Skip to main content

ကာတ်ဗောနိဂတ် သေတယ် (မြင့်သန်း)

When the last living thing
has died on account of us,
how poetical it would be
if Earth could say,
in a voice floating up
perhaps
from the floor
of the Grand Canyon,
'It is done.'
People did not like it here.
_Kurt Vonnegut (1922-2007), Requiem

ဗုဒ္ဓဟူးနေ့ ဧပြီလ ၁၁ ရက်၊ ၂၀၀၇ ခုမှာ ကာတ်ဗောနိဂတ် Kurt Vonnegut သေတယ်။ မဲင်ဟတ်တန်မှာ ကာတ်ဗောနိဂတ်ဆိုတာ နော်မာန်မေးလားတို့လို လူမျိုးက 'A marvelous writer with a style that remained undeniably and imperturbably his own ...I would salute him - our own Mark Twain' လို့ ပြောရတဲ့ စာရေးဆရာမျိုး။ သူ့ဂုဏ်ရည်နဲ့ သူ့ဘာသာရပ်တည်နေနိုင်တဲ့ စာရေးဆရာမျိုး။ သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ စိတ်မကောင်းပေတဲ့ မတတ်နိုင်ဘူး။ အထူးသဖြင့် သေတယ်ဆိုတဲ့ကိစ္စက မနက်တိုင်းအိမ်သာတက်ရတာမျိုးမို့ တားထားလို့ရတာမျိုးမဟုတ်ဘူး။ ကျွန်တော်ကတော့ ၀မ်းသာတာတစ်ခု ရှိလိုက်မိတယ်။ ကမ္ဘာကြီးပိုမိုပူနွေးလာတယ်ဆိုပြီး မျောက်ပြဆန်တောင်းနေတဲ့ အလ်ဂေါလို သတ္တ၀ါမျိုးတွေရဲ့ ညည်းချင်းတွေကို ကာတ်တစ်ယောက် နားထောင်နေရတော့မှာ မဟုတ်ဘူး။ အီရတ်မှာ ဆာဒမ်လက်ထက်ကထက် အခြေအနေသိပ်ဆိုးပြီး နေ့စဉ်အသေအပျောက်များနေပေတဲ့ အသံကောင်းဟစ်နေတဲ့ အနောက်တိုင်းလူဖြူကယ်တင်ရှင် ဒီမိုကရေစီလူစွမ်းကောင်းများရဲ့ ဓမ္မသီချင်းတွေကို နားထောင်နေရတော့မှာ မဟုတ်ဘူး။ နားထောင်နေရလည်း ကာတ်ကတော့ လှောင်နေဦးမှာ။ သရော်နေဦးမှာ။ မဟုတ်ကဟုတ်က ရေးဦးမှာ။ စီးကရက်က  သေစေနိုင်တယ်လို့ ကြော်ငြာတွေဟိုးလေးတကြော်လုပ်ကြတုန်း ကာတ်ကပြောဖူးတယ်။ စီးကရက်သောက်လို့ ခုထိကို မသေနိုင်သေးဘူး။ စီးကရက်ကုမ္ပဏီကို တရားစွဲဦးမှပဲ။ အသက်လည်းရှစ်ဆယ်ရှိပြီလို့ ပြောဖူးတယ်။ သူသေတော့ရှစ်ဆယ့်လေးနှစ်မှာ။ သူ့ဇနီးအပြောကတော့ ချော်လဲရာက ဦးနှောက်ထိခိုက်ပြီး သေတာပဲ။


