(ဒီဝတ္ထုရဲ့ ခေါင်းစဉ်ဖြစ်တဲ့ `ဘယ်ခရီးမှ သိပ်မဝေးဘူး၊ ဘယ်စွန့်လွှတ်မှုမှ သိပ်မကြီးမားဘူး´ ဆိုတာက တရုတ်ဒဿနိကဗေဒပညာရှင်ကြီး မင်းစီးယပ် (ဘီစီ ၃၇၂-၂၈၉) ရဲ့ အဆုံးအမတွေကို မှတ်တမ်းတင်ထားတဲ့ ကွန်ဖြူးရှပ်(စ)ရဲ့ အရေးအသားထဲမှာ ပါတဲ့ အချက်တစ်ခုကို လောင်ရှီးက ယူထားတာပဲ။ မင်းစီးယပ်က တရုတ်ဧကရာဇ် ဟွီနဲ့ လာတွေ့တဲ့အခါ တရုတ်ဧကရာဇ်မင်းမြတ်က `ခင်ဗျားအနေနဲ့ အခုလို မိုင်ပေါင်းသောင်းချီလာရတာဖြစ်ပေတဲ့ မဝေးလှပါဘူးလို့ ပြောပြီး၊ ခင်ဗျားပြောမယ့်အကြောင်းထဲမှာ နိုင်ငံတော်အတွက် အကျိုးရှိတာတွေပါမယ်လို့ ကျုပ်ကတော့ ယူဆတယ်´ လို့ မိန့်ကြားခဲ့တယ်။ အဲဒီအချက်ကိုယူလို့ လောင်ရှီးက သူ့ဇာတ်ကောင် ၀ါန်ကို မွေးထုတ်ပြလိုက်တာပဲ။ ၀ါန်ကတော့ မင်းစီးယပ်လိုမဟုတ်ဘူး၊ သူ့ကိစ္စကလွဲလို့ ဘာမှ သိပ်အရေးကြီးတယ်လို့ မထင်ဘူး။ ဖတ်တဲ့သူတွေ သတိထားမိကြပါလိမ့်မယ်။)
ဂျပန်တွေလက်ထဲ ရှန်ဟိုင်း ဂူအန်[*] ကျသွားပြီဆိုတဲ့ သတင်းလည်းကြားကရော မိန်းမယူဖို့တော့ အချိန်တန်ပြီလို့ ၀ါန်က ဆုံးဖြတ်ချက်ချလိုက်မိတယ်။ ဒါပေတဲ့ ဘယ်မှာသွားပြီး မင်္ဂလာပွဲကို လုပ်ရမှာတုန်း။ တီယန်ဂျင်မှာရော၊ ပေပင်းမှာရော မဖြစ်နိုင်ဘူး။ ဂျပန်တပ်တွေ အဲဒီကို ရောက်လာနိုင်သမို့ အတိတ်ကောင်း နိမိတ်ကောင်း ယူရမယ့် အရပ်မျိုးတွေ မဟုတ်ဘူး။ ဟောင်ကောင်မှာလည်း မဖြစ်နိုင်ဘူး။ ဝေးလွန်းလှတယ်။ ဒီပြင် ပြဿနာက သူနဲ့ယူမယ့် အမျိုးသမီးဆိုတာက ရှာမရသေးဘူး။ ဒီတော့ ဒီကိစ္စကို အရင်ရှင်းရလိမ့်မယ်။

ဘယ်မှာသွားရှာရမလဲဆိုတာကလည်း ထည့်တော့စဉ်းစားရလိမ့်မယ်။ စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ အရပ်တစ်ခုခုဆီမှာသွားပြီး မိန်းမရှာရမလား။ ဘယ်ဖြစ်နိုင်မှာတုန်း။ မိန်းမယူတယ်ဆိုတာကလည်း လက်ဖျောက်ကလေး အသာတီးပြီး `ဟိုတစ်ယောက် ငါယူမယ်´ လို့ လုပ်လို့ဖြစ်တာမျိုး မဟုတ်ဘူး။ ဒီတော့ သူ့အနေနဲ့ စစ်တိုက်မနေကြဘဲ အေးချမ်းသာယာနေတဲ့နေရာ၊ စိုစိုပြည်ပြည်ရှိနေတဲ့ နေရာမျိုးကိုပဲ သွားသင့်တယ်။ ဒီလိုစဉ်းစားမိလိုက်တော့ ပေပင်း[**] ကနေ ထွက်သွားမယ်ဆိုပြီး စဉ်းစားတဲ့ကိစ္စဟာ တကယ်တော့ မိစ္ဆာကောင်ဂျပန်တွေကို ကြောက်လို့ မကြောက်လို့ဆိုတဲ့ကိစ္စနဲ့ မဆိုင်သလို ဖြစ်သွားတယ်။ ဒီလိုတွေးမိတော့ သူ့ဘာသာတွေးပြီး ကျေနပ်သွားလိုက်မိတယ်။
နောက်ပြဿနာက မီးရထားလက်မှတ် မရတာပဲ။ အရှေ့ဘက်ဘူတာရုံနဲ့ အနောက်ဘက်ဘူတာရုံက စာရေးတွေရဲ့ အချိုးသာကြည့်ပေတော့။ သင်းတို့ရဲ့ ကမ္ဘာကလေးကို ထာဝရဘုရားသခင်က တစ်စစီများ ဖန်ဆင်းတည်ဆောက်ထားပေးသလိုပဲ။ ဘူတာရုံက ပလက်ဖောင်းတွေနဲ့ မီးရထားဆိုတာ သူတို့ဘ၀၊ သူတို့ကမ္ဘာပဲ။ ဒီပြင် ဘာမှမရှိသလိုပဲ။ ခက်နေတာက ၀ါန်ကိုယ်တိုင်က ဘယ်သွားမယ်ရယ်လို့ သေသေချာချာ မသိထားတော့ အရှေ့ဘက်ဘူတာကပဲ ရထားစီးရမလား၊ အနောက်ဘက်ဘူတာကပဲ စီးရမလားဆိုတာကို မသိနိုင်ဘူး ဖြစ်နေတယ်။ ဘယ်ကစီးစီး အရေးကြီးတာကတော့ ပေပင်းကထွက်ဖို့ဟာက အဓိက။
ပြောပါရစေတော့ရဲ့။ ဒီဂျပန်ကောင်တွေကို ၀ါန်က မကြောက်ပါဘူး။ တော်တော့်ကို အသုံးမကျတဲ့ ကောင်မျိုးမှသာ သင်းတို့ကို ကြောက်မှာ။ မိန်းမယူတော့မယ်ရယ်လို့ လုပ်နေတဲ့ သူအဖို့ကတော့ ကံမကောင်းအကြောင်းမလှလွန်းမှပဲ သင်းတို့လက်ရောက်မှာပါ။ သူ့အနေနဲ့ကတော့ ပေပင်းက ထွက်ကို ထွက်ရလိမ့်မယ်။ အရှေ့ဘူတာကဖြစ်ဖြစ်၊ အနောက်ဘူတာကဖြစ်ဖြစ်။ မီးရထားလက်မှတ် ရရ၊ မရရ။ သူ့အနေနဲ့ တကယ်လုပ်မှာကတော့ ပေပင်းကထွက်ကို ထွက်သွားဖို့ပဲ။
ဒီလို ဘာလုပ်ရမယ်မှန်းမသိဘူးဖြစ်နေတုန်း ၀ါန်က စိတ်ကူးတစ်ခု ရပြန်တယ်။ ရထားပေါ် ကုန်ပစ္စည်းတင်တဲ့ အခန်းသွားပြီး သူ့ကိုယ်သူ တံဆိပ်တစ်ခုကပ်ပြီး ကုန်ပစ္စည်းတင်သလို တင်လိုက်ရင် မကောင်းဘူးလားလို့ တွေးမိတယ်။ ဒီလိုတင်လိုက်နိုင်ရင် ရထားလက်မှတ် မလိုတော့ဘူး။ ခက်နေတာက အဲဒီရုံးခန်းက အမှုထမ်းတွေက ခြေထောက်နှစ်ချောင်းနဲ့ လျှောက်နိုင်တာကို ကုန်ပစ္စည်းအနေနဲ့ လက်မခံဘူးတဲ့။ ဒီတော့လည်း ၀ါန်အဖို့ ဒီကောင်တွေကို ခေါင်းထဲမှာ ချေးပဲရှိတဲ့ အကောင်တွေလို့ ရွတ်ဖတ်သရဇ္ဈယ်ရင်း ကျေနပ်လိုက်ရတော့တာပဲ။
