Skip to main content

အရည်တည်

လူတွေကို မမြင်ချင်ယောင်ဆောင်ရတာ
ပိုခက်လာတယ်
ငါ့ဘ၀ရဲ့ ပထမဆုံးမျက်မှန်။

*******************************


ကိုတေဇာအောင် ဖတ်ဖို့-


မိုးက အဆက်မပြတ်ရွာတယ်။ ခက်တော့ခက်တယ်၊ ကျွန်တော့ထီးကလည်း ကိုင်းတစ်ချောင်းကျိုးသွားတယ်။ ဒီတော့လည်း ဆောင်းရတာ စိတ်မှာ သိပ်သက်တောင့်သက်သာ မရှိတော့ဘူး။ ထီးရွက်က ခုံးခုံးဝိုင်းဝိုင်းလေးဖြစ်ရမယ့်အစား တစ်ခြမ်းမှာ ပိန်ကျုံ့သွားတယ်။ အရိုးငေါငေါကြီး ထွက်နေတယ်။ မိုးလုံတဲ့ပမာဏချင်းတော့ မကွာလှပါဘူး။ ဒါပေမဲ့ လူကြားထဲ ထီးအကျိုးလေးဆောင်းသွားရတာ ကသိကအောက်နိုင်တယ်လို့ ခံစားရတယ်။ တကယ်တော့ လူတွေကို ဂရုမစိုက်တာက အယူအဆရေးရာပဲ အဆင်ပြေတယ်။ အပြုအမူရေးရာတွေမှာ အဆင်မပြေဘူး။ ကိုယ်ကလည်း သွားဖြဲပြရတဲ့ယဉ်ကျေးမှုထဲမှာ ရောက်နေတာကိုး။ ဒါနဲ့ပဲ ညဖက်ကလွဲလို့၊ အပြင်သိပ်မထွက်ဖြစ်ဘူး။ ဘာမှမတတ်နိုင်ဘူး၊ စာဖတ်ဖို့ပဲ တတ်နိုင်တယ်။ တချက်တချက်ကျရင် မိယောကို ကလိလှမ်းထိုးတယ်။ ဒီကောင်လည်း အပြင်သိပ်မထွက်နိုင်ဘူး။ သူ့ကို ရန်လာလာစတတ်တဲ့ ကြောင်ကြီးတွေရှိနေတော့ လူနားပဲကပ်နေရတာ များတယ်။ ဖတ်နေရင်းနဲ့ စာအုပ်ထဲမှာ စိတ်ဝင်စားမိတဲ့ စာသားလေးတစ်ခု သွားတွေ့တယ်။ `မိသားစုဆိုတာက အရည်တည်လေးရှိတဲ့ ခံတပ်´[*] တဲ့။ ခက်တော့ခက်တယ်၊ စစ်ဖြစ်နေတာလည်းမဟုတ်ဘဲ (အနည်းဆုံးတော့ ကျွန်တော် လျှောက်သွားနိုင်သလောက် နေရာကလေး အတွင်းပေါ့၊ ကျဉ်းပါတယ်) ဘာကြောင့်မိသားစုကို ခံတပ်နဲ့ နှိုင်းထားသလဲဆိုတာတော့ စဉ်းစားရခက်တယ်။ စစ်တုရင်ကစားတုန်းတော့ ခံစစ်က တိုက်စစ်ထက် အများကြီးပို စိတ်ဝင်စားစရာကောင်းတယ်လို့ ခံစားမိခဲ့တာ၊ ထားပါတော့။ မူရင်းစာသားမှာတော့ Very Vulnerable Fortress တဲ့။ Vulnerable ကို မြန်မာလိုစဉ်းစားကြည့်တော့ အရည်တည်လေးဆိုတဲ့ စကားလုံးပဲ ခေါင်းထဲပေါ်လာတယ်။ ထိလွယ်ရှလွယ်ဆိုတဲ့ စကားလုံးကိုတော့ ဆယ့်ခြောက်နှစ်သမီးဆန်လို့ သိပ်မကြိုက်လှဘူး။ ပြုသမျှနုရမယ်ဆိုတာကြီးကလည်း မနိပ်ဘူး။ ဆိုပါတော့၊ အဲဒီစာသားကို ခေါင်းထဲမှာအထပ်ထပ် သတိရနေမိတယ်။ ပျင်းတာနဲ့ မိယောကို ထပ်ပြီးကလိလှမ်းထိုးလိုက်တယ်။ သူက မရယ်ဘူး၊ ဒီတစ်ခါ စိတ်မရှည်တော့ဟန်နဲ့ ကျွန်တော့်လက်ကို ခပ်ဖွဖွပြန်ကိုက်ထားတယ်။

