“It takes a lot of time to be a genius, you have to sit around so much doing nothing, really doing nothing.”
~Gertrude Stein, Everybody’s Autobiography (1973)
ပြီးခဲ့တဲ့ ခုနှစ်ဆယ့်နှစ်နာရီဟာ ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး။ အချိန်တွေ၊ နာရီတွေ၊ ရက်တွေ၊ နေရာတွေ ဘယ်ရောက်သွားမှန်း မသိဘူး။ လူရဲ့ပတ်ဝန်းကျင်က တစ်ဆယ့်ရှစ်လက်မပတ်လည်ဟာ မမှတ်မိနိုင်လောက်အောင် ပြောင်းပြောင်းသွားတယ်။ လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ပတ်လည်က တစ်ဆယ့်ရှစ်လက်မဟာ သူ့ပိုင်နက်ပဲ။ ဒါပေတဲ့ အဲဒီပိုင်နာဟာ တစ်ခါတလေ ရှာမရတော့ဘူး။ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေရခြင်းအတွင်းမှ ပျောက်ဆုံးနေတယ်။ တကယ်တော့ ကျွန်တော့်အပြစ်ချည်းပဲ မဟုတ်ဘူးထင်တယ်။
အဓိကပြဿနာက သင်းတို့။ သင်းတို့အချင်းချင်း မျက်နှာချင်းမဆိုင်ချင်ကြဘူး။ နောက်ကွယ်မှာတော့လည်း ပြောလိုက်ဆို လိုက်ကြတာ စုံနေတာပဲ။ ဘယ်သူပြောတာကိုမှ အခိုင်အမာအထောက်အထားနဲ့ လက်ခံစရာမရှိဘူး။ ဒါပေတဲ့လည်း အဲဒီ မရေမရာတွေအပေါ်အခြေခံပြီး ဦးတဲ့လူက မကောင်းပြောနေကြတော့တာပဲ။ မင်းတို့အားလုံး၊ စားပွဲဝိုင်းမှာထိုင်ပြီး ပြောကြည့်ပါလားဆိုတော့ မဖြစ်နိုင်ဘူးထင်တယ်လို့ပဲ အားလုံးကပြောတယ်။ ကျွန်တော်ကတော့ ထင်တယ်ဆိုတဲ့စကားလုံးကို မကြိုက်ဘူး။ လောကဟာ အထင်နဲ့တည်ဆောက်ထားတာ မဟုတ်ဘူး၊ အထင်ဆိုတာ အတိုင်းအတာတစ်ခုတော့ ရှိရမယ်။ ရှိလည်း ရှိတယ်။ ယတိပြတ်ပြောလို့မရသေးတဲ့ကာလဟာ အထင်နဲ့တည်ဆောက်ထားတဲ့ ကာလပဲ။ အထင်ရဲ့ရပ်ဝန်းပဲ။ လောကကြီးဟာ အထင်နဲ့တည်ဆောက်ထားတာ မဟုတ်ဘူးလို့ထင်တယ်။ ရလို့များတော့ ၀ီစကီလေးသောက်ရင်း ဒူးနန့်ပြီး လောကတွေအများကြီး ကိုယ်ထင်သလို တည်ဆောက်ထားမှာပဲ။ ဘယ်မှာ ဒီလိုလုပ်လို့ရလို့လဲ။ သင်းတို့ကြားက အခုအခံကလေးတွေဆိုတာလည်း အထင်နဲ့တည်ဆောက်ထားတာက စတာပဲ။ ဒီလိုနဲ့ ပြဿနာက ကျွန်တော့်ဆီ ဦးတည်လာတယ်။ သင်းတို့ကြားထဲ မင်းဝင်ပေးရင် ကောင်းမယ်တဲ့။
ဒီတော့ ငါက ဘာဆိုင်လို့ ၀င်ရမှာတုံး၊ ငါက အနေသာကြီးပဲလို့ ပြောမိတယ်။ ဒီတော့ တစ်ကောင်က မင်းက ဒီအပိုင်းမှာ ကျွမ်းတယ်။ ၀င်ပြီးညှိပေးပေါ့လို့ ပြောတယ်။ အဲဒီစကားအပေါ် အားလုံးက သံယောင်လိုက်တယ်။ ဒီတော့လည်း ရှင်းအောင်ပြောရတယ်။ ငါက လူတွေကို ညှိမပေးတတ်ဘူး။ ညှိလည်း မပေးဖူးဘူးလို့ ပြောလိုက်မိတယ်။ တစ်ယောက်က ပြောတယ်။ မင်း အကြံပေးတဲ့အလုပ် လုပ်နေတာပဲတဲ့။ ဒီတော့လည်း ရှင်းအောင်ပြောရတယ်။ အကြံပေးတယ်ဆိုတာက အကြံပေးတာပဲ။ ညှိတာမဟုတ်ဘူး။ ညှိတယ်ဆိုတာက အကျိုးဆောင်တာမျိုး။ အကြံပေးတာက ဘယ်လိုဖြစ်နိုင်တယ်၊ ဘယ်လိုမဖြစ်နိုင်ဘူး။ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်၊ ဟိုလိုလုပ်ရင် ဟိုလိုဖြစ်မယ်၊ ဒါပဲ။ ဗေဒင်ဆရာနဲ့ ခပ်ဆင်ဆင်တူတယ်။ ဗေဒင်မေးလာတယ်ဆိုကတည်းက ဗေဒင်ဆရာပြောတာ နားထောင်ချင်လို့လာတာ။ အကြံလိုချင်တဲ့လူကလည်း အကြံလိုချင်လို့ တောင်းတာ။ ဒီလူတော့ဖြင့် ဒီအကြောင်းမှာ နှံ့စပ်တယ်၊ ဒီအကြောင်းမှာ အထိအတွေ့များတယ်လို့ တင်ကူးလက်ခံပြီး အကြံတောင်းတာ။ ညှိတယ်ဆိုတာက ယတြာချေပေးသလိုဖြစ်သွားတယ်။ ဖြစ်လိုဖြစ်ငြား။ ဖြစ်နိုင်ချေမှာ အခြေခံပြီးလုပ်တာ။ အရှည်ကြီးရှင်းပြပေတဲ့ မရဘူး။ ဒီတော့ အားလုံးရဲ့ဆန္ဒအရ သင်းတို့ကို တစ်လှည့်စီသွားတွေ့ရတော့တာပဲ။
ခက်တာက တစ်ယောက်ကတောင်မှာ၊ တစ်ယောက်ကမြောက်မှာ။ လေယာဉ်ပျံစီးလိုက်၊ ကားစီးလိုက်။ ကိုယ့်ကိုယ်ကိုယ် ဘယ်ရောက်လို့ရောက်မှန်း မသိဘူး။ ဘာစားလို့စားမိမှန်းလည်း မသိတော့ဘူး။ အားလုံးကိုကျွန်တော် အဓိကထားပြောတာကတော့ မျက်နှာစုံညီ စားပွဲဝိုင်းမှာထိုင်ပြီး စကားပြောကြဖို့ပဲ။ အစကတော့ ဘယ်သူကမှ လက်မခံချင်ကြဘူး။ ဒီတော့လည်း ရှင်းအောင်ပြောရတယ်။ မင်းတို့တတွေ အဲဒီလို မသင့်မမြတ်ဖြစ်နေကြရင် ကြားကကောင် ၀င်စားမှာပဲ။ ရှင်းရှင်းပြောရရင်တော့ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်၊ ဟိုလိုလုပ်ရင် ဟိုလိုဖြစ်မယ်ဆိုတာကိုပဲ ရှင်းပြနေရတယ်။ နောက်ဆုံးတော့ တစ်နေရာရာမှာ အားလုံး မျက်နှာစုံညီတွေ့ကြမယ်။ စကားပြောကြမယ် ဖြစ်ရော။ ဒီတော့ ဟိုကောင်တွေကို ပြောပြရမယ်။ ဒီကိစ္စ၊ ဒီအပိုင်းကတော့ မင်းတို့အပိုင်း။ သင်းတို့ ဆုံချင်တဲ့နေရာ၊ သင်းတို့ ဆုံချင်တဲ့ရက် မင်းတို့ လုပ်ပေးလိုက်ကြပေတော့။ ငါ့ကိစ္စကတော့ ပြီးပြီလို့ပြောတော့ တစ်ယောက်က ပြောသေးတယ်။ စကားဝိုင်းမှာ ထသတ်နေကြရင် ဘယ်လိုလုပ်မလဲတဲ့။ ဒါတော့ ငါမတတ်နိုင်ဘူး။ မင်းတို့ပြောတဲ့အတိုင်း မျက်နှာစုံညီစားပွဲဝိုင်းမှာ ထိုင်ပြီး စကားပြောကြဖို့ ငါလုပ်ပေးပြီးပြီ။ ပြဿနာထပ်ဖြစ်တာ၊ ကျေလည်လို့ ပြေလည်သွားကြတာ ငါနဲ့မဆိုင်ဘူးလို့ ပြောလိုက်တယ်။ အဆိုးမဖြစ်လို့ ထမသတ်ကြဘဲ အကျိုးအမြတ်ရှိခဲ့ရင်တောင် ငါနဲ့မဆိုင်ဘူးလို့ ပြောပစ်ခဲ့တယ်။
ဟိုကောင်တွေက သိပ်မကျေနပ်ဘူး။ မကျေနပ်လည်း မတတ်နိုင်ဘူး။ ကျွန်တော်တို့ ဟိုတယ်ကိုပြန်လာခဲ့ကြတယ်။ ကျွန်တော်တို့ဆိုတာက ကျွန်တော့်စက္ကထရီရယ်၊ လက်ထောက်နှစ်ယောက်ရယ်၊ အလုပ်သင်တစ်ယောက်ရယ်။ သူတို့လည်း ပင်ပန်းရှာတယ်။ အလုပ်သင်ကတော့ အတွေ့အကြုံမရှိသေးတော့ အတော့်ကို ညည်းရှာတယ်။ ဒါကြောင့် တို့အလုပ်က မနက်ကိုးနာရီအလုပ်တက်၊ ညနေငါးနာရီဆင်းဆိုတာမျိုး မဟုတ်ဘူး။ လုပ်စရာရှိရင် အဲဒီလိုလုပ်ရတယ်လို့ သူ့ကို ရှင်းပြနေရသေးတယ်။ ဟိုတယ်ကိုဝင်တိုင်း ကောင်ကလေးက ဒါ ဘယ်နိုင်ငံ၊ ဘာမြို့က၊ ဘာဟိုတယ်လဲလို့ မေးလေ့ရှိတယ်။ သူ့ခမျာ တကယ့်ကို ဘယ်ရောက်နေမှန်းမသိဘူး။ အခုတော့ ကျွန်တော်တို့ လုပ်စရာကိုင်စရာတွေပြီးလို့ သူတို့အားလုံးလည်း မြူးနေကြပုံရတယ်။ ကျွန်တော်ကတော့ စိတ်ပင်ပန်းလွန်းနေတယ်။ ငယ်ငယ်ကလို ချက်ချင်းပြန်ပြီး မလန်းဆန်းနိုင်တော့ဘူး။ ဟိုတယ် ဓာတ်လှေကားထဲဝင်တော့ စက္ကထရီက မေးတယ်။ ဘော့(စ) ဒီညအတွက် ဘာစီစဉ်ပေးရမလဲ၊ စီစဉ်စရာရှိရင် စီစဉ်ပေးပြီး ကျွန်မယောက်ျားနဲ့ သွားတွေ့ချင်လို့တဲ့။ နင့်ယောက်ျားက ဒီမှာလားလို့ ကျွန်တော်က မေးလိုက်မိတယ်။ ဟိုဖက်နိုင်ငံမှာပါ။ မနေ့ကပဲ ရောက်တယ်။ အခု အချိန်ရသေးတယ်။ ဆယ်နာရီလောက်မှာ လေယာဉ်ပျံရှိတယ်။ မနက်ဖြန် ပြန်လာခဲ့မယ်လို့ ဖြေတယ်။