ဒါပေတဲ့ ပြဿနာရှိရင် အဖြေရှိတာပဲ။ ၀ါန်ကလည်း ငတုံးမှမဟုတ်ပဲ။ ဒီတော့ ပေပင်းမြို့ရဲ့ ကျိုင်းယန်းဂိတ်တံခါးနားဆီကနေ စီကျိတံခါးအထိ လှည်းကြုံစီး လိုက်သွားတယ်။ အဲဒီရောက်တော့ ပေပင်းကနေ စုအီယူအန်[***] ကိုသွားမယ့် ရထားရှိတယ်လို့ သိလိုက်ရတယ်။ ဒီတော့လည်း ၀ါန်က တယ်တော်တဲ့ငါပါလားလို့ ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်ရင်း အခြေအနေကို အသုံးချတတ်ပါမှ လူတော်လူကောင်းဖြစ်နိုင်တာပါကလားလို့တောင် သုံးသပ်လိုက်မိပြန်တယ်။ ဟုတ်သပေါ့။ သူသာ အခြေအနေကို အသုံးမချတတ်လို့ လှည်းကြုံစီးမလာခဲ့ရင် ခုလို ဒီမှာ ရထားအသေအချာရှိနေတယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ ဒီလိုမသိရင် သူ့အဖို့ ကြုံရာရထား လျှောက်စီးနေရမှာ။ ထားတော့ ဘယ်လိုပဲဖြစ်ဖြစ် ၀ါန်က ပေပင်းက စုအီယူအန်ကို သွားတဲ့ခရီးလမ်းကဖြင့် လာဘ်မကောင်းတဲ့ခရီး တစ်ခုပဲရယ်လို့တော့ မတွေးတော့ဘူး။ ခရီးကမြောက်ဘက်ကိုသွားမှာ။ အဲဒီမှာက ဂျပန်တပ်တွေ ရှိနေတယ်။ ဒီတော့ ၀ါန်တစ်ယောက် စိတ်ဓာတ်များ ကျမိလေမလား။
ဝါန်တစ်ယောက် ဘယ်ဆီကို သွားရမလဲ။ သွားဖို့ ဘယ်ကနေ ရထားစီးရမှာလဲ။ အရှေ့ဘက်ဘူတာကဖြစ်ဖြစ် အနောက်ဘက်ဘူတာကဖြစ်ဖြစ် စီးရမှာပဲ။ ဘယ်ဘက်ကိုသွားသွား အရေးမကြီးဘူး။ ဒါပေတဲ့ ဘယ်လိုမှ ရထားမသွားဘူးဆိုရင် ဘယ်လိုလုပ်ရမှာတုန်း။ အင်း ဒီတော့လည်း ဘာမှမတတ်နိုင်ဘူး။ ကိစ္စပြီးပြီလို့ပဲ ပြောရတော့မယ်။ ဒါပေတဲ့ ရထားတစ်စင်းထွက်ဖြစ်တယ်ဆိုပါစို့။ ၀ါန်တစ်ယောက် ရထားပေါ်ပါသွားအောင် မကြိုးစားဘူးရယ်လို့ မပြောနိုင်ဘူး။ ကြည့်။ ၀ါန်က စားစရာ တိုလီမိုလီ ၀ယ်ထားတာ။ အသီးအနှံ ၀ယ်ထားလိုက်တယ်။ ဒီပြင် ဘရန်ဒီတစ်လုံးတောင် ပါသေးတယ်။ ပြီးတော့မှ ရိက္ခာအစုံအလင်နဲ့ ဘူတာရုံကိုသွားပြီး ဘယ်လောက်ပဲစောင့်ရစောင့်ရ၊ စောင့်တော့မယ်လို့ သန္နိဋ္ဌာန်ချလိုက်တော့တယ်။ `ကောင်းပြီဟေ့ မိတ်ဆွေတို့။ ၀ါန်ကြီးတစ်ယောက်တော့ လာပြီကွဲ့။ မင်းတို့အထဲက တစ်ကောင်ကောင်ကို စီးရအောင်လာပြီ။ စီးရမယ်ဆိုလို့ကတော့ မီးခိုးနံ့ တညှော်ညှော်နဲ့တောင် စီးတော့မှာ´
အရှေ့ဘူတာရုံကို သူပြန်လာလိုက်တယ်။ အရှေ့ဘက်က အနောက်ဘက်ထက် အတော်ကလေး ကြည့်ပျော်ရှုပျော်ရှိတယ်။ ဟုတ်သပေါ့။ သတို့သမီး အရှာထွက်မယ့်လူဆိုတော့လည်း မျက်စိပသာဒ အလှကို ခံစားတတ်ရမှာကိုး။ ဒီလိုနဲ့ ၀ါန်တစ်ယောက် ယောင်ပေပေနဲ့နေလိုက်တာ ငါးနာရီလောက် ကြာသွားတယ်။ ဘူတာရုံအ၀နားဆီမှာ ယောင်လည်လည်ပဲ။ ဒီကိစ္စကတော့ သူလည်း ဘာမှမတတ်နိုင်ဘူး။ နည်းနည်းတော့ စိတ်ထဲမှာ ပူလာမိတယ်။ ဒါပေတဲ့လည်း သူ့အတွေးက ရှင်းရှင်းရယ်။ `ဇွဲရှိရှိနဲ့စောင့်နေလို့ကတော့ တစ်ခုခုဖြစ်လာမှာပဲ။ မတော် ဂျပန်တပ်တွေကများ တိုက်လာခဲ့ရင် ဘူတာရုံမှာရောက်နေတာက တခြားမှာရောက်နေတာထက် ကောင်းတယ်။ ဘူတာရုံအ၀မှာရှိတဲ့လူတွေက ထွက်ပြေးဖို့ ပိုလွယ်တယ်။ တစ်ခုတွေးကြည့်စမ်း။ မတော် ဂျပန်တပ်တွေက ပစ်ကြပြီဆိုပါတော့။ မီးရထားမောင်းသမားက မီးရထားကို မီးထိုးပြီး မောင်းပြေးမှာမဟုတ်လား။ အဲဒီတော့ ၀ါန်ကြီးအဖို့ အသာခုန်တက်ပြီး လိုက်သွားရုံပဲ။ ဒီအခြေအနေမှာဆို မီးရထားလက်မှတ်တောင် ၀ယ်စရာမလိုဘူး။ တီယန်ဂျင်ဆီကို သွားကရောပဲ။ ရထားက အင်္ဂလိပ်တွေနေတဲ့အပိုင်းက ဟိုတယ်ရှေ့မှာ ရပ်မှာ။ ဒီတော့ ၀ါန်ကြီးတစ်ယောက် ရထားပေါ်က အသာခုန်ဆင်း၊ ဟိုတယ်ထဲဝင်၊ ကော်ဖီတစ်ခွက်သောက်၊ ခြေလက်ကလေးသန့်စင်၊ ရထားပေါ်ပြန်တက်၊ ခရီးဆက်၊ နန်ကင်းအထိ။ ဒါမှမဟုတ်လည်း ရှန်ဟိုင်းအထိ ခရီးဆက်တော့မှာ။ မိုးစုန်းစုန်းမချုပ်ခင် ကျုပ်တော့ အခန်းကောင်းကောင်းကလေး တစ်ခုထဲမှာ..´။ အဲဒီနားလောက်အထိ အတွေးလည်းပေါက်ကရော ၀ါန်တစ်ယောက် ငါ့နှယ်၊ ကံကောင်းလှချည်ရဲ့လို့ တွေးမိပြီး ပျော်သွားရှာတယ်။ အသံထွက်ပြီး အော်ပရာထဲက သီချင်းကလေးတောင် ဆိုလိုက်မိတယ်။
နောက်ထပ်သုံးနာရီလောက် ကြာသွားပြန်တယ်။ အော်ပရာထဲကသီချင်းတွေထဲက သူရတဲ့ အဆုံးပိုဒ်ကလေးတွေ ဆိုနေတာလည်း အတော်ကြာသွားပြီ။ ဒါပေတဲ့ လူအုပ်ကိုတိုးဝှေ့ပြီး ရထားဘူတာက ပလက်ဖောင်းဆီရောက်နိုင်ဖို့ လမ်းစမတွေ့သေးဘူး။ မျှော်လင့်ချက် မရှိလှဘူး။ လူတွေကတော့ ထပ်ပြီးရောက်လို့ လာနေကြတယ်။ လူတွေဘယ်လောက်များ ကျပ်လာသလဲဆိုရင် သူဝယ်ထားတဲ့ပန်းသီးတွေထဲကတစ်လုံးဟာ လူတွေတိုးတာဖိတာ ခံရလွန်းလို့ အရည်တောင်ထွက်နေတယ်။ ဒါပေတဲ့ ၀ါန်ကတော့ လူတွေများလာလေလေ၊ နေလို့ထိုင်လို့ ကောင်းလာလေပဲလို့ ပြောရမယ်။ အကြောင်းကတော့ ပထမအချက်အနေနဲ့ လူတွေများလာတော့ ကြောက်စရာနည်းလာတယ်။ ဆိုကြပါစို့၊ ညဘက်ရောက်လာလို့ မှောင်လာတယ်ဆိုရင် မှောင်ချင်သလောက်မှောင်ပါစေ၊ တစ္ဆေကိုကြောက်နေစရာ မလိုတော့ဘူး။ ဒုတိယအချက်အနေနဲ့ကတော့ ဂျပန်ကို ဗုံးလာကြဲပြီပဲထား သေစရာရှိရင် သူတစ်ယောက်တည်းသေမှာ မဟုတ်တော့ဘူး။ အုံနဲ့ကျင်းနဲ့ သေကြရတော့မှာကိုး။ ဒီတော့ ကမ္ဘာကြီးက ထွက်သွားရတဲ့အခါ အဖော်မပါဘဲ တစ်ကိုယ်တည်းထွက်သွားရတာမျိုး မဟုတ်တော့ဘူး။ တတိယအချက်အနေနဲ့ကတော့ သူ့နောက်မှာ လူတွေထပ်ရောက်လာလေလေ၊ သူ့အနေနဲ့ ရထားပေါ်မရောက်မှာ သိပ်မပူရတော့ဘူး။ စဉ်းစားကြည့်လေ။ သူကသာ ရထားပေါ်မရောက်မှာ ပူနေရင် သူ့နောက်ကလူတွေ ဘယ်လောက်ပူကြလိမ့်မလဲ။ ဒီတော့ ၀ါန်အနေနဲ့ သူ့နောက်ကလူတွေကို မြင်ရလေလေ၊ အပူလျော့လာလေလေပဲ။
တစ်နည်းပြောရမယ် ဆိုရင်တော့လည်း ၀ါန်အနေနဲ့ ခုလို ရထားတဲ့အခြေအနေကလေးလည်း လျော့ပါးမသွားစေချင်ဘူး။ သူ့တံတောင်လည်း နားရတယ်တောင် မရှိဘူး။ ကျော်တက်ဖို့ တိုးဝှေ့လာတဲ့သူတိုင်း သူ့တံတောင်ရဲ့ အရသာကလေး မြည်းကြည့်လိုက်ကြရတော့တယ်။ တိုးဝှေ့လာတဲ့ကောင်တွေရဲ့ နံကြားကို တံတောင်နဲ့တွက်တာ အကောင်းဆုံးပဲလို့ ၀ါန်က မြင်တယ်။ ဗိုက်ကို ခပ်ပြင်းပြင်းတွယ်လို့တော့ မကောင်းဘူး။ မတော် သွေးတွေဘာတွေ အန်ထွက်လာရင် ကိုယ့်ကိုယ်တောင် ပေနိုင်တယ်။ ၀ါန်ကြီးအနေနဲ့ အဲဒီလို ပိုးစိုးပက်စက်ဖြစ်အောင်တော့ လုပ်မယ်ရယ်လို့ စိတ်ထဲမှာ မထားဘူး။ ဒီပြင် ခုလို တစ်နိုင်ငံလုံး အကြပ်အတည်းတွေ့နေတဲ့ ကာလကြီးမှာ ကိုယ့်လိုပဲ ဒုက္ခရောက်နေတဲ့လူ အချင်းချင်း၊ အဲဒီလောက်အထိတော့ မလုပ်သင့်ဘူးလို့ သူက မြင်သေးတာ။ ဒီတော့လည်း နံကြားထဲကို တံတောင်နဲ့တွက်တာလောက်ပဲ ကောင်းတယ်လို့ သူက လက်ခံထားလိုက်တော့တယ်။ ဒါကြောင့် ၀ါန်အနေနဲ့ သူ့တံတောင်နှစ်ဖက်ကို လိုအပ်တဲ့အခါ လိုအပ်တဲ့အတိုင်းအတာလောက်အထိပဲ သုံးတယ်လို့ပဲ ဆိုရတော့မယ်။
မယုံနိုင်အောင် အံ့သြစရာပဲ။ ဘူတာကနေ ရထားတစ်စင်း ထွက်သွားတယ်။ ၀ါန်က အတော်ကလေး စိတ်ဓာတ်တက်သွားတယ်။ ခုလို ဘူတာထဲက ရထားတစ်စင်း ထွက်သွားတယ်ဆိုရင်ပဲ နောက်ထပ် ထပ်ပြီးထွက်မယ့် ရထားပေါ်မှာ သူပါနိုင်တယ်လို့ တွေးမိတာကိုး။ နောက်ထွက်မယ့်ရထားမှာ မပါနိုင်တောင်၊ နောက်ထွက်မယ့်ရထား နောက်ထွက်မယ့်ရထားတွေမှာ ပါနိုင်လောက်တယ်လို့ တွေးမိတယ်။ ဒီတော့လည်း ၀ါန်တစ်ယောက် စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ပဲရှိတော့တယ်။ ဒီတော့ ဘူတာရုံမှာပဲ နှစ်ည၊ သုံးညလောက် အိပ်ရလိမ့်မယ်ဆို ဘယ်လိုလုပ်ရမတုန်း။ ၀ါန်အဖို့တော့ ဒါ ပြဿနာမဟုတ်ပါဘူး။
အဲဒီတုန်းမှာပဲ ၀ါန်အနားမှာ ရပ်နေတဲ့လူတစ်ယောက်က အားရပါးရ အာခေါင်ကိုခြစ်ပြီး သလိပ်ဟပ်လိုက်တယ်။ ပြီးတော့ ပက်ခနဲထွေးလိုက်တာ ၀ါန်ရဲ့ဖိနပ်ပေါ် ကျသွားတယ်။ ၀ါန်စိတ်ထဲမှာတော့ စော်ကားတယ်ရယ်လို့ မမှတ်လိုက်ဘူး။ စော်ကားတယ်လို့မှတ်ပြီး တုံ့ပြန်ဖို့ဆိုတာက ပတ်ပတ်လည်မှာ လူတွေကအပြည့်ကိုး။ မတော် သူက သယ်ချင်လို့လှုပ်မယ်ဆိုရင်တောင် လူတွေကပြည့်ကျပ်နေလို့ လှုပ်ရှားဖို့မလွယ်ဘူး။ ဒီတော့ ၀ါန်ကလည်း အားရပါးရ သလိပ်ဟပ်လိုက်ပြီး အဲဒီလူရဲ့ ဖိနပ်ဆီချိန်ပြီး ထွေးလိုက်ရင်းနဲ့ပဲ တုံ့ပြန်လိုက်တော့တယ်။
အခုဆို အတော့်ကိုမှောင်လာပြီ။ ဒီညအဖို့တော့ နောက်ထပ်ရထားထွက်တော့မှာ မဟုတ်ဘူးလို့ လူတွေက ပြောလာကြတယ်။ ဒီမှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး ၀ါန်က တွေးလိုက်မိတာကတော့ နေ့ဘက်ပိုင်းကျမှ ထွက်မယ့်ရထားကို ဆက်စောင့်မနေဘူးဆိုရင်တော့ သူသည်းခံပြီး စောင့်လာတာတွေ အလကားဖြစ်သွားတော့မှာပဲ။ မနက်ကျမှ ဘူတာကိုပြန်လာရင် အခု သူရောက်နေတဲ့နေရာလည်း ရမှာမဟုတ်တော့ဘူး။ ဒီတော့ ဒီမှာပဲ ဆက်နေတာကောင်းမယ်။ ဒီမှာနေလိုက်ရင် တည်းခိုခန်းသွားအိပ်တဲ့ စရိတ်တောင် သက်သာဦးမယ်။ ဒိပြင် မိန်းမသားတွေကတောင် ပြန်မပြေးကြလေတော့ သူသာပြန်ရင် ၀ိုင်းဟားကြတော့မှာ။ ၀ါန်အဖို့ သတ္တိရှိရှိ ဒီမှာပဲ ဆက်နေရတော့မှာပဲ။ သူ့ကိုယ်သူ ရဲဆေးတင်အားပေးတဲ့အနေနဲ့ စစ်အတွင်းကာလမှာ ကြွေးကြော်ကြတဲ့ ဆောင်ပုဒ်တစ်ခုနှစ်ခုကို အသာရေရွတ်လိုက်မိတယ်။
တစ်ညလုံးလိုလို ၀ါန်တစ်ယောက် လှုပ်တာရှားတာ သိပ်မတွေ့ကြရဘူး။ အေးသမှလည်း သေလုမြောပါးပဲ။ ဒီတော့ စစ်အတွင်းကာလရဲ့ ဒုက္ခကို သူ့အနေနဲ့ အထိုက်အလျောက် တာဝန်ယူလိုက်ရတယ်လို့ပဲ ပြောရတော့မယ်။ ဒါပေတဲ့ သူ့အတွက်ပဲဖြစ်ဖြစ်၊ တရုတ်တစ်နိုင်ငံအနေနဲ့ပဲဖြစ်ဖြစ် ဒီဒုက္ခဟာ ဘယ်မှာကြီးတယ်လို့ ခေါ်နိုင်မှာလဲ။ လူ့အဖွဲ့အစည်းထဲမှာ အတော်အတန် သြဇာတိက္ကမ ရှိသူတွေဆိုရင် ဒီဒုက္ခမျိုးနဲ့ ဘယ်မှာတိုးကြရမှာတုန်း။ အင်း ဒါပေတဲ့လည်း လူ့ကံဆိုတာက ဘယ်လိုလုပ်ပြီး တူကြမှာတုန်း။ ဆိုကြပါစို့။ လန်ချားစီးမယ့်သူ ရှိမယ်ဆိုရင်တော့ ဆွဲမယ့်သူက ရှိရတော့မှာပဲ။ ဟုတ်တယ် မဟုတ်လား။ ဒီတော့ လန်ချားကို ဆွဲတဲ့လူတွေသာ ရှိနေပြီး စီးမယ့်သူမရှိတော့ရင် ဆွဲတဲ့လူက လယ်သူ့ကို တင်ဆွဲရတော့မှာလဲ။ ဒီလိုတွေးလိုက်မိတော့ တယ်တော်တဲ့ အတွေးအခေါ်ပါလားရယ်လို့ တွေးလိုက်မိလို့ ၀ါန်က သူ့ကိုယ်သူတောင် ချီးကျူးမိလိုက်တယ်။
