[ ၁၇ ]
`ပန်းခြံထဲမှာတော့ ဘယ်သူမှမရှိဘူး´ ဟု ခြုံနွယ်များကို လက်ဖြင့်ထိုးခွဲပြီး ချောင်းရိုးကို ဖြတ်ကာ ပုန်းအောင်ချောင်းကြည့်နေရာမှ ရောဘတ်က တီးတိုးပြောသည်။ သူက ကွန်မန်ဒိုစိတ်ဝင်နေသည်။
`ပန်းခြံထဲမှာတော့ ဘယ်သူမှမရှိဘူး´ ဟု ခြုံနွယ်များကို လက်ဖြင့်ထိုးခွဲပြီး ချောင်းရိုးကို ဖြတ်ကာ ပုန်းအောင်ချောင်းကြည့်နေရာမှ ရောဘတ်က တီးတိုးပြောသည်။ သူက ကွန်မန်ဒိုစိတ်ဝင်နေသည်။
သူ့ရဲဘော်၏ ပုခုံးပေါ်သို့ ခေါင်းတင်ပြီး ဂျင်မီက သူကိုယ်တိုင် တစ်ချက်ကြည့်လှမ်းကြည့်လိုက်သည်။ `သူတို့ ထွက်သွားပြီ။ သူတို့ ဘာမှရှာမတွေ့ဘူး´
`မင်းဘယ်လိုလုပ်သိလဲ´ ဟု ရောဘတ်က မေးသည်။
`မင်းကို ပြောလို့မရဘူး။ ငါ့ဘာသာ သိတာပေါ့´ ဟု ဂျင်မီက ပြန်ဖြေသည်။
`သူတို့ ဘာရှာနေတာလဲဆိုတာ အခု ငါ့ကို ပြောပြလေကွာ။ ငါတို့က သူငယ်ချင်းတွေပဲ၊ မှတ်မိတယ်မဟုတ်လား´
`ငါမင်းကို ပြောသားပဲ ရောဘတ်။ ငါ မပြောပြနိုင်ဘူး´ ဟု ပြောရင်း သူတိတ်ဆိတ်သွားသည်။ ထို့နောက် ချောင်းရိုးကိုဖြတ်ပြီး တစ်ချက်ပြန်ကြည့်ပြန်သည်။ `မနက်ဖြန်ကျရင် ပြောမယ်ကွာ၊ ဟုတ်ပြီလား´
`အေး ပြီးရော´ ဟု ရောဘတ်က ပြောလိုက်သည်။ ရဲဘော်ရဲဘက်သစ္စာရှိမှုနှင့် နားပူအောင်လုပ်နိုင်မှုတို့ကြောင့် နောက်ဆုံးတော့ အကျိုးရှိခဲ့ပြီ။
`အေး ပြီးရော´ ဟု ရောဘတ်က ပြောလိုက်သည်။ ရဲဘော်ရဲဘက်သစ္စာရှိမှုနှင့် နားပူအောင်လုပ်နိုင်မှုတို့ကြောင့် နောက်ဆုံးတော့ အကျိုးရှိခဲ့ပြီ။
`ဒါပေမဲ့ တခြား ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့တော့ မင်းငါ့ကို ကတိပေးရမယ်။ မင်း အမေ၊ အဖေ၊ ညီမ။ ပြောခဲ့ရင် မင်းကို မိုးကြိုးပစ်´
`မိုးကြိုးပစ်´ ဟု ရောဘတ်က ကျိန်လိုက်ပြီး သူ့လက်ဖ၀ါးထဲ တံတွေးထွေးထည့်ကာ ဂျင်မီ့ကို ကမ်းပေးလိုက်သည်။ ဂျင်မီကလည်း သူ့လက်ဖ၀ါးအတွင်းသို့ တံတွေးထွေးပြီး သူတို့ လက်ဆွဲနှုတ်ဆက်ကြသည်။ စစ်ကြောရေးစခန်းတွင် နှိပ်စက်မေးမြန်းတောင်မှ ချိုးဖျက်မည်မဟုတ်သည့် ကတိက၀တ်ကို အကျအန ချိတ်ပိတ်အတည်ပြုလိုက်ပြီဖြစ်သည်။ ကောင်လေးများအတွက်တော့ ထိုသို့သော ခြိမ်းခြောက်မှုမျိုးများအား တောင့်ခံနိုင်စွမ်းရှိသည်ဟု ကလေးတို့၏ မသိနားမလည်မှုမျိုးဖြင့် ခိုင်မာစွာယုံကြည်ထားခဲ့ခြင်း ဖြစ်မည်။
`သူတို့ ထွက်သွားပြီလို့ မင်းထင်လား´ ဟု ဂျင်မီက ခြုံပုတ်ကို လက်ဖြင့်ထိုးခွဲကြည့်ရင်း မေးလိုက်ပြန်သည်။
`ထွက်သွားပြီးတဲ့ပုံပဲ´ ဟု ရောဘတ်က ပြောသည်။
`အရှေ့ကိုသွားပြီး ကြည့်ကြည့်ရအောင်´
`ခဏလေး´ ဟု ရောဘတ်က ပြောလိုက်ပြီး ထန်းပင်တစ်ပင်အနီးတွင် အနီးကပ် မတ်တပ်ရပ်လိုက်သည်။ သူ့ဘောင်းဘီတိုလေးကို ဇစ်ဖြုတ်ပြီး `မင်းဒီလောက်မြင့်အောင် ပန်းနိုင်လို့လား´ ဟု ရယ်ရင်းပြောလိုက်သည်။ သူ့ရင်ဘတ်အမြင့်နီးပါးရောက်အောင် ရှူရှူးကော့ပန်းနေသည်။
`ဘာလို့ မရ,ရမှာလဲ´ ဟု ဂျင်မီကပြောရင်း သူနှင့်အတူ ရောပန်းသည်။ နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကိုယ် မစိုအောင်ကြိုးစားပြီး ခြေဖျားထောက်ကာ အပြိုင်အဆိုင် ကော့ပန်းနေကြသည်။ သူတို့ခြေထောက်များကို သေးစက်များစင်နေစဉ် နှစ်ယောက်စလုံး ခိုးခိုးခစ်ခစ် ရယ်နေကြသည်။
`ငါနိုင်တယ်၊ ငါနိုင်တယ်´ ဟု ရောဘတ်က အော်လိုက်သည်။ ဘောင်းဘီကို ဇစ်ပြန်ပိတ်ရင်း တာလမ်းပေါ်သို့ ရောဘတ်က ရယ်မောပြေးတက်သွားသည်။ `တံတားဆီ ဘယ်သူအရင်ရောက်ရောက်..´
[ ၁၈ ]
လမ်းသွယ်ကလေးအတွင်းမှ ညာဘက်သို့ ချိုးထွက်ပြီး ဆောက်ပို့ထ်လမ်းမပေါ် သူတို့ ပြန်ရောက်လာသည်။ ခြေလှမ်းလေးငါးလှမ်း လှမ်းပြီးတိုင်း ရောဘတ်က မြက်ပင်များကြားထဲမှ စိတ်ဝင်စားစရာတစ်ခု ရှာတွေ့တတ်သည်။ ကျောက်ခဲ၊ ၀ါယာကြိုး၊ စီးကရက်တိုတွေ့လျှင်တော့ သူက အင်္ကျီအိတ်အတွင်းသို့ ထည့်သည်။ အိမ်အမှတ် ၁၆၇ ကို သူတို့ ရောက်လာသည်။ လမ်းမပေါ်တွင် လူသူကင်းရှင်းနေသည်။ သံချေးတက်နေသည့် တံခါးကြီးကို ပွင့်လျက်သားတွေ့ရသည်။ အိမ်တွင် လူရိပ်လူယောင် လုံးဝရှိမနေ။ တံခါးပေါက်ကို ကျိုးတိုးကျဲတဲ သစ်သားတန်းသုံးခုဖြင့် ဖြစ်သလို ပိတ်ရိုက်ထားသည်။
`ငါတို့ အထဲ ၀င်လို့မရဘူး။ အဲဒီ သစ်သားတန်းတွေကို မဖြုတ်ဘဲ အထဲဝင်လို့မရဘူး။ ဖြုတ်လိုက်ရင်လည်း ပြီးတော့ ငါတို့ ဘယ်လိုပြန်တပ်မလဲ´ ဟု ရောဘတ်က ပြောလိုက်သည်။
`အထဲဝင်စရာ မလိုပါဘူး။ ငါ အိမ်ထဲ မ၀င်ချင်ဘူး။ လာကွာ မြန်မြန်´ ဟု ဂျင်မီက ပြောပြီး သူက လမ်းမပေါ်ပြေးဆင်းသွားသည်။ ဂျင်မီ့နောက်မှ သူ၏ ဗလတောင့်တောင့်ရဲဘော် ရောဘတ်လည်း ပါသွားသည်။
သူတို့နှစ်ယောက်သား အိမ်ထောင့်သို့ ခေါင်းကိုငုံ့လျှိုးပြီး ရောက်လာသည်။ ထိုနေရာတွင် သစ်သားဂိုထောင်တစ်ခု ရှိနေသည်။ တံခါးက ကျိုးပဲ့ပြုတ်ထွက်နေသည်။ ဂျင်မီက ခေါင်းကို ပို၍ငုံ့လျှိုးလိုက်သည်။ လေးဘက်ထောက်နီးနီးအနေအထားဖြင့် သူက ခြံစည်းရိုး၏ ခွေးတိုးပေါက်အတိုင်း ပန်းခြံလေးရှိရာဆီသို့ လျှိုဝင်လိုက်သည်။ ယခင်ကထက်ပင် ကွန်မန်ဒိုစိတ်ပို၍၀င်လာသော ရောဘတ်က သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသည်။ ဂျင်မီက တန်းနှစ်ခုသုံးခု ကျိုးပဲ့နေသည့် ခြံစည်းရိုးကိုဖြတ်ပြီး ခိုးချောင်ခိုးဝှက် ၀င်လာသည်။
`၀ပ်နေ´ ဟု ဂျင်မီကပြောလိုက်ပြီးနောက် ကောင်လေးနှစ်ယောက် ခြံစည်းရိုးတစ်ဖက်ရှိ မြက်ပင်ရှည်များကြားတွင် ပြားပြားဝပ်နေကြသည်။ ဆူးပင်များကြောင့် သူတို့ခြေထောက်များ ပွန်းပဲ့နေကြသည်။ သို့သော် သူတို့ မမှု။
[ ၁၉ ]
နောက်ဆုံးတွင် ဂျင်မီက ကျောခင်းပြီး လှိမ့်ချလိုက်သည်။ သဖန်းပင် အကိုင်းအခက်များကြားမှ ပေါ်ထွက်နေသော ကောင်းကင်ပြာကြီးကို ငေးကြည့်နေသည်။ ထိုအကိုင်းများပေါ်သို့ မျောက်တစ်ကောင်လို တက်ပြီး သူ နာရီပေါင်းများစွာ ဆော့ကစားခဲ့ဖူးသည်။ ထိုအပင်ကြီးတွင် မည်သည့်နေရာသို့ ခြေထောက်နင်းရမည်၊ မည်သည့်နေရာသို့ လက်ဖြင့် တွယ်ရမည်၊ မည်သည့်နေရာတွင် အခေါင်းပေါက်ရှိသည်ဆိုသည်ကို သူအားလုံးသိသည်။ မနေ့တစ်နေ့ကပင် ထိုအပင်ကြီးပေါ်တွင် သူက တာဇံဖြစ်ခဲ့သည်။
`ဘာလုပ်နေတာလဲကွ´ ဟု ရောဘတ်ကမေးသည်။
`ငါမလှုပ်နိုင်သေးဘူး၊ ရင်ဘတ်တွေ နာနေတယ်´ ဟု ဂျင်မီက ပြန်ဖြေလိုက်သည်။ `ငါရောပဲ´ ဟု ရောဘတ်က ပြောသည်။
`ဂျင်မီ လုပ်စမ်းပါဦးကွ၊ သူတို့ ဘာရှာနေကြတာလဲ´ ဟု ရောဘတ်က အငိုက်ဖမ်းပြီး မေးလိုက်သည်။
`ဟိုမှာကြည့်စမ်း´ ဟု ဂျင်မီကပြောပြီး မြက်ပင်များကြားမှာ ချောင်းရိုးအစပ်အထိ တွားသွားထွက်သွားသည်။ အပြင်သို့အကဲခတ်လိုက်သည်၊ တာပေါ်တွင် မည်သူမျှ မရှိ။ ၀မ်းလျားမှောက်ထားပြီး သူ့လက်များက ရွှံ့စပ်စပ်မှ ရေထဲသို့ စမ်းနေသည်။ ထို့နောက် ကြိုးစတစ်ခုကို ကိုင်ထားသော သူ့လက်ကလေး ပြန်ပေါ်လာသည်။ `ရောဘတ် ရော့၊ ငါကို ကူဆွဲဦးကွ´ဟု သူက ပြောလိုက်သည်။ နှစ်ယောက်သား ကြိုးကို ဆွဲယူကြသည်။ `ဖြေးဖြေး´ ဟု ဂျင်မီက သတိပေးသည်။
ငါးပေ ခြောက်ပေခန့် ဆွဲအပြီးတွင် ကြိုးကို ဆက်ဆွဲ၍ မရတော့။ တစ်ဖက်တွင် ဘာပဲရှိရှိ ချောင်းကမ်းပါးအစွန်းတွင် ခံနေပြီ။ `ကိုင်ထား၊ ပြန်လျှောမကျသွားစေနဲ့´ ဟု ဂျင်မီကပြောလိုက်သည်။ ထို့နောက်သူက ကိုယ်ကိုပို၍ကိုင်းလိုက်ပြီး လက်ဖြင့်စမ်းလိုက်သည်။ ဂျင်မီလက်ထဲတွင် ကြိုးများဖြင့် အထပ်ထပ်ပတ်ထားသည့် သံပုံးတစ်ပုံး ပြန်ပါလာသည်။ ဂျင်မီက ကြိုးကိုအားစိုက်ဆွဲနေရာမှ သက်သာရာရသွားသည့် ရောဘတ်နားဆီသို့ နောက်ပြန် ထိုင်ချလိုက်သည်။ `မြန်မြန်၊ ဟိုသစ်ပင်အောက်ကို ယူသွားမယ်၊ ဘယ်သူမှ မမြင်ခင်´ ဟု ဂျင်မီက ပြောလိုက်သည်။
[ ၂၀ ]
`အထဲမှာဘာလဲ ဂျင်မီ။ ဖွင့်ကြည့်ရအောင်။ လုပ်စမ်းပါ၊ ဖွင့်စမ်းပါ´ ဟု ရောဘတ်က ပြောလိုက်သည်။
`ငါ ဖွင့်လို့မရဘူး။ အဖေက သေချာပိတ်ပြီး ရေပေါ်ပေါ်မနေအောင် ကျောက်ခဲတွေနဲ့ တွဲချည်ထားတာ။ ပုဆိန်တို့ တူတို့ လွှတို့နဲ့မရှိဘဲ ဘယ်လိုဖွင့်မလဲကွ။ ပြီးတော့ ပျက်စီးသွားအောင်လည်း ငါမလုပ်ချင်ဘူး။ လာပါ ငါတို့ တွေ့ပြီးသွားပြီပဲ။ စစ်သားတွေ ဒါကို ရှာမတွေ့ဘူး။ သူ့နေရာမှာ ပြန်ထားလိုက်ရအောင်´
`နေပါဦး။ အထဲမှာ ဘာလဲကွ´
`ငါမင်းကို မနက်ဖြန်ကျရင် ပြောမယ်လို့ ပြောထားတယ်လေ။ ဒီနေ့မဟုတ်ဘူးလေ´
`မင်း မတရားဘူးကွာ´
`ငါတို့ လက်ဆွဲနှုတ်ဆက်တုန်းက ဒီနေ့လို့ မပြောဘူးလေ။ တရားပါတယ်ကွ။ လာ ရောဘတ်၊ ငါ့ကို ရေထဲပြန်ကူချပေးပါဦး´
ရောဘတ်က ၀မ်းနည်းပက်လက်ဖြင့် သံပုံးကို ထိုင်ကြည့်နေသည်။ `အထဲမှာ သေနတ်တွေ၊ ဒါမှမဟုတ် ဓားတွေ၊ ဒါမှမဟုတ် လျှို့ဝှက်မြေပုံကွာ´
`မင်းကိုငါ ဒီနေ့ မပြောဘူး။ ငါ့ကို ရေထဲပြန်ကူချပေးဦး။ မင်းကို မနက်ဖြန်ကျရင် ပြောပြမယ်။ ငါ ကတိပေးတယ်´
`ပြောလိုက် ပြီးရောကွာ။ ကတိက ကတိပဲနော်´ ဟု ရောဘတ်က ညည်းတွားလိုက်သည်။
[ ]
`ရောဘတ်နဲ့ ပျော်ခဲ့ရဲ့လား´ ဟု မစ္စမက်တိုင်းက ဂျင်မီ့အတွက် ညစာပြင်ပေးရင်း မေးလိုက်သည်။
`ဟုတ်ကဲ့ ဆရာမ။ ကျေးဇူးတင်ပါတယ်။ ကျောင်းကစားကွင်းထဲမှာ သားတို့ ဘောလုံးကန်ကြတယ်´
`အိုးး ဒါကြောင့် မင်းအ၀တ်အစားတွေ ဘာလို့ ဒီလောက်ပေနေတာလဲ စဉ်းစားနေတာ။ မင်း နိုင်ခဲ့ရဲ့လား´
ဂျင်မီက ငြိမ်နေသည်။
`အဲဒီနားတစ်ဝိုက်မှာ မင်းတို့ စစ်သားတွေ မတွေ့ဘူးလား။ မစ္စအီဗန်ပြောတာတော့ စစ်သားတွေ မေးဘန့်လမ်းတစ်လျှောက်က စိုက်ခင်းတွေထဲ လိုက်ရှာနေကြတယ် ကြားတယ်။ မနေ့က သေနတ်ပစ်တာတွေနဲ့ စပ်နေမယ်လို့ ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ ဒုက္ခရောက်တော့မှာပဲ။ ဘယ်တော့များမှ၊ ဒါတွေအားလုံး ဘယ်တော့များမှ အဆုံးသတ်မလဲ မသိပါဘူး´
ဂျင်မီ သီးသွားသည်။
[ ၂၁ ]
`ရေသောက်လိုက် ဂျင်မီ။ ဆရာမအိမ်မှာတော့ မသီးအောင် နေကွယ်။ ရှန်ဒီကတော့ မင်းကို တစ်နေကုန် မျှော်နေတာပဲ။ မင်းကတော့ ကြောင်ချေးရုပ်နဲ့ ပြန်လာတယ်´
`ဆရာမ´
`အင်း ဂျင်မီ´
`မနေ့ကတုန်းက ဆရာမပြောတာ ပြန်တိုက်ခိုက်နေတာကို လူတိုင်း ရပ်လိုက်ပြီး ကျူးကျော်စီးနင်းတာကို လက်ခံလိုက်ရင် ပိုကောင်းမယ်လို့ ပြောတာလား´
`စိတ်ထဲကအတွေးကို ပါးစပ်က ထွက်သွားမိတာပါ။ ဒါပါပဲ´
`ဒါပေမဲ့ အဲဒါ ဆရာမ တကယ်ပြောတာ မဟုတ်ဘူးလား။ သားတို့နိုင်ငံကို သူတို့လက် အပ်လိုက်ရမှာလား။ သား အဖေပြောတာက သူတို့ဟာ အရိုင်းအစိုင်း လူသတ်ကောင်တွေ...´
`ဂျင်မီ စကားပြောတာဂရုစိုက်´
`တောင်းပန်ပါတယ် ဆရာမ။ ဒါပေမဲ့ အဖေကတော့ ပြောတာပဲ။ သားတို့ကို သူတို့ ကျွန်လုပ်ပစ်မှာ၊ သားတို့ ပစ္စည်းတွေအားလုံးကို ခိုးယူမှာ။ အဖေပြောတာက ဒါ သားတို့နိုင်ငံတဲ့၊ ကိုယ့်နိုင်ငံကိုကိုယ် ကာကွယ်ခွင့်ရှိတယ်တဲ့။ သားတို့စစ်တပ်ကို သူတို့က ချေမှုန်းလိုက်တောင်မှ ကာကွယ်ဖို့က သားတို့ရဲ့ တာဝန်တဲ့။ အဖေပြောတာက အဲလို မကာကွယ်တဲ့လူဟာ သူရဲဘောကြောင်တဲ့လူတဲ့၊ ကျွန်ပဲ ဖြစ်သင့်တဲ့လူတဲ့´
မစ္စမက်တိုင်းက ဂျင်မီ့ကို ကြည့်နေသည်။ သူမ မျက်နှာက သွေးရောင်ဖြင့် ရဲရဲနီနေသည်။ ထို့နောက် ဂျင်မီ့လက်မောင်းကို လှမ်းကိုင်လိုက်သည်။ `ဆရာမ မသိဘူး ဂျင်မီ။ ဆရာမ တကယ်မသိဘူး။ အဲဒီအကြောင်းကို ညတိုင်း ဆရာမ စဉ်းစားတယ်။ အသက်တွေ အချည်းအနှီးသေဆုံးရတဲ့အချက်ကို ပထမဦးစားပေးအနေနဲ့ ဆရာမ စဉ်းစားတယ်၊ ဂျာမနီနဲ့ ရင်ဆိုင် စစ်ဖြစ်ဖို့ဆိုတာကတော့ ဒုတိယနေရာမှပေါ့။ ပြင်သစ်မှာ၊ ဘယ်ဂျီယံမှာ သတ်ဖြတ်ခံလိုက်ရတဲ့ ရဲရင့်တဲ့လူငယ်လေးတွေအကြောင်း ဆရာမ စဉ်းစားတယ်။ သမိုင်းတစ်လျှောက် ဖြစ်ခဲ့သမျှ စစ်ပွဲတွေအားလုံး လောဘကြီးတဲ့ လူတစ်စုကြောင့် သူတို့သွေးချင်းတွေ တိုက်ခိုက်သေဆုံးခဲ့ကြရတာချည်းပဲလို့ စဉ်းစားတယ်။ ပြီးတော့ စစ်မှာ ကောင်းတာ ဘာများရှိလို့လဲလို့ တွေးမိတယ်´
`ဒါပေမဲ့ အဖေပြောတာက ကိုယ့်ယုံကြည်ချက်အတွက် တိုက်ခိုက်ရမှာပဲတဲ့။ မတိုက်ခိုက်ဘူးဆိုရင် လူအစစ်မဟုတ်ဘူးတဲ့´
မစ္စမက်တိုင်း သက်ပြင်းချလိုက်သည်။
`အဲဒါက အခြေအနေအပေါ်မူတည်ပါတယ် ဂျင်မီရယ်။ လူအစစ်ဆိုတာ ဘာကိုပြောတာလဲ။ တစ်ခါတလေကျတော့ ပြန်လည်တိုက်ခိုက်တာထက် မတိုက်ခိုက်ဘဲနေတာက ပိုပြီးသတ္တိလိုတယ်။ ဆရာမစဉ်းစားမိတာက လက်ရှိအခြေအနေကို လက်ခံလိုက်ပြီး ပြန်တိုက်နေတာတွေကို ရပ်လိုက်ရင် ဘယ်လောက်များ ပိုဆိုးသွားနိုင်မလဲ ဆိုတာပဲ။ အရှိအတိုင်း ကိုယ့်ဘ၀ကိုယ် ဆက်နေမယ်လေ။ အဲလိုနေမယ်ဆိုရင် လမ်းမပေါ်က သာမန်လူတွေအတွက် ကြီးကြီးမားမား ပြောင်းလဲသွားမှာလား။ နိုင်ငံရေးသမားတွေကတော့ ပြောင်းလဲသွားမှာပေါ့လို့ ပြောလိမ့်မယ်။ သူတို့ကတော့ ဆုံးရှုံးသွားစရာတွေ အများကြီး ရှိတာကိုး။ ဒါပေမဲ့ မင်းအတွက်၊ ဆရာမအတွက် အဲဒါက ကြီးကြီးမားမား ပြောင်းလဲသွားနိုင်သလား။ ဆရာမမှာ မသက်မသာခံစားချက်ကြီးတစ်ခု ရှိနေတာက ဒါတွေအားလုံးနဲ့ ဆရာမတို့ မကြာခင် နေသားကျသွားကြလိမ့်မယ် ဆိုတာပဲ။ ပြီးတော့ ရှိတာလေးကိုပဲ ပိုပြီးတော့ ကျေနပ်ချင်တောင် ကျေနပ်နေဦးမှာ၊ ဘယ်သူသိနိုင်မလဲ´
[ ၂၂ ]
ဂျင်မီက သူမကို ငေးကြည့်နေသည်။ စားလက်စ ထမင်းပန်းကန်အတွင်းသို့ ဓားနှင့်ခရင်းကို ပြန်ချလိုက်ပြီး ဂျင်မီက ပြောလိုက်သည်။
`အဖေပြောတာက အဲလို ပြောတဲ့လူတွေဟာ သစ္စာဖောက်...´
တယ်လီဖုန်းသံမြည်လာသဖြင့် မစ္စမက်တိုင်းယား ထသွားသည်။ ဂျင်မီနှင့် စကားဖြတ်နိုင်လိုက်သဖြင့် ကျိတ်ပြီး ကျေးဇူးတင်နေမိသည်။
`ဟုတ်ကဲ့ ပြောပါ´ ဟု သူမပြန်ဖြေသည့်အသံကို ဂျင်မီ ကြားနေရသည်။
`ဟင့်အင်း မဟုတ်ပါဘူး။ ဘယ်တုန်းက ဖြစ်တာလဲ။ အို သနားစရာ ကလေးပဲ၊ ၀မ်းနည်းဖို့ကောင်းလိုက်တာ။ ဘာပြောရမလဲတောင် မသိတော့ဘူး ဂွင်းနက်ရေ။ ဂျင်မီ့ကို ဘယ်လိုပြန်ပြောရမလဲ။ ဂွင်းနက်၊ ဘယ်တော့ လာခဲ့ရမလဲ။ ကူညီနိုင်တာ ဘာများရှိလဲ။ ကောင်းပြီနော်၊ ဖုန်းဆက်အကြောင်းကြားတာ ကျေးဇူး။ မနက်ဖြန်ကျမှ ကျောင်းမှာ တွေ့မယ်။ စိတ်မကောင်းလိုက်တာကွယ်´
ဖုန်းချလိုက်သံနှင့်အတူ ရှိုက်သံပါ တစ်ဆက်တည်း ကြားလိုက်ရသည်။ `ဆရာမ လာခဲ့မယ်နော် ဂျင်မီ´ ဟု သူမက လှမ်းပြောလိုက်သည်။ သူမ၏ အခန်းတံခါး ပွင့်ပြီး ပြန်ပိတ်သွားသည်ကို ဂျင်မီမြင်လိုက်ရသည်။
နာရီဝက်ခန့် ဂျင်မီနှင့် ရှန်ဒီ ပန်းခြံထဲတွင် ဆော့နေသည်။ မြက်ခင်းပေါ် လူးလှိမ့်ရင်း နပမ်းလုံးကြသည်။ ရှန်ဒီပဲ အမြဲတမ်းနိုင်သည်။ ဂျင့်မီ့အပေါ်က တက်ခွရင်း မျက်နှာကို လျှာဖြင့် အဆက်မပြတ်ရပ်ပြီး သူနိုင်သည်ဟု ရှန်ဒီက သက်သေထူနေသည်။ အသက်ကို တဟဲဟဲရှူနေသည်။ အိမ်တွင်းမှ ဖုန်းမြည်သံ ကြားရပြန်သည်။
`ဂျင်မီ´ ဟု မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် မစ္စမက်တိုင်းက ပြတင်းပေါက်မှ လှမ်းခေါ်လိုက်သည်။ `ဒီကို ခဏလောက် လာခဲ့ပါလား။ သားကို ပြောစရာတစ်ခု ရှိလို့´ သူမမျက်နှာတွင် မျက်ရည်စတို့ စွန်းနေသည်။ မျက်လုံးများက ရဲရဲနီနေသည်။ ဂျင်မီက သူမဆီ လျှောက်သွားလိုက်သည်။
`ဆရာမရှေ့မှာ ထိုင်ဦးသား။ သတင်း၊ သတင်းဆိုးတစ်ခု သားကို ပြောစရာရှိတယ်။ မင်းကို အခုလိုပြောပြရတဲ့သူ ဆရာမ မဖြစ်ချင်ပါဘူး။ ဒါပေမဲ့..´
`အမေလား ဆရာမ။ အမေ့ကို သူတို့ တစ်ခုခု လုပ်လိုက်ပြီလား´ ဂျင်မီ့မျက်လုံးများက သူမကို အသနားခံနေသည်။
`သား အမေမဟုတ်ပါဘူးကွယ်။ ရောဘတ်ပါ´
`ရောဘတ်´
`သူ့အလောင်းကို သားတို့အိမ်နောက်ဖေး ချောင်းရိုးလေးထဲက အခုပဲ ရှာတွေ့ခဲ့တယ်´
[ ၂၃ ]
`ဘယ်သူ လုပ်တာလဲ။ သားတို့အိမ် နောက်ဖက်မှာလား။ ဘယ်လို ဖြစ်တာလဲ။ လွန်ခဲ့တဲ့ နှစ်နာရီလောက်ကမှ သားနဲ့သူနဲ့ လမ်းခွဲခဲ့တာလေ။ ဘယ်လိုဖြစ်တာလဲ..´ သူက တတွတ်တွတ် ရေရွတ်နေမိသည်။
`တိုးတိုး ဂျင်မီ၊ တိုးတိုး။ စိတ်အေးအေးထားပါ။ ကြည့်ရတာ စစ်သားတွေ သားတို့အိမ်ကို ပြန်လာတဲ့အချိန်မှာ ရောဘတ်ကို ဖမ်းမိတဲ့ပုံပဲ။ အိမ်နောက်ဖေး ပန်းခြံထဲမှာ သူမလုပ်သင့်တဲ့အရာ တစ်ခုခုကို လုပ်နေတယ်ထင်တယ်။ အဲဒါ ဘာလဲဆိုတာ ဘယ်သူမှဘူး။ ဒါပေမဲ့ စစ်သားတွေ သူ့ကိုဖမ်းမိတဲ့အချိန်မှာ သူက ချောင်းထဲ ခုန်ချတယ်´
`ရောဘတ် ရေမကူးတတ်ဘူး´
`... အဲလို သူပျောက်သွားတာပဲ။ တံတားနားမှာ သူ့အလောင်း ပြန်ပေါ်လာတယ်။ ဂျင်မီရေ၊ ဆရာမ စိတ်မကောင်းလိုက်တာ´
ဂျင်မီက ခုံတန်းပေါ်တွင် ငူငူကြီးထိုင်နေမိသည်။
`ပြီးတော့ ကျောင်းစာရေး၊ မစ္စအီဗန်က နောက်တစ်ခါ ဖုန်းထပ်ခေါ်တယ်။ သူ့ပြောပုံအရတော့ သားတို့ အိမ်နောက်ဖေးပန်းခြံနားက ချောင်းရိုးထဲမှာ ယမ်းတချို့တွေ့တယ်လို့ ပြောတယ်။ ရောဘတ်ကို အဲဒီယမ်းတွေနဲ့ မိလို့ စစ်သားတွေက ဖမ်းတာဖြစ်မယ်လို့ ဂွင်းနက်က စဉ်းစားတာပဲ။ ဒါကြောင့် ရောဘတ် အလွတ်ရုန်းပြေးဖို့ အသည်းအသန် ကြိုးစားတာဖြစ်မယ်´
ဂျင်မီက နှုတ်ဆိတ်နေသည်။
`ဆရာမကိုကြည့် ဂျင်မီ။ ဆရာမ မျက်လုံးကို ကြည့်၊ ပြီးတော့ မှန်မှန်ဖြေ။ ယမ်းတွေအကြောင်း ရောဘတ် ဘယ်လိုလုပ်သိတာလဲ။ မင်း ပြောလိုက်လား။ အဲဒီအကြောင်း မင်းသိလား´
`ယမ်းတွေရှိတယ်လို့ သား သူ့ကို လုံးဝမပြောခဲ့ဘူးဆရာမ။ သား အမှန်အတိုင်းပြောတာ´
ကျောင်းအုပ်ဆရာမကြီး၏ မျက်နှာကို ရဲရဲကြည့်ပြီး ပြန်ဖြေလိုက်သည့် ဂျင်မီ့ပုံစံက အပြစ်ကင်းစင်ကြောင်း ထင်ရှားလှသည်။
`တကယ်ပြောတာ ဆရာမ။ သား သူ့ကို ဘာမှ မပြောခဲ့ဘူး´
သူငယ်ချင်းကောင်းတစ်ယောက် ဆုံးရှုံးသွားမှုက ဆယ်နှစ်သား ကောင်လေးတစ်ယောက်ကိုလည်း မှင်သက်ငေးငိုက်သွားစေနိုင်သည်။ သေခြင်းတရားပါဝင်သည့် အရာတိုင်းသည် သာမန်ကြေကွဲမှုမျိုးတော့ မဖြစ်နိုင်ပါ။ ဂျင်မီ့အတွက် ငိုချလိုက်ရန်ပင် ခက်နေသည်။ သူ့အနေဖြင့် ရောဘတ်ကို သံပုံးအား မပြသင့်။ ရောဘတ်မသိသည့်အရာတစ်ခုကို သူသိကြောင်း ဟန်ရေးပြခဲ့မိသည်။ သို့သော် ရောဘတ်လည်း သူ့ကို သစ္စာဖောက်ခဲ့သည်။ ရောဘတ် ဂျင်မီ့ကို သစ္စာဖောက်ခဲ့သည်။ ဂျင်မီ့ ဦးနှောက်က ဆင်ခြေကန်နေမိသည်။ မစ္စမက်တိုင်းသို့ သူပြောလိုက်သည်မှာ ရာနှုန်းပြည့်ရိုးရိုးသားသားဖြစ်သည်ဟု သူ ယုံကြည်သည်။ စကားတစ်ခွန်းမျှ မပြောဘဲ သူ့အခန်းလေးအတွင်းသို့ ပြန်ဝင်ပြီး အိပ်ယာပေါ် သူ လဲလျောင်းလိုက်သည်။ ရှန်ဒီ့ကို လက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။
[ ၂၄ ]
`သူ စည်းဖောက်တာ´ ဟု ခွေးကလေး၏ နားရွက်ကုတ်ကုတ်လေးဆီသို့ ဂျင်မီက တီးတိုးရေရွတ်လိုက်သည်။ `ငါကတိပေးတယ်၊ သူလည်း ကတိပေးတယ်။ ငါတို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်။ သူ့ဘာသူ သေအောင်လုပ်တာ၊ ငါလုပ်တာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား ရှန်ဒီ´
ရှန်ဒီက လှဲနေရင်းမှ သူ့ကိုကြည့်နေသည်။ သူက ဂျင်မီ့စကားကို နားလည်ပုံမပေါ်။
`ဆရာမပြောတာ မှန်တယ်။ မင်းကလွဲပြီး တခြား ဘယ်သူ့ကိုမှ ငါ ယုံလို့မဖြစ်ဘူး။ မင်းကတော့ ငါ့ကို သစ္စာမဖောက်ဘူးမဟုတ်လား ရှန်ဒီ။ မင်းကတော့ ကတိတည်မှာပါနော်။ ဘယ်သူ့ကိုမှ မပေါက်ကြားပါဘူးနော်´
`ဒီနေ့ ကျောင်းမသွားနဲ့ ဂျင်မီ´ ဟု နောက်တစ်နေ့နံနက်တွင် မစ္စမက်တိုင်းက ပြောသည်။
`သား နောက်အပတ်ကျမှ ကျောင်းပြန်တက်ရင်ကောင်းမယ်´
ဂျင်မီက ခေါင်းညိတ်ပြလိုက်သည်။ သူ့နံနက်စာ ပေါင်မုန့်မီးကင်ကို မထိရသေး။ `ဆရာမ အပြင်ထွက်နေတုန်း အိမ်မှာပဲ ရှန်ဒီ့ကိုကြည့်ရင်း နေခဲ့ပေါ့။ အိမ်ထဲမှာ ဒါမှမဟုတ် ပန်းခြံထဲမှာပဲ နေနော်။ အပြင်ထွက်မသွားနဲ့၊ ကြားလား´ ဂျင်မီက ခေါင်းညိတ်ပြလိုက်ပြန်သည်။
`ဟုတ်ကဲ့ ဆရာမ´
ဆယ်နာရီတွင် ဖုန်းသံမြည်လာသည်။ `ဆရာမပါ ဂျင်မီ၊ စစ်သားတွေ မင်းဆီလာတဲ့ လမ်းပေါ်ရောက်နေပြီ။ မင်း ကျောင်းမှာ ရှိသလားလို့ သူတို့အခုပဲ ဖုန်းဆက်တယ်။ ရောဘတ်နဲ့ မိုက်ကယ်တို့အကြောင်း မင်းကို မေးချင်လို့တဲ့။ မိုက်ကယ်ကို သူတို့ မနေ့ညက ဖမ်းမိတယ်။ သူက ဟိုတစ်နေ့တုန်းက စစ်သားတစ်ယောက်ကို သတ်ခဲ့တာတဲ့။ သေနတ်သံတွေကလည်း အဲဒါကြောင့်ပဲ။ စစ်သားကိုသတ်ပြီး သေနတ်တွေကို ယူသွားတယ်တဲ့၊ သူဝန်ခံချက်ပေးတာက မေးလ်ဘန့်လမ်းပေါ်မှာ ကောင်လေးတစ်ယောက်ကို သူပေးခဲ့တယ်လို့ ပြောတယ်။ သူတို့ နှိပ်စက်ပြီး မေးတာဖြစ်ရမယ် ဂျင်မီ..´
ဂျင်မီ ဘာမျှ မပြော။
`ရှိသေးရဲ့လား ဂျင်မီ´
`ဟုတ်ကဲ့ ဆရာမ´
`သူ သေနတ်တွေပေးခဲ့တယ်ဆိုတဲ့ ကောင်လေးဟာ မင်းလား ဂျင်မီ´
ဂျင်မီ ဘာမျှမပြော။
`အဲဒါ မင်းပဲဖြစ်ရမယ် ဂျင်မီ။ ကောင်လေးမှာ ခွေးလေးတစ်ကောင်ပါတယ်တဲ့။ အဲဒါကြောင့် သူတို့ မင်းမှန်းသေချာသွားတာ။ သူတို့ အနီးအနားမှာ စုံစမ်းမေးမြန်းပြီးသွားပြီ။ ရှိသေးရဲ့လား ဂျင်မီ´
`ဟုတ်ကဲ့ ဆရာမ´
[ ၂၅ ]
`အဲဒါ မင်းလား ဂျင်မီ´
`ဆရာမပဲ သားကို ဘာမှမပြောနဲ့လို့ ပြောထားတယ်လေ´
`ဒါပေမဲ့ ဂျင်မီ၊ အခုစကားပြောနေတုန်းပဲ သူတို့ မင်းဆီကို လာနေကြပြီ။ မြန်မြန်ပြော ဂျင်မီ။ မစ္စတာ ၀ါတာလီဆီကို ပြေးဖို့ မင်းကို ဆရာမ ပြောမလို့။ ဆရာမလွှတ်လိုက်တာလို့သာ သူ့ကိုပြော၊ ဘာလုပ်ရမယ်ဆိုတာ သူသိတယ်´
ဂျင်မီက ဘာမှပြန်မပြော။ အဖေ့စကားသံများက သူ့ခေါင်းထဲ ပဲ့တင်ထပ်နေသည်။ `ဘယ်သူ့ကိုမှ ဘာမှမပြောနဲ့ ငါ့သား´
သူက ဖုန်းကို ပြန်ချလိုက်သည်။ သူ့အပေါ်င်္ကျီကို ထိုင်ခုံပေါ်မှ ဆွဲယူပြီး အပြင်သို့ ပြေးထွက်လိုက်သည်။ ရှန်ဒီက သူ့နောက်ပြေးလိုက်ရင်း မြူးတူးစွာ ဟောင်နေသည်။ ပန်းခြံအဆုံးမှ စည်းရိုးပေါ်သို့ သူကုပ်တက်လိုက်သည်။ ရှန်ဒီ့မျက်နှာကို နမ်းလိုက်ပြီး ခပ်ဆတ်ဆတ်တစ်ချက်ရိုက်ကာ နောက်တွင် ချန်ထားခဲ့လိုက်သည်။ `ဆရာမနဲ့ လိမ်လိမ်မာမာနေနော်´။ ထို့နောက် နောက်ဖေးလမ်းကြားအတိုင်း ဒေါ့လမ်းသွယ်ဆီရောက်သည်အထိ သူလာခဲ့သည်။ ဘယ်ညာ ခပ်သွက်သွက် တစ်ချက်ကြည့်လိုက်ပြီးနောက် လမ်းမကို တစ်ဟုန်ထိုးဖြတ်ပြေးပြီး အိုးမားရောဒ်၏ စိုက်ခင်းအတွင်းသို့ ၀င်လိုက်သည်။ ထို့နောက်သူ စပါးကျီထဲရောက်လာသည်။ မြက်ခြောက်ပုံများကြားမှ သူ့ ကတုတ်ကျင်းကလေးရှိရာသို့ ခုန်ဝင်လိုက်ပြီးနောက် သူ အသက်ကို ပြင်းပြင်းရှူနေမိသည်။ တာလမ်းကို အသုံးပြုလျှင် သူ အခြားရွာရောက်အောင် ပြေးနိုင်ပါလိမ့်မည်။ ထိုနေရာတွင် သူ့ကို ၀ှက်ပေးမည့်သူကို ရှာနိုင်ပါသည်။ အန်ကယ်ရပ်ပ်လည်း ထိုနေရာတွင် ရှိနေသည်။ ဘာလုပ်ရမည်ဆိုသည်ကို သူ ကောင်းကောင်းသိသည်။
သေနတ်တွေ။ မြက်ခြောက်ပုံများကြားသို့ သူ့လက်ကို စမ်းလိုက်သည်။ ထို့နောက် အ၀တ်ထုတ်ကို ဆွဲထုတ်လိုက်ပြီး ဖြည်လိုက်သည်။ နှစ်လက်စလုံး မူလအတိုင်းပင် ရှိနေသည်။ တစ်လက်တွင် ခြောက်ကပ်နေသော သွေးများရှိသည်။ သေနတ်များက လေးလံသည်။ သူက ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ `ဒိုင်းးးး´ ဟု သူ တီးတိုးရေရွတ်ကြည့်သည်။ ယာကွင်းမှ သူ့ ရန်သူဆီသို့ စိတ်ကူးဖြင့် ကျည်ဆန်ကို ပို့လွှတ်လိုက်သည်။ `ဒိုင်းးးးးး´ နောက်တစ်တောင့်။
[ ၂၆ ]
လမ်းမဆီမှ ကြားဖူးနေကျ ခွေးဟောင်သံတစ်ခု အကြားတွင် သေနတ်ကို သူ အောက်သို့နှိမ့်ချလိုက်သည်။ ထို့နောက် စိုက်ခင်းပြင်ဆီမှ ထပ်ကြားရပြန်သည်။ ခွေးဟောင်သံနှင့်အတူ နိုင်ငံခြားဘာသာဖြင့် အော်ဟစ်နေသံများ ကပ်ပါလာသည်။ ထို့နောက် ပြေးလွှားနေသည့် ခြေသံများ။ တ၀ုတ်ဝုတ်ခွေးဟောင်သံများ အဆုံးတွင် သူပုန်းနေသည့်နေရာ ရှေ့မှ မြက်ခြောက်ပုံပေါ်သို့ ရှန်ဒီ ပြေးတက်လာသည်ကို မြင်လိုက်ရသည်။ တဟဲဟဲဖြင့် အသက်ရှူပြီး အမြီးကို နမ့်နေသည်။ ထို့နောက် တဒေါက်ဒေါက် ခြေသံများ ပိုများလာသည်။ စိုက်ခင်းပြင်ဆီသို့ ၀င်ရောက်လာပြီးနောက် စပါးကျီ။
`အဲဒီက ထွက်လာခဲ့ ဂျင်မီ။ မင်းအဲဒီမှာဆိုတာ ငါတို့ သိတယ်။ ငါတို့ လာမဖမ်းခင် မင်းဘာသာ ထွက်လာခဲ့တော့´
ရှန်ဒီက ဂျင်မီ့ပေါင်ပေါ်သို့ ခုန်ချလိုက်ပြီး သူ့မျက်နှာကို လျှာဖြင့် လျှက်သည်။
`မင်းပြောလိုက်တာပေါ့ ရှန်ဒီ။ ငါ ဒီမှာရှိနေတာကို မင်း သူတို့ကို ပြောလိုက်တာပေါ့´
သူ့မျက်နှာပေါ်သို့ မျက်ရည်များ ဖိတ်လျှံကျလာသည်။
`ငါက မင်းကို ယုံခဲ့တာ၊ မင်းက သူတို့ကို ပြောပြလိုက်တာကိုး´
သူက ခွေးကလေးကို ကြမ်းတမ်းစွာ တွန်းထုတ်လိုက်သည်။ သူ့လက်ထဲတွင် သေနတ်ကို ကိုင်ထားသည်။ ရှန်ဒီက ကိန်ခနဲ တစ်ချက်အော်သည်။
`ထွက်လာခဲ့တော့ ဂျင်မီ။ ငါတို့ နောက်တစ်ခေါက် ထပ်မပြောဘူး´
သူက ခွေးကလေးကို ကတုတ်ကျင်းအတွင်းမှ တွန်းထုတ်ပစ်လိုက်သည်။ ထို့နောက် သေနတ်ကို လက်တွင်ကိုင်ထားပြီး သူ မတ်တပ်ထရပ်လိုက်သည်။ စစ်သားများကို သူ မြင်နေရသည်။ နှစ်ယောက်က ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသည်။ သူက သူ့ သေနတ်ကို မြှောက်လိုက်သည်။
မောင်းခလုတ်အတွင်းသို့ လက်ညှိုးထိုးသွင်းကာ သူပစ်လိုက်သော ကျည်ဆန်ထိပ်ဖူးကြောင့် စစ်သားတစ်ယောက် အသက်ထွက်သွားသည်ဟု စိတ်ကူးဖြင့် မြင်ယောင်ပြီး သေနတ်ကို ဟန်ပြထိုးချိန်လိုက်စဉ်မှာပင် အောက်ဘက်ဆီမှ သေနတ်သံများထွက်ပေါ်လာသည်။
တေဇာ (လရောင်လမ်း)
Charlie Taylor ၏ Occupation ကို ဆီလျော်သလို ဘာသာပြန်ဆိုသည်။
Comments
Post a Comment