မနက်ဖြန် ပြန်မလာနဲ့။ နင့်ပစ္စည်းတွေ အကုန်ယူသွား။ ငါတို့ မနက်ဖြန် အဲဒီကိုလာမယ်။ နင်မသွားခင် ဂျက်စဘလ်ဆီ ဖုန်းဆက်။ ငါ ညစာစားပြီးရင် ကော်ဖီသောက်ရင်း စကားပြောရအောင် လာခဲ့မယ်လို့ ပြောလိုက်လို့ ပြောရင်း ဓာတ်လှေကားက နံပါတ်ပြောင်းသွားတာကို ကြည်နေ့မိတယ်။ ဆေးကုသခံဖို့လား ဘော့(စ)လို့ သူက နောက်ရင်း၊ ဆောရီးလို့ ပြောတယ်။ ကျွန်တော်ကတော့ အေ၊ ဟုတ်တယ်၊ ဆေးကုသခံဖို့လို့ ရယ်ရင်းပြောလိုက်မိတယ်။ အလုပ်သင်ကောင်ကလေးကတော့ ဘော့(စ) ငယ်ရည်းစားများ သွားတွေ့မလို့လားလို့ ကျွန်တော်ကထင်နေတာလို့ ပြောပြီး လှမ်းနောက်ပြန်တယ်။ ငါ့ ငယ်ရည်းစားဆိုရင် လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်ကတည်းက ယူမှာပေါ့။ ဘာလို့ အခုမှ သွားတွေ့ရမှာလဲလို့ ကျွန်တော်က ပြောလိုက်မိတယ်။ ဓာတ်လှေကားထဲက ထွက်လာကြတော့ နောက်ဘက်နားမှာ ကောင်ကလေးက စက္ကထရီကို ဂျက်စဘလ်ဆိုတာ ဘယ်သူလဲလို့ မေးနေသံ ကြားရတယ်။ စက္ကထရီက ဂျက်စဘလ်ဆိုတာ ဘော့(စ)သူငယ်ချင်း၊ ဆိုက်ခီယားထရစ်။ မင်းတွေ့ချင်သလားလို့ ပြောရင်း ကောင်ကလေးကို ပြန်ပြီးနောက်နေသံ ကြားရတယ်။ ကျွန်တော်လည်း အခန်းထဲရောက်တော့ ရေချိုးခန်းထဲ တန်းဝင်လိုက်တယ်။
ဂျက်စဘလ် အိမ်ရောက်တော့ ကိုးနာရီသာသာပဲ ရှိသေးတယ်။ တွေ့တွေ့ချင်း နင်တော်တော်ပင်ပန်းနေတယ်လို့ မေရီအန်းက ဖုန်းဆက်တုန်းကပြောတယ်လို့ သူကပြောတယ်။ အေ၊ ဟုတ်တယ်။ ငါ လူတွေနဲ့စကားပြောရတာ မောလာပြီ။ ပင်ပန်းတယ်၊ ဘာလို့မှန်းတော့မသိဘူး။ လူတွေဟာ တခြားတစ်ဘက်က တွေးကြည့်တာမျိုးတွေ နည်းလာပြီလို့ ငါထင်တယ်လို့ ပြောလိုက်မိတယ်။ လူတွေဟာ တစ်နေရာရာက ရပ်တည်ပြောရမယ်ဆိုတာနဲ့ တခြားတစ်ဘက်ကို ထည့်ပြီးစဉ်းစားတယ်ဆိုတာကို မကွဲကြဘူး။ ဒီတော့ ဆင်ခြင်တုံတရားကို အသုံးချပြီးပြောဖို့ သိပ်မလွယ်ဘူး။ လွယ်လွယ်ပြောရင် ဆင်ခြင်တုံတရားကို အခြေမခံလေ၊ ထွေပြားမှုဟာ များလေပဲဆိုတာကို မေ့နေကြပုံရတယ်။ ပြောရတာ မောတယ်ဟာလို့ ကျွန်တော်က ဆက်ပြောလိုက်မိတယ်။ သူက ပြုံးနေရင်း ဒါပေတဲ့ အဲဒီအကြောင်းတွေကိုပဲ နင်ပြောပြချင်နေတယ် မဟုတ်ဘူးလား။ လူတွေ တုံးလာပြီလို့ နင်ထင်တဲ့အကြောင်းတွေ နင် ပြောချင်နေတယ် မဟုတ်လားလို့ သူကပြောတယ်။ ကျွန်တော်က ခေါင်းညိတ်ပြလိုက်မိတယ်။ ငါစီစဉ်ထားပါတယ်လို့ သူကပြောတယ်။ ဒီမှာခဏထိုင်ပြီး တစ်ခုခုသောက်ဦးပေါ့လို့ သူကပြောရင်း ဧည့်ခန်းထဲမှာ ထိုင်ခိုင်းတယ်။ ၀ီစကီပုလင်းနဲ့ဖန်ခွက် ချပေးတယ်။ ပြီးတော့ ကျွန်တော်တို့ ရောက်တတ်ရာရာတွေ ပြောနေမိတယ်။ အထူးသဖြင်တော့ လူတွေအကြောင်းပဲ။ ရုပ်ပြစားတဲ့ လူတန်းစားအကြောင်း။ ဘုန်းကြီးလက်ဖက်နဲ့ အရပ်ကို မျက်နှာလုပ်ချင်တဲ့လူတွေ၊ စိန်နားကပ်အရောင်နဲ့ ပါးပြောင်ချင်တဲ့လူတွေ၊ ဘ၀င်လေခတ်နေတဲ့လူတွေ စသည်ဖြင့် လူတွေအကြောင်းက ပြောစရာ အပုံကြီးပဲ။ ဂျက်စဘလ်က ဗီယယ်နာက စိတ်ပညာနဲ့ ဘွဲ့ရထားတာဆိုတော့ ဒီအပိုင်းကို ကောင်းကောင်းပြောပြနိုင်တယ်။
နင် လူတိုင်းကိုတော့ အပြစ်တင်မနေနဲ့လို့ ပြောရင်း သူက စကားစတယ်။ ကျွန်တော်ပြောတဲ့စကားနဲ့ ကျွန်တော့်ကို ချည်တယ်။ နင်ပြောတယ်မဟုတ်လား။ ကော်မွန်ဆင့်လို့ ခေါ်တဲ့၊ ရိုးရိုးကလေးတွေးကြည့်တာက ခပ်ညံ့ညံ့လူတွေအတွက်ပဲလို့ နင်ပြောတယ်။ အေ၊ ဟုတ်တယ်၊ ငါမငြင်းဘူး။ ဒါပေတဲ့ အဲဒီလို ရိုးရိုးကလေးတွေးကြည့်တဲ့ အဆင့်အထိ ရောက်မလာနိုင်သေးတဲ့လူတွေ လောကကြီးတစ်ခုလုံးမှာ ဘယ်လောက်များနေသေးသလဲဆိုတာ နင်သိရဲ့လားလို့ သူကပြောတယ်။ ကျွန်တော် အသာပဲ ခေါင်းညိတ်ပြလိုက်မိတယ်။ သူက ဆက်ပြောပြန်တယ်။ နင်တွေ့တယ်မဟုတ်လား။ နင်တွေ့တယ် မဟုတ်လား။ ပိုက်ဆံချမ်းသာဖို့နည်းလမ်း၊ အောင်မြင်ဖို့နည်းလမ်းအကြောင်း