ဂျပန်စစ်တပ်တွေ ၀င်သိမ်းလိုက်တယ်ဆိုတဲ့ နေရာတိုင်းမှာ လူ့အဖွဲ့အစည်းထဲက ပေါက်ပေါက်ရောက်ရောက် ရှိတဲ့သူတွေဟာ တပ်တွေမရောက်ခင်ကတည်းက ကရောသောပါးနဲ့ ပြေးကြကရော။ အဲဒီနောက် ပိုက်ဆံရှိတဲ့လူတွေက ကပ်လိုက်ကြတော့တာပဲ။ ပေါက်ပေါက်ရောက်ရောက်လည်း မရှိဘူး၊ ပိုက်ဆံလည်း မရှိဘူးဆိုတဲ့ လူတွေကတော့ သေဖို့ထိုင်စောင့်နေကြရုံပဲ။ ၀ါန်ကြီးအနေနဲ့ကတော့ သေဖို့ထိုင်စောင့်နေကြရတဲ့ အဖွဲ့ထဲမှာ မပါလို့ ကံကောင်းတယ်ပဲ ခံရလိမ့်မယ်။ ဒါကိုများ သူက မကျေမနပ်ဖြစ်နေခဲ့ရင်တော့ သူကံကောင်းနေခဲ့တာကို စော်ကားသလို ဖြစ်နေမှာ။ ဒီတော့ ခုလို နည်းနည်းပါးပါး ဒုက္ခခံနေရတာကို ဘယ်မှာ ညည်းညူနေလို့ ဖြစ်မှာတုန်း။ ဒီတော့လည်း သူက တွေးမိပြန်တယ်။ ရထားမှာတောင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းရယ်လို့ အတန်းအစားခွဲသေးရင် လူတွေကို ဘာလို့မခွဲရမှာတုန်း။ ဂျပန်စစ်သားတွေရောက်လာပြီး သူတို့ကို ချွေးတပ်မစွဲရင် ပြီးတာပဲလို့ ၀ါန်က တွေးမိပြန်တယ်။ ချွေးတပ်အဆွဲခံရလို့ကတော့ ရထားတွေကို ဆွဲရတဲ့အထဲမှာ ရောက်ပြီး ဇာတ်သိမ်းဖို့ပဲ ရှိတော့တယ်။ ဒီလိုတော့ ၀ါန်တစ်ယောက် တတ်နိုင်လိမ့်မယ် မဟုတ်ဘူး။ ၀ါန်ခမြာ အဲဒီည တစ်ညလုံး ပါးစပ်က တစ်ခွန်းမျှမပြောပေတဲ့ ဦးနှောက်ထဲမှာတော့ တစ်ခါကမှ အဲဒီလောက် အလုပ်မရှုပ်ခဲ့ဖူးဘူး။ ဘရန်ဒီပုလင်းကလေးရဲ့ အကူအညီကလည်း ရလိုက်လေတော့ တွေးခေါ်ရုံတင်မဟုတ်တော့ဘူး။ စိတ်ကူးကလေးများတောင် ယဉ်နေမိသေးတယ်။
နောက်တစ်နေ့မိုးလင်းတော့ သူ့အနားမှာရှိတဲ့လူတွေ အပြောအရ နောက်ထပ်ရထား မထွက်တော့ဘူးတဲ့။ ၀ါန်က ပတ်ပတ်လည်ကို တစ်ကြိမ်လှည့်ကြည့်လိုက်မိတယ်။ ပြီးတော့မှ ဆုံးဖြတ်ချက်ချလိုက်တယ်။ ရထားရှိရှိ၊ မရှိရှိ။ ကျုပ်ကတော့ မရွေ့တော့ဘူး။ ဒီပြင်၊ ရထားမထွက်တော့ဘူးဆိုတာက ကောလာဟလ မဟုတ်ဘူးရယ်လို့ ဘယ်သူကပြောနိုင်သလဲ။ ရထားစောင့်နေတဲ့လူတွေ စိတ်ဓာတ်ကျပြီး ဘူတာထဲက ထွက်သွားကြအောင် အချို့လူတွေက သတင်းဖြန့်တာ ဖြစ်ချင်ဖြစ်နေမှာ။ ၀ါန်အနေနဲ့ကတော့ ဘယ်သူကမှ သူ့ကို အူကြောင်ကြောင်ဖြစ်သွားအောင် အလုပ်မခံဘူး။ ဒီတော့ ၀ါန်ကြီးကို သူ့နေရာက တစ်လက်မတောင် ရွေ့တာ တွေ့ကြရမှာမဟုတ်ဘူး။ အဲသလို မရွေ့တာကလည်း အကြောင်းတော့ ရှိတယ်ပြောရမယ်။ သူ့ခြေထောက်တွေက ရပ်နေရတာကြာပြီမို့ ထုံကျင်နေတယ် ဒီတော့ ရွေ့လို့က မလွယ်ဘူး။
ဝါန်ဝယ်ထားတဲ့ စားစရာတွေကလည်း ကုန်သွားပြီ။ ပေါက်စီရောင်းနေတဲ့လူတော့ ရှိတယ်။ ဒီလူကလည်း အမြတ်ကြီးစားလွန်းတယ်။ ပေါက်စီနှစ်လုံး ဆယ်ပြားတဲ့။ ဈေးမကြီးလွန်းပေဘူးလား။ သူ့အနေနဲ့ကတော့ တစ်ခုခုဝါးဖို့ လိုနေပြီ။ ကြည့်ရတဲ့အတိုင်းကတော့ဖြင့် ပေါက်စီရောင်းတဲ့လူက ပိုက်ဆံရဖို့ဖြစ်လာတော့ သူ့အနေနဲ့ ပိုက်ဆံကုန်ပေါက်တိုးတာပဲ။ ဒါပေတဲ့ အခုလို အခြေအနေမျိုးမှာ ခင်ဗျားတို့ဆို ဘယ်လိုလုပ်ကြမလဲ။ လူဆိုတာ စားတော့ စားရမှာပဲ။ ဒီတော့ အဓိပ္ပာယ်မရှိဘဲ ခေါင်းမာနေလို့ ဘယ်ဖြစ်တော့မှာတုန်း။
ပေါက်စီရောင်းတဲ့လူကလည်း အတော်ခက်ခက်ခဲခဲနဲ့ သူ့ဆီရောက်အောင် တိုးဝှေ့လာရတာ။ လူတွေက ကြပ်ညှပ်နေတာကိုး။ ပိုဆိုးတာက ပေါက်စီသည်ဘက်ကို မျှော်ကြည့်နေကြပေတဲ့ ပေါက်စီမ၀ယ်ဘဲ ရှေ့က ပိတ်ဆို့နေကြသူတွေရဲ့ ခေါင်းတွေ။ ဒီလူတွေအတွက်လည်း မလွယ်လှဘူး။ ဒီတော့ ဘယ်သူ့အတွက်မှ မလွယ်တဲ့ ကိစ္စပဲ။ ဒါပေတဲ့ မတတ်နိုင်ဘူး။ ဆိုးစကား ရှိထားခဲ့သလိုပဲ၊ ပြဿနာပေါ်လာရင် ၀ိုင်းဝန်းခံဖို့ပဲ မဟုတ်လား။
အဲဒီနေ့က ပေါက်စီရောင်းတဲ့လူက အတော်ပိုက်ဆံရလိုက်တယ်။ ဂျပန်တပ်တွေ ရောက်လာရင်တော့ ဒီကောင့်ကို ချက်ချင်းဆွဲတော့မှာပဲ။ ခု ဒီကောင်ခေါင်းပုံဖြတ်သမျှ အဲဒီကျမှ သင်းခံရတော့မှာ။ တရားပါတယ်။ `ငါသာ ပေါက်စီရောင်းတဲ့လူဆို ဘယ့်နှယ်လုပ်မလဲ´ လို့ ၀ါန်က တွေးလိုက်မိပြန်တယ်။ `ငါဆိုရင်တော့ ပေါက်စီတစ်လုံးကို ဆယ်ပြားနဲ့ရောင်းမှာ။ ဘယ်ကိစ္စမဆို ကိုယ့်အမြင်နဲ့ကိုယ်ပဲ မဟုတ်ပေဘူးလား´။