ကျွန်တော်လည်း ဒီကောင့်ကိုဆုံးမရတယ်။ ကြောင်အချင်းချင်းတော့ ပြန်ကိုက်နိုင်လောက်အောင်သတ္တိမရှိဘဲ လူကိုတော့ပြန်ကိုက်တယ်။ နောက်တစ်ခါ ကြောင်ကြီးတွေလာကိုက်ရင် ငါကြက်မွှေးနဲ့ လိုက်ရိုက်မပေးတော့ဘူးလို့ ပြောလိုက်တယ်။ သကောင့်သားက မျက်လုံးကြီးဝိုင်းစက်ပြီး ပြန်ကြည့်နေတယ်။ ဘာမှတော့ ပြန်မပြောဘူး။ ကျွန်တော်လည်း Saki ရဲ့ Tobermory ဖတ်ပြီးကတည်းက ကြောင်တွေဟာ လူစကားနားလည်တယ်၊ စကားပြောတတ်တယ်လို့ အာရုံမှားနေတယ်ထင်တယ်။ တစ်ခါတစ်လေ ကြောင်ကို စိတ်ပါလက်ပါ စကားပြောနေမိတတ်တယ်။ အခုထိတော့ ဒီကောင့်ဆီက ဘာမှပြန်ပြောသံ မကြားရသေးဘူး။ ကိစ္စတော့မရှိဘူး။ သူတကယ်စကားပြောလာရင်လည်း ၀တ္ထုထဲကလို လျှို့ဝှက်ချက်တွေဖော်နေမှာ စိုးရတယ်။ ခြံဝင်းထဲမှာဆိုရင် အိမ်နီးချင်းတွေက ပြုံးစိစိကြည့်တတ်ပေမယ့် ကြောင်ကိုစကားပြောတာက အိမ်မှာတော့ ပြုံးစရာကိစ္စမဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့တစ်အိမ်သားလုံး ကြောင်ကိုစကားပြောတတ်ကြတာ။ ငါတို့အိမ်ကကြောင်တွေဟာ သူများအကိုက်ခံရတာချည်းပဲ၊ ဘယ်တော့မှ ကိုယ်ကကိုက်ရတယ်မရှိဘူးလို့ အမေက ညည်းတတ်တယ်။ ဒီကောင်ငယ်သေးလို့ပါ၊ ကြီးလားရင် သူလည်းဖိုက်တာဖြစ်မှာပေါ့၊ ဟုတ်တယ်မဟုတ်လားလို့ အစ်ကိုက မိယောဖက်လှည့်ပြီး လူရာသွင်းပြောတယ်။ ကျွန်တော်ကတော့ အိမ်မှာနေရင် ကြက်မွှေးကို လက်လှမ်းမီတဲ့နေရာမှာ ထားတယ်။ အလစ်ဝင်ကိုက်တတ်တဲ့ ကြောင်ကြီးတွေရန်က မိယောကို ကာကွယ်နိုင်အောင်လို့။

စာဖတ်ရတာ မျက်စိညောင်းလာတာနဲ့ ကျွန်တော်လည်း ပက်လက်လှန်ပြီး ခါးကိုဆန့်လိုက်တယ်။ ပြီးမျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ ဘာလဲ အရည်တည်လေးရှိတဲ့ ခံတပ်။ အဲဒီစာသားက ခေါင်းထဲအထပ်ထပ်ပေါ်လာတယ်။ ဒီတော့ ကျွန်တော်လည်း အသာလေးမသိချင်ယောင်ဆောင်ဖို့ ကြိုးစားမိတော့တယ်။ တခြားအကြောင်း ပြောင်းစဉ်းစားမယ်။ တလောတုန်းကတော့ ၀က်ခြံပျောက်တယ်ဆိုတဲ့ မျက်နှာသစ်ဆေးအမြဲသုံးတတ်တဲ့ အထက်အညာက သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ဆီ စာလှမ်းရေးတယ်။ သူ့စာမှာ ကဗျာစာသားတစ်ခုပါတာ ကျွန်တော်မှတ်မိနေတယ်။ `အလုပ်လုပ်ရတာ အန္တရာယ်များပေမယ့်၊ ပိုက်ဆံမရှိတာလည်း အန္တရာယ်များတယ်´[**] တဲ့။ ဒါလည်း စဉ်းစားရကြပ်တယ်။ သူ့အလုပ်က ဆက်ကပ်ထဲလိုက်ပြီး ဓားပေါက်ခံနေတယ်ရယ်လို့လည်း မကြားမိဘူး။ ပိုက်ဆံမရှိတဲ့လူကို ဖမ်းကြေးဆိုရင်တော့ ကျွန်တော်က နှစ်ကြီးသမားပဲဖြစ်မှာ။ ဒါပေမဲ့ အဲဒီကဗျာစာသားကိုလည်း စိတ်ထဲ စွဲနေမိပြန်တယ်။ စဉ်းစားရခက်တာတွေကိုပဲ ခဏခဏစဉ်းစားနေမိတယ်၊ ခက်တော့ခက်တယ်။ ခက်တော့လည်း မသိချင်ယောင်ထပ်ဆောင်ရတော့တာပဲ။

ဒီနေ့တော့ အပြင်ထွက်ဖို့ အလုပ်ကိစ္စတစ်ခု ရှိနေတယ်။ မိုးရွာနေပေမယ့်လည်း မတတ်နိုင်ဘူး။ ညီမလေးထီးယူသွားလေ၊ သူက ညနေကျမှ အပြင်ထွက်ရမှာ၊ သားထီးကို ပြင်ထားလိုက်မယ်လို့ အမေကပြောတယ်။ အစ်ကိုကတော့ အစောကြီးကတည်းက အပြင်ထွက်သွားပြီ။ သူက ထီးဆောင်းလေ့မရှိဘူး။ မိုးတဖြောက်ဖြောက်ကျနေတဲ့ လမ်းအတိုင်း ခပ်ဖြေးဖြေးလျှောက်လာလိုက်တယ်။ ခပ်ဖြေးဖြေးမလျှောက်လို့ကလည်း မဖြစ်ဘူး၊ လမ်းကလည်း ချောတယ်၊ ဖိနပ်ကလည်းချောတယ်။ ဒီမိုးတွင်းမှာ ဘိုင်းခနဲပစ်လဲတာ သုံးခါလောက်ရှိနေပြီဆိုတော့ သတိထားရတယ်။ အရှေ့ကလမ်းချိုးဆီကို စားနေကျ နောင်နောင်နောင်အသည် ၀င်သွားတာ တွေ့ဖြစ်အောင်တွေ့လိုက်သေးတယ်။ အရင်အတိုင်းအဆိုရင်တော့ စားနေကျအသည်မှန်း သိမှာမဟုတ်ဘူး။ အခုက မျက်မှန်တပ်လိုက်ရတော့ ခပ်လှမ်းလှမ်းက စာတွေကို လှမ်းဖတ်လို့ရလာတယ်။ ကိုယ်သဘောမတွေ့တဲ့လူတွေကို မမြင်ချင်ယောင်ဆောင်ရတာ ပိုခက်လာတယ်၊ ထားပါတော့။ နှုတ်ခမ်းကို အချွန်ကလေးလုပ်ပြီး ဂွေးသီးသည်ကို လှမ်းခေါ်လိုက်တော့ မိုးရေထဲယိုင်ထိုးယိုင်ထိုးသွားနေတဲ့ လှည်းကလေး ရပ်သွားတယ်။ ကုလားကလေးက လှမ်းပြုံးပြတယ်။

