[ ၉ ]
`ရှန်ဒီ ရှန်ဒီ´ ဟု ဂျင်မီက ခွေးကလေးကို ခေါ်လိုက်သည်။ `ဒီကို ပြန်လာခဲ့´ ထိုစဉ်မှာပင် စက်ဘီးသမားလာခဲ့သည့် မေးလ်ဘန့်လမ်းအတိုင်း အနီးသို့ချဉ်းကပ်လာသည့် အင်ဂျင်စက်သံကို သူ ကြားလိုက်ရသည်။ သူက အ၀တ်ထုတ်ကို ရေနုတ်မြောင်းဆီသို့ ကန်ထုတ်လိုက်သည်။ ထို့နောက် ရှန်ဒီရှိနေရာ လမ်းမဆီသို့ တဟုန်ထိုးပြေးသွားမိသည်။ ရှန်ဒီက မြေကြီးကို တရှုံ့ရှုံ့နမ်းရင်း အမြီးကို နမ့်နေသည်။ ခွေးကလေး၏ လည်ပတ်ကို ဂျင်မီ ဆွဲယူလိုက်စဉ်မှာပင် စစ်ကားတစ်စင်း သူတို့ရှိရာဆီသို့ ရောက်လာသည်။
`ရှန်ဒီ ရှန်ဒီ´ ဟု ဂျင်မီက ခွေးကလေးကို ခေါ်လိုက်သည်။ `ဒီကို ပြန်လာခဲ့´ ထိုစဉ်မှာပင် စက်ဘီးသမားလာခဲ့သည့် မေးလ်ဘန့်လမ်းအတိုင်း အနီးသို့ချဉ်းကပ်လာသည့် အင်ဂျင်စက်သံကို သူ ကြားလိုက်ရသည်။ သူက အ၀တ်ထုတ်ကို ရေနုတ်မြောင်းဆီသို့ ကန်ထုတ်လိုက်သည်။ ထို့နောက် ရှန်ဒီရှိနေရာ လမ်းမဆီသို့ တဟုန်ထိုးပြေးသွားမိသည်။ ရှန်ဒီက မြေကြီးကို တရှုံ့ရှုံ့နမ်းရင်း အမြီးကို နမ့်နေသည်။ ခွေးကလေး၏ လည်ပတ်ကို ဂျင်မီ ဆွဲယူလိုက်စဉ်မှာပင် စစ်ကားတစ်စင်း သူတို့ရှိရာဆီသို့ ရောက်လာသည်။
`ဟိုလူ ဘယ်လမ်းကို သွားလဲ။ စက်ဘီးနင်းသွားတဲ့လူလေ။ အဲဒီလူ ဘယ်လမ်းကို သွားလဲ´ စစ်သားက သေနတ်ပြောင်းကို ဂျင်မီ့ဘက်ထိုးချိန်ရင်း မေးလိုက်သည်။ `ငါမေးတာ ဖြေ။ အဲဒီလူ ဘယ်လမ်းကို သွားလဲ´
တဆတ်ဆတ်တုန်နေရင်း ဂျင်မီက ပန်းခြံလမ်းသွယ်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။ ချက်ချင်းပင် စစ်ကားက ၀ူးခနဲမောင်းထွက်သွားပြီးနောက် ဖုန်တထောင်းထောင်း ကျန်ရစ်ခဲ့သည်။ မြင်ကွင်းမှ စစ်ကားပျောက်ကွယ်သွားသည်နှင့် ရေနုတ်မြောင်းအတွင်းသို့ ဂျင်မီ ခုန်ဆင်းလိုက်သည်။ ဂျင်မီ့ကို လည်ပတ်ကြိုးမှ ပြန်ဆွဲယူလာသည်။ အ၀တ်ထုတ်ကို ကောက်ယူလိုက်ပြီး သူ့ အပေါ်အင်္ကျီအောက် ထိုးထည့်လိုက်သည်။ ထို့နောက် ဒေါ့လမ်းသွယ်အတိုင်း မစ္စမက်တိုင်းအိမ်ဘက်သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။ ပုခုံးကို ကျော်၍ ဘေးဘီဝဲယာကို မကြာခဏ လှည့်ပတ်ကြည့်ရှုနေမိသည်။ ပြေးနေခြင်းမဟုတ်သော်လည်း သူ့ခြေလှမ်းများက အလောသုံးဆယ်နိုင်လှသည်။
အိုးမာရော့၏ စိုက်ခင်းဆီသို့ ပြန်ရောက်သောအခါ သူ ရပ်လိုက်သည်။ `ဒါကိုငါ ဆရာမဆီ ပြန်ယူသွားလို့တော့ မဖြစ်သေးဘူး´ ဟု သူက ခွေးကလေးကို ပြောလိုက်သည်။ `ဘာမှန်းတောင် မသိသေးဘဲနဲ့ ဆရာမဆီ ပြန်ယူသွားလို့မဖြစ်ဘူး´ ထို့နောက်သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ပုံမှန်မဟုတ်သည့်အရာတစ်ခုခု လုပ်နေပုံမပေါ်ရန် သူ ကြိုးစားရသည်။ `လာ ရှန်ဒီ။ ဒါ ဘာလဲ ငါတို့ကြည့်ကြည့်ရအောင်´
နှစ်ယောက်သား လမ်းကိုဖြတ်ကူးပြီး ဒေါ့လမ်းသွယ်အစွန်းရှိ စပါးကျီအပြင်ဘက်သို့ ရောက်လာကြသည်။ ၀င်ပေါက်တွင် ခဏရပ်ပြီးနောက် အနီးအနားတွင် မည်သူမျှမရှိကြောင်း သေချာစေရန် ကြည့်သည်။ ထို့နောက် ဂျင်မီက စပါးကျီအတွင်းသို့ လှစ်ခနဲ ၀င်လိုက်သည်။ ရှန်ဒီ့ကို သူ ဆွဲလာသည်။ မြက်ခြောက်ပုံများပေါ်တွင် ဘုဆတ်ဆတ်လျှောက်နေသော ကြက်နှစ်ကောင်ကို အတွေ့တွင် ရှန်ဒီ၏ လည်စေ့ကိုကိုင်ရင်း ဂျင်မီက `ရှူးးးး´ ဟု ပိတ်လိုက်သည်။ `တိတ်တိတ်နေနော် ရှန်ဒီ။ ဒီလိုမှမဟုတ်ရင် မင်းကို ထားခဲ့မှာ´
သူက မြက်ခြောက်ပုံတစ်ခုပေါ်သို့ ကုပ်တက်လိုက်သည်။ ရှန်ဒီ့ကိုလည်း သူနှင့်အတူလိုက်ရန် ခေါ်သည်။ ထို့နောက် မြက်ခြောက်ပုံများကို ပတ်ချာလည်စီတန်းပြီး သူနှင့် သူ့ရဲဘော်အတွက် ဖြတ်သွားဖြတ်လာများ မမြင်နိုင်သည့် ကတုတ်ကျင်းကလေးတစ်ခု ပြုလုပ်လိုက်သည်။ ထိုနေရာတွင် သူတို့နှစ်ဦး ခဏမျှ ထိုင်နေကြသည်။ ခွေးကလေးက ဂျင်မီ့ခြေထောက်များပေါ်သို့ဖြတ်ပြီး ၀ပ်နေသည်။ အသက်ကို တဟဲဟဲရှူနေပြီး ဂျင်မီတစ်ခုခု တီးတိုးပြောသည့်အခါတိုင်း နားလည်ချင်ယောင်ပြီး သူ့ခေါင်းကို ဂျင်မီ့ဘက်သို့ လှည့်လှည့်ကြည့်သည်။ `ငါတို့က ရဲဘော်တွေနော်။ မင်းနဲ့ ငါ´ ဟု ဂျင်မီက ပြောလိုက်သည်။ ထို့နောက် သူက ပြုံးပြီး သူ့ရဲဘော်၏ နားရွက်ကုပ်ကုပ်ကလေးများကို ထိုးဖွလိုက်သည်။
[ ၁၀ ]
အ၀တ်ထုတ်က အတော်ကလေး လေးလံပြီး ဂျင်မီ့ အပေါ်အင်္ကျီကို တွဲကျနေစေသည်။ သူက အထုတ်ကို ဆွဲထုတ်လိုက်ပြီး မြက်ခြောက်များပေါ်သို့ တင်ထားလိုက်သည်။ ရှန်ဒီက နမ်းကြည့်သည်။ `မင်းဘယ်လိုထင်လဲ ရှန်ဒီ´ ဟု ဂျင်မီက သူ့ရဲဘော်ကို အဖက်လုပ်ပြီး မေးသည်။ ထို့နောက် ခဏမျှ စိုက်ကြည့်နေပြီး အထုတ်ကို အ၀ကလေးပေါ်လာသည်အထိ ဖြည်ချလိုက်သည်။ အတွင်းသို့ ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ အထဲတွင် သေနတ်နှစ်လက်ရှိနေသည်။ တစ်လက်က စေးကပ်ညစ်ပတ်နေသည်။ သူက သေနတ်များကို အထုတ်အတွင်းမှ ဆွဲထုတ်လိုက်ပြီး မြက်ခြောက်ပုံပေါ်တွင် ဘေးချင်းယှဉ်ရက် တင်ထားလိုက်သည်။ ထို့နောက် သူ့လက်ကို ပြန်ကြည့်လိုက်မိသည်။ သွေးးးး။ `သေရော ရှန်ဒီ။ ငါတို့ကောင်တွေ ဒုက္ခရောက်ပြီ´
`မင်းတို့နှစ်ယောက်အတွက် ငါ့မှာ စိတ်ပူလို့ သေတော့မယ်´ ဟု ညစာထမင်းစားပွဲတွင် အတူထိုင်နေရင်း မစ္စမက်တိုင်းက ဂျင်မီ့ကို ပြောသည်။ စားပွဲပေါ်တွင် ပေါင်မုန့်မီးကင်နှင့် ကြက်ဥကြော်များ ရှိနေသည်။ `သေနတ်သံတွေ မင်း မကြားဘူးလား´
`အက်ဖ်တန် ဘက်ကပါ´ ဟု စားပွဲအောက်မှ ပါးစပ်တစ်ပြင်ပြင်ဖြစ်နေသော ရှန်ဒီ့ဆီ ပေါင်မုန့်မီးကင်တစ်ဖဲ့ ချပေးလိုက်ရင်း ဂျင်မီက ပြန်ဖြေသည်။
`ဘယ်သူ့ကို လိုက်ဖမ်းနေကြပြန်ပြီလဲ မသိပါဘူး´ ဟု သူမက ဗြစ်တောက်ဗြစ်တောက် ပြောနေသည်။ `ပေါင်မုန့်မီကင် ယူဦးမလား ဂျင်မီ´
`ရပါပြီ ဆရာမ။ သား သိပ်မဆာဘူး´
`အင်း ငါ သိပါတယ်။ ဒါပေမဲ့ ကောင်လေးတွေဟာ များများစားပေးရတယ်။ ငယ်ငယ်ရွယ်ရွယ် များများစား၊ ကောင်းကောင်းအိပ်ပေါ့´
`ဆရာမ´
`ပြောလေ ဂျင်မီ။ ပြီးတော့ စကားပြောခါနီး လက်ကြီးကို ထောင်နေစရာ မလိုပါဘူး။ အခု ဒီမှာက အခြားကလေးတွေနဲ့ စာသင်ခန်းထဲ စာသင်နေတာ မဟုတ်တော့ဘူးလေ´