သူသေတာကို သူကိုယ်တိုင်ကလည်း ၀မ်းနည်းနေမှာမဟုတ်ဘူး။ သူက သေခြင်းရဲ့တစ်ဖက်ကမ်းဆီကနေ ဟားနေမယ်လို့ ကျွန်တော်ထင်တယ်။ `ကျုပ်ကတော့ အိပ်နေရတာကို ကြိုက်တယ်´ လို့ ပြောခဲ့ဖူးတဲ့လူ။ သေလို့ကောင်းကင်ဘုံ ရောက်တယ်ဆိုတာကို သူက သိပ်ကောင်းတဲ့ပျက်လုံးလို့ သူ့သူငယ်ချင်းရဲ့ အသုဘမှာ ပြောခဲ့ဖူးတယ်။ သူ့ဝတ္ထုတွေထဲက ဇာတ်ကောင်တွေလို ဟားနေလိမ့်မယ်လို့ ကျွန်တော်ယုံတယ်။ ၁၉၇၆ ခုလောက်က မဂ္ဂဇင်းတစ်ခုက သူနဲ့ အပြန်အလှန် အမေးအဖြေလုပ်တော့ သူက `ရယ်တာဟာလူရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေခံ တုန့်ပြန်မှုတစ်ရပ်ပဲ။ ..´လို့ ဖြေဖူးတယ်။ တစ်ဆက်တည်း သူကြုံခဲ့ရတဲ့ အတွေ့အကြုံတစ်ခုနဲ့ ယှဉ်ပြတယ်။ ဒုတိယကမ္ဘာစစ်ကာလက စစ်အကျဉ်းသားဘ၀က အတွေ့အကြုံပဲ။ ကြောက်စရာလန့်စရာကြုံခဲ့ရပြီးတဲ့နောက် လူဟာ ရယ်ပစ်လိုက်တတ်တယ်ဆိုတဲ့ အကြောင်းပဲ။ ဒီတော့လည်း ဗောနိဂတ်ရဲ့ အရေးအသားတွေမှာ ရယ်ပစ်လိုက်စရာတွေပါလာတယ်လို့ ဆိုရလိမ့်မယ်။ စစ်ကြီးပြီးတော့ သူ့ဘ၀အတွေ့အကြုံ ပိုစုံလာတယ်။ စစ်ကြီးမတိုင်ခင်က ကော်နလ်တက္ကသိုလ်ကို ဓာတုဗေဒလေ့လာဖို့ တက်သေးတယ်။ ဒါပေတဲ့ သိပ်မစွံဘူး။ ၁၉၄၃ ခုနှစ်မှာ စစ်ထဲဝင်တော့ စက်မှုအင်ဂျင်နီယာပညာကို လေ့လာခဲ့ရသေးတယ်။

၁၉၄၄ ခုနှစ်မှာ ဂျာမန်တပ်ကဖမ်းမိလို့ စစ်သုံ့ပန်းဖြစ်ရတယ်။ ဒရက်(စ)ဒင် (Dresden) မြို့နားဆီက စစ်သုံ့ပန်းအလုပ်သမားတွေထားတဲ့ဆီမှာ နေရတယ်။ ဒရက်(စ)ဒင်က အနုပညာလက်ရာတွေနဲ့ လှတဲ့မြို့ဆိုတော့  တော်ရုံနဲ့ အတိုက်အခိုက်အဖျက်အဆီးခံရစရာ အကြောင်းမရှိဘူး။ ဒါပေတဲ့ ၁၉၄၄ ခု၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အင်္ဂလိပ်၊ အမေရိကန်လေတပ်က အကြီးအကျယ်တိုက်ခိုက်ဗုံးကျဲပါလေရော (အကြောင်းသင့်လို့ရေးရရင် အီရတ်မှာလည်း ဒီလိုပဲ။ အင်္ဂလိပ်၊ အမေရိကန်ဆိုတာက ငါတို့လုပ်ချင်ရာလုပ်လို့ဖြစ်တယ်လို့ အတွင်းစိတ်ကလက်ခံထားတဲ့လူမျိုး။ သူတို့ လုပ်ချင်ရာလုပ်တာကို ဒီမိုကရေစီလို့ တံဆိပ်ကပ်ထားတဲ့လူမျိုး မဟုတ်လား) ဒီတော့ အနုပညာနဲ့ဗိသုကာလက်ရာတွေလည်း ပျက်စီးဆုံးရှုံး။ လူတွေလည်း ခြောက်သောင်း ၆၀၀၀၀ လောက်သေ (တချို့ကတော့ နှစ်သိန်း ၂၀၀ ၀၀၀ လောက်ထိသေတယ်လို့တောင် ဆိုကြတယ်) ကာတ်တို့ စစ်သုံ့ပန်းတစ်သိုက် မသေတာက သူတို့ကိုထားတဲ့  မြေအောက်က ကွန်ကရိတိုက်ခန်းကြီးတွေက ထူလို့၊ ကောင်းလွန်းလို့ပဲ။ မြေကြီးအောက်က ဒုတိယအထပ်မှာ။ ဗုံးကြဲတာတွေရပ်သွားလို့ အပြင်ထွက်ကြည့်ကြတဲ့အခါ တစ်မြို့လုံးကုန်ရော။ ဘာမှကို မကျန်ဘူးလို့ သူ့အတွေ့အကြုံကို ပြောပြလေ့ရှိတယ်။ အဲဒီနောက်တော့ သူတို့တတွေလည်း ဗုံးကျင်းတွေထဲမှာ ပိတ်မိပြိး သေနေကြတဲ့အလောင်းတွေလိုက်ရှာပြီး သယ်တဲ့အလုပ်ကို လုပ်ကြတယ်။ နောက်တော့ ဂျာမန်တွေက အလောင်းတွေကို တွေ့တဲ့နေရာမှာပဲ မီးရှို့ပစ်ကြလို့ သူတို့ စစ်သုံ့ပန်းတစ်သိုက်လည်း အလောင်းရှာသမားဘ၀က ကျွတ်သွားကြရတယ်။ ဒရက်(စ)ဒင်မှာ စစ်သုံ့ပန်းဖြစ်လိုက်ရတာက `ကျုပ်မှာ ရေးစရာတွေအများကြီး ရခဲ့တယ်´ လို့ သူက ပြောတယ်။ ရေးစရာတွေမှာ ကမ္ဘာကြီးကို အမှောင်တိုက်ထဲမှာထားပြီး ကြည့်ဖို့လည်း မြင်လာခဲ့ပုံရတယ်။ ဒီအတွေ့အကြုံတွေဟာ သူ့ဘ၀ရဲ့ နောက်ပိုင်းကာလမှာ စိတ်ကျရောဂါဖြစ်ဖို့လည်း ဖန်လာခဲ့တယ်။

စစ်ကြီးပြီးလို့ ပြန်လာတော့ ချီကာဂိုတက္ကသိုလ်မှာ ပြန်တက်တယ်။ မနုဿဗေဒ လေ့လာတယ်။ နောက်တော့ မှုခင်းသတင်းထောက် လုပ်တယ်။ ၁၉၄၇ ခုနှစ်မှာ တက္ကသိုလ်က ထွက်လိုက်တယ်။ အကြောင်းကတော့ မဟာဝိဇ္ဇာဘွဲ့အတွက် သူတင်သွင်းမယ့်စာတန်းကို ပညာရေးကော်မတီက လက်မခံဘူးဆိုလို့ပဲ။ နောက်တော့ သူ့ညီအစ်ကိုတော်တစ်ဦး အလုပ်လုပ်နေတဲ့ ဂျီအီး (ဂျင်နရယ်အီလက်ထရစ်) ကုမ္ပဏီမှာ အလုပ်ဝင်တယ်။ အဲဒီမှာ ကြော်ငြာဖက်က တာဝန်ယူတယ်။ ညဖက်တွေမှာတော့ ၀တ္ထုတိုကလေးတွေ ထိုင်ရေးတယ်။ သိပ္ပံပညာတိုးတက်မှုကြောင့် ပေါ်လာတဲ့ဆိုးကျိုး၊ အကျိုးဆက်ကလေးတွေအကြောင်း ပါတယ်။ (ပြောရရင်တော့ သူလုပ်နေရတဲ့အလုပ်နဲ့ သူလုပ်ချင်တာနဲ့ တခြားစီပဲ) နောက်ပိုင်း သူအောင်မြင်လာတဲ့ကာလမှာ ရေးတာတွေမှာ အဲဒီအမြင်မျိုးတွေ အများကြီးပါတယ်။ ၁၉၅၀ ခုနှစ်လောက်မှာ သူ့ဝတ္ထုတိုကလေးတွေကို မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ဖော်ပြခံလာရတယ်။ ဒီတော့လည်း သူ သိပ်မလုပ်ချင်လှတဲ့ ဂျီအီးကုမ္ပဏီကနေ အလုပ်ထွက်လိုက်တော့တယ်။ စာရေးဆရာဘ၀နဲ့ အသက်မွေးဝမ်းကျောင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တာပဲ။ ဂျီအီးမှာ လုပ်ရတာက `စက်ကိရိယာတွေ ၀န်းရံခံနေရတဲ့ နေရာ။ စက်ကိရိယာတွေအတွက် စိတ်ကူးတွေ ၀န်းရံနေတဲ့နေရာ...´ လို့ သူ ပြောလေ့ရှိတယ်။ အဲဒီအမြင်အခြေခံနဲ့ Player Piano လို့ နာမည်တပ်ထားတဲ့ ၀တ္ထုရှည်တစ်ပုဒ် ရေးဖြစ်သွားပြီး ၁၉၅၂ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေတယ်။ သူ့အသက် ၁၉ နှစ်မှာ (နောက်တော့ Utopia 14 လို့ နာမည်ပြောင်းပြီး ထုတ်ဝေတယ်) ပထမအကြိမ်ထုတ်ဝေတုန်းက သိပ်မစွံဘူး။ ဒီလိုနဲ့ ဘောနိဂတ်ခမျာ၊ အထက်တန်းကျောင်းမှာ အင်္ဂလိပ်စာပြဆရာ ၀င်လုပ်ရင်း ဆာ့(ဗ) Saab ကား အရောင်းကိုယ်စားလှယ် လုပ်ရပြန်တယ်။ ၀တ္ထုတိုကလေးတွေ ပြန်ရေးပြန်တယ်။ သူ့ဝတ္ထုရှည်တွေထဲမှာ အတော့်ကိုအောင်မြင်တာကတော့ Cat's Cradle ဆိုတာပဲ။