ထုံးစံအတိုင်းပဲလားလို့ ကြွက်စုတ်ရေနစ်ဖြစ်နေတဲ့ ကုလားလေးက မေးတယ်။ အင်းလို့ပြောပြီး ကျွန်တော်က မောင်းကလေးကို ထုကြည့်နေမိတယ်။ ဘယ်လိုလဲ လုပ်ရကိုင်ရတာ အဆင်ပြေရဲ့လားလို့ အမှတ်တမဲ့ မေးလိုက်မိတယ်။ မပြေပါဘူးအစ်ကိုရယ်၊ မနေ့က ဆိုင်ကယ်တစ်စီး ကျွန်တော့်လှည်းကို ၀င်တိုက်ပြီး အလျှော်မပေးဘဲ မောင်းပြေးသွားတယ်၊ ခွေတစ်ချောင်းလဲလိုက်ရတယ်လို့ သူက မဲ့ကာရွဲ့ကာပြောတယ်။ မိုးနတ်မင်းကြီးက အောက်မှာဖြစ်နေတာတွေကို မမြင်ချင်ယောင်ဆောင်နေတယ်ထင်တယ်လို့ ပြောမိတယ်။ ပြီးတော့မှ အံ့သြသွားတာနဲ့ ဆိုင်ကယ်ဆိုတော့ ရဲလားလို့ ကျွန်တော်က မေးလိုက်မိတယ်။ ရဲမဟုတ်ဘူးလေ၊ အခုက ဒီလိုနေရာတွေမှာ ရဲမဟုတ်လည်း ဆိုင်ကယ်စီးလို့ရနေပြီလို့ ပြောတော့ ကျွန်တော်လည်း သူ့စကားကိုသဘောကျသွားတယ်။ သြော်ဒီလိုလား၊ အတော်ကလေး တိုးတက်နေပြီပေါ့လို့ ပါးစပ်ကထွက်သွားတယ်။ ကုလားလေးက ဘာမှပြန်မပြောဘူး၊ ဂွေးသီးကလေးတွေကို ဂရုတစိုက် အခွံခွာနေတယ်။ ကျွန်တော်လည်း လှည်းကလေးမှာ တပ်ထားတဲ့ မှန်ထဲက ကိုယ့်ပုံကိုယ် ပြန်ကြည့်နေမိတယ်။ ကိုယ့်ပုံကိုယ် မျက်မှန်တပ်ထားတာ မြင်ရတာ အတော်ကလေး ခွကျတယ်၊ မျက်မှန်က တစ်ဘက်ကို ယောင်ယောင်ကလေး စောင်းနေတယ်။ မှန်ထဲကြည့်ပြီး ကြိုးစားပြန်တည့်လိုက်တယ်။ တည့်ပေမယ့်လည်း မကြာခင် ပြန်စောင်းသွားလိမ့်မယ်ဆိုတာ ကျွန်တော် သိနေတယ်။ အင်းလေ မှန်ရှေ့တည့်တည့်ရပ်မိမှတော့ ကိုယ့်ကိုယ်ကိုယ်တောင် မမြင်ချင်ယောင်ဆောင်ဖို့ မလွယ်လှဘူး။

ဂွေးသီးကလေးစားပြီး ကွန်ကရစ်လမ်းလေးအတိုင်း ကျွန်တော်ဆက်လျှောက်လာလိုက်တယ်။ လက်နှစ်ဖက်နဲ့ကိုင်စားမှ အဆင်ပြေမှာမို့ ထီးရိုးကိုတော့ ဇက်နဲ့ပုခုံးကြားထဲ ညှပ်ထားလိုက်တယ်။ ခေါင်းကတော့ တစောင်းကြီးဖြစ်နေတာပေါ့။ စောင်းလည်းအရေးမကြီးဘူးကွာလို့ စိတ်နာနာနဲ့ တွေးမိတယ်။ မျက်မှန်ဆရာပြောလိုက်တဲ့ စကားကို သတိရသွားလို့ပဲ။ မျက်မှန်ကိုင်းက စောင်းနေတယ်ဆိုပြီး မျက်မှန်ဆိုင်ကို ကျွန်တော် နောက်တစ်ခေါက်ထပ်သွားခဲ့သေးတယ်။ သူက မျက်မှန်ကို စစ်ဆေးကြည့်ပြီးတော့ မစောင်းပါဘူး၊ တပ်ကြည့်ပါဦးလို့ ပြောတယ်။ ကျွန်တော် တပ်ကြည့်တယ်၊ စောင်းတယ်။ သူကမချိုမချဉ်နဲ့ အဲဒါဆို ညီလေးနားရွက်က တစ်ဖက်ကနိမ့်ပြီး တစ်ဖက်ကမြင့်နေတာဖြစ်မယ်လို့ပြောတော့ ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်သွားမိတယ်။ ကျွန်တော့်နားရွက်တွေဟာ နေရာမှားပြီးပေါက်နေတာလို့ သူပြောလိုက်တာပဲ၊ ကျွန်တော် နားကြားမမှားဘူး။ အဲဒါဆို ကိုင်းကိုစောင်းလိုက်လို့မရဘူးလားဆိုတော့၊ ကျိုးသွားမှာစိုးရတယ်လို့ ပြောတယ်။ ခက်တော့ခက်တယ်။ မိုးတဖွဲဖွဲလမ်းအတိုင်း ကျွန်တော် စောင်းကန်းစောင်းကန်းနဲ့ ဆက်လျှောက်လာမိတယ်။

လမ်းမပေါ် ရောက်ရောက်ချင်းပဲ တက္ကစီတစ်စင်းက ကျွန်တော့်ဘေးထိုးရပ်လာတယ်။ ညီလေးဘယ်သွားမလဲလို့ ကားဆရာက အပြုံးကြီးကြီးတစ်ခုနဲ့ မေးတယ်။ ကျွန်တော်က စာအုပ်တိုက်သွားမလို့ပါလို့ပြောတော့ သူရုတ်တရက် ကြောင်သွားတယ်။ ဒါပေမဲ့ လိုင်းကားနဲ့လို့ ဆက်ပြောလိုက်တော့ သူ့မျက်နှာမှာ စိတ်ပျက်သွားဟန်ကို မြင်ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နည်းနည်းစိတ်ပျက်သွားမိတယ်။ အရင်ဒီမှာ နေခဲ့တုန်းကတော့ ကားငှားရတာ နည်းနည်းခက်တယ်။ အခုတော့ လမ်းဘေးမှာလျှောက်နေတိုင်း မလိုအပ်တဲ့ဖြေရှင်းမှုတွေ လုပ်လုပ်နေရတယ်။ Demand က များတော့များလာတယ်၊ ဒါပေမဲ့ စားသုံးသူဘက်ကတော့ မဟုတ်ဘူး။ ၀န်ဆောင်မှုပေးသူတွေ၊ ထုတ်လုပ်သူတွေ ဘက်ကပဲ။ အဲဒါ တိုးတက်တာလားဆိုတာ ကျွန်တော့်အတွက်တော့ စဉ်းစားရခက်တယ်။ ကားဂိတ်ဆီကိုဦးတည်ပြီး လမ်းအတိုင်းလျှောက်လာရင်း ဖြတ်သွားဖြတ်လာ တက္ကစီဆရာတွေရဲ့ မျှော်လင့်ချက်အကြည့်တွေကို မျက်မှန်စောင်းစောင်းတစ်ခုနောက်ကနေ ကျွန်တော် မနည်းမမြင်ချင်ယောင်ဆောင်နေရတယ်။ မမြင်ချင်ယောင်ဆောင်ရတဲ့အလုပ်ဟာ အတော်ခက်မှန်း သိရတာ ဒီတစ်ခါ ပထမဆုံးပဲ။

စာအုပ်တိုက်ရောက်တော့ ခြောက်လွှာကိုတက်ဖို့ အရှိန်ယူရတယ်။ လက်ရမ်းလေးကိုကိုင်ပြီး ခပ်ဖြေးဖြေးတက်လာလိုက်တယ်။ အခန်းရှေ့ရောက်တော့ အထဲကိုရုတ်တရက် မ၀င်ဖြစ်သေးဘူး။ အခန်းကအမြဲတမ်း တံခါးဖွင့်ထားတတ်တယ်။ တံခါးရွက်နားမှာ ကျွန်တော် အမောဖြေနေလိုက်တယ်။ မဖြစ်နိုင်ဘူးဆိုတာ ငါ့အဘိဓာန်ထဲမှာ မပါဘူးဆိုတဲ့အသံ အထဲကနေထွက်လာတာ နားစွန်နားဖျား ကြားလိုက်ရတယ်။ ဧကန္တ စာရေးဆရာတွေ စစ်ဘုရင်နပိုလီယန်အကြောင်း အာလူးဖုတ်နေတာဖြစ်ရမယ်လို့ တွက်ပြီး နောက်ချင်စိတ်ပေါက်သွားတယ်။ ဒီလူတွေကိုတော့ ညှစ်ပြီးသားသွားတိုက်ဆေးကို ဗူးထဲပြန်ထည့်ခိုင်းရမယ်လို့ ညစ်ကျယ်ကျယ်တွေးမိတယ်။ ပြီးတာနဲ့ ဘာဖြစ်လို့ မပါရတာလဲဗျလို့ တံခါးဝကို ဘွားခနဲထွက်ပြီး ခရီးရောက်မဆိုက် ၀င်ပါလိုက်မိတယ်။ စာရေးဆရာက ကျွန်တော့်ကို ရုတ်တရက်မြင်လိုက်ရတော့ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ သြော်…တဲ့။ ပြီးတော့မှ ကိုယ့်အဘိဓာန်က အိတ်ဆောင်လေလို့ ပြောပြီး ပိန်ပိန်ပါးပါးစာအုပ်ကလေးကို ထောင်ပြတော့  ပါးစပ်အဟောင်းသားဖြစ်သွားရတဲ့လူက ကျွန်တော်ဖြစ်သွားတယ်။ မျက်နှာပိုးသတ်ပြီး၊ အိတ်ဆောင်ပေမယ့် မဖြစ်နိုင်ဘူးဆိုတာတော့ ပါမှာပေါ့၊ မပါဘူးဆိုတာ မဖြစ်နိုင်ဘူးထင်တယ်လို့ပြောပြီး ရောထိုင်လိုက်တယ်။ သူ့လက်ထဲမှာ မြန်မာအင်္ဂလိပ်အဘိဓာန် ကလေးကိုတွေ့ရတယ်။ ဒီတော့မှ အင်းပေါ့ `မ´ နဲ့စတဲ့ စကားလုံးတွေ တအားများသွားမှာပေါ့လို့ လျှောချရတယ်။ ကျွန်တော်လည်း ဒီလိုအဘိဓာန်လေးတစ်အုပ်လောက် ၀ယ်ရမယ်၊ ပြီးရင် မဖြစ်နိုင်ဘူးဆိုတဲ့စကားလုံး ငါ့အဘိဓာန်မှာမရှိဘူးလို့ ကြွေးကျော်မယ်လို့ပြောတော့မှ အားလုံးပြုံးလိုက်ကြတယ်။ အားလုံးဆိုပေမယ့် စုစုပေါင်း လေးယောက်တည်း။

စာအုပ်တိုက်ကနေ အင်တာဗျူးမေးခွန်းတွေထည့်ထားတဲ့ စာအိတ်ယူလာပြီးတော့ ပို့ရမယ့်နေရာဆီသွားဖို့ ကားစောင့်နေလိုက်တယ်။ လူတစ်ယောက်အနားကိုကပ်လာတာကို မျက်လုံးထောင့်ကနေ မြင်လိုက်ရတယ်။ ပိုက်ဆံလာတောင်းတဲ့လူပဲလို့ ထင်လိုက်လို့ မသိချင်ယောင်ဆောင်ဖို့ကြိုးစားပေမယ့် ညီလေးဂျာနယ်ဝယ်ပါဦးလားလို့ မေးလိုက်သံ ကြားရတယ်။ ဘာကြောင့်မှန်းတော့မသိဘူး၊ ကျွန်တော်က ဂျာနယ်တိုက်မှာအလုပ်လုပ်တာပါလို့ ပြောမိသွားတယ်။ သူ့မျက်နှာမှာတော့ မချိပြုံးတစ်ခု ဖြတ်ပြေးသွားတာ တွေ့ရတယ်။ မိုးရွာတော့ အရောင်းမလိုက်ဘူးဗျာတဲ့။ လက်ထဲမှာလည်း ပလတ်စတစ်နဲ့အုပ်ထားတဲ့ စာစောင်တွေတစ်ပွေ့တပိုက်နဲ့။ တစ်နေ့ကို အနိမ့်ဆုံးလုပ်ခ (၅၀၀၀) ကျပ် ဆိုတဲ့ဆောင်းပါးပါတဲ့ စာစောင်ကိုတော့ မိုးမချုပ်ခင်ကုန်အောင် ရောင်းနိုင်ကောင်းပါတယ်လို့ တွေးကြည့်ရတာပဲ။ သူ့ပြဿနာကို ကျွန်တော်လည်း ဘာမှအကူအညီမပေးနိုင်ဘူး။ ဒီတော့လည်း ကားလာမယ့်ဘက်ဆီ ဟန်ပါပါ မျှော်ကြည့်ရင်း သူ့ကို လျစ်လျူရှုရတော့တယ်။ အမူအရာအားဖြင့်ပဲ လျစ်လျူရှုနိုင်တယ်၊ စိတ်ထဲကတော့ ရက်မလွန်ခင် ကုန်အောင်ရောင်းရမယ့်စာစောင်တွေနဲ့ လူအကြောင်း တွေးနေမိတုန်းပဲ။ ကားတစ်စီးဝုန်းခနဲ ရောက်လာတာနဲ့ ကျွန်တော်လည်း လှစ်ခနဲ တက်လိုက်တယ်။ ပိတ်ထားတဲ့ထီးကတော့ ရေတွေတစ်စက်စက်ကျနေတယ်။ ကားကမထွက်သေးဘူး။ လမ်းမပေါ်လျှောက်သွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အနောက်ပိုင်းကို ကျွန်တော်ငေးကြည့်နေမိတယ်။ ဒါလည်း လျစ်လျူရှုဖို့ခက်တဲ့ မြင်ကွင်းမျိုးကိုး။

