[ ၁ ]
စစ်သားများ တံခါးလာခေါက်ချိန်က မိုးစင်စင်လင်းနေပြီ။ ညင်သာသော တံခါးခေါက်သံ ဖြစ်သည်။ လစဉ် ပိုက်ဆံလာကောက်လေ့ရှိသည့် မစ္စတာမာဒင်၏ တံခေါက်သံမျိုးနှင့် ခပ်ဆင်ဆင်တူသည်။ `ငါ ရောက်လာပြန်ပြီ။ အချိန်တွေကုန်တာ မမြန်လား´ ဟု သူက ဂျင်မီ့အမေကို ရယ်ရင်းမောရင်း ပြောလိမ့်မည်။ ထို့နောက် သူကောက်စရာရှိသည့် နှစ်သျှီလင်ခွဲကို ယူပြီး သူ့ခါးတွင် အမြဲပတ်ထားသည့် သားရေအိတ်ကလေးထဲ ထည့်မည်။ သူ့ အရိုးပေါ်အရည်တင် ခြေကျင်းဝတ်က ခြေစွပ်ကို နေရာတကျဖြစ်အောင် ပြန်ပြင်ပြီး အိမ်နံပါတ် ၁၄၃ မှ မစ္စဟက်ချယ်ဆန် အိမ်တံခါးကို ခေါက်ရန်အတွက် စက်ဘီးကလေးပေါ် တက်ခွပြီး ထွက်ခွာသွားလိမ့်မည်။ ဒီနားမှာ နှစ်ကျပ်နဲ့ ပြားခြောက်ဆယ်၊ ဟိုနားမှာ ငါးကျပ်၊ အိမ်နံပါတ် ၇၉ အဘွားကြီးဘတ်စတာဆီက ဈာပနအာမခံငွေ ခြောက်ပဲနိ။ သူမက တစ်ယောက်တည်းအေးအေးနေဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်၏။ ကိတ်မုန့်နှင့် အသားညှပ်ပေါင်မုန့်စသည့် အစားအသောက် အသံမကြားလျှင် ခေါင်းထောင်၍ပင် ထကြည့်မည့်သူမဟုတ်။
စစ်သားများ တံခါးလာခေါက်ချိန်က မိုးစင်စင်လင်းနေပြီ။ ညင်သာသော တံခါးခေါက်သံ ဖြစ်သည်။ လစဉ် ပိုက်ဆံလာကောက်လေ့ရှိသည့် မစ္စတာမာဒင်၏ တံခေါက်သံမျိုးနှင့် ခပ်ဆင်ဆင်တူသည်။ `ငါ ရောက်လာပြန်ပြီ။ အချိန်တွေကုန်တာ မမြန်လား´ ဟု သူက ဂျင်မီ့အမေကို ရယ်ရင်းမောရင်း ပြောလိမ့်မည်။ ထို့နောက် သူကောက်စရာရှိသည့် နှစ်သျှီလင်ခွဲကို ယူပြီး သူ့ခါးတွင် အမြဲပတ်ထားသည့် သားရေအိတ်ကလေးထဲ ထည့်မည်။ သူ့ အရိုးပေါ်အရည်တင် ခြေကျင်းဝတ်က ခြေစွပ်ကို နေရာတကျဖြစ်အောင် ပြန်ပြင်ပြီး အိမ်နံပါတ် ၁၄၃ မှ မစ္စဟက်ချယ်ဆန် အိမ်တံခါးကို ခေါက်ရန်အတွက် စက်ဘီးကလေးပေါ် တက်ခွပြီး ထွက်ခွာသွားလိမ့်မည်။ ဒီနားမှာ နှစ်ကျပ်နဲ့ ပြားခြောက်ဆယ်၊ ဟိုနားမှာ ငါးကျပ်၊ အိမ်နံပါတ် ၇၉ အဘွားကြီးဘတ်စတာဆီက ဈာပနအာမခံငွေ ခြောက်ပဲနိ။ သူမက တစ်ယောက်တည်းအေးအေးနေဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်၏။ ကိတ်မုန့်နှင့် အသားညှပ်ပေါင်မုန့်စသည့် အစားအသောက် အသံမကြားလျှင် ခေါင်းထောင်၍ပင် ထကြည့်မည့်သူမဟုတ်။
ယခုတော့ စစ်သည်များက တံခါးကို ထပ်ခေါက်နေသည်။ တိကျပြတ်သားသည့် တံခါးခေါက်သံ၊ သို့သော် သတိပေးခြိမ်းခြောက်ရန် ရည်ရွယ်ခေါက်ပုံမျိုးတော့မဟုတ်။ ဒေါက်ဒေါက်ဒေါက်ဟု လက်အိတ်စွပ်ထားသည့်လက်ဖြင့် ခေါက်နေပုံမျိုး။ ဒါက လက်တွေ့ဖြစ်နေသော ငြင်းမရသည့် ကိစ္စဖြစ်သည်။
ဤသည်မှာ စစ်သားများဖြစ်ကြောင်း ဂျင်မီသိပါသည်။ လမ်းတစ်လျှောက် သူတို့ လှည့်လည်နေပုံ၊ စစ်ကားများ ဖြတ်သန်းသွားပုံ၊ သူတို့ထဲမှ ခြောက်ယောက်က ၀တ်စုံပြည့်ဝတ်စားထားပုံ၊ သေနတ်များ ကိုင်ဆောင်ထားပုံကအစ အားလုံးကို ဂျင်မီ မြင်တွေ့ခဲ့ပြီးဖြစ်သည်။
`အဖေ့´ ဟု ဂျင်မီက လှေကားပေါ်သို့ အော်ပြောခဲ့သည်။
`သူတို့ အိမ်ပေါက်ဝ ရောက်နေပြီ။ ရပ်နေကြတယ်။ ကျွန်တော်တို့ အိမ်တံခါးကို ကြည့်နေတယ်။ ကျွန်တော်ထင်တာ သူတို့ အိမ်ထဲကို ၀င်လာကြတော့မယ် ထင်တယ်အဖေ´
လှေကားထိပ်ဆီမှ ရုန်းရင်းဆန်ခတ် တရွတ်တိုက်ဆွဲသံများ သူ ကြားရသည်။ မျက်နှာကြက်အမိုးပေါ်တက်သည့် မလွယ်တံခါး ဖွင့်သံ သူကြားပြီးနောက်၊ အဖေ့ခြေထောက်များ လက်ရန်းကို ကန်ထားသည်ကို တစ်စက္ကန့်မျှ သူ မြင်လိုက်ရသည်။ ထို့နောက် သူတို့ ထပ်ခိုးအတွင်းသို့ ပြန်ဆင်းခဲ့ပြီး မလွယ်တံခါးလည်း နေသားတကျ ပြန်ပိတ်သွားခဲ့ပါသည်။
`ပြတင်းပေါက်နားမှာ မနေနဲ့ ဂျင်မီ´ ဟု အမေက ခပ်မာမာပြောသည်။ သူမ အသံတွင် အလောတကြီးလေသံ ပါနေသည်။ `ပြတင်းပေါက်နားမှာ မနေနဲ့။ အခုချက်ချင်း လာခဲ့။ အမေနဲ့ မီးဖိုချောင်ထဲမှာ လာနေ။ အခုချက်ချင်း ပြောတဲ့အတိုင်းလုပ် ဂျင်မီ´
တတိယမြောက်တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ပိုပြင်းလာသည့် ခေါက်သံ။ ပိုပြီး ကြမ်းတမ်းသည့်ခေါက်သံ။ `အခုချက်ချင်းတံခါးဖွင့်ရင် ကောင်းလိမ့်မယ်´ ဟူသည့် အဓိပ္ပာယ် အပြည့်အ၀ပါနေသည့် ခေါက်သံမျိုး။ `ဒေါသမထွက်ခင် မြန်မြန်ဖွင့်´ ဆိုသည့် သဘောမျိုး။ ဂျင်မီက အနောက်ဖက်မှ အမေ့ဆီသို့ ပြာပြာယာယာ ပြေးဝင်သွားသည်။ အမေက ရင်ခွင်ထဲသို့ ဂျင်မီ့ကို ဆွဲယူပွေ့ဖက်ထားသည်။
[ ၂ ]
`ဘာမှမဖြစ်ဘူး သားလေး။ အားလုံးအဆင်ပြေသွားလိမ့်မယ်။ သူတို့ကို သား ဘာမှ မပြောရဘူးနော်။ အမေပြောမယ်။ သားက တိတ်တိတ်ကလေး နေနော်´ ဟု သူမက ပြောလိုက်သည်။
ဂျင်မီက အမေ့မျက်နှာဆီသို့ မော့ကြည့်လိုက်သည်။ ကြောက်ရွံ့ထိတ်လန့်နေဟန် အထင်းသားဖြင့် အမေ့မျက်နှာ။ ထို့နောက် သူ ခေါင်းငြိတ်ပြလိုက်သည်။
တံခါးခေါက်သံက ထုရိုက်သံအဖြစ်သို့ ပြောင်းလာသည်။ လက်အိတ်စွပ်ထားသည့် လက်ဖ၀ါးဖြင့် ရိုက်နေသကဲ့သို့၊ ထို့ပြင် တံခါးအောက်ခြေသို့ ခပ်ဆတ်ဆတ် ကန်ကြောက်သံများလည်း ထွက်ပေါ်လာသည်။ တံခါးကျိုးသွားလောက်သည် အထိတော့ မဟုတ်၊ သို့သော် မဖွင့်ပါက ကျိုးသည်အထိဖြစ်စေမည်ဟူသော သဘောကို အပြည့်အ၀ဆောင်နေသည်။ `တံခါးဖွင့်ပါ´ ဟု ပေါ့ပျက်ပျက်အော်သံတစ်ခု ကြားရသည်။ စစ်သားတစ်ယောက်က ပြတင်းပေါက်ဆီသို့လာပြီး ဇကာကွက်လိုက်ကာကို ဖောက်ထွင်းမြင်နိုင်ရန်ကြိုးစားပြီး အတွင်းသို့ ချောင်းကြည့်သည်။ ဂျင်မီ့အမေက နောက်ဖေးဘက်သို့ အကြည့်ကိုပြောင်းလိုက်သည်။ အိမ်နောက် ပန်းခြံတွင်လည်း စစ်သားသုံးယောက် မတ်တပ်ရပ်နေသည်ကို မြင်ရသည်။ လက်ထဲတွင် သေနတ်များ ကိုင်ထားသည်။ သူမ၏ တုန်လှုပ်မှုက ကလေးဆီသို့ပါ အလိုလို ကူးစက်စီးဝင်သွားသည်။ အမေ့လက်မောင်းများ၊ ခြေထောက်များနှင့် ကိုယ်ခန္ဓာတစ်ခုလုံး တဆတ်ဆတ်တုန်နေသည်ကို ဂျင်မီခံစားရသည်။
အိမ်ရှေ့တံခါးရွက် ပြုတ်ထွက်လွင့်စင်သွားပြီးနောက် ခဏမျှ ငြိမ်သက်နေသည်။ သော့ဂလောက် အပိုင်းအစများ အိမ်တွင်းသို့ လွင့်စင်လာပြီး ကြမ်းပြင်ကြွေပြားပေါ် တတင်တင်နှင့် ကျသွားသံကိုပါ ကြားရသည်။ စစ်သားများက အိမ်တွင်းသို့ ၀င်လာသည်။ သေနတ်များ ပိုက်ထားပြီး၊ မျက်နှာများက တင်းမာပြတ်သားလှသည်။ လှေကားအောက်ခြေတွင် နှစ်ယောက် ရပ်နေပြီး အပေါ်သို့ စိုက်ကြည့်နေသည်။ နှစ်ယောက်က ဧည့်ခန်းအတွင်းသို့ လျင်လျင်မြန်မြန် ရှာဖွေလိုက်သည်။ ပုန်းနေသူရှိမရှိသိနိုင်ရန် ဆိုဖာများကို ဆွဲလှန်ပစ်သည်။ နှစ်ယောက်က ဂျင်မီနှင့် အမေကို ကျော်ဖြတ်ပြီး မီးဖိုချောင်အတွင်း လှည့်ကြည့်သည်။ နောက်ဖေးပန်းခြံအတွင်းမှ စစ်သားများကို အသိအမှတ်ပြု အချက်ပြလိုက်သည်။
သူတို့ လှေကားအောက်ခြေတွင် ပြန်လည်စုစည်းကြသည်။ နှစ်ယောက်က လှေကားပေါ်တွင် အသင့်အနေအထား ရပ်နေပြီး အခြားလူများက သူတို့ကို ဖြတ်ကျော်ကာ ရေချိုးခန်းနှင့် အိပ်ခန်းများအတွင်းသို့ ရှာဖွေကြသည်။ ဘာမျှမတွေ့။ ခေါင်းဆောင်ဖြစ်သူက ထပ်ခိုးသို့တက်သည့် ၀င်ပေါက်ကို မော့ကြည့်နေသည်။ သူ့လူတစ်ယောက်ကို ခေါင်းဆတ်ပြလိုက်ပြီးနောက် ထိုသူက တံခါးလက်ရန်းပေါ်သို့ ခုန်တက်ပြီး မလွယ်တံခါးကို သူ့ သေနတ်ပြောင်းဖြင့် ထိုးကလော်သည်။ တံခါးက လှုပ်နေသည်။ သူက ခပ်ပြင်းပြင်း ထိုးလိုက်ပြီးနောက် တံခါးက သူ၏ ဘယ်ဘက်သို့ တစ်ပေခန့် ရွေ့သွားသည်။ သူက လက်ဖြင့်ဘေးသို့ တွန်းဖွင့်လိုက်သည်။ အိတ်ထဲမှ ဓာတ်မီးထုတ်ပြီးဖွင့်သည်။ အပေါက်အတွင်းသို့ ခေါင်းကို သတိဖြင့်အသာတိုးဝင်ရင်း မျက်နှာကြက်ပေါ်သို့ ဓာတ်မီးဖြင့် ထိုးကြည့်နေသည်။
သေနတ်သံတစ်ချက် ကြားပြီးနောက် ဂျင်မီ့အမေ၏ ဒူးများ ကွေးညွတ်သွားသည်။ သူမ၏ သားငယ်ကို ဖက်ထားသည့်လက်များကတော့ ပိုမိုတင်းကြပ်လာသည်။ အမေသူ့ကို ကြမ်းပြင်ပေါ်သို့ ဆွဲချတော့မလား သူ ထင်မိသည်။ အရာအားလုံး ရှုပ်ထွေးနေသည်။ ကြားသည်ဆိုတာထက် စစ်သားတစ်ယောက်၏ ကိုယ်ခန္ဓာတစ်ခု ထပ်ခိုးမှ ပြုတ်ကျလာသည်ကို သူ ခံစားလိုက်ရသည်။ လှေကားဆီမှ တရွတ်တိုက်မြည်သံများကို သူ ခံစားနေရသည်။ ထို့နောက် သေနတ်သံများက သူ့အာရုံကို ဖုံးလွှမ်းသွားသည်။ အမေ့ရင်ခွင်အတွင်းမှ သူ ကုန်းရုန်းထပြီး ဟောခန်းအတွင်းသို့ ပြေးဝင်လာခဲ့သည်။ စစ်သားက ပက်လက်လန် လဲနေပြီး ခြေထောက်များက လှေကားပေါ်တွင် ထောင်နေသည်။ ခေါင်းက ကြွေပြားကို မှေးထားသည်။ သူ့ခေါင်းအောက်တွင် သွေးအိုင်တစ်အိုင်ရှိနေသည်။ မျက်လုံးများက အံ့အားသင့်မှုဖြင့် ပြူးထွက်နေပြီး သူ့နဖူးတည့်တည့်တွင် အပေါက်တစ်ပေါက် ရှိနေသည်။
[ ၃ ]
လှေကားထိပ်နေရာကျဉ်းကျဉ်းကလေးတွင် ပြည့်ကြပ်နေသော စစ်သားငါးယောက်ကို သူ မော့ကြည့်လိုက်သည်။ သူတို့အားလုံး အော်တိုမစ်တစ်ရိုင်ဖယ်များဖြင့် မျက်နှာကြက်ဆီသို့ ပစ်ခတ်နေကြသည်။ ဘယ်ညာ ကျည်ဆန်ဖောက်ရာလမ်းအတိုင်း မျက်နှာကြက်ပလာစတာပြားများ ပေါက်ပြဲကြွေပျက်သွားခဲ့ပြီ။ စစ်သားများက မျက်နှာကြက်တစ်ခုလုံး နေရာလပ်မရှိ အဆက်မပြတ် ပစ်ခတ်နေသည်။
`အဖေ´ ဟု ဂျင်မီ အကျယ်ကြီး အော်ဟစ်လိုက်ပြီး လှေကားပေါ်တက်ရန် ခြေလှမ်းပြင်လိုက်သည်။ ထိုစဉ်ပင် စစ်သားတစ်ယောက်က သူ့ကို လှည့်ကြည့်သည်။ ဆယ်နှစ်သားကလေးဆီသို့ သူ၏ သေနတ်ပြောင်းကို လှည့်လိုက်သည်။ မစဉ်းမစား တုန့်ပြန်မှုနှင့် ထိုက်တန်သည့်အရာကို ပေးဖို့ဖြစ်မည်။ သူ့လက်ချောင်းက မောင်းခလုတ်ပေါ်တွင် တောင့်တင်းနေသည်။ သူ့ အပေါ်မှ မျက်နှာကြက် ပလာစတာပြားကြီးတစ်ခုလုံး ပြိုပျက်သွားပြီ ဖြစ်သည်။ ထိုစဉ်ပင် ထိုစစ်သားပေါ်သို့ အပေါ်မှ ကိုယ်ခန္ဓာတစ်ခု ပြုတ်ကျလာသဖြင့် သူ့ကို တစ်ဖက်ဆီသို့ ယိမ်းယိုင်သွားစေသည်။ သူပစ်လိုက်သည့် ကျည်ဆန်က ဂျင်မီ့ဘယ်ဘက်ရှိ နံရံကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
`အဖေ´ ဟု ဂျင်မီ အော်ခေါ်လိုက်သည်။
[ ]
အလောင်းနှစ်လောင်းအား နာရီပိုင်းအတွင်း ဖယ်ရှားပြီးစီးသွားသည်။ ဂျင်မီနှင့်အမေကို မဂ်ဟောရဲစခန်းသို့ အနက်ရောင်ကားကြီးဖြင့် ခေါ်ဆောင်သွားသည်။ အနောက် လန်ကတ်ရှိုင်းယားဒေသ၏ ဌာနချုပ်လုပ်ရန် ရဲစခန်းကို စစ်သားများက သိမ်းပိုက်ထားခြင်းဖြစ်သည်။ ဂျင်မီ့အား စားပွဲနှင့် ကုလားထိုင်နှစ်လုံးမှလွဲ၍ ဘာမျှမရှိသည့် ရုံးခန်းတစ်ခန်းအတွင်း ထိုင်ခိုင်းထားသည်။ ယူနီဖောင်းဝတ် အမျိုးသမီးတစ်ဦး စားပွဲနောက်တွင် ထိုင်နေသော်လည်း သူ့ကို စကားတစ်ခွန်းမျှ မပြော၊ ဆာနေပြီလားဟုပင် မေးဖော်မရ။ အမေ့ကို စစ်သားများက ကော်ရစ်ဒါတစ်လျှောက် စောင့်ကြပ်ခေါ်ဆောင်သွားပြီးနောက် ကြီးမားသည့် သံတံခါးကြီးတပ်ထားသည့် အခန်းတစ်ခုအတွင်းသို့ ၀င်သွားသည်ကို ဂျင်မီ မြင်လိုက်ရသည်။ အခန်း၏ မှန်ပြတင်းပေါက်တွင် သံတိုင်များတပ်ထားသည်။ ထိုထိုင်ခုံတွင် ဂျင်မီ နှစ်နာရီခန့် ထိုင်နေခဲ့သည်။ ယူနီဖောင်းဝတ် အမျိုးသမီးကြီးက စာအုပ်တစ်အုပ်ဖတ်နေပြီး အခါအားလျော်စွာ သူမ၏ ခြေထောက်များကို ချိတ်လိုက်ဖြည်လိုက် လုပ်သည်။ သူမထံမှ ပေါင်ဒါနှင့် ဆပ်ပြာနံ့ရသည်ဟု ဂျင်မီ ထင်မိသည်။ အန်တီဖှရီဒါလိုပဲ နေမှာဟု သူတွေးလိုက်သည်။
`ဘယ်တော့မှ၊ ဘာမှ သူတို့ကို မပြောနဲ့ သား´ ဟု အဖေက သူ့ကို ပြောခဲ့သည်။ `မင်းနာမည်ဘယ်သူလဲ၊ ဘယ်မှာနေလဲ၊ ချောကလက်ကြိုက်လား ဘာမေးမေးဖြေစရာမလိုဘူး။ သူတို့ကို ဘာမှကို မပြောနဲ့။ လမ်းမပေါ်မှာလည်း မပြောနဲ့၊ အဖေ့သားလို့လည်း မပြောနဲ့။ သူတို့ ပြောသမျှ တစ်ခုမှ နားမထောင်နဲ့။ အကုန် အလိမ်တွေချည်းပဲ။ သူတို့ကို တစ်ခုခုပြောမိတာနဲ့ တစ်ယောက်ယောက် အသတ်ခံရနိုင်တယ် သား´
ထိုစဉ်က ဂျင်မီ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေခဲ့သည်။
`အဲဒီတစ်ယောက်ယောက်ဟာ အဖေကိုယ်တိုင်၊ ဒါမှမဟုတ် သားမေမေဖြစ်နေနိုင်တယ်သား။ အဖေပြောတာ ကြားလား´
ဂျင်မီက ခေါင်းညိတ်ပြခဲ့သည်။ မိဘများ သေမည်ဟူသော အတွေးကြောင့် သူ မျက်ရည်များ စီးကျလာခဲ့သည်။
[ ၄ ]
`မငိုနဲ့´ ဟု အဖေက ပြောသည်။ `အခုချက်ချင်း တိတ်။ ဘယ်သူ့ကိုမှ သားကို ငိုအောင် လုပ်ခွင့်မပြုနဲ့။ ဘာလို့လဲဆိုတော့ အဲဒါ သူတို့ လိုချင်တာဖြစ်လို့ပဲ။ သားက ကလေးလေးဆိုတော့ သူတို့က သားကို ကြောက်သွားအောင် ခြောက်ချင်လိမ့်မယ်။ အဖေနဲ့ အမေအကြောင်းကို သားက သူတို့ကို ပြောပြအောင်လို့ သူတို့က သားကို ခြောက်လှန့်လိမ့်မယ်။ တစ်လုံးမှမပြောနဲ့ ကြားလား။ အဖေတို့ကို သား မသေစေချင်ဘူး မဟုတ်လား။ အဲဒီတော့ ဘာတစ်ခွန်းမှ ပါးစပ်က မဟနဲ့ ငါ့သား´
ဂျင်မီ ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက် သူ့စိတ်ပြောင်းသွားပြီး ခေါင်းကို သွင်သွင်ခါမိပြန်သည်။ မျက်ရည်များ သူ့ပါးပြင်သို့ စီးကျလာသည်။
`တိတ်တော့ တိတ်တော့´ ဟု အဖေကပြောပြီး လက်ကိုင်ပ၀ါ ထုတ်ပေးသည်။ သူ့မျက်ရည်များကို သုတ်ပစ်ရန် ကမ်းလိုက်သော တွန့်ကြေညစ်ပတ်နေသည့် လက်ကိုင်ပ၀ါကလေး။
ထိုသို့ဖြင့် ဂျင်မီ ထိုင်ခုံပေါ်တွင် နှစ်နာရီခန့် မလှုပ်မယှက် ထိုင်နေခဲ့သည်။ ထိုင်ခုံပေါ်မှ တွဲလျောင်းချထားသည့် သူ့ခြေထောက်များ ကျင်တက်လာသည်။ ခြေထောက်များကို သူ မသိမသာ အနည်းငယ်ပြင်သည်။ တစ်ကြိမ်လျှင် တစ်ဖက်စီ။ ထုံကျင်နေသည့် ခြေထောက်များဆီသို့ ခံစားမှုပြန်ရောက်လာရန် ကြိုးစားရသည်။ ထိုနေရာတွင် သူ နှစ်နာရီခန့်ကြာအောင် ထိုင်ပြီး မငိုမိအောင် ကြိုးစားနေခဲ့သည်။ သူ့ကို သူတို့ဘာလုပ်လုပ် အဖေ့ကိုတော့ မျက်နှာပျက်အောင် သူမလုပ်ချင်ပါ။ သူ ဘာမျှ ပြောလိမ့်မည် မဟုတ်။ သူ သူတို့ကို ဘာမျှပြောလိမ့်မည် မဟုတ်။ တစ်ခွန်းမျှ မဟ။ အဖေ့လိုပင် ရဲရင့်ဖို့ သူ ကြိုးစားရမည်။
သူတို့နှင့် စကားပြောခဲ့ဖူးသလားဟု သူ ပြန်လည်စဉ်းစားနေလိုက်သည်။ ကားအသွားအလာကင်းရှင်းသည့် ဆောက်ပို့ထ်လမ်းတွင် ကစားနေရင်း သူဆီသို့ ဘောလုံးပြန်ကန်ပေးခဲ့ဖူးသည့် ခပ်ငယ်ငယ်စစ်သားတစ်ယောက်ကို ကျေးဇူးတင်ပါတယ်ဟု သူ ပြောခဲ့ဖူးသည်။ သူ ပြောဖူးသည်မှာ ထိုတစ်ကြိမ်သာ ဖြစ်သည်။ ဒါကြောင့် အဖေအသတ်ခံခဲ့ရတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား။ ဒါပေမဲ့ ဘာဖြစ်လို့...။
ယူနီဖောင်းတွင် တံဆိပ်များရှုပ်ပွနေအောင် ထိုးထားသည့် စစ်သားကြီးတစ်ယောက် အခန်းထဲ ၀င်လာပြီး အမျိုးသမီးကြီးကို တစ်စုံတစ်ခု တီးတိုးပြောလိုက်သည်။ သူမက ဂျင်မီ့ကို ကြည့်သည်။ `လာ လိုက်ခဲ့´ ဟု ပြတ်တောင်းတောင်းပြောပြီး ရုံးခန်းအတွင်းမှ ထွက်ခွာသွားသည်။ ရဲစခန်းအတွင်းမှ အထွက်တွင် ဂျင်မီနှင့်သူမ ဘေးချင်းယှဉ်လျှောက်လာခဲ့သည်။ သူမ၏ လက်တစ်ဖက်ကို ဂျင်မီ့ ပုခုံးပေါ်တွင် တင်ထားသည်။
ကားနက်ကြီးအတွင်းသို့ ပြန်ဝင်ပြီး ဆောက်ပို့ထ်လမ်းအတိုင်း ပြန်လည်မောင်းနှင်လာခဲ့သည်။ ကားက ဂျင်မီတို့ အိမ်ကို ဖြတ်သွားသည်။ အိမ်ရှေ့တံခါးမကြီး ဟင်းလင်းပွင့်နေဆဲ ဖြစ်သည်။ အပြင်တွင် စစ်သားတစ်ယောက်စောင့်ကြပ်နေပြီး အခြားစစ်သားများက ပန်းခြံနှင့် နေအိမ်အတွင်း လှည့်လည်ရှာဖွေနေကြသည်။ ကိုက် ၂၅၀ ခန့်အကွာတွင် သူတို့ ညာဘက်သို့ ချိုးလိုက်သည်။ လမ့်ဘ်ရှီးယားလမ်းအတိုင်း ၀င်လာပြီးနောက် ကားက မူလတန်းကျောင်းရှေ့တွင် ရပ်သွားသည်။ ကျောင်းတံခါးဝတွင် အမျိုးသမီးကြီးတစ်ဦး သူတို့ကို ရပ်စောင့်နေပါသည်။
[ ၅ ]
`ဟဲလို ဂျင်မီ´ ဟု ကားတံခါးကို ဆွဲဖွင့်ရင်း သူမက ပြောသည်။ `လာ သား။ ဒီမှာ လုံခြုံသွားပြီ´
ယူနီဖောင်းဝတ်အမျိုးသမီးကို သူမက တစ်ချက်မျှ ခေါင်းဆတ်ပြလိုက်သည်။ လိုအပ်သော၊ သို့သော် ဖော်ရွေပျူငှာမှုကင်းမဲ့သော ခေါင်းဆတ်ပုံမျိုး။
`အမေရော၊ ဆရာမ။ သား အမေရော။ အမေ့ကို ရဲစခန်းမှာ သူတို့ ဖမ်းထားတယ်´
ကြောက်ရွံ့မှုနှင့် စိတ်ထိခိုက်မှုတို့ကို ထိန်းချုပ်ထားရသည့် နာရီများအပြီးတွင် အမျိုးသမီးကြီး၏ ရင်ခွင်အတွင်းသို့ သူ တိုးဝင်ပြီး တအင့်အင့် ငိုရှိုက်လိုက်သည်။ မစ္စမက်တိုင်းက ယူနီဖောင်းဝတ်အမျိုးသမီးကို ပွင့်နေသည့် ကားတံခါးဆီမှ တစ်ခါ ထပ်ကြည့်သည်။ `ဒီတော့ ဒါကြောင့် ရှင်တို့ ရောက်လာကြတာပေါ့။ ဆယ်နှစ်သားကလေးလေးကို စစ်မီးထဲ သွင်းဖို့ပေါ့။ ရှင်တို့ အလကားလူတွေ၊ ရှင်တို့ အားလုံးပဲ´ ဟု သူမက ပြောလိုက်ပြီး ချာခနဲလှည့်ထွက်ကာ ကျောင်းကစားကွင်းဆီသို့ ဂျင်မီ့ကို ဦးဆောင်ခေါ်ယူသွားခဲ့သည်။ `လာ ဂျင်မီ။ ဆရာမနဲ့ဆိုရင် သားအတွက် လုံခြုံပြီ´
[ ]
ဒေါ့လမ်းသွယ်ရှိ မစ္စ မက်တိုင်း၏ အိမ်ကလေးမှာ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ သူမကဲ့သို့ပင် သပ်ရပ် နှစ်လိုဖွယ်ကောင်းသည်။ အပင်များတန်းထားသည့် စည်းရိုးမြင့်မြင့်ကို ဂရုတစိုက် တိထားသည်။ အ၀င်လမ်းဆီသို့ ဦးတည်ပြီးနောက် အဆုံးတွင် သူမ၏ မီးခိုးရောင်ကားလေးကို ညင်သာစွာ ထိုးရပ်လိုက်သည်။ ကားဆီမှ ဆီများတတောက်တောက် ကျောက်ခင်းလမ်းဆီသို့ ယိုစိမ့်ကျနေသည်။ ခြံရှေ့ပန်းခြံကို စိန်ပုံသဏ္ဍာန်* စိုက်ခင်းကလေးများမှတစ်ပါး လမ်းခင်းထားခြင်း ဖြစ်သည်။ မြေဆီသြဇာဝနေပြီး အသေအချာပြုစုထားသည့် နှင်းဆီပန်းခင်းကလေးများ အစွမ်းကုန် ပွင့်ဖူးနေသည်။ ဂျင်မီ့အဘွားဆိုလျှင် နှင်းဆီပန်းများနှင့် နွေဦးရာသီကို အလွန်နှစ်သက်ခဲ့သည်။ `ဒီကလေးဟာ ဇွန်လနှင်းဆီပွင့်တွေနဲ့ အတူလာတာပဲ´ ဟု ဂျင်မီ့မွေးနေ့အတွက် လက်ဆောင်ဝယ်ပေးရင်း နှစ်စဉ်နှစ်တိုင်း ဂျင်မီ့အမေကို ပြောလေ့ရှိခဲ့သည်။ သူ့မွေးနေ့အကြောင်း စဉ်းစားမိတော့ ဂျင်မီ ငိုမိပြန်သည်။ ဒီနှစ်အတွက် မွေးနေ့လက်ဆောင်က သူ့အဖေအသတ်ခံရခြင်းနှင့် အမေ့ကို သူ့ထံမှ ခေါ်ဆောင်သွားခဲ့ခြင်းတဲ့လား။ မစ္စမက်တိုင်း၏ အပိုအိပ်ခန်းအတွင်း အိပ်ယာပေါ်တွင် ဘယ်ညာလူးလှိမ့်ရင်း နောက်ထပ်ငိုကြွေးရန် မတတ်နိုင်တော့သည်အထိ သူ အဆက်မပြတ် ငိုကြွေးနေမိသည်။ ဧည့်ခန်းအတွင်းတွင်လည်း သူ၏ အုပ်ထိန်းသူအသစ်သည် ခွေးကလေးကို ပွတ်သပ်ရင်း ဂျင်မီ့အတွက် ငိုကြွေးပေးနေပါသည်။ `ဘယ်လောက်ရက်စက်တဲ့ ကမ္ဘာကြီးလဲ ရှန်ဒီ။ ဘယ်လောက် ရက်စက်သလဲ။ ဒီလိုကိစ္စမျိုးကို ကလေးလေးတစ်ယောက်ကို ဘယ်သူများလုပ်လိမ့်မလဲ´ ဟု သူမက ညည်းတွားနေသည်။
ပြတင်းတံခါးအပြင်သို့ သူမ ငေးကြည့်သည်။ အဆုံးတွင် သပ်သပ်ရပ်ရပ် ခြံစည်းရိုးတစ်ခုရှိနေသော ရှည်မျောမျော မြက်ခင်းပြင်။ အဝေးဆီမှ ကျယ်ပြန့်သည့် ယာတောများနှင့် သူမ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးကို ကန့်သတ်ထားသော စည်းရိုး။ ညအချိန်များတွင် ဤနေရာကလေးတွင် ထိုင်ပြီး မြေပြင်ပေါ်သို့ ကျဲချနေသော ဗုံးများဆီမှ ကောင်းကင်သို့ ပဲ့တင်လင်းလက်လာသော ပေါက်ကွဲမှုများကို သူမကြည့်နေခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ အခုတော့ နေရာအတော်များများတွင် ငြိမ်းချမ်းသွားပါပြီ။ ရှုံနိမ့်မှုတွင်လည်း ၎င်း၏ အကျိုးကျေးဇူးရှိသည်။ လူတိုင်းအတွက်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ ဂျင်မီ့အဖေ၊ သို့မဟုတ် သူ့လို အရှုံးကို ငြင်းဆန်သော၊ ဆက်လက်တိုက်ပွဲဝင်လိုသော လူများအဖို့တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ မကြာသေးမီကမှ ပျောက်ဆုံးသွားသည့် ဘော့ဘ်၊ ဟယ်ရီ၊ မော်ဂန်တို့လို လူများအဖို့တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ ထိုသူများအားလုံး ဤရွာငယ်လေးတစ်ရွာတည်းမှသာ ဖြစ်သည်။ စီးနင်းသိမ်းပိုက်မှုအပြီး အဖမ်းခံရသည့် လူများ မပါသေး။ ဂျင်မီကိုယ်တိုင်နှင့် ဂျင်မီ့အမေတို့ မပါသေး။ ဆက်လိုက်တိုက်ပွဲဝင်နေကြသည့် ဇနီးများ၊ အမေများ၊ ကလေးများ မပါသေး။ `အခြေအနေကို အရှိအတိုင်း လက်ခံလိုက်တာ ပိုမကောင်းဘူးလား ရှန်ဒီ။ မင်းတော့ ဘယ်လိုထင်မလဲ မသိဘူး။
[ ၆ ]
ယခုတော့ သူမ ကလေးတစ်ယောက် လက်ဆောင်ရခဲ့ပြီ။ တာဝန်ဝတ္တရားအတွက် ကျောင်းတွင် တစ်နေကုန် အုပ်ထိန်းသူ လုပ်ခဲ့ရသည်။ အခုတော့ အိမ်တွင် ဂျင်မီ၏ မိဘနေရာ အလိုလို ရောက်လာသည်။ သူမ ဘာများရော တတ်နိုင်ပါမည်နည်း။ ရွာတွင် ကလေး၏ ဆွေမျိုးသားချင်းများလည်း မရှိ။ ခရီးသွားလာခွင့်ကိုလည်း တားမြစ်ထား၏။ ကလေးကို စောင့်ရှောက်ရန် အခြား မည်သူမျှ မရှိ။ မစ္စမက်တိုင်း သက်ပြင်းချလိုက်သည်။ သူမတွင် ကိုယ်ပိုင်ရင်သွေးမရှိသဖြင့် သူမ အမြဲနောင်တရခဲ့သည်။ သို့သော် လွန်ခဲ့သည့် ဆယ့်နှစ်နှစ်က နော်မန်ဒီကမ်းခြေတွင် စတီဖှင် သေဆုံးခဲ့ခြင်းက သူမကို အပျိုကြီးဘ၀နှင့် အရိုးထုတ်ရန် ခိုင်မာစေခဲ့သည်။ အသက်တစ်ချောင်း ဆုံးရှုံးသွားသည်။ ဘ၀များစွာ ပျက်စီးသွားခဲ့ပြီး အနာဂတ်များ ချေမှုန်းခံခဲ့ရသည်။ ကလေးများ ကမ္ဘာကြီးကို မြင်ခွင့်မရခဲ့။ ဒါတွေအားလုံး ဘာအတွက်များနည်း။
ဂျင်မီ့ငိုသံကို သူမ ကြားနေခဲ့သည်။ သို့သော် သူ့ခံစားချက်များ မောပန်းသွားသည်အထိ သူ့အတိုင်း လွှတ်ထားလျှင် ပိုကောင်းမည်ဟူသော အတွေးဖြင့် မသိချင်ယောင်ဆောင်နေခဲ့သည်။ သို့ရာတွင် အကန့်အသတ်တော့ရှိသည်။ ယောက်ျားလေးများသည် စိတ်ဝင်စားစရာတစ်ခုခု ရှိနေဖို့လိုကြောင်း သူမ ကောင်းကောင်းသိသည်။ ခွေးကလေးများလည်း အတူတူပင်။
`ဂျင်မီ။ ရှန်ဒီကို လမ်းပေးလျှောက်ချင်လား ဂျင်မီ။ သူ ဒီနေ့ တစ်နေ့လုံး အပြင်မထွက်ရသေးဘူး။ သားရောပဲ မဟုတ်လား။ ဒီကိုလာပါဦး။ စကားသွက်သွက်ပြော၊ အလုပ်ကို ထက်ထက်မြက်မြက်လုပ် သား´ ဟု သူမက အော်ပြောလိုက်သည်။ နံရံတွင် ချိတ်ထားသည့် ခွေးလည်ပတ်ကို ဆွဲဖြုတ်ရင်း ဂျင်မီ့အိပ်ခန်းတံခါးကို သူမ ခေါက်သည်။
`ဂျင်မီ ထွက်လာတော့လေ သား။ ရှန်ဒီ့ကို သားကြည့်မှ ရမှာ။ မျက်ရည်တွေ သုတ်လိုက်။ သတ္တိရှိမှပေါ့´
နီရဲသော မျက်လုံးများ၊ ဖြူရော်နေသည့် မျက်နှာ၊ နှပ်ချေးများပေနေသည့် အင်္ကျီလက်စနှင့် မျက်ရည်များရွှဲနစ်နေသည့် မျက်နှာလေး တံခါးဝသို့ ထွက်လာစဉ်တွင် သတ္တိရှိရမည်တဲ့လားဟု ကိုယ့်စကားကိုယ် သူမ တွေးနေမိသည်။ ဆယ်နှစ်သားလေးတစ်ယောက်ကို သူမ သတ္တိရှိခိုင်းနေမိပါလား။ `ခဏလေး ဂျင်မီ´ ဟု ပြောပြီး ရေချိုးခန်းအတွင်းသို့ သူမ ပြေးဝင်သွားသည်။ ထို့နောက် ရေပတ်ဝတ်တစ်ခု လက်မှာကိုင်ပြီး ပြန်ထွက်လာသည်။ `မင်းက ကြောင်ချေးရုပ်ဖြစ်နေတာကိုးကွ´ ဟု သူမက ပြောရင်း ဂျင်မီ့ အငိုမျက်နှာလေး ရယ်မိမတတ် ဖြစ်သွားသည်အထိ ခပ်နောက်နောက် ပွတ်သပ်လိုက်သည်။ `ကဲ ရပြီ။ ကမ္ဘာကြီးကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီ။ ဆရာမ မင်းတို့နှစ်ယောက်အတွက် ညစာအဆင်သင့်ဖြစ်အောင် လုပ်ထားမယ်၊ မင်းက ရှန်ဒီနဲ့ လမ်းလျှောက်ထွက်ဖို့ မိနစ်နှစ်ဆယ် အချိန်ရတယ်´ ဟု သူမက စည်းကမ်းတကျ ပြောလိုက်သည်။ `ပေါ့ပေါ့ပါးပါးနဲ့ မိဘတွေ ဂုဏ်ယူရအောင် နေပေါ့။ သားအခုဆိုရင် လူကြီးဖြစ်တော့မယ်၊ လူကြီးတစ်ယောက်လို နေရမှာပေါ့´
အဖြူရောင်ခွေးကလေး၏ လည်ပတ်ကိုကိုင်ရင်း ကားလမ်းမအတိုင်း ခေါင်းငိုက်စိုက် လျှောက်သွားသည့် ဘောင်းဘီတိုနှင့် ကောင်ကလေး၏ နောက်ကျောကိုကြည့်ရင်း သူမ၏စကားများ နည်းနည်းလွန်သွားသလားဟု မစ္စမက်တိုင်းတစ်ယောက် အတွေးပွားနေမိသည်။ အားလုံးက သူတို့ကို လမ်းဘေးကလေးနှင့် ခွေးကလေးဟုသာ ထင်ကြမည်။ ဒေါ့လမ်းသွယ် တစ်ဖက်သို့ သူတို့ ချိုးကွေ့သွားသည်နှင့်တစ်ပြိုင်နက် သူမ စိတ်သက်သာရာရသွားသည်။ သူမ ငိုနိုင်ပြီ။ သူမ အားရပါးရငိုနိုင်ပြီ။ ဆယ်နှစ်သား ကလေးလေးကို သူမကိုယ်တိုင်၏ အားနည်းချက်အား ပြသရခြင်းမရှိဘဲ စိတ်ရှိလက်ရှိ ငိုနိုင်ပြီ ဖြစ်သည်။
[ ၇ ]
ရှန်ဒီက လည်ပတ်ကြိုးကို အားရပါးရဆွဲနေသည်ကို ဂျင်မီ သတိမပြုမိခဲ့။ သူ့ခေါင်းအတွင်းတွင် ၀မ်းနည်းမှု၊ စိတ်ရှုပ်ထွေးမှုနှင့် အိမ်လွမ်းနာတို့ဖြင့် ပြည့်နှက်နေသည်။ သို့ရာတွင် လူသား၏ မိုက်မဲမှုနှင့် ပြင်ပကမ္ဘာအကြောင်း ဘာတစ်ခုမျှ မသိသည့် ခွေးကလေး၏ သဘာဝတက်ကြွမှုကို သူ မကြာခင် သတိပြုမိလာခဲ့သည်။ သူက ရပ်လိုက်ပြီး ရှန်ဒီ့ကို ခပ်ဆတ်ဆတ်ပြန်ဆွဲယူလိုက်သည်။ `ထိုင်´ ဟု သူက အာဏာသံအပါဆုံးဖြစ်အောင် ကြိုးစား ပြောလိုက်သည်။
`ဒီမှာ ထိုင်´
ရှန်ဒီက ရပ်လိုက်ပြီး သူ့ကို အရူးတစ်ယောက်ကိုကြည့်သည့် အကြည့်ဖြင့် ကြည့်သည်။ ထို့နောက် စိတ်မပါ့တပါ ထိုင်လိုက်သည်။ ပါးစပ်ကိုဖွင့်ထားပြီး ဟဲဟဲဟဲဟဲဖြင့် အသက်ရှူနေသည်။ သူ့မျက်လုံးများက တက်ကြွမှုဖြင့် အရောင်လက်နေသည်။ ဂျင်မီက ထိုင်ချလိုက်ပြီး သူ့လက်မောင်းဖြင့် ခွေးကလေး၏ခေါင်းကို ဖက်ထားလိုက်သည်။ သူ့မျက်နှာကို ခွေးကလေး၏ လက်ကုတ်တွင် အပ်သည်။ နားရွက်ကုတ်ကုတ်ကလေးများကို နှာခေါင်းဖြင့် ထိုးကြည့်သည်။ ဘယ်လိုမှ မမှားနိုင်သည့် ညစ်ပတ်ပတ် ခွေးလေးတစ်ကောင်၏ အနံ့ကို သူရှူရှိုက်မိသည်။ နောင်အခါတွင် ထိုအကြောင်း သူက မစ္စမက်တိုင်းကို ပြောသောအခါ `ဆယ်နှစ်သားကောင်လေးတစ်ယောက်ဆီက အနံ့နဲ့ ဘာမှမထူးဘူး။ ရေချိုးဖို့အချိန်ရောက်ပြီ´ ဟု ပြန်ပြောတာ ခံခဲ့ရသည်။
ခွေးကလေးက သူ့နားရွက်၊ မျက်နှာနှင့် မှီသည့်နေရာများ အားလုံးကို လျှာဖြင့်လျက်နေသည်။ ခြေထောက်တစ်ဖက်မှ တစ်ဖက်ဆီသို့ အားပြုရပ်ပြီး လွတ်လွတ်လပ်လပ်ပြေးလွှားရန် တာစူနေသည်။ ခွေးကလေးက သူ့လက်မောင်းကို ခပ်ဖွဖွကိုက်သောအခါ၊ သူပြုံးမိသွားသဖြင့် ဂျင်မီကိုယ်တိုင် သူ့ကိုယ်သူ အံ့သြရသည်။ ကောင်လေးအား ခွေးတံဆိပ် ဆေးရည် တစ်ဇွန်းနှစ်ဇွန်း တိုက်ရန်အကြံရသည့် မစ္စမက်တိုင်း၏ ဆေးညွှန်း မှန်ခဲ့သည်ဟုပဲ ဆိုရမည်။
သူ့ရှေ့တွင် သပ်သပ်ရပ်ရပ် အိမ်တန်းကလေးများ မိုင်ဝက်ခန့်အထိ စီတန်းတည်ရှိနေသည်။ ၎င်းတို့ပြီးလျှင် ကွင်းပြင်များရှိသည်။ လမ်းမကို ဖြတ်သွားလျှင် အိုမားရော့ဒ်၏ စိုက်ခင်းများ ရှိသည်။ ထို့နောက် ကျယ်ပြန့်သည့် ကွင်းပြင်ကြီး ပြန်ဖြစ်သွားသည်။ ဒေါ့လမ်းသွယ်သည် မေးလ်ဘန့်လမ်းသွယ်နှင့် အက်ဖ်တန်ရွာဆီသို့ သေးဝင်ပျောက်ကွယ်သွားသည်။ လမ်းမများက တိတ်ဆိတ်ငြိမ်သက်နေသည်။ ကျူးကျော်စီးနင်းမှု၏ အေးစက်စက်အရိပ်အငွေ့တစ်ခုတလေမျှပင် မမြင်ရ။ တစ်စီးနှင့်တစ်စီး အဝေးကြီးခြားသည့် ကားအနည်းငယ်သာ ရှိသည်။ စစ်တွင်း ကိုယ်တာရသည့်စနစ်ကို သတိရပြီး သူ့အမေက ထိုအကြောင်းကို အမှတ်တရ ပြောဖူးသည်။ `ဘယ်က စစ်လဲ´ ဟု အဖေက မချိုမချဉ်ရယ်ရင်း ပြန်မေးခဲ့သည်။
`ဒါဟာ တစ်ဘက်နဲ့တစ်ဘက် တိုက်နေတဲ့ စစ်ပွဲမဟုတ်ပါဘူး။ စစ်တပ်က ၀င်သိမ်းတာ။ ဒီတစ်ခါတော့ ငါတို့ ပြန်မတိုက်တော့ဘူး´ ဟု အမေက ပြောခဲ့သည်။
`ပြန်မတိုက်လို့ ဖြစ်မလား။ ၄၅ အပြီးမှာ ငါတို့ဆီမှာ ဘာမှ မကျန်တော့ဘူး။ အခု ဆယ့်နှစ်နှစ်ကြာတော့လည်း ငါတို့ဆီမှာ ဘာမှမကျန်ဘူး။ ဗုံးတစ်လုံးနှစ်လုံးထောင်ပြီး အေးအေးဆေးဆေး ၀င်လာရုံလို့ ထင်မနေနဲ့။ သူတို့ပြောလေ့ရှိသလို ကလေးလက်ထဲက သကြားလုံးလုတာမျိုးပဲ။ ငါတို့ လိုအပ်တဲ့အခါကျတော့ သူတို့ ဘယ်ရောက်နေလဲ။ ၃၉ တုန်းကလိုပဲ အိမ်မှာနေပြီး ပီကေ၀ါးနေကြတာပဲ မဟုတ်ဘူးလား´ ဟု အဖေက ပြောခဲ့သည်။
[ ၈ ]
`လာ ရှန်ဒီ။ ယုန်လိုက်ကြစို့´ ဟု မတ်တပ်ထရပ်ပြီး ရင်ဘတ်ကိုဆန့်ရင်း ဂျင်မီက ပြောသည်။ ထိုစဉ်မှာပင် အက်ဖ်တန်ရွာဘက်ဆီမှ ကွင်းပြင်ကိုဖြတ်လာသည့် သေနတ်သံများ တဖောက်ဖောက် ကြားလိုက်ရသည်။ မုယောစပါးပင်များကြားတွင် ဂျင်မီ ကုန်းကုန်းကွကွ ဖြစ်သွားသည်။ စိတ်ကူးထဲမှ ယုန်များနောက်လိုက်ရင်း ရှန်ဒီပြေးသွားသည့် လမ်းကြောင်းကို လှုပ်နေသည့် စပါးပင်အဖျားများကို ကြည့်ရင်း သူမြင်နေရသည်။ `ဟေ့ကောင် ရှန်ဒီ၊ ဒီကိုလာ´ သူက ဖျစ်ညှစ်ခေါ်လိုက်သည်။ ခွေးကလေးက ပြန်ပြေးလာပြီး သူ့ကို တရှူးရှူးနမ်းသည်။ သူက ခွေးကလေးကို ဆွဲမလိုက်ပြီး သူနှင့်အတူ မြေပြင်တွင် ၀ပ်ခိုင်းထားလိုက်သည်။ သေနတ်သံများ ဆက်လက်ထွက်ပေါ်နေသည်။ ကြိုကြားကြိုကြား၊ သို့သော် ဂျင်မီရှိရာလမ်းဆီသို့ ဦးတည်နေသည်။
သူက ခေါင်းထောင်ကြည့်လိုက်သည်။ ပစ်ခတ်နေသူများကို သူ မမြင်ရသော်လည်း သူ ၀ရုန်းသုန်းကား ထပြေးမိသည်။ ရှန်ဒီ့ကို သူ ပွေ့ချီပြီး အဆက်မပြတ် ပြေးသည်။ စပါးပင်ရိုးတန်များက သူ့မျက်နှာကို တဖျပ်ဖျပ်ခတ်နေသည်။ ခွေးကလေး၏ နားရွက်ကုတ်ကုတ်ကလေးများက သူ့ အပေါ်အင်္ကျီနှင့် ကပ်နေသည်။ ထို့နောက် မေးလ်ဘန့်လမ်းနှင့် ဒေါ့လမ်းသွယ်၊ ပန်းခြံလမ်းတို့ စုဆုံရာ စိုက်ခင်းအစပ်သို့ သူ ရောက်လာသည်။ ရှေ့သို့ သတိဖြင့် သူ တရွေ့ရွေ့တိုးလိုက်ပြီးနောက် မိလ္လာမြောင်းအတွင်းသို့ အသာဆင်းလိုက်သည်။ ဘေးဘီကို သူ ခေါင်းပြူကြည့်သည်။ မေးလ်ဘန့်လမ်းအတိုင်း အက်ဖ်တန်ရွာဘက်ဆီသို့ ကမူးရှူးထိုး စက်ဘီးနင်းလာသော လူတစ်ယောက်ကို သူတွေ့ရသည်။ သူ့ခေါင်းကို ငုံ့ထားပြီး ကိုယ်ခန္ဓာက စက်ဘီးလက်ကိုင်တန်းပေါ် ရောက်နေသည်။ ရှေ့ကိုမျှ မကြည့်နိုင်။ စက်ဘီးက ယိုင်ထိုးနေပြီး လမ်းနှင့်အပြည့်ဖြစ်နေသည်။ ထိုသူ့ကို ဂျင်မီ မှတ်မိလိုက်သည်။ အဖေနှင့် ထိုလူကြီး စကားပြောနေသည်ကို သူ မြင်ခဲ့ဖူးသည်။ သူ့နာမည်ကိုတော့ ဂျင်မီ မသိ။ ဂျင်မီက ခေါင်းကို မော့ကြည့်လိုက်စဉ်တွင် ရှန်ဒီ လွတ်ထွက်သွား၏။ သူက လမ်းမဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ စက်ဘီးအောက်ရောက်လုလုနီးနီးအထိ ပြေးသွားပြီး တက်ကြွစွာ ထိုးဟောင်နေသည်။ ခွေးကလေးအတွက်တော့ ပျော်စရာ ကစားနည်းတစ်ခုဖြစ်မည်။ ထိုသူကြီး စက်ဘီးလဲကျသွားပြီး `စောက်ခွေးက တမှောင့်´ ဟု ဆဲဆိုရေရွတ်လိုက်သည်။ ထို့နောက် သူ ဂျင်မီ့ကို မြင်သွားသည်။
`ဟေ့ကောင်လေး။ မပြေးနဲ့။ ငါ မင်းကို သိတယ်။ ငါ မင်းအဖေနဲ့ သိတယ်လေ´ ဟု သူက ပြောသည်။ ဘေးဘီဝဲယာကို အကဲခတ်ပြီးနောက် သူလာခဲ့ရာ လမ်းဘက်ဆီသို့ မျှော်ကြည့်နေသည်။ `ဒီမှာ။ တစ်ခုလောက် ကူညီပါ။ ဒါကို ၀ှက်ထားပေး´ ဟု သူ့ အပေါ်အင်္ကျီအောက် လက်ကို ထိုးစမ်းရင်း ပြောလိုက်သည်။ ထို့နောက် သူက လေးလံသည့် အ၀တ်ထုတ်တစ်ခုကို ဂျင်မီ့ရှိရာဘက် ပစ်လိုက်သည်။ အထုတ်က ဂျင်မီ့ ခြေရင်းနား ကျလာသည်။ `အဲဒါကို ၀ှက်ထား။ ဘယ်သူ့ကိုမှ မပြောနဲ့´ ဟု စက်ဘီးပေါ်ပြန်တက်ခွပြီး သူက အော်ပြောလိုက်သည်။ ထို့နောက် ရှေ့နားဆီမှ အိမ်စုစုကလေးများရှိရာဆီသို့ စက်ဘီးကို တဟုန်ထိုးပြန်နင်းသွားသည်။ `အဲဒါကို ၀ှက်ထား။ မင်းအဖေအတွက် အမှတ်တရပေါ့´ ဟု ပြောသွားသည်။ ထို့နောက် အိမ်ကလေးနှစ်လုံးကြားမှ လမ်းသွယ်လေးထဲ အရှိန်မလျှော့ဘဲ ချိုးဝင်ပျောက်ကွယ်သွားသည်။ ရှန်ဒီက ထိုသူ့နောက် ပြေးလိုက်ရန် ဟန်ပြင်လိုက်သည်။
တေဇာ (လရောင်လမ်း)
စီးနင်းမှု (၂)
တေဇာ (လရောင်လမ်း)
စီးနင်းမှု (၂)
Comments
Post a Comment