ဘာစိတ်ကူးရလို့ရယ်တော့ မသိဘူး။ ကျောင်းမှာ စာသင်သားတွေ၊ စာချတွေ ပါးနေတုန်း ဆွမ်းစားဆောင်ဖက် ရေနံလေးဘာလေး ပြန်သုတ်ထားပြီး၊ ကုဋီအသစ်၊ အိမ်သာအသစ်၊ အပိုတစ်လုံး၊ နှစ်လုံးလောက်ဆောက်ထားရင် ကောင်းမယ်လို့ ဆရာတော်ကြီးက မိန့်တယ်။ ကောင်းပါသဘုရာ့လို့ လက်အုပ်ကလေး အသာချီရင်း တိုက်အုပ်ကတော့ ဖြေရုံပဲ။ ဆရာသမားဆီက၊ လူကြီးဆီက ထွက်လာတဲ့အကြံဆိုတာကို မကောင်းဘူးလို့ပြောလို့ ဘယ်ဖြစ်မှာတုန်း။ အကြံကောင်းဉာဏ်ကောင်း စိတ်ကူးကောင်းကောင်း ဆိုတာမျိုးကလည်း လူကြီးသူမတွေဆီကမှ အထွက်များတာမဟုတ်လား။ အဓိကကတော့ လူကြီးသူမတွေဆီမှာ စဉ်းစားစရာအချိန်တွေ ပိုနေလို့ပဲဖြစ်မယ်။ အချိန်ပိုလို့တင်တော့လည်း မဟုတ်ဘူး။ တခြား ထူးထူးထွေထွေ တွေးနေစရာမှ မရှိဘဲကိုး။ ထူးထူးထွေထွေ တွေးစရာ မရှိမှလည်း တွေးစရာဆိုတာက ကောင်းကောင်းလေးတွေ ပေါ်လာနိုင်တာ။ ထမင်းဆာနေရင်၊ ရှူရှူပေါက်ချင်ရင်၊ ယုတ်စွအဆုံး ယောက္ခမကို ကြောက်နေရင်တောင် အတွေးကောင်းကောင်း စိတ်ကူးကောင်းကောင်း ဘယ်ပေါ်နိုင်မှာလဲ။ ဒါကြောင့်လည်း တိုက်အုပ်နဲ့ ဆရာတော်ကြီးတို့ ကွာကြတာ။ တိုက်အုပ်အနေနဲ့ကတော့ စိတ်ကူးကောင်းကောင်းရဖို့ အချိန်လည်းမရှိဘူး။ ရစရာအကြောင်းလည်း မရှိဘူး။ တင်ပါ့ဘုရားလို့ နှုတ်က အာမခံလိုက်မိတာနဲ့ နောက်တစ်ဆင့်ကတော့ ဒီကိစ္စ ဘယ်သူနဲ့တိုင်ပင်ပြီး ဘယ်အကောင်တွေ ခေါ်ရမယ်ဆိုတာ ဆက်စဉ်းစားရတော့တာပဲ။ ဒီလိုစဉ်းစားတယ်ဆိုတာက တိုက်အုပ် ကျွမ်းကျင်တဲ့ အတတ်ပညာထဲက တစ်မျိုးလို့တောင် ပြောရလိမ့်မယ်။ ခိုင်းတတ်ရင် ပတတ်တောင် ဖွတ်ဖြစ်ခိုင်းလို့ရတယ်လို့ ဆိုကြသမို့လား။ တိုက်အုပ်ကတော့ သူ့တကာတွေကို ငါ့ကိုတော့ဖြင့် ကူကြဦးဆိုတာမျိုးမဟုတ်ရင် ငါ့ကို အကြံလေးဘာလေး ပေးကြစမ်းပါဆိုတာမျိုး ပြောလေ့ရှိတယ်။ တကယ်တော့ ခိုင်းကောင်းအောင် နွားများကို စုတ်သပ်ပေးလိုက်တဲ့ သဘောမျိုးပဲ။
တိုက်အုပ်အနေတော့ သူ့တပည့်တွေ၊ တကာတွေဆီက အကြံယူဖို့စဉ်းစားရတယ်ဆိုပေတဲ့လည်း စိတ်ထဲကတော့ သိပ်ဖြောင့်လှတာမဟုတ်ဘူး။ ဘုန်းကြီးပြန်ပွဲလုပ်တုန်းက၊ ဘုရားပွဲလုပ်တုန်းက၊ ချောင်းထိပ်က တံတားတိုင်လဲတုန်းက စတာတွေမှာလည်း သူ့တပည့်တွေ၊ တကာတွေရှိလို့ပဲ။ စိတ်မထင်လို့ သူ့တပည့်တွေ၊ တကာတွေက ကြိမ်းရင်လည်း သူက ခံရသေးတာကိုး။ ဘုန်းကြီးပြန်လုပ်တုန်းကဆို ကိုယ်တော်က ဘာမှမသိဘဲ ဘာလို့ တင်ပါ့လို့ ၀န်ခံခဲ့ရတာတုန်းရယ်လို့ သူ့လက်ငုတ်လက်ရင်းတပည့် သောင်းစိန် အကြိမ်းတောင် ခံလိုက်ရသေးတယ်။ တံတားတိုင် လဲတုန်းကများဆိုရင် ပင်ပန်းသမှ၊ ညနေမတိုင်ခင်ကပဲ တိုက်အုပ်ခမျာ အပူတွေဘာတွေပျံပြီး ယဲ့ယဲ့ကျန်တော့တာ။ အဲဒီတုန်းက အလုပ်ပြီးကြလို့ ကျောင်းအောက်ဘက်က သစ်ပင်ရိပ်မှာ ထိုင်နေကြတုန်း ကျောင်းပေါ်ဘက်ကနေ ဆရာတော်ကြီးက လှမ်းမေးသေးတယ်။ တိုက်အုပ်ကတော့ တံတားတိုင်ကို ဘယ်လိုလုပ် လဲကြတယ်။ ဘယ်သူက ဘာလုပ်တယ် စသည်ဖြင့် သူ့တပည့်တွေရဲ့ အားထုတ်မှုကို ဆရာတော်ကြီးသိအောင် အရှည်အကျယ် ပြန်လျှောက်တယ်။ ပြီးသွားတော့ ဆရာတော်ကြီးက ထပ်မေးပြန်တယ်။ မောင်ဉာဏ် မင်းကကော ဘာလုပ်သတုန်းတဲ့။ ဒီတော့ တိုက်အုပ်က တပည့်တော်ကတော့ဘုရား၊ ဒီအောက်နားဆီကပဲ ဒီကောင်တွေ အလုပ်ဖြစ်အောင်၊ လုပ်နိုင်ကိုင်နိုင်အောင် ဉာဏ်ကူရပါတယ်ဘုရားလို့ လျှောက်လိုက်တယ်။ ဒီတော့ ဆရာတော်ကြီးက သာသာပြုံးတယ်။ ပြီးတော့ အေးအေးသာဓုလို့ခေါ်ပြီး မင်း သိပ်လည်း အပင်ပန်းမခံနေနဲ့ဦး။ တို့ကျောင်းမှာ မင်းမရှိလို့ မဖြစ်ဘူး။ အေးအေးသာသာနေဦးလို့ မိန့်ပြီး ထွက်သွားတော့တယ်။ အဲဒီတုန်းကများဆို ဆရာတော်ကြီးမိန့်လို့သွားတာနဲ့ တိုက်အုပ်ရဲ့ တပည့်တွေ တကာတွေဆီက ခွိကနဲ အသံထွက်လာသေးတယ်။ မျက်နှာတွေက ပြုံးစေ့စေ့ လုပ်နေကြသေးတာ။ တိုက်အုပ်အဖို့တော့ လျစ်လျူရှုနိုင်ခြင်းဟာ ငြိမ်းချမ်းမှုတစ်မျိုးပဲ ဆိုတာကို လေ့ကျင့်ပျိုးထောင်ထားခဲ့တာ ကြာပြီပဲ။ ဘယ်မှာ တုန်လှုပ်ပါတော့မလဲ။ ဥပေက္ခာတရား များများထားနိုင်တာဟာ နိဗ္ဗာန်နဲ့နီးမယ်လို့ ဘယ်သူမှ အာမခံထားတာ မဟုတ်ပေတဲ့လည်း အလုပ်တော့ ဖြစ်တယ်လို့တော့ တိုက်အုပ်က သိပြီးသားပဲ။
ကျောင်းပေါ်ကဆင်းလာတာနဲ့ တိုက်အုပ်ဟာ ဆွမ်းစားဆောင်ဘက်ဆီကို ထွက်လာခဲ့တယ်။ ဆွမ်းစားဆောင်ဘက်ဆီ လျှောက်လာရင်း ခပ်လှမ်းလှမ်းက အရိပ်ထဲဆီမှာ ကျည်းသားရိုက်နေတဲ့ ကျောင်းသားကလေးတစ်သိုက်ကို တွေ့လိုက်ရတာနဲ့ တိုက်အုပ်က လက်လှမ်းပြလိုက်တယ်။ နှုတ်ကတော့ ဘာမျှ မပြောပေတဲ့ ကျောင်းသားလေးတွေက တိုက်အုပ်က သူတို့ကိုခေါ်တာပဲရယ်လို့ သိလိုက်တယ်။ ဘုန်းကြီးကတော့ ရပ်မစောင့်ဘူး။ ဆွမ်းစားဆောင်ဘက်သွားနေတဲ့ ခြေလှမ်းကို မပြင်ဘူး။ ဆွမ်းစားဆောင်ထဲ လှမ်းတက်လိုက်တော့ အတွင်းနားဆီမှာ အကြမ်းသောက်နေကြတဲ့ ကပ္ပိယကြီးဦးကြွိနဲ့ ကိုရင်ကြီးစံမောင်ကို တွေ့လိုက်ရတယ်။ ဦးကြွိကတော့ သူ့ထုံးစံအတိုင်း သမာဓိသတင်းစာကိုဖတ်နေရင်းက မော့ကြည့်ပြီး၊ ကိုယ်တော် ကြွ၊ အကြမ်းက ကျနေပြီ အတော်ပဲလို့ လှမ်းလျှောက်လိုက်တယ်။ ပြီးမှ ကိုရင်ကြီး ကြံသကာသွားချိုးချေ။ သေတ္တာအသစ်တစ်လုံး ရောက်နေတယ်လို့ ကိုရင်ကြီးစံမောင်ကို ညွှန်ကြားချက်ပေးလိုက်တယ်။ ကိုရင်ကြီးကတော့ တိုက်အုပ်ကို အသာလက်အုပ်ချီရင်း နောက်ဘက်ထဲ အသာထသွားတယ်။ ဦးကြွိက တိုက်အုပ်ကိုကျော်ပြီး နောက်နားဆီလှမ်းလိုက်တော့ ကျောင်းသားလေး သုံးလေးယောက် အပြင်နားဆီမှာ လက်ကလေးပိုက်ပြီးရပ်နေကြတာ တွေ့လိုက်ရတာမို့ ဘာကိစ္စရှိပြန်သတုန်းကိုယ်တော်လို့ လှမ်းမေးလိုက်ပြန်တယ်။ ဘုန်းကြီးလေးက ချက်ချင်းမဖြေသေးဘဲ ရေနွေးကြမ်း လင်ပန်းဆီမှာ ထိုင်ချလိုက်တယ်။ ဦးကြွိက အကြမ်းတစ်ခွက်ထည့်ပြီး ဘုန်းကြီးလေးကို ကပ်လိုက်ရင်း အဖြေစောင့်နေပုံရတယ်။ ဘုန်းကြီးလေးကတော့ ဦးကြွိဖတ်လက်စသတင်းစာ ထိပ်နားဆီကရက်စွဲကို လှမ်းကြည့်လိုက်ပြီး ရက်တွက်နေပုံရတယ်။ ပြီးမှ ခင်ဗျားသတင်းစာက နှစ်ဆယ့်တစ်ရက်လောက် ရှိတောင်နေပြီလို့ လှမ်းပြောလိုက်တော့ ဦးကြွိက ဘာမျှမပြောဘဲ ဘုန်းကြီးလေးမျက်နှာကို ကြည့်နေတယ်။ အကြည့်ကတော့ လာပြန်ပလားဒီအပြော ဆိုတဲ့ပုံပဲ။ တိုက်အုပ်ကတော့ ရက်စွဲအရသာ တွက်ပြောတာ။ အဖြေလိုချင်လို့တော့ မဟုတ်ဘူး။ အရင်ကတည်းက ဦးကြွိက ပြောထားဖူးတာကိုး။ ကျုပ်က သတင်းစာဖတ်တယ်ဆိုတာ သတင်းသိချင်လို့၊ ကမ္ဘာကြီးမှာ ဘာဖြစ်တယ်သိချင်လို့။ တစ်ပတ်နောက်ကျကျ တစ်လနောက်ကျကျ ကျုပ်အတွက် အရေးမကြီးဘူး။ ကျုပ်အတွက်က ဆီတော်၏ဆားတော်၏ သိရင်ပြီးတာပဲ။ သတင်းစာဖတ်ပြီးသိချင်တာက အပျင်းပြေအောင်လို့ပဲ။ ကိုယ်တော့်လို အာဂုံဆောင်ထားတာတွေ ပြန်ပြီးရွတ်ပြဖို့မဟုတ်ဘူးလို့ ကြေငြာချက်ထုတ်ထားတယ်။ ဒီကတည်းက တိုက်အုပ်လည်း စကားမရှည်ရဲတော့ဘူး။
အကြမ်းကို နည်းနည်းငုံပြီး ပါးစောင်းအသာကျင်းလိုက်တယ်။ ပြီးမှ ဆရာတော်ကြီးက ကျောင်းမှာ ကိစ္စတွေပါးနေတုန်း ရေနံလေးဘာလေးသုတ်၊ ကုဋီအသစ်၊ အိမ်သာအသစ်တွေဆောက်ထားရင် ကောင်းမယ်ပြောလို့ဗျာ။ ကျုပ် ဟိုကောင်တွေ အခေါ်ခိုင်းလိုက်ဦးမယ်လို့ အပြင်ဘက်ကို ကြည့်နေရင်း ဦးကြွိကို ဦးတည်ပြောလိုက်တယ်။ ပြောရင်း ကောင်လေးတွေ လာစမ်းလို့ ကျောင်းသားလေးတွေကို လှမ်းခေါ်လိုက်တယ်။ ဦးကြွိကတော့ ဘာမှပြန်မပြောတော့ဘဲ ဦးစံသိန်းရဲ့ ကုန်ဈေးနှုန်းသတင်း ဖတ်နေတယ်။ ကိုရင်ကြီးစံမောင်က ကြံသကာထည့်ထားတဲ့ ကြွေရည်သုတ်ပန်းကန်ကို ဘုန်းကြီးလေးကို ကပ်လိုက်တယ်။ ဘုန်းကြီးလေးကတော့ ပန်းကန်ကို အကြမ်းအိုးထည့်ထားတဲ့ လင်ပန်းထဲချလိုက်ပြီး ကောင်လေးတစ်သိုက်ကို ညွှန်ကြားချက် ပေးနေတယ်။ မင်းက ဘယ်သူ့ဆီသွား၊ မင်းကတော့ ဘယ်ဝါ့ဆီသွား၊ ငပိန် မင်းကတော့ မင်းဘကြီး ဦးကံရဆီသွား ဘုန်းကြီးက မှာလိုက်တယ်လို့ပြော။ မနက်ဖြန်ကျောင်းမှာ ထမင်းစားကြချေလို့။ ဟိုကောင်နှစ်ကောင် မင်းတို့ အခုနေသွားလို့ မောင်ဆင်တို့ သောင်းစိန်တို့က အိမ်မှာရှိမယ်မထင်ဘူး။ သောင်းရင်တဲ ရောက်နေလိမ့်မယ်။ အဲဒီကိုသာ တန်းသွား။ မောင်မူတို့မောင်တာတို့တောင် အဲဒီမှာ မီနိုင်တယ်။ မတွေ့လည်း သောင်းရင်တို့သားအဖကို မှာခဲ့။ အေး.. အရေးကြီးတာက ချမ်းသာအိုးပဲ။ တွေ့အောင်ရှာပြီး သေသေချာချာပြော။ ဒီမယ် လာ ထမင်းစားချေလို့၊ မလာရင် ငါက ကြိမ်နဲ့လာမယ်လို့ ပြော။ တိုက်အုပ်ကတော့ သေချာအောင် အရှည်ကြီး ပြောနေတယ်။ ဦးကြွိကတော့ ဘုန်းကြီးလေးပြောတာ နားထောင်ရင်း ဘုန်းကြီးလေးကို ကြည့်နေပေတဲ့ မျက်နှာမှာတော့ အံ့သြနေပုံ ပေါ်နေတယ်။ ကိုရင်ကြီးစံမောင်ကို တစ်ချက်လှည့်ကြည့်လိုက်တယ်။ ကိုရင်ကြီးစံမောင်က ဘာမျှပြန်မပြောပေတဲ့ ကျုပ်ကိုမကြည့်နဲ့ ကျုပ်ဘာမှမသိဘူးဆိုတဲ့ မျက်နှာပေးနဲ့ ဦးကြွိကို ပြန်ကြည့်လိုက်တယ်။ ဘုန်းကြီးလေးလည်း ပြောဆိုလို့ပြီးသွားကာမှ လင်ဗန်းထဲက ကြံသကာပန်းကန်ကို အသာယူလိုက်ပြီး ကြံသကာ ဖြူဖြူပါးပါးတစ်ချပ်ကိုရွေးရင်း ထောင့်ချိုးလေးကို အသာဖဲ့လိုက်တယ်။
ဒီတော့ ဦးကြွိဆီက အသံထွက်လာပြန်တယ်။ မနက်ဖြန်ကျောင်းမှာ အလှူရှိသလားကိုယ်တော်လို့ မေးတယ်။ ဘုန်းကြီးလေးက အမေးကိုမဖြေသေးဘဲ လက်ထဲက ကြံသကာထက်ပိုင်းကျိုးကို ကြည့်နေရင်း ဦးကြွိ ဒါ ဖြူးဆရာတော်ဆီက ပို့လိုက်တာလားလို့ မေးတယ်။ ဘာအဖြေမှ မကြားရသေးခင်မှာပဲ ဆက်ပြီး မေးလိုက်ပြန်တယ်။ နေပြည်တော် ပျဉ်းမနားဆရာတော်ကြီးဆီက ထင်တယ်လို့ မေးသလိုလို၊ ဖြေသလိုလို ပြောပြန်တယ်။ ဦးကြွိကတော့ စိတ်ရှည်ပုံမရဘူး။ ဘယ်ရယ်ကလို့ ကျုပ်အမှတ်မထားလိုက်မိဘူး။ ဖြူး-ဖြူး၊ နေပြည်တော် ပျဉ်းမနား- နေပြည်တော် ပျဉ်းမနား၊ ကြံသကာ-ကြံသကာပေါ့ ကိုယ်တော်ရာ။ ကျုပ်သိချင်တာက မနက်ဖြန်ကျောင်းမှာ အလှူပွဲရှိသလားလို့ပါလို့ အတော့်ကို သည်းခံစိတ်ထားပြီး မေးလိုက်ပြန်တယ်။ အေးဗျာ ခင်ဗျားကိုအရင် ကျုပ်ပြောဦးမယ်လို့ လုပ်ရင်း သတိလက်လွတ်ဖြစ်သွားတယ်လို့ တိုက်အုပ်က စကားစလိုက်တယ်။ ဦးကြွိကတော့ မျှော်လင့်ချက်တစ်ခုခုနဲ့ ဘုန်းကြီးလေးကို ကြည့်နေတယ်။ ဒီကောင်တွေကို ဆရာတော်ကြီးလုပ်စေချင်တာတွေ ခိုင်းဖို့၊ ထမင်းကလေးကျွေးပြီး ပြောမယ်လို့ပါ။ ခုနေက ကျောင်းသား စာချကိုယ်တော်တွေ၊ စာလိုက်လာတဲ့ ကိုယ်တော်တွေလည်း ပါးနေခိုက်ဆိုတော့ လူ လေး၊ငါး၊ ဆယ်ယောက်စာလောက်ချက်ဖို့ ခင်ဗျားအတွက် အပန်းမကြီးဘူးဆိုတာ ကျုပ်သိတယ်။ ခုနေဆို ကိုရင်ကြီးစံမောင်လည်း ကူနိုင်တာပဲမဟုတ်ပေဘူးလား ကိုရင်ကြီးလို့ တိုက်အုပ်က သူ့အမေးသူဖြေရင်း ပြောလိုက်တယ်။ ကိုရင်ကြီးစံမောင်ကတော့ တိုက်အုပ်မျက်နှာကြည့်နေရတော့ တင်ပါ့ဆိုတဲ့အသံ သိပ်ကျယ်ကျယ် ထွက်မလာဘူး။ ဦးကြွိကတော့ ဘာမျှ ပြောမနေတော့ဘူး။ ဖတ်လက်စသတင်းစာကိုပဲ သူ့မူအတိုင်း အပျင်းပြေ တော်ရောပေါ့ဆိုတဲ့သဘောမျိုး ဆက်ဖတ်နေလေရဲ့။
နောက်နေ့တော့ ဘုန်းကြီးလေးဆင့်ထားတဲ့ သူ့တကာတွေ ရောက်လာကြတယ်။ ကျောင်းက ကိုယ်တော်လေးတချို့ ဆွမ်းဘုန်းပေးပြီးချိန်လောက်ဆိုတော့ မွန်းတည့်ဦးလောက်ပဲ။ တိုက်အုပ်မှာထားတဲ့အတိုင်း ဦးကြွိနဲ့ ကိုရင်ကြီးစံမောင်က ထမင်းနှစ်ဝိုင်းပြင် ကျွေးထားနှင့်တယ်။ ဘာကြောင့် ထမင်းခေါ်ကျွေးတယ်ဆိုတာတော့ တိတိကျကျ မသိကြပေတဲ့၊ တို့ဘုန်းကြီးကတော့ ခိုင်းစရာရှိလို့ ခုလိုလုပ်တာပဲဆိုတာ ရိပ်မိနေတယ်။ ဗျို့ ဦးကြွိ ခင်ဗျားက မင်္ဂလာဆွမ်းကျွေးတာလားလို့ ကာလသားတွေထဲကတစ်ယောက်က နောက်သေးတာ။ ဦးကြွိက ဘယ်ခံမှာတုန်း။ ဟကောင်တွေ စားထားကြ၊ ပြီးရင် ချီးကျင်းတူးရမယ်လို့ လှမ်းပြောလိုက်တယ်။ ထမင်းဝိုင်းက စိုတယ်။ ဦးကြွိက ထမင်းဟင်းအချက်ကောင်းရုံမကဘူး ဟင်းစပ်တည့်အောင် ချက်တတ်တဲ့လူမျိုး။ တိုက်အုပ်ကတော့ ကျောင်းကြီးပေါ်မှာ ဆရာတော်ကြီးနဲ့အတူ ဆွမ်းဘုန်းပေးပြီးတော့ အချိုပွဲတည်ရင်း နာရီဝက်၊ တစ်နာရီကြာအောင် ကျောင်းကိစ္စ၊ အရပ်ကိစ္စ နှီးနှောလေ့ရှိတတ်တာကိုး။ ကိစ္စ၀ိစ္စပြီးကာမှ ကျောင်းကြီးပေါ်က အောက်ဖက်ကို ကြွလာတယ်။ ဒီတော့ ဆွမ်းစားဆောင်ထဲက အဖွဲ့လည်း ထမင်းစားပြီးသလောက် ဖြစ်နေကြပြီ။ တိုက်အုပ်ရောက်လာတော့ သူ့တပည့်တွေက တစ်ပြိုင်တည်းလိုလို ၀ိုင်းပြီး လက်အုပ်ချီရင်း ဦးချကြတယ်။ ဘုန်းကြီးလေးလည်း သူ့အတွက်ချထားတဲ့ အကြမ်းအိုးလင်ဗန်းနားဆီမှာ ထိုင်ချလိုက်ရင်း အေးအေးဆေးဆေးနေကြကွာလို့ ပြောရင်း လေပြေထိုးသလို ချိုချိုသာသာ ချစ်ဖွယ်သောစကးကို ဆိုလိုက်တယ်။ ဒီတော့လည်း ချက်ဆိုနားခွက်ကမီးတောက်နေကျ သူ့တပည့်ကျော် သောင်းစိန်ဆီက အသံထွက်လာတယ်။ သောင်းစိန်က သူ့ဆရာကို တိုက်ရိုက်ပြောနိုင်တဲ့လူ။ ဘုန်းကြီး ခိုင်းမှာဖြင့် တည့်တည့်သာပြော။ ခုအချိန်က ထမင်းလုံးစီချိန် ရောက်နေပြီတဲ့။ အားလုံးက ရယ်ကြတယ်။ ဘုန်းကြီးလေးကတော့ ခေါင်းတငြိမ့်ငြိမ့် လုပ်နေပြီးကာမှ ဆရာတော်ကြီးရဲ့ဆန္ဒကို ပြောပြတယ်။ ဘုန်းကြီးလေးကျွေးထားတာကလည်း ဗိုက်ကားအောင် စားသောက်ပြီးထားပြီမို့ အားလုံးက ကုဋီအသစ်၊ အိမ်သာအသစ်ဆောက်ဖို့ကိစ္စအတွက် ၀ိုင်းလုပ်ကြဖို့ သဘောတူကြရုံပဲ ရှိတော့တာပေါ့။ ဘယ်နေ့ဘယ်ရက် လုပ်ကြမယ်ပေါ့။ အမှန်မှာတော့ ဒီကိစ္စက ဒီလိုနဲ့ပြီးသွားဖို့ကောင်းတာ မပြီးဘူး။
အာ့စိန်ကြီးလှူတဲ့ အငြိမ့်ပွဲတုန်းကလိုပဲ ဆွမ်းစားဆောင်နဲ့ ဘယ်လောက်နီးမယ်၊ စည်းရိုးဘက် ဘယ်လောက်ကပ်မယ်ဆိုတာ ပြဿနာဖြစ်ကရော။ ဆွမ်းစားဆောင်နဲ့နီးရင် လေပင့်လိုက်တိုင်း ကျုပ်ချက်တဲ့ ပြုတ်တဲ့ဆီမှာ ချီးနံ့သေးနံ့ရနေမယ်။ စည်းရိုးဘက်ဆီမှာဆောက်လို့ ဦးကြွိဝင်ပြောရာက စတာပဲ။ စည်းရိုးနားဆီဆိုပြန်တော့လည်း သိပ်ဝေးပါသကွာ၊ တစ်ပိုတစ်ပါးသွားချင်တဲ့လူတွေက နေပူကြီးထဲ အဝေးကြီးလျှောက်ကြရမှာလို့ ဦးကံရက မသိမသာ ကန့်ကွက်တယ်။ ဒီတော့ မောင်တာကြီးက ၀င်ပြောတယ်။ ဦးကြွိပြောတာ ဟုတ်တယ်။ ဒါပေတဲ့ အနံ့အသက်တင်မဟုတ်ဘူး၊ တခြားကျန်းမာရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကိုလည်း ထည့်စဉ်းစားဖို့ လိုသတဲ့။ လွတ်လပ်ရေးရပြီး ပထမ လေးငါးရှစ်နှစ်လောက်အတွင်း ကျေးလက်နေလူထုအတွက် အကြီးမားဆုံးသောပြောင်းလဲမှုကြီးဟာ ကျင်းအိမ်သာကို အသုံးချလာတာပဲဆိုပြီး အိမ်သာရဲ့ စနစ်တကျဖွံ့ဖြိုးတိုးတက်မှုကို သမိုင်းဆိုတာနဲ့ယှဉ်ပြီး ရှင်းတော့တာ။ သူကတော့ လောကကြီးကို