`ဟုတ် ဆရာမ။ သား ဘယ်တော့ အိမ်ပြန်ရမှာလဲ။ ပြီးတော့ သားမေမေ ဘယ်ရောက်နေလဲ။ သားမေမေ ဘာဖြစ်နေလဲ´
မစ္စမက်တိုင်းက သူမ၏ ဓားကို ချလိုက်ပြီး စားပွဲတွင် သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ညစ်စုတ်စုတ် ကောင်ကလေးကို ကြည့်လိုက်မိသည်။ ဘိုသီဘတ်သီ ဆံပင်နက်နက်များ၊ ခြေသလုံးပလွေရိုးနှင့် အရိုးပေါ်အရည်တင် ပုခုံးကလေးများ၊ ဂျစ်ကန်ကန်မျက်နှာကလေးနှင့် ငါးပေမပြည့်သေးသော ကောင်ကလေး။ သူ့အတွက် သူမနှလုံးသား ကြွေပျက်လုမတတ် ခံစားရသည်။
`သားတော့ ယုံပါ့မလားမသိဘူး၊ ဂျင်မီ။ ဒါပေမဲ့ ကျောင်းအုပ်ဆရာမကြီးတောင် မသိတဲ့ အကြောင်းအရာတွေ အများကြီးပဲဆိုတာ လက်ခံရမယ် သား။ အဲဒီတော့ သားမေးတဲ့မေးခွန်းနှစ်ခုစလုံးအတွက် အဖြေကို ဆရာမ မသိပါဘူးကွယ်´
[ ၁၁ ]
ဂျင်မီက မျက်လုံးအပြူးသားဖြင့် စောင့်ဆိုင်းရင်း သူမကို ကြည့်နေသည်။ ဆယ်နှစ်သားလေးတစ်ယောက်အတွက် အခြား ဘာများရော လုပ်နိုင်ပါဦးမည်နည်း။
`ဒါပေမဲ့ အခုလောလောဆယ် ဒီမှာ သားအတွက် လုံခြုံတယ်။ ဒီနေရာမှာ နေသရွေ့ သားအတွက်လုံခြုံပါတယ်။ အခုည နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ရေး၀၀အိပ်ပြီး မနက်ဖြန်ကျရင် ဘာလုပ်နိုင်မလဲ ဆရာမ စဉ်းစားမယ်။ အနည်းဆုံးတော့ သားတို့အိမ်သွားပြီး ပစ္စည်းတချို့ သွားယူနိုင်မယ်။ ဆရာမအိမ်မှာ သားနေချိန်အတွင်း သုံးဖို့ အ၀တ်အစားနဲ့ တခြားပစ္စည်း တချို့ပေါ့။ ပြီးတော့ သားမေမေအကြောင်းလည်း စုံစမ်းမယ်လေ´
ဂျင်မီက သူမကို ငေးကြည့်နေသည်။
`ပြီးတော့ အထူးအစီအစဉ်အနေနဲ့ မနက်ဖြန်ကျရင် ဆရာမရော သားရော ကျောင်းမတက်ဘူး။ မစ္စတာ ဒေါင်းနင်းကို ဆရာမ မရှိတုန်း ကျောင်းကိုစောင့်ရှောက်ထားဖို့ မှာထားလိုက်မယ်။ အခုလောလောဆယ်မှာ စာသင်ကျောင်းတက်အလုပ်ထက် အရေးကြီးတာတွေ ရှိနေတယ်မဟုတ်လား။ မဟုတ်ဘူးလား ဂျင်မီ´
`ဟုတ်ကဲ့ ဆရာမ´
ကျောင်းမတက်ရဟူသောအတွေးကြောင့် ပြုံးမိလုလုဖြစ်ရင်း ဂျင်မီက ပြောလိုက်သည်။ သူ့လက်က စားပွဲခုံအောက်မှ ရှန်ဒီ့ခေါင်းကလေးကို သပ်လိုက်သည်။ ခွေးကလေးက ပေါင်မုန့်မီးကင်ကို မျှော်ရင်း ဂျင်မီ့လက်ကို တရှုံ့ရှုံ့နမ်းနေသည်။
`ဆရာမ´ ဟု သူက လက်ကို မြှောက်မည်လုပ်ပြီးမှ အရှိန်သတ်ရင်း ပြောလိုက်သည်။ သူမက သူ့ကို မျက်မှောင်ကုတ်ရင်း ကြည့်လိုက်သည်။
`ပြောလေ ဂျင်မီ´ ကောင်လေး၏ အသံတွင် တောင်းဆိုစရာတစ်ခုခု ရှိနေသည်ဟု သူမ ခံစားမိသည်။
`သား ဒီမှာ ဒီညအိပ်ရမယ်ဆိုရင်၊ ဟိုအိပ်ခန်းထဲမှာ အိပ်ရမယ်ဆိုရင် သား ဒီည ရှန်ဒီ့ကို ခေါ်ထားလို့ရမလား ဆရာမ´ ဟု အခန်းလွတ်အား လက်ညှိုးထိုးရင်း ဂျင်မီက ပြောလိုက်သည်။ `သား ရှန်ဒီ့ကို ခေါ်ထားချင်လို့ပါ။ သားသူ့ကို စောင့်ရှောက်ပါ့မယ်၊ မနက်ကျရင် သူ့ကို လမ်းပေးလျှောက်မယ်။ အစာကျွေးမယ်၊ ရေချိုးပေးမယ်၊ ပြီးတော့...´
