ဖုန်းဆက်တုန်းက ဟိုကောင်ကပြောတယ်။ မင်းလာရင် ဟိုဘက်ကမ်းဆီ လှေလှော်သွားရအောင်တဲ့။ ကျွန်တော်လည်း ဟိုရောက်တာနဲ့ ၀ီစကီထိုင်သောက်ကြရင်း ဟိုကောင့်ကိုမေးတယ်။ မင်းဘယ်တော့သွားချင်သလဲလို့။ ဒီတော့ သူက ငါလှေစပ်ခိုင်းထားသတဲ့။ ရတာနဲ့ သွားမယ်။ ကျစ်လုံးလည်း လိုက်မယ်တဲ့။ ဘာလို့သူက လိုက်ချင်ရတာလဲဆိုတော့ သူ့ရည်းစား သူများနဲ့လိုက်သွားလို့တဲ့။ သူ့ရည်းစား သူများနဲ့လိုက်သွားတာနဲ့ မြစ်ဟိုဘက်ကို လှေလှော်ထွက်တာနဲ့ ဘာဆိုင်လို့လဲလို့ ကျွန်တော်ကမေးတော့ ဟိုကောင်က ငါဘယ်သိမှာလဲ၊ သူက လိုက်ချင်တယ်ပြောလို့လို့ပြောပြီး ပုခုံးတွန့်ပြတယ်။ မြစ်ဘက်ကိုလှမ်းကြည့်လိုက်ရင်း သူ့ဖန်ခွက်ထဲကို ၀ီစကီဖြည့်ပေးလိုက်ရင်း မေးလိုက်မိတယ်။ ဟိုဘက်ကမ်းမှာ အရက်ဆိုင်ရှိလားလို့။ သူက ပုခုံးတွန့်ပြရင်း ငါဘယ်လိုလုပ် သိမှာလဲ။ ငါမှ မရောက်ဖူးဘဲလို့ ပြန်ဖြေတယ်။ စားပွဲထိုးတဲ့ကောင်ကလေးကိုခေါ်ပြီး မေးကြည့်ဦးမလို့ပဲ၊ မမေးတော့ဘူး။ ခုခေတ် စားပွဲထိုးတဲ့ကောင်ကလေးတွေက အရက်ပုလင်းအကြောင်းထက် မိုဒယ်ကလေးတွေအကြောင်းပဲ ပိုသိတာများတယ်။ ခရမ်းချဉ်သီးဆော့နဲ့ ငရုတ်ဆီ သိပ်ကွဲကြတာမဟုတ်ဘူး။ ဘာဝိုင်ရှိသလဲလို့မေးရင် ၀ိုင်အဖြူ၊ ၀ိုင်အနီရှိပါတယ်လို့ဖြေပြီး ကိုယ့်ကိုယ်ကိုယ် အတော်အထင်ကြီးတတ်ကြတာ။
ကျစ်လုံးရောက်လာတယ်။ ဘာသောက်မလဲလို့မေးတော့ ဘီယာသောက်မယ်လို့ ဖြေတယ်။ မှာမလို့လုပ်နေတုန်း ၀ိုင်အနီကောင်းကောင်းကလေး သောက်ရရင် ကောင်းမယ်လို့ ပြောတယ်။ ပြောနေတုန်း စားပွဲပေါ်က ၀ီစကီပုလင်းကိုကြည့်လိုက်ရင်း မင်းတို့ ၀ီစကီသောက်နေကြသလားလို့ မေးပြီး ဘယ်သူကမှ ဘာမှပြန်မဖြေရသေးခင်မှာပဲ ငါလည်း ၀ီစကီသောက်တော့မယ်ကွာလို့ ပြောတယ်။ စားပွဲထိုးကောင်ကလေးက ၀ီစကီသောက်တဲ့ဖန်ခွက်တစ်လုံး ထပ်ချပေးတယ်။ ဟိုကောင်က ကျစ်လုံးကိုကြည့်ပြီး မင်းရည်းစားတွေ သူများနောက်လိုက်သွားတာလည်း သွားသင့်တာပဲလို့ အရင်းမရှိ အဖျားမရှိ ပြောလိုက်တယ်။ ကျစ်လုံးက ဘာမှပြန်မပြောတော့ ကျွန်တော်က ဟိုကောင့်ကို ဘာလို့လဲလို့ လှမ်းမေးလိုက်တယ်။ ဘယ့်နှယ်ကွာ တစ်ထိုင်တည်းအမျိုးမျိုး။ အခုပဲ ဘီယာသောက်မယ်၊ နောက်တော့ ၀ိုင်သောက်မယ်၊ နောက်တော့ ၀ီစကီသောက်မယ်လုပ်နေတာ မင်းမကြားဘူးလားလို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်က ပြုံးလိုက်ရင်း ကျစ်လုံးကို အခု သူများနောက်ပါသွားတာ မင်းရည်းစား ဘယ်နှစ်ယောက်မြောက်လဲလို့ မေးလိုက်မိတယ်။ မင်းက ဘာလုပ်မလို့လဲလို့ သူက ပြန်မေးတယ်။ ဒီတော့ ကျွန်တော်လည်း စဉ်းစားကြည့်မိတယ်။ သူ့ရည်းစား ဘယ်နှစ်ယောက်မြောက်မြောက် တခြားသူနဲ့ လိုက်သွားတာပဲ ကျွန်တော့်အလုပ်မှမဟုတ်ဘဲ။ ဒီတော့လည်း ဖန်ခွက်ထဲက ၀ီစကီကိုပဲ သောက်ချလိုက်မိတယ်။
မြစ်ဘက်ကို ကျွန်တော်ကြည့်နေလိုက်မိတယ်။ ဟိုနှစ်ကောင်လည်း မြစ်ဘက်ကိုပဲ ကြည့်နေကြတယ်။ မော်တော်တွေ ဘယ်နားဆီ ဆိုက်သလဲလို့ ကျွန်တော်က မေးမိတယ်။ ဟိုကောင်ကတော့ ပါးစပ်က ဘာမှပြန်မဖြေဘဲ ပုခုံးတွန့်ပြတယ်။ ဒီကောင့်ကြည့်ရတာ ဘာသာစကားကို စိတ်နာနေပုံရတယ်။ အဲဒီတုန်းမှာပဲ ကျစ်လုံးဆီက အသံထွက်လာတယ်။ မိန်းမတွေဆိုတာကတော့ မိန်းမတွေပဲတဲ့။ ဟိုကောင်ရောကျွန်တော်ပါ ကျစ်လုံးကို လှမ်းကြည့်လိုက်မိတယ်။ ဟိုကောင်ကတော့ ဘာမှမပြောဘဲ သီဟိုစေ့လှော်ကိုယူပြီး ပျင်းပျင်းရိရိဝါးနေတယ်။ ပါးစပ်ထဲက ၀ါးနေတာတွေ ညက်ပုံမရသေးဘူး။ နောက်ထပ် သုံးလေးစေ့ထပ်ယူပြီး လက်ထဲမှာ အသာဆနေတယ်။ ပါးစပ်ထဲလည်း မထည့်သေးဘူး။ ကျွန်တော်ကတော့ ခုလေးတင် ၀ီစကီခပ်များများလည်ချောင်ဲးစီးမျောသွားစေခဲ့ပြီပြီမို့ လည်ချောင်းသန့်နေတယ်။ ဘာသာစကားနဲ့တည်ဆောက်ရင် ပတ်ဝန်းကျင်နဲ သပ္ပာယဖြစ်နေတာပေါ့။ ကျစ်လုံးပြောလိုက်တဲ့စကားကိုတော့လည်း သိပ်မကြိုက်ဘူး။ မကြိုက်ရတာက ဒီကောင့်လိုအကောင်မျိုး မပြောသင့်တဲ့စကားမျိုး ဖြစ်နေလို့။ ဒီကောင်က အရပ်စကားနဲ့ပြောရရင် တန်းကုန်အောင်ထားတာ။ ပညာရှိစကားနဲ့ပြောရရင်တော့ ပီအိတ်ခ်ျဒီဆိုသလားပဲ ရထားတာတဲ့။ ဒါပေတဲ့ ပြောလိုက်ပုံက ဆင်ခြင်တုံတရားမရှိတဲ့ ငတိတွေ ပြောပုံမျိုး။ ဈေးထဲမှာ ကစော်ဆိုင်ထဲမှာ ခပ်တုံးတုံးကောင်တွေ ပြောတာမျိုး။ ယုတ်စွအဆုံး ၀ီစကီကောင်းကောင်းလေးသောက်နေတဲ့အခါမျိုးမှာ ၀ီစကီမျက်နှာကိုထောက်ပြီး မပြောသင့်တဲ့စကားမျိုး။ ၀ီစကီသောက်တယ်ဆိုတာက ဆင်ခြင်တုံတရားအခြေခံနဲ့ သောက်ကြတာမဟုတ်လား။
ဘာဖြစ်လို့မင်းက ဒီလိုပြောရတာလဲ။ `မိန်းမများသည် ယောက်ျားများဖြစ်ကြ၏´ လို့ တစ်ယောက်ယောက်က ယုတ္တိနည်းလမ်းတကျပြောတာများ မင်းကြားလိုက်မိလို့လားလို့ ကျွန်တော်က မေးလိုက်မိတယ်။ ကျစ်လုံးက ပညာရှိပြုံးပြုံးတယ်။ ပညာရှိပြုံးဆိုတာက ဟိုလိုလိုဒီလိုလိုပြုံးတာ။ မှန်တယ် မမှန်ဘူးလို့ ၀န်မခံဘဲ ငါသိပါသော်ကောဆိုတဲ့ မျက်နှာထားမျိုးနဲ့ ပြုံးတာ။ ဒီတော့ တော်ရုံလူတွေက ဘာဆက်ပြောရမှန်းမသိဘူး ဖြစ်သွားတတ်တယ်။ ဒီကောင်က စနစ်တကျပညာတတ်။ ၁၈၁၂ အိုဗာချာကို အနည်းဆုံး အွန်ကယိုလောက်နဲ့ နားထောင်မှ ဝေဒနာပေါ်တယ်ဆိုတဲ့အကောင်။ ကျွန်တော့်ကိုတော့ ဒီလိုသူလုပ်လို့ ဘယ်ရလိမ့်မှာလဲ။ ဟိုကောင်ရယ်၊ ကျစ်လုံးရယ် ကျွန်တော်ရယ်က အတူတူကြီးကြတာ။ ဒီပြင် သူ့လို ပညာတတ်ဆိုတဲ့ငတိတွေကို သုံးခွက်တစ်ခွက်တင်ကြို ဆားမီးဖုတ်ကလေးခတ်ပြီး လေကြေအောင်သောက်လာတာ။ ဒီတော့ ကျစ်လုံးရဲ့ပညာရှိအပြုံးဟာ ကျွန်တော့်အပေါ်မှာ မထိရောက်ဘူး။ မင်းက ဘာဖြစ်လို့ မိန်းမတွေဆိုတာကတော့ မိန်းမတွေပဲလို့ ပြောရတာလဲ။ မင်းအစကတည်းက အဲဒီအကြောင်း မသိဘူးလား။ မိန်းမတွေဟာ မိန်းမတွေဆိုတာ တန်းကုန်အောင်ကာမှ မင်းသိသလားလို့ ကျွန်တော်က ထပ်မေးလိုက်မိတယ်။ ဒီတော့သူက ပ်ပြီးပြုံးရင်း ဖန်ခွက်ကို သူ့နှုတ်ခမ်းနဲ့ အသာတေ့ထားပြီး ၀ီစကီကို လျှာအဖျားကလေးကနေတစ်ဆင့် ၀မ်းခေါင်းထဲကို လျှောချလိုက်တယ်။ ပြီးမှ မင်းပြောတာ မမှားတော့မမှားဘူးလို့ပြောပြီး ဘာမှဆက်မပြောသေးဘူး။ ခုနကလိုပဲ ၀ီစကီကို အရသာခံပြီး သောက်နေပြန်တယ်။ ကျွန်တော်က ဟိုကောင့်ကို လှမ်းကြည့်လိုက်မိတယ်။ ဟိုကောင်က ကျွန်တော်တို့ပြောနေတာကို စိတ်ဝင်စားပုံမပေါ်ဘူး။ စားပွဲထိုးကောင်ကလေးကို ဟိုကောင်ဘာများ မေးနေတာလဲဆိုတာကို ကျွန်တော် နားစွင့်လိုက်မိတယ်။
တောင်ကြီးပဲလှော်ရလားလို့ မေးနေတယ်။ ကောင်ကလေးက အူကြောင်ကြောင်ရယ်။ အန်ကယ်စားနေတဲ့ ကဏန်းလက်မက မကောင်းလို့လားလို့ ပြန်မေးတယ်။ ကဏန်းလက်မမကြိုက်ရင် ကျွန်တော်တို့ဆီက ကြက်တောင်ပံကြော်စားကြည့်ပါလားလို့ ပြောတယ်။ မေးတာနဲ့ဖြေတာ တခြားစီ။ ရည်ရွယ်ချက်တွေဆုံစရာ နေရာမရှိတော့ဘူး။ မဆီမဆိုင် ဘ၀ဆိုတာ အဲသလိုပဲထင်တယ်လို့ ကျွန်တော် တွေးလိုက်မိတယ်။ ကျစ်လုံး ကျွန်တော်ပါ မတိုင်ပင်ထားဘဲ ဟိုကောင်နဲ့ စားပွဲထိုးကောင်ကလေးကိုကြည့်ရင်း သူတို့ပြောတာတွေကို နားထောင်လိုက်မိတယ်။ ဟိုကောင်ကပြောတယ်။ တောင်ကြီးပဲကြော်ဆိုတာက ဘရာဇေလျံ ဘရော့(ဒ)ဘီး(န)လို ဟာမျိုးကွာလို့ ရှင်းပြတယ်။ ကောင်ကလေးခမျာ အူကြောင်ကြောင်ဖြစ်နေတယ်။ ကျစ်လုံးက နေနိုင်ပုံမရတော့ဘူး။ တောင်ကြီးပဲကြော်မှမသိဘဲ ဘရာဇေလျံဘီး(န)ကို သိမတဲ့လားကွ။ နည်းနည်းပါးပါးများ ခေါင်းသုံးပါဦးဟလို့ ၀င်ပြောလိုက်တယ်။ ဟိုကောင်က ကျစ်လုံးကို ဘာမှပြန်မပြောဘဲ စားပွဲထိုးကောင်ကလေးကိုပဲ ထပ်မေးတယ်။ မင်း ထူးကြီးပဲလှော်ကိုရော သိသလားတဲ့။ ကောင်ကလေးက ဘာလို့လဲလို့ပဲ ပြန်မေးတယ်။ ကျွန်တော်လည်း ကြားကဖြတ်ပြီး စားပွဲထိုးကောင်ကလေးကို မေးလိုက်မိတယ်။ မင်း ဟိုဖက်ကမ်းရောက်ဖူးသလားလို့ ဘာလို့မေးလိုက်မိသလဲတော့ မသိဘူး။ ကောင်ကလေးက မရောက်ဖူးဘူးလို့ ဖြေတယ်။ ပြီးတော့ ဟိုဖက်ကမ်းရှိမှန်းတောင် ကျွန်တော် မသိဘူးလို့ ပြောတယ်။ ကျွန်တော်တို့သုံးယောက်စလုံး တိုင်ပင်မထားဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်မိသွားကြတယ်။ ဟကောင် မြစ်ဆိုတော့ ဟိုဖက်ကမ်းတော့ရှိမှာပေါ့ကွာလို့ ကျွန်တော်က ထပ်ပြောလိုက်တယ်။ ကောင်ကလေးက ခဏလောက်တွေးနေတယ်။ ပြီးမှ ဒါက အန်ကယ့်အထင်ကိုးလို့ ပြောတယ်။ မြစ်ဆိုတော့ ဟိုဖက်ကမ်းတော့ရှိမှာပေါ့ကွာလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ စားပွဲထိုးကောင်ကလေးက ကျွန်တော့်ကို သေသေချာချာပြန်ကြည့်နေတယ်။ ဒါလည်း အန်ကယ့်အထင်ပဲမဟုတ်လားလို့ ထပ်မေးတယ်။ ပြီးတော့ ဆက်ပြောပြန်တယ်။ အန်ကယ်ကိုယ်တိုင်လည်း မရောက်ဖူးဘူး၊ ဘယ်လိုလုပ်ပြီး အန်ကယ်က ဟိုဖက်ကမ်းရှိတယ်လို့ အာမခံနိုင်ရတာလဲလို့ ပြန်မေးတယ်။
မြစ်ဆိုတာ ကမ္ဘားနှစ်ခုအကြားမှာ စီးသွားရတာပဲလို့ ကောင်ကလေးကိုကြည့်ရင်းပြောလိုက်တော့ ကောင်ကလေးက ဘာမျှပြန်မပြောသေးဘဲ ပြုံးပြုံးကလေးလုပ်နေတယ်။ ဘယ်သူကမှ ဘာမျှဆက်မပြောတော့ စားပွဲထိုးကောင်ကလေးက ပြောတယ်။ အန်ကယ်ပြောတာက လူတွေသိထားတဲ့အတိုင်း၊ ထင်ထားကြတဲ့အတိုင်း ပြောလေ့ပြောထရှိတာမျိုးပဲ မဟုတ်ဘူးလား။ ကျွန်တော့်ဘွားအေကြီးရှိတုန်းက ဆေးသောက်တိုင်း ရေနွေးကြက်သီးနွေးကလေးနဲ့ သောက်တယ်လို့ ပြောလေ့ရှိတယ်။ ဟိုတုန်းကတော့ တကယ်ရှိသလိုပဲ။ ခုပြန်စဉ်းစားကြည့်တော့ ဘယ်လိုမှန်းကိုမသိဘူး။ ကြက်သီးနွေးဆိုတာ စကားထဲမှာပဲရှိတာ မဟုတ်ဘူးလား။ အခု အန်ကယ်ပြောတဲ့ ဟိုဖက်ကမ်းဆိုတာလည်း အဲဒီလိုပဲ မဖြစ်နိုင်ဘူးလားတဲ့။ ကျွန်တော်ရော ကျစ်လုံးပါ ကောင်ကလေးပြောတာ နားထောင်နေမိတယ်။ ဘာမျှ ပြန်မပြောဖြစ်ဘူး။ ဟိုကောင်ကတော့ စားပွဲထိုးကောင်ကလေး စကားဆုံးသွားတာနဲ့ မင်း ပဲကြီးလှော်တော့ သိသလားလို့ မေးတယ်။ ကောင်ကလေးက ခေါင်းငြိမ့်ပြတယ်။ သွားပြီးဝယ်ကွာ၊ ခပ်ကောင်းကောင်းဝယ်ခဲ့။ လိမ္မော်ရောင်ရရင် ပိုကောင်းတယ်လို့ ပြောတာနဲ့ ကောင်ကလေးလည်း ကျွန်တော်တို့အခန်းထဲက ထွက်သွားတော့တယ်။ ကျွန်တော်က မင်းက ပဲကြီးလှော်ရဲ့အရသာကို အရောင်နဲ့ခံစားမှာလားလို့ မေးတော့ ဟိုကောင်က ဘာမျှပြန်မဖြေဘူး။ ကျစ်လုံးကတော့ ပြုံးနေတယ်။ ဟိုကောင်က ကျစ်လုံးကိုကြည့်ပြီး သူများနောက်ပါသွားတဲ့ မင့်ဟာမတွေကို သတိရလို့ ပြုံးနေတာလားလို့ လှမ်းမေးတယ်။ ကျစ်လုံးကတော့ သူ့ထုံးစံအတိုင်းပဲ အပြုံးကိုသတ်မပစ်ဘူး။ တို့တစ်တွေဟာ အထင်နဲ့ နေနေကြတာပဲမဟုတ်လား။ ဘ၀ဆိုတာ အထင်နဲ့တည်ဆောက်ထားတာပဲ မဟုတ်လား။ သိတယ်အထင်နဲ့ ရှိတယ်အထင်နဲ့ လက်ခံထားကြတာတွေ အများကြီးပဲလို့ ပြောတယ်။
သူပြောတာကို ဘယ်သူကမှ မတုန့်ပြန်ဘူး။ ကျွန်တော်ကတော့ ဟိုကောင့်ကို မင်းရော ဟိုဖက်ကမ်းရှိနေတယ်ဆိုတာ သေသေချာချာ သိရဲ့လားလို့ လှမ်းပြီးမေးလိုက်တယ်။ သူက ပခုံးအသာတွန့်လိုက်ရင်း ရှိတယ်လို့ထင်တာပဲလို့ ပြောတယ်။ မော်တော်တွေက ဟိုဖက်ကမ်းသွားတာမဟုတ်ဘူးလားလို့ ကျွန်တော်က ထပ်မေးမိတယ်။ မြစ်ကြောင်းအတိုင်း အထက်အောက်သွားကြတာ။ ဟိုဖက်ကမ်းကိုသွားတယ်ရယ်လို့ မကြားမိဘူးလို့ ပြန်ဖြေတယ်။ ဒီတော့ ကျွန်တော့်စိတ်ထဲမှာ ဘာလိုလိုဖြစ်မိတယ်။ ဘာမှန်းတော့ မသိဘူး။ ကျစ်လုံးကို ကြည့်လိုက်တယ်။ ကျစ်လုံးက ကျွန်တော့်ကိုကြည့်ရင်း သွားမယ်လို့ဆိုပြီးကာမှ မင်းက ဟိုဖက်ကမ်းရှိ မရှိဆိုတာက အရေးကြီးတယ်လို့ ထင်လို့လားလို့ မေးတယ်။ ကျွန်တော်လည်း ဘာဖြေရမှန်းမသိဘူး။ မပြောတတ်ဘူးလို့ပဲ ပြန်ပြောရင်း ဖန်ခွက်ထဲက ၀ီစကီလက်ကျန်ကို မော့ချလိုက်မိတယ်။ ကျစ်လုံးက ဟိုကောင်ကိုကြည့်လိုက်ရင်း ဟိုဖက်ကမ်း ရှိရှိမရှိရှိကွာ၊ မင်းက ဘာလို့သွားချင်ရတာလဲလို့ မေးလိုက်တယ်။ မြစ်ဖက်ကိုလှည့်ကြည့်နေရင်း ဟိုကောင်က ဖြေတယ်။ ဟိုဖက်ကမ်းမှာ သာယာလှပတဲ့အတိတ်တွေ ရနိုင်မလားလို့တဲ့။ ဒီတော့မှ ကျွန်တော်လည်း သူသွားချင်ရတဲ့အကြောင်းရင်းကို သိလိုက်ရတယ်။ ဟုတ်တယ်၊ ဟိုကောင်မှာ သာယာတယ်ဆိုတဲ့အတိတ် မရှိခဲ့ဖူးဘူး။ သူ့ရဲ့အတိတ်ဆိုတာတွေဟာ ပျော်ရွှင်စရာ မရှိခဲ့ဘူး။ ဒီတော့လည်း သူ့ခမျာ အနာဂတ်ဆိုတာထဲမှာ ၀င်ဝင်ပုန်းနေရတယ်။ သူ့ရဲ့အတိတ်ဟာ မကောင်းခဲ့၊ မသာယာခဲ့တော့ ပစ္စုပ္ပန်ဆိုတာကို သူက ကြောက်နေတတ်တယ်။ ဒီတော့ အနာဂတ်ထဲကနေ အတိတ်ကို မျှော်နေတတ်တာ။ သူက သူ့ရဲ့အနာဂတ်တွေကို ပစ္စုပ္ပန်ယောင် ဆောင်ခိုင်းထားတာ။ ကျွန်တော်က ဟိုဖက်ကမ်းဆီမှာ မင်းအတွက် သာယာလှပတဲ့အတိတ်တွေ ရနိုင်မယ်ထင်သလားလို့ မေးလိုက်မိတယ်။ သူကတော့ ထုံးစံအတိုင်း ပုခုံးနှစ်ဖက်ကို တွန့်လိုက်ရင်း မပြောတတ်ဘူးလေလို့ပဲ ဖြေတယ်။
လိမ္မော်ရောင်ပဲကြီးလှော် တစ်ပန်းကန်ပြားနဲ့ စားပွဲထိုးကောင်ကလေး ပြန်ရောက်လာတယ်။ ဒီပဲကြီးလှော်က အကောင်းဆုံးပဲတဲ့ အန်ကယ်။ ပဲကြီးလှော်ထည့်တဲ့အိတ်တောင် နိုင်ငံခြားကလာတဲ့ ပလတ်စတစ်အိတ်တဲ့လို့ ပြောတယ်။ ဘယ်သူကမှ ဘာမှမပြောဘူး။ သူက ဆက်ပြောတယ်။ မြစ်စပ်နားဆီက လှေစပ်တဲ့လူကြီးနဲ့တွေ့လို့ သူက မှာလိုက်တယ်။ အန်ကယ်စပ်ခိုင်းထားတဲ့လှေ အသင့်ပဲတဲ့။ ဟိုကောင့်မျက်နှာ ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။ အတော်ကလေး ပျော်သွားပုံရတယ်။ ပဲကြီးလှော်ပန်းကန်ပြားကို ကျွန်တော့်ဖက်အသာတိုးပေးရင်း ပြီးရင် လှေသွားယူပြီး တစ်ချီတည်းထွက်ကြရအောင်လို့ ပြောတယ်။ ကျစ်လုံးဆီက ကောင်းသားပဲဆိုတဲ့အသံ ထွက်လာတယ်။ ကျွန်တော်ကတော့ ပဲကြီးလှော်ပန်းကန်ပြားကို ကျစ်လုံးဖက် တိုးပေးလိုက်ရင်း ခေါင်းညိတ်ပြလိုက်တယ်။ ပြီးမှ ၀ီစကီကို ပဲကြီးလှော်နဲ့သောက်ရတယ်လို့ကွာလို့ နောက်ဆက်တွဲအနက်မပါဘဲ ပြောလိုက်မိတယ်။ ကျွန်တော့်စိတ်ထဲမှာ ၀ီစကီခမျာ မလိုအပ်ဘဲ သိက္ခာအချခံလိုက်ရတယ်လို့ ထင်လိုက်မိတာကိုး။ မိုးထဲလေထဲကွာလို့ ဆက်စပ်မှုမရှိတဲ့ စကားသံ ကျစ်လုံးဆီက ကြားရပြန်တယ်။ ကျွန်တော်တို့သုံးယောက်သား အကြားမှာ ဘာသာစကားအရ ဆက်သွယ်မှုရှိပုံမရဘူး။ တကယ်တော့လည်း ဘာသာစကားက ကျွန်တော်တို့အကြားမှာ အရေးမကြီးဘူး။ နေ့စဉ်ဘ၀ဆိုတာက စနစ်တကျဘာသာစကားနဲ့ တည်ဆောက်ထားတာမှ မဟုတ်ဘဲ။ ဆုတ်ဖြဲကားယားနိုင်တာတွေ အားလုံးနဲ့ ကစဥ့်ကလျားဖြစ်နေတာဟာ ဘ၀ပဲမဟုတ်ဘူးလား။ ရေရာခြင်းမရှိတာဟာ ဘ၀ပဲမဟုတ်ဘူးလား။ စားပွဲထိုးကောင်ကလေးပြောသလို မြစ်မှာ ဒီဖက်ကမ်းရှိလို့ ဟိုဖက်ကမ်းရှိရမယ်ဆိုတာ အထင်ပဲဖြစ်နေသလိုပဲပေါ့။ အဲဒီတုန်းက မင်းကရော ဟိုဖက်ကမ်းကို ဘာရည်ရွယ်ချက်နဲ့ သွားချင်တာလို့ ဟိုကောင်က မေးတယ်။ မင်းကပဲ ငါ့ကိုပြောတယ်မဟုတ်လား။ မင်းလာရင် ဟိုဖက်ကမ်းသွားရအောင်လို့ မင်းမပြောဘူးလားလို့ ကျွန်တော်ကဖြေရင်း ပြန်မေးလိုက်တယ်။
သူက ကျွန်တော့်ကို သေသေချာချာကြည့်နေရင်း ငါပြောတာတော့အမှန်ပဲ။ မင်းမှာများ ရည်ရွယ်ချက်တစ်ခုခု ရှိနေသလားလို့ပါလို့ ပြန်ပြောတယ်။ မရှိဘူးလို့ ကျွန်တော်က ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။ အသက်နဲ့ကိုယ် တွဲနေတာ၊ မြဲနေတာတောင် ဘာရည်ရွယ်ချက်မှမရှိဘူးလို့ ငါထင်တယ်။ ဖြစ်နေခြင်းတစ်ခုပဲ။ ဖြစ်နေတာဟာ မဖြစ်နဲ့လို့ ပြောလို့ တားလို့မဖြစ်တဲ့ အနေအထားတစ်ခုပဲ။ လေရှူနေတာမျိုးပဲ။ သူ့အလိုလိုဖြစ်နေတာပဲ။ မြစ်လိုပဲ။ စီးနေတာဟာ သူ့ဘာသာသူ ဖြစ်ရှိနေတာပဲ။ စီးဆင်းမှုမရှိတော့ရင် မြစ်ဟာ မြစ်မဟုတ်တော့ဘူး။ ဒါပေတဲ့ လူရဲ့ဖြစ်နေခြင်းဟာမြစ်လိုမဟုတ်ဘူး။ မြစ်ဟာ မြစ်မဟုတ်တော့တဲ့အခါ မြစ်ရဲ့ကမ်းပါးဟာ မြစ်ရဲ့ကမ်းပါးအဖြစ် ကျန်သေးတယ်။ မြစ်ရဲ့ကမ်းပါးဟာ မြစ်ရဲ့ရှိနေခြင်း၊ မြစ်ရဲ့ရှိနေခဲ့ခြင်းနဲ့ မဆိုင်ဘူး။ လူရဲ့ဖြစ်နေရခြင်းဟာ မြစ်ရဲ့ကမ်းပါးလိုပဲ။ ဖြစ်နေတာ၊ စီးမြောနေတာမဟုတ်၊ လူရဲ့ အားထုတ်မှုဟာ သွားဖို့ပဲ။ ရောက်တာမရောက်တာက တခြား။ ကျွန်တော်က မြစ်ကို လှမ်းကြည့်ရင်း အရှည်ကြီးရှင်းပြနေမိတယ်။ သူတို့နှစ်ယောက်သား ကျွန်တော့်ကိုစိုက်ကြည့်ရင်း နားထောင်နေကြတယ်။ ကျွန်တော်စကားပြောတာပြီးသည့်တိုင် သူတို့ ဘာမျှ ၀င်မပြောကြဘူး။ အတော်ကလေးကြာမှ ဟိုကောင်က သွားစို့လို့ပြောတာနဲ့ ကျွန်တော်တို့လည်း ဆိုင်က ထွက်ခဲ့ကြတယ်။ ဆိုင်ကအထွက်မှာ ၀ီစကီနှစ်ပုလင်း လိုရမယ်ရ၀ယ်ခဲ့တယ်။ ကျစ်လုံးကတော့ မြနဒီကို လေချွန်နေတယ်။ ကျွန်တော်တို့လည်း လှေကိုသွားယူပြီး မြစ်စပ်မှာ ချကြည့်လိုက်ကြတယ်။ နွားရေလာချတဲ့လူနှစ်ယောက်က ကျွန်တော်တို့ကို လာကြည့်ရင်း တစ်ယောက်က ဘယ်သွားကြမလို့တုန်းလို့ မေးတယ်။ ဟိုကောင်က ဟိုဖက်ကမ်းဆီပဲလို့ ဖြေတော့ အဲဒီလူကပဲ ရောက်ဖူးကြသလားလို့ ထပ်မေးတယ်။ မရောက်ဖူးဘူး၊ ခင်ဗျားရော ရောက်ဖူးသလားလို့ ကျစ်လုံးက ၀င်ဖြေရင်း ပြန်မေးတယ်။ မရောက်ဖူးဘူးလို့ အဲဒီလူက ဖြေတယ်။ သူကပဲ ဟိုဖက်ကမ်းရော ရှိရဲ့လားလို့ ထပ်မေးပြန်တယ်။ ရှိရှိမရှိရှိဗျာ ခင်ဗျားအလုပ်လားလို့ ကျွန်တော်က အမြင်ကပ်ကပ်နဲ့ပြောလိုက်တော့မှ အဲဒီလူလည်း မကျေနပ်တဲ့မျက်နှာနဲ့ကြည့်ရင်း လှည့်ထွက်သွားတော့တယ်။
ညနေမှောင်ရီပျိုးတာနဲ့ ကျွန်တော်တို့ထွက်လာကြတယ်။ တက်က နှစ်ချောင်းတည်းမို့ နှစ်ယောက်လှော်တုန်း တစ်ယောက်က နားနေချိန်ရတယ်။ ခုတော့ ကျွန်တော့်အလှည့်၊ ဒီတော့လည်း တောတွေးတောင်တွေး တွေးမိတယ်။ ဟိုဖက်ကိုများရောက်ရင် ဟိုကောင့်အတွက် သာယာလှပတဲ့အတိတ်အသစ်တွေ ရကောင်းရလိမ့်မယ်။ ကျစ်လုံးအတွက်လည်း သူနဲ့သင့်တော်တဲ့ ကောင်မလေးတစ်ယောက် ရလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ဟိုဖက်ကမ်းဆိုတာကို ရောက်မှာပဲ။ ဟုတ်တယ်၊ ဟိုဖက်ကမ်းကို ရောက်ခဲ့ရင်ပေါ့။ ခုဆို ၀ီစကီသောက်ပြီးကတည်းက ကျွန်တော်တို့ထွက်လာခဲ့ကြတာ အတော်ကြာပြီ။ ထွက်လာခဲ့တဲ့ ကမ်းဖက်ဆီတောင် လှမ်းကြည့်လို့ မမြင်ရတော့ဘူး။ ကြယ်တွေ၊ လတွေ၊ နေတွေ ပြောင်းသာပြောင်းသွားတယ်၊ ဟိုဖက်ကမ်းဆိုတာကို မတွေ့ရသေးဘူး။ မနက်တုန်းက ဟိုကောင်က သူ့အလှည့်နားနေတုန်း ကျစ်လုံးကို လှမ်းမေးတယ်။ ဘယ်လောက်ရှိသွားပြီလဲတဲ့။ ကျစ်လုံးက နာရီအမြဲပတ်တာကိုး။ ငါ့နာရီ ဘက်ထရီကုန်သွားတာ ကြာပြီလို့ ကျစ်လုံးက ပြန်ပြောတယ်။ ငါ့အထင်တော့ နှစ်နှစ်သုံးနှစ်လောက် ရှိရောပေါ့လို့ ကျွန်တော်က ၀င်ပြောလိုက်မိတယ်။ ကျွန်တော့်မုတ်ဆိတ်တွေ ရင်ဘတ်ထိကုန်ပြီ၊ ကျစ်လုံးဆံပင်တွေလည်း ကျောထိကုန်ပြီ။ ခုထိတော့ ကျွန်တော်တို့ လှော်နေကြတုန်းပဲ။ ဟိုဖက်ကမ်းဆိုတာရှိခဲ့ရင် ရောက်လိမ့်မယ်။ ဒီလိုမပြောဘဲ ဟိုဖက်ကမ်းဆိုတာဆီကိုရောက်ခဲ့ရင် ဟိုဖက်ကမ်းဆိုတာ ရှိလိမ့်မယ်။ တကယ်တော့ ဘယ်လိုပြောပြော သိပ်တော့မထူးဘူး ထင်တယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ မြစ်ကို ကန့်လန့်ဖြတ်လှော်နေကြတုန်းပဲ။
-မြင့်သန်း
ချင်းတွင်း မဂ္ဂဇင်း၊ အမှတ် ၁၅၊ ဧပြီ ၂၀၀၇
Comments
Post a Comment