ပုဂ္ဂလိကအမြင်အခြေခံ ရေးရရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း အတော်ကြိုက်တယ်။ ၀တ္ထုနာမည်က ကလေးတွေကစားလေ့ရှိတဲ့ ကစားနည်းတစ်မျိုးပဲ။ မြန်မာလိုတည့်တည့်ပြန်ရရင်တော့ ကြောင်ပုခက်ပဲ။ (ဒီကစားနည်းကို မြန်မာလိုနာမည်ပေးထားတာ ရှိကောင်းရှိမယ်။ ကျွန်တော်တော့ မသိဘူး။ ခွင့်လွှတ်ကြပါ) တကယ်တော့ လက်ကြားထဲမှာ ကြိုးထည့်ပြီး အမျိုးမျိုး ပုံဖော်ကြတာ။ မြန်မာကလေးတွေ ကစားနည်းထဲကတော့ `မအေးခြင်ထောင်´ လို ဟာမျိုးပဲ။ `မအေးခြင်ထောင်´က ကြိုးနဲ့မဟုတ်ဘူး။ ဗောနိဂတ်ရဲ့ ကြောင်ပုခက်မှာ အဓိကပြောချင်တာက လူတွေလက်ခံထားတဲ့ အသိပညာတွေဟာ တကယ်တော့ ဘာကိုမှဖြေရှင်းပေးနိုင်တာ မဟုတ်ဘူးဆိုတဲ့ သဘောပဲ။ အဲဒီဝတ္ထုထဲမှာ ဗောနိဂတ်က ကြောင်ပုခက်ဆိုပေတဲ့ ကြောင်လည်းမပါဘူး၊ ပုခက်လည်းမဟုတ်ဘူးလို့ ရေးခဲ့တယ်။ ဒီဝတ္ထုထွက်လာတော့ လူတွေ သိပ်ကြိုက်ကြတယ်။ Cat's Cradle မှာ ဇာတ်ကောင်တွေ တည်ဆောက်ထားပုံက ဗောနိဂတ်တို့ မိသားစုနဲ့ အတော့်ကိုတူတယ်လို့ သူ့အရေးအသားကို အထူးပြုပညာရှင်တွေက ဆိုကြတယ်။ ၀တ္ထုထဲက အဓိကဇာတ်ကောင်မိသားစုဖြစ်တဲ့ ဟောနကာမိသားစုဟာ ဗောနိဂတ်မိသားစုလိုပဲ။ သားအကြီးဆုံးက သိပ္ပံပညာရှင်။ သမီးကအလတ်၊ ပိန်ပိန်ရှည်ရှည်။ သားအငယ်ဆုံးက ဒလ်တာအပ်စလွန် Delta Upsilon လို့ခေါ်တဲ့ လူမှုရေးအဖွဲ့ဝင် (ဒလ်တာအပ်စလွန်ဆိုတာက ၁၈၃၉ ခုနှစ်က မက်ဆချူဆက်ပြည် ဝေလျာမ်ကောလိပ်မှာစပြီး ထူထောင်ခဲ့တဲ့ အသင်းအဖွဲ့တစ်ခုပဲ။ ဟိုစဉ်ကရှိခဲ့တဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ မတူတဲ့အဖွဲ့။ အဖွဲ့ဝင်အမျိုးသားတွေဟာ အဖွဲ့ဝင်အချင်းချင်းရဲ့ အကြားမှာ လျှို့ဝှက်မှု မရှိကြရဘူး။ အပြန်အလှန်စောင့်ရှောက်မှု ရှိကြတယ်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား အတော်များများ ၀င်ကြတဲ့ အဖွဲ့အစည်းတစ်ခုပဲ) ဇာတ်လမ်းကိုတင်ပြနေသူက စာရေးဆရာ။ အဲဒါတွေအားလုံးဟာ တကယ့်ဘ၀ထဲက ဗောနိဂတ်တို့ မိသားစုအတိုင်းပဲ။ ဒီပြင် ၀တ္ထုထဲမှာ ဘိုကိုနိုနစ်ဇင်ဆိုတဲ့ သက်ဝင်ယုံကြည်မှုကို အခြေခံတဲ့ ဘာသာရေးဆန်ဆန်အမြင်တစ်ခုကို တင်ပြထားတယ်။ အမှန်မှာတော့ ဗောနိဂတ်ရဲ့ ညဉ်အတိုင်း လှောင်ချင်တာ၊ ဟားချင်တာပဲ။ ဒါပေတဲ့ စာရေးဆရာကြီး ဂရေဟမ်ဂရင်းလို ပုဂ္ဂိုလ်မျိုးကတောင် `ဒီနှစ်ထွက်တဲ့ အကောင်းဆုံးဝတ္ထုသုံးပုဒ်ထဲက တစ်ပုဒ်ပဲ´ လို့ ဆိုခဲ့ရတယ်။ ၀တ္ထုက အကြောင်းအရာတင်မကဘူး တင်ပြပုံဟန် အညွှန်းပြုပုံတွေမှာပါ ထူးခြားခဲ့လို့ ၇၀ ခုနှစ် ၈၀ ခုနှစ် ကာလတွေအထဲမှာ မပြောရင်မဖြစ်တဲ့ အရေးအသားတစ်ခုလို ဖြစ်ခဲ့တယ်။

