ ဟု ဖြေပါသည်။ ကျွန်တော်၏ ဉာဏ်ပညာနုံသောအဖြစ်သည် ထိုကိစ္စတွင် ဘွားဘွားပေါ်သည်။ ထိုစဉ်က ကျွန်တော် စဉ်းစားမရ။ နှစ်ပေါင်းနှစ်ဆယ်ကျော် အစိတ်လောက်ကြာမှ (ယခုမှပင်ဟု ဆိုကြပါစို့) ကျွန်တော် သဘောပေါက်ပါသည်။ ယခု ကျွန်တော့်ဆရာ မရှိတော့ပြီ။ သူ့တပည့် ခပ်ညံ့ညံ့ကျွန်တော်သည် အသက်ကလေးအတော်ရလာခါမှ အဖတ်အရှုကလေး အနည်းအကျဉ်းရှိလာခါမှ အနုပညာပစ္စည်းတို့၏ အမျိုးအစားရောနှောခြင်းသဘောကို သိလာပါသည်။ ယနေ့ `ပို့စ်မော်ဒန်သမားများ´ အခေါ်အပြောများနေသော Deterritorialization (နယ်နိမိတ်များကျိုးပျက်ခြင်းသဘော)၊ Reteritorialization (နယ်နိမိတ်များ အသစ်ပြန်လည် သတ်မှတ်ခြင်းသဘော) တို့နှင့်ထင်ဟပ်၍ ဆင်ခြင်မိလာပါသည်။ ဆရာဇော်ဂျီ၏နှုတ်ဖျားမှ `ပို့စ်မော်ဒန်´ ဆိုသောစကားတစ်ခွန်း တစ်ခါမှပေါ်ထွက်လာသည် မကြားဖူးပါ။ သို့သော်သဘောကိုဆင်ခြင်ဖို့သာ အရေးကြီးပါသည်။ `ပို့စ်မော်ဒန်´ ဆိုသည်မှာ အမည်တစ်ခုသာ ဖြစ်ပါသည်။ ဆရာမကြီး ဂါထရုစတိန်း (Stein) ၏ `နှင်းဆီပန်းတစ်ပွင့်၏ အမည်သည် နှင်းဆီပန်းတစ်ပွင့်(ဖြစ်၍) နှင်းဆီပန်းတစ်ပွင့်ဖြစ်သည်…´ ဆိုသော စကားကို သတိရဖွယ်ရှိ၏။ ကျွန်တော့်ဆရာက `စာတန်း´ ဟုအမည်ပေးခဲ့သော စာမျိုးကို ယခုကျွန်တော် `အက်ဆေး´ ဟုပင် ခေါ်ဝေါ်သုံးစွဲလိုက်ပါသည်။ The name of an essay is an essay is an essay.. ဟု မခေါ်သင့်ပါလား။

အကယ်၍ စိတ်ဝင်စားမည်ဆိုပါက ဆရာသိပ္ပံမောင်ဝ၏ `၀တ္ထုဆောင်းပါးများ´ နှင့်ပတ်သက်၍ စဉ်းစားဖွယ်တစ်ခုကို တင်ပြလိုပေသည်။ စိတ်ဝင်စားသူများအတွက်သာ ရည်ရွယ်သည်ဟုပြောလျှင် ပိုသင့်လျော်ပါမည်။ ထိုကိစ္စမှာ သိပ္ပံမောင်ဝ၏စာများကို Proto-modern ဟု ခေါ်သင့်မခေါ်သင့်ကိစ္စ ဖြစ်ပါသည်။ ထိုအယူအဆ၏အစကို ဆွဲထုတ်ပေးသူမှာ ဒေါက်တာမြင့်သန်း Ph.D. (စာရေးဆရာမြင့်သန်း) ဖြစ်၏။ သူ့ဆောင်းပါးတစ်ပုဒ်မှာ `စဉ်းစားကြည့်နိုင်ရန် နမူနာနှစ်ခု ပေးလိုပါသည်။ မြန်မာတို့၏ (မော်ဒန်အစဦးကာလ [?] ဟုခေါ်ဆိုလိုက ခေါ်ဆိုနိုင်မည်ဟု ထင်ရသော) ခေတ်စမ်းကာလအရေးအသားမျိုးကို ကြည့်ပါ´ ဟု ရေးခဲ့ပါသည်။ ဆက်လက်၍ `သုံးပွင့်ဆိုင်ခေတ်စမ်းစာပေ´ (၁၉၅၅)၊ `သိပ္ပံမောင်ဝ၏ ၀တ္ထုဆောင်းပါးများ´ (၁၉၆၁)၊ `ကိုဒေါင်း´ (၁၉၆၀) တို့ကို ကိုးကားသွားပါသည်။

ကျွန်တော်အဓိကပြောလိုသည်မှာ ဆရာမြင့်သန်းက ခေတ်စမ်းနှင့် မော်ဒန်အစဦးကို သဘောတူထား သုံးစွဲလိုသော အယူအဆဖြစ်၏။ လေ့လာသူသုတေသီတို့၏ စဉ်လာထုံးတမ်းကိုလိုက်နာသောအားဖြင့် `ခေါ်ဆိုလိုကခေါ်ဆိုနိုင်မည်ထင်ရသော´ ဟု သုံးသွားပါသည်။ ယတိပြတ် မပြောခဲ့ပါ။ Scholar တို့၏ထုံးတမ်းစဉ်လာဖြစ်၍ မြင့်သန်းကို အပြစ်တင်ဖွယ်မရှိ။ အကယ်၍ သိပ္ပံမောင်ဝစာများနှင့် မော်ဒန်စာပေ သဘောတရားများကို နှိုင်းယှဉ်စိစစ်ပြီးပါက သိပ္ပံမောင်ဝ၏စာများသည် Proto-modern ဖြစ်သည် (သို့မဟုတ်) မဖြစ်ဟု ယတိပြတ်ပြောနိုင်ပါလိမ့်မည်။

ဤအကြောင်းအရာကို ဇာချဲ့ပြောနေရသည်မှာ သိပ္ပံမောင်ဝ၏ စာများသည် Proto-modern မော်ဒန်အဦးအစ လက္ခဏာများ ပါဝင်တည်ရှိနေသည်ကို  ကျွန်တော်လေ့လာမိသလောက် ပြောနိုင်သောအခြေအနေတွင် ရှိနေ၍ ပြောရခြင်းဖြစ်သည်။ သိပ္ပံမောင်ဝလေ့လာသူများ၊ သုတေသီများ ဆက်လက်ပွားများကြပါဟုလည်း မေတ္တာရပ်ခံလိုပါသည်။ အကျယ်မပြောသာပါ။ ကျွန်တော့်အက်ဆေးများနှင့် ဆိုင်သလောက်ကိုသာ ကျွန်တော်ပြောနိုင်ပါလိမ့်မည်။ ဤသို့ဆက်ပြောချင်ပါသည်။

`မော်ဒန်ဝတ္ထုတို´ မြစ်ဖျားခံရာ နှစ်ခုရှိသည်။ ၁/ စကားပြေကဗျာများ Prose Poems ၊ ၂/ အတွင်းစိတ်သဏ္ဌာန်ကိုချယ်မှုန်းသော စာတန်းများ Psychological Sketch ဖြစ်သည်။ ဤအချက်ကို ပညာရှင်အများ လက်ခံထားကြ၏။ ပထမအမျိုးအစားကို ကမ္ဘာကျော် ဘော်ဒီလဲ Baudelaire (1821-67) က စတင်သည်ဟု တညီတညွတ်တည်း အသိအမှတ်ပြုကြသည်။ (မှတ်ချက်။ ယနေ့ ပို့စ်မော်ဒန်ခေတ်တွင် ပို့စ်မော်ဒန်မဟာကဗျာကျော် Postmodernity’s Laureater ဂျွန်အက်ရှဘာရီ John Ashbery ၏ ကဗျာများကို (စိတ်ဝင်စားသူများ) ရှာဖွေဖတ်ရှုကြပါဟု ညွှန်းလိုပါသည်။ သူ၏ Three Poems ကဗျာစာအုပ်၏ ဘာသာစကား/မီဒီယံ Medium သည် စကားပြေဖြစ်၏။ စာမျက်နှာတစ်ရာကျော်ရှိသော အက်ဆေးတစ်ပုဒ်ဟုလည်း ခေါ်ကြ၏။ ရှာဖွေဖတ်ရှုသင့်ပါသည်။ ဒုတိယအမျိုးအစားဖြစ်သော အတွင်းစိတ်သဏ္ဌာန်ကိုချယ်မှုန်းသည့် စာတန်းကို သိပ္ပံမောင်ဝ၏ ၀တ္ထုဆောင်းပါးများနှင့် နှိုင်းယှဉ်လေ့လာသင့်၏။ သုတေသနဘက်တွင်အားသန်သော ပုဂ္ဂိုလ်များအဖို့ ထိုစဉ်က (၀ါ) သိပ္ပံမောင်ဝခေတ်က ပေါ်ထွန်းခဲ့သော စာတန်းများ၊ ၀တ္ထုတိုများ၊ သိပ္ပံမောင်ဝဖတ်ခဲ့သည်ဟု ပြောနိုင်သော စာအုပ်စာတမ်း အထောက်အထားများကို အပတ်တကုတ် ရှာဖွေဖော်ထုတ်ကြလျှင် ကျွန်တော်တို့အတွက် အကျိုးဖြစ်ဖွယ်ရှိပါသည်။ ထို`ဆက်ထုံး´ ကို ရှာဖွေဖော်ထုတ်သကဲ့သို့ ၁/ ယခင်ရှိခဲ့သော စာတန်းများ၊ ၂/ ယခုရှိနေဆဲစာတန်းများ၊ ၃/ ယနေ့ဖြစ်ပေါ်နေသော စာတန်းများ၏ ဆက်ထုံးကို ရှာဖွေဖော်ထုတ်သင့်လှ၏။