ဝါန်တစ်ယောက် စောင့်နေလိုက်တာ ညနေလေးနာရီကို ထိုးရော။ ဒီတော့ ပေပင်-ရှန်ဟိုင် အမြန်ရထား သွားလိမ့်မယ်ရယ်လို့ သတင်းကြားလာရတယ်။ ပြောရမှာတော့လည်း အခက်သား။ ခုလို သတင်းကြားလိုက်ရတော့ ၀ါန်ကြီးစိတ်ထဲမှာ တစ်မျိုးဖြစ်မိတယ်။ ဖြစ်ဆို အစစအရာရာ အဆင်ပြေသလိုဖြစ်သွားတာကိုး။ သူစောင့်နေရတာက တစ်ရက်နဲ့တစ်ညပဲ ရှိသေးတာ။ ဒါပေတဲ့ သွားရမယ်ဆိုလို့ကတော့ ဘာဖြစ်လို့ အချိန်ဖြုန်းနေရတော့မှာလဲ။ သွားရုံပဲပေါ့။ ဟုတ်ပြီ။ ရထားနဲ့လိုက်သွားခဲ့ပြီဆိုပါစို့။
သူဘယ်မှာဆင်းရမလဲ။
ရှန်ဟိုင်းအထိတော့ သူမသွားဘူး။ သွားသင့်တဲ့အရပ်လည်း မဟုတ်ဘူး။ အဲဒီမှာ ဂျပန်မိစ္ဆာကောင်တွေကို တိုက်ဖို့ တရုတ်တပ်မကြီး ဆယ့်ကိုးက တပ်စွဲထားတယ်မဟုတ်လား။ ဂျပန်တပ်တွေကို တရုတ်တပ်တွေက အပြတ်နိုင်တာ။ ဂျပန်တပ်တွေက တရုတ်တပ်တွေကို ဒူးတုပ်ပြီး အဖေခေါ်ရင်း သူတို့ကို သနားညှာတာဖို့ တောင်းပန်နေကြရတာ။ ဒီတော့လည်း ဂျပန်လေယာဉ်ပျံတွေရောက်လာပြီး ဗုံးတွေကြဲလိုက်သမှ ရနံ့စုံတောလို့ခေါ်တဲ့ စားပွဲရုံက စားပွဲထိုးတွေအများကြီး သေတာပဲ။ ၀က်အူချောင်းတွေရော၊ လူ့အခေါက်တွေပါ လေထဲပျံတက်ကြကုန်ရော။ ရှန်ဟိုင်းတောင် အဲဒီလောက်အထိ သွားရေးလာရေး စိတ်မချရဘူးဆိုရင် နန်ကင်းဆိုတာက ထည့်မစဉ်းစားနဲ့တော့။ ဂျပန်တွေက လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့နေရာ မဟုတ်ဘူး။ အောက်ဖက်ဆီက ဂျန်စီပြည်နယ်ဘက်မှာတော့လည်း ကွန်မြူနစ်တွေက နေရာတကာမှာ။ ဘယ်သူကများ အဲဒီသွားပြီး ဓားရှောင်ရ၊ ကျည်ဆံရှောင်ရ လုပ်ချင်နေမှာတုန်း။
သူ့ရှေ့နားဆီကလူက ဂျိနန်ကိုသွားဖို့ ဒုတိယတန်းလက်မှတ် ၀ယ်လိုက်တယ်။ ဂျိနန် ဟုတ်လား။ ဘယ်ဆိုးလို့တုန်း။ မဆိုးရုံတင်မကဘူး၊ ကောင်းတယ်လို့တောင် ပြောရမယ်။ ဒီတော့ ဂျိနန်ကိုသွားတာပေါ့။ တစ်ခုတော့ရှိတယ်။ ဂျိနန်မှာ သတ်ဖြတ်နေတာတွေ ပြီးသွားပလား။ ဟိုရောက်ကာမှ မေးမြန်းကြည့်ရတော့မှာပဲ။ အခြေအနေသိပ်မဟန်သေးရင်တော့ တောင်ဘက်ကို ဆက်ပြီးသွားရုံပေါ့။ စိတ်ကူးကတော့ နိပ်ပါ့။
ဝါန်က ဒုတိယတန်းလက်မှတ်တစ်စောင် ၀ယ်လိုက်တယ်။ ဒါပေတဲ့ စီးတော့ တတိယတန်းက စီးရလိမ့်မယ်။ အဲဒါကတော့ ဒီလို။ `တစ်မျိုးသားလုံးဆိုင်ရာ ပြဿနာ´ ပေါ်နေတဲ့အခါမှာ အဆင့်တစ်ဆင့်ဆီ လျော့ကြရတယ်။ ပေါက်ပေါက်ရောက်ရောက်ရှိတယ်၊ သြဇာအာဏာရှိတဲ့လူတွေ၊ မီးရထားလက်မှတ်လည်း ၀ယ်စရာမလိုတဲ့ လူတွေက ပထမတန်းက စီးကြတယ်။ ဒီတော့ ပထမတန်းလက်မှတ်ရှိတဲ့ လူတွေက ဒုတိယတန်းမှာ စီးကြရတယ်။ ဒုတိယတန်းလက်မှတ်ရှိတဲ့ လူတွေက တတိယတန်း သွားစီးကြရတယ်။ တတိယတန်း လက်မှတ် ရှိတဲ့ လူတွေကတော့..၊ အင်း တတိယတန်းကလူ ပထမတန်းတော့ သွားမစီးရဘူးဆိုတဲ့ မူကလေးက ရှိနေလေတော့ လက်မှတ်ကို လက်ထဲမှာကိုင်ပြီး လမ်းလျှောက်ကြရုံပေါ့။ အဲဒီလိုမှမလုပ်ချင်လည်း သူတို့တည်းနေတဲ့ တည်းခိုခန်းပြန်ပြီး လေးငါးရက်လောက်စောင့်ပေါ့။ အခြေအနေကတော့ ပြောင်းလိမ့်မယ်မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ၀ါန်ကြီးတစ်ယောက်ကတော့ဖြင့် ဒုတိယတန်းကလက်မှတ် ရ,ထားတယ်။ ဒီတော့ ရထားစီးရမယ့်ပုံပဲ။ လမ်းလျှောက်သွားရတာထက် စာရင်တော့ အတော့်ကို ဟန်ကျတာပေါ့။
သိပ်မကြာခင်က ဒုတိယတန်းလက်မှတ်ရှိတဲ့လူနှစ်ယောက်ဟာ ရထားတွဲပေါ်ရောက်တော့ ထိုင်စရာနေရာ တွေ့သွားတယ်။ ထိုင်လည်းပြီးကြရော လူတွေပြုံတိုးလိုက်တာနဲ့ ထိုက်ရက် သေသွားကြရရှာတယ်။ အဲဒီကတည်းက ရထားပေါ် အရဲစွန့်ပြီး မထိုင်ကြတော့ဘူး။ အန္တရာယ်များတာကိုး။ မတော် ထိုင်လိုက်မိကြပြန်ရင်လည်း ဘယ်လိုလုပ်ပြန်ပြီး မတ်တတ်ပြန်ရပ်ကြရမှန်း သိမှာမဟုတ်တော့ဘူး။ ထိုင်မယ်ဆိုရင်တော့လည်း ဘုန်းကြီးအိုကြီးတွေ တရားထိုင်သလို မလှုပ်မရှက် နေကြရမှာ။ ဟိုခရီးသည်နှစ်ယောက်ကတော့ တရားမှတ်သလို ထိုင်လိုက်တာ တစ်ခါတည်း ကောင်းကင်ဘုံကို ရောက်သွားတော့တာပဲ။ ဒီတော့လည်း ၀ါန်အနေနဲ့ သူတို့လမ်းစဉ်တော့ မလိုက်တော့ဘူး။
ဒီပြင်တော့ သူရပ်နေတဲ့နေရာကလည်း သိပ်မဆိုးလှဘူး။ ရထားတွဲရဲ့ အလယ်ခေါင်တည့်တည့်လောက်မှာ။ ရထားကသွားရင် လှုပ်သွားတဲ့အခါ ပြတင်းပေါက်အနား ထိုင်နေတဲ့လူတွေဆိုရင် ခေါင်းနဲ့ပြတင်းပေါက်နဲ့ တိုက်မိတတ်ကြတယ်။ ၀ါန်ကတော့ ဟန်ကျတယ်။ သူ့ဘေးနားကလူနဲ့ပဲ တိုက်မိတတ်တော့ အတော်သက်သာတယ် ပြောရလိမ့်မယ်။ သူ့ဘေးဘီမှာရှိတဲ့ ခရီးသည်တွေအနေနဲ့ကတော့ သိပ်မသက်သာရှာဘူး။ ကြည့်ရတာကတော့ဖြင့် ကောင်းကင်ဘုံဆီက ကိုယ်တော်ကြီးတွေက ၀ါန်ကြီးကို စောင့်ရှောက်နေကြပုံ ရတယ်။ ကြည့်လေ၊ သူ့ရှေ့ကငနဲက သူ့ထက်ပုတယ်။ ဒီတော့ ၀ါန်အဖို့ ခေါင်းတင်စရာနေရာ ရနေသလိုပဲ။ သူ့နောက်က ငတိကတော့ ၀၀ဖိုင့်ဖိုင့်ကြီး။ ဒီတော့လည်း ဆိုဖာကြီးလိုဖြစ်နေတာပေါ့။ ဒါတင်ဘာဟုတ်သေးလဲ၊ ၀ါန်က သူလုပ်ချင်ရာလုပ်လို့ရတဲ့ အနေအထားမှာ ရောက်နေတာ။ ဆိုကြပါစို့၊ ၀ါန်က နှပ်ညှစ်ချင်တယ်ဆိုရင် လူတွေနဲ့ ညှပ်နေလို့ သူ့နှာခေါင်းကိုဖိဖို့ သူ့လက်ကို မြှောက်လို့မရဘူး။ ဒီတော့ သူ့ရှေ့ကလူရဲ့ခေါင်းပေါ် အသာကျော်ပြီး ပစ်မှတ်ယူရင်း နှာခေါင်းနှစ်ပေါက်စလုံးကို နှစ်လုံးပြူးများ တစ်ပြိုင်တည်းပစ်သလို ခပ်ပြင်းပြင်းညှစ်ထုတ်လိုက်ရုံပဲ။ ရှေ့ဘက်က တစ်ယောက်ယောက်ကျောကို သွားမှန်တာပဲ။ ဒီတော့ဘည်း ဘယ်ဘက်ကကြည့်ကြည့် ၀ါန်တစ်ယောက် ရထားတွဲထဲမှာရထားတဲ့ နေရာက မနိပ်လှဘူးလို့ ပြောလို့ကို မဖြစ်တော့ဘူး။
ဒီလိုနဲ့ ရထားဟာ တီအန်ဂျင် ဗဟိုဘူတာရုံကြီးထဲ ရောက်လာခဲ့တယ်။ ဒါပေတဲ့ ခရီးသည်တစ်ယောက်မှ ပလက်ဖောင်းပေါ်ဆင်းပြီး ခြေဆန့်လက်ဆန့်တောင် မလုပ်ကြဘူး။ ခရီးသည်တွေရဲ့ ပါးစပ်ပေါက်တွေကနေ ခပ်ဆင်ဆင်မေးခွန်းတွေ ထွက်လာတယ်။ `အကျိုးနည်း ဘာလို့ဒီမှာ ရပ်တာတုန်း´။ `သွားကြစို့၊ ရထားစုတ် ဒီဘူတာကနေ ထွက်စမ်းပါဟ´။ တီအန်ဂျင်လို့ အသံကြားကတည်းက ကျောထဲ စိမ့်နေကြတာမို့ တကယ်လည်းရောက်လာရော ပိုပြီး လန့်နေမိကြတာပဲ။ ရထားက တီအန်ဂျင်မှာ တစ်နာရီကျော်ကျော်ရပ်ပေတဲ့ ဘယ်သူမှ ရထားပေါ်က မဆင်းရဲဘူး။ ဆင်းဖို့နေနေသာသာ ရထားပေါ်ကနေတောင်လှမ်းပြီး အပြင်ဘက်ကို မကြည့်ရဲကြဘူး။ မတော် ဂျပန်မိစ္ဆာကောင်တွေနဲ့ အကြည့်ချင်းဆုံသွားမှာ ကြောက်ကြလို့ပဲ။ အကြည့်ချင်းဆုံရုံလောက်နဲ့ သေကောင်ပေါင်းလဲတော့ မဖြစ်လောက်ဘူးပေါ့။ ဒါပေတဲ့ အတော်ဖင်တုန်သွားမိမှာ။
နောက်ဆုံးတော့ ရထားဟာ ဗဟိုဘူတာကြီးကနေထွက်လာပြီး တီအန်ဂျင်ရဲ့ဘူတာဟောင်းမှာ ရပ်ပြန်ပါရော။ ပြီးတော့ တီအန်ဂျင်ဗဟိုဘူတာကြီးဆီ ပြန်သွားပြန်ပါလေရော။ ခရီးဆုံးကို ရောက်ပါတော့မလား။ ရထားမောင်းတဲ့အကောင်တွေ ဘာများလုပ်နေကြတာတုန်း။ မိုးကြိုးပစ်ခံကြမယ့် အကောင်တွေ။ ခရီးသည်တွေကတော့ ဘူတာရုံက ရုံပိုင်ကြီးကို မတွေ့လိုက်ကြရဘူး။ တွေ့များတွေ့လို့ကတော့ ခရီးသည်တွေစိတ်ကျေနပ်အောင် ဆဲလိုက်၊ ကျိန်လိုက်လုပ်ရုံနဲ့ ခမြာများ သေလောက်တယ်။
`သတင်းစာတွေရမယ်..နောက်ဆုံးပေါ် ၀တ္ထုတွေရမယ်´။ ဒီကောင်တွေကလည်း တစ်မျိုး။ ဒီလိုနေရာမျိုးမှာ ဈေးရောင်းနေကြရသတဲ့လား။ ဒီကောင်မျိုးတွေက ကိုယ့်အသက်ကိုတောင် တန်ဖိုးမထားတတ်တဲ့ အကောင်တွေ။ ဒီမှာ ကြာကြာနေလို့ကတော့ တစ်ချိန်မဟုတ်တစ်ချိန် ဗုံးအကြဲခံရလို့ အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်တော့မှာပဲ။ အသုံးမကျတဲ့ အကောင်တွေကတော့ ပျော်နေကြပုံရတယ်။
နောက်ဆုံးတော့ ဗဟိုဘူတာကြီးကနေ ရထားထွက်လာခဲ့တယ်။ တီအန်ဂျင်က မီးရောင်တွေကို ပျပျလောက်ပဲ မြင်ရတော့တဲ့အထိ ဘယ်ခရီးသည်ကမှ အသက်ပြင်းပြင်း မရှူရဲကြဘူး။ ငရဲတွင်းကထွက်လာပြီး နောက်ထပ်ရပ်မယ့်ဘူတာဟာ နိဗ္ဗာန်ဘုံရဲ့ တံခါးဝပဲလို့ ထင်ကြပုံရတယ်။ ကန်ဂျောင်ကိုရထားရောက်တော့ ခရီးသည်တွေရဲ့ ခြေထောက်တွေဟာ မာတောင့်ပြီး သစ်သားခြောက်တွေလို ဖြစ်နေတယ်။ စိတ်တွေကတော့ အတော့်ကို ပေါ့ပါးလာကြတယ်။ ၀ါန်ရဲ့ အော်ပရာသီချင်းသံတောင် ပြန်ပြီးကြားလာရတယ်။ ဒေဂျိုကို မိုးမလင်းခင်ရောက်လာတယ်။ ရောက်တယ်ဆိုတာနဲ့ ခရီးသည်တွေက ကြက်သားကြော်၊ ၀က်သားခြောက်၊ ကြက်ဥနဲ့ သောက်ရေအတွက် ကြိုထားတဲ့ရေ စတာတွေကို ဆင်းပြီးဝယ်ကြတယ်။ ခုဆို သူတို့ဘ၀က သူတို့လက်ထဲမှာပြန်ရောက်နေတာ မဟုတ်လား။ ဒီတော့လည်း ဗိုက်ထဲမှာ အစာမရှိဘဲနေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။
ဝါန်ကြီးတစ်ယောက်လည်း ရထားပေါ်က မဆင်းဘဲတော့ ဘယ်နေလိမ့်မှာတုန်း။ သူတတ်ထားတဲ့ ဗန်တိုဗန်ရှည်ရယ်၊ အမေရိကန်တွေကစားတဲ့ ဘောလုံးကစားပုံမျိုးရယ်၊ တရုတ်လက်ဝှေ့ပညာရယ် ရောထွေးသုံးလိုက်ရင်း လူအုပ်ကြားထဲက ကျော်ဖြတ်တက်လိုက်ရင်း ဒေဂျို ကြက်ကြော်ဆိုင်ရှေ့ဆီ အရောက်လာခဲ့တယ်။ သူ့လိုလူတွေကလည်း အများကြီးပဲမို့ ကြက်ကြော်ရောင်းနေတဲ့လူခမြာ နောက်ထပ်လက်တစ်စုံစီ အပိုပေါက်လာတောင် လက်လည်မှာ မဟုတ်ဘူး။ လူတွေက ဒေဂျိုကြက်ကြော်ကို သွားရေမြားမြားနဲ့ အာသာငမ်းငမ်းဖြစ်နေကြတော့ ကြက်သတ်သံတွေကလည်း သောသောညံလို့သာ နေတော့တယ်။ ဒါပေတဲ့ ဒေဂျိုကြက်ကြော် ဆိုတာက နာမည်ကြီး။ ဒီရောက်တုန်း ဒါမှမစားလိုက်လို့ကတော့ ဘယ်မှာ လူဖြစ်ကျိုးနပ်တယ် ခေါ်နိုင်တော့မှာလဲ။