`ကောင်းပြီ ဂျင်မီ။ ကလေးနဲ့ ခွေး တစ်ခန်းစီအိပ်ကြတယ်လို့လည်း ဆရာမ တစ်ခါမှ မကြားဖူးပါဘူးကွယ်။ မင်း ရှန်ဒီ့ကို ခေါ်ထားနိုင်ပါတယ်။ ဒါပေမဲ့ မင်းကတိအတိုင်း သူ့ကို စောင့်ရှောက်ရမယ်၊ မနက်ကျရင် လမ်းပေးလျှောက်ရမယ်၊ အစာကျွေးရမယ်၊ ရေချိုးပေးရမယ်၊ ပြီးတော့...´ ဟု သူမက ပြောလိုက်သည်။ ရှန်ဒီ၏ လည်ပင်းကို ဖက်ရင်း ဂျင်မီက ကြမ်းပြင်ပေါ်သို့ လှဲချလိုက်သည်ကိုကြည့်ရင်း သူမ ပြုံးနေမိသည်။
[ ၁၂ ]
`ကြားလား ရှန်ဒီ။ မင်း ဒီည ငါနဲ့ အတူအိပ်လို့ရတယ်တဲ့။ ပျော်စရာကြီး´
ရှန်ဒီလည်း ပျော်မှာ သေချာပါသည်။
နောက်တစ်နေ့တွင် နေ့လယ်စာစားပြီးနောက် မစ္စမက်တိုင်းတစ်ယောက် ဂျင်မီ့အ၀တ်တွေနှင့် ပြည့်နေသည့် အထုတ်ကြီးဆွဲပြီး ပြန်လာသည်။
`ဒီထက်ပို မသယ်နိုင်တော့ဘူး။ စစ်သားတွေက အိမ်ကို ရှာနေတုန်းပဲ။ ပန်းခြံထဲမှာလည်း တူးနေဆွနေကြတယ်။ တာဝန်ကျအရာရှိက ရှာပြီးတာနဲ့ အိမ်ကို သူတို့ ချိတ်ပိတ်မယ်လို့ ပြောတယ်။ သား အမေကိစ္စကိုတော့ သူ့အထက်အရာရှိပဲ သိလိမ့်မယ်လို့ ပြောတယ်။ သူ မင်းအမေအကြောင်း မသိဘူးဆိုတာလည်း အံ့သြစရာတော့ မဟုတ်ဘူး´ ဟု သူမက ပြောလိုက်သည်။
`သူတို့ ဘာမှ ရှာတွေ့မှာမဟုတ်ဘူး။ အဖေက သိပ်စေ့စပ်တာ´
မစ္စမက်တိုင်းက ကောင်လေးကို ကြည့်လိုက်သည်။ `ဒီလိုမျိုး ဘယ်သူ့ကိုမှ မပြောတာ ပိုကောင်းလိမ့်မယ် ဂျင်မီ။ ဘယ်သူ့ကိုမှ ဘာမှ မပြောတာ ကောင်းတယ်။ ဆရာမကို မင်းယုံနိုင်တယ်ဆိုတာ မင်းသိတယ်မဟုတ်လား။ ဒါပေမဲ့ လျှို့ဝှက်ချက်ဆိုတာ တစ်ယောက်တည်းသိမှပဲ လျှို့ဝှက်ချက်အဖြစ် ရှိနေမှာမဟုတ်လား´
`အဖေက သူတို့နဲ့ ဘယ်တော့မှ စကားမပြောဖို့ သားကိုမှာထားတယ်။ သား မပြောဘူး´
`အင်း သူပြောတာ မှန်တယ်။ ဒါပေမဲ့ သူတို့ချည်းပဲတော့ မဟုတ်ဘူး။ ဒီလိုကိစ္စမျိုးကို သား ဘယ်သူ့ကိုမဆို မပြောသင့်ဘူး။ ကျောင်းက သူငယ်ချင်းတွေကိုတောင်မှပေါ့။ အဲဒါ အရေးကြီးတယ် ဂျင်မီ။ ဒီကိစ္စမျိုးဟာ ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ သားနားလည်ဖို့ အရေးကြီးတယ်´
`ဟုတ်ကဲ့ ဆရာမ။ သား သိပါတယ်။ သူတို့ သားအဖေကို သတ်တယ်။ ပြီးတော့ တခြား ရွာသားတွေကိုရောပဲ။ မနေ့ကလည်း သူတို့ သေနတ်နဲ့ပစ်...´
`တော်တော့ ဂျင်မီ။ ဆရာမ မသိချင်ဘူး။ သား တစ်ယောက်ယောက်ကို ပြောပြဖို့ လိုတယ် ဆိုရင် ရှန်ဒီ့ကို ပြောပြပေါ့။ သူ သားပြောတာကို နားလည်ပါတယ်။ ပြီးတော့ သူက ဘယ်သူ့ကိုမှ ပြန်ပြောပြမှာမဟုတ်ဘူး။ ကဲ အခု အ၀တ်ထုတ်ယူပြီး မင်းနဲ့ ရှန်ဒီ အခန်းထဲသွားတော့။ အခုလောလောဆယ်တော့ ဆရာမအိမ်မှာပဲ မင်း တစ်ပတ်နှစ်ပတ်လောက်နေရမယ်လို့ ခန့်မှန်းထားတာပဲ။ ကဲ နှစ်ယောက်စလုံး သွားတော့။ ပြီးရင် ရှန်ဒီ့ကို လမ်းလျှောက်ခိုင်းလိုက်ဦး။ ပြန်လာရင် ဒီနေ့ မင်းလွတ်သွားတဲ့ ကျောင်းသင်ခန်းစာတွေ ဆရာမ ပြန်သင်ပေးမယ်´
`ဟုတ် ဆရာမ´ ဟု အ၀တ်ထုတ်ကို အခန်းရှိရာဆီသို့ တရွတ်တိုက်ဆွဲယူ ဂျင်မီက ပြောလိုက်သည်။
[ ၁၃ ]