စာအုပ်တွေ၊ ဗီဒီယိုတွေ၊ ဒီဗီဒီတွေ ဘာသာစကားအမျိုးမျိုးနဲ့ ပလူပျံအောင်ထွက်နေတာ။ ၀ယ်တဲ့လူတစ်ထောင်မှာတစ်ယောက် အဲဒီအထဲကလို ဖြစ်မလာဘူး။ ရေးတဲ့လူပဲ ပိုပြီး ပိုက်ဆံချမ်းသာသွားတာ။ သိမှုအရည်အချင်း မြင့်မားတဲ့လူတွေက အဲဒါတွေကို ဘယ်တော့မှ ၀ယ်မဖတ်ဘူး။ သိမှုအရည်အသွေး နိမ့်တဲ့လူအများစုက ၀ယ်ဖတ်လေ့ရှိတယ်။ ဖတ်တာကလည်း မျှော်လင့်ချက်တစ်ခုမှာ ရေရာမှု၊ မရေရာမှု နှစ်ခုစလုံးရှိတယ်ဆိုတာကို မသိကြလို့ပဲ။ လူတွေမသိတာ၊ ဒါမှမဟုတ်ရင် မေ့နေတာ တစ်ခုပဲရှိတယ်။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ လူရဲ့ဖြစ်တည်နေခြင်းအတွင်းက သီးခြားအနေအထားတွေပဲ။ သီးခြားအနေအထားတွေဟာ မတူကြဘူး။ Conditional ဆိုတဲ့စကားလုံးကို နင်သိတယ်မဟုတ်လား။ ကြည့်လေ၊ ဘေ(လ)ဂိတ် ချမ်းသာသလိုမျိုး တစ်ပုံစံတည်းနဲ့ လူဘယ်နှစ်ယောက် ချမ်းသာတာ ကြားဖူးသလဲတဲ့။ ကျွန်တော် ဘာမျှ ပြန်မပြောနိုင်တော့ဘူး။ ဒါကြောင့်လည်း ဂျက်စဘလ်ကို လာတွေ့ချင်တာ။ သူက ဆက်ပြောနေသေးတယ်။ သူများက ဂလိုဘယ်လိုက်ဇေးရှင်းဆိုတိုင်း ကိုယ်က ဂလိုဘယ်လိုက်ဇေးရှင်း လုပ်နေလို့ မရဘူး။ လူတွေ၊ လူ့အဖွဲ့အစည်းတွေ၊ ကာလအတိုင်းအတာ မတူတဲ့ ဒေသတွေ၊ အဲဒါတွေကို မသိချင်ယောင်ဆောင်ထားလို့ မရဘူး။ မသိတာတစ်ခုကို ဖြီးတီးတီးနဲ့ သိပြလို့မရဘူးတဲ့။
နင့်ပြဿနာက ဘာလဲ၊ နင်သိရဲ့လားလို့ သူက မေးတယ်။ ကျွန်တော်က ခေါင်းခါပြလိုက်တယ်။ သိသိချည်းနဲ့ ညာနေတဲ့လူကို သွားပြီး၊ ညာတာမကောင်းဘူး၊ မညာနဲ့လို့ ရှင်းပြဖို့ ကြိုးစားနေတာမျိုးပဲ။ ဒါမျိုးက မသိလို့ ညာမိတဲ့လူကို ပြောပြလို့ရမယ်။ သိသိချည်းနဲ့ ညာနေတဲ့လူတွေ၊ စားဝတ်နေရေးအတွက် စနစ်တကျညာနေတဲ့လူတွေကို နင်ဘယ်လို သွားရှင်းပြမလဲ။ နင့်ကို ငါက အရက်သောက်တာ မကောင်းဘူးလို့ပြောရင် နင်လက်ခံမှာမဟုတ်ဘူး။ ဒါပေတဲ့ နင်နဲ့ငါက တန်းတူရည်တူ ပြောလို့ရတဲ့လူတွေ။ ဒီတော့ နင့်ကိုငါက မပြောတော့ဘူး။ ဉာဏ်ရည်ဉာဏ်သွေးမတူရင်တော့ ပြောမိတဲ့လူဘက်က အနာချည်းပဲ။ နင် အဲသလိုမျိုးပြောချင်ရင်.. လို့ သူက ပြောနေတုန်း တိုင်ကပ်နာရီထိုးသံ ကြားလိုက်ရတယ်။ သူ့အိမ်က တိုင်ကပ်နာရီထိုးသံကြားမှ ကျွန်တော်တို့ စကားပြောနေကြတာ ဆယ့်တစ်နာရီတောင် ထိုးသွားပြီဆိုတာ သတိထားလိုက်မိတယ်။ ဂျက်စဘလ်ကပဲ ငါတော့ အိပ်ချင်ပြီ။ နင်စကားပြောဖို့ ထမင်းစားခန်းသွားရအောင်လို့ ပြောတယ်။ ၀ီစကီပုလင်းကိုလည်း လက်ညှိုးထိုးပြရင်း ယူခဲ့လေလို့ ပြောတယ်။ နင် ကော်ဖီနှပ်မထားဘူးလားလို့ မေးတော့၊ နှပ်ထားတယ် လာလို့ ပြောတာနဲ့ ကျွန်တော်လည်း ၀ီစကီပုလင်းကို မယူတော့ဘူး။ ထမင်းစားခန်းဆီကို သူ့နောက်က လျှောက်လိုက်လာမိတယ်။ ထမင်းစားစားပွဲပေါ်မှာ ကော်ဖီသောက်ဖို့ ပန်းကန်တစ်လုံးနဲ့ နှပ်ထားတဲ့ ကော်ဖီတစ်အိုး။ အိမ်ဖော်တွေကတော့ နောက်ကအခန်းမှာ သွားအိပ်နေကြပြီ။ ဘာမှ အားနာစရာမရှိဘူး။ နင်ဒီမှာအိပ်ချင်ရင် အောက်ထပ်က ဧည့်သည်အတွက် အခန်းပိုမှာ ငါပြင်ထားတယ်။ ပြန်ချင်ရင်တော့ ဒရိုင်ဘာကိုနှိုးလိုက်၊ ငါမှာထားတယ်။ နင် ဘာမှ အားနာစရာမရှိဘူး။ ငါတော့ အပေါ်ထပ်မှာ သွားအိပ်တော့မယ်။ မနက်စောစော ထရမှာမို့လို့လို့ ဂျက်စဘလ်က ပြောတယ်။ ကျွန်တော်လည်း ထမင်းစားစားပွဲမှာ ၀င်ထိုင်လိုက်တယ်။ ကော်ဖီအိုးထဲက ကော်ဖီ ငှဲ့ထည့်လိုက်တယ်။ ပြီးတော့ တစ်ငုံလောက်ငုံရင်း အရသာခံနေမိတယ်။ ကျွန်တော်ပြောချင်တဲ့အကြောင်းတွေကို ပြောမယ်လုပ်ရင်း ဘယ်ကစရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း ဂျက်စဘလ်က တစ်ခုခု သတိရသွားပုံရတယ်။ ဆောရီးဟယ်လို့ပြောရင်း ထမင်းစားခန်းထဲ အိမ်အပြင်ဘက်ကိုထွက်တဲ့ တံခါးမကြီးကိုဖွင့်ပြီး အိမ်အပြင်ကို ထွက်သွားတယ်။