အဲဒီနောက် God Bless You, Mr. Rosewater, or Pearls before Swine ဆိုတာကို ရေးတယ်။ သရော်တဲ့အရေးအသား၊ လှောင်တဲ့အရေးအသားပဲ။ သူ့အရေးအသားတွေမှာ တွေ့ရတတ်တဲ့သဘောထားတစ်မျိုးက `သောက်ကျိုးနည်း၊ စိတ်ကောင်းကလေးများထားကြစမ်းပါ´ ဆိုတာပဲ။ ဒီမှာလည်း အဲဒီအချက်ကို တွေ့ရတယ်။ ဒီဝတ္ထုရေးနေတဲ့ကာလမှာ ဗောနိဂတ်တစ်ယောက် စားဝတ်နေရေးသိပ်မပြေလည်ဘူး။ သူတို့လင်မယားနှစ်ယောက်နဲ့ ကလေးသုံးယောက်ရဲ့ စားဝတ်နေရေးက သူ့တာဝန်ဖြစ်နေရုံတင်မကဘူး၊ သေသွားတဲ့ သူ့နှမလင်မယားရဲ့ ကလေးသုံးယောက်ပါ သူက တာဝန်ယူထားရတဲ့ အချိန်။ ဒီဝတ္ထုထဲမှာတော့ ဗောနိဂတ်က ခုလိုရေးထားတယ်။

ဟဲလို ကလေးတို့။ ကမ္ဘာမြေကြီးက မင်းတို့ကို ကြိုဆိုလိုက်ပါတယ်။ ဒီမှာတော့ နွေဆိုပူတယ်၊ ဆောင်းဆို အေးတယ်။ လုံးတယ်၊ စိုစွတ်တယ်။ လူများတယ်။ ပြင်ပရောက်လာတဲ့အခါ ကလေးတို့အနေနဲ့ အနှစ်တစ်ရာလောက် နေနိုင်ကြတယ်။ ကျုပ်အနေနဲ့ သိတဲ့ လုပ်ဆောင်စရာအချက်ကလေးတစ်ခုကတော့ သောက်ကျိုးနည်း စိတ်ကောင်းကလေးထားကြစမ်းပါဆိုတာပဲ။

ဒီဝတ္ထုမှာလည်း သူ့ဘ၀အကြောင်းနဲ့ ခပ်ဆင်ဆင်ကို အခြေခံရေးထားတယ်။ ဒါပေတဲ့ အမေရိကန်တို့ရဲ့ အရင်းရှင်စနစ်နဲ့ လူမှုရေးဘ၀ကို ပြန်လည် စိစစ်ပြီး သရော်ထားတာတွေ ပါတယ်။ အဓိကဇာတ်ကောင် မစ္စတာရို(စ)၀ါတာက သိပ်ချမ်းသာတယ်။ တစ်နေ့တော့ လူတွေကိုကူဦးမှပဲလို့ အတွေးပေါက်လာတယ်။ ဒီတော့ မရှိ၊ မစွမ်း၊ နွမ်းပါးတဲ့လူတွေကိုထောက်ပံ့ဖို့ ရို(စ)၀ါတာ  ဖောင်ဒေးရှင်းထောင်တယ်။ ဖောင်ဒေးရှင်းရဲ့ဆောင်ပုဒ်ကတော့ `ကိုယ့်ဘာသာ သတ်မသေကြနဲ့။ ရို(စ)၀ါတာ ဖော်ဒေးရှင်းနဲ့ ဆက်သွယ်ကြပါ´ တဲ့။ ဗောနိဂတ်အနေနဲ့ အဓိကထားပြီး ဖော်ထုတ်သွားတဲ့အချက်ကတော့ လူတိုင်းမှာ ကောင်းတာလေးတစ်ခုခုတော့  ရှိနိုင်တယ်ဆိုတဲ့သဘောပဲ။ သူ့ ရေးဟန်အတိုင်း ရယ်သွမ်းသွေးရင်း တင်ပြခဲ့တဲ့ အရေးအသားတစ်ခုပဲ။

