Skip to main content

အသစ်တဖန်

မငြိမ်သက်မှုတွေနဲ့ အုပ်ချုပ်ပုံညံ့ဖျင်းမှုတွေကြောင့် `ဟာရတ်´ ပြည်နယ်ရဲ့ ကန္တာရတောင်တန်းများပေါ်က မြို့တော်လူထုဟာ ရာစုနှစ်ပေါင်းများစွာကြာအောင် နိမ့်ပါးပျက်စီးခဲ့ရပါတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို မဖယ်ရှားနိုင်ရုံသာမက မောက်မာထောင်လွှားတဲ့ ကိုယ်ကျိုးကြည့် ဘုရင်အဆက်ဆက်ရဲ့ ဒဏ်ကိုလည်း သည်းမခံနိုင်အောင် ဖြစ်ကြရတယ်။ ဒီတော့လည်း `ဂျာဂါ´ ဆိုတဲ့လူကို သူတို့က ပညာရှိပုရောဟိတ်အဖြစ် တင်မြောက်ခဲ့ကြတယ်။ သူ့ကိုတော့ ဒီနယ်မြေမှာ ပညာအရှိဆုံးရယ်လို့ လူတွေက သိကြတယ်။

ဘုရင်တစ်ပါးကို လေးနှစ်တစ်ကြိမ်တင်မြှောက်သင့်တယ်လို့ ဂျာဂါက ဆုံးဖြတ်တယ်။ အဲဒီဘုရင်ဟာ အကြွင်းမဲ့အာဏာရှိရမယ်။ အခွန်အကောက်တွေကို တိုးမြှင့်နိုင်မယ်။ အဆုံးစွန် အာဏာတည်ရမယ်။ ညစဉ် သူသဘောကျတဲ့ မိန်းကလေးတစ်ဦးကို သူ့ ဖဲမွေ့ယာပေါ်ခေါ်သွားဖို့ ရွေးချယ်ခွင့်ရှိမယ်။ စိတ်ကြိုက် စားသောက်ခွင့်ရှိမယ်။ အကောင်းဆုံး အ၀တ်အစားတွေဝတ်ပြီး အကောင်းဆုံးမြင်းကို စီးခွင့်ရှိမယ်။ အတိုချုပ်ပြောရရင် သူပေးတဲ့အမိန့်ဟူသမျှကို ဘယ်လောက်ပဲ အဓိပ္ပာယ်မဲ့ပါစေ နာခံရမယ်။ ယုတ္တိနဲ့ တရားမျှတမှုမရှိဘူးလို့ ဘယ်သူကမှ မေးခွန်းမထုတ်ရဘူး။

ဒါပေမဲ့ တစ်ခုတော့ရှိနေသေးတယ်။ သူ့ရဲ့ဘုရင်သက်တမ်းလေးနှစ် ပြီးဆုံးသွားတဲ့အခါမှာ သူဟာ ထီးနန်းစွန့်ပြီး မြို့တော်က ထွက်ခွာသွားရမယ်ဆိုတဲ့အချက်ကို လိုက်နာရဦးမယ်။ သူနဲ့အတူ မိသားစုနဲ့ ကိုယ်ပေါ်ကအ၀တ်အစားကလွဲလို့ ဘာမှ ယူသွားခွင့်မရှိဘူး။ မြို့တော်ကလူတိုင်းကတော့ ဒါဟာ သုံးလေးရက်အတွင်းမှာ ရှောင်လွှဲမရတဲ့ သေခြင်းတရားပဲဆိုတာ သိကြပါတယ်။ အကြောင်းက ကန္တာရပြင်ကြီးထဲမှာ စားစရာသောက်စရာလုံးဝမရှိလို့ပါပဲ။ ဆောင်းရာသီဆို အေးခဲနေပြီး နွေရာသီဆို မီးသင်္ဂြိုဟ်စက်လို ဖြစ်နေလို့ပါပဲ။