ကားရပ်တာနဲ့ ကျွန်တော်လည်း ဆင်းလာခဲ့တယ်။ လမ်းဒီဘက်ခြမ်းမှာ ရေကန်ကြီးတစ်ခုရှိတယ်။ ရေကန်ဘေးနားမှာ ထီးမိုးထားတဲ့ ခုံတန်းလေးတွေရှိတယ်။ လမ်းကိုမြန်မြန်ဖြတ်ကူးဖို့ လုပ်ရတယ်။ ဒီနားမှာက ထီးတစ်ချောင်းတည်းကို နှစ်ယောက်မျှဝေသုံးစွဲတဲ့ လူတန်းစားတွေများတယ်။ ကျွန်တော်ကတော့ တတ်နိုင်သမျှ သူတို့ကို မမြင်ချင်ယောင်ဆောင်ထားချင်တယ်။ `လူ့အဖွဲ့အစည်းအတွင်းက ငါ၏အနေအထား´ ဆိုတာကို သတိမရချင်လို့ပဲ။ လမ်းကူးပြီးတော့ ပလက်ဖောင်းအတိုင်း ခပ်မှန်မှန်လျှောက်လာ လိုက်တယ်။ ထီးကိုမော့ကြည့်မိတော့ ထီးပေါ်မှာ ဖဲပြားလိုလိုအဖတ်တွေပါတာ အခုမှ သတိထားမိတယ်။ ထီးက ညီမလေးရဲ့ထီးကိုး။ နည်းနည်းတော့ ကသိကအောက်နိုင်တယ်။ ရှေ့နားရောက်တော့ ဓာတ်ကြိုးတစ်ကြိုး လမ်းမပေါ် တွဲလောင်းကျနေတာ တွေ့လိုက်ရတယ်။ ဓာတ်ကြိုးက အောက်ကရေအိုင်ခွက်ထဲထိတော့ မရောက်ဘူး။ သတိကြီးကြီးနဲ့ ပလက်ဖောင်းအောက်ခုန်ချပြီး လမ်းမပေါ်တက်လျှောက်ရတယ်။ ဒါတောင်မှ ဟန်ချက်နည်းနည်းပျက်သွားသေးတယ်။ မျက်မှန်တပ်ကတည်းက အနိမ့်အမြင့်ကို မှန်းဆရတာ အဆင်မပြေသေးဘူး။ မြေကြီးက ခါတိုင်းထက်ပိုပြီး လူနဲ့နီးလာတယ်။ အခုလို လူမြင်ကွင်းမှာ ဓာတ်လိုက်ပြီးသေသွားရင်တော့ ချောက်ပဲလို့ တွေးလာမိတယ်။ ဆံပင်တွေထောင်၊ ဒါမှမဟုတ် မီးသွေးတုံးကြီးဖြစ်နေတဲ့အလောင်းကို လက်သရမ်းတဲ့တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပြီး Facebook မှာဖွလိုက်ရင်တော့ ငါတော့ဂွမ်းပြီလို့ စိုးရိမ်လွန်လိုက်တယ်။ ဒါမျိုးကို လူတွေကတော့ အငမ်းမရ ကြည့်ကြမှာပဲ။ အခုခေတ်မှာက လူအဖြစ်က ရပ်ဆိုင်းပြီးတောင်မှ(Posthumous) အဖြစ်ဆိုးနဲ့တိုးနိုင်သေးတာပဲ။ ကဒါဖှီ ကျန်းမာပါစေ။

စာအိတ်ကလေးပေးခဲ့ပြီးတော့ ကျွန်တော်လည်း စိတ်ထဲပေါ့သွားတယ်။ အခုတော့ အိမ်ကိုအမြန်ဆုံးပြန်ရောက်ဖို့ပဲ ကြိုးစားရတော့မယ်။ နေရာကလည်း ကားဂိတ်နှစ်ခုရဲ့အလယ်တည့်တည့်ဖြစ်နေတော့ ဟိုဘက်ကားဂိတ်ကိုရောက်ဖို့ အတော်လေး ထပ်လျှောက်ရဦးမှာ။ ကားဘီးနဲ့ဖြတ်ကြိတ်ခံလိုက်ရတဲ့ လမ်းမပေါ်ကရေတွေကို သတိကြီးကြီး ရှောင်နေရတယ်။ ထီးနဲ့ ကာသင့်တဲ့အခါ ကာရတယ်။ တကယ်ဆို ကျွန်တော်က ပလက်ဖောင်းပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက်နေတဲ့လူ ဖြစ်ရမှာ။ အခုတော့ တရုတ်သိုင်းကားထဲရောက်နေရသလိုပဲ၊ အိနြေ္ဒတော့ တော်တော်ပျက်တယ်။ ကျွန်တော်လည်း ဘောင်းဘီခြေထောက်တွေကို အပေါ်ရောက်အောင် လိပ်တင်လိုက်တယ်။ ရှေ့ကလျှောက်လာတဲ့လူက ကားဘီးဆီကလွင့်စင်လာတဲ့ရေတွေကို ကျွန်တော့်လိုပဲ ကျွမ်းကျွမ်းကျင်ကျင်ရှောင်တိမ်းရင်း လမ်းပေါ်ကဘ၀တူအချင်းချင်း အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းဆတ်ပြုံးပြသွားတယ်။ မှတ်တိုင်မဟုတ်ပေမယ့် လိုင်းကားတစ်စီးက အရှိန်လျှော့ပြီး လိုက်မလားလို့ ကျွန်တော့်ကို ကမ်းလှမ်းလိုက်တယ်။ ပြေးတက်လိုက်ရင်တော့ ဖြစ်နိုင်ပေမယ့် ကားရှေ့မှောက်လျက်လဲပြီး ဓာတ်ပုံအရိုက်ခံရမှာကို ကြောက်တာနဲ့ ခေါင်းပဲယမ်းပြလိုက်မိတယ်။ တီဗီဂိမ်းထဲမှာလို အသက်က နှစ်သက်သုံးသက်ပါတာ မဟုတ်ဘူး။ ငါ Game Over သွားလို့ မဖြစ်သေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ ကားဂိတ်ရောက်တော့မှပဲ တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်သွားတယ်။ ကားတစ်စင်းဆိုက်လာတော့ ဂိတ်ကလူအကုန်လုံး ကားပေါ်တက်သွားတယ်။ ပိုချောင်တဲ့ကားကို စောင့်မယ်ဆိုတဲ့အကြံနဲ့ ကျွန်တော်ကတော့ ပေကပ်ပြီးရပ်နေမိတယ်။ နောက်ဆုံးကားဂိတ်မှာ ကျွန်တော်တစ်ယောက်တည်းကျန်တော့တာ သိလိုက်ရတယ်။ နောက်ကားက တော်တော်နဲ့ မလာဘူး။ ဘာဖြစ်လို့လဲမသိဘူး ကားပေါ်ကလူတွေက ကျွန်တော့်ကို ကြည့်ကြည့်သွားတယ်။ အဲလိုအကြည့်ခံရတိုင်းလည်း စိတ်မသက်မသာ ခံစားရတယ်။ ကားတွေပိတ်နေတဲ့ မြေအောက်လမ်းတစ်နေရာမှာ မီနီစကပ်နဲ့လမ်းလျှောက်သွားတဲ့ Aomame[***] ကိုသတိရမိတယ်။ သူကတော့ သူ့ခြေသလုံးသားအလှကိုပြရလို့ ကျေနပ်လိမ့်မယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် အကြည့်ခံအရာဖြစ်နေတာ သိပ်သဘောမကျဘူး။ မတတ်နိုင်ဘူး၊ မမြင်ချင်ယောင်ဆောင်ဖို့ပဲ တတ်နိုင်တယ်။ ကားတစ်စီးဆိုက်လာတာနဲ့ ကျွန်တော်လည်း ကမန်းကတမ်းပြေးတက်လိုက်တယ်။