၁၉၆၈ ခုနှစ်မှာ ဂေါ်ဂင်ဟိုမ်းက ထောက်ပံ့ကြေးရလို့ သူ သုံ့ပန်းဖြစ်ခဲ့တဲ့ ဒရက်(စ)ဒင်ကို ပြန်လည်တယ်။ အဲဒီအချိန်မှာပဲ ဗောနိဂတ်က စာနယ်ဇင်းလောကမှာ ပြန်ကျင်လည်နေတော့ နျူယော့(ခ)တိုင်း(မ)တို့၊ အက်(စ)ကွိုင်းယားတို့မှာ အက်ဆေးတွေဘာတွေ ရေးနေတယ်။ ရေးတာကတော့ အစုံပဲ။ လပေါ်လူရောက်တာကအစ၊ တရားထိုင်တာတို့ဘာတို့ အစုံပဲ။ အဲဒီအရေးအသားတွေထဲက တစ်ခုကို ထုတ်ဝေသူတစ်ဦးက သိပ်သဘောကျသွားတာနဲ့ပဲ သူနဲ့ စာအုပ်သုံးအုပ်ရေးပေးဖို့ စာချုပ်ချုပ်တယ်။ အဲဒီစာချုပ်အရ ပထမဆုံးထွက်လာတဲ့စာအုပ်ကတော့ Slaughterhouse Five ပဲ။ တကယ်တော့ ဒီဝတ္ထုကို သူရေးနေတာ ဆယ်စုနှစ်နှစ်ခု မကတော့ဘူး။ စစ်ကြီးပြီးလို့ ပြန်လာကတည်းက ကြိုးစားရေးနေတာလို့ ၁၉၆၉ ခုနှစ်က အိုင်အိုဝါမြို့မှာ ကျောင်းသားတွေကိုပြောတဲ့ ဟောပြောချက်ထဲမှာ ဖွင့်ပြောခဲ့ဖူးတယ်။ အထ မမြောက်ဘူး။ အထမမြောက်ရတာက ဇာတ်လမ်းဆင် ရေးကြည့်နေလို့ပဲ။ နောက်ဆုံးတော့ သူမြင်တာတွေ၊ တွေ့ခဲ့တာတွေကို အမှန်အတိုင်းရေးတော့မယ်ဆိုပြီးရေးကာမှ အထမြောက်တော့တယ်လို့ ၂၀၀၅ ခုနှစ်မှာထုတ်တဲ့ သူ့ရဲ့အက်ဆေးပေါင်းချုပ်စာအုပ် A Man Without a Country ထဲမှာ ဖော်ပြထားခဲ့တယ်။ Slaughterhouse Five မှာ ဒီအရင်ရေးခဲ့တဲ့ ၀တ္ထုတွေထဲမှာ သူရေးခဲ့တဲ့ဇာတ်ကောင်တွေ ပြန်ပါလာတယ်။ ဇာတ်ကောင်ဆိုတာကို ထပ်မံတီထွင်မနေဘဲ ဆွဲသုံးနိုင်တယ်ဆိုတဲ့သဘောမျိုးကို ပြတာပဲလို့ ပညာရှင်တချို့က မြင်တယ်။ တချို့ကတော့ ဒီဝတ္ထုဟာ အရင်ကရေးခဲ့တဲ့ ၀တ္ထုငါးပုဒ်ကိုပြန်လည်စုစည်းပြီး တစ်နည်းတစ်ဖုံတည်ဆောက်ပြတာပဲလို့ မြင်ကြတယ်။ ဒီနေရာမှာ ဆိုလိုတာက ဖန်တီးပုံအပိုင်းပါ။ (သူ့အရေးအသားတွေနဲ့ပတ်သက်လို့ သီးခြားထပ်မံရေးသား ပါဦးမယ်။ ဒီနေရာမှာတော့ ဒီလောက်ပဲထားခဲ့ပါရစေ) ဗောနိဂတ်ဟာ ၀တ္ထုရှည် တစ်ဆယ့်လေးပုဒ်ရေးခဲ့ပြီး ၀တ္ထုတို၊ စာတမ်းနဲ့ အက်ဆေးတွေ အများကြီးရေးခဲ့ပါတယ်။

စာရေးစာဖတ်တာနဲ့ပတ်သက်လို့ လေစီရို(စ) (အင်တာဗျူး ၂၀၀၅ အောက်တိုဘာ ၁၇) က မေးတော့ `ဗိသုကာပညာကလွဲလို့ ဘယ်လိုအနုပညာမျိုးမဆို ခပ်တည်တည်နဲ့ နောက်ထားတာချည်းပဲ။ လူတွေအနေနဲ့ ဒုက္ခမများဘဲ စိတ်လှုပ်ရှား (ခံစား) မှု ရနိုင်တာမျိုးပဲ။ နမူနာပြရရင် လီယိုနာဒိုဒါဗင်ချီရဲ့ `နောက်ဆုံးညစာစားပွဲ´ ကိုပဲ ကြည့်ပေတော့။ စာဖတ်တယ်ဆိုတာက ဖျော်ဖြေမှုတစ်မျိုးပဲလို့ နားလည်လက်ခံကြတဲ့ အခါကာလတစ်ခုက ရှိခဲ့တယ်။ ဒီတော့လည်း လူတွေက စာဖတ်တတ်အောင်လုပ်ကြတယ်။ ဒါပေတဲ့ စာဖတ်တယ်ဆိုတာကလည်း မလွယ်လှဘူး။ ဂီတသင်္ကေတတွေကို ဖတ်ရသလိုကိုး။ ကျွမ်းကျင်မှုက လိုတယ်။ စာရွက်ပေါ်မှာ မှင်နဲ့ရေးထားတာတစ်ခုကို ဖတ်တဲ့လူတွေဆီက တစ်စုံတရာ တုံ့ပြန်မှုလိုချင်တယ်ဆိုရင် ဖတ်တဲ့လူတွေအနေနဲ့ ပါဝင်ပတ်သတ်မှုရှိဖို့ လိုတယ်။ ကဇာတ်ရုံရောက်တာနဲ့ ကိုယ့်လက်ထဲကို တယောထည့်လိုက်ရင်၊ ကိုယ်က တယောထိုးပြရတော့မှာပဲ။ အဲဒီလိုပဲ၊ စာရေးတဲ့လူက စာဖတ်တဲ့လူဆီက သူတို့ရဲ့ပါဝင်ပတ်သက်မှုကို မျှော်တာပဲ။ ရေးတဲ့လူနဲ့ ဖတ်တဲ့လူက တစ်ဝက်စီလုပ်ကြရမှာကိုး။ ခုခေတ်ကတော့ စာရွက်ပေါ်မှင်နဲ့ရေးပြီးပြောရတာက သိပ်အလုပ်မဖြစ်တော့ဘူး။ ဇာတ်လမ်းပြောဖို့ ရုပ်ရှင်တွေဘာတွေ ရှိနေပြီ။ အဲဒါတွေက ပရိသတ်ရဲ့ ပါဝင်ပတ်သက်မှု မလိုဘူး။ ကျုပ်တို့ရဲ့ အထက်တန်းကျောင်းပညာရေးစနစ်က အသုံးမကျတော့ စာမတတ်တဲ့လူတွေ များလာတယ်။ ဒီတော့ ရုပ်ရှင်ပဲကြည့်ကြတော့တာပေါ့။ ကျုပ်အထင်ပြောရရင် စာတတ်တဲ့လူက သူတို့ရဲ့သိမှု ဖွံ့ဖြိုးစေတယ်။ ပြောရရင် စာဖတ်ရင်း ပါဝင်ပတ်သက်မှုရှိရလို့ ဦးနှောက်ကို ပိုအသုံးချရတယ်။ ရုပ်ရှင်ကြည့်တာ ရုပ်မြင်သံကြားကြည့်တာကတော့ ဦးနှောက်အသုံးချဖို့ မလိုဘူး။ ပါဝင်ပတ်သက်ဖို့ မလိုဘူး။ အချိန် မကုန်ကုန်အောင် အသုံးချလိုက်တာပဲ´ လို့ ပြောပြခဲ့ဖူးတယ်။

အဲဒီလိုပဲ၊ ဗောနိဂတ်အသက်ရှစ်ဆယ်ပြည့်တော့ ဂျိုး(လ)ဘလီဖာ့(စ)နဲ့ အမေးအဖြေပြောကြတုန်းကလည်း အတော့်ကိုသဘောကျဖို့ကောင်းတဲ့စကားအချို့ကို မှတ်သားလိုက်ရသေးတယ်။ တစ်နေရာမှာ ဂျိုး(လ)က စာရေးဆရာတစ်ယောက်၊ အနုပညာသည်တစ်ယောက်အနေနဲ့ လူ့အဖွဲ့အစည်းအပေါ်မှာ တာဝန်ရှိမှုနဲ့ပတ်သက်လို့ ယဉ်ကျေးမှုအခြေခံနဲ့ ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ အတိတ်ကဦးဆောင်သူတွေနဲ့ ကနေ့ဦးဆောင်သူတွေအကြားမှာ ဘာများကွာခြားချက်ရှိတယ်လို့ ခင်ဗျားသတိထားမိတာများရှိသလားလို့ မေးတယ်။ ဒီတော့ ဗောနိဂတ်က သူ့ထုံးစံအတိုင်း သရော်ရင်းပြန်ဖြေတယ်။ သူဖြေတာက ဒီလို။

ဘယ်လူ့အဖွဲ့အစည်းတုံး။ နာဇီဂျာမနီလား၊ စတာလင်ရဲ့ ဆိုဗီယက်လား။ လူမှုရေးအခြေခံဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောနိုင်တာအပေါ် တာဝန်ရှိမှုနဲ့ပတ်သက်လို့ ပြောမကောင်းဘူးလား။ ယဉ်ကျေးမှုနယ်ပယ်က ဘယ်လိုဟာမျိုးအပေါ်မှာ ဦးဆောင်နေကြတဲ့ခေါင်းဆောင်တွေကို ဆိုလိုတာလဲ။ ခင်ဗျားဆိုလိုတာက အနုသုခုမပညာတွေပဲလို့ ကျုပ်ထင်တယ်။ အနုသုခုမ ပညာရပ်တွေချည်းပဲလို့ ဆိုကြရအောင် အဲဒီမှာ သီချင်းစပ်တဲ့လူဆိုပါစို့။ ဘယ်လိုအမြင်နဲ့စပ်စပ် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး၊ အားလုံးအတွက်တော့ မတတ်နိုင်ဘူး။ ...စာရေးတယ်၊ ကဗျာရေးတယ်ဆိုတာကလည်း တစ်လောက်ကလုံးအတွက် မဖြစ်နိုင်ဘူး။ လူနည်းစု၊ လူတစ်စုအတွက်ပဲ။ စိတ်တူသဘောတူ အမြင်တူတဲ့လူတွေအတွက်ပဲလို့ ပြောတယ်။ ကတ်ဗောနိဂတ်ကို ကျွန်တော်သဘောကျမိတာက အဲဒီလိုအမြင်မျိုးနဲ့ပတ်သက်လို့လည်း ပါတယ်။ ဗောနိဂတ်က လူတွေကိုကယ်တင်ဖို့၊ ပြည်သူ့ဖက်သားလုပ်ဖို့၊ ဘာဖို့ညာဖို့ ကြီးကြီးကျယ်ကျယ်တွေပြောနေတဲ့ စာရေးဆရာမျိုးမဟုတ်ဘူး။ စာရေးဆရာဆိုတာ သူလုပ်ချင်တာကို သူလုပ်နိုင်တဲ့အပိုင်းကလေးထဲမှာ လုပ်တဲ့လူပဲ။ အထူးသဖြင့် ဖန်တီးမှုအရေးအသားတွေမှာ သိမှုရဲ့အတိုင်းအတာဟာ လျော့ပါးပစ်လိုက်လို့ မရဘူး။ ဒါကိုထည့်မစဉ်းစားဘဲ စာရေးဆရာ၊ ကဗျာဆရာတွေက ကမ္ဘာကြီးအတွက်၊ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းဖို့ ဘာဖို့ညာဖို့ပြောနေလို့ အလကားပဲ။ မစားရ၀ခမန်း ဂလိုဘယ်လိုက်ဇေးရှင်းတို့၊ တောမရောက်တောင်မရောက် ပို့စ်မော်ဒန်တို့ကို အတင်းနင်းပြီး တွန်းနေဖို့မလိုဘူး။ စာရေးတဲ့လူဆိုတာက စိတ်ကူးယဉ်နဲ့ ဘုရင်လုပ်ကြည့်တဲ့လူ မဟုတ်ဘူး။ စာရေးတဲ့လူဟာ စာရေးတဲ့လူပဲ။ ပြောစရာရှိရင်တော့လည်း ပြောင်ပြောင်ပြောရဲဖို့ လိုတယ်။ ဗောနိဂတ်က သူ့နိုင်ငံက သမ္မတဆိုတဲ့ငနဲဟာ `အထက်တန်းလွှာလာတဲ့ ခပ်ညံ့ညံ့ကျောင်းသား။ သမိုင်းမသိ ပထ၀ီမသိ ငနဲ´ လို့ ပြောခဲ့ဖူးတာသာ ကြည့်ပေရော့။

ခုတော့ ဗောနိဂတ်သေပြီ။ သူ့အရေးအသားကို မဖတ်မိသေးဘဲ သူ့အကြောင်း မသိဘဲနဲ့တော့ မလွမ်းကြစေချင်သေးဘူး။ ၀မ်းမနည်းကြစေချင်သေးဘူး။ ကားကြိတ်ခံရလို့ ပြားသွားတဲ့ ခုရုတစ်ကောင်ကိုကြည့်ရသလိုပဲ နေလိမ့်မယ် ထင်တယ်။ စာရေးဆရာဆိုတာနဲ့ ပတ်သက်လို့ ဗောနိဂတ်ပြောခဲ့တာလေး ရေးပြလိုက်ပါရစေ။

I agree with Stalin and Hitler and Mussolini that the writer should serve his society .. Mainly, I think they should be _ and biologically have to be _ agents of change.

မြင့်သန်း၊ 
၂၀၀၇၊ ချင်းတွင်းမဂ္ဂဇင်းမှ

Comments

  1. Kurt Vonnegut ကိုလည်းမသိ၊ ဖတ်လည်းမဖတ်ဖူးပေါ့ လွမ်းသလိုလိုတောင် မဖြစ်မိဘူး။ ဟိုဘက်အိမ်က ကြောင်ကြီး သေသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်မိသလို "အော်..." လို့တော့ ပြောမိသွားတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”