Skip to main content

နေရင်းထိုင်ရင်း

ဖန်သားပြင်ပေါ်က စကားလုံးတွေအတိုင်း မျက်လုံးကို ရွေ့လျားနေချိန်မှာပဲ ဖျပ်ခနဲ မီးမှောင်သွားတယ်။ မြန်နှုန်းမြင့်စာဖတ်ခြင်းမှာ မျက်လုံးရွေ့လျားပုံက အရေးကြီးသတဲ့။ စကားလုံးတစ်လုံးချင်းစီမဟုတ်ဘဲ စကားစုတစ်ခုစီကို ခြုံငုံပြီး မျက်လုံးသူငယ်အိမ်တွေကို ခပ်မြန်မြန် ရွေ့လျားနေစေရမယ်တဲ့။ အခုတော့ ကံမကောင်းတဲ့ သူငယ်အိမ်တွေ အရှိန်နဲ့သွားနေတုန်း စုန်းစုန်းမြုပ်သွားတယ်။ အခန်းမီးရော ကြည့်နေတဲ့ ဖန်သားပြင်ရော အမှောင်ကျသွားတယ်။ အမှန်တော့ ကွန်ပြူတာက ခဏဖြစ်ဖြစ် မီးဆက်လင်းနေသင့်တာ၊ ဘတ်ထရီက တော်တော် အခြေအနေဆိုးနေပြီပဲ။ ဟိုတစ်နေ့က အခန်းဖော်ပြောတာကို သတိရမိတယ်။ ဘက်ထရီက တစ်ရာရာခိုင်နှုန်းပြနေတယ်ဆို၊ ဘာလို့ပြတ်ရတာလဲတဲ့။ ဟုတ်တယ်၊ ပြတာတော့ တစ်ရာရာခိုင်နှုန်းပဲ၊ ဒါပေမဲ့ ချက်ချင်း ပိတ်သွားတယ်။ တခြားစနစ်တွေလိုပဲ ကွန်ပြူတာ စနစ်ဟာလည်း စနစ်တကျ လိမ်ညာတတ်တယ်။ မလိမ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ အမှန်ကိုမပြောဘူးလို့ ဆိုလို့ရတယ်။ One Minute Remaining စာသားပြပြီး ထမင်းအိုးတစ်အိုးကျက်လောက် စောင့်ခိုင်းထားတာတွေ ကြုံခဲ့ဖူးတာပဲ။ ဒီတော့လည်း ရာနှုန်းပြည့်ဆိုတာကို သိပ်မယုံနဲ့လို့ပဲ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားလိုက်တယ်။
အမှောင်ထဲဆက် ထိုင်ပြီး ဘာလုပ်ရရင် ကောင်းမလဲ စဉ်းစားနေမိတယ်။ ဒီနေရာမှာက လျှပ်စစ်မီးမရှိရင် တခြားလုပ်စရာရယ် သိပ်မရှိဘူး။ ဖယောင်းတိုင်ထွန်းပြီး စာရွက်ပေါ်က စာလုံးတွေကို ဆက်ကြည့်နေရင် ကောင်းမလား။ အဲဒါဆိုလည်း သိပ်ပြီး ဇွဲကောင်းလွန်းရာ ကျမယ်။ ဇွတ်မှတ် အိပ်ပစ်လိုက်ဖို့ကတော့ မဖြစ်နိုင်ဘူး၊ အိပ်မပျော်ရင် မအိပ်တာက အကောင်းဆုံးပဲ။ ပျော်မှ အိပ်မယ်။ မတ်တပ်ထရပ်ပြီးတော့ အညောင်းအညာဆန့်လိုက်တယ်။ ဒီလိုပုံစံနဲ့ နေနေခဲ့တာ နာရီ အတော် ကြာပြီကိုး။ တံခါးကို အသံမမြည်အောင် ခပ်ဖြည်းဖြည်းဆွဲဖွင့်ရင်း ခေါင်မိုးပေါ်တက်တဲ့ လှေကားအတိုင်း တက်လာလိုက်တယ်။ အဲဒီကနေ ကောင်းကင်ကြီးကို မြင်ရတယ်။ ဖတ်လက်စ မှော်ဆန်ဆန် ၀တ္ထုထဲက ဇာတ်ကောင်က ကောင်းကင်မှာ လနှစ်စင်းမြင်နေရတယ်ဆိုတဲ့ အချက်ကို သတိရတော့ ငါလည်း လကိုကြည့်ဦးမှလို့ ဆုံးဖြတ်လိုက်တယ်။ တကယ်များ နှစ်စင်းဖြစ်နေတာလား ဘာလားပေါ့။ လကို ဘယ်အချိန်က နောက်ဆုံးမြင်ခဲ့လဲ မမှတ်မိတော့ဘူး။ အာ မှတ်မိစရာရောလိုလို့လား၊ ၀တ္ထုထဲက စာသားတွေကို စိတ်နဲ့ လိုက်ရွတ်နေမိမှန်း သတိပြုမိတော့ ခေါင်းကို ယမ်းထုတ်လိုက်တယ်။ အပေါ်မှာ အေးနေတယ်။ အ၀တ်ကြိုးတန်းသုံးလေးခု အရှေ့မှာ ကန့်လန့်ဖြတ်ခံထားတယ်။ ခေါင်မိုးအစွန်းဘက် ၀ရန်တာနားရောက်ဖို့ အ၀တ်တန်းတွေကိုတော့ ဖြတ်ရမှာပဲ။ ထမီတန်းတွေများ ဖြစ်နေမလား။ ဖြစ်တော့ရော ဘာဖြစ်လဲ၊ မပြောတတ်ဘူး။ ကိုယ့်ရင်ဘတ်လောက် အမြင့်ရှိတဲ့တန်းတွေကိုတော့ ခွကျော်ဖို့ မကြိုးစားချင်ဘူး။ ခေါင်းလေးငိုက်ပြီး အသာဝင်လာလိုက်တယ်။ သူပြောသလို ငါကံများ နိမ့်နေတာလားဆိုတဲ့အတွေးက အလိုလို ဆက်တိုက်လိုက်လာတယ်။ ဟုတ်ချင်လည်းဟုတ်မယ်၊ ဟုတ်ချင်မှလည်းဟုတ်မယ်။ ကံကံ၏အကျိုးဆိုတာကို `မှန်ဖို့ အရမ်းကောင်းလွန်းတယ်´ လို့ ခံစားရပြီးနောက်ပိုင်း ကံကောင်းတယ် ကံဆိုးတယ်ဆိုတဲ့ နေ့စဉ်အသုံးတွေကို ရှောင်ဖို့ ကြိုးစားကြည့်ခဲ့သေးတယ်။ ကံမကောင်းတာက Unfortunately ဆိုတဲ့စကားလုံးလေး ရှေ့ကခံပြီး တွေးရမယ့်ကိစ္စတွေများနေတော့ နောက်ပိုင်း တမင်ရှောင်မနေဖြစ်တော့ဘူး။ လူကိုဝမ်းနည်းစေတဲ့ ကိစ္စတွေရှေ့မှာ Unfortunately လေး အသာချထားလိုက်တယ်။ ကံမကောင်းတဲ့ ကံခမျာ တရားခံဖြစ်ရတယ်၊ မတတ်နိုင်ဘူး။ တစ်ဆက်တည်း ကျောင်းအုပ်ဆရာကြီးကို သတိရလိုက်မိတယ်။ ကွန်ပြူတာ သင်တန်းသားတွေလာလို့ မီးပျက်နေရင်၊ မင်းတို့တော့ ကံဆိုးတယ်၊ အခုပဲ မီးပျက်သွားတာလို့ ကျောင်းသားတွေကို ဆီးပြီး ပြောလေ့ရှိတယ်။ ဘာပြန်ပြောရမလဲမသိတဲ့ ကျောင်းသားတွေရဲ့ မချိသွားဖြဲ မျက်နှာပေးလေးတွေကို မှတ်မိနေတယ်။ သူပြောတာ ဟုတ်တော့လည်း ဟုတ်တယ်၊ တကယ်တမ်းပြောရရင် လူဆိုတာက နေရင်းထိုင်ရင်း ကံဆိုးကံကောင်း နေနိုင်တာမျိုးကိုး။ သင်တန်းလစ်ချင်တဲ့ ကျောင်းသားတချို့ တိတ်တိတ်ကလေး ကံကောင်းသွားတာတော့ ကျောင်းအုပ်ဆရာကြီး ရိပ်မိချင်မှ ရိပ်မိခဲ့လိမ့်မယ်။ အခုတော့ ထမီလှန်းခဲ့ဖူးတယ်လို့ သံသယရှိတဲ့ ကြိုးတန်းတွေအောက်က ဖြတ်လာလိုက်တယ်။ လကို ကြည့်ရမယ်။ လေအေးအေးတွေ ဝှေ့တိုက်နေတယ်။ နွေရောက်လို့ ပူတော့မလိုလိုနဲ့ ရာသီဥတုက ဒီရက်ပိုင်း ပြန်အေးနေတယ်။ မိုးက အစိုးမရဘူးဆို နွေလည်း ကတိမတည်ဘူးပဲ၊ ဘာလဲ မတ်လလယ်ရောက်နေပြီလေ ပူတော့ပေါ့။ နေပါဦး၊ ဒါ Pathetic Fallacy ဖြစ်မယ်။ အသက်ကို ပြင်းပြင်းရှူပြီး ကောင်းကင်ပေါ် မော့လိုက်တယ်။ မှောင်မှောင်မဲမဲပဲ မြင်ရတယ်။ ဟိုတလောကတင် တပေါင်းလပြည့် လိုလို ကြားလိုက်မိပါတယ်။ ပတ်ချာလည် တစ်ပတ်ပြည့်အောင် လှည့်ကြည့်တယ်၊ သေချာတယ် လမရှိဘူး။ လနှစ်စင်းမပြောနဲ့ ရှိနေကျ တစ်စင်းတောင် ပျောက်နေတယ်။ ကွယ်နေတယ်ဆိုရင်တော့ လနှစ်စင်းလုံး ကွယ်နေတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်၊ ဘယ်သူသိနိုင်မှာလဲ။ ကြယ်တွေလည်း နည်းသွားသလိုပဲ။ လမရှိဘူးလို့ ပြောရင် အမြင်ကျဉ်းရာကျသွားမလား တွေးမိတော့၊ လကို ငါမမြင်ရဘူးလို့ပဲ ပြန်ပြင်ပြီး တွေးလိုက်တယ်။ ကံကောင်းတာက အတွေးဆိုတာမျိုးက ဘယ်သူမှ မရိပ်မိခင် ပြင်လို့ရတယ်။ လက တစ်နေရာရာမှာ ရှိတော့ ရှိနေမှာပဲ၊ တခြားလူတွေတော့ မြင်ရကောင်းမြင်ရမှာ။ သေချာတာက ဒီအချိန်မှာ ဒီနေရာကနေ လကို မမြင်ရဘူး။ ကံဆိုးချင်တော့ ဒီအချိန် ဒီနေရာမှာ ငါက လကိုကြည့်ဖို့ ရောက်နေတယ်။ ဒါလည်း နေရင်းထိုင်ရင်းပဲ။ ဒီတော့လည်း ရှိတဲ့ ကြယ်တွေကိုပဲ ကြည့်နေလိုက်မိတယ်။ မွစိတက်နေတဲ့ ကြယ်ကလေးတွေကိုမြင်တိုင်း ကိုယ့်ကိုယ်ကိုယ် သေးငယ်ပျောက်ဆုံးသွားသလို ခံစားရတဲ့ ခပ်ငယ်ငယ်က ရှိခဲ့တဲ့ ခံစားချက်မျိုး ပြန်ပေါ်လာတယ်။ အစက်အပြောက်လိုမြင်ရတဲ့ မွစိတက်နေတဲ့ ကြယ်ကလေးတွေဆိုတာ တကယ်တော့ အရွယ်အစား အကြီးကြီးတွေပဲ၊ ဝေးလွန်းလို့သာ အစက်အပြောက်ကလေးတွေလို ဖြစ်နေတာ၊ တချို့ကြယ်တွေဆိုတာလည်း ပျက်စီးပြီးသားဆိုလား ဘာလား၊ သိပ္ပံအချက်အလက်တွေ ခေါင်းထဲရောက်လာကတည်းက