Skip to main content

ရွှေသုန္ဒရီ

မိုးမလင်းမီ ရွှေသုန္ဒရီရေ
ကကြိုးပျောက်မှာ စိုးမိသည်။

(xxx)

အခုလို ခရီးလျှောက်သွားတော့လည်း စိတ်ဝင်စားစရာ လူတွေနဲ့ တွေ့ရတတ်တယ်။ အဝေးပြေးကားဂိတ်ကို ဟိုကောင်က ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ ဂိတ်မှာ အထုတ်ချထားပြီး တစ်ခုခုစားဖို့ စားသောက်ဆိုင်ဘက် ထွက်လာခဲ့ကြတယ်။ မနက် ဝေလီဝေလင်းပဲ ရှိသေးတယ်။ မကြာခင်ပြန်တွေ့မယ် ဘာညာ နှုတ်ဆက်စကား ပြောဖြစ်ကြတယ်။ ပထမဆုံးရပ်တဲ့ အောင်ချမ်းသာ ထမင်းဆိုင်မှာ ထမင်းမစားနဲ့လို့ ကျွန်တော့်ကို မှာနေတယ်။ ဘာလို့လဲ အဲဒီဆိုင်က အဆိပ်ခပ်ထားလို့လားလို့ ပြန်မေးလိုက်တော့ ဘာမှပြန်မပြောတော့ဘူး။ သွားခါနီးလာခါနီး စိတ်မခုချင်တာနဲ့ပဲ တခြားဘက် စကားလွှဲရတယ်။ ဒါတောင်၊ ကျုပ် ဘွားတော် ပြန်တုန်းကတော့ မြို့ပြင်အထိ ဆိုင်ကယ်မောင်းပြီး လက်လိုက်ပြတာလို့ သူက ပြောနေသေးတယ်။ ရူးပါ့ကွာလို့ပဲ အလိုက်သင့် ပြန်ပြောလိုက်တယ်။ ကျွန်တော်ကတော့ လမ်းမှာစားဖို့ ကွမ်းဝယ်တယ်။ ကွမ်းယာဆိုင်က ကောင်မလေးက ဦးလေးက တကယ်ပြန်တာကိုးလို့ ပြောတယ်။ ငါက တကယ်မပြန်ဘဲ နင့်ကို ပြန်မယ်ပြောမလားလို့ပဲ ပြန်ပြောရတယ်။ ကားပေါ်တက်ခါနီးကျတော့ ဟိုကောင်နဲ့ လက်ဆွဲနှုတ်ဆက်ဖြစ်တယ်။ သူ့ဟာက နှုတ်ဆက်တာနဲ့ မတူဘူး၊ ကျွန်တော့်လက်ကို တအား ဖြစ်ညှစ်ထားသလိုပဲ။ ကားပေါ်မှာ မူးတတ်လို့ ပြတင်းပေါက်ဘက် ထိုင်ချင်တယ်တွေဘာတွေ ပြောရင် ဖယ်မပေးနဲ့နော်တဲ့။ သူ့ကြည့်ရတာ ကလေးလေးတစ်ယောက်ကို စိတ်မချဖြစ်နေသလိုပဲလို့ ကျွန်တော့်စိတ်ထဲ ထင်ရတယ်။ ကျုပ်သိပါတယ်လို့ပဲ ပြန်ပြောရတယ်။ ဟိုကောင် ဆိုင်ကယ်ပေါ်တက်ပြီး ၀ူးခနဲ မောင်းထွက်သွားတာနဲ့ ကျွန်တော်လည်း ကားပေါ်တက်လာလိုက်တယ်။



ကျွန်တော့်ခုံနံပါတ်က ရှေ့နားကျကျမှာပဲ။ နှစ်ယောက်တွဲခုံ အပြင်ဘက်မှာ အန်တီကြီးတစ်ယောက် ထိုင်နေတယ်။ သူ့ပုံစံက ဖြူဖြူဖွေးဖွေး၊ ပိန်ပိန်ပါးပါးနဲ့ မျက်နှာချိုချိုပဲ။ ဘေးနားမှာလည်း သူ့ယောက်ျားဖြစ်ပုံရတဲ့ အန်ကယ်ကြီးတစ်ယောက်။ သားက ဒီခုံကလားလို့ အပြုံးနဲ့ ဆီးမေးလိုက်တာနဲ့ ကျွန်တော်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတယ်။ ဟိုကောင်ပြောတဲ့အတိုင်းပါပဲ၊ မင်းအန်တီက ကားမူးပြီး, အန်တတ်တယ်လို့ ပြောတာ ကြားလိုက်ရတယ်။ ဦးက ခုံနံပါတ် ၂၇  မှာ၊ လဲထိုင်ပေးမလားတဲ့။ ကျွန်တော်က ခုံနေရာကို တစ်ပတ်လောက်ကြိုမှာထားတာ လို့ပြောပြီး ကျွန်တော်လည်း အထဲဝင်ထိုင်လိုက်တယ်။ အန်ကယ်ကြီးကတော့ ရပါတယ်လို့ပဲ ပြန်ပြောတယ်။ ကားမှန်ကနေ အပြင်ကို ငေးနေတုန်းပဲ မျက်လုံးထောင့်စွန်းမှာ ဖျပ်ခနဲလှုပ်သွားလို့ ခေါင်းကအလိုလိုလည်ပြီး လှမ်းကြည့်လိုက်မိတယ်။ ကွမ်းယာဆိုင်က ကောင်မလေးက လမ်းလျှောက်လာရင်း လက်လှမ်းပြနေတာ တွေ့ရတယ်။ ဦးလေးဆိုတဲ့ အသံသဲ့သဲ့ ကားမှန်ကိုဖောက်ပြီး ၀င်လာသလို ကြားလိုက်မိတယ်။ ကျွန်တော်က ပြုံးပြီး လက်ပြန်ပြလိုက်တယ်။ ဦးလေးလို့ အခေါ်ခံရတာ နားထဲ စိမ်းသလိုလိုဖြစ်နေပေမယ့် စိတ်ထဲမှာတော့ ဘ၀မှာ တစ်ကြိမ်တစ်ခါပဲတွေ့ကြရတဲ့ လူတွေ ရှိတယ်ဆိုတဲ့အကြောင်း တွေးနေမိတယ်။ ဘေးနားမှာတော့ အန်တီကြီးဘေးမှာ အန်ကယ်ကြီးက မတ်တပ်ပဲ၊ သူ့ထိုင်ရမယ့်ခုံမှာ သွားမထိုင်သေးဘူး။ ကားပေါ်မှာ ဘယ်လိုနေဘယ်လိုထိုင် ဆိုတာတွေ သူ့မိန်းမကို တတွတ်တွတ် မှာနေတယ်။ ဒီအရွယ်ရောက်တော့မှ အတော် ဂရုစိုက်ရှာသား၊ ဒါမှမဟုတ် ဒီအရွယ်ရောက်မှတော့ အတော်ဂရုစိုက်ရတော့မှာလို့ နှစ်ခွ တွေးလိုက်မိတယ်။

ခဏနေတော့ အန်ကယ်ကြီးလည်း ပြန်သွားတယ်။ ကားသမားက ခေါင်းမူးပျောက်ဆေးပြားလေးတွေ ခရီးသည်တွေကို လိုက်ဝေတယ်။ ကျွန်တော်လည်း လက်ဖြန့်လိုက်ပေမယ့် ကျွန်တော့်ကို မပေးဘူး။ အန်တီ့လက်ထဲမှာပဲ နှစ်လုံးတွဲ ဆေးကတ်ကလေး ရောက်နေတယ်။ သား သောက်မလို့လားဆိုပြီး အန်တီက ဆေးကတ်လေးကို ထိုးပေးတယ်။ သား ကားမမူးပါဘူး အန်တီလို့ပဲ ပြန်ဖြေလိုက်တယ်။ သားလို့အခေါ်ခံရတာ နည်းနည်းစိမ်းနေတာလည်း အမှန်ပဲ။ တကယ်တော့ မူးမှာစိုးလို့ ဆေးသောက်စရာမှမလိုတာ၊ မူးချင်လို့ပဲ ဆေးသောက်နေရတာလို့ စိတ်ထဲမှာ တွေးနေမိတယ်။ အဲဒီအချိန်မှာပဲ ကားပိုင်ရှင်ပါ ပါတာကိုးလို့ အသံတစ်ခုထွက်လာတာနဲ့ လှမ်းကြည့်လိုက်တော့ နှုတ်ခမ်းထော်ထော်ကို နှုတ်ခမ်းနီ ရဲတွတ်နေအောင်ဆိုးထားတဲ့ အန်တီကြီးတစ်ယောက် မားမားကြီးတက်လာတာ တွေ့လိုက်ရတယ်။ ကားဘွတ်ကင်လုပ်တုန်းက အဦးဆုံး လုပ်တာတောင် ခုံနံပါတ် ၅ ဖြစ်သွားတဲ့ကိစ္စ အခုမှ ရှင်းသွားတယ်။ ကားပိုင်ရှင်တွေလိုက်မှာမို့ နေရာချန်ထားရသေးတာကိုး။ ခဏနေတော့ ကားထွက်တယ်။ ကိုယ်ထိုင်တဲ့ဘက်မှ နေထိုးတတ်တာလည်း အဆန်းမှ မဟုတ်တော့တာ၊ အထွေအထူး စိတ်အနှောင့်အယှက် ဖြစ်မနေတော့ဘူး။ ညနေကျရင်တော့ ရွှေတ၀င်းဝင်းနဲ့ ကားပိုင်ရှင်မကြီး ကျ,နေအထိုးခံရတော့မှာပေါ့လို့ တွေးလိုက်မိတော့ ပြုံးဖြစ်သွားတယ်။

သိပ်မကြာဘူး၊ စစ်ဆေးရေးဂိတ် ရောက်တယ်။ ခရီးသည်တွေလည်း အောက်ဆင်းပြီး ကတ်ပြားကလေးတွေ ထုတ်ပြကြရတယ်။ ခရီးသည် တစ်ဝက်လောက်ဆင်းအပြီးမှာ ကျွန်တော်လည်း ဆင်းလိုက်တယ်။ ကျွန်တော့် ကတ်ပြားက အဟောင်း၊ ရှင်းရှင်းပြောရရင်တော့ တရားမ၀င်တဲ့ ကတ်ပြားပဲ။ အရှေ့မှာလည်း ကျွန်တော့်လို ကတ်ပြားမပါတဲ့ လူ သုံးလေးငါးယောက်လောက် ရှိနေတယ်။ စစ်ဆေးတဲ့လူက ကျွန်တော့် ကတ်ပြားကို အသာပဲ လှမ်းယူထားတယ်၊ ပြန်မပေးဘူး။ ညီလေး ခဏနေရင် နာမည်စာရင်းလိုက်ပေးရမယ်နော် လို့ပဲ ပြောတယ်။ ကျွန်တော့်ရှေ့က လူတွေကိုတော့ မေးခွန်းတွေ တရစပ်မေးနေတယ်။ မင်းတို့မှာ ကတ်ပြားဘာဖြစ်လို့ မရှိရတာလဲတဲ့။ မရသေးတာလို့ မှုတ်ဆိတ်ရှည်ရှည်နဲ့ ကုလားကလေးက ပြန်ဖြေတယ်။ မင်းတို့ မသွားလို့ ဖြစ်မှာပေါ့တဲ့။ သွားတာမှ ခဏခဏပဲ၊ အဲဒါကို မပေးတာလို့ ကုလားကလေးက ပြန်အော်တယ်၊ သူ့အသံက နည်းနည်းကျယ်သွားတယ်။ ဟေ့ကောင် ညီလေး၊ မင်းစကားပြောရင် ကောင်းကောင်းပြော၊ ခါးထောက်ပြီးမပြောနဲ့၊ ငါတို့က တာဝန်အရလုပ်နေတာဆိုတဲ့ အသံကြားရတယ်။ ကုလားကလေး နည်းနည်းလန့်သွားပုံရတယ်။ ဟုတ်ကဲ့ပါလို့ပဲ ခပ်တိုးတိုးပြန်ဖြေတယ်။ နောက်နားမှာ သူတို့ကိုရပ်ကြည့်တဲ့ ကျွန်တော့်ကိုတော့ စစ်ဆေးတဲ့လူ မြင်ပုံမရဘူး။ မမြင်တာကလည်း ခပ်ကောင်းကောင်းပဲ။ ခါးမှမထောက်ရင် လက်တွေကို ဘယ်နားသွားထားမလဲဆိုတဲ့ အောင်ချိမ့်ရဲ့ ကဗျာစာသားတွေ ကျွန်တော့်ခေါင်းထဲမှာ ဖြတ်ပြေးနေတယ်။ နောက်တော့ နာမည်စာရင်းသွားပေးကြမယ်ဆိုတာနဲ့ ကျွန်တော်တို့လည်း ကားလမ်းဖြတ်ကူးကြရတယ်။ လမ်းလျှောက်ရင်း ခါးထောက်မယ်ဆိုရင် သိပ်ဟန်မကျတာနဲ့ ကျွန်တော်လည်း လက်တွေကို အလိုက်သင့် လွှဲပြီး လျှောက်လာလိုက်တယ်။

မျက်နှာကို အတင်းအကြပ် တည်ထားပုံရတဲ့ ခပ်ဖိုင့်ဖိုင့် လူနှစ်ယောက် စားပွဲခုံမှာ ထိုင်နေတာ တွေ့ရတယ်။ ကုလားကလေးအဖွဲ့က လူ ငါးယောက်လောက်ပါတယ်။ ငါးယောက်လောက်လို့ `လောက်´ ထည့်ပြီး ရေရာမှုကို ဖျော့ထားရတာက ရင်ခွင်ပိုက်ကလေးလေးတစ်ယောက်ပါ ပါလို့၊ ငါးယောက်လို့ အပြည့်အ၀ပြောရမှာလည်း ခက်လို့ပဲ။ သူတို့အထဲက တစ်ယောက်ပဲ၊ ပြရမယ်လို့ သတ်မှတ်ထားတဲ့ ကတ်ပြားကလေး ပါတယ်။ ကျန်တဲ့လူတွေမှာ ကတ်ပြားမရှိဘူး။ တစ်ယောက်ကို လေးထောင်၊ ဒဏ်ငွေဆောင်ရမယ်လို့ ကောင်တာက မျက်နှာတင်းတင်းတစ်ယောက်က ပြောတယ်။ ကုလားအဖွဲ့လည်း သူတို့ပြောသလောက်ပိုက်ဆံ မပါကြောင်း တောင်းပန်ကြတယ်။ ကျွန်တော်လည်း သူတို့ ပြောတာတွေကို နားထောင်ပြီး ငေးကြည့်နေမိတယ်။ မျက်နှာကတော့ မပြုံးဘဲ မနေနိုင်ဘူး။ အဆင်ပြေတာတစ်ခုက အဲဒီအချိန်မှာ ကျွန်တော့်လက်တွေကို သူတို့စားပွဲပေါ် ထောက်ထားလို့ရတော့ ခါးထောက်စရာ မလိုတော့တာပဲ။ ပြီးတော့မှ ကျွန်တော့် ကတ်ပြားကို ကြည့်တယ်။ ဒါက ညီလေးဟာနော်တဲ့။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ညီလေးကတော့ နှစ်ထောင်ပဲဆောင်ပါလို့ သူ့ပါးစပ်က ထွက်လာတယ်။ ဆောင်ပါဆိုတဲ့ သူ့စကားရဲ့ရှေ့မှာ ဒဏ်ငွေဆိုတဲ့ နာမ်ပြုတ်ကျန်ခဲ့တာ ကျွန်တော် သတိထားမိတယ်။ ကောင်းပါပြီဗျာလို့ ပြောပြီး ခြင်္သေ့နှစ်ကောင်ကို ကျွန်တော် စားပွဲပေါ်တင်လိုက်တယ်။ ငွေလက်ခံဖြတ်ပိုင်း ပြန်ပေးမလားလို့ မေးမလို့လုပ်ပြီးမှ အရှိန်ပြန်သတ်လိုက်တယ်။ ကြတ်မယ်ဆိုရင်တော့ ကြတ်ချင်စရာပဲ။ ဒါပေမဲ့ ချောင်နေတဲ့မူလီတွေ အများကြီးဖြစ်နေတဲ့ စနစ်ကြီးတစ်ခုလုံးအထဲက တစ်ခုတစ်လေကို လိုက်ကြတ်ရုံနေနဲ့တော့ ဘာမှ ထူးမယ်မထင်ဘူး။ မတော် ကိုယ်ပါ ကြားညှပ်နိုင်တယ်။ ဒါနဲ့ပဲ လမ်းဖြတ်ကူးပြီး ကားပေါ်ပြန်တက် ထိုင်နေလိုက်တယ်၊ ပြီးတော့ ဒူးကို စနစ်တကျချိတ်ပြီး ငြိမ်နေမိတယ်။ အခုလို ခပ်ကြာကြာ ထိုင်ရက်သားနေရမယ့် အခြေအနေမှာ ဖြစ်နိုင်ရင် ကြာပန်းပုံ ကိုယ်ဟန်နေထားနဲ့ ထိုင်ချင်တာ။ Lotus Asana ဆိုတာမျိုးပေါ့။ အန်တီကြီးက ပြန်တက်လာဦးမှာဆိုတော့ အဲဒီလောက် အခြေအနေမပေးဘူး။