ခွေးကလေးဖြင့် လမ်းလျှောက်ထွက်ခြင်းက ဂျင်မီ့ကို အိုးမားရော့ စိုက်ခင်းနှင့် စပါးကျီဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဦးတည်သွားစေသည်။ မြက်ခြောက်ပုံများပေါ်သို့ တက်ပြီး ရှန်ဒီနှင့်အတူ အပြင်မှလူများ မမြင်နိုင်သည့် သူတို့ ကတုတ်ကျင်းကလေးထဲသို့ တိုးဝင်လိုက်သည်။ `တိတ်တိတ်နေနော် ရှန်ဒီ´ ဟု မြက်ခြောက်များကို ဘေးတစ်ဖက်သို့ ဆွဲဖယ်ရင်း သူပြောလိုက်သည်။ ခွေးကလေးက လိမ်မာသိတတ်စွာ ငြိမ်နေသည်။ သူက မြက်ခြောက်ပုံနှစ်ပုံကြားသို့ လက်ကို ထိုးနှိုက်ပြီးနောက် ၀ှက်ထားခဲ့သည့် အ၀တ်ထုတ်ကို ဆွဲထုတ်လိုက်သည်။ သေနတ်များ အရာမယွင်းရှိနေသည်ကို မြင်ရသည်။ `ဒါတွေနဲ့ ငါတို့ ဘာလုပ်ကြမလဲ´ ဟု သူက တီးတိုးရေရွတ်လိုက်သည်။ `ဒီမှာ အကြာကြီး ၀ှက်ထားလို့မရဘူး။ မြက်ခြောက်ပုံတွေကို ရွှေ့လိမ့်မယ်။ မင်းဘယ်လိုထင်လဲ ရှန်ဒီ´ သွေးနံ့ရသဖြင့် ရှန်ဒီက သေနတ်ကို တရှုံ့ရှုံ့ နမ်းလိုက်သည်။ `မလုပ်နဲ့´ ဟု ဂျင်မီက မာန်လိုက်သည်။ ခွေးကလေးကို တွန်းထုတ်ပြီး သေနတ်များကို အသေအချာပြန်ထုပ်ကာ မြက်ခြောက်ပုံများကြားထဲ သူက ပြန်ဝှက်ထားလိုက်သည်။ ထို့နောက် ခွေးကလေးကို သိုင်းဖက်လိုက်ပြီး စပါးကျီအပြင်ဘက်ဆီမှ လေတိုးသံများကို နားထောင်နေလိုက်သည်။ သစ်သားအဆောက်အဦက တကျွီကျွီအသံများ မြည်နေသည်။ အစာရှာနေသည့် လယ်ကြွက်ကြီးများက ကျူးကျော်သူ လူစိမ်းနှစ်ယောက်ကို မသင်္ကာသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်။ တစ်နာရီနီးပါးကြာအောင် သူတို့ လဲလျောင်းနေကြသည်။ ရောက်တတ်ရာရာ စိတ်ကူးယဉ်သည်။ သူ့ရဲဘော်နှင့် စကားတီးတိုးပြောပြီး ပွတ်သီးပွတ်သပ်လုပ်သည်။ ယာတဲဘက်ဆီမှ အသံတစ်ခုခုကြားတိုင်း ခွေးကလေးကို မဟောင်ဖို့ ချော့ရသည်။ သူ့စိတ်ထဲတွင် အရာအားလုံး ထူးဆန်းနေသလို ခံစားရသည်၊ သို့တိုင် မည်သို့မျှ ထူးခြားမှုမရှိ အရင်လို ပုံမှန်အတိုင်းဟုပင် ထင်မိပြန်သည်။ သူအိပ်မက်မက်နေသလို ခံစားရသည်၊ သို့တိုင် လက်တွေ့ဖြစ်ပျက်နေများက အရမ်းစစ်မှန်နေပြန်သည်။ အရာအားလုံး မဖြစ်နိုင်သလို ခံစားရသည်၊ သို့တိုင် အသေအချာဖြစ်ခဲ့ပြီဟူ၍လည်း သက်သေထူနေပြန်သည်။ အရင်တစ်နေ့က သူ့ဘ၀သည် ထိုအတိုင်းဖြစ်ခဲ့သော်လည်း ယနေ့တွင် သည်အတိုင်းဖြစ်နေသည်။ ရဲဘော်ရဲဘက် ခွေးကလေးတစ်ကောင်နှင့်အတူရှိနေသော ဆယ်နှစ်သားကောင်လေးတစ်ယောက်အဖို့ အရာအားလုံးသည် စစ်မှန်သည်။ အရာအားလုံးသည် ယခုနှင့် ဤနေရာတွင် ဖြစ်ပျက်နေခြင်း ဖြစ်သည်။ သူနှင့် ရှန်ဒီသည်လည်း မကွာခြားလှ။ တကယ့်ကို အတူတူပင်ဖြစ်သည်။
စပါးကျီအတွင်းမှ ဂျင်မီ သတိဖြင့် ထွက်လာခဲ့သည်။ လမ်းမကိုဖြတ်ပြီး မစ္စမက်တိုင်းအိမ်သို့ ပြန်လည်ဦးတည်လိုက်သည်။ `သြော် မင်းတို့နှစ်ယောက် ပြန်ရောက်လာပြီကိုး။ ဆရာမက မင်းတို့ ဘယ်များသွားသလဲလို့ စိတ်ပူစပြုနေပြီ။ အဝေးကြီးလမ်းလျှောက်ကြသလား´ ဟု သူမက အိမ်တံခါးဝမှ ဆီး၍ ပြောသည်။
`ဟုတ်ကဲ့ ဆရာမ။ ရှန်ဒီ မောနေပြီ ထင်တယ်။ ကျောင်းကစားကွင်းမှာ ရောဘတ်နဲ့ သား သွားကစားလို့ရမလား ဆရာမ။ လက်ဖက်ရည်ချိန်မတိုင်ခင် ပြန်လာပါ့မယ်´