စိမ်းလန်းစေ၊ ငြိမ်းချမ်းစေ လုပ်ချင်တဲ့လူကိုး။ ဒီတော့ကာမှ ရှုပ်ကုန်တော့တာ။ အမှန်မှာတော့ လောကကြီးဆိုတာက နင်နေငါသွားလို သဘောထားမှ ကောင်းတာ။ နည်းနည်းကလေး အရေးပေးတယ်ဆိုတာနဲ့ လောကကြီးက ရောင့်တက်ချင်တာ။ ဒီတော့လည်း ဆိုင်ဆိုင်မဆိုင်ဆိုင် ၀င်ပြောကုန်ကြတော့တာပဲ။ နွားရှေ့ထွန်ကျူးသွားတော့ ၀ိုင်းခွေ့ကြတော့တာပေါ့။ မောင်တာကြီးပြောတာတွေက အဟုတ်ချည်းပဲ၊ အကောင်းချည်းပဲ။ ဒါပေတဲ့ ကိစ္စက အိမ်သာဆောက်ဖို့ကိစ္စ။ ဆင်ခြင်တုံတရားတို့၊ သမိုင်းအမြင်တို့၊ အမှန်တရားတို့ သိပ်မလိုဘူး။ ဒေါက်တာနှောင်းကြီး ပြောသလို ပြောရရင်တော့ `တောနဲ့လောဂျစ်နဲ့ကတော့ ပြောမဖြစ်တဲ့ကိစ္စ´ လို့ပဲ ပြောရမှာ။ မောင်တာကြီးကတော့ ကိစ္စပြတ်အောင် အာ့စိန်ကြီးအလှူပွဲအတွက် ဆုံးဖြတ်ရတာမျိုး လုပ်ချင်ပုံပေါ်တယ်။ မောင်မူကိုလှည့်ကြည့်တယ်။ မောင်မူက မြင်လိုက်ပေသိ ဒီတစ်ချီတော့ မသိချင်ယောင်ဆောင်နေတယ်။ မဆောင်လို့ကလည်း မဖြစ်ဘူးကိုး။ သူ့မှာလည်း သူ့အကြောင်းနဲ့သူ။
အာ့စိန်ကြီးအငြိမ့်ပွဲကိစ္စတုန်းက မောင်တာဖက်ကလိုက်မိလို့ သူ့ခမျာ ခုထိ အပြောခံရလို့ မဆုံးသေးဘူး။ အဆိုးဆုံးက သူ့အိမ်က သူ့ယောက္ခမ။ အိမ်မှာစကားပြောလို့ အမြီးအမောက်မတည့်လေတိုင်း သူ့ယောက္ခမအထီးကြီးက မင်းတို့က အာဏာရှင်ဆန်သကိုးကွ ဆိုတာကိုအစချီပြီး မောင်တာရဲ့အဆုံးအဖြတ်ကို မောင်မူက ထောက်ခံတဲ့အကြောင်း အပ်ကြောင်းထပ်အောင် စမြုံ့ပြန်ပြတော့တာ။ ဆိုင်၏မဆိုင်၏ မသိဘဲ ကမ္ဘာမှာ တိုက်ကြီးငါးတိုက်ဆိုလား ခုနစ်တိုက်ဆိုလား ရှိတဲ့အထဲက ငါတို့များ ပဒေသရာဇ်ကို တိုက်လာတာ၊ ဖက်ဆစ်ကိုတိုက်လာတာ၊ ကိုလိုနီကို တိုက်လာတာဆိုတော့ တိုက်ကြီးသုံးတိုက်ကို တိုက်လာတာ။ လွတ်လပ်ရေးကြီးရပြီးလို့ ဘာကြာသေးသလဲ၊ မင်းတို့က ဖက်ဆစ်အာဏာရှင် ပြန်ဖြစ်ချင်ကြတာကိုးကွဆိုပြီး ပြောတော့တာပဲ။ ဘယ်လိုမျှ ပြန်ရှင်းပြလို့ မရဘူး။ ခက်နေတာတစ်ခုက ဒီလိုယောက္ခမမျိုးကလည်း တည့်အောင်ပေါင်း၊ ကျောင်းကိုထုတ်၊ ဥပုသ်ရက်ရှည်စောင့်ခိုင်းမှလို့ လုပ်ပစ်လို့မရဘူး။ လုပ်လိုက်မိရင် ကိုယ်ပဲ နေ့စဉ်ထမင်းချိုင့်သွားပို့နေရမှာ။ ယောက္ခမနဲ့ သိပ်မျက်နှာကြောမတည့်ပေတဲ့ သူ့သမီးမျက်နှာက ရှိသေးတာ။ ရှင့်မှာက ခက်ပါတယ်။ အဖေက ရှင့်ကို စေတနာနဲ့ အကောင်းပြောတာကို ရှင်က အကောင်းလို့ကိုမထင်ဘူးလို့ အိပ်ယာဝင်ခါနီးတိုင်း မိန်းမက ပြောပြနေသေးတာ။ ပြဿနာက အိပ်ယာဝင်တယ်ဆိုတာ ဟိုတုန်းက ဘုရင်ခံဒါဘာပွဲလို ပြောချင်ရာလျှောက်ပြောရတဲ့နေရာမဟုတ်ဘူး။ အချိန်မဟုတ်ဘူး။ အိပ်မလို့လုပ်တုန်းဆိုတဲ့ အချိန်မျိုးမှာက အာရုံထွေပြားစရာ စကားပြောအပ်တဲ့ အချိန်မျိုးမှ မဟုတ်ဘဲ။ ပြောမယ်ဆိုရင်တော့ တစ်သီကြီးပဲ။ မောင်တာကြီးရဲ့ တစ်သွေးတစ်သံတစ်မိန့်ကိစ္စက မောင်မူမှာ ပြောစရာ အပုံကြီး။ စဉ်းစားစရာတွေ အပုံကြီး။ သူငယ်ချင်းချင်း ထောက်ခံအားပေးချင်ပေတဲ့ ယောက္ခမမျက်နှာက မြင်နေတယ်။ အချိန်မတော် သူ့မိန်းမပြောတဲ့ သူ့ယောက္ခမ စေတနာတရားက နားထဲကြားနေတယ်။ ဒီတော့ မောင်မူက ချောင်းသံပြင်းပြင်းတစ်ချက်ဟန့်လိုက်တယ်။ အားလုံးငြိမ်သွားကြတယ်။
ဒီလိုလုပ်ကြဗျာလို့အစချီရင်း ဘယ်သူ့ကိုမျှမကြည့်ဘဲ ခပ်လှမ်းလှမ်းဆီက နံရံမှာ လွှားပြီးအခြောက်ခံထားတဲ့ လက်သုတ်ဝတ်တွေကို ကြည့်လိုက်တယ်။ အားလုံးမျှမျှတတကလေးဖြစ်သွားအောင် မဲခွဲကြတာပေါ့ဗျာ။ ကျုပ်တို့ကိုယ်တော်နဲ့ကျုပ်က ဒိုင်ပေါ့ဗျာ။ မဲရေမယ်။ ဦးကံရတို့လူသိုက် သဘောကျတဲ့နေရာ၊ မောင်တာကြီးပြောတာ သဘောကျတဲ့နေရာ နှစ်နေရာရှိတဲ့အနက် သဘောကျရာကို မဲပေးပေါ့ဗျာလို့ပြောပြီး အကြမ်းခွက်ထဲက အကြမ်းလက်ကျန်ကိုမော့လိုက်ရင်း ပါးစောင်ကို ကျင်းလိုက်တယ်။ မောင်တာကြီးကတော့ အတော့်ကို အူကြောင်ကြောင် ဖြစ်သွားပုံရတယ်။ စိတ်ထဲမှာ ကြိတ်ပြီး ဘုရားတလိုက်ပုံရတယ်။ ဒီကောင်ကများ အများသဘောကျ အဟောဝတဆိုတာကို ရှေ့နေလိုက်သတဲ့လားလို့လည်း တွေးကြည့်နေပုံရတယ်။ မောင်မူကတော့ ဘယ်သူ့ကိုမျှမကြည့်ဘဲ ဦးကံရတို့လူသိုက်ပြောတာ သဘောတူတဲ့လူတွေ လက်ထောင်လို့ ပြောလိုက်တယ်။ မောင်တာကြီးနဲ့ ချမ်းသာအိုးတို့နှစ်ယောက်သားပဲ လက်မထောင်ကြတာ။ ချမ်းသာအိုးကတော့ ကျောက်တိုင်ကိုမှီပြီးထိုင်နေတာ လှုပ်တောင်မလှုပ်ဘူး။ တိုက်အုပ်က ထောင်ထားတဲ့လက်တွေကို ရေတယ်။ ဟုတ်ပြီ၊ မောင်တာကြီးပြောတာ သဘောတူတဲ့လူတွေ လက်ထောင်လို့ပြောတော့၊ မောင်တာတစ်ယောက်ပဲ လက်ထောင်တယ်။ ဒီတော့မောင်မူက သူ့အနားဆီက တိုင်ကိုမှီရင်းထိုင်နေတဲ့ ချမ်းသာအိုးကို ဟကောင် မင်းကဘာတုန်း၊ ခုနလည်း လက်မထောင်ဘူး၊ ခုလည်း လက်မထောင်ဘူး။ ဘာဖြစ်နေတာတုန်းလို့ ခပ်ကျယ်ကျယ် လှမ်းငေါက်တော့မှ ချမ်းသာအိုးက လက်ထောင်လိုက်တယ်။ ဒီလိုနဲ့ပဲ ဦးကံရတို့လူသိုက်ဖက်က အနိုင်ရလို့ အတည်ဖြစ်သွားတယ်ဆိုပါတော့။ နောက်ဆုံး ဘုန်းကြီးလေးကပဲ အားလုံးကို သင့်သင့်မြတ်မြတ်နဲ့ဝိုင်းလုပ်ဖို့၊ သူပြောနေကျအတိုင်း ရွှေပြည်အေးတရားကလေး မြွက်တယ်။ ပြောဆိုပြီးတော့ မောင်မူနဲ့မောင်တာလည်း သောင်းရင်တို့တဲဘက်ဆီ ထွက်လာခဲ့ကြတယ်။ ဟကောင်၊ ချမ်းသာအိုး လာလေကွာလို့ မောင်တာကြီးက လှမ်းခေါ်တော့ ချမ်းသာအိုးက နှစ်ခါမခေါ်ရဘူး။ တကယ်တော့ ချမ်းသာအိုးက မောင်တာကြီးဖက်က ရပ်တဲ့လူ မဟုတ်ပေဘူးလား။
မောင်တာနဲ့မောင်မူက ယှဉ်ပြီးလျှောက်လာကြပေတဲ့ စကားမပြောဘူး။ မကျေနပ်တော့ ဖြစ်စရာပေတဲ့ သူတို့နှစ်ယောက်က သူတို့ချင်း နားလည်မှုရှိတယ်လို့ ပြောရလိမ့်မယ်။ မကျေနပ်တာရှိလည်း အချင်းချင်း ဖွင့်ပြောတတ်ကြတော့၊ သူတို့ကြားထဲမှာ အတွင်းကြိတ်နဲ့ ကောက်တာမျိုး၊ တေးထားတာမျိုး မရှိဘူး။ အတော်ကလေးကြာကာမှ မောင်တာက မောင်မူရာ၊ မင်းကကွာ ချီးယိုအိမ်သာဆောက်တဲ့ကိစ္စကို ဘာလို့ သဘောတူ၊ မတူ လုပ်နေတာတုန်း။ ဘာစိတ်ကူးပေါက်လို့ အဲဒီလို လုပ်တာတုန်း။ သိကြားသာသနာနဲ့ နီးပြီထင်လို့လားလို့မေးပြီး ခွီးတဲ့မှပဲလို့ ပြောတယ်။ မောင်မူက ဘာမျှပြန်မပြောရသေးခင် သူ့ဘာသာ ခေါင်းခါရင်း ရယ်နေတယ်။ ငါရှင်းပြပါ့မကွာလို့ အစချီပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြတယ်။ မောင်မူပြောတာနားထောင်နေရင်း မောင်တာကြီးနဲ့ ချမ်းသာအိုးတို့ကတော့ ပြုံးရင်း၊ တစ်ချီတစ်ချီ အသံထွက်အောင်တောင် ရယ်မိကြတယ်။ မောင်မူပြောတာ ပြီးသလောက်ရှိသွားတော့ သူတို့နှစ်ယောက်သားနောက်ကလျှောက်လာတဲ့ ချမ်းသာအိုး အားရပါးရ ရယ်လိုက်တယ်။ မင်းဆရာနှောင်းကြီးပြောတာ မကြားဖူးဘူးလား၊ မြောက်ဘက် စိနတိုင်းဆီက ဒေသတစ်ခုမှာ ဆိုရိုးစကားရှိတယ်တဲ့။ ယောက္ခမဆိုတာ နောက်ချေးနဲ့တူတယ်တဲ့။ နောက်ချေးဟာ နံတော့နံမှာပဲ။ ပန်းကလေးတွေကို ပွင့်စေသတဲ့။ သစ်ပင်ဝါးပင်တွေကို စိုပြေစေသတဲ့လို့ မောင်တာကြီးက ပြောတယ်။ ပန်းပွင့်၊ မပွင့်တော့ မသိဘူးငါ့လူ၊ ငါတော့ နောက်ချေးနံ့လောက်နဲ့တင် နှာနုထဲစွဲနေတာ ခုဆို ခဲတောင်နေပြီလို့ပြောရင်း မောင်မူက ရယ်တယ်။ အဲဒီတော့မှ မောင်မူက နောက်ဖက်ကိုလှည့်ကြည့်လိုက်ရင်း ချမ်းသာအိုး မင်းက ဘာစိတ်ကူးနဲ့ ငါပြောတာကိုသဘောတူရတာတုန်းလို့ လှမ်းမေးလိုက်တယ်။ ကျုပ်က ကျောင်းတိုင်ကိုမှီပြီး ငိုက်နေတာလို့အစချီပြီး ချမ်းသာအိုးက ပြန်ပြောတယ်။ ဦးကြွိလက်ရာက ကောင်းကောင်းဆိုတော့ စားသောက်ပြီး ကိုရင်သောင်းစိန်ပြောသလို ထမင်းလုံးစီနေတာ။ ဘယ်အချိန်အိပ်ပျော်သွားလိုက်မှန်း မသိဘူး။ နောင်ကြီးမူက ဟကောင်လို့ ပြောလိုက်ကာမှ လန့်နိုးသွားတာ။ လန့်နိုးလို့ ကြည့်လိုက်တော့ နောင်ကြီးတာက လက်မြှောက်ထားတာတွေ့လို့ ကျုပ်လည်း လက်မြှောက်လိုက်တာပဲလို့ ချမ်းသာအိုးက ဆက်ပြီးရှင်းပြတယ်။ ဒီတော့မှ မောင်တာကြီးက ကောင်းကွာလို့ ပြောတယ်။ မောင်မူကတော့ မောင်တာ့ကိုတစ်လှည့် ချမ်းသာအိုးကိုတစ်လှည့် ကြည့်နေတယ်။ ချမ်းသာအိုးက ဆက်ပြောနေသေးတာ၊ ကျုပ်အတွက်ကတော့ဗျာ၊ ဘယ်နားဆီဆောက်ဆောက် တူးတာကတော့ တူးရမှာပဲ မထူးပါဘူးတဲ့။ မောင်မူကတော့ ပြုံးနေတယ်။ မောင်တာကတော့ ဘာမျှမပြောတော့ဘဲ ခေါင်းခါလိုက်တယ်။ ပြီးတော့မှ မောင်တာကြီးဆီက တောက်ခေါက်သံတစ်ချက် ခပ်ကျယ်ကျယ် ထွက်လာတယ်။ ဒီတောက်ခေါက်သံက အတော်ကလေးပြင်းတယ်လို့ ပြောရပေမယ့်လည်း အရင့်အရင်က တောက်ခေါက်သံတွေလိုပဲ ကမ္ဘာ့လေထုကြီးဝင်ပြီး ပျောက်ကွယ်သွားတာမို့ ဘယ်သူကမျှ စနစ်တကျ မှတ်တမ်းမှတ်ရာ လုပ်မထားလိုက်မိဘူးလို့ ထင်ရတာပဲ။
-မြင့်သန်း
ချင်းတွင်း၊ မေလ၊ ၂၀၀၉
Comments
Post a Comment