ကားပေါ်မှာ နေရာတွေဘာတွေရတယ်။ နောက်နားက မိန်းမသံနှစ်သံ အခြေတင်စကားပြောနေတာ ကြားရတယ်။ အလုပ်လုပ်ရတာ အရမ်းစိတ်ညစ်တယ်။ အခုလိုမိုးတွင်းဘက်ဆို ပိုဆိုးတယ်။ သွားရလာရတာ အရမ်းဒုက္ခရောက်တယ်။ ဖြစ်နိုင်ရင် အလုပ်ကချက်ချင်းထွက်ပစ်ချင်တယ်လို့ ညည်းနေတယ်။ ကျွန်မလည်းဒီလိုပါပဲ ဒါပေမယ့် မိသားစုကရှိသေးတယ်လေလို့ နောက်တစ်သံက ပြောတယ်။ ကျွန်တော်လည်း မျက်စိမှိတ်ထားမိတယ်။ ဒီတော့မှပဲ မမြင်ချင်ယောင်ဆောင်ရတာထက် မကြားချင်ယောင်ဆောင်ရတာက ပိုခက်မှန်း သတိထားမိတော့တယ်။ မျက်လုံးကိုက ပိတ်ထားလို့ရတယ်၊ နားကိုက ပိတ်ထားလို့မရဘူး။ မှတ်တိုင်မှာကားရပ်တော့ မိုးစိုနေတဲ့အမျိုးသမီးတစ်ယောက် ကလေးသုံးယောက်နဲ့ တက်လာပြီး ရှေ့နားဆီမှာ ရပ်နေတယ်။ တစ်ဖက်ခြမ်းက နေရာလွတ်တစ်ခုကို ကျွန်တော်က လက်ညှိုးထိုးပြလိုက်မိတယ်။ အဲဒီခုံမှာထိုင်နေတဲ့ လူက ကျွန်တော့်ကို ဘုကြည့်လှမ်းကြည့်ပေမယ့် ကျွန်တော်က မမြင်ချင်ယောင်ဆောင်လိုက်နိုင်တယ်။ ရှေ့နားမှာ မိုးစိုနေတဲ့ ကလေးလေးတွေ ကိုးယိုးကားယားရပ်နေတဲ့ မြင်ကွင်းက ပိုပြီးမမြင်ချင်ယောင်ဆောင်ရ ခက်တာကိုး။ ကျွန်တော်မျက်စိပြန် မမှိတ်ဖြစ်တော့ဘူး။ ကားပေါ်က မျက်နှာတွေကို မသိမသာ လိုက်ကြည့်နေမိတယ်။ အားလုံးမှာ တူညီချက်တစ်ခုခုတော့ ရှိနေသလိုပဲ။ ကားထဲမှာ ပိတ်လှောင်သလို ကျွန်တော်ခံစားလာရတယ်။ အသက်ကရှူလို့ သိပ်မ၀ဘူး။ ကျွန်တော်အရင်က မမြင်ခဲ့တဲ့၊ ဒါမှမဟုတ် မမြင်ချင်ယောင်ဆောင်ဖို့ ကြိုးစားခဲ့တဲ့ မြင်ကွင်းတစ်ခုဟာ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော့်ရှေ့မှာ ထင်ထင်ရှားရှားပေါ်လာတယ်လို့ ခံစားရတယ်။ အလုပ်လုပ်ရတာ အန္တရာယ်များတာတော့ သိပါပြီ၊ ပိုက်ဆံမရှိတာကရော ဘယ်လိုအန္တရာယ်များသလဲလို့ မသိနားမလည်တဲ့ မျက်နှာပေးလေးနဲ့ မေးရင်တော့ အညာကသူငယ်ချင်းက ကျွန်တော့်ကို ဆဲမယ်ထင်တယ်။