မကြာခင်ပဲ အိမ်ထဲပြန်ဝင်လာတယ်။ အုတ်နီခဲနှစ်ခဲကို စားပွဲပေါ်မှာ တင်လိုက်တယ်။ ကျွန်တော့်ရှေ့တည့်တည့်ဆီမှာ။ ကျွန်တော်လည်း သူ့ကို ပြုံးပြလိုက်မိတယ်။ ဂျက်စဘလ်က ဘာမျှမပြောဘဲ ထမင်းစားခန်းထဲက ထွက်တော့မယ်လို့ လျှောက်လာရင်း အခန်းဝမှာရပ်ပြီး ဂွတ်နိုက်လို့ ကျွန်တော့်ကိုလှမ်းပြောတယ်။ ကျွန်တော်လည်း ဂွတ်နိုက်လို့ပဲ ပြန်ပြောလိုက်မိတယ်။ သူ့ခြေသံကို ကြားနေရတယ်။ အပေါ်ထပ်ကို တက်သွားတဲ့ခြေသံ။ ကျွန်တော်လည်း အုတ်နီခဲနှစ်ခဲကိုကြည့်ရင်း စကားစပြောမိတယ်။ လူတွေဟာ အတော့ကို တုံးလာကြတာပဲလို့ စပြောလိုက်ပြီး ကော်ဖီတစ်ကြိုက်သောက်ပြန်တယ်။ အဲဒီတုန်းမှာပဲ အပေါ်ထပ်ဆီက ဆင်းလာတဲ့ခြေသံကြားရတယ်။ နောက်တော့ ဂျက်စဘလ် ထမင်းစားခန်းဝမှာ ပေါ်လာတယ်။ ကျွန်တော်က သူ့ကို လှမ်းကြည့်လိုက်မိတယ်။ နင် မနက်ဖြန်ပြန်မှာဆိုတော့ နောက်ထပ် နင်နဲ့ငါ တော်တော်နဲ့တွေ့မှာ မဟုတ်တော့ဘူး။ ငါ ပြောချင်တာလေးတစ်ခု ရှိလို့လို့ ပြောတယ်။ ပြောလေလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ ဒီတော့ သူက အရင်တုန်းက နင့်ကို ငါက အရူးတစ်မျိုးပဲလို့ ထင်တာလို့ ပြောတယ်။ ပြီးတော့ ဘာမျှ ဆက်မပြောတော့ဘူး။ ကျွန်တော်ကတော့ သိုင်းကျူးလို့ ပြောလိုက်တယ်။ ဂျက်စဘလ်က ခပ်ဖျော့ဖျော့ပြုံးပြီး သူ့ဘာသာ ခေါင်းညိတ်နေတယ်။ ပြီးတော့မှ ဂွတ်နိုက်အဂန်းလို့ ပြောပြီး ထမင်းစားခန်း တံခါးမကြီးနားဆီက လှည့်ထွက်သွားတယ်။ အပေါ်ထပ်ကို တက်သွားတဲ့ခြေသံ ကြားလိုက်ရတယ်။
ကျွန်တော်လည်းအုတ်နီခဲနှစ်ခဲကို သေသေချာချာကြည့်ရင်း ကော်ဖီတစ်ကြိုက် သောက်လိုက်တယ်။ နေပါဦး၊ ခုနကပြောနေတာ ဘယ်ရောက်သွားပြီလဲလို့ ပြောလိုက်ရင်း စကားအစ ပြန်ရှာတယ်။ အော်၊ လူတွေဟာ အတော်တုံးတာကို ပြောမလို့ထင်တယ်လို့ တွေးလိုက်မိတယ်။ အဲဒီနောက်တော့ အုတ်နီခဲနှစ်ခဲကို ကြည့်ရင်း လူတွေအကြောင်းကို ကျေကျေနပ်နပ်ကြီး ပြောပြနေလိုက်မိတော့တယ်။ ပါးစပ်ကတော့ ဘာအသံမှ ထွက်မလာဘူး။ အုတ်နီခဲနှစ်လုံးကတော့ ကျွန်တော်ပြောနေတာတွေကို သဘောပေါက်လိမ့်မယ်။ ကျွန်တော်ပြောချင်တာတွေ အကုန်ပြောရရင်တော့ မိုးလင်းတောင် ပြီးမယ်မထင်ဘူး။
မြင့်သန်း
သြဂုတ်လ၊ ၂၀၀၅၊ စတိုင်သစ်
Comments
Post a Comment