ကြယ်တွေကိုမြင်တိုင်း ကိုယ့်ကိုယ်ကိုယ် သေးမွှားသွားတဲ့ ခံစားချက်မျိုးရှိနေတာ ဖျောက်မရတော့ဘူး။ မတော်မတည့်တွေ နှိုင်းယှဉ်စဉ်းစားမိရာက ရတဲ့ ဝေဒနာပဲ။ ဒီတော့လည်း အကြည့်လွှဲပြီး ခေါင်မိုးပေါ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေလိုက်မိတယ်။ ကိုရင်ဝတ်တုန်းကတော့ ဒါမျိုးကို စင်္ကြံလျှောက်တယ်လို့ ခေါ်တာပဲ။ တရားလေးဘာလေးမှတ်လို့ သူပြောတာကို သတိရလာတယ်။ ကဲ.. မှတ်ကြည့်မယ်ကွယ်၊ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်။ ခက်တာက တရားလေးဆိုတာကတော့ ထားပါတော့၊ သူပြောတဲ့ နောက်က `ဘာလေး´ ဆိုတာက ဘာလေးလဲမသိဘူးလို့ အတွေးခေါင်နေမိတယ်။ တစ်ဆက်တည်း ကံဆိုးနေတယ်၊ ဘုရားဆုတောင်း၊ တရားမှတ်ဆိုတဲ့ သူ့စကားတွေရဲ့ ရှေ့နောက်အစီအစဉ်ကို ခြုံငုံကြည့်ပြီး တကယ်တော့ ဒါငါ့ကို အကုသိုလ်ကောင်လို့ ပြောချင်နေတာပဲဆိုတဲ့ ကောက်ချက်ကိုရောက်လာတော့ ဒေါသထောင်းခနဲ ထွက်မိတယ်။ ဒီလိုစွပ်စွဲချက်မျိုးကို သွယ်ဝိုက်ပြီးတော့ရော တိုက်ရိုက်ရော ခံခဲ့ရဖူးတာ ခဏခဏပဲလို့ ဆက်တွေးမိတော့ ဒေါသက နည်းနည်း အဓွန့်ရှည်သွားတယ်။ ဘာမှမလုပ်ရပါဘဲနဲ့ နေရင်းထိုင်ရင်းပဲ။ Blame the Victim ဆိုတာ ဒါမှအစစ်။ သူပြောသလို ၀တ်ပြုဆုတောင်းရအောင်လည်း လက်လှမ်းမီရာ၊ စိတ်မှန်းမီရာ ဘုရားမရှိဘူး။ အရင်အခန်းဖော်က ကျွန်တော်တို့မှာဘုရားမရှိဘူးလို့  ပြောတုန်းကဆို ရုတ်တရက် အံသြမိခဲ့သေးတယ်။ မင်းက ဘုရားမဲ့ဝါဒီလားလို့မေးတော့ မဟုတ်ပါဘူး၊ အိမ်မှာ ဘုရားပုံတောင် မရှိတာကို ပြောတာပါတဲ့။ အဲဒါဆို ဘုရားမမဲ့အောင်လို့ ဘုရားပုံသွားဝယ်ကြမယ်ဆိုပြီး အနီးအနား လျှောက်ရှာကြည့်ခဲ့ကြသေးတယ်။ ကံဆိုးချင်တော့ ဒီမှာ ရှိသမျှ မုတ်ဆိတ်မွှေး ပသိုင်းမွှေးနဲ့ဘုရားတွေကို သူက မလိုချင်ဘူးဆိုတာနဲ့ ဘုရားလက်မဲ့ပဲ ပြန်လာခဲ့ကြရတယ်။ အခုဆိုရင်တော့ မောင်ကျော်တစ်ယောက် ရွာပြန်ရောက်ပြီး ဘုရားနဲ့ဘာနဲ့ ဖြစ်နေလောက်ပြီလို့ တွေးမိတော့ ပြုံးလိုက်မိတယ်။ ဘုရားကတော့ ဟုတ်ပါပြီ၊ `ဘာနဲ့´ ဆိုတာက ဘာနဲ့တူသလဲတော့ စဉ်းစားမရဘူး။ အပြုံးက အဓွန့်မရှည်လိုက်ဘူး၊ ကံမကောင်းတဲ့ ခြေထောက်က တစ်ခုခုကို တိုက်မိလို့ မျက်နှာပြန်မဲ့သွားတယ်။ ဘယ်ဘက်ခြေထောက်ကို ပဲ့သွားလားလို့ ငုံ့ကြည့်မိတော့မှ ဘယ်လှမ်းတယ် ညာလှမ်းတယ်မှတ်နေတာကို ပြန်သတိရလာတယ်။ ဒိဌေဒိဌမတ္တံနည်းအရဆိုရင်တော့ စိတ်ပျက်စရာကောင်းလောက်အောင်ကို ငါ့စိတ်တွေခုန်နေတာပဲဆိုတဲ့ အတွေးနဲ့ နောက်တစ်ခုန် ခုန်ဖြစ်အောင် ထပ်ခုန်လိုက်သေးတယ်။ သမာဓိထူထောင်လို့ မရမယ့်အတူတူ၊ မထူးတော့ဘူး ဆက်ခုန်မယ်။ ခြေမက နည်းနည်းနာသွားတယ်။ သူပြောသလို မြန်မာတွေရဲ့ ခြေသည်းညှပ်စနစ် မှားနေတာများလားလို့ စဉ်းစားမိတယ်။ ခြေမရဲ့ ခြေသည်း ထောင့်စွန်းလေးတွေကို အသားထဲစိုက်နေမှာစိုးလို့ ညှပ်မပစ်ရဘူးတဲ့၊ အဲဒီနေရာကို ချေးတွေဝင်တတ်တယ်တဲ့။ ဒီတိုင်းထားလိုက်တော့မှ ခြေသည်းနဲ့ ပြည့်နေတော့ ချေးတွေမ၀င်နိုင်တော့ဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ခြေစွယ်ငုတ်တယ်ဆိုတာက ပျော်စရာကောင်းတဲ့ ကိစ္စမဟုတ်တော့ အတွေးအခေါ်လေး လှတယ်ဆိုရုံနဲ့ ကိုယ့်ရဲ့မူလ ခြေသည်းညှပ်ခြင်းဆိုင်ရာ အယူအဆကို မစွန့်ပစ်နိုင်ဘူး။ အဲဒီအချိန်မှာပဲ ဖျပ်ခနဲ မီးပြန်လာတယ်။ ပြန်လာစရာလည်း ဒီတစ်လမ်းပဲရှိတယ်။ မီးက ဖြည်းဖြည်းချင်းပြန်လာလို့မှ မရတာ။ ဘယ်သူမှ ထမအော်ဘူး။ ဒါလည်း မဟုတ်သေးဘူး။ မီးပြန်လာရင် ဟေးခနဲ ထအော်လေ့ရှိတဲ့ ယဉ်ကျေးမှုတစ်ခုကို ဖြတ်သန်းခဲ့ဖူးလို့ ဒီလိုတွေးတာပဲ ဖြစ်ရမယ်။ ဒီကလူတွေများ ကံဆိုးလိုက်တာ၊ ပျော်သင့်ပျော်ထိုက်တဲ့ အရာမှန်းတောင် မသိကြဘူးလို့ တွေးပစ်လိုက်ချင်တာ၊ အမြင်မကျဉ်းချင်တာနဲ့ပဲ အတွေးကို ကမန်းကတမ်း ရပ်လိုက်တယ်။ အခန်းထဲရောက်တော့ ကွန်ပြူတာကို ဆွဲခွာလိုက်တယ်။ ငါးနာရီလောက်ထိုင်ပြီး ဘာသာပြန်ထားတဲ့ Notepad ထဲက စာလုံးတွေ တစ်လုံးမှမတွေ့ရတော့ဘူး။ ၀မ်းနည်းမယ်ဆိုရင်တော့ ၀မ်းနည်းလို့ရတယ်၊ နေရင်းထိုင်ရင်းပဲလေ၊ Save လုပ်လို့မှ မရတာ။ တကယ်များ ကံဆိုးနေတာလား ဘာလား။

တေဇာ (လရောင်လမ်း)

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA