ဆယ်လီနာက အသက်ဆယ့်ရှစ်နှစ်။ ၁၈၇၈ ခုနှစ်မှာ ဘန်တလင်းမိသားစုက တည်ထောင်ခဲ့တဲ့ မိဘမဲ့ဂေဟာက မိဘမဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ဂေဟာကို စထူထောင်တုန်းက ဘန်တလင်းမိသားစုဟာ အချက်သုံးချက်ကို လိုလားခဲ့တယ်။ အဲဒါကတော့ မိဘမဲ့ကလေးတွေအားလုံးကို ခရစ်ယန်ဘာသာဝင်တွေ အဖြစ်ပဲ ကြီးပြင်းစေရမယ်၊ ဘာလူမျိုး၊ ဘာအသားအရောင်၊ ဘာဂိုဏ်းဝင်ဖြစ်ဖြစ်။ တနင်္ဂနွေနေ့လယ်စာ မစားမီတိုင်း တစ်ပတ်တစ်ကြိမ် ကျမ်းသစ္စာရွတ်ဆိုရမယ်။ ပြီးတော့ ဂေဟာကထွက်ပေါ်လာတဲ့ သန့်ရှင်းပြီး သွက်လက်ချက်ချာတဲ့ မိဘမဲ့မိန်းကလေး တစ်နှစ်တစ်ဦးကျ ဘန်တလင်းစံအိမ်ရဲ့ အိမ်မှုကိစ္စတွေမှာ ၀င်ရောက်အမှုထမ်းရမယ်ဆိုတဲ့ အချက်တွေပါပဲ။ ...အဲဒီလို အမှုထမ်းစေရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။
“ဘ၀ရဲ့ပိုကောင်းတဲ့အစိတ်အပိုင်းတွေကို သူတို့လေးတွေ မြည်းစမ်းကြည့်နိုင်ဖို့နဲ့ ယဉ်ကျေးမှုနဲ့ လူ့ကျက်သရေဆီတက်လှမ်းရာ လှေကားထစ်တချို့ကို ခြေချချင်လာအောင် ဆိုပဲ။”
မိဘမဲ့ဂေဟာရဲ့ ကျမ်းသစ္စာဆိုတာက စတီးဝပ်ဘန်တလင်းရဲ့ အဘေးကြီး ရေးပေးခဲ့တာ။ ဖွယ်ဖွယ်ရာရာမရှိလှတဲ့ ညလယ်စာ အနပ်ခြောက်ရာကို မစားခင်တိုင်းမှာ ဆယ်လီနာတစ်ယောက် အကြိမ်ခြောက်ရာ ရွတ်ဆိုခဲ့ဖူးတဲ့ ကျမ်းသစ္စာပေါ့။ ဒီလိုပါ..။
“ကျွန်ုပ်သည် အခြားသူများပိုင်ဆိုင်သည့် အမွေအနှစ်ပစ္စည်းများကို လေးစားပါမည်ဟု နှိမ့်ချစွာ ကျိန်ဆိုပါသည်။ အတုမရှိဘုရားသခင်၏ တာဝန်ချထားရာ ဘ၀ဘူတာတွင်သာ ကျေနပ်ရောင့်ရဲပါမည်။ အလုပ်ပေးသူများကို ကျေးဇူးသိတတ်ပြီး လုပ်ခနှင့် အလုပ်ချိန်နာရီများအတွက် ဘယ်တော့မှ စောဒကမတက်ပါ။ ထိုအစား `ငါ့အလုပ်ရှင်၊ နိုင်ငံတော်နှင့် ဘုရားသခင်တို့၏ အကျိုးအတွက် ငါဘာများ ပိုလုပ်ပေးနိုင်သလဲ´ ဟုသာ မိမိကိုယ်ကိုယ် ပြန်လည်မေးမြန်းပါမည်။ ပျော်ရွှင်မှုခံစားရန် ကမ္ဘာမြေသို့ ကျွန်ုပ် ရောက်လာခြင်းမဟုတ်ကြောင်း