ကျွန်တော်အိမ်ပြန်ရောက်တော့ ညီမလေးက အထွက်ပဲ။ သူ့ဖဲပြားထီးကလေးကို ပြန်ပေးလိုက်တယ်။ အချိန်မီလေးပဲ။ မိယောကို အ၀ါတစ်ကောင် အမဲတစ်ကောင်လာကိုက်သေးတယ်လို့ အမေက သတင်းပေးတယ်။ ဒီလောက်ကြက်မွှေးနဲ့ လိုက်လိုက်ရိုက်တာတောင် ဒီကောင်တွေ ရန်လာလာရှာတုန်းပဲ။ လူစကားနားမလည်တဲ့ ကြောင်တွေလို့ ပြန်ပြောမိတယ်။ နောက်တော့မှ မိယောရေ ဒီတောကြောင်တွေကတော့ ငါတို့ကို လာတိုက်မှာပဲ။ ငါတို့ကလည်း ခုခံရမှာပဲ။ မိသားစုဆိုတာ ခံတပ်လို့ ကာဗောနိဂတ်ကတော့ ပြောတယ်လို့ ပြောပြီး ကျွန်တော်က သူ့ဗိုက်ကို ပွတ်လိုက်တယ်။ သြော်ထီးပြင်ပြီးလို့ ပြန်ကောင်းသွားပြီလို့ အမေက ကျွန်တော့်ကို လှမ်းပြောတယ်။ ပြင်တယ်ဆိုတော့ ခိုင်ပါ့မလားလို့ ကျွန်တော်က ပြန်မေးလိုက်မိတယ်။ အရည်တည်ပေမယ့် မိုးတော့လုံပါတယ်လို့ အမေက ပြောတော့ ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ပြီးတဲ့နောက်မှ ကျွန်တော်က ပြုံးပြီး အမေ့ကိုကြည့်နေလိုက်မိတယ်။

တေဇာ (လရောင်လမ်း)
[*]    A man without a country by Kurt Vonnegut
[**]    ကြည်မောင်သန်း
[***]    1Q84 by Haruki Murakami

***********************************

ဒီစာရေးပြီးပြီးချင်းပဲ အကြောင်းအရာချင်းတူနေတဲ့ အောင်ချိမ့်ရဲ့ကဗျာတစ်ပုဒ်ကို သတိရမိပါတယ်။ အဲဒါနဲ့ စာအုပ်အဟောင်းတွေထဲ ပြန်ရှာ
ပြီး ရိုက်တင်လိုက်ပါတယ်။


လမ်း

မိသားစုများ အခန်းကဏ္ဍ
ကမ္ဘာဦး ပုံသဏ္ဌာန်
တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ
မီးဖိုကြ

ငါတို့ခေတ်မှာ ငါတို့ဟာ
ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား
အိမ်ပြန်လာကြတယ်

ကားတစ်စင်း သေနေပေါ့
ညောင်ပင်ကြီးရဲ့ အောက်မှာ
မိုးက မတိတ်တော့ဘူးလား
ဟောဒီလောကမှာ။

(အောင်ချိမ့်) - ၁၉၉၆၊ ဒီဇင်ဘာ၊ ရနံ့သစ်

အောင်ချိမ့်ရဲ့ `လမ်း´ ဆိုတဲ့ကဗျာကတော့ အန္တရာယ်တွေပြွမ်းတီးနေတဲ့ ခေတ်ပေါ်မိသားစုဘ၀ရဲ့ ရှင်သန်မှုကို ထိတ်လန့်ဖွယ်အကောင်းဆုံး ပြဆိုနိုင်ခဲ့တယ်။ အောင်ချိမ့်ရဲ့ကဗျာဟာ ကတ်(၂)ကတ်ပဲပါတဲ့ အတိုဆုံးရုပ်ရှင်ကားလေး တစ်ခုပါပဲ။ ကင်မရာဟာ မီးပုံဘေးက ကမ္ဘာဦးမိသားစုကို ရိုက်ပြနေရင်းက ရုတ်တရက် (ကတ်ပြောင်း)သွားပြီး မိုးတဖွဲဖွဲရွာနေတဲ့အချိန် အိမ်အပြန်လမ်းမှာ ညောင်ပင်ကြီးတစ်ပင်ကို (ဆိုးဆိုးရွားရွား) ၀င်တိုက်ထားတဲ့ ကားတစ်စီးကိုပြတယ်။ ဒါပဲ။ မြို့ပြဟာ တည်းခိုသူတွေကို ကြီးမားတဲ့တန်ဖိုးတွေ တောင်းဆိုတတ်တယ်။ ကျွန်တော်တို့ဟာ မြို့ပြကို ပိုက်ဆံ၊ အချစ်၊ အသက် စတဲ့ မတန်တဆတန်ဖိုးတွေ ပေးဆပ်ကြရတယ်။ ကဗျာဟာ `လူးလွန့်နေတဲ့ မီးတောက်တွေ´ နဲ့ စတင်ထားပြီး `တစိမ့်စိမ့်ရွာနေတဲ့မိုး´ နဲ့ အဆုံးသတ်ထားတယ်။ `လူးလွန့်နေတဲ့ မီးညွန့်တွေ´ ရဲ့ သင်္ကေတသဘောဟာ `မိသားစုရဲ့ တောက်လောင်နေတဲ့အပူမီး´ ဆိုရင် `မတိတ်နိုင်ဘဲ တစိမ့်စိမ့်ရွာချနေတဲ့ မိုးစက်တွေ´ ကတော့ `အေးစက်တဲ့ (ရက်စက်တဲ့) ကံကြမ္မာတရား´ ပဲ ဖြစ်ပေလိမ့်မယ်။

-အောင်ခင်မြင့်
စတိုင်သစ်၊ ဖေဖော်ဝါရီ၊ ၂၀၀၅

Comments

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...