`မင်းတစ်ယောက်တည်းသွားလို့ဖြစ်တာ သေချာလား ဂျင်မီ။ သိပ်တော့မဝေးပါဘူး၊ လမ်းလည်း မင်းသိနေတာပဲ။ ဘာမှဖြစ်စရာတော့ မရှိပါဘူး။ သွားချင်သွားလေ၊ နောက်အကျဆုံး ခြောက်နာရီဆိုရင်တော့ ပြန်လာခဲ့နော်။ ဒါနဲ့.. မင်း ဒီနေ့လွတ်သွားတဲ့ ကျောင်းစာတွေ ပြန်သင်ရဦး...´
[ ၁၄ ]
မစ္စမက်တိုင်း စကား အပြီးမသတ်ခင်မှာပင် `ကျေးဇူးတင်ပါတယ် ဆရာမ၊ ကျွန်တော် နောက်မကျပါဘူး´ ဟု ဂျင်မီက သူ့ပုခုံးကိုကျော်ပြီး အော်ဟစ်ပြောဆိုကာ ဒေါ့လမ်းသွယ်အတိုင်း ပြန်လည်ပြေးထွက်သွားပြီ ဖြစ်သည်။
ရောဘတ်က ဆံပင်အနီ၊ မျက်နှာပေါ်တွင် အနီစက်များနှင့် နှာခေါင်းပြားပြား၊ အငယ်တန်း အလေးမ,သမားလေးတစ်ယောက်ကဲ့သို့ ကိုယ်ခန္ဓာရှိသည်။ ကျောင်းတွင် ဂျင်မီနှင့် သူငယ်ချင်းများဖြစ်ကြပြီး သူတို့နှစ်ယောက်သား အမြဲ တတွဲတွဲ ရှိခဲ့သည်။ တစ်ယောက်ကိုထိလျှင် တစ်ယောက်မခံ၊ အလွန်အတွဲညီခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ဦးကို မည်သူမျှ မစရဲခဲ့ကြ။
သုံးနာရီတွင် ကျောင်းခေါင်းလောင်းမြည်လာသည်။ ကစားကွင်းနှင့် မျက်နှာချင်းဆိုင်မှ ကျောင်းနံရံနိမ့်နိမ့်ပေါ်တွင် ဂျင်မီ ထိုင်စောင့်နေသည်။ ခြေထောက်များကို တွဲလျောင်းချထားပြီး အုတ်ခဲများကို စည်းချက်ကျကျနှင့် စိတ်ရှည်ရှည် ဖိနပ်ထိပ်ဖြင့် သူက ကန်ကျောက်နေသည်။ တံခါးပွင့်သွားပြီးနောက် ခေါင်မိုးပြားပြား အဆောက်အဦအတွင်းမှ လူမမယ်ကလေးများ အပြင်တွင် စောင့်ဆိုင်းနေသည့် မိဘများထံသို့ ၀ရုန်းသုန်းကား ပြိုကျလာသည်။ ကျောင်းလာကြိုကြသည့် အမေများ၊ အဒေါ်များ အိမ်နီးချင်းများ စသည်၊ အုပ်စုလိုက် အုပ်စုလိုက် ကျောင်းနှင့် မနီးမဝေး နေအိမ်များဆီသို့ အသီးသီး ပြန်သွားကြသည်။ ရောဘတ်က ရွာထောင့်တွင် နေသူဖြစ်သည်။ သူတို့အိမ်က ကစားကွင်းအပေါ်တွင် တည်ဆောက်ထားသည်။ ရောဘတ်ကတော့ ကစားကွင်းကို သူ့ပန်းခြံ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသည်။
`ဟေး ဂျင်မီ´ ဟု ရောဘတ်က ကစားကွင်းမြက်ခင်းပြင်ကို ပြေးလွှားဖြတ်သန်းလာရင်း အော်ခေါ်လိုက်သည်။ အနီးရောက်သောအခါ နံရံပေါ်မှ သူ့သူငယ်ချင်းကို ခုန်အုပ်လိုက်သည်။ နှစ်ယောက်သား အနောက်ဘက်သို့ လန်ပြီး လုံးထွေးပြုတ်ကျသွားသည်။ `ဆောရီး ဂျင်မီ။ ငါလည်း လန်ကျမယ်မထင်လို့´ ဟု ဖုတ်ဖတ်ခါထရင်း ရောဘတ်ကပြောလိုက်သည်။ ထို့နောက် နံရံပေါ်သို့ ပြန်တက်ထိုင်လိုက်ပြီး ပွန်းပဲ့သွားသည့် သူ့တံတောင်ဆစ်ကို ပွတ်နေသည်။
`အားပါးပါး´
`မင်း ဒီနေ့ ဘယ်ရောက်နေတာလဲ။ ဘာလို့ ကျောင်းမတက်တာလဲ´
`မနေ့က ငါ့အဖေ သေနတ်နဲ့ပစ်သတ်ခံရတယ်´ ဟု ဂျင်မီက ကလေးတို့၏ ချက်ကျလက်ကျနိုင်မှုဖြင့် ဒဲ့တိုး ပြောလိုက်သည်။ `အဖေသေသွားပြီ။ အမေ့ကို စစ်သားတွေ ခေါ်သွားတယ်။ ငါလည်း ဆရာမတို့အိမ်မှာ နေနေရတယ်။ ဆရာမက ငါ့ကို ဒီနေ့ ကျောင်းမတက်လည်းရတယ်လို့ ပြောတယ်။ ဆရာမအိမ်မှာ အရမ်းလိမ္မာတဲ့ ခွေးကလေးတစ်ကောင်ရှိတယ် သိလား။ ရှန်ဒီတဲ့´
`အေး မင်းအဖေအကြောင်း ငါလည်းကြားတယ်။ ငါ ၀မ်းနည်းပါတယ် ဂျင်မီ။ မင်းအမေအတွက်လည်း ငါ စိတ်မကောင်းပါဘူး´ ဟု ရောဘတ်က ပြောရင်း သူ့မျက်နှာကို ၀မ်းနည်းသည့်ဟန်ပေါ်အောင် ကြိုးစားပြုပြင်ယူနေသည်။ `ဒါပေမဲ့ ခွေးလေးအကြောင်း ကြားရတာတော့ ကောင်းတယ်ကွ။ ဟေ မင်း ဆရာမကြီးနဲ့အတူ နေနေရတာလား။ ဘယ်လိုလဲကွ၊ ကြောက်စရာကောင်းလိုက်မယ့် ဖြစ်ချင်း´
[ ၁၅ ]
`ဟင့်အင်း၊ ကြောက်စရာမလိုပါဘူး။ ဆရာမကြီးက သဘောကောင်းတယ်ကွ။ ဒါပေမဲ့ ငါ့အိမ်မှာ ကျန်ခဲ့တာလေးတွေကို လွမ်းတယ်ကွာ။ ငါ့စက်ဘီးလေးရယ်၊ အရုပ်လေးတွေရယ်၊ ဘောလုံးရယ် ကျန်ခဲ့တယ်။ ငါ့ ငါးမျှားချိတ်လည်း လိုတယ်ကွ´
`ဟာ ဟေ့ကောင်၊ ငါးမျှားချိတ်မရှိလို့တော့ ဘယ်လိုလုပ်မလဲ။ မင်းတို့အိမ်ပြန်ပြီး ယူလို့မရဘူးလား´
`ဆရာမကြီးပြောတာ စစ်သားတွေ အိမ်မှာ ရှာနေတုန်းပဲတဲ့..´
`ဘာကို ရှာနေတာလဲကွ´
`ငါလည်းမသိဘူး။ ဒါပေမဲ့ သူတို့ ရှာတော့ ရှာနေကြတုန်းပဲ။ ရှာပြီးရင် အိမ်ကို ချိတ်ပိတ်မယ်တဲ့၊ ဆရာမကြီးကပြောတယ်´
`သေချာတယ်၊ သူတို့ သေနတ်တွေ၊ ဒုံးကျည်တွေရှာနေတာ။ သူတို့ အဲဒါတွေနောက်ပဲ လိုက်နေတာ´
`ငါ မင်းကို မပြောနိုင်ဘူးကွာ။ ဆရာမကပြောတယ်၊ ဒီလိုအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောရဘူးတဲ့´
`ငါ့ကိုတော့ မင်းပြောလို့ ရပါတယ် ဂျင်မီရာ။ ငါတို့က ရဲဘော်တွေပဲ။ ဘာပဲဖြစ်ဖြစ်ကွာ၊ မင်းအဖေကြီးက တိုက်ခိုက်ရေးသမားဆိုတာ အားလုံးသိပါတယ်။ ငါ့အဖေဆို အမြဲပြောတယ်၊ မင်းအဖေတော့ တစ်နေ့ ပစ်သတ်ခံရတော့မှာပဲတဲ့။ ငါ့အဖေပြောတာ မှန်နေတာပဲ။ ဒါပေမဲ့ ငါစိတ်မကောင်းဘူးကွာ။ မင်းအဖေကြီးကို ငါ သဘောကျတယ်။ ငါ့အဖေက တိုက်ခိုက်ရေးသမားတွေဟာ သတ္တိရှိတဲ့ အရူးတွေတဲ့။ အဲလိုခေါ်တာပဲ´
`ငါ့အဖေက အရူးမဟုတ်ဘူး။ မင်းစကားကို ပြင်ပြောကွ´ ဟု ဂျင်မီက မတ်တပ်ထရပ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရောဘတ်က သူ့သူငယ်ချင်းကို ကြည့်နေသည်။ သူ့အမေ စကားအရဆိုလျှင် `ဆလပ်ရွက်လို ကောင်လေး´၊ ထိုကောင်လေးမျက်လုံးများထဲတွင် ခက်ထက်မှုအပြည့်ကို မြင်နေရသည်။ ဆယ်နှစ်သားကလေးတစ်ယောက်အနေဖြင့် အခြားလူသားတစ်ဦးအတွက် ခံစားရသော ဂရုဏာနှင့် နီးနီးစပ်စပ်တူညီသည့် ခံစားမှုတစ်ခုကို ရောဘတ် ခံစားလိုက်ရသည်။
`ငါတောင်းပန်ပါတယ် ဂျင်မီ။ ငါ့အဖေပြောတာ အဲလို မကောင်းတဲ့အဓိပ္ပာယ်မျိုး မဟုတ်ပါဘူး။ သူက တိုက်ခိုက်ရေးသမားတွေဟာ သူတို့ အရိုက်ခံရမယ်ဆိုတာကို မသိတဲ့လူတွေလို့ တွေးတာပါ။ မင်းအဖေကြီးကို ငါ သဘောကျပါတယ်။ သူက အရမ်းမိုက်ပါတယ်´
ဂျင်မီက ပြန်ထိုင်ချလိုက်သည်။ သူ့မျက်လုံးမှ မျက်ရည်များစီးကျလာသည်။
ဂျင်မီ့ပုခုံးကို ရောဘတ် ဖက်ထားလိုက်သည်။ `ဂျင်မီ ငါတို့ မင်းတို့အိမ်နား သွားရအောင်။ ချောင်းကမ်းပါးကနေ တိတ်တိတ်ကလေး သူတို့ ဘာတွေလုပ်နေလဲဆိုတာ ချောင်းကြည့်ရအောင်။ မင်းစက်ဘီးနဲ့ ငါးမျှားတန်လည်း ပြန်ယူချင်ယူနိုင်မှာ။ မကောင်းဘူးလား။ ငါ့အမေ အလုပ်က ပြန်မလာမချင်း ငါအိမ်မပြန်သေးလို့ ရတယ်။ ဘယ်လိုလဲ။ စစ်သားတွေနဲ့တွေ့ရင်လည်း ဘာလုပ်နေတာလဲလို့ မေးကြည့်လို့ရတယ်၊ မကောင်းဘူးလား။ လာကွာ၊ သွားရအောင်´
[ ၁၆ ]
`သွားလေ။ ဒါပေမဲ့ ငါ ဆရာမအိမ်ကို ခြောက်နာရီမထိုးခင် ပြန်ရမယ်ကွ။ မင်းမှာ နာရီပါလား။ ကဲ သွားစို့´ ဟု ဂျင်မီက ပြောလိုက်သည်။
စာသင်ကျောင်း၏ ပင်မတံခါးပေါက်ကြီးကို ဖြတ်ပြီး သူတို့ လမ်းသွယ်လေးအတိုင်း လျှောက်လာခဲ့လိုက်သည်။ အပေါက်နားတွင် အမေများ၊ အဒေါ်များနှင့် အိမ်နီးချင်းများ သူတို့ကလေးများကို လာကြိုနေကြသည်။ လူထူထပ်သည့် လမ်းကြားလေးအတိုင်း ကောင်လေးနှစ်ယောက် လျှောက်လာစဉ် လူကြီးအချို့က ဂျင်မီ့ကို ခေါင်းဆတ်ပြသည်။ စိုးရိမ်သောကနှင့် ဂရုဏာကို မျက်နှာထားဖြင့် ပြသကြသည်၊ ထို့ပြင် သူတို့၏ ကြောက်ရွံ့မှုကိုလည်း မလွဲမရှောင်သာ မြင်နေရသည်။
`လာ ဂျင်မီ၊ သူတို့ ဘာကိုရှာနေတယ်ဆိုတာ မင်းငါ့ကို ပြောပြလို့ရပါတယ်ကွာ´ ဟု လူများကိုရှောင်ကာ လမ်းလျှောက်ရင်း ရောဘတ်က ပြောလိုက်သည်။
လမ်းကြိုလမ်းကြားများနှင့် လယ်ကွင်းများကို ဖြတ်ပြီး ကောင်လေးနှစ်ယောက် လမ်းလျှောက်လာခဲ့ကြသည်။ ခြုံပုတ်များ၊ ညွှံအိုင်များ၊ တူးမြောင်းများ၊ မှန်ပြတင်းများကို ကြိုက်သလိုခွဲနိုင်သည့် လူမနေတော့သည့် အိမ်ဟောင်းများ စသည်၊ တို့ကို ဂျင်မီရော ရောဘတ်ပါ နောကျေပြီးသား ဖြစ်သည်။
ဆယ်နှစ်သားကောင်လေးများသာ သိနိုင်သည့် ဤဒေသတစ်ဝိုက်၏ လျှို့ဝှက်ချက်များအားလုံး။ ဘယ်သူမှရှာမတွေ့နိုင်အောင် ပုန်းအောင်းနိုင်သည့် နေရာများ၊ မလွယ်ပေါက်များ၊ အရက်သမားများ စတည်းချသည့် စားကျက်များ၊ ဆယ်ကျော်သက်ကောင်မလေးများက ကောင်လေးများကို သူတို့မိဘများ မမြင်စေချင်သည့်အရာများ လုပ်ခွင့်ပြုရာ ခြုံပုတ်များ၊ ယုန်တွင်းများ၊ လယ်ကြွက်တွင်းများ ဤအရာများအားလုံးကို သူတို့ သိသော်လည်း စာသင်ခန်းကိုတော့ မုန်းနေမိဆဲဖြစ်သည်။ ကောင်လေးများအတွက် ကောင်းဘွိုင်လုပ်တမ်း ကစားနည်း၊ သို့မဟုတ် စစ်တိုက်တမ်းသည်သာ အကောင်းဆုံး သင်ယူရာနေရာဖြစ်ပါလိမ့်မည်။
ဂျင်မီ့အိမ်သို့မရောက်ခင် ကောင်လေးနှစ်ယောက်က ညာဘက်လမ်းသွယ်ထဲသို့ ချိုးဝင်လိုက်သည်။ ချောင်းရိုးကို ဖြတ်ပြီး လက်လုပ် သစ်သားတံတားကလေးတစ်ခု ထိုးထားသည်။ သူတို့ ရေခဲချောင်းဝယ်စားရာ ဆိုင်ကို ကျော်လာသည်။ တံခါးကို ဖြတ်ပြီးနောက် ဘယ်ဘက်သို့ချိုးပြီး တာလမ်းကလေးအတိုင်း လျှောက်လာလိုက်သည်။ ဂျင်မီ့အိမ်သို့ မရောင်ခင်ပင် သူတို့ တာလမ်းအောက်ခြေသို့ ခုန်ဆင်းလိုက်သည်။ သူတို့ ရင်းနှီးကျွမ်းကျင်သည့် နယ်မြေမှ ခြုံပုတ်များနှင့် ဆူးပင်များအကြား ပုန်းလျှိုးကွယ်လျှိုး လျှောက်လာကြသည်။
တေဇာ (လရောင်လမ်း)
စီးနင်းမှု (၃)
တေဇာ (လရောင်လမ်း)
စီးနင်းမှု (၃)
Comments
Post a Comment