နားလည်ပါသည်။ စမ်းသပ်မှုခံရန်အတွက်သာ ကမ္ဘာမြေသို့ ကျွန်ုပ်ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ထိုစမ်းသပ်မှုအောင်မြင်သောအခါ ကျွန်ုပ်သည် ကိုယ်ကျိုးမဖက်သော၊ အမြဲတစေ ရင့်ကျက်တည်ငြိမ်သော၊ အမြဲတစေ သစ္စာရှိသော၊ အမြဲတစေ ကိုယ်စိတ်နှလုံးသုံးပါးလုံး မြွေစွယ်ကျိုးသော လူတစ်ယောက် ဖြစ်လာရပါမည်။ တဖန် အတုမရှိဘုရားသခင်က သူ၏ကြီးမြတ်လှသည့်ဉာဏ်ပညာဖြင့် ကျွန်ုပ်ထက်ပို၍ မြင့်မားသောအဆင့်တွင် နေရာပေးထားသော ပုဂ္ဂိုလ်များကို အမြဲတစေ လေးစားရိုသေပါမည်။ စမ်းသပ်မှုအား ကျွန်ုပ်ကျော်ဖြတ်ခဲ့ပါလျှင် နောင်တမလွန်တွင် ထာဝရနိဗ္ဗာန်ဘုံတွင် စံစားရမည်ဖြစ်ပါသည်။ ကျရှုံးခဲ့ပါလျှင် ကျွန်ုပ်သည် စေတန်နတ်မင်းက ရယ်မောပြီး ခရစ်တော်ငိုကြွေးချိန်၌ ငရဲတွင် မီးမြိုက်ခံရပါမည်။”
ဆယ်လီနာက သူနာပြုဆရာမဖြစ်ချင်ပြီး စန္ဒရားခလုတ်ကလေးတွေကို လှလှပပတီးတတ်တဲ့ ချစ်စရာကောင်မလေး ဖြစ်ပါတယ်။ အခုတော့ သူက မိဘမဲ့ဂေဟာရဲ့ အကြီးအကဲ၊ ကျောင်းအုပ်ကြီး ကြက်တူရွေးဆီ စာပြန်ရေးနေတယ်။ ကြက်တူရွေးက အသက်ခြောက်ဆယ်ရှိပြီ။ သူ့ဘ၀မှာ စိတ်ဝင်စားစရာအရာတွေ အများကြီး ကြုံတွေ့ခဲ့ပြီးပြီ။ ၁၉၃၃ ကနေ ၁၉၃၆ အထိ လင်ကွန်းရဲ့ တပ်စိတ်တစ်ခုနဲ့အတူ စပိန်မှာ တိုက်ပွဲဝင်ခဲ့ဖူးတယ်။ `ပြာလွင်သော မိုးကုတ်စက်ဝိုင်း၏ နောက်ကွယ်´ လို့ခေါ်တဲ့ ရေဒီယိုဇာတ်လမ်းတွဲတစ်ပုဒ်လည်း ရေးဖူးသေးတယ်၊ စသည်ဖြင့်ပေါ့။ အခုသူက ပျော်ရွှင်စရာကောင်းတဲ့ မိဘမဲ့ဂေဟာကလေးကို တာဝန်ယူလုပ်ကိုင်နေတယ်။ ကလေးတွေအားလုံးက သူ့ကို `ဖေကြီး´လို့ ချစ်စနိုး ခေါ်ကြတယ်။ အဲဒီကလေးတွေအားလုံးက ချက်ပြုတ်တတ်တယ်၊ ကတတ်တယ်၊ ပန်းချီဆွဲတတ်တယ်၊ ဂီတတူရိယာအချို့ကိုတောင် တီးမှုတ်တတ်ပါသေးတယ်။
အခုဆို ဆယ်လီနာတစ်ယောက် ဘန်တလင်းမိသားစုဆီရောက်နေတာ တစ်လရှိခဲ့ပြီ။ သူက တစ်နှစ်ကြာအောင် ဒီစံအိမ်ကြီးမှာ နေရမှာ။
ဆယ်လီနာရေးထားတဲ့စာက...
ချစ်စွာသော ဖေကြီးကြက်တူရွေး။
ဒီက အခြေအနေတွေကတော့ အခုထက်ပို ကောင်းချင်ကောင်းလာမှာပါ။ ဒါပေမဲ့ သမီးနဲ့ သခင်မကြီးဘန်တလင်း သိပ်အဆင်မပြေတဲ့အကြောင်းရင်းကို စဉ်းစားမရဖြစ်ရပါတယ်။ ကျေးဇူးကန်းတယ်၊ ရိုင်းတယ်လို့ သူကတော့ သမီးကို တတွတ်တွတ်ပြောနေတာပဲ။ အဲဒီလိုဖြစ်ဖို့ သမီး ရည်ရွယ်ပြီးလုပ်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဖြစ်ချင်ဖြစ်နေမလားမပြောတတ်ဘူး။ သခင်မကြီး သမီးကို အရမ်းစိတ်မဆိုးဖို့နဲ့ ဂေဟာကိုမျက်မုန်းကျိုးမသွားဖို့ပဲ မျှော်လင့်မိပါတော့တယ်။ ဒါကတော့ သမီးအရမ်းစိုးရိမ်မိတဲ့ အချက်ပေါ့။ ကျမ်းသစ္စာကို နာခံတတ်ဖို့ ဒီထက်ပိုပြီး ကြိုးစားရတော့မှာ။ အမြဲတမ်းပြဿနာဖြစ်နေတာက သမီးမျက်လုံးကနေတဆင့် သူမြင်ရတဲ့အရာတွေပါ။ အဲဒါတွေကိုလည်း သမီးမျက်လုံးမှာ အရိပ်အယောင်မပေါ်အောင် ထိန်းမထားနိုင်ခဲ့ဘူး။ သမီးက တုံးတယ်လို့ထင်နေတဲ့အရာ တစ်ခုခုကို သူက ပြောတဲ့အခါ၊ လုပ်တဲ့အခါမှာ သမီးပါးစပ်က သူ့ကို ဘာမှပြန်မပြောပါဘူး။ ဒါပေမဲ့ သူက သမီးမျက်လုံးတွေကို စိုက်ကြည့်ပြီး အရမ်းဒေါသထွက်တော့တာပဲ။ တစ်ခါတုန်းကဆို သူက သမီးကို ဂီတဟာ သူ့ဘ၀မှာ အရေးအကြီးဆုံးပဲလို့ ပြောပါလေရော။ ဂီတပြီးတော့မှ ယောက်ျားနဲ့ သမီးကို ဦးစားပေးနေရာမှာ ထားတယ်တဲ့။ သူတို့တစ်အိမ်လုံးမှာ စပီကာကြီးတွေ အနှံ့ပဲ။ ဓာတ်ပြားစက် အကြီးကြီးတစ်ခုနဲ့ တွဲထားတယ်။ သီချင်းသံတွေကတော့ တစ်နေ့လုံးကို ကြားနေရတာပဲ။ မနက်မိုးလင်းပြီဆိုတာနဲ့ ဂီတအစီအစဉ်တစ်ခု နားထောင်လိုက်ရတာကို တခြားဘာနဲ့မှ သူမလဲနိုင်ဘူးလို့ သခင်မကြီးက သမီးကိုပြောတယ်။ အဲဒီနေ့မနက်ကတော့ လော်စပီကာကြီးတွေကနေ တေးသွားတစ်ခုဖွင့်ထားတယ်။ သမီးကြားဖူးတဲ့ ဘယ်တေးသွားနဲ့မှ မတူဘူး။ အသံစူးစူးမြန်မြန်နဲ့ တဂျစ်ဂျစ်ဖြစ်နေတယ်။ အဲဒီသီချင်းကို သခင်မကြီးက ခပ်တိုးတိုးလိုက်ညည်းနေတယ်လေ။ သူ အဲဒီတေးသွားကို ဘယ်လောက်ကြိုက်ကြောင်း သမီးကို ပြချင်လို့ ခေါင်းကိုလည်း ဘယ်ညာရမ်းပြီး စည်းချက်လိုက်နေသေးတယ်။ သီချင်းသံကြားပြီး သမီးတော့ ရူးချင်လာတာပဲ။ နောက်တော့ သခင်မကြီးရဲ့ မိတ်တွေ အဒေါ်ကြီး ရောက်လာပါလေရော။ အဲဒီတေးသွားကို သူလည်း အရမ်းသဘောကျကြောင်း ပြောတော့တယ်။ ဒီတစ်ခေါက် သင်္ဘောဆိုက်လာရင်တော့ ဒီလိုအကောင်းဆုံးတေးသွားတွေ သူ့မှာလည်း အချိန်ပြည့် ရှိနေတော့မှာလို့ ပြောတယ်။ သမီးလည်း မနေနိုင်တော့ပဲ အဲဒါ ဘာတေးသွားကြီးလဲ သခင်မလို့ မေးလိုက်မိတယ်။ ဘာလို့တုံး ကလေးရယ်၊ ဒါက ဘယ်တော့မှမသေတဲ့ ဘီသိုဗင်ပေါ့လို့ သူက ပြန်ဖြေတယ်။ `ဘီသိုဗင်...´ လို့ သမီးလည်း အကျယ်ကြီးထအော်လိုက်မိတယ်။ ဒီတော့ သူက မင်း သူ့အကြောင်း ကြားဖူးရဲ့လားလို့ ပြန်မေးတယ်။ ဟုတ်ကဲ့ သခင်မ။ ကြားဖူးပါတယ်။ မိဘမဲ့ဂေဟာနေတုန်းက ဖေကြီးကြက်တူရွေးက ဘီသိုဗင် တစ်ချိန်လုံးဖွင့်နေတာ။ ဒါပေမဲ့ ဒီတေးသွားကြီးနဲ့တော့ မတူပါဘူးလို့ ပြန်ပြောမိတယ်။ ဒီလိုနဲ့ သူက သမီးကို ဓာတ်ပြားစက်ဆီခေါ်သွားပြီး ပြောတယ်။ ကောင်းပြီလေ။ ဒါဆိုလည်း မင်းကို ဘီသိုဗင်ဆိုတာ သက်သေပြရမှာပေါ့။ ငါက ဘီသိုဗင်ဓာတ်ပြားတွေချည်း စက်ထဲထည့်ထားတာ။ ဘီသိုဗင်ရူးရူးတာလည်း ခဏခဏပေါ့တဲ့။ ကျွန်မလည်း ဘီသိုဗင်ကို စွဲလမ်းတာပါပဲလို့ သခင်မရဲ့ မိတ်ဆွေအဒေါ်ကြီးကလည်း ၀င်ပြောတယ်။ စက်ထဲကဓာတ်ပြားတွေကို ဘီသိုဗင်ဟုတ်မဟုတ် ကြည့်လေလို့ သခင်မကြီးက သမီးကို လှမ်းပြောတယ်။ ကြည့်လိုက်တော့ သူပြောသလိုပဲ ဘီသိုဗင်ဓာတ်ပြားတွေပါ။ ဆင်ဖိုနီကိုးတွဲလုံးတောင် စက်ထဲထည့်ထားတာ။ ဒါပေမဲ့ သခင်မကြီးခမြာမှာ ဓာတ်ပြားရဲ့ တစ်မိနစ်အပတ်ရေ ၃၃ ပတ် အစား၊ ၇၈ ပတ်ထားပြီး အမြန်ရစ်, ဖွင့်နေတာကလား။ ပုံမှန်အသံနဲ့ ဘယ်လိုကွာသလဲ သူမသိဘူး။ သမီးလေ အဲဒီအကြောင်းကို သူ့ကို ပြောပြလိုက်မိတယ် ဖေကြီးရယ်။ သမီးပြောပြသင့်တယ် မဟုတ်ဘူးလား။ သမီး ယဉ်ယဉ်ကျေးကျေးလေး ပြောပါတယ်၊ ဒါပေမဲ့ သခင်မကြီးက သမီးမျက်လုံးထဲမှာ အဓိပ္ပာယ်ရှာတွေ့သွားပုံပဲ။ သမီးကို အရမ်းစိတ်ဆိုးသွားတယ်။ ပြီးတော့ ကားဒရိုင်ဘာသုံးတဲ့ ဂိုထောင်အနောက်ဖက်က အိမ်သာကို သမီးကို သန့်ရှင်းရေးလုပ်ခိုင်းတယ်။ တကယ်တော့ အဲဒါက သိပ်ပြီး ညစ်ပတ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ သူတို့မှာ ကားဒရိုင်ဘာမရှိတာ ကြာပြီလေ။
ဖေကြီးရေ။
နောက်တစ်ခါကတော့ သခင်မကြီးက သမီးကို ရွက်လှေပြိုင်ပွဲကြည့်ဖို့ ခေါ်သွားတုန်းကပေါ့။ ဘန်တလင်းမိသားစုပိုင် မော်တော်ဘုတ်ကြီးပေါ်ကနေ ကြည့်ခဲ့ရတာ။ သမီးလည်း လိုက်ချင်တယ်လို့ ပူဆာမိတာစတာပဲ။ `ပြည်တံခွန်´ မြို့က လူတွေအားလုံး ရွက်လှေပြိုင်ပွဲအကြောင်းပဲ ပြောနေကြတာလေ။ ဒါနဲ့ သမီးလည်း ဘယ်လောက်များပျော်စရာကောင်းလဲ လိုက်ကြည့်ချင်လိုက်တာလို့ ပြောမိတယ်။ သခင်မကြီးရဲ့ သမီး လိုင်လာလည်း အဲဒီနေ့က ပြိုင်ပွဲထဲ ပါတယ်။ လိုင်လာကတော့ မြို့မှာ အတော်ဆုံးရွက်လွှင့်သူပေါ့။ သူ, ရထားတဲ့ ဖလားတွေ ဖေကြီးကိုတောင် မြင်စေ့ချင်တယ်။ အိမ်မှာဆို အဲဒီဖလားတွေက အဓိက အပြင်အဆင်ပဲ။ အလှဆင်ဖို့ ထားတဲ့ ပန်းချီကားတစ်ကားတောင် အိမ်မှာမရှိဘူး။ အိမ်နီးချင်းတစ်ယောက်ဆီမှာဆို ပီကာဆိုရှိတယ်လေ။ အဲဒီအိမ်နီးချင်းက လိုင်လာလိုသမီးမျိုးကို သူပိုပြီးတန်ဖိုးထားမှာလို့ တစ်ခါက ပြောဖူးတယ်။ ပီကာဆိုပန်းချီကားရှိတာနဲ့ လိုင်လာရှိတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် သိပ်ထူးမယ်လို့ သမီးတော့မထင်ဘူး။ ဒါပေမဲ့ အဲဒါကို ထုတ်မပြောလိုက်ပါဘူး။ ဖေကြီး သမီးကို ယုံနော်။ သမီးတွေးမိတာတွေရဲ့ တစ်ဝက်လောက်တောင် အပြင်ကို ထုတ်မပြောဘူး။ ဒီလိုနဲ့ သမီးတို့လည်း ရွက်လှေပြိုင်ပွဲကို ရောက်သွားကြတယ်။ သခင်မကြီးရဲ့ အော်သံ၊ ဆဲသံတွေကို ဖေကြီးကြားစေ့ချင်တယ်။ `အာသာဂွန်းဆလေ့´ရဲ့ မကြားဝံ့မနာသာတွေ ဖေကြီးမှတ်မိလား။ သခင်မကြီးကတော့ အာသာတောင်ဘယ်တုန်းကမှ စဉ်းစားဖူးပုံမရတဲ့ စကားလုံးကြမ်းတွေ အော်ဟစ်နေတာ။ မိန်းမကြီးတစ်ယောက် ဒီလောက် စိတ်လှုပ်ရှားပြီး သွက်သွက်ခါနေတာ သမီးတစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သမီးအနားမှာရှိနေတာကို သခင်မကြီး မေ့သွားတယ်။ သူ့ကိုကြည့်ရတာ ခွေးရူးပျံနေတဲ့ စုန်းမကြီးလိုပဲ။ ကမ္ဘာမြေကြီးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာက အဲဒီ ရွက်လှေ လှလှလေးတွေပေါ်က နေလောင်ထားတဲ့ ကလေးတွေပဲလို့ သူထင်နေသလား မပြောတတ်တော့ဘူး။ နောက်ဆုံးတော့ သမီးလည်း အနားမှာရှိနေမှန်း သခင်မကြီး သတိရသွားတယ်။ နားဝင်မချိုတာတချို့ သူအော်နေမိမှန်းလည်း သတိဝင်သွားပုံရတယ်။ အခု ငါ ဘာကြောင့် ဒီလောက်စိတ်လှုပ်ရှားနေမှန်း မင်းနားလည်မှာပါ၊ ငါ့သမီး လိုင်လာက ဒီဖလားမှာ ဘိုဆွဲနေကျလို့ သမီးကို ပြောတယ်။ အို ဟုတ်လား၊ ဒီလိုဆိုရင်ပဲ အခုလိုအော်ဟစ်မိတာ ဘာအရေးလဲလို့ သမီးက အလိုက်သင့် ပြန်ပြောလိုက်တယ်။ ဘုရားစူးပါ ဖေကြီးရယ်၊ သမီး အဲဒါလေးပဲ ပြောလိုက်တာပါ။ ဒါပေမဲ့ သမီးမျက်လုံးမှာ တစ်ခုခုပေါ်နေတာကို သူမြင်လိုက်ရတယ် ထင်တယ်။
ဖေကြီးရေ။
ဒီလူတွေနဲ့ပတ်သက်ပြီး သမီးကသိကအောက် အဖြစ်ရဆုံးက သူတို့ဘယ်လောက်တုံးတာ၊ အရက်တွေ ဘယ်လောက် နင်းကန်သောက်တာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ `အကောင်း´ တွေအားလုံးဟာ သူတို့လိုလူတွေက၊ ဒါမှမဟုတ် သူတို့လိုလူတွေရဲ့ မျိုးဆက်တွေက ဆင်းရဲသားတွေကို ပေးတဲ့ လက်ဆောင်လို့ ယူဆတဲ့ သူတို့ရဲ့ တွေးလုံးကို အမြင်ကပ်မိတာ။ ဒီကိုရောက်ပြီး ပထမဆုံးညနေခင်းမှာပဲ သခင်မကြီးက သမီးကို အိမ်နောက်ဖေးဝရန်တာဆီ လာဖို့ပြောတယ်၊ နေ၀င်ချိန်ကို ကြည့်ကြည့်စမ်းပါ ကလေးမတဲ့။ သမီးလည်း သူပြောသလို ကြည့်လိုက်တယ်၊ ပြီးတော့ အရမ်းသဘောကျပါတယ်၊ သာယာပါပေတယ်လို့ သူ့ကို ပြောလိုက်တယ်။ ဒါပေမဲ့ သူကတော့ သမီး တခြားတစ်ခုခု ပြောလာမှာကို မျှော်နေတုန်းပဲ။ ကျေးဇူးအများကြီးတင်ပါတယ်လို့ သမီးက သူ့ကို ပြောလိုက်တယ်။ အဲဒီစကားက သမီးဆီက သူကြားရဖို့စောင့်နေတဲ့ စကားအတိအကျပေါ့။ ကိစ္စမရှိုပါဘူးကွယ်လို့ သူက ပြုံးပြုံးကြီးပြန်ပြောတယ်။ အဲဒီကတည်းကပဲလေ၊ သမီးသူ့ကို ကျေးဇူးတင်တယ်။ ပင်လယ်ကြီးအတွက်၊ လမင်းကြီးအတွက်၊ ကောင်းကင်က ကြယ်လေးတွေအတွက်၊ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက်။
ဘာပဲဖြစ်ဖြစ်လေ `ပြည်တံခွန်´ ဟာ တကယ့်ကို ဘယ်လောက် အံ့သြကြည်နူးဖွယ်ကောင်းတယ် ဆိုတာကို မသိနိုင်လောက်အောင် သမီးက ဆိုးတေထုံထိုင်းနေတာလည်း ဖြစ်ချင်ဖြစ်မှာ။ ကျွဲပါးစောင်းတီးဆိုသလိုမျိုး ဖြစ်ချင်ဖြစ်မှာ။ သမီးတော့ မသိတော့ပါဘူး။ သမီးအခု အိမ်ကိုလွမ်းတယ်။ စာမြန်မြန်ပြန်ပါနော်။ ဖေကြီးကို ချစ်တယ်။
-ဆယ်လီနာ
စာကြွင်း။ ဒီတိုင်းပြည်ကြီးကို ဘယ်သူက တကယ်မောင်းနှင်နေတာလဲ ဖေကြီး။ အဲဒီဗရုတ်သုက္ခတွေ မဟုတ်တာတော့ သေချာပါတယ်နော်။
တေဇာ (လရောင်လမ်း)
God Bless You Mr Rosewater (Pearls Before Swine) by Kurt Vonnegut Jr, p. 55,56 ကို ဆီလျော်(မယ်ထင်)သလို ပြန်ဆိုပါတယ်။
Comments
Post a Comment