ကားပေါ်မှာက ခရီးသည်တွေ ပြန်မရောက်သေးဘူး။ နောက်ထပ်စစ်ဆေးသူ တစ်ယောက်က ထိုင်ခုံတွေအောက် ခေါင်းထိုးပြီး လိုက်ရှာနေတာ တွေ့ရတယ်။ နောက်တော့ ကားပေါ်မှာပါလာတဲ့ ကားပိုင်ရှင်ယောက်ျားနဲ့ စကားအချေတင် ပြောနေသံကြားရတယ်။ မင်းတို့က ရွတ်ရင် ငါကလည်းရွတ်ချင်တာလို့ စစ်ဆေးတဲ့လူက ဟောက်တယ်။ ဆရာစမေးကတည်းက ဆရာကျွန်တော်တို့ကို မသင်္ကာမှန်း ကျွန်တော်သိပါတယ်၊ အဲဒါကြောင့် မရွတ်ရဲပါဘူးလို့ ကားပိုင်ရှင်က လေပြေကလေးနဲ့ ပြန်ပြောတယ်။ ဒါပေမဲ့လည်း စစ်ဆေးတဲ့လူရဲ့ အရပ်က အတော်ပုနေတော့ ကားပိုင်ရှင်ခမျာ ခါးကို အတော်ကလေး ကိုင်းထားရရှာတယ်။ အထက်စီးကလူနဲ့ အောက်ကျို့တဲ့လူရဲ့ ရုပ်ပိုင်းအခြေအနေက ပြောင်းပြန်အနေအထားနဲ့  အတော်လေးကွာဟနေတော့ ကြည့်ရတာ နည်းနည်းတော့ စကောစက နိုင်တယ်။ ကျွန်တော်ကတော့ သူတို့ကို ပြုံးပြီးကြည့်နေရုံပဲ တတ်နိုင်တယ်။

ကားပြန်ထွက်လာတော့ ကျွန်တော်တို့ရှေ့က လွတ်နေတဲ့ ခုံမှာ ဦးဇင်းနှစ်ပါး ၀င်ထိုင်နေတာ တွေ့ရတယ်။ ကားပိုင်ရှင်မကြီး လင်မယားကတော့ အိပ်ပျော်ပြီး လိုက်လာတယ်။ သူတို့ကြည့်ရတာ လူမျိုးခြားတွေ ဖြစ်ပုံရတယ်၊ အသားအတော်ဖြူတယ်။ ယောက်ျားလုပ်သူက အိပ်ရင်း ပါးစပ်က ဟနေတယ်။ သွားကြားထဲမှာ သူ့ရဲ့ လျှာ ထိပ်ဖျားကလေး မသိမသာထွက်နေတာ ကျွန်တော် မြင်နေရတယ်။ စောစောတုန်းက တောင်းပန်တဲ့စကားသံတွေ ဖြစ်လာအောင်လုပ်တာလည်း ဒီလျှာဖျားကလေးပဲ ဖြစ်လိမ့်မယ်။ ကျွန်တော်ကတော့ ဆက်ဆံရခက်တဲ့လူတွေကို ကိုင်တွယ်နည်းစာအုပ်ထဲက သူတို့ကို ကိုယ်ကမကြောက်အောင် သူတို့ရဲ့ မျက်နှာမသစ်ရသေးခင် ရုပ်ပုံကို စိတ်နဲ့ ထင်မြင်ကြည့်ပါဆိုတဲ့ အချက်ကို သတိရနေမိတယ်။ တီရှပ်အကောင်းစားနဲ့ စတိုင်လ်ဘောင်းဘီ စမတ်ကျကျဝတ်ထားပေမယ့် လျှာတစ်လစ်ထုတ်ပြီး အိပ်တော့လည်း သူ့ခမျာ ကြောင်ကလေးတစ်ကောင်လို ဖြစ်နေတယ်။ အန်ကယ်ကြီးကတော့ အန်တီကြီးကို ဘယ်လိုနေ ဘယ်လိုထိုင် တတွတ်တွတ်လာမှာရင်း သူ့ခုံကို ပြန်သွားတယ်။ သူ့ကြည့်ရတာတော့ သူ့မိန်းမ အန်တီကြီးကို အတော် စိတ်မချပုံပဲ။ အန်တီကြီးကတော့ ကျွန်တော့်ကို စကားစမြည် ပြောတယ်။ သားက ဒီမြို့ကလားလို့ ကျွန်တော်တို့ ထွက်လာခဲ့တဲ့မြို့ကလေးကို ညွှန်းပြီး မေးတယ်။ မဟုတ်ပါဘူး အန်တီ ကျွန်တော် ဒီကားဆိုက်မယ့်မြို့က လာတာပါ၊ အခု အပြန်လမ်းပါလို့ ကျွန်တော်က ပြန်ဖြေလိုက်တယ်။ ထူးခြားတာ တစ်ခုက အန်တီကြီးက ကျွန်တော့်ကို သားလို့ခေါ်သလို ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကိုယ် ကျွန်တော်အစား သားဆိုတဲ့ ဆင့်ပွားနာမ်စား သုံးနေမိတာပဲ။ အန်တီကြီးကတော့ သူ့သားက အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ပါတယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် သူ့အကြောင်းပဲ သူပြောပြီး ကျွန်တော့်အကြောင်း သိပ်မစပ်စုတာကိုပဲ စိတ်ထဲက ကျိတ်ပြီး ကျေးဇူးတင်နေမိတယ်။ ဒီဘက်နှစ်တွေမှာ ဘာလုပ်သလဲလို့ ကျွန်တော့်ကိုမေးလာရင် ဖြေရတာ နည်းနည်း ကသိကအောက်နိုင်သလိုပဲ။ ကဗျာရေးတယ် ဘာညာ နောက်နောက်ပြောင်ပြောင် ပြန်ဖြေဖို့ကလည်း မသင့်သလို ဖြစ်နေတယ်။

နာရီအတန်အသင့် စီးပြီးသွားတော့ ကားက တစ်နေရာမှာ ရပ်တယ်။ ဟိုကောင် ပြောလိုက်တဲ့ အောင်ချမ်းသာ ထမင်းဆိုင်ပဲ။ အဆိပ်ခပ်ထားတယ်လို့ တကယ်ယုံကြည်တာ မဟုတ်ပေမယ့် အတွေ့အကြုံရှိပြီးသားလူရဲ့စကားကို လေးစားသမှု ရှိတဲ့အနေနဲ့ ထမင်းမစားဘဲ လက်ဖက်ရည်နဲ့ ဆေးလိပ်ကိုပဲ စိတ်ချလက်ချ ထိုင်သောက်နေလိုက်တယ်။ ပြီးတော့ အိမ်သာလိုက်ရှာတယ်။ ဒီဘက်ပိုင်းက အများသုံးအိမ်သာတွေ အတော်ကလေး သန့်သန့်ရှင်းရှင်း ရှိတာကတော့ ကျေနပ်စရာပါပဲ။ ဒါပေမယ့် လွတ်နေတဲ့ တစ်ခုတည်းသော အိမ်သာထဲဝင်လိုက်တော့ ထိုးစရာ တံခါးချက်ကို ရှာမတွေ့ပြန်ဘူး။ ကိစ္စမရှိဘူး၊ ကိုယ်လည်း အသေးစားပြဿနာပဲ ဖြေရှင်းရမှာ။ ပြီးတာနဲ့ ကားရှေ့နားဆီမှာ မတ်တပ်ရပ် ငေးရင်း တခြားခရီးသည်တွေကို စောင့်နေမိတယ်။ စိတ်ထဲမှာ အိုက်လာသလိုပဲ၊ အနွေးအင်္ကျီကို အသာချွတ်ပြီး ခါးမှာ ပတ်ထားလိုက်တယ်။ တကယ်တော့ အောက်မှာ စပို့ရှပ်အသစ်ဝတ်လာတာကို သတိရသွားတာလည်း ပါတယ်။ သိပ်မကြာဘူး အန်ကယ်ကြီးနဲ့ အန်တီကြီး ကျွန်တော့်ရှေ့ရောက်လာတယ်။ ရှမ်းဆီးသီးဆိုတဲ့ ၀ါဝါသေးသေး အလုံးကလေးတွေကို အန်တီကြီးက ဈေးမေးကြည့်နေတယ်။ ကျွန်တော့်ကို မြင်တော့ အန်ကယ်ကြီးက လှမ်းနှုတ်ဆက်တယ်။ သူစိတ်မချတဲ့ သူ့မိန်းမ ဘေးနားက ခရီးဖော်ဆိုတော့လည်း သူက ကျွန်တော့်ကို လေးလေးစားစား ဆက်ဆံတာပဲ။ လာခဲ့တဲ့ မြို့ကလားလို့ ကျွန်တော့်ကို မေးတော့ ကားဆိုက်မယ့်မြို့ကပါလို့ပဲ ကျွန်တော်လည်း ပြန်ဖြေရတယ်။

လာခဲ့တဲ့မြို့ဘေးကပ်ရပ်က မြို့ထဲ သူ သွားခဲ့သေးတယ်လို့ ကျွန်တော့်ကို ပြောတယ်။ တကယ်တော့ကွာ အဲဒီမြို့ကလည်း ငါသိသလောက် အရင်ကငါတို့ ပိုင်တာပါ၊ အခုမှ ဘာလို့ တခြားလူတွေပိုင်သွားရတာလဲ မသိဘူးတဲ့။ ကျွန်တော်ကတော့ သူ့စကားထဲက `ငါတို့´ ဆိုတဲ့ နာမ်စားထဲမှာ အကျုံးဝင်မယ့်လူတွေ ဘယ်သူတွေများဖြစ်မလဲ အပြေးအလွှား စဉ်းစားနေမိတယ်။ အဲဒီ `ငါတို့´ အထဲက လုပ်နိုင်ကိုင်နိုင်ရှိတဲ့ လူအချို့က တခြားလူတွေကို ပေးလိုက်တာ ဖြစ်မှာပဲ။ ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက မြေပုံဆွဲရင် ကော်ပြားကလေးအတိုင်း ခဲတံနဲ့ ပတ်ပြီး ၀ိုက်လိုက်တာဆိုတော့ အသေးအမွှားအပြောင်းအလဲ ကလေးတွေကို သတိမထားမိဘူး အန်ကယ်၊ အန်ကယ်ပြောတဲ့ `ငါတို့´ ဟာ အလှူအတမ်းရက်ရောတယ်ဆိုတာ လောက်ပဲ ကျွန်တော်ကြားဖူးပါတယ်လို့ ပြန်ပြောလိုက်မိတယ်။ မြို့နှစ်မြို့ဟာ ကပ်ရပ်ပေမယ့် သိပ်ကွာတယ်ကွာတဲ့။ ဟိုဘက်က မြို့ဟာ အရင်တုန်းက တောင်တွေပါ၊ အခုတော့ မြေပြန့်ဖြစ်ပြီး သန့်ရှင်းသပ်ရပ်နေအောင် လုပ်ထားတာတဲ့။ စက်ကိရိယာအားကိုးနဲ့ တောင်တွေကို ခါးလယ်က ဖြတ်ချလိုက်တာ ဖြစ်မှာပေါ့လို့ ကျွန်တော်က အလိုက်သင့် ပြန်ပြောမိတယ်။ အန်ကယ့်မိန်းမက ကားသိပ်မူးတတ်လို့ ဂရုစိုက်နေရတယ်ကွာလို့ ပြောနေတုန်းပဲ ကားပေါ်ကို ခရီးသည်တွေ တက်လို့ရပြီဆိုတဲ့အကြောင်း ကားအကူကလေးက အော်ပြောသံ ကြားလိုက်ရတယ်။ ရုတ်တရက်ပဲ၊ ကျွန်တော် ခုံနံပါတ် ၂၇ မှာ သွားထိုင်လိုက်မယ် အန်ကယ်လို့ အကောင်းမြင်ဝါဒ အခြေခံကလေးနဲ့ ကျွန်တော်က ပြောလိုက်တော့ အန်ကယ်ကြီး တကယ်ဝမ်းသာသွားပုံပဲ။ ကျေးဇူးပဲကွာ၊ ၂၇ က မင်းလမ်းခုံ၊ အတွင်းဘက်ခုံမှာ ဦးဇင်းတစ်ပါးရှိတယ်လို့ အန်ကယ်ကြီးက ပြောတော့ တစ်ခါတစ်လေလေး ထားမိတဲ့ အကောင်းမြင်ဝါဒကိုပဲ ကျိတ်ပြီး ကျိန်ဆဲလိုက်မိတယ်။ ဦးဇင်းဘေးနားက ခုံမှာ ကျုံ့ကျုံ့ကလေးဝင်ထိုင်ရင်း စပို့ရှပ်အသစ်အပေါ်ကို အနွေးအင်္ကျီအဟောင်းကြီး ပြန်စွပ်လိုက်မိတယ်။ ကားထဲရောက်တော့ အေစီအောက်မှာနေရတာ ချမ်းလာတယ်လို့ ခံစားမိတာကြောင့်လည်း ပါတာပေါ့။

သိပ်ကြာကြာမစီးရသေးခင်ပဲ ကားပြန်ရပ်သွားတာ သတိထားလိုက်မိတယ်။ ကားလေထိုးလိမ့်မယ်လို့ ပထမ ထင်လိုက်မိပေမယ့် ဘေးနားမှာတော့ ထမင်းဆိုင်သေးသေး တစ်ဆိုင်ပဲ တွေ့ရတယ်။ နောက်တော့ ကားက ခြံဝင်းကျဉ်းကျဉ်းတစ်ခုပဲ ဖင်ထိုးပြီး ခပ်ဖြေးဖြေးဝင်သွားတယ်။ ကျွန်တော်တို့ ခရီးသည်တစ်တွေကတော့ ကိုယ့်ထိုင်ခုံပေါ်မှာပဲ ကိုယ် ထိုင်နေကြတယ်။ ကျွန်တော့် ကိုယ်တာရထားတဲ့ ရေဘူးက ကုန်သွားပြီ။ ဖြစ်နိုင်ရင် အသေးစားပြဿနာကို ဖြေရှင်းထားမယ်ဆိုတဲ့ စိတ်ကူးနဲ့ အောက်ဆင်းလာလိုက်တယ်။ တခြားခရီးသည်တွေကတော့ တစ်ယောက်စနှစ်ယောက်စပဲ အောက်ဆင်းကြတယ်။ ပြဿနာဖြေရှင်းပြီးလို့ ပြန်ရောက်ပြီး အတော်ကြာတာတောင် ကားက မထွက်သေးဘူး။ ကိုယ်ရင်းနှီးတဲ့ နယ်မြေမဟုတ်တော့လည်း သူတို့ ဘာလုပ်နေကြသလဲဆိုတာ စိတ်ထဲကတော့ ဇဝေဇ၀ါပဲ။ အောက်မှာ အတော်ကလေးပူလာတာနဲ့ ကားပေါ်ပြန် တက်ထိုင်နေလိုက်တယ်။ ကားပေါ်ပြန်ရောက်တော့လည်း ကားက မထွက်သေးဘူး။ ကားက အသစ်ကြီးဆိုတော့ ကားပျက်တာလည်း မဟုတ်လောက်ဘူး။ ကိုယ့်ကိုယ်ကိုယ် အတော်စိတ်ရှည်တယ်လို့ ထင်ထားတဲ့ ကျွန်တော်တောင် အခု ကားကို ဘာဖြစ်လို့ရပ်ထားတာလဲဟင်လို့ မေးချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ တခြားခရီးသည်တွေကို ကြည့်တော့ သိပ်ထူးခြားပုံမရတာနဲ့ အသာပဲ ငြိမ်နေလိုက်ရတယ်။ နောက်တော့ ကားမောင်းတဲ့လူကြီးဆီက စကားသံ ထွက်လာတယ်။ ယောက်ျားကလေးတွေ ရှေ့နားက Toll Gate အထိ လမ်းဆင်းလျှောက်ပေးပါခင်ဗျာတဲ့။ သိပ်မဝေးပါဘူး၊ ကားက တန်ချိန်ပိုနေလို့ပါတဲ့။ သတိထားမိတာတစ်ခုက၊ ဟင်းနံ့တွေရနေတယ်၊ ခရီးသည်တွေ ကားပေါ်မှာထမင်းစားကြနဲ့လို့ သူကိုယ်တိုင် အော်ပြောတုန်းကထက် `ခင်ဗျာ´ ဆိုတဲ့ အာလုပ်စကားတစ်ခု ဆိုတဲ့တစ်လုံး ပိုလာတာပဲ။ ကားပေါ်က ယောက်ျားလေးတွေလည်း မတ်တပ်ထရပ်ကြတယ်။ ဂေးတွေရော ဆင်းလျှောက်ရမှာလားအစ်ကိုလို့ ကျွန်တော်ကမေးလိုက်တော့ ကားဆရာက အူကြောင်ကြောင်မျက်နှာထားနဲ့ ဂေးလည်းလျှောက်လို့ရပါတယ်လို့ ပြန်ပြောတယ်။ စာရင်းအင်းနည်းအရ ပြောရင်တော့ ခရီးသည် ၃၀ ကျော်အထဲက မိန်းကလေး ၁၅ ယောက်လောက်ကို နုတ်လိုက်ရင် ကျန်တဲ့ ယောက်ျားလေး ၂၀ ၀န်းကျင်မှာ ဂေးနှစ်ယောက်တော့ ပါသင့်တယ်။ ဒီတော့လည်း ကျွန်တော်ပြောတဲ့စကားကို နောက်နောက်ပြောင်ပြောင်လို့တော့ မထင်မိဘူး။

အောက်ကို စုစုပေါင်း ယောက်ျားလေး ဆယ်ယောက်ကျော်လောက် ဆင်းလာတယ်။ တကယ်တော့ လမ်းဆင်းလျှောက်ပါဆိုတာ ကျွန်တော် နားကြားမှားသလား မသိဘူး၊ ဒီကားလေး ပေါ်တက်ကြပါလို့ ထပ်ပြောလိုက်သံ ကြားရတယ်။ ကားက အမိုးမပါတဲ့ ကားကလေး၊ ပစ္စည်းအပြည့်တင်ထားတယ်။ ပစ္စည်းတွေပေါ် တက်ထိုင်လို့ရပါတယ်ခင်ဗျာလို့ ကားအကူကလေးက အော်ပြောတယ်။ ကျွန်တော်တို့အုပ်စုလည်း ကားပေါ် ကုပ်တက်ကြရတယ်။ ကျွန်တော်တို့ တက်ပြီးတာနဲ့ ချက်ချင်းပဲ ကားကလေး မောင်းထွက်လာတယ်။ ဘေးနားက အသက်ကြီးကြီးလူက ညီလေးက တကယ်ဂေးလားလို့ တခြားခရီးဖော်တွေ မကြားအောင် ခပ်တိုးတိုးလှမ်းမေးတယ်။ တကယ်လို့ ခင်ဗျားရှေ့မှာ ကျွန်တော် ၀တ်လစ်စလစ်ဖြစ်နေမယ်ဆိုရင် ခင်ဗျားနဲ့ မျက်နှာချင်းဆိုင် ရပ်နေတာက ကျွန်တော့်အတွက် အရှက်အသက်သာဆုံး ကိုယ်ဟန်နေထားပဲလို့ ခပ်တိုးတိုးပြန်ပြောလိုက်တယ်။ အဲဒီလူ မျက်နှာညိုသွားပြီးတော့ ကျွန်တော်တို့ စကားဆက်မပြောဖြစ်ကြတော့ဘူး။ ကျွန်တော်စိတ်ဝင်စားတဲ့ ခေါင်းစဉ်လည်း မဟုတ်လို့ပဲ။ စိတ်ထဲကတော့ ‘Queer Theory တဲ့၊ ကြံကြံဖန်ဖန်ကွာ´ လို့ပဲ တွေးလိုက်မိတယ်။ ခေါင်းပေါ်မှာ နေက ခြစ်ခြစ်တောက်ပူနေပေမယ့် ကျွန်တော်ကတော့ ပျော်တောင် ပျော်မိသလိုပဲ။ အဝေးဆီမှာ တောင်တန်းတွေကို မြင်နေရတယ်။ မမြင်ရတဲ့ လေပူတွေက မျက်နှာကို တဟူးဟူး ၀င်တိုက်နေတယ်။ ထူးခြားတာက ဒီနားမှာ သစ်ရိပ်တောရိပ် သိပ်မရှိဘူး။ မျှော်လင့်ခြင်းကွင်းပြင်တို့ လွင်တီးခေါင်တို့ဆိုတာ ဒါမျိုးပဲဖြစ်မယ်လို့ပဲ ကပျက်ကချော် တွေးလိုက်မိတယ်။ မျက်စိထဲမှာ အရိပ်တစ်ခု ဖြတ်သွားတာသတိထားမိလို့ ဖျပ်ခနဲလှမ်းကြည့်လိုက်တော့၊ အဲဒီဆိုင်းဘုတ်ဆီက `---်ဌာနချုပ်´ဆိုတဲ့ စာသား အမြီးဖျားကလေးကိုပဲ မိအောင်ဖတ်လိုက်နိုင်တယ်။ ခပ်မြန်မြန်မောင်းနေတဲ့ ကားပေါ်မှာကျတော့ မြန်နှုန်းမြင့် စာဖတ်နည်းစနစ်တွေလည်း သိပ်အသုံးမ၀င်ဘူး။

ဓာတ်ဆီဆိုင်ရှေ့နားဆီက အရိပ်မှာ ကျွန်တော်တို့အဖွဲ့ ကားကြီးကို ပြန်စောင့်ရတယ်။ ကားကြီးက သိပ်မကြာခင်ရောက်လာပေမယ့် ပစ္စည်းတွေကားတစ်စီးစာ ပြန်တင်တာနဲ့ဆိုတော့ ကားပြန်ထွက်တဲ့အချိန်မှာ အချိန်အတော်ကလေး လင့်သွားပြီ။ ကျွန်တော်လည်း နောက်မှာ လူနည်းနည်းပဲ ကျန်တော့တဲ့အချိန်ကျမှ ကားပေါ်ပြန်တက်လိုက်တယ်။ လှေကားပေါ် ခပ်မြန်မြန်တက်လိုက်တယ်ဆိုရင်ပဲ ကျွန်တော့်ခေါင်းဆီက ဒုံခနဲ အသံထွက်လာတယ်။ ပါးစပ်ကလည်း မဖွယ်မရာအသံတစ်ခု ထွက်သွားတယ်။ ခုရက်ပိုင်း လူပုံအလယ်မှာ ယောင်မိလို့ အရှက်ကွဲသလိုဖြစ်တာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ဘူး။ အပေါ်မော့ကြည့်လိုက်တော့ ကားထိပ်နားဆီက LCD ကြီးက အလယ်နားရောက်နေတာ တွေ့ရတယ်။ အရှေ့ဘက်ဆီကို ရှက်ကိုးရှက်ကန်း ပြန်ကြည့်လိုက်တော့ အတော်နာသွားမလား ဆိုတဲ့အကြည့်နဲ့ ကားပိုင်ရှင်မကြီးက သူ့ LCD ကန့်လန့်ဖြတ်ကြီးကို စိုးရိမ်တကြီး လှမ်းကြည့်နေတာ မြင်ရတယ်။ သူ့အနေနဲ့ကတော့ ငါ့ခေါင်းက နာတတ်ပုံမရဘူးလို့ ယူဆတယ်ထင်တယ်လို့ အဲဒီ နာနေတဲ့ခေါင်းနဲ့ပဲ တွေးလိုက်ရတယ်။

နာရီအနည်းငယ်လောက် ဆက်မောင်းပြီးတော့ ကားက ပြန်ရပ်တယ်။ ခရီးသည်တွေအတွက် ရပ်ပေးတာလား သူတို့ကိစ္စသူတို့ ရပ်တာလား မသေချာတာနဲ့ ကျွန်တော်လည်း အကဲခတ်နေရတယ်။ ခဏကြာတော့မှ ခရီးသည်များ တစ်ခုခုစားလို့ရပါတယ်ဆိုတဲ့ အသံထွက်လာတာနဲ့ ကျွန်တော်လည်း အောက်ကို ကသောကမြော ဆင်းသွားမိတယ်။ ကျွန်တော်ဆိုင်ထဲကို ရောက်တော့ အန်ကယ်ကြီးက ထိုင်ခုံမှာ ထိုင်နေပြီ။ လာလေကွာလို့ ဖိတ်ခေါ်တာနဲ့ ကျွန်တော်လည်း သူနဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်တယ်။ အန်တီရော အန်ကယ်လို့ မေးတော့ အိမ်သာသွားတယ်ကွလို့ ဖြေတယ်။ ဆိုင်က ကောင်မလေးကလည်း လှတယ်ဆိုတော့ ကျွန်တော်လည်း ခေါက်ဆွဲတစ်ပွဲ မှာလိုက်မိတယ်။ ကိုယ်နဲ့တော့ မဆိုင်ပါဘူး၊ ဒါပေမဲ့ ကားပေါ်မှာ တစ်ခုခုပါမယ် ထင်တယ်ကွလို့ အန်ကယ်ကြီးက ကျွန်တော့်ကို ခပ်တိုးတိုးပြောတော့ ကျွန်တော် မအံ့သြမိဘူး။ အန်ကယ်ဘာကိုဆိုလိုတာလဲဆိုတဲ့ မေးခွန်းက ရှေ့နောက်အစီအစဉ်တကျ လာရမှာဖြစ်ပေမယ့် အန်ကယ် ဘာလို့ အဲလိုထင်တာလဲလို့ပဲ အဆင့်ကျော်ပြီး ပြန်မေးမိတယ်။ ဒီကားကြီးက ဒီကိုဝင်လာတာ မကြာသေးတဲ့ ကားအသစ်ကြီး၊ ကားနံပတ်ကို မင်း သတိထားမိတယ်မဟုတ်လား၊ လိုင်းကျတာ မကြာသေးဘူးတဲ့။ သူပြောတာကို ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်ရင်း ကျွန်တော်လည်း ခေါက်ဆွဲကို ဂရုတစိုက် စားနေမိတယ်။ အရိုးကတော့ အတော်များတယ်။ ခပ်လှလှကောင်မလေး လုပ်တဲ့ခေါက်ဆွဲကလည်း သိပ်မစွံဘူးလို့ ကလန်ကဆန် တွေးချင်ပေမယ့်၊ လှတဲ့ကောင်မလေးတွေ ခေါက်ဆွဲအလုပ်ကောင်းတယ်လို့ မင်းကိုဘယ်သူပြောသလဲဆိုတဲ့ အသံတစ်သံ ခေါင်းထဲမှာ အလိုလို မြည်လာတာနဲ့ မတွေးရဲတော့ဘူး။ အရသာကောင်းကောင်း မကောင်းကောင်း၊ ဗိုက်ထဲရောက်သွားတော့လည်း အဆာပြေတယ်။ အန်ကယ်ကြီးက သူ့စကားကိုဆက်တယ်။

ခရီးသည်တွေ အတွက်တော့ မစဉ်းစားဘူးကွာ၊ သူတို့အတွက်ပဲ သူတို့ကြည့်တယ်။ ခရီးစဉ်မှာ ၂ နာရီလောက် အချိန်လင့်သွားတယ်။ ၂ နာရီဆိုတာ နည်းတဲ့အချိန်လား။ ထမင်းစားရမယ့် အချိန်ကျတော့ မရပ်ဘဲ ဆက်တိုက်မောင်းနေတယ်။ အခုရပ်တာတောင် ငါပြောလိုက်လို့ ရပ်တာတဲ့။ ကားပိုင်ရှင်မကြီး လင်မယားက ခပ်လှမ်းလှမ်းစားပွဲဆီက ကျွန်တော်တို့ဆီကို လှမ်းကြည့်နေတာကို မြင်နေရတယ်။ ဒါနဲ့ တန်ချိန်ပိုနေလို့ဆို အန်ကယ်လို့ ကျွန်တော်က နည်းနည်း တောက်ကြည့်မိတယ်။ မဖြစ်နိုင်ဘူးကွ၊ သူတို့မှာ တစ်ခုခုပါကိုပါတယ်။ တန်ချိန်ပိုနေတာတောင် ခရီးသည်တွေကို နေပူထဲလှန်းပြီး ကားစုတ်ကလေးနဲ့ တင်မောင်းသွားစရာလားကွာ။ သူတို့ တစ်ခုခုပါလာတာ သူတို့အလုပ်ပေမယ့်၊ ဒါကတော့ မကောင်းဘူးပေါ့တဲ့။ အဲဒါ အန်ကယ့် ကြိုတင်ယူဆချက်ပေါ့လို့ ကျွန်တော်က ပြောလိုက်တယ်။ အေး၊ အတိအကျတော့ မပြောနိုင်ဘူးပေါ့လို့ အန်ကယ်ကြီးက အလိုက်သင့်ပြန်ပြောတယ်။ အများကြီးဖြစ်နိုင်ပါတယ်လို့ ကျွန်တော်က သူ့ကြိုတင်ယူဆချက်ကို ပံ့ပိုးပေးလိုက်တယ်။ အဲဒီအချိန်မှာပဲ အန်တီကြီး ပြန်ရောက်လာတယ်။ ကျွန်တော်တို့ ပြောနေတာတွေကို နားစွန်နားဖျား ကြားသွားပုံရတယ်။ ပြောမနေပါနဲ့တော့ ကိုယ့်ဘာကိုယ်နေပါလို့ပဲ သူ့ယောက်ျားကို လှမ်းဟန့်တယ်။ အန်တီကားမူးသေးလားလို့ ကျွန်တော်ကမေးတော့ မမူးပါဘူးကွယ်လို့ အန်တီကြီးက ပြုံးပြီး ပြန်ဖြေတယ်။ ခုကျတော့မှပဲ အန်ကယ်ကြီးက ပြောတယ်။ ဟိုဘက်ဝိုင်းကခုံမှာထိုင်နေတာ အန်ကယ့်သားလေတဲ့၊ လှမ်းကြည့်လိုက်တော့ ကျွန်တော်သွားထိုင်တဲ့ ခုံနံပါတ် ၂၇ နဲ့ ကပ်ရပ် ဘယ်ဘက်ခြမ်းက စုံတွဲပဲ။

ကားပြန်ထွက်တော့ ကျွန်တော်လည်း ထိုင်ခုံကို နောက်နားနည်းနည်း လှန်ချပြီး မှိန်းနေမိတယ်။ ဘေးနားမှာ ဦးဇင်းတစ်ပါး ရှိနေလို့ စနစ်တကျ ဒူးချိတ်ထိုင်လို့ မရတော့တာ၊ ဒါမှမဟုတ် မသင့်တော့တာ တစ်ခုကတော့ ဆိုးတယ်။ ကပ်လျက်ခုံက အန်ကယ်ကြီးသားက မင်းလမ်းကိုဖြတ်ပြီး ကျွန်တော့်ကို သကြားလုံးတစ်လုံးကမ်းပေးပြီး ရယ်ပြတယ်။ ကျွန်တော်လည်း ပြန်ရယ်ပြရတယ်။ သူ့ဘေးနားက သူ့အမျိုးသမီး၊ ဒါမှမဟုတ် သူ့မိန်းကလေးသူငယ်ချင်းဖြစ်ပုံရတဲ့ ကောင်မလေးက သူ့လက်ကို တင်းတင်းကြပ်ကြပ်ဆုတ်ထားတာ တွေ့ရတယ်။ ကားပေါ်က မဆင်းခင်ကဆို သူတို့နှစ်ယောက်သား ပေါင်ပေါ်ခေါင်းအုံးပြီး အိပ်လာကြတာပဲ။ အန်ကယ်ကြီးသာ ငါအခုထိုင်နေတဲ့ ခုံနံပါတ် ၂၇ မှာ ထိုင်နေရင် သူတို့ ဒီလိုလွတ်လွတ်လပ်လပ်နေလို့ ရကောင်းမှ ရလိမ့်မယ်။ ပြီးတော့ ငါသာ ခုံနံပါတ် ၅ မှာ အဆိုးမြင်ဝါဒအခြေခံနဲ့ ဆက်ထိုင်နေရင် အန်ကယ်ကြီးလည်း အန်တီကြီးနဲ့ ခုလို ရင်အုပ်မကွာနေနိုင်မှာမဟုတ်ဘူးလို့ တွေးမိတော့ ကျွန်တော့် စနစ်တကျ ဒူးချိတ်ထိုင်လို့မရတဲ့ ကိစ္စကို ထိုက်တန်တဲ့ ကျဉ်းကြပ်မှုတစ်ခုလို မြင်လာမိတယ်။ ဒီတော့လည်း ဦးဇင်းဘက်ကို အသာငဲ့ပြီး နှုတ်ခမ်းတွန့်ပြဖို့ ကြိုးစားကြည့်ပေမယ့် ဦးဇင်းက LCD က လာနေတဲ့ သက်မွန်မြင့်ကို ကြည့်ပြီး ပြုံးနေတာနဲ့ ကျွန်တော့်ကို သတိမထားမိဘူး။ ဦးဇင်းရဲ့ ပတ်ဝန်းကျင်ကို သတိမထားမိတဲ့ အပြုံးကို မြင်တော့မှပဲ ကျွန်တော့် နှုတ်ခမ်းတွန့်တွေလည်း တကယ်ပီပြင်တဲ့ အပြုံးဖြစ်သွားတော့တယ်။

ဒီတစ်ခါတော့ ကားက အတော်ကလေးကြာအောင် မောင်းတယ်။ အခုလို ဆက်တိုက်စီးရတော့လည်း ညောင်းလာတယ်။ ရှေ့နားဆီက ကုလားကလေးအုပ်စုမှာ ပါလာတဲ့ ရင်ခွင်ပိုက်ကလေးလေးက တစ်ချက်တစ်ချက် ထငိုတယ်။ ကျွန်တော့်ရေဘူးက ရေကုန်နေတာ ကြာလှပြီ။ သူများရေဘူးတွေဆီ မသိမသာလိုက်ကြည့်မိတော့ အသောက်ဆုံးလူမှ တစ်ဝက်အထိပဲ ကုန်သေးတာ တွေ့ရတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့ ပျမ်းမျှရေသောက်ရှူးပေါက်နှုန်းကို အတော်ကျော်နေတာပဲလို့ အခုမှပဲ ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့တယ်။ အန်ကယ်ကြီးအကြောင်းပဲ ထပ်တွေးနေမိတယ်။ အန်ကယ်ကြီးရဲ့ ကြိုတင်ယူဆချက်ဟာ အများကြီးဖြစ်နိုင်တယ်။ ကားအသစ်နဲ့မှ လုပ်စားလို့ကောင်းတယ်ဆိုတဲ့စကားမျိုး ခုရက်ပိုင်း ကြားကြားနေခဲ့ရတယ်။ ပြီးတော့ အန်ကယ်ကြီးဟာ အန်တီကြီးကိုတော့ ဒီအရွယ်ရောက်တော့မှ အတော် ဂရုစိုက်ရှာသား၊ ဒါမှမဟုတ် ဒီအရွယ်ရောက်မှတော့ အတော်ဂရုစိုက်ရတော့မှာလို့ပဲ နှစ်ခွထပ် တွေးလိုက်မိပြန်တယ်။ ဘယ်တစ်ခုက ပိုသင့်တော်တဲ့အသုံးမှန်း ကျွန်တော် အခုထိ ဝေခွဲမရသေးဘူး။ ဒါမှမဟုတ် အန်ကယ်ကြီးကိုယ်တိုင်လည်း `စိုးရိမ်လွန်´ ရှိနေတာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ် စိတ်ပညာမှာ စိုးရိမ်လွန်ဆိုတာ နှိုင်းယှဉ်ချက်အားဖြင့်ပြောရင် သိပ်စိုးရိမ်စရာ မရှိတဲ့ စိတ်အခြေအနေပါ။ ပြီးတော့ အန်ကယ်ကြီးကို အကဲခတ်မိသလောက် သူ့ စိုးရိမ်လွန် ကြိုတင်ယူဆချက်တွေမှာ ဆင်ခြေတစ်ခု၊ ဒါမှမဟုတ် တစ်ခုမက အမြဲပါတာပဲ။ ဦးဇင်းတွေမတက်လာခင် ကျွန်တော့်ဘေးကထပြီး အရှေ့ဆုံးခုံမှာ အန်တီကြီးသွားထိုင်တော့ သူထိုင်ခုံက ကမန်းကတန်းထလာပြီး ကျွန်တော့်ဘေးမှာပဲ ပြန်ထိုင်ဖို့ အန်တီကြီးကို လာပြောတာ သတိရလိုက်မိတယ်။ သူ့ဆင်ခြေက ရှေ့ဆုံးခုံဆိုတာက ရှေ့မှာကိုင်စရာနဲ့ အကွယ်မရှိတော့ ရုတ်တရက် ကားဘရိတ်အုပ်လိုက်ရင် ထိုင်နေတဲ့လူမှာ ရှေ့ကို ဟပ်ထိုးလဲနိုင်တယ်တဲ့။ အန်တီကြီးလည်း စိတ်မပါ့တပါနဲ့ ကျွန်တော့်ဘေးမှာ ပြန်ထိုင်ခဲ့ရတယ်။ အဲဒီတုန်းကတောင် ကျွန်တော်က တစ်ယောက်တည်း ထိုင်ရမယ်ကြံကာရှိသေး မထိုင်ရတော့လို့ အန်ကယ်ကြီးကို စိတ်ထဲက ကျိတ်ပြီး မေတ္တာပို့မိခဲ့သေးတယ်။

ကားရုတ်တရက် ရပ်သွားတယ်ဆိုရင်ပဲ ကျွန်တော့်အတွေးတွေလည်း အလိုလိုရပ်သွားတယ်။ ကားပေါ်က ပြေးဆင်းပြီး ကိုယ့်ရဲ့ အသေးစားပြဿနာကို အလျင်စလို ဖြေရှင်းရတယ်။ ကားအကူကလေးကို ရေဘူးအသစ်ထပ်ရမလားလို့ မေးကြည့်တော့ ပေးရမှာပေါ့ဗျာလို့ ပြုံးပြီးပြောတယ်။ ဆိုင်ထဲရောက်လာတော့ အန်ကယ်ကြီးတစ်ယောက်တည်း ခုံတစ်ခုံမှာ ထိုင်နေတာကို တွေ့ရပြန်တယ်။ အန်တီရော အန်ကယ်လို့မေးတော့ အပြင်ဘက်မှာ သူ့သားနဲ့ ၀ယ်စရာခြမ်းစရာ လိုက်ကြည့်နေတဲ့ အန်တီကြီးဆီကို လက်ညှိုးညွှန်ပြတယ်။ တစ်ခုခုစားလေကွာလို့ သူက ဖိတ်လို့ ကျွန်တော် လက်ဖက်ရည်ပဲ သောက်တော့မယ်အန်ကယ်လို့ ပြန်ပြောလိုက်တယ်။ ကျွန်တော် သူ့ရှေ့ရောက်ရောက်ချင်းပဲ အန်ကယ်ကြီးက သူ့ရဲ့ မပြီးပြတ်သေးတဲ့ ကြိုတင်ယူဆချက်ကိစ္စကို ဆက်ပြန်တယ်။ မြင့်သန်းစကားနဲ့ပြောရရင် ဆက်လက်နှီးနှောစရာရှိနေတယ်ဆိုတော့ ဒါ သူ့အတွက် ပြဿနာတစ်ရပ်ဖြစ်နေတာပဲလို့ တွေးရင်း ပြုံးစိစိဖြစ်သွားတယ်။ သူပြောနေတုန်း ကျွန်တော်လည်း စိတ်ဝင်တစား နားထောင်နေမိတယ်။ စိတ်ဝင်တစားလို့ ဆိုရပေမယ့် ကျွန်တော့်စိတ်ဝင်စားမှုက သူ့ပြဿနာအပေါ်မှာတော့ မဟုတ်ဘူး။ အမှန်တော့ ကားပေါ်မှာ ရွှေချောင်းတွေပါတယ်ဆိုရင်လည်း ကျွန်တော် သိပ်စိတ်ဝင်စားလှမှာ မဟုတ်ဘူး။ ကျွန်တော် စိတ်ဝင်စားနေတာက အန်ကယ်ကြီးကိုယ်တိုင်နဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ဆက်လက်နှီးနှောစရာ ဖြစ်နေတဲ့ကိစ္စပဲ။ အဲဒီတုန်းမှာပဲ စားသောက်ဆိုင်ရဲ့ LCD ပေါ်မှာ ခေါင်းပေါင်းနဲ့ လူကြီးတွေ၊ အဲဒါနဲ့ တစ်ဆက်တည်း ပြုံးရွှင်နေတဲ့ ပိန်ပိန်ပါးပါး အမျိုးသမီးကြီးတစ်ဦး ဆက်တိုက်လိုလို ပေါ်လာတာ တွေ့လိုက်ရတယ်။ အန်ကယ်ကြီးနဲ့ ကျွန်တော် ပြိုင်တူလိုလို အဲဒီကို လှမ်းကြည့်လိုက်မိကြတယ်။

နိုင်ငံရေးအခြေအနေကလည်း ဘယ်လိုလဲမသိပါဘူး အန်ကယ်ရယ်လို့ ကျွန်တော်က မေးခွန်းမဟုတ်တဲ့ ၀ါကျတစ်ခုနဲ့ အန်ကယ်ကြီးကို လှမ်းမေးလိုက်တယ်။ ကျွန်တော်ကတော့ အန်ကယ်ကြီးရဲ့ စနစ်တကျ စိုးရိမ်လွန်မှုဟာ ဆင်ခြေတွေ အများကြီးနဲ့ အရှည်ကြီး ပေါ်လာကောင်းတယ်လို့ မျှော်လင့်ပြီး မေးလိုက်တာပဲ။ တကယ်လို့ သူ ဒီအကြောင်း တစ်လုံးမှ မပြောချင်ဘူး ဆိုရင်လည်း ကျွန်တော်ပြောလိုက်တာ အမေးဝါကျ မဟုတ်တဲ့အတွက် ပြန်မဖြေလို့ သူ့အနေနဲ့ ကသိကအောက် ဖြစ်စရာ မလိုဘူး။ အန်ကယ်ကြီးက ကျွန်တော့်ကို ခပ်ကြာကြာ စိုက်ကြည့်နေတယ်။ ကျွန်တော်လည်း သူ့ကို ပြန်ကြည့်နေမိတယ်။ အတော်ကလေး ကြာတော့မှ သူ့နှုတ်ခမ်းက `မိုးမလင်းမီ ရွှေသုန္ဒရီ´ ဆိုတဲ့ စကားသံ ထွက်လာတာ ကျွန်တော် ကြားလိုက်ရတယ်။ ကျွန်တော်လည်း မျက်မှောင်ကုပ်လိုက်မိတယ်။ ကျွန်တော်သိသလောက် ဒါဟာ နှစ်အတော်ကြာဆီက သီချင်းစာသားတစ်ခုပဲ၊ ဒါပေမဲ့ အန်ကယ်ကြီးရွတ်လိုက်တဲ့ စာသားမှာ သံစဉ်မပါဘူး။ `ကကြိုးပျောက်မှာ စိုးမိသည်´ လို့ ကျွန်တော်လည်း သံစဉ်မပါဘဲ ခပ်တိုးတိုးရေရွတ် လိုက်မိတယ်။ ကျွန်တော် `အက်ပှစ်ဖှနီ´ (epiphany) ရပြီ အန်ကယ်၊ ကျေးဇူးတင်ပါတယ်လို့ပြောရင်း ကျွန်တော့် လက်ကို ရုတ်တရက် အန်ကယ်ကြီးဆီ အလိုလို ထိုးပေးလိုက်မိတယ်။ စတွေ့ကတည်းက ပထမဆုံးအကြိမ်အဖြစ် အန်ကယ်ကြီးနဲ့ ကျွန်တော် လက်ဆွဲနှုတ်ဆက်ဖြစ်ကြတယ်။ သူ့ဟာက နှုတ်ဆက်တာနဲ့ မတူဘူး၊ ကျွန်တော့်လက်ကို တအား ဖြစ်ညှစ်ထားသလိုပဲ။

ညကျတော့ ကားပေါ်မှာ ရွှေသုန္ဒရီသီချင်းကို ကျွန်တော် အစအဆုံး အခေါက်ခေါက် စိတ်ထဲက ရွတ်ကြည့်နေမိတယ်။ အဲဒီ သီချင်းစာသား တစ်ကြောင်းချင်းစီကို မတူတဲ့ ခံစားချက်ဆိုင်ရာ ရှုထောင့်တစ်ခုကနေ ချဉ်းကပ်ကြည့်မိတယ်။ အံ့သြစရာတော့ ကောင်းတယ်။ တစ်ချက်တစ်ချက်ကျရင် အရှေ့က ခုံနံပါတ် ၅ ဆီကို လှမ်းလှမ်းကြည့်မိတယ်။ ခုချိန်လောက်ဆို အန်ကယ်ကြီး အန်တီကြီးကို ဖက်ထားချင်ဖက်ထားမှာ။ အင်းလေ အန်တီကြီး ဒီအရွယ်ရောက်မှတော့ အတော်ဂရုစိုက်ရတော့မှာပေါ့လို့ ဒီတစ်ကြိမ်မှာ တိတိကျကျတွေးလိုက်တယ်။ အမှောင်ထုထဲမှာ ကျွန်တော်တို့စီးလာတဲ့ အဝေးပြေးကား အသစ်ကြီးကတော့ အရှိန်အဟုန်နဲ့ မောင်းနေဆဲပဲ။ ဒီဘက်ရောက်တော့မှ လမ်းဖြောင့်သွားလို့ ကားကို ပိုပြီးမြန်မြန် မောင်းနိုင်လာတယ် ထင်ရတယ်။ မိုးလင်းရင် ကျွန်တော်တို့သွားနေတဲ့ မြို့ကို ဒီကား ဆိုက်လိမ့်မယ်လို့ ဟိုကောင်ပြောခဲ့တာ သတိရတယ်။ မိုးလင်းရင် ဟိုကို ရောက်မယ်ဆိုရင်လည်း ကားကို ဘာကြောင့် ခုလို မြန်မြန်မောင်းနေဦးမလဲ။ ကျွန်တော်တွေးတတ်သလောက်ကတော့ ကားကိုမြန်မြန်မောင်းနေရုံနဲ့ မြန်မြန်မိုးလင်းလိမ့်မယ် မထင်ဘူး။ ရှေ့နားဆီက တခေါခေါဟောက်ပြီး သက်တောင့်သက်သာ ခရီးဆက်နေတဲ့ လူကို ကျွန်တော် အမှောင်ထဲကနေ မလိုတမာ ငေးကြည့်နေမိတယ်။

တေဇာ (လရောင်လမ်း)
ဧပြီ၊ ၂၀၁၂

Comments

  1. စာဖတ်သူကို အတွေးတွေ အများကြီး ပေးလိုက်တာပေါ့လေ...
    စကားမစပ် သီချင်းပြန်နားထောင်ကြည့်အုံးမှပဲ...း)

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...