Skip to main content

အထီးကျန် (၂)

အိမ်ထောင်သည်ဖြစ်လာတော့ တိုနီတစ်ယောက် သူ့ရဲ့ တစ်ကိုယ်တော်ဘ၀ကို ပြည်ဖုံးကားချလိုက်နိုင်တယ်။ မနက်မိုးလင်းပြီဆိုရင် သူပထမဆုံးလုပ်တဲ့အလုပ်က ဇနီးကို ရှာတာပဲ။ သူ့ဘေးနားမှာ အိပ်နေတာ မြင်နေရမှ စိတ်သက်သာရာရတယ်။ သူ့ဘေးမှာမရှိဘူးဆိုရင် စိုးရိမ်တကြီးနဲ့ သူ တစ်အိမ်လုံး ပတ်ရှာမယ်။ အရင်လို အထီးကျန်မဟုတ်တော့တာနဲ့ ပတ်သက်ပြီး သူ့ရင်ထဲ ခုနေတာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ နောက်တစ်ဖန် အထီးကျန်ပြန်ဖြစ်သွားမှာကို စိုးရိမ်တဲ့ စိတ်ပဲ။ အထီးကျန်ဘ၀က လွတ်မြောက်သွားခြင်းကြောင့်ပဲ အထီးကျန်ဘ၀ပြန်ဖြစ်မှာကို သူ ကြောက်မိတယ်။ တစ်ယောက်တည်းသာ ပြန်နေရရင် ငါဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးက သူ့ကို ခြောက်လှန့်နေတယ်။ တစ်ခါတလေ အဲဒီစိုးရိမ်စိတ်ကြောင့် ချွေးစေးတွေပါ ပျံလာတတ်တယ်။ ဒါပေမဲ့လည်း ဘ၀သစ်မှာ နေသားကျလာတာနဲ့အမျှ သူ့ဇနီး ရုတ်တရက်ပျောက်ကွယ်သွားမလားဆိုတဲ့ ထမင်းလုံးတစ္ဆေလည်း တဖြည်းဖြည်း အားပျော့သွားတယ်။ စိုးရိမ်ပူပန်မှုတွေလည်း ဖြည်းဖြည်းချင်း ပျက်ပြယ်သွားတယ်။ နောက်ဆုံးတော့ အေးချမ်းပျော်ရွှင်နေတဲ့ ဘ၀သစ်ထဲမှာပဲ ဘောင်ခတ်ပြီး အခြေကျသွားတော့တယ်။



တစ်နေ့တော့ ဇနီးက သူ့ ယောက္ခမ တီးတဲ့ သီချင်းတွေ နားထောင်ချင်တယ် ဖြစ်ပါလေရော။ `ကျွန်မတို့ သူ့သီချင်းတွေ သွားနားထောင်ရင် သူ ကြိုက်ပါ့မလား´ လို့ သူက မေးတယ်။
`ကြိုက်လောက်ပါတယ်´ လို့ တိုနီက ပြန်ဖြေတယ်။
ဒါနဲ့ လင်မယားနှစ်ယောက် ရှိုဇာဘုရို ဖျော်ဖြေနေတဲ့ ညကလပ်ကို ရောက်သွားခဲ့တယ်။ ဒါဟာ ကလေးဘ၀ကတည်းကစလို့ သူ့အဖေဖျော်ဖြေတာကို တိုနီ ပထမဆုံး သွားနားထောင်ဖြစ်တာပဲ။ ရှိုဇာဘုရိုကတော့ အရင်လိုပဲ တီးခတ်နေခဲ့တယ်။ ကလေးဘ၀က တိုနီ ကြိမ်ဖန်များစွာ ကြားဖူးခဲ့တဲ့ သီချင်းတွေပဲ။ ရှိုဇာဘုရိုရဲ့ ဟန်က ညင်သာတယ်၊ ရိုးရှင်းတယ်၊ ချိုတယ်။ အနုပညာရယ်လို့တော့ ပြောလို့မဖြစ်ဘူး။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ လက်ဖျားကထွက်လာတဲ့ အရည်အသွေးမြင့် ဂီတပဲ။ သူ့ဂီတက ပရိသတ်ကို ဖမ်းစားထားတယ်။

ဒီလိုနားထောင်နေရင်း မကြာခင်မှာပဲ တိုနီ အသက်ရှူရကြပ်သလို ခံစားလာရတယ်။ သူ့အသက်ရှူလမ်းကြောင်းကျဉ်းကျဉ်းထဲ ညွှံတွေ တိတ်တဆိတ်နဲ့ အဆက်မပြတ် ဖြည့်ခံနေရသလိုပဲ၊ ဆက်ထိုင်နေဖို့တောင် ခက်လာတယ်။ အခုသူကြားနေရတဲ့ သီချင်းဟာ သူမှတ်မိတဲ့ အဖေ့ရဲ့သီချင်းနဲ့ မဆိုစလောက်လေး ခြားနားနေတယ်လို့ သူခံစားနေရတယ်။ ဒီသီချင်းကို သူ နှစ်ပေါင်းများစွာအကြာကတည်းက ကြားခဲ့ဖူးတယ်။ ကလေးနားနဲ့ နားထောင်ဖူးခဲ့တာပဲ။ ဒါပေမဲ့ ဒီခြားနားမှုဟာ သူ့အတွက်တော့ ကြောက်ခမန်းလိလိ အရေးပါတယ်။ ပမာဏက မပြောပလောက်ဘူး၊ ဒါပေမဲ့ သက်ရောက်မှုကြီးမားတယ် ဆိုသလိုပဲ။ စင်ပေါ်ကိုတက်သွားပြီး အဖေ့ကိုဖက်၊ ပြီးတော့ သူမေးကြည့်ချင်တယ်။ `ဘယ်လိုဖြစ်တာလဲ အဖေ။ ဘာပြောင်းသွားတာလဲ´ ဒါပေမဲ့လည်း သူက ဒီလိုလုပ်တတ်တဲ့ လူစားမျိုး မဟုတ်ပြန်ဘူး။ သူ့စိတ်ထဲမှာ ရှိနေတဲ့အရာကို စေ့စေ့ပေါက်ပေါက် ရှင်းပြနိုင်တဲ့ လူစားမျိုး မဟုတ်ဘူး။ ဒီတော့လည်း သူ့စားပွဲမှာပဲ ထိုင်ရင်း အဖေ့အလှည့်ပြီးတဲ့အထိ သောက်နေကျပမာဏထက်ပို အရက်ကိုဖိသောက်ရင်း ထိုင်နေမိတော့တယ်။ သီချင်းပြီးတော့ သူရယ်သူ့ဇနီးရယ် လက်ခုတ်တီးအားပေးပြီး အိမ်ပြန်လာခဲ့တယ်။

သူတို့ လင်မယားရဲ့ အိမ်ထောင်ရေးဟာ အဖျက်အမှောင့် ကင်းခဲ့တယ်။ ကတောက်ကဆမဖြစ်ဖူးဘူး၊ ပျော်ရွှင်စရာအချိန်ပေါင်းများစွာ အတူတူဖြတ်သန်းခဲ့ကြတယ်။ လမ်းလျှောက်ထွက်မယ်၊ ရုပ်ရှင်သွားကြည့်မယ်၊ ခရီးသွားမယ်။ တိုနီရဲ့ အလုပ်ကလည်း အရင်လို အောင်မြင်လျှက်ပဲ။ ပြီးတော့ သူ့အသက်အရွယ်နဲ့ဆို ဇနီးကလည်း အိမ်ထောင်မှုနိုင်တယ်ပဲ ပြောရမယ်။ တိုနီ့ကို နည်းနည်းလေး မသိုးမသန့်ဖြစ်စေတာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါကတော့ ဇနီးသည်ရဲ့ အ၀တ်အစား အထုံပဲ။ သူသဘောကျတဲ့ အဆင်လေးများ တွေ့မိပြီဆိုရင် မ၀ယ်ဘဲကို မနေနိုင်တော့ဘူး။ အဲဒီအချိန်တွေကျရင် သူ့ဟန်ပန်က ထူးဆန်းနေတယ်၊ ပြီး သူ့အသံတွေ ပြောင်းသွားမယ်။ ဒီလိုဖြစ်တာကို ပထမဆုံးအကြိမ်မြင်ရတုန်းက တိုနီက သူ့ဇနီး ရုတ်တရက် နေမကောင်းဖြစ်ပြီတောင် ထင်မိခဲ့တယ်။ သူတို့လက်မထပ်ခင်တုန်းကလည်း ဒါကို တိုနီ သတိပြုမိခဲ့ပါတယ်။ ဒါပေမဲ့ ပိုဆိုးလာတာက လက်ထပ်ပြီးနောက်ပိုင်းပဲ။ ဥရောခရီးစဉ်တုန်းကဆို သူဝယ်ခဲ့တဲ့ အ၀တ်အစားအရေအတွက်ဟာ ကြောက်စရာတောင် ကောင်းတယ်။ မီလန်၊ ပဲရစ် ရောက်ရာအရပ်မှာ မိုးလင်းမိုးချုပ် အထည်ဆိုင်တွေမှာချည်း တစ်ခုပြီးတစ်ခု ကူးနေတာ သူပိုင်တဲ့ဆိုင်တွေ ကျနေတာပဲ။ ပတ်ဝန်းကျင်အလှအပရယ်လို့တောင် မကြည့်ခဲ့ရဘူး။ အ၀တ်အစားတံဆိပ်ပေါင်း သောင်းခြောက်ထောင်ကို လက်ထဲကိုင်မိတာ အကုန်ဆွဲယူတာပဲ။ တိုနီကတော့ ဇနီးနောက်က တကောက်ကောက်နဲ့ ကျသင့်ငွေလိုက်ရှင်းပေးရတယ်။ သူ့ခရက်ဒစ်ကဒ်က အမြီးတန်းနေတဲ့ သုညတွေတောင် အဆစ်ပြတ်ကျန်ခဲ့ပြီလား သူမျက်ခုံးပင့်ကြည့်မိတယ်။

ဂျပန်ပြန်ရောက်လည်း သူ့ဇနီးရဲ့ ရောဂါက မသက်သာပါဘူး။ နေ့တိုင်းလိုလို အ၀တ်အစားအသစ်တွေ ၀ယ်နေဆဲပဲ။ သူပိုင်ဆိုင်တဲ့ အ၀တ်အစားအရေအတွက်က ခဏတွင်းချင်းကို တောင်ပုံယာပုံဖြစ်လာတယ်။ ဒါတွေကို ထားဖို့ချည်းသက်သက်အတွက် တိုနီ့မှာ မှန်ပုံးကျယ်ကျယ်တွေ သီးသန့်လုပ်ပေးရတော့တယ်။ ဇနီးရဲ့ ဖိနပ်တွေအတွက် ဖိနပ်စင်လည်း သပ်သပ်လုပ်ပေးထားတယ်။ ဒါလည်း သူ့ပစ္စည်းတွေ အားလုံးကိုသိမ်းဖို့ နေရာမလောက်ပြန်ဘူး။ နောက်ဆုံးကျတော့ အခန်းတစ်ခုလုံးကို အ၀တ်ဘီရိုပုံစံ ပြန်ပြီး နေရာချရတယ်။ သူတို့အိမ်ကြီးမှာက အခန်းလွတ်တွေက အများကြီး၊ ပြီးတော့ ငွေရေးကြေးရေးကလည်း ပြဿနာမှ မဟုတ်ဘဲကိုး။ ဒါ့အပြင် ဇနီးကလည်း ၀ယ်ပြီးသမျှ အ၀တ်အစားကို လက်ဖျားခါလောက်အောင် ၀တ်ပြနိုင်စွမ်းရှိတယ်။ အ၀တ်အစားအသစ်ရတိုင်း သူ့ကိုကြည့်ရတာ အရမ်းပျော်နေတာပဲ။ ဒါနဲ့ပဲ တိုနီလည်း စောဒကမတက်ဖြစ်တော့ဘူး။ ဘယ်သူမှတော့ စင်းလုံးချောမရှိဘူးလို့ပဲ သူ့ကိုယ်သူ နှစ်သိမ့်ရတယ်။

သီးသန့်အ၀တ်ခန်းထဲမှာ အ၀တ်အစားတွေ မဆံ့မပြဲဖြစ်လာတဲ့အချိန်ကျတော့ တိုနီကိုယ်တိုင်လည်း မသိုးမသန့် ခံစားလာရတယ်။ တစ်နေ့ ဇနီးအပြင်ထွက်သွားတုန်း သူ့အ၀တ်အစားတွေကို ရေတွက်ကြည့်တယ်။ တကယ်လို့ တစ်နေ့ကို အ၀တ်နှစ်စုံလဲမယ်ဆိုရင်တောင် နှစ်နှစ်လောက်ကြာတဲ့အထိ အ၀တ်အစားမထပ်ဘဲ ၀တ်သွားလို့ရတယ်လို့ အဖြေထွက်တယ်။ အ၀တ်အစားအသစ်တွေ ထပ်ဝယ်နေရတာနဲ့ သူ့မှာ ၀ယ်ပြီးသားတွေကို မ၀တ်နိုင်လောက်အောင်ပဲ။ တိုနီလည်း ဇနီးမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုခုများ ရှိနေလားလို့ တွေးမိတယ်။ တကယ်လို့ စိတ်ပိုင်းဆိုင်ရာပြဿနာဆိုတာ သေချာတယ်ဆိုရင် သူကတော့ ဇနီးသည်ရဲ့ ဝေဒနာကို ကုစားပေးဖို့ တာဝန်ရှိနေတာပဲ။

ညစာစားပြီးတစ်ညမှာတော့ ဒီကိစ္စကို ဖွင့်ပြောမှဖြစ်တော့မယ်လို့ တိုနီ သန္နိဋ္ဌာန်ချလိုက်တယ်။ `အ၀တ်အစားတွေ ၀ယ်တဲ့နှုန်းကို နည်းနည်းလောက် လျှော့ရင်ကောင်းမယ် မိန်းမရယ်။ ငွေရေးကြေးရေးကြောင့် ပြောတာ မဟုတ်ပါဘူး။ ငွေက ကိစ္စမရှိဘူး။ လိုအပ်တဲ့ဟာကို ၀ယ်တာကို ကန့်ကွက်ဖို့လည်း မရှိဘူး။ မင်း လှလှပပနဲ့ ပျော်နေရင် ကိုယ်လည်း ပျော်ရတာပဲ။ ဒါပေမဲ့ ဒီလောက် ဈေးကြီးကြီးအ၀တ်အစားတွေ အများကြီးတော့ မလိုဘူးမဟုတ်လား´ လို့ သူ ပြောလိုက်တယ်။ ဇနီးက မျက်လွှာချလိုက်ပြီး အတန်ကြာ စဉ်းစားနေတယ်။ ပြီးတော့ တိုနီ့ကိုကြည့်ပြီး သူက ပြန်ပြောတယ်။ `အင်း ဟုတ်ပါတယ်။ ဒီလောက် အ၀တ်အစားတွေ အများတော့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း သိပါတယ်။ ဒါပေမဲ့ သိတာတောင်မှ ထိမ်းမရဘူးဖြစ်နေတယ်။ အ၀တ်အစားလှလှလေးတွေ မြင်ရင် ၀ယ်ရမယ်လို့ချည်း ခံစားရတယ်။ လိုလို, မလိုလို၊ အများကြီး ရှိရှိ, မရှိရှိပေါ့။ ကိုယ့်ကိုယ်ကိုယ် ရပ်မရဘူး´ နောက်တော့သူက ဆင်ခြင်ပါ့မယ်လို့ တိုနီ့ကို ကတိပေးတယ်။ `ဒီပုံစံတိုင်း ထပ်ဝယ်နေရင်လည်း မကြာခင် အိမ်တစ်ခုလုံး အ၀တ်အစားတွေနဲ့ ဖုံးသွားတော့မှာပဲ´

ဒီလိုနဲ့ တစ်ပတ်လောက် သူ အပြင်မထွက်ဘူး။ အထည်ဆိုင်တွေနဲ့ ဝေးရာမှာ တမင်ရှောင်နေတာပဲ။ ဒါကလည်း သူ့အတွက် လွယ်လွယ်ကူကူတော့ မဟုတ်ဘူး၊ အတော်လေး ကြိတ်မှိတ်နေရရှာတာ။ သူ့ကြည့်ရတာ အသက်ရှူစရာ လေနည်းနည်းလေးပဲရှိတဲ့ ဂြိုဟ်တစ်ခုရဲ့ မျက်နှာပြင်ပေါ်မှာ လမ်းလျှောက်နေရသလိုပဲ။ နေ့တိုင်း သူ့ရဲ့ အ၀တ်အစားဘဏ္ဍာတိုက်ကြီးထဲမှာပဲ တစ်ထည်ပြီးတစ်ထည် ထုတ်ကြည့်ရင်း အချိန်ကုန်နေတယ်။ အ၀တ်အစားတွေကို လက်နဲ့သပ်မယ်၊ အ၀တ်နံ့သင်းသင်းကို ရှိုက်ကြည့်မယ်၊ ၀တ်ကြည့်မယ်၊ ပြီးရင် သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်မယ်။ ဒါပေမဲ့လည်း အဲလိုလုပ်လေလေ အ၀တ်အစားအသစ်တွေ ထပ်လိုချင်လေလေ ဖြစ်နေခဲ့တယ်။ အ၀တ်အစားအသစ်လိုချင်တဲ့ ဇောဟာ တားမရဘူး။ မ၀ယ်မနေနိုင် ဖြစ်နေတဲ့ သဘောပဲ။

ဒါပေမဲ့လည်း သူက တိုနီ့ကို လေးလေးနက်နက်ချစ်တယ်။ ပြီးတော့ လေးလည်း လေးစားတယ်။ ဒီကိစ္စမှာ တိုနီပြောတာ နည်းလမ်းကျမှန်း သူ သိတယ်။ ဒါနဲ့ သူဝယ်နေကျအထည်ဆိုင်က ဆိုင်ရှင်ကို သူဖုန်းဆက်တယ်။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းက ၀ယ်ခဲ့ပြီး တစ်ခါမှ မ၀တ်ရသေးတဲ့ ကုတ်အင်္ကျီနဲ့ ၀တ်စုံကို ပြန်သွင်းလို့ ရမလားလို့ မေးကြည့်တယ်။ `ရပါတယ်ခင်ဗျာ´ လို့ တစ်ဖက်က ပြန်ဖြေတယ်။ တကယ်တော့ သူက ဆိုင်ရဲ့ အရေးကြီးဖောက်သည်ပဲ၊ ဒီထက်မက တောင်းဆိုရင်လည်း ဆိုင်ရှင်အနေနဲ့ လိုက်လျောဖို့ အသင့်ပဲ။ ဒါနဲ့ သူ အထည်ဆိုင်ကို ကားမောင်းထွက်ခဲ့တယ်။ အ၀တ်အစားတွေကိုပြန်အပ်ပြီး ငွေပြန်ယူခဲ့တယ်။ ပြီးတော့ ကားဆီကို ခပ်သုတ်သုတ်ပဲ ပြန်လာခဲ့တယ်။ တခြားအ၀တ်အထည်တွေကို မကြည့်ဖြစ်အောင်ပဲ။ နောက်တော့ ကားကို အိမ်ဆီ ဦးတည်လိုက်တယ်။ အ၀တ်တွေ ပြန်ထားခဲ့ရလို့ စိတ်ထဲ တစ်နည်းတဖုံတော့ ပေါ့ပါးသွားသလိုပဲ။ သူလုပ်တာမှန်တယ်လို့ သူ့ကိုယ်သူ သတိပေးနေမိတယ်။ ဒီအ၀တ်တွေကို ငါမှမလိုတာ။ ကုတ်အင်္ကျီတွေရော၊ ၀တ်စုံတွေရော တစ်သက်လုံးဝတ်လို့ မကုန်အောင် ငါ့မှာ မနည်းမနောရှိတယ်။ ဒါပေမဲ့ မီးပွိုင့်က မီးအနီကလေး ပြောင်းသွားဖို့ စောင့်နေစဉ်အတွင်း ပြန်အပ်ခဲ့တဲ့ ကုတ်အင်္ကျီနဲ့ ၀တ်စုံကိုပဲ သူ့စိတ်ထဲမှာ မြင်ယောင်နေတယ်။ အရောင်၊ အဆင်၊ ချုပ်ရိုး အားလုံးကို သူ အသေးစိတ် ကွက်ကွက်ကွင်းကွင်း မှတ်မိနေတယ်။ သူ့မျက်စိရှေ့မှာ ဖြန့်ခင်းထားသလိုပဲ စိတ်ထဲမှာ ပေါ်နေတယ်။ သူ့နဖူးမှာ ချွေးစေးတွေ ကျလာတယ်။ သူ လက်ဖျံနဲ့ စတီယာရင်ကို တွန်းထားလိုက်မိတယ်။ ပြီးတော့ အသက်ကို ရှည်ရှည်ပြင်းပြင်း တစ်ချက်ရှူပြီး မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ သူ့မျက်လုံး ဖွင့်လိုက်တဲ့ခဏမှာပဲ မီးပွိုင့်စိမ်းသွားတာကို တွေ့လိုက်ရတယ်။ အလိုအလျောက်ပဲ သူ့ခြေထောက်တွေက လီဗာကိုနင်းထွက်လိုက်တယ်။

လမ်းဆုံကို မီးဝါဖြတ်မောင်