စကားစဉ်ကိုပြန်ချုပ်ရသော် စာတန်း/အက်ဆေး/ Essay ဖြစ်ပေါ်တိုးတက်မှုသမိုင်းတွင် သမိုင်းသဘောနိယာမအရ အပြောင်းအလဲများ၊ အရပ်အတန့်များ၊ ကုန်ပျက်ခြင်းများ၊ အသစ်ပေါ်ထွန်းခြင်းများနှင့် ပြည့်နှက်နေပါသည်။ အားကောင်းခဲ့သောအရေးပုံသဏ္ဌာန်များ အားပျော့ပျက်ပြယ်သွားကြသည်။ အသစ်များဝင်ရောက်လွှမ်းမိုးလာသည်။ မသေချာမရေရာမှုများ လွှမ်းမိုးထားသော ယနေ့ `ပို့စ်မော်ဒန်ကာလ´ တွင် အနုပညာဘက်သို့ တိမ်းညွတ်သော အက်ဆေးသည်လည်း မသေချာမရေရာ ဖြစ်လာရသည်။ ဆရာဇော်ဂျီတို့နှစ်ဦးပြောခဲ့သော ၀တ္ထုဆောင်းပါးသည် ၀တ္ထုလည်း မဟုတ်၊ ဆောင်းပါးလည်း မဟုတ်၊ ထိုနှစ်ခုပေါင်းလည်း မဟုတ်။ တစ်ချိန်တည်းမှာပင် ၀တ္ထုလည်း ဟုတ်သည်၊ ဆောင်းပါးလည်း ဟုတ်သည်၊ ထိုနှစ်ခုပေါင်းလည်း ဟုတ်သည်။ ထိုအရာအားလုံး မဟုတ်၊ တစ်ချိန်တည်းမှာ ထိုအရာအားလုံး ဟုတ်သည်။ ထိုသဘောကို ထင်မြင်ပေါက်မြောက်အောင် ဆင်ခြင်ပါမှ (၀ါ) ဆင်ခြင်ပါက ယနေ့ `ပို့စ်မော်ဒန်အက်ဆေး´ သို့ ရောက်သည်ဟု အသေအချာပြောနိုင်ပါသည် (၀ါ) ပြောနိုင်ပါလိမ့်မည်။

ကျွန်တော့်အက်ဆေးစုတွင် ယခင်ကရေးခဲ့သော အက်ဆေးများ၊ ယခုရေးသော အက်ဆေးများ၊ မနက်ဖြန်တွင် ရေးရန်ကျန်၍ ရေးကြည့်သောအက်ဆေးများ ပါဝင်ပါသည်။ ကြိုက်လျှင် ဖတ်ပါ၊ မကြိုက်လျှင် မဖတ်ပါနှင့်။ လုပ်ငန်းသဘောအရသော်လည်းကောင်း၊ မတော်တဆသော်လည်းကောင်း ဖတ်ဖြစ်သွားသည် ဆိုပါတော့၊ ဘာမှမရလိုက်ဟု ဆိုလျှင်လည်း ကျွန်တော့်တာဝန်မဟုတ်ပါ။

ပို့စ်မော်ဒန်များက `အက်ဆေး´ ဖွင့်ဆိုရန် မကြိုးပမ်းကြပါ။ သူတို့ ဘာကိုမျှ ဖွင့်ဆိုဖို့ စိတ်မ၀င်စားကြဟု ကျွန်တော်ထင်ပါသည်။ အခြားသူများကတော့ ပို့စ်မော်ဒန်အက်ဆေးများ၏ `စံ´ ကို ယောက်ယက်ခုန်ကျော်နေခြင်း (၀ါ) Discursive ဖြစ်ခြင်းနှင့် တိုင်းတာသတ်မှတ်ကြပါသည်။
ထိုအဆင့်ကို ကျွန်တော်မရောက်သေးဟု ထင်ပါသည်။
ထိုစံကို ကျွန်တောမမီသေးဟု ထင်ပါသည်။

~ဇော်ဇော်အောင်၊ စာပေါင်းသိုက်အက်ဆေး နိဒါန်း

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