ဂျာဂါရဲ့ ပညာရှိတစ်ဦးကတော့ ဘုရင်ရာထူးအတွက် မည်သူကမှ စွန့်စားမှာမဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။ ဒီလိုဆိုရင်တော့ သူတို့အနေနဲ့ အိုဟောင်းလှပြီဖြစ်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့စနစ်ဆီ ပြန်သွားနိုင်တော့မယ်။ ဒီလိုနဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီး ဘုရင်ရာထူးလစ်လပ်နေတယ်လို့ လူထုကို ကြေငြာခဲ့ပါတယ်။ စစချင်းမှာ လူအချို့က ဘုရင်ရာထူးကို လျှောက်ထားခဲ့ကြတယ်။ အဲဒီအထဲကမှ ကင်ဆာဝေဒနာရှင် အဘိုးအိုတစ်ဦးက အဆုံးစွန်စိန်ခေါ်မှုကို လက်ခံပြီး ဘုရင်ရာထူးကို ရယူခဲ့ပါတယ်။ သူ့ဘုရင်သက်တမ်းအတွင်းမှာပဲ သူက သေဆုံးသွားတော့ သူ့မျက်မှာကျေနပ်တဲ့အပြုံးတစ်ခု ရှိနေခဲ့တယ်။ အဘိုးအိုရဲ့ရာထူးကို ဆက်ခံတာကတော့ အရူးတစ်ယောက်ပါ။ ဒါပေမဲ့ သူက လေးလအကြာမှာပဲ မြို့တော်ကို စွန့်ခွာပြီး ကန္တာရထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့တယ်။ (သက်တမ်းကာလ လေးနှစ်ကို သူက လေးလနဲ့ အမှတ်မှားခဲ့တာ) အဲဒီနောက်မှာတော့ ထီးနန်းမှာ ကျိန်စာတစ်ခုရှိနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပြီး ဘုရင်ရာထူးကို ဘယ်သူမှ မလျှောက်ရဲကြတော့ဘူး။ မြို့တော်ဟာ အုပ်ချုပ်သူမရှိဘဲ ကျန်ရစ်ခဲ့တယ်၊ မငြိမ်သက်မှုတွေ ကြီးစိုးမင်းမူနေတယ်၊ နေထိုင်တဲ့ပြည်သူတွေဟာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို လုံးဝမေ့ပစ်ပြီး နည်းသစ်ရှာရတော့မယ်ဆိုတာ သဘောပေါက်လာခဲ့ကြတယ်။ သူတို့ ပုရောဟိတ်အဖွဲ့ဟာ အလွန်ပညာသားပါတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့တယ်ရယ်လို့ ဂျာဂါကတော့ ကျေနပ်ပီတိဖြစ်နေခဲ့ပါတယ်။ သူတို့အနေနဲ့ အပြောင်းအလဲအတွက် ပြည်သူတွေကို ဖိအားပေးခဲ့တာ မဟုတ်ဘူး။ အာဏာကို အသေရရ အရှင်ရရယူမယ်ဆိုတဲ့လူတွေကို သူတို့က ရှင်းထုတ်ခဲ့ရုံပဲမဟုတ်လား။ ဒါပေမဲ့ မကြာခင်ပဲ ကလေးသုံးယောက်ဖခင် အိမ်ထောင်သည် လုလင်ငယ်တစ်ဦး ရှေ့ထွက်လာခဲ့ပါတော့တယ်။

`ရာထူးကို ကျွန်တော် လက်ခံပါတယ်´ လို့ သူကပြောတယ်။

ပုရောဟိတ်တွေကတော့ အန္တရာယ်တွေကို နားလည်အောင်ရှင်းပြပါတယ်။ မင်းမှာ မိသားစုလည်းရှိနေတယ်လို့ လုလင်ငယ်ကို သတိပေးတယ်။ သူတို့ရဲ့ ပဋိဉာဉ် အရဲကိုးမှုနဲ့ အာဏာရူးတွေကို တုန့်သွားစေဖို့ ရည်ရွယ်ထားခြင်းသာဖြစ်ကြောင်း နားလည်အောင်ရှင်းပြကြတယ်။ ဒါပေမဲ့လည်း လူငယ်ကတော့ ဆုံးဖြတ်ချက်ခိုင်မာပုံပဲ။ သူတို့ရဲ့ ပဋိဉာဉ်ကို သွေဖယ်ဖို့ မဖြစ်နိုင်တာကြောင့် ဂျာဂါဦးဆောင်တဲ့ ပုရောဟိတ်အဖွဲ့လည်း နောက်ထပ်လေးနှစ်တာကာလကို စိတ်ရှည်ရှည်စောင့်ရုံမှတစ်ပါး တစ်ခြားရွေးချယ်စရာမရှိတော့ဘူး။ အဲဒီသက်တမ်းလေးနှစ်ပြီးမှပဲ သူတို့ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို အကောင်အထည်ဖော်တော့မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။

လုလင်ငယ်နဲ့ မိသားစုကတော့ သူတို့ဟာ ထူးခြားကောင်းမွန်လှတဲ့ အုပ်ချုပ်သူတွေဖြစ်ကြောင်း သက်သေပြခဲ့ကြတယ်။ သူတို့က မျှတစွာ အုပ်ချုပ်တယ်၊ ဥစ္စာဓနကို မျှဝေတယ်၊ စားသောက်ကုန်ဈေးနှုန်းတွေကို လျှော့ချတယ်၊ ရာသီအလိုက် ပွဲတော်တွေကို စည်စည်ကားကား ကျင်းပပျော်ရွှင်စေတယ်၊ ပြီးတော့ ဂီတနဲ့ လက်မှုပညာကိုလည်း အားပေးမြှောက်စားခဲ့တယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အဲဒါကတော့ ညစဉ်ညတိုင်း မြို့တော်က ထွက်ခွာသွားတဲ့ မြင်းရထားကြီးတစ်စင်း ရှိနေခဲ့တယ်ဆိုတာပဲ။ နောက်မှာလည်း ဆွဲသွားတဲ့လှည်းတွေ မနည်းဘူး။ အပေါ်မှာ အ၀တ်တွေနဲ့ အုပ်ထားလို့ အထဲမှာဘာတွေပါလဲတော့ ဘယ်သူမှ မသိကြရဘူး။ အဲဒီလှည်းတွေလည်း မြို့ထဲကို လုံးဝ ပြန်ရောက်မလာကြဘူး။

အစမှာတော့ ဘုရင်ဟာ မြို့တော်က ရတနာတွေကို ဖယ်ရှားပစ်နေတာဖြစ်ရမယ်လို့ ဂျာဂါရဲ့ပုရောဟိတ်အဖွဲ့က တွက်ဆကြတယ်။ တကယ်တော့ လုလင်ငယ်ဟာ မြို့ပြင်ကို ဘယ်တုန်းကမှ ထွက်ဖူးခဲ့တာမဟုတ်ဘူး။ တကယ်လို့ သူ့အနေနဲ့ ထွက်ပြီး အနီးဆုံးတောင်တစ်လုံးပေါ် တက်ဖူးခဲ့တယ်ဆိုရင်တော့ မြင်းတွေဟာ သိပ်ဝေးဝေးမရောက်ခင် သေဆုံးသွားမယ်ဆိုတာကို သိမှာပဲ။ ဒီတော့လည်း သူတို့က မမြင်ချင်ယောင်ဆောင်ပြီး လွှတ်ပေးထားလိုက်တော့တယ်။ တကယ်တော့ သူတို့အရပ်ဟာ ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံးဒေသတစ်ခုပဲ။ ဘုရင်ရဲ့ ထီးနန်းကုန်ဆုံးတာနဲ့ အမောဆို့ပြီးသေနေတဲ့ မြင်းတွေ၊ ရေငတ်ပြီး သေနေတဲ့ မြင်းစီးသည်တွေအကြားမှာ ရတနာတွေကို ပြန်သွားယူရုံပဲလို့ သူတို့က စိတ်အေးခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့လည်း အပူအပင်မရှိဘဲ စိတ်ရှည်ရှည်ပဲ စောင့်စားခဲ့ကြတယ်။
လေးနှစ်တာကုန်ဆုံးပြီးနောက်မှာတော့ လုလင်ငယ်ဟာ ထီးနန်းကိုစွန့်ပြီး မြို့တော်က ထွက်ခွာရတော့တယ်။ လူထုကတော့ သောင်းသောင်းဖြဖြအော်ဟစ်ကြတယ်။ တကယ်တော့ သူတို့အနေနဲ့ တရားမျှတပြီး အမျှော်အမြင်ရှိတဲ့ အုပ်ချုပ်သူလက်အောက်မှာ ပျော်ရွှင်စွာနေထိုင်လာခဲ့ကြတာ နှစ်တွေတောင်ကြာမှကိုး။
ဒါပေမဲ့လည်း တစ်ဖက်မှာ ပုရောဟိတ်ကြီးဂျာဂါရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားကြရမှာပဲ။ လုလင်ငယ်က သူ့ဇနီးနဲ့ ကလေးတွေကို သူနဲ့အတူ ထွက်ခွာကြဖို့ပြောတယ်။

`ကျွန်မကတော့ လိုက်မှာပါ။ ဒါပေမဲ့ အနည်းဆုံးတော့ ကလေးတွေကို ဒီမှာ နေခဲ့ပါစေလား။ ဒီလိုဆိုရင် ရှင့်ရဲ့ ရာဇ၀င်ကို တခြားလူတွေကိုပြောပြဖို့ သူတို့ အသက်ရှင်နေထိုင်သွားနိုင်တာပဲလေ´ လို့ ဇနီးက ပြောတယ်။

`ငါ့ကို ယုံပါ´ လို့ပဲ လုလင်ငယ်က ပြန်ပြောတယ်။
တကယ်တော့ လူမျိုးစုတွေအကြားက အစဉ်အလာတွေဟာ တင်းကြပ်လွန်းတယ်။ ဇနီးအနေနဲ့က ခင်ပွန်းဖြစ်သူရဲ့ဆန္ဒကို လိုက်နာရုံအပြင် အခြားမရှိဘူး။ သူတို့က မြင်းတွေပေါ်တက်ခွပြီး မြို့တော်တံခါးဝဆီ ထွက်လာခဲ့ကြတယ်။ အဲဒီမှာ သူတို့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေကြတဲ့ မိတ်ဆွေတွေရှိတယ်။ သူ မြို့တော်ကိုအုပ်ချုပ်နေစဉ်အတွင်းမှာ လုလင်ငယ်ဟာ မိတ်ဆွေအများအပြား ရရှိခဲ့တာပဲ။ ပုရောဟိတ်ကြီး ဂျာဂါကတော့ ကျေနပ်ပီတိဖြစ်နေတယ်။ လုလင်ငယ်ဟာ မဟာမိတ်အများအပြား ရှိချင်ရှိလိမ့်မယ်၊ ဒါပေမဲ့ ကံကြမ္မာကိုတော့ သူဟာ ရှောင်လွှဲမရဘူး။ အခုဆိုရင် ဘယ်သူကမှ ဘုရင်ရာထူးကို စွန့်စားရယူရဲတော့မှာ မဟုတ်ဘူး။ နောက်ဆုံးတော့လည်း ဒီမိုကရေစီအစဉ်အလာကို ပြန်လည်ဖော်ဆောင်နိုင်တော့မယ်။ အခွင့်အရေးရတာနဲ့ ချက်ချင်း သူတို့အနေနဲ့ ကန္တာရထဲက တိမ်မြှုပ်နေတဲ့ ရတနာတွေကို ပြန်လည်ဖော်ယူကြရမယ်။

လုလင်ငယ်မိသားစုဟာ မရဏတောင်ကြားအတွင်းမှာ မြင်းတွေကို တိတ်တဆိတ် စီးနင်းလာခဲ့ကြတယ်။ ဇနီးက စကားတစ်ခွန်းမှ မပြောရဲဘူး။ ကလေးတွေက ဘာဖြစ်နေတယ်ဆိုတာ အသေအချာ မသိကြဘူး။ လုလင်ငယ်ကတော့ သူရဲ့ အတွေးရေလျဉ်ကျောမှာ နစ်မျောနေတယ်။ သူတို့ဟာ တောင်ကုန်းကလေးတစ်ခုကို တက်လာခဲ့ကြတယ်။ အရိပ်ကင်းမဲ့ပြီးကျယ်ပြောတဲ့ ကွင်းပြင်တစ်လျှောက် တစ်နေ့လုံးခရီးနှင်လာခဲ့ကြတယ်။ ပြီးတော့ နောက်ထပ်တောင်ကုန်းကလေး တစ်ခုပေါ်မှာ အိပ်စက်အနားယူကြတယ်။

အာရုံသောက်ချိန်မှာ အမျိုးသမီးက နိုးလာတယ်။ သူ့ဘ၀ရဲ့ နောက်ဆုံးလက်ကျန် နေ့ရက်လေးတွေမှာ သူအရမ်း မြတ်နိုးခဲ့တဲ့ တောင်တန်းကြီးတွေကို ကြည့်ချင်စိတ်ဖြစ်မိတယ်။ ဒီတော့လည်း သူက တောင်ကုန်းကလေးထိပ်ပေါ် တက်လာလိုက်တယ်။ ပြီးတော့ အောက်ခြေကို သူက ရီဝေေ၀ငေးကြည့်လိုက်တယ်။ တကယ်တော့ အဲဒီနေရာမှာ ပြောင်းရှင်းနေတဲ့ ကွင်းပြင်ကြီး ရှိနေရမှာ။ ဒါပေမဲ့ သူမြင်လိုက်ရတဲ့အရာကြောင့် သူ ထိတ်လန့်သွားမိတော့တယ်။
ကျန်ခဲ့တဲ့လေးနှစ်တာကာလအတွင်း မြို့တော်ကနေ ညစဉ်ညတိုင်း မြင်းရထားနဲ့ဆွဲသွားတဲ့ လှည်းတွေဟာ တကယ်တော့ ရတနာနဲ့ ရွှေဒင်္ဂါးတွေ မဟုတ်ခဲ့ဘူး။ အုတ်ခဲတွေ၊ မျိုးစေ့တွေ၊ အမိုးအကာတွေ၊ ဟင်းခပ်အမွှေးအကြိုင်တွေ၊ တိရိစ္ဆာန်တွေနဲ့ မြေကြီးကိုထွင်းဖောက်ပြီး ရေရှာနိုင်တဲ့ ရိုးရာသုံး ကိရိယာတန်ဆာပလာတွေသာ ဖြစ်ပါတယ်။ သူ့ရှေ့မှာ ရှိနေတာကတော့ အရင်မြို့တော်ဟောင်းထက် များစွာပိုပြီး ခေတ်မီလှပကာ အသက်ဝင်လှုပ်ရှားနေတဲ့ မြို့ငယ်ကလေးတစ်ခုပဲ ဖြစ်ပါတယ်။

`ဒါဟာ မင်းရဲ့နိုင်ငံတော်ပေါ့´ လို့ အိပ်ယာကနိုးပြီး သူ့ဆီရောက်လာတဲ့ လုလင်ငယ်က တီးတိုးပြောလိုက်တယ်။
`ဘုရင်ရာထူးရယူဖို့အတွက် ပဋိဉာဉ်ကို ကြားကြားချင်းပဲ၊ ခြစားမှုနဲ့ ညံ့ဖျင်းတဲ့အုပ်ချုပ်ပုံတွေကြောင့် ရာစုနဲ့ချီ ပျက်စီးခဲ့တဲ့အရာအားလုံးကို လေးနှစ်အတွင်းပြောင်းလဲပစ်ဖို့ဆိုတာ အဓိပ္ပာယ်မရှိမှန်း ငါသိခဲ့တယ်။ ဒါပေမဲ့ ငါ့မှာ သေချာတာတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ အသစ်တဖန် ပြန်စနိုင်တယ်ဆိုတာပဲ´

တေဇာ (လရောင်လမ်း)
Ref: The Winner Stands Alone by Paulo Coelho

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”