ဝါန်က လူတစ်ယောက်လက်ထဲက ကြက်ကြော်ကို လှမ်းပြီး လုယူလိုက်တယ်။ သေတောင် သူ့လက်က လွှတ်မယ့်ပုံမပေါ်ဘူး။ တစ်ခုတော့ ရှိတယ်။ အဲဒီလို လုမယူလည်း ဘယ်တော့မှ သူရမှာမဟုတ်ဘူးကိုး။ လက်ထဲကို ကြက်ကြော်လည်းရောက်ရော ၀ါန်က ပါးစပ်ထဲကို အငမ်းမရ ထည့်လိုက်တယ်။ အားဟား နတ်သုဒ္ဓါဆိုတာ ဒါမျိုးပဲ။
ခုလို ဒေဂျိုကြက်ကြော်ကို အရိုင်းအစိုင်းတွေစားသလို စားရတာကလည်း ပျော်တော့ပျော်စရာပဲ။ အထူးသဖြင့် မိုးတောင်မလင်းသေးဘူး၊ ကြက်ကြော်ကို အငမ်းမရစားရတာမျိုး။ ကြည့်လေ၊ တိုင်းပြည်ကြီးသာ အမြဲတမ်းငြိမ်းချမ်းနေရင် အသာမြုံ့ပြီး ဇိမ်ကျကျနဲ့ စားရမယ့်အစာကို ဘယ်မှာအခုလို အငမ်းမရ စားကြရမှာတုန်း။ ဘူတာရုံကိုစောင့်ရတဲ့ စစ်သားတွေ၊ ပုလိပ်တွေခမြာလည်း သူတို့ဘာသာ အလုပ်ရှုပ်နေကြတယ်။ နံပြားရောင်းတဲ့ ကောင်ကလေးတစ်ယောက်ခမြာ တိုးဝှေ့လာတဲ့ လူအုပ်ကြီးရဲ့ တံတောင်ဆစ်စာမိသွားလို့။ ကောင်ကလေးဆီက နံပြားဝယ်ရင်း အသလွတ်တွယ်သွားကြတာကတော့ နည်းနည်းလွန်တယ်လို့ ပြောရလိမ့်မယ်။ နံပြားဝယ်ဖို့ တက်ကြွနေတဲ့လူအုပ်ကြီးကိုကြည့်ပြီး ကောင်းတဲ့ဘက်ကတွေးပြီး ပြောမယ်ဆိုရင်တော့ စစ်အတွင်းကာလမှာတောင် လူတွေဟာ တက်ကြွမှုရှိသေးတယ်လို့ ပြောရမှာပဲ။
ခုဆို ပုလိပ်တွေလည်း တရုန်းရုန်းဖြစ်နေတဲ့ လူအုပ်ကြီးကို အားရပါးရ ကြာပွတ်နဲ့ချနေတော့တယ်။ သွေးဆူနေပုံရတဲ့လူကို တည့်တည့်ချိန်ပြီး တွယ်တော့တာ။ ကြာပွတ်နဲ့တွယ်ပြီး ပြုံးတောင်ပြလိုက်သေးတယ်။ ဟုတ်သပေါ့။ သင်းတို့ကမှ လူတွေကိုကြာပွတ်နဲ့မတွယ်ရင် ဘာလို့ ပုလိပ်လုပ်နေကြရမှာတုန်း။ ကျုပ်တို့ တရုတ်ပုလိပ်တွေက ဘယ်သူ့ကို သွားတွယ်ကြရမှာတုန်း။ ဂျပန်တွေက ကျုပ်တို့ကို လာတွယ်လှည့်လို့ ပြောမယ်လို့များ ခင်ဗျားတို့ ထင်နေကြသလား။
ကြာပွတ်နဲ့ ရိုက်ရိုက်, မရိုက်ရိုက် လူအုပ်ကြီးကတော့ ပူပုံမရဘူး။ ကြက်ကြော်မရသေးတဲ့ လူတွေကတော့ မရမချင်း နောက်ဆုတ်မယ့်ပုံမပေါ်ဘူး။ ၀ါန်ကြီးတစ်ယောက်ကတော့ ကြက်ကြော်ရပြီးပြီမို့ ဒီလူအုပ်နဲ့အတူ ရှေ့တိုးစရာအကြောင်းမရှိတော့ဘူး။ ကြာပွတ်ရိုက်တာ တစ်ချက်လောက် ခံရတယ်ပဲ ထားဦးတော့၊ ၀ါန်အဖို့တော့ အယားပြေရုံလောက်ပဲ။ တရားသဖြင့် ပြောရမယ်ဆိုရင်တော့ သိမ်းကျုံးပြီး ကြာပွတ်နဲ့ရိုက်တဲ့အခါ တစ်ချက်တလေ ထိမယ်ဆိုရင်တော့လည်း ထိပဲ။ ဒီတော့ ၀ါန်က တံတောင်နဲ့အသာတွက်ပြီး တိုးဝှေ့ရင်း ရထားရှိရာကို အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာလာခဲ့တယ်။
ဒါပေတဲ့ ရထားဆီကို ပြန်မရောက်နိုင်ဘူး။ ရထားအပေါက်ရဲ့ မလှမ်းမကမ်းမှာ တစ်နေတယ်။ ရထားတွဲ အထဲကနေ အပြင်ကိုထွက်ရတာ သိပ်မခက်ပေတဲ့ အခုကိစ္စက အပြင်ကနေ အထဲကို ပြန်ဝင်ရမှာ။ သူ့ရှေ့ကလူတွေကို တိုးဝှေ့ပြီး ရထားအနားဆီရောက်အောင် သွားနိုင်တယ်ပဲထားဦး၊ တွဲအပေါက်ဝဆီမှာ တစ်နေလေတော့ အထဲကိုရောက်ဖို့က မလွယ်ဘူး။ သံမဏိစည်းရိုး တားထားတဲ့ ရဲတိုက်ကြီးထဲဝင်ဖို့ကမှ လွယ်ဦးမယ်။ သူ့လက်ထဲမှာ ကြက်ကြော်တစ်ခြမ်းကလည်း ကျန်နေသေးတော့ ဘယ်လိုလုပ်ပြီး ဒီလူအုပ်ကို တိုးဝှေ့ပြီး သွားရမှာတုန်း။ သူ့ရှေ့ဆီက လူနှစ်အယောက်အကြား လက်ကို အသာဆန့်ပြီး တိုးလိုက်မိတယ်။ ဖြတ်ကနဲ ကြက်သားတဖဲ့ ပါသွားတယ်။ ရထားတွဲဆီတောင် ပြန်မရောက်သေးဘူး။ သူ့လက်ထဲက ကြက်တစ်စိတ်ပျောက်သွားပြီ။ ဒီတော့လည်း ဒီအတိုင်းဆက်ပြီး လူအုပ်ထဲတိုးနေလို့ မဖြစ်တော့ဘူး။ ၀ါန်စိတ်ထဲမှာလည်း နည်းနည်း ပူပန်လာမိတယ်။
အဲဒီတုန်းမှာပဲ တိုးဝှေ့နေတဲ့ ပရိသတ်ကြီးအကြားမှာ တကယ့်တရုတ်တွေမှပဲ လုပ်တတ်တဲ့ဟာမျိုးတစ်ခု ပေါ်လာတယ်။ ဧကရာဇ်မင်းမြတ် အ၀ါရဲ့မျိုးဆက်တွေဖြစ်လေတော့ ပြဿနာရှိတယ်ဆို ဖြေရှင်းနည်းက ရှိလာရတာပဲ။ ဘာလို့တုန်း။ အသာနားထောင်ကြည့်စမ်း။ တစ်ယောက်ယောက်က အော်နေတယ်။ `လာကြ။ ဒီကိုလာကြ။ ရထားတွဲထဲကို ပြတင်းပေါက်ကနေ တွန်းထည့်ပေးမယ်။ တစ်ယောက်တစ်ကျပ်ပဲ´။
အော်သံကြားတယ်ဆိုရင်ပဲ ၀ါန်တစ်ယောက် အဲဒီကို ပြေးပါလေရော။ `ပြားခြောက်ဆယ်လုပ်ဗျာ´ လို့ ဈေးဆစ်လိုက်တယ်။ `ပြားရှစ်ဆယ်ပဲ ဒီထက်မလျှော့နိုင်ဘူး´
`ကောင်းပြီ´။ ဒီလိုနဲ့ ၀ါန်ကြီးနဲ့ သူ့ရဲ့ကြက်ကြော်တစ်ခြမ်း ရထားပြတင်းပေါက်ကနေ အထဲကိုရောက်လာတယ်။ အံ့သြစရာပဲ။ ပြတင်းပေါက်ကနေ ရထားတွေအထဲကိုဝင်လာတော့ တွဲအထဲကို သူ့ခေါင်းရောက်နေပြီး ၀ါန်က စိတ်ကူးတစ်ခု ရလိုက်မိတယ်။ ပျံလွှားများပျံသလို ကိုယ်ကိုအသာဖော့ပြီး ရထားတွဲအထဲကို သူ့ကိုယ်ခန္ဓာကြီး ပစ်ထည့်လိုက်မှပဲလို့ တွေးလိုက်မိတယ်။ တွေးတဲ့အတိုင်းလည်း လုပ်လိုက်တယ်။ အထဲမှာက မတ်တတ်ရပ်စရာ တစ်နေရာတောင် ရဖို့မလွယ်ဘူး။ ၀ါန်ကတော့ ဘယ်လောက်လျှော့လိမ့်မှာတုန်း။ ငါးကြင်းရွှေဝါများ ရေထဲခုန်ချလိုက်သလို ရထားတွဲထဲကလူတွေအပေါ် ခုန်ချလိုက်တော့တယ်။ ခွပ်ခနဲမြည်ပြီး သူ့ခေါင်းက ကြမ်းပြင်နဲ့ သွားထိတယ်။ ခေါင်းဖုသွားပေမယ့် မျက်နှာကိုပြုံးလိုက်ရင်း ၀ါန်က သူ့ကိုယ်သူ နေရာတကျဖြစ်အောင် လုပ်လိုက်တယ်။ ပြားရှစ်ဆယ်ကို မပေးချင်ပေးချင်နဲ့ ပေးလိုက်ပြီး ရထားထွက်ဖို့ မျှော်နေလိုက်မိတယ်။ ဘူတာရဲ့ ပလက်ဖောင်းပေါ်မှာတော့ ရထားပေါ်မရောက်နိုင်တဲ့လူပေါင်း လေးဆယ်လောက်ကျန်နေတယ်။ အဲဒီလူတွေကိုကြည့်ရင်း ၀ါန်က တွေးလိုက်မိတယ်။ သင်းတို့ ကြက်ကြော်တော့ ရပေမဲ့ ရထားပေါ် ပြန်မရောက်နိုင် ကြတော့ဘူး။ ငါကတော့ ကြက်ကြော်လည်းရတယ်၊ ရထားပေါ်လည်းပြန်ရောက်လာတယ်။ လုပ်ချင်တာနှစ်ခုစလုံး လုပ်လို့ဖြစ်တယ်။ ငါ့ခြေဖျားတောင် မမီတဲ့အကောင်တွေ။ ပလက်ဖောင်းပေါ်မှာ ရပ်ကျန်နေတဲ့ လူလေးဆယ်စလုံးဟာ ငတုံးချည်းပဲ။
နေထွက်လာတော့ ဂျိုနန်ဟာ တမျှော်တခေါ်ပဲ ရှိတော့တယ်။ ၀ါန်အဖို့တော့ မပျော်ဘဲ မနေနိုင်တော့ဘူး။ မြစ်ဝါမြစ်ကို ကူးထားတဲ့ နာမည်ကျော် သံတံတားကြီးကို ရထားက ဖြတ်သွားပြီးတဲ့အခါမှာတော့ အမြဲလို မြင်တတ်တွေးတတ်တဲ့ ၀ါန်ကြီးက တစ်ခုကောက်ချက်ချလိုက်မိတယ်။ သံတံတားဆိုတာက တကယ်တော့ သံနဲ့ဆောက်ထားတဲ့ တံတားကိုး။ မျက်စေ့တမှိတ်လောက်အတွင်းမှာပဲ ရထားဟာ ဂျိနန်ဘူတာဆီ ရောက်လာတယ်။ ၀ါန်တစ်ယောက် ရထားထဲကထွက်ဖို့ တက်သုတ်ရိုက်ကြိုးစားပေတဲ့ ရထားထဲကထွက်ဖို့ ကြိုးစားနေတဲ့လူတွေက သူ့ရှေ့မှာ အများကြီးမို့ မလွယ်လှဘူး။ အလျင်လိုကာမှ အနှေးဖြစ်ဆိုတာမျိုးပဲ။ ဒီတော့ သူ့အနေနဲ့ သိပ်မကြိုးစားတော့ဘဲ သူများတွေလိုပဲ ရထားထဲကထွက်နိုင်ဖို့လောက်ပဲ ကြိုးစားတော့တယ်။
နောက်ဆုံးမှာတော့ ၀ါန်တစ်ယောက် ရထားထဲကထွက်ပြီး ဘူတာပလက်ဖောင်းပေါ် ရောက်လာတယ်။ ပတ်ပတ်လည် လှည့်ကြည့်လိုက်မိတယ်။ တကယ့်ကို ဂျိနန်ပေပဲ။ အဖြူရောင်နောက်ခံပေါ်မှာ အနက်ရောင်နဲ့ရေးထားတဲ့ စာလုံးက ဂျိနန်ဆိုတာ အသံမထွက်ဘဲ ၀န်ခံနေတယ်။ ဒါပေတဲ့ ၀ါန်က ကလေးမှမဟုတ်ဘဲ။ ဒီဆိုင်းဘုတ်တစ်ခု မြင်ရုံလောက်နဲ့တော့ ဂျိနန်ပဲရယ်လို့ မယုံနိုင်သေးဘူး။ ပတ်ပတ်လည်မှာရေးထားတဲ့ ဆိုင်းဘုတ်တွေအားလုံးကို ကြည့်ပြီးမှပဲ ဘ၀င်ကျသွားတယ်။ ဒါ ဂျိနန်ပဲ။ လှေကားထစ်တွေအတိုင်းတက်လာပြီး လူကူးတံတားကနေတဆင့် တခြားပလက်ဖောင်းဆီ လျှောက်လာလိုက်တယ်။ အခုတော့ လူတွေပြည့်ကျပ်မနေတော့လို့ ၀ါန်က ဣနြေ္ဒရရနဲ့ မှန်မှန်ပဲလျှောက်လာနေတုန်း လက်မှတ်စစ်က လှမ်းအော်သံကြားလိုက်ရတယ်။ `မြန်မြန်လာလေ၊ ဟိုအကောင် ပေးစမ်း၊ မင်းလက်မှတ်´။ ဒီတော့မှပဲ ဘူတာရုံကထွက်ဖို့ သူ့အိပ်ထောင်ထဲက လက်မှတ်ပေးရမယ်ဆိုတာ သတိရလိုက်မိတယ်။
ဘူတာအပြင်ဘက်ဆီကိုရောက်တော့ မင်္ဂလာဆောင်ဖို့အစီအစဉ်ကို ပြန်ပြီးစဉ်းစားလိုက်မိတယ်။ ဒီတော့မှ အိမ်မှာကျန်ရစ်ခဲ့တဲ့အဖွားကြီးကို သတိရလိုက်မိတယ်။ အဖွားကြီးဆီ စာကလေးတစ်စောင် ရေးပြီးမှပဲ အချစ်သစ်ကို ရှာရလိမ့်မယ်လို့ တွေးလိုက်မိတယ်။ လမ်းလျှောက်လာရင်း စိတ်ထဲမှာ သူ့ဘာသာ ပြောနေလိုက်မိတယ်။ `အချစ်ရေ မင်းဘယ်မှာတုန်း။ မင်းဘယ်မှာတုန်း´။ အဖြေရှာရင်း ၀ါန် သီချင်းလိုလုပ်ပြီး ကျူနေလိုက်မိသေးတယ်။
တည်းခိုခန်းရှာတွေ့တော့ တည်းခိုခန်းမှာထိုင်ပြီး အိမ်ကို စာတစ်စောင်ရေးလိုက်တယ်။ ခေါက်ဆွဲတစ်ပန်းကန် စားလိုက်တယ်။ သတင်းစာတစ်စောင် ဖတ်ကြည့်လိုက်မိတယ်။ ပေပင်ကို ဗုံးမကျဲကြသေးဘူးဆိုပဲ။ စိတ်ထဲမှာ အတော်ကလေး ဘ၀င်မကျဖြစ်မိတယ်။ တစ်ည ကောင်းကောင်းအိပ်လိုက်ပြီးတဲ့နောက်မှာတော့ ၀ါန်တစ်ယောက် သတို့သမီးလိုက်ရှာနေလေရဲ့။

မြင့်သန်း
ချင်းတွင်း၊ နိုဝင်ဘာ ၂၀၀၇
Image: http://scenicreflections.com
ကျုပ်တော့ သိပ်ဘ၀င်မကျချင်ဘူး။ယောင်္ကျား+မိန်းမ သင်္ချာ
ReplyDeleteယောင်္ကျားတော်+မိန်းမတော်=ချစ်ခြင်းမေတ္တာ
ယောင်္ကျားတော်+မိန်းမညံ့=အိမ်ထောင်ရေးဖောက်ပြန်မှု
ယောင်္ကျားညံ့+မိန်းမတော်=အိမ်ထောငိကျ
ယောင်္ကျားညံ့+မိန်းမညံ့=ကိုယိဝန်ရ။
မိန်းမတယောက် ရဖို့ အဲ့ဒီလောက် ခက်ခဲနေရင် ကျုပ်သာဆို ဖြစ်ချင်ရာဖြစ် လက်လျော့လိုက်မိမှာ အမှန်ပဲ။အဲ့ဒါထက် ပိုအရေးပါတာကို ရှာဖွေပြီး ကြိုးစားမိမှာပဲ။ မှားချင်မှားနေမှာပေါ့ဗျာ။
ReplyDeleteအနာဂတ် မျိုးဆက်ပွားဖို့က နိုင်ငံတော်အတွက်အရေးကြီးလား။ လက်ရှိ ရှင်သန်ဖို့က အဓိကလား ဆိုတာစဉ်းစားဖို့ပါ။ တကိုယ်ကောင်းများ အရမ်းဆန်နေတယ် ထင်ကြမလား မသိဘူးဗျ။

ReplyDelete