အရပ်ထဲရောက်ပြီဆိုတာနဲ့ အစုံကြားရတယ်။ မကြားချင်လို့လည်း မဖြစ်ဘူး။ အရပ်မှာဆိုတာက အရပ်သတင်းပဲရှိတယ်။ မြို့က ကားကြုံနဲ့ပါလာတတ်တဲ့ သတင်းစာမျိုးဆိုရင်တော့ စာချဘုန်းကြီးကဖတ်ပြီး သူဖတ်ရသမျှကို အဖိတ်နေ့၊ ဥပုသ်နေ့လူစည်စည်မှာ ပြန်ပြောပြလေ့ရှိတယ်။ မျောက်ကလေးတစ်ကောင်ကို အာကာသထဲ ဒုံးပျံနဲ့လွှတ်တယ်ဆိုတာကို ဘုန်းကြီးက ပြန်ပြောပြတော့ ဘယ်သူမှမယုံဘူး။ မယုံဆို ဒုံးပျံဆိုတာနဲ့ ဘုန်းကြီးပျံမှာတိုက်တဲ့ ဒုံးလောက် မြင်ဖူးတဲ့လူတွေအဖို့ မျက်စေ့ထဲမှာ ထင်ရာမြင်ရာမြင်ပြီး အတွေးစပြီး ချော်တော့တာပဲ။ အာကာသပွင့်အောင် ငရုတ်ကောင်းကောင်းထောင်းပြီး သြဇာရွက်နဲ့နယ်ကျွေးရတယ်လို့ တစ်သက်လုံးလက်ခံထားတဲ့ ဓာတ်ဆရာဦးမှန်တို့ အတွေးထဲမှာတော့ အာကာသဆိုတာ သွားလို့ရတဲ့နေရာ မဟုတ်ဘူး။ နားမလည်လို့ ပြောကြတာ။ ရတယ်ဆိုဦးတော့ မြင့်မိုရ်တောင်က ခံနေဦးမှာဆိုပဲ။ ခုခေတ်လူတွေများ မိုက်ပါ့လို့ပဲ မြင်တယ်။
သာထွန်းက ကားဆိပ်ကို လာကြိုတယ်။ သူ့ဘိုင်စကယ်နောက်မြီးမှာ ထိုင်လိုက်ရင်း သူပြောတာ နားထောင်ရတော့တာပဲ။ စဆို ပြောများမပြောချင်ပါဘူက စပြောတာ။ မပြောချင်လည်း မပြောနဲ့တော့ကွာလို့ ပြန်ပြောလိုက်မိတယ်။ သို့ပေသိ သင်းက ဘယ်မှာရပ်လိမ့်မှာတုံး။ မပြောချင်ဘူးဆိုတာက ပြောချင်လို့ကို ပျိုးတာပဲ။ ဒီတော့လည်း ပြောတော့ပေါ့။ မြို့ကကောင်မတွေ လှချက်ကောင်းမှာပေါ့ကွာ၊ မြို့ကလာတဲ့ ဆပ်ပြာခဲတောင် မွှေးလွန်းလို့ ခွေးကတက်က ပြုတ်ကျတဲ့ကောင်တွေ ရှိတယ်တဲ့။ ဘယ်မှာဘာဆိုင်လို့တုံး။ ဘာများ အဆက်အစပ်ရှိလို့တုံး။ ဒါပေတဲ့ သာထွန်းပြောတာကတော့ဖြင့် ကိုးမြို့တင်မဟုတ်ဘူး၊ ဆယ်မြို့လည်း ကယ်နိုင်မှာမဟုတ်ဘူး။ ဒီတော့ မင်းဟာက ဘာဆိုင်လို့တုံး။ မြို့က ကောင်မလေးချောတာရယ်၊ ခွေးကတက်ရယ်၊ ပြုတ်ကျတာရယ်၊ ဘာမှ အဆက်အစပ်မရှိပါလားဟလို့ မေးလိုက်မိတယ်။ သာထွန်းက ရှေ့ကိုကြည့်ရင်း စက်ဘီးနင်းနေရင်းက မသိမသာ လည်ပြန်ကြည့်ရင်း သောက်ကျိုးနည်း အ,တဲ့ကောင်။ မြို့သွားကျောင်းနေတာ မင်း ဘာအမြော်အမြင်များ ရှိလာလို့တုံး။ လခွီးတဲ့မှပဲ။ မေးခွန်းတွေ စွတ်ရွတ်မေးတတ်တာကလွဲလို့ ဘာများ အသိထူးလာလို့တုံးလို့ ပြောတယ်။ မေးခွန်းစွတ်ရွတ်မေးတယ်လို့ မင်းပြောလည်း ခံရမှာပဲ။ မင်းပြောတာက ငါ့ခေါင်းထဲမှာတော့ ဘာမှ အဆက်အစပ်မရှိဘူးလို့ ဆက်ပြောလိုက်တော့ သင်းက ချက်ချင်း ပြန်ချဲတယ်။ ဟ.. အဆက်အစပ်ရှိမှ အဆီအငေါ်တည့်မှ ဆိုလို့ကတော့ကွာ ကလေးသေးစိုတာ ငိုမှသိသလို နှောင်းပြီပေါ့ကွာ။ အနှီးလဲရတာပဲ အဖတ်တင်တော့တာ မဟုတ်ဘူးလား။ တို့ဆီမှာက မင်းတို့မြို့မှာလို စီကာပတ်ကုံး ဆက်ထုံးဖွဲ့ ပြောမနေကြဘူး။ ချက်ဆို နားခွက်ကမီးတောက်ရတယ်ဆိုတာကလေးမှ မင်းမကြားဖူးဘူးလား။ သောက်ကျိုးနည်းတဲ့အကောင်။ မြို့သွားကျောင်းနေတယ်လည်း ဆိုသေးရယ်။ ထူပြီးရင်းထူ၊ နပြီးရင်းနပါလားဟ။ ကိုင်း ဒီတော့ သင်းကိုပြန်ပြောဖို့ ခက်သွားပြန်ရော။ ခွေးကတက်ကပြုတ်ကျတယ်ဆိုတဲ့အကောင်ဟာ ဆပ်ပြာအမွှေးခဲနံ့ရှူရင်း ပြုတ်ကျတာပဲလို့ လွယ်လွယ်ပဲ တွေးကြည့်လိုက်တော့တယ်။ အ,လှချည်ရဲ့လို့ ထပ်ပြီး ကောက်ချက်ချမှာ မခံချင်တော့ဘူး။
ဒါတင်ဘာဟုတ်သေးလို့တုံး။ ကြိုင်စမ်းနဲ့တွေ့ကာမှ ပိုဆိုးတော့တာ။ ငထွန်းတို့သားအဖရဲ့ အခင်းစပ်ဆီက တောချုံစပ်မှာ သူယောင်မယ်ပေါ်တယ်ဆိုတဲ့ဟာ ပြန်ပြောတယ်။ တော်စမ်းပါကွာ၊ ငါလည်း ဦးလေးသိန်းကြီးကို မေးကြည့်ဖူးပါတယ်လို့ ပြောတာတောင် သင်းက မရပ်ဘူး။ ဟကောင်ရ သူယောင်မယ်က နှစ်နှစ်မှတစ်ခါပေါ်တာလို့ လုပ်နေပြန်သေးတယ်။ ပေါ်မှာပေါ့ကွာ၊ အထက်ဆီက ကောင်မတွေ နှစ်နှစ်တစ်ခါလောက် ဒီဖက်တစ်ကြောမှာ လာပြီး ပဲနှုတ်ပြောင်းနှုတ် နှုတ်ကြရတာကိုး။ ဒီတော့ ငထွန်းတို့သားအဖရဲ့ အခင်းအစပ်မှာ အလုပ်သိမ်းလို့ နေ၀င်ချိန်ရောက်တော့ ကောင်မတွေ မြူးတာပေါ့။ အရင်အခေါက်ကတည်းက ဦးလေးသိန်းကြီး ရှင်းပြလိုက်လို့ ငါ သိပြီးပါပကော ကြိုင်စမ်းရာ ဆိုကာမှ သင်းကငြိမ်တယ်။ ဒီတော့လည်း အရပ်ထဲက ပါးစပ်ပြဲပြဲနဲ့ထွက်လာတဲ့ဟာတွေကို အမှန်တရားရဲ့ ပေတံမျိုးစုံနဲ့ တိုင်းလို့မရနိုင်ဘူး။ မြို့က ဆရာကြီးတွေပြောတဲ့ ဆီလျော်အပ်စပ်မှုအခြေခံ အမှန်တရားတို့ ဘာတို့နဲ့လျှောက်တိုင်းနေရင် အမောဆို့ပြီး သေရုံပဲရှိမယ်။ အရပ်ထဲက အဆီအငေါ်ဆိုတာက အရပ်ထဲမှာ တည့်တယ်။ သဘာဝယုတ္တိ၊ အာဂမယုတ္တိတွေနဲ့ မဆိုင်ဘူး။ အမှန်တရားဆိုတာကလည်း အဆီအငေါ်တည့်တာနဲ့တင် မဟုတ်သေးဘူး။ အကျိုးတရားနဲ့လည်း ဆိုင်သေးတာကိုး။ ကြိုင်စမ်းပြောတဲ့ အရည်းမမြသီတို့အိမ်က သာလိကာကြီးအကြောင်း ပြောရစေတော့ရယ်။
အရီးမမြသီအိမ်က သာလိကာကြီးက မောင်တင်မောင်ဆိုသလိုများဆိုလိုက်တာ မသိတဲ့လူတွေအဖို့ ကိုလံဘီယာ ဓာတ်ပြားထဲက ထွက်လာတဲ့အတိုင်းပဲလို့ ပြောကြတယ်။ ဘာပြောချင်ကြသလဲ။ ကြံကြီးစည်ရာကွာလို့ ကောက်ချက်ချချင်သလား ချ။ ဘယ်သူ့မှ အားနာစရာမလိုဘူး။ တစ်ခုပဲရှိတယ်။ အဲဒီကောက်ချက်ချတာမျိုးက ဘာအကျိုးမှ မရှိဘူး။ ဟုတ်ကားဟုတ်၏၊ မှန်ကားမှန်၏။ သူတစ်ပါးအကျိုးမရှိသောစကားမျိုးကား မပြောအပ်လို့ ဆုံးမထားတာလည်း ကြားဖူးကြရဲ့မဟုတ်လား။ ဒီတော့ အမှန်တရားဆိုတာကလည်း အကျိုးနည်းနည်းတော့ရှိမှ ကောင်းမှာပေါ့။ ဒီတော့ အရည်းမမြသီအိမ်ကိုသွား။ အိမ်ဦးခန်းမှာ အသာထိုင်။ သာယာသောစကားကို ဆို။ အရီးသာလိကာကြီးက ဒီနေ့ သီချင်းမဆိုသေးဘူးလားလို့သာ စကားစ။ သူ့ဘာသာဖြစ်လာလိမ့်မယ်။ သာလိကာဆိုတာမျိုးကလည်း လူလိုမှမဟုတ်ဘဲ။ သူဆိုချင်မှဆိုတာ။ ဒီတော့ အိမ်ဦးခန်းမှာချထားတဲ့ ရေနွေးဗန်းထဲက ရေနွေးလေးအသာငှဲ့သောက်။ ကျုပ်ကတော့ဗျာ သာလိကာကြီးဆိုသံမှ မကြားရရင်တော့ အိပ်ပျော်မယ်မထင်ဘူးလို့ ခပ်သာသာ စကားဦးသမ်းထား။ အရီးကတော့ နားငြီးလောက်အောင် ပြောပါလိမ့်မယ်။ နည်းနည်းလောက် သည်းခံပေါ့ဗျာ။ လက်ဖက်ကလေး တစ်ကော်လောက် အသာတို့။ အကြမ်းကလေးသောက်။ အရီးသာလိကာကြီးက မောင်တင်မောင်ထက်တောင် အသံအောင်သေးဆို ဆိုပြီး စကားလေးတစ်ခွန်းလောက်ထည့်။ အရီးမမြသီက ပြောပြပါလိမ့်မယ်။ အတော်ကလေးကြာကာမှ ဟိုတစ်လောဆီက အရီးတည်ထားတဲ့ မရမ်းသီးဆားစိမ်ကလေးများ အဖန်ပျောက်လောက်ပြီလား။ အရင်အိုးကဟာများ မြည်းရတုန်းက လျှာကိုစွဲသဗျာ။ သုံးရက်လောက် ပလုတ်မကျင်းဘဲ နေရတယ်လို့သာ စလိုက်။ ဟော မရမ်းသီးအချဉ်တည်။ အတော်ကလေးကြာပြန်တော့ အရီး သာလိကာကြီးက ဒီနေ့ ဆိုမှဆိုပါဦးမလား။ ကျုပ်ကလည်း တောင်ဖက်ကကောင်တွေကို ကြွားချင်တာ။ သင်းတို့က သင်းတို့ ခွေးနက်ကျော်အူတာများ နာရီတစ်မတ်သာသာ လေအဆက်မပြတ်ဘူးလို့ ကြွားနေကြသေးတာ။ ကျုပ်ကတော့ အရီး သာလိကာကြီးရဲ့ အတောကလေးပဲ ကြားရဦး သူကြီးတစ်ပိုင်လုံး၊ မကျီးပင်ထိပ်တုံးလို့ ကတုံးဖြစ်နေတာတောင် ခေါင်းငြိမ့်ရအောင် ကြွားပြလိုက်ချင်တာလို့ ပုစွန်လုံးများလို တွင်းဝက သာသာ လက်မထောင်ပြလိုက်။ ဘယ်ကြာလိမ့်မတုံး၊ အရီးဆီက ပြောသံကြားရလိမ့်မယ်။ ခဏဆက်စောင့်စမ်းပါဟဲ့။ သားကြီးမောင်သာလိကာ ဟစ်တော့မှာပါ။ နင်ဆာရင် ထမင်းသုတ်ကလေး လုပ်လိုက်မယ်။ မရမ်းသီး ဆားစိမ်လေးနဲ့ လိုက်သဟဲ့။ အဲဒီလိုပြောလာပြန်တော့လည်း ဆာတယ်မဟုတ်ဘူး အရီးရယ်။ မရမ်းသီးချဉ်ကလေးက ခံတွင်းတွေ့တော့ အင်း.. လုပ်လိုက်လေလို့ပဲ ပြန်ပြော။ ဟော ထမင်းသုပ်။ ကြိုက်တတ်ရင် ကြိုပြောထား။ ငါးကျည်းချောက်ကလေးနဲ့ဆိုရင်တော့ ပုစွန်ခြောက်များလို အနံ့မအူလှဘူးပေါ့လို့ အသာပြောထား။ အကျိုးပွားမှာ အမှန်ပဲ။ အမှန်တရားဆိုတာက အရပ်ထဲမှာတော့ အကျိုးရှိတာနဲ့လည်းဆိုင်တာပဲ မဟုတ်လား။
လိုရင်းပြောရရင်တော့ အရပ်မှာက သူ့အရပ်နဲ့သူ့ဇာတ် ဆိုသလိုပဲ။ နဂိုက အပျိုမို့၊ အိုလာလို့ ခါးတုတ်လာတာကိုပဲ ပျားတုတ်လို့ ဆင်ခြေပေးပေး။ ဘယ်လိုအကြောင်းပြပြ၊ ယောင်းမများလို မွှေကောင်းအောင်တော့ နှုတ်ခမ်းပါးဖို့လိုတယ်ဆိုတာ ကြာဖူးရဲ့မဟုတ်လား။ အဲဒါ ဆင်ခြေကောင်းဖို့ ဆိုလိုတာ။ ဆင်ခြေကတော့ ကောင်းမှ။ သို့ပေသိ ရပ်ထဲရွာထဲကဆင်ခြေကို တခြားမှာတော့လည်း သုံးလို့ရမှာမဟုတ်ဘူး။ မရကော ဘာပူစရာတုံး။ ဒီဖက်ဆီက လူတွေက ရပ်ထဲရွာထဲသာ နေကြတာ။ ဒီမှာနေ၊ ဒီမှာသေပဲ။ လောကမာန်အောင်ဘုရားကြီးဆီတောင် ဘုရားပွဲကျကာမှ အလျဉ်းသင့်လို့ တစ်နှစ်တစ်ခါလောက် ရောက်ကြတာ။ ဒီတော့လည်း လောကမာန်အောင်ဘုရားပွဲကြီးလုပ်တိုင်း ဘုရားလူကြီးစာရင်းဝင်တဲ့ ဦးလေးသိန်းကြီးဆိုရင်ပဲ အကြားအမြင်ကြွယ်ဝတဲ့လူတွေစာရင်းထဲ အော်တော်ငုတ်တုတ် ၀င်သွားဆိုပဲ။ တိုက်အုပ်တို့ကတော့ ဦးလေးသိန်းကြီးကို စာရင်းတန်းဝင်ထည့်ထားရတာ။ အကြောင်းကြီးငယ်ရှိရင် ခေါ်ပြီး တိုင်ပင်ရတာ။ တိုင်ပင်ဆို ဦးလေးသိန်းကြီးက လေကောင်းတယ်။ သပွတ်အူပေါက်၊ ရောက်တတ်ရာရာပြောပြီး အာဝဇ္ဇာန်းရွှင်နေတာမျိုးတော့ မဟုတ်ဘူး။ ချက်ကျကျ ပြောတာ။ ဆင်ခြေဆင်လက် ကောင်းသပေါ့ဗျာ။ စကျင်ကျောက်များတောင် အရည်ပျော်ကျလောက်အောင် ပြောနိုင်တဲ့လူမျိုး။ တိုက်အုပ်ကတော့ ငသိန်းကြီးက ပညာရှိရုံမကဘူး။ ပြင်ညာလည်း ရှိသတဲ့။ ဟုတ်စေမှန်စေ ပြောရဖို့၊ ညာရမယ်ဆိုလည်း သိပ်တော့ ၀န်မလေးဘူးတဲ့။ ၀စနာလင်္ကာရအတွက် အပြကောင်းဆိုပဲ။ ဒီတော့လည်း အရပ်ပြန်တိုင်း ဦးလေးသိန်းကြီးတော့ သွားတွေ့ရလေ့ရှိတယ်။
ခုတစ်ခေါက်တော့ ထူးထူးခြားခြား ကြားနေရတာ တစ်ခုရှိတယ်။ `ဖျာပေါ်က လိမ့်ကျလို့ သေရတဲ့ကောင်လိုပဲ´ လို့ ပြောနေကြတာ ဘာမှန်းကို မသိဘူး။ တွေးကြည့်လို့လည်း မပေါ်ဘူး။ ဒီတော့လည်း ဦးလေးသိန်းကြီးနဲ့ တွေ့ဖို့ လိုလာတယ်။ တွေးမယ်ဆိုပေတဲ့လည်း ဦးလေးသိန်းကြီးက တာလမ်းထိပ် ကုက္ကိုပင်ကြီးအောက်ဆီက သောက်ရေအိုးလို လိုကာမှ သွားလို့ရတာမျိုး မဟုတ်ဘူး။ တောဖိတ်မြို့ဖိတ်ဆိုရင် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရှိတတ်တယ်။ အဲဒီလိုအခါမျိုးမှာ တောမေးတောင်မေး၊ မေးလို့မရဘူး။ ဗာရာဏသီပြည်က ဗြဟ္မဒတ်မင်းကြီးကိစ္စလောက်၊ လိစ္ဆ၀ီပြည်ပျက်ခန်းတို့လောက်သော ပြောတာ။ သွားများတော့ မငြင်းလေနဲ့။ မနေ့ကတင် ဗာရာဏသီပြည်က ဗြဟ္မဒတ်မင်းကြီးနဲ့ တာလမ်းထိပ်တင် တွေ့ခဲ့ရသလိုလို ပုံပေါက်လောက်အောင် ပြောတော့တာ။ မောင်မူတို့ မောင်တာတို့နဲ့များ သောင်းရင်တို့ထန်းတဲမှာဆုံရင် လွတ်လပ်ရေးရပြီးကတည်းက လူငယ်တွေ ဘယ်လောက်များ အတွေးအခေါ်အမြော်အမြင် နည်းလာကြသလဲဆို လူကြီးပိုင်းက အမြဲလို စောင့်ရှောက်ထားနေရတာကြည့်ဆိုပြီး ပြောနေသေးတာ။ ပေါ်လတိတ်ဆိုတာက အတော်ပဲမနိပ်လှသမို့ ဘိတ်က ငါးဘုတ်ပြားတောင် ဖုတ်စားလို့ မကောင်းလှဘူးဆိုတာမျိုး ပြောတတ်တယ်။ ဘာမှန်းတော့ မသိဘူး။ ဆိုင်၏ မဆိုင်၏ မပြောနိုင်ဘူး။ ပြောရင်တော့ မှတ်ရတာပဲ။ နားငြီးလာလို့ မောင်တာကြီးက ထပြီးဟောက်ရင် မင်းတို့ကတော့ လူငယ်ကိုးကွ။ မင်းတို့ခေတ်၊ မင်းတို့စကား၊ ငါက ဘာများပြောနိုင်မှာတုံးလို့ပြောပြီး စကားနိုင်က ယူသေးတာ။ ကာလခေါင်းသောင်းစိန်တို့နဲ့များဆုံရင် မင်းတို့ပြောနေတဲ့ မတင်လှလိုဟာမျိုးများ တို့ငယ်ငယ်က လှည့်တောင်မကြည့်ဘူးဆိုတာမျိုး ပြောပြန်တယ်။ ဦးလေးသိန်းကြီးနဲ့ စကားပြောဖို့ အကောင်းဆုံးကတော့ တံတားထိပ်ကားဆိပ်ဆီက အာစိန်ကြီးဆိင် နောက်ဖေးခန်းမှာပဲ။ မန္တလေးရမ်ကလေးများ နှစ်ပက်လောက်တိုက်လိုက်ပြီးရင်ဖြင့် မေးပေရော့။
ဦးလေးသိန်းကြီးက မြို့ဆီကပြန်လာရင် ကားဆိပ်မှာ ရွာဖက်ကားကြုံစောင့်ရင်း အာ့စိန်ကြီးဆိုင် ၀င်လေ့ရှိတော့ သူမြို့တက်တဲ့နေ့မှာ သွားစောင့်နေတယ်။ နောက်တော့ သူ့ကို အာ့စိန်ကြီးဆိုင်နောက် အသာ မ,သွားပြီး တောပြောတောင်ပြော ပြောရင်းက `ဖျာပေါ်ကလိမ့်ကျတဲ့ကောင်´ အကြောင်း မေးရတာကိုး။ ပထမတော့ သူ့ကို ချည်ရသေးတာ။ ဦးလေးသိန်းကြီး မြို့ပေါ်သွားတာ ဇိမ်ခန်းသွားတာဆို၊ ဟုတ်လားလို့ ဆိုတာနဲ့ ဟကောင်ရာ မတော်မတည့် မပြောပါနဲ့။ အသက်ကြီးတော့ အနှိပ်ကလေးဘာလေးခံ၊ အပူကလေးဘာလေး သွားထုတ်တာပါ ဆိုပဲ။ ဒီတော့ အဲဒါလည်း ဇိမ်ရှိတာပဲမဟုတ်လား ဦးလေးသိန်းရယ်။ ဇိမ်ရှိလို့ ဇိမ်ခန်းလို့ပြောတာပါလို့ ဆိုမှာ။ အဲဒီသဘောဆိုရင်တော့ ဟုတ်သပေါ့ငါ့လူရာလို့ ဆိုတယ်။ သူ့ကို ကိုယ်က အသာချည်ထားနိုင်ပါမှ သူနဲ့က စကားပြောလို့ကောင်းတာကိုး။ နှစ်ပက်လောက် ၀င်သွားတော့မှ `ဖျာပေါ်ကလိမ့်ကျတဲ့ကောင်´ အကြောင်း မေးရတော့တာ။ စဉ်းစားလို့များမရလို့ပါ ဦးလေးသိန်းရာ။ ဘယ်လိုကောင်မျိုးက ဖျာပေါ်ကလိမ့်ကျရတယ်ရယ်လို့ဗျာလို့ မေးကာမှ ဦးလေးသိန်းကြီးက သူ့အတွေးအခေါ်စနစ်ကို စပြီး ရှင်းတော့တာ။ မင်းစဉ်းစားကြည့်ကွ။ စဉ်းစားလို့မရဘူးဆိုတာက မင်း မသိလို့ပေါ့ကွ။ မသိတာကို စဉ်းစားကြည့်လို့မရဘူး။ လူတွေ ပြောဆိုနေကြတဲ့ စကား-စကားဆိုတာတွေက မြင်စေချင်လို့၊ တွေ့စေချင်လို့ ပြောတာ။ အဟုတ်ပြောနေတာတွေ မဟုတ်ဘူး။ ဒီတော့ မင်းက သိစရာကို သိမထားရင်၊ မြင်စရာကို မြင်မထားရင် ဘယ်လိုသဘောပေါက်မှာတုံး။ ပြောတာဆိုတာကို ဘယ်လိုလုပ် အနက်ပေါက်မှာတုံး၊ ငါ့လူရဲ့.. ဆိုပြီး စ,ပါလေရော။
