Skip to main content

လှေကားထစ်တွေ (မြင့်သန်း)

ဘာမှလုပ်စရာ မရှိဘူး။ ပျင်းဖို့ ကောင်းတယ်။ ပျင်းဖို့ကောင်းတော့ ဘာမှမလုပ်ချင်ဘူး။ ဘာမှမလုပ်ချင်တော့လည်း ပျင်းဖို့က ပိုကောင်းလာတယ်။ တစ်ခုခုလုပ်ချင်ပေတဲ့လည်း လုပ်စရာက မရှိဘူး။ မသာအိမ် ဖဲရိုက်မယ်ဆိုရင်လည်း လောလောဆယ် အသိအကျွမ်းထဲက သေတာ မရှိသေးဘူး။ ဖဲမရိုက်ရတောင် အလကားချထားတဲ့ ကွာစေ့ ၀ါးနေလို့ရတယ်။ ကွာစေ့မဟုတ်တောင် နေကြာစေ့ဖြစ်ဖြစ် ၀ါးနေရရင်လည်း မဆိုးဘူး။ ဒါပေတဲ့ အပေါင်းအသင်းတွေက ကျန်းမာရေး ကောင်းနေကြတယ်။ ဒီတော့ ဟိုကောင့်ကို သတိရလိုက်မိတယ်။



ဒီအကောင်မှာ ပျင်းစရာ မရှိဘူး။ ဒီကောင်က ကျွန်တော့်လိုပဲ ဘာမှလုပ်တာမဟုတ်ဘူး။ သူ့အစ်မ ပိုကာသွားဆွဲရင် ဈေးသွားရင် ကားမောင်းပို့တာလောက် လုပ်တာဟာ သူ့အတွက် အပင်ပန်းဆုံးအလုပ်ပဲ။ သူ့ယောက်ဖကိုလည်း တစ်ခါတလေ မောင်းပို့ရတယ်။ သူ့ယောက်ဖက ကုမ္ပဏီတွေ ပိုင်တယ်။ ဘယ်မောင်းပို့ရသလဲဆိုတော့ သူက မမေးနဲ့လို့ ပြောတယ်။ မောင်းပို့ပြီး တစ်နာရီနှစ်နာရီလောက် စောင့်ရသတဲ့။ ပြီးရင် သူ့အိတ်ထဲ ငွေတွေတစ်ထပ်ကြီး ထည့်ပြီး မင်းအစ်မ မသိစေနဲ့လို့ ပြောသတဲ့။ သူ့အစ်မကလည်း ပိုကာဆွဲတာ ဟန်ကျတဲ့နေ့ဆိုရင် သူ့ကို မုန့်ဖိုးပေးတယ်။ အဲဒီမုန့်ဖိုးက တစ်နေ့ကို ဘီယာပုလင်းကြီးခြောက်လုံးလောက် နေ့တိုင်းသောက်ရင် တစ်လသာသာလောက် သောက်နိုင်တယ်။ ဒီတော့ ဒီကောင့်မှာ ဘာမှ ထွေထွေထူးထူးလုပ်စရာအလုပ် မလိုတော့ဘူး။ ဘာမှလုပ်စရာမရှိတာနဲ့ပဲ ဒီကောင် ကဗျာဆရာဖြစ်လာတာ။ ဒါပေတဲ့ သင်းက ဘာမှလုပ်စရာမရှိတဲ့အကောင်လို့ ပြောရင် မကြိုက်ဘူး။ လူဆိုတာ အမြဲလို လုပ်စရာတစ်ခုခုတော့ ရှိသတဲ့။ ကဗျာရေးဖို့တွေးနေတာကိုက အလုပ်တစ်ခု ဆိုပဲ။ ဟုတ်တော့ ဟုတ်သား။ ဒီကောင့်မှာ ကျွန်တော့်လို ပျင်းတယ်ရယ် ဘာရယ်ညာရယ် မရှိဘူး။

ကျွန်တော်က သူ့လို ကဗျာမရေးတတ်ဘူး။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကဗျာဉာဏ်မရွှင်ဘူး။ ဒီတော့ ၀တ္ထုရေးတယ်။ ၀တ္ထုရေးတာက ဒီကောင့်လို အလုပ်မရှုပ်ဘူး။ ကာရံတွေ၊ နရီတွေ၊ ကာရံမဲ့တာတွေ၊ ဒဿနပါဖို့တွေ၊ အဲဒါတွေ သိပ်မစဉ်းစားရဘူး။ ချစ်တယ်၊ ကြိုက်တယ်၊ ကွဲတယ်၊ ပြန်ပေါင်းထုပ်ကြတယ်၊ ရယ်တယ်၊ ငိုတယ်၊ မုန်းတယ်၊ ဒီထက်ပိုတာ ဘာရှိလို့တုံး။ လူ့ဘ၀မှာလည်း ဒါပဲ။ ၀တ္ထုထဲမှာလည်း ဒါပဲ။ အရင်တုန်းကလည်း ဒါပဲ။ အခုလည်း ဒါပဲ။ မော်ဒန်ချင်ဒန် မဒန်ချင်နေ။ ဒီထက်ပိုလို့ မရဘူး။ ၀တ္ထုထဲမှာ တစ်ခုသာတာက ကျွန်တော့်သဘောနဲ့ကျွန်တော် ဇာတ်ကောင်တွေ သတ်ပစ်လို့ရတယ်။ ဇာတ်သိပ်နာချင်ရင် မင်းသမီးကလေး သတ်ပစ်လိုက်။ ရယ်စေချင်ရင် လူရွှင်တော် ထည့်ပေးလိုက်။ ဒီတော့ ကျွန်တော်ဝတ္ထုရေးတာက သူ့လို အလုပ်မရှုပ်ဘူး။ ထိုင်ပြီး အကြာကြီးတွေးစရာလည်း မလိုဘူး။ ဒီကောင်က အများကြီး တွေးတယ်။ လူတန်းစားကိစ္စတွေရော၊ မေတ္တာတရားဆိုတာတွေရော။ အချစ်စစ်အချစ်မှန်တို့၊ အတုအယောင်တို့။ နိမိတ်ပုံဆိုတာတွေ အများကြီးပဲ။ ပြီးတော့လည်း ရေးတော့ လေးငါးဆယ်ကြောင်းရယ်။ ဒါနဲ့များတောင် သူက ပြောသေးတယ်။ ကဗျာတွေကို မဂ္ဂဇင်းတိုက်တွေက ပိုက်ဆံပေးတာ နည်းသတဲ့။ ကျွန်တော်ကတော့ လဲသေလိုက်လို့ပဲ ပြောလိုက်တယ်။

ဒီတော့လည်း ပျင်းနေတဲ့ကောင်တစ်ကောင်အဖို့ ပျင်းစရာမရှိတဲ့ အကောင်ဆီ သွားရုံပဲ။ အပျင်းကြော ရှုံ့ပစ်ဖို့ ဒီနည်းပဲ ရှိတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးက မြို့ပြင်နားမှာနေတော့ သိပ်မဝေးလှဘူး။ ဂေါက်ကွင်းနောက်ဖက် ရေကန်ကြီးရဲ့ဘောင်ပေါ်က ဖြတ်လျှောက်သွားလို့ရတဲ့ ဖြတ်လမ်းရှိတယ်။ ဆယ့်ငါးမိနစ်လောက်ဆို ရောက်ရော။ လေချွန်ရင်း တောကြည့်တောင်ကြည့်လျှောက်ရင်တော့ နည်းနည်းပိုကြာတာပေါ့လေ။ အကြောင်းသင့်ရင် ရေကန်ဘောင်ပေါ်မှာတောင် ဒီကောင့်ကို တွေ့ချင်တွေ့လိမ့်မယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ရေကန်ဘောင်ပေါ်မှာ သွားထိုင်လေ့ရှိတယ်။ တစ်ခါတလေ ရေထဲက ငါးကလေးတွေကိုကြည့်ပြီး ဟိုက်ကုဆိုသလား စပ်တယ်။ ဘယ်ဖြစ်လိမ့်မှာလဲ။ ဟိုဟာက ဂျပန်လို။ ဂျပန်ဘာသာစကားဆိုတာက ကိုယ့်ဘာသာစကားနဲ့ အတူတူမှ မဟုတ်ဘဲ။ တစ်ခါကတော့ ဒီကောင့်ကို အမြင်ကတ်ကတ်နဲ့ ကျွန်တော်က ကဗျာစပ်ပြဖူးတယ်။

ရေထဲက ငါး
နွားလို မြက်မစား
အလကား အီးယောင်ဝါး။

ဒီတော့ သင်းက ပြောတယ်။ မင်းဟာ ဟိုက်ကုမဖြစ်ဘူးတဲ့။ ငါကလည်း ဟိုက်ကုဖြစ်အောင်စပ်တာ မဟုတ်ဘူး။ ဇင်ဆရာကြီးများလို ရုတ်ချည်းပေါ်လာတဲ့ အသိဉာဏ်ပေါ်မှာ အခြေခံစပ်တာပဲ။ ဖျပ်ခနဲ ပွင့်လင်းလာတဲ့ အသိဉာဏ်အပေါ်မှာ အခြေခံတာပဲ။ ဇင်ဆရာကြီးတွေရဲ့ အခြေခံနဲ့ ငါ့အခြေခံကတော့ အတူတူပဲလို့ ပြောလိုက်မိတယ်။ အဲဒီလိုပြောတော့ ဒီကောင်က မခံနိုင်ဘူး။ မခံနိုင် လဲသေလိုက်လို့ပဲ ပြောစရာရှိတယ်။ ပြောလည်း ပြောလိုကတာပဲ။
ကန်ဘောင်ရိုးပေါ်က ဖြတ်လျှောက်လာရင်း ဂေါက်ကွင်းနဲ့ ကန်အကြားက လျှိုကြီးထဲမှာ လှေကားထစ်တွေလိုဟာမျိုး လှမ်းတွေ့ရတယ်။ ကန်ဘောင်ကနေတော့ အတော်လှမ်းတယ်။ လှေကားထစ်တွေဟာ မြူရယ်၊ တိမ်ရယ်အကြားမှာ ဘယ်ရောက်သွားမှန်း မသိရဘူး။ လှေကားထစ်တွေဆိုပေတဲ့ ဘယ်ကိုတက်သွားမှန်း မသိရဘူး။ ဟိုကောင့်ဆီ သွားမလား၊ အဲဒီကို သွားကြည့်မလားလို့ စဉ်းစားလို့မရဘူး။ တစ်ယောက်တည်းဆိုတော့လည်း နည်းနည်း လန့်တယ်။ ဒီတော့ ဟိုကောင့်ဆီအရင်သွားပြီး အကျိုးအကြောင်းပြောပြီး ဒီကောင့်ကိုပါ အပါခေါ်လာမှပဲလို့ တွေးမိတယ်။ သေဖော်ညှိတယ်ဆိုတာ အဲဒါပဲပေါ့။ တစ်ခုခုဖြစ်စရာရှိရင် သင်းလည်း ဝေမျှခံရအောင်လို့ပဲ။ ကဗျာရေးတဲ့လူမှာ ခံစားချက်ရှိဖို့ လိုတယ်လို့ ပြောကြတယ် မဟုတ်လား။

သူ့အိမ်ရောက်တော့ ဒီကောင်က ဘာလုပ်နေတယ် မှတ်သလဲ။ အိမ်နောက်ဖေးဝရန်တာမှာ ထိုင်ရင်း နောက်ဘက်ကို ငေးနေတယ်။ ဘာလုပ်နေတာတုံးဆိုတော့ မြက်တွေပေါက်နေတာကို ထိုင်ကြည့်နေသတဲ့။ မင်းအစ်မနဲ့ ယောက်ဖကောလို့ဆိုတော့ သူ့ယောက်ဖက နိုင်ငံခြားမှာ။ ကုမ္ပဏီကိစ္စ သွားသတဲ့။ သူ့အစ်မကတော့ သူ့အဖွဲ့တွေနဲ့ မန္တလေးဖက်ဘုရားဖူးထွက်ရင်း ဟဲဟဲ.. လိပ်ဥလည်း တူးတာပေါ့ကွာတဲ့။ ဘယ်နား လိပ်ဥသွားတူးတာတုံးဆိုတော့မှ ဟဲ့ ငတုံးရဲ့ ဒါ မယ်တာဖော်ရစ်ကလီးစပီးကင်းလို့ ခေါ်သတဲ့။ ဒီတော့မှ အော်.. ပိုကာသွားဆွဲတာလားလို့ ကျွန်တော်က မေးလိုက်မိတယ်။ ဒီကောင်က ဘာမှပြန်မပြောဘူး၊ ရယ်နေတယ်။ ကျွန်တော်ကလည်း ချက်ချင်းပဲ လမ်းမှာတွေ့လာတဲ့ လှေကားထစ်တွေလိုဟာကြီး သွား သတိရလိုက်မိတယ်။ မင်း လျှိုကြီးထဲက လှေကားထစ်တွေလိုဟိုမျိုးကြီး တွေ့ပြီးပြီလားလို့ မေးလိုက်တယ်။ အေလို့ သူက ဖြေတယ်။ ဘာကြီးတုံးဆိုတော့ သူက မသိဘူးတဲ့။ တွေ့ရဲ့သားနဲ့ မင်းက ဘာလို့ အနားသွားမကြည့်တာတုံးဆိုတော့ သူက ငါ့ကိစ္စမှ မဟုတ်ဘဲတဲ့။ ဟ ကဗျာရေးတဲ့ကောင်ဆိုတာ ဟိုစပ်စပ်ဒီစပ်စပ် နေရမယ်။ ဒါမှ အကြားအမြင်များမှာပေါ့။ ကဗျာရေးတဲ့လူဆိုတာ အကြားအမြင် များတဲ့လူဆိုတာ မင်းမကြားဖူးဘူးလားဆိုတော့ သူက ဘာမှပြန်မဖြေဘူး။ မြက်တွေကိုပဲ ကြည့်နေတယ်။

လာကွာ သွားကြည့်ရအောင်လို့ ကျွန်တော်က သူ့ကို ခေါ်လိုက်တယ်။ အလာတုန်းက မင်းဘာသာ ဘာလို့ ကြည့်မလာသလဲလို့ သူက ပြန်မေးတယ်။ ဟေ့ကောင် ငါက ၀တ္ထုရေးတဲ့အကောင်။ မင်းလို ကဗျာရေးတာ မဟုတ်ဘူး။ ဦးတည်ချက်ရှိတယ်။ မင်းက ဦးတည်ချက်မရှိဘူး။ စိတ်ကူးတွေကို မျက်စိလည်လမ်းမှားအောင် စာလုံးတွေနဲ့ ရောပစ်တဲ့ကောင်။ ငါ့ဦးတည်ချက်က မင်းဆီလာတာ။ မင်းဆီရောက်မှ အဲဒီကိုသွားမယ်ဆိုပြီး ဒုတိယဦးတည်ချက်ရှိတယ်။ မင်းက ဘာမှ ဦးတည်ချက်မရှိဘူး။ မြက်တွေကိုထိုင်ကြည့်ပြီး လေထဲမှာ စာလုံးတွေ လိုက်ဖမ်းနေတာ။ လာခဲ့ သွားမယ်လို့ ရှင်းပြရင်း သူ့ကိုခေါ်လိုက်တယ်။ အေ ကောင်းသားလို့ သူကပြောပြီး ထိုင်ရာက ထလိုက်တယ်။ ဒီလိုနဲ့ လျှိုကြီးထဲမှာ တွေ့ခဲ့ရတဲ့ လှေကားထစ်တွေဆီ ကျွန်တော်တို့နှစ်ယောက်သား လာခဲ့မိကြတယ်။

လှေကားထစ်တွေရဲ့ အောက်ဆုံးအထစ်နားမှာ ရပ်ပြီး အပေါ်ကို မော့ကြည့်မိလိုက်ကြတယ်။ လှေကားထစ်တွေမှာ လက်တန်းမပါဘူး။ အင်္ဂတေကိုင်ထားပုံတော့ ရတယ်။ အတော့်ကို မြင့်တယ်။ လှေကားထစ်တွေက အထစ်တစ်ရာကျော်လောက်ရောက်ရင် ပြင်ညီတစ်ခု ဖြစ်သွားတယ်။ ခြေ လေးငါးဆယ်လှမ်းစာလောက် ရှိမယ်ထင်တယ်။ ပြီးတော့ လှေကားထစ်တွေ ဆက်သွားပြန်ရော။ အဲဒီလိုနဲ့ လှေကားထစ်တွေဟာ တိမ်ဆိုင်ထဲ ၀င်သွားတယ်။ နှစ်ယောက်သား အပေါ်ကိုမော့ကြည့်နေရာက ဒီကောင်ကလှမ်းမေးတယ်။ တက်မလားတဲ့။ မင်းဟာက ဘယ်ရောက်မယ်မှန်းမှမသိဘဲ တက်လို့ဖြစ်ပါ့မလားလို့ ကျွန်တော်က ပြန်မေးတယ်။ ဘယ်ရောက်မယ်တော့ မသိဘူး၊ တက်လို့တော့ဖြစ်ပါသော်ကောလို့ သူကဖြေပြီး ဘယ်မှမရောက်လည်း ပြန်ဆင်းလာတာပေါ့လို့ ပြောပြန်တယ်။ အဲဒါသာကြည့်၊ ဒီကောင့်မှာ ဦးတည်ချက်မရှိဘူး။ ကျွန်တော်က ဦးတည်ချက်ရှိတယ်။ ဘယ်မှမရောက်ဘူးရယ်လို့ မဖြစ်နိုင်ဘူး။ ဘယ်မှမရောက်ဘူးဆိုတဲ့ နေရာကိုက တစ်နေရာရာပဲ။ တစ်နေရာရာတော့ ရောက်ရမှာပေါ့။ ဒီတော့ သူ့ကို တက်စို့လို့ပဲ ပြန်ပြောလိုက်မိတယ်။

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်သား လှေကားထစ်တွေအတိုင်း တက်လာခဲ့မိကြတယ်။ လှေကားထစ် အထစ်ငါးဆယ်လောက်အထိတော့ မမောဘူး။ အဲဒီက ကျော်လာတော့ မောတော့မမောဘူး ခြေထောက်တွေ နည်းနည်းထိလာတယ်။ အောက်ကို တစ်ချက်တစ်ချက် လှမ်းကြည့်မိတယ်။ ကြည့်လို့တော့ အကောင်းသား။ အောက်ကနေ ကြည့်တုန်းကလို ခေါင်းမမော့ရတော့ ခေါင်းမညောင်းဘူး။ အပေါ်ကနေကြည့်ရတာ အရသာတစ်မျိုးပဲလို့တောင် ထင်လာမိတယ်။ အထစ်တစ်ရာကျော်ကျော်လောက်ရောက်တော့ ပထမ ရင်ပြင်လိုဟာမျိုးလေးဆီ ရောက်လာတယ်။ မင်း နားချင်သလားလို့ သူက မေးတယ်။ ဆက်တက်ကြည့်တာပေါ့ကွာလို့ ကျွန်တော်ကပြောရင်း ဆက်တက်လိုက်ကြတယ်။ ကျွန်တော်က ပျင်းနေတဲ့ကောင်ပဲ။ ဒီအတိုင်း ထိုင်ပျင်းနေတာထက်စာရင် ခုလို တက်နေရတာကမှ အပျင်းပြေသေးတာကိုး။ အပျင်းပြေတာပဲရှိတယ် ပျော်စရာတော့ မကောင်းဘူး။ ခြေထောက်က နည်းနည်းညောင်းချင်လာပြီ။ ဒုတိယရင်ပြင်နေရာကလေး ရောက်ခါနီးတော့ ခပ်နိမ့်နိမ့်လွင့်လာတဲ့ တိမ်တစ်အုပ်အထဲက ဖြတ်လာကြရတယ်။ တိမ်တွေက ရွေ့နေတယ်။ အောက်ကိုကြည့်တော့ တစ်ချက်တစ်ချက်လောက်ပဲ မြင်ရတယ်။ အဲဒီနေရာကလေးရောက်တော့ ကျွန်တော်က ဘာမှမပြောရသေးဘူး၊ ဒီကောင်က ငါတော့ထိုင်ဦးမယ်ကွာလို့ ပြောတယ်။ လှေကားထစ်ပေါ်မှာပဲ ထိုင်ချလိုက်တယ်။ ကျွန်တော်လည်း သူနဲ့ မလှမ်းမကမ်းမှာ ထိုင်ချလိုက်မိတယ်။

တိမ်အက်ကြောင်းထဲကနေ တစ်ချက်တစ်ချက် အောက်ကိုမြင်ရတယ်။ ပျပျပဲ။ မြင်ရတယ်ဆိုရုံပဲ။ လှေကားထစ်တွေ အပေါ်မှာ ဘယ်လောက်ကျန်သေးမှန်းတော့ မသိဘူး။ တိမ်တိုက်က ခံနေလို့ မတွေ့ရဘူး။ ဘယ်လိုလဲ အပေါ်ဆက်တက်ကြည့်မလား၊ အောက်ပြန်ဆင်းမလားလို့ သူက မေးတယ်။ ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ၊ တက်တယ်ဆင်းတယ်ဆိုတာက အကျိုးတရားတစ်ခုခုနဲ့ တိုင်းလို့ ရတာမျိုးမဟုတ်ဘူးလို့ ထင်တယ်။ ကိုယ်ကျင့်တရားပညာမှာလို လုပ်သင့်တာနဲ့ ဖြစ်နေတာအကြားက ပြဿနာမျိုးမှ မဟုတ်ဘဲ။ လှေကားဆိုတာက တက်ရင်တက်၊ ဆင်းရင်ဆင်း ဒီထက်ပိုပြီး ဘာမှလုပ်လို့မရဘူး။ ရေအိုးစင်တွေ့ရင်တော့ ရေ၀င်သောက်ပေါ့။ ဒီကိစ္စက ကံနဲ့ဆိုင်လိမ့်မယ်။ မဟုတ်လည်း တိုက်ဆိုင်မှုရှိဖို့လိုတယ်။ မျှော်လင့်မထားတာတစ်ခုနဲ့ တိုးတိုင်း လူတွေက အဲဒီလို ပြောကြတယ် မဟုတ်လား။ အခု ဒီနေရာမျိုးမှာ ဘယ်သူက ရေအိုးစင်လာတည်ထားမှာမို့လဲ။ ဒီတော့ ကျွန်တော်တို့မှာ ကံမကောင်းဘူး ခေါ်ချင်ခေါ်၊ တိုက်ဆိုင်မှု မရှိဘူး ခေါ်ချင်တာသာခေါ်။ ရေအိုးစင်ကတော့ မရှိဘူး။ အဲဒီတုန်းမှာပဲ ကျွန်တော်တို့နှစ်ယောက်စလုံး ခြေသံတစ်ခု ကြားလာကြရတယ်။ နားစွင့်နေလိုက်မိတယ်။ အပေါ်က ဆင်းလာတာလား အောက်က တက်လာတာလား မသေချာကြဘူး။ သေသေချာချာ ကြိုးစားနားထောင်နေလိုက်တော့မှ အပေါ်ဘက်က ဆင်းလာတဲ့ ခြေသံ။ အတော်ကြာတော့ လှေကားထစ်အတိုင်း ဆင်းလာတဲ့ လူတစ်ယောက်၊ တိမ်ဆိုင်တွေအကြားက ဘွားခနဲ ပေါ်လာတယ်။ ကျွန်တော်တို့ကိုတွေ့တော့ သူက အတော် အံ့သြသွားပုံရတယ်။

သူကပဲ စပြီးမေးတယ်။ ခင်ဗျားတို့ အတက်လား အဆင်းလားတဲ့။ အတက်ပါလို့ ဟိုအကောင်ကပဲ ဖြေလိုက်တယ်။  ခင်ဗျားက ဘယ်က ဆင်းလာတာလဲလို့ ကျွန်တော်က ၀င်မေးလိုက်မိတယ်။ အပေါ်ကဆင်းလာတဲ့လူက သိပါဘူးဗျာ၊ ရေကန်ဘောင်ပေါ်က လှမ်းကြည့်တော့ လျှိုကြီးအထဲမှာ လှေကားထစ်တွေ တွေ့တာနဲ့ ဆင်းလာကြည့်တာပဲလို့ ပြောတယ်။ သိပ် ရေရေရာရာ မဟုတ်ဘူး။ စိတ်ပါလက်ပါရှိပုံ မရဘူး။ ကျွန်တော်ကတော့ ဟိုအကောင့်ကို လှမ်းကြည့်လိုက်မိတယ်။ ကျွန်တော်တို့ချင်း အကြည့်ချင်းဆုံသွားတယ်။ ခင်ဗျားက ရေကန်ဘောင်ပေါ် ဘာသွားလုပ်တာတုံးလို့ ကျွန်တော်မေးတော့ အပေါ်ကဆင်းလာတဲ့လူက ကျုပ်က ပန်းချီဆရာဗျ။ ရှုခင်းကောင်းတဲ့နေရာဆို သွားပြီး ပန်းချီဆွဲလေ့ရှိတယ်။ မဟုတ်ရင် သွားထိုင်ကြည့်ပြီး စိတ်ထဲမှာ ဓာတ်ပုံရိုက်သလို မှတ်ထားတတ်တယ်။ ကန်ဘောင်ပေါ် မကြာမကြာ ကျုပ်သွားထိုင်လေ့ရှိတယ်လို့ ဖြေတယ်။ ကျွန်တော်တို့က သူပြောတာကို နားထောင်နေတော့ သူက မေးတယ်။ ခင်ဗျားတို့ကကော ဘာလုပ်သလဲတဲ့။ ဒီတော့ ဟိုအကောင်က ကျွန်တော်က ကဗျာရေးတယ်၊ ဟိုကောင်က ၀တ္ထုရေးတယ်လို့ ကျွန်တော့်ကိုလမ်းညွှန်ရင်း ဖြေလိုက်တယ်။ အပေါ်ကဆင်းလာတဲ့လူက ဘာမှပြန်မပြောဘူး။ သူ့ဘာသာ ခေါင်းခါလိုက်တယ်။ အတော်ကြာအောင် ကျွန်တော်တို့ ငြိမ်နေမိကြတယ်။ စကားမပြောဖြစ်ကြတော့ဘူး။ သူလည်း လှေကားထစ်တွေတစ်နေရာမှာ ၀င်ထိုင်လိုက်တယ်။ အတော်ကလေးကြာသွားမှ သူက မေးတယ်။ ကျုပ် ဆက်ပြီးဆင်းသွားရင် ဘယ်ရောက်မလဲတဲ့။ ကျွန်တော်တို့နှစ်ယောက်သား တိုင်ပင်မထားဘဲ ခေါင်းခါပြလိုက်မိတယ်။

သေချာအောင် ကျွန်တော်ကပဲ ရှင်းပြလိုက်တယ်။ ခင်ဗျားပြောပုံအရဆိုရင်တော့ ဘယ်မှရောက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့နှစ်ယောက်သားလည်း ခင်ဗျားပြောတဲ့ လျှိုကြီးထဲမှာ လှေကားထစ်တွေတွေ့လို့ တက်လာကြည့်တာပဲ။ ခုပုံအတိုင်းဆိုရင် ခင်ဗျားနဲ့ ကျွန်တော်တို့နဲ့က အတက်နဲ့ အဆင်းပဲကွာတယ်။ ဒီတော့ ခင်ဗျားဆက်ဆင်းသွားရင် လျှိုကြီးထဲက လှေကားထစ်တွေရဲ့ အစဆီကိုပဲ ပြန်ရောက်သွားမှာပဲ။ အပေါ်ကဆင်းလာတဲ့လူက သဘောပေါက်သွားပုံ ရတယ်။ ဒီလိုဖြင့် ကျုပ်တော့ ဆက်မဆင်းတော့ဘူး။ ဘာမှ အကျိုးထူးမှာမှ မဟုတ်ဘဲလို့ ပြောတယ်။ ခင်ဗျားတို့ရော ဆက်တက်ကြဦးမှာလားလို့ သူက ဆက်မေးတယ်။ ကျွန်တော်တို့နှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြတယ်။ ဟိုအကောင်ကပဲ ဖြေတယ်။ သိပ်မထူးမှာဖြင့်တော့ဗျာ ကျွန်တော်တို့လည်း ဆက်မတက်တော့ပါဘူး။ ဒီကပဲ လှည့်ပြီး ပြန်ဆင်းမှပဲတဲ့။ ကျွန်တော်တို့ ထိုင်ရာကထတော့ အပေါ်ဆီက ဆင်းလာတဲ့ လူက ကျုပ်တော့ ပြန်ပြီဗျို့လို့ အော်ပြောရင်း လှေကားထစ်တွေပေါ် ပြန်တက်သွားတယ်။ ကျွန်တော်တို့နှစ်ယောက်သားလည်း ကောင်းပြီဗျို့လို့ ရွေ့လျားနေတဲ့ တိမ်ဆိုင်တွေအကြားကို ကြည့်ပြီး လှမ်းအော်လိုက်ရင်း လှေကားထစ်တွေအတိုင်း အောက်ကို ဆင်းလာခဲ့ကြတယ်။ အပေါ်ကဆင်းလာတဲ့လူရဲ့ ခြေသံဟာ တဖြည်းဖြည်းပျောက်သွားတယ်။

အဆင်းမှာ ကျွန်တော်တို့နှစ်ယောက်သား စကားမပြောဖြစ်ကြဘူး။ တိမ်ဆိုင်တွေအောက် ရောက်လာတော့ အောက်ဘက်က လျှိုကြီးကို ဖြည်းဖြည်းချင်း ပြန်မြင်လာရတယ်။ ဒီတော့ ဟိုအကောင်က ပြောတယ်။ လှေကားထစ်ဆိုတာ အတက်ရော အဆင်းရော လုပ်လို့ရတယ်။ အဲဒါကိုက သိပ်အဓိပ္ပာယ် မရှိဘူး။ ဘာလို့လဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ အတက်ဆို အတက်ချည်းပဲ လုပ်ပေါ့။ အဆင်းဆို အဆင်းချည်းပဲ ထားပေါ့။ ခုတော့ အတက်ရော အဆင်းရောဆိုတော့ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး။ အခုဆို တို့ဘယ်မှ မရောက်ခဲ့ဘူးပေါ့လို့ သူက ပြန်ဖြေတယ်။ အဲဒါသာကြည့်။ ဒီကောင့်မှာ ရေရာမှုမရှိဘူးဆိုတာ။ ငါတို့ တစ်နေရာတော့ ရောက်ခဲ့သားပဲလို့ ကျွန်တော်က ပြောလိုက်တယ်။ ဘယ်ကိုလဲလို့ သူက မေးတယ်။ ဘယ်ကိုမှန်းတော့ မသိဘူးကွာ။ တစ်နေရာတော့ ရောက်ခဲ့တယ်လို့ ကျွန်တော်က ဖြေလိုက်တယ်။ ဒီတော့ သူကပြောတယ်။ လှေကားထစ်တွေဆိုတာက တက်ဖို့ဆင်းဖို့ လုပ်ထားတာတဲ့။ တက်တာဆင်းတာ တို့အလုပ်။ ရောက်တာမရောက်တာ တို့နဲ့ မဆိုင်ဘူး။ ဘယ်ရောက်ရောက် ရောက်တဲ့နေရာဟာ တစ်နေရာရာပဲ။ တို့တွေ့ခဲ့တဲ့ ပန်းချီဆရာဆိုတဲ့ ငတိလည်း တို့လိုပဲ။ ဘယ်မှ မရောက်လို့ ဒုံရင်းပြန်ရောက်လည်း ဒုံရင်းပဲပေါ့။

ဟိုအကောင်က ဘာမှ ပြန်မပြောဘူး။ အပေါ်ကဆင်းလာတဲ့ ပန်းချီဆရာတော့ ခုလောက်ဆို လျှိုကြီးထဲ ပြန်ရောက်လောက်ပြီလို့ တွေးနေပုံရတယ်။ ကျွန်တော်ကတော့ သူ့လို အတွေးနဲ့ စာလုံးတွေဖမ်းပြီး ကစားနေတဲ့ကောင် မဟုတ်တော့ လက်တွေ့ကျကျပဲ တွေးမိတယ်။ တက်တက်ဆင်းဆင်း ဘယ်ရောက်ရောက် မရောက်ရောက် ပျင်းနေရတာထက်စာရင် သိပ်မဆိုးလှဘူးထင်တယ်။

-မြင့်သန်း
ချင်းတွင်း၊ ဒီဇင်ဘာ၊ ၂၀၁၁

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”