ဒီတော့လည်း ဦးလေးသိန်းရာ `ဖျာပေါ်ကလိမ့်ကျတဲ့ကောင်´ အကြောင်းကိုသာ လင်းစမ်းပါ။ ခံတွင်းကောင်းလို့ ပုလင်းထဲကအရည်တွေ ကုန်သွားပါစေ။ သိချင်တာလေးကို တွေးလို့ရအောင် လင်းစမ်းပါလို့ အသာတို့ထားရပြန်တယ်။ ဒီတော့ကာမှ ဒီလိုကွလို့ အကြောင်းရင်း ဇာတ်စုံခင်းပြီး ရှင်းတော့တယ်။ ကမ်းနားက မေတ္တာရောင်ပြန်ပွဲရုံမှာ တောက်တိုမယ်ရလုပ်ရင်း၊ ညဖက် အစောင့်လုပ်တဲ့ ငပိန်ဆိုတာ ရှိတယ်။ ညဖက် ပွဲရုံပိတ်တဲ့အခါ ပွဲရုံ တံစက်မြိတ်အောက်မှာ ကြုံသလို အိပ်တာပဲ။ မိုးလေကင်းတော့လည်း တံစက်မြိတ်အောက်တင် မဟုတ်ပါဘူး။ သင်းက ကြုံသလိုအိပ်တာ။ တစ်နေ့တော့ အညာဆီက ဖျာတွေရောက်လာတယ်။ မှားပို့တာလို့ ပြောတာပဲ။ ဒီတော့ ကုန်လက်ခံတဲ့ မောင်ခင်က ဖျာတွေကိုပြန်မပို့ခင် ပွဲရုံတံစက်မြိတ်အောက်မှာ အသာဖြန့်ထားတယ်။ ဖျာတွေကျိုးမှာစိုးလို့ ဖြန့်ထားတာကိုး။ ဖျာတွေက အတော်ကလေးများတယ်။ ဖြန့်ခင်းထားတာတောင် လူတစ်ရပ်သာသာလောက်ရှိတယ်။ ငပိန်ကလည်း ညတိုင်းဆို အဲဒီပေါ်တက်အိပ်တာ နေမှာပေါ့ကွာ။ ဟန်ကျနေတာပေါ့။ ဖြစ်ချင်တော့ တစ်ည၊ ခပ်ထွေထွေနဲ့ အဲဒီပေါ်တက်အိပ်ရင်း အဲဒီပေါ်က ပြုတ်ကျပြီး နောက်စေ့နဲ့ သမံသလင်းနဲ့ရိုက်မိပြီး သေတယ်။ အဲဒီကစလို့ `ဖျာပေါ်ကလိမ့်ကျတဲ့ကောင်´ လို့ စကားတွင်တော့တာပဲတဲ့။ ဒါက ဦးလေးသိန်းကြီး ရှင်းပြတာ။ ဟုတ်ပြီ ဦးလေးသိန်းရာ ငပိန်တစ်ယောက် ဖျာပေါ်ကလိမ့်ကျပြီးသေတယ်ဆိုတာ သိပြီ။ သိတော့ဘာဖြစ်သေးတုံးလို့ မေးကြည့်ရပြန်တယ်။ ဟကောင်ရဲ့ ဟိုကောင်တွေပြောသလို မင်းလည်း မြို့ပေါ်သွား ကျောင်းနေဆိုပေသိ၊ ခပ်တုံးတုံးပါပဲလား။ ဖျာပေါ်ကလိမ့်ကျလို့ သေတဲ့အကောင်ဆိုတာ၊ ဖျာပေါ်ကလိမ့်ကျလို့ သေတဲ့အကောင်ပဲပေါ့ကွ။ စကားတွင်တာပေါ့။ စကားတွင်ပေသိ၊ တွင်တဲ့စကားကို အသုံးတည့်တာ၊ မတည့်တာက မင်း တော်, မတော်နဲ့ ဆိုင်တယ်။ မင်းအသုံးမကျလို့ မသုံးတတ်တာကတော့ မင်း အသုံးမကျလို့ပဲပေါ့၊ မဟုတ်ဘူးလားတဲ့။
ကိုင်း ရှင်းရဲ့မဟုတ်လား။ စောစောကတည်းက ပြောထားဖူးတယ်။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုတာ။ သူ့အရပ်နဲ့ သူပဲ။ အပြစ်တင်ချင်ကြသေးလားဟင်။ သိပ်တော့ထူးမှာမဟုတ်ဘူး။ ဒါပဲ၊ ဖျာပေါ်ကလိမ့်ကျလို့ သေရတဲ့ကောင်လိုပဲ နေမှာပဲ။
-မြင့်သန်း
ချင်းတွင်း၊ သြဂုတ်၊ ၂၀၀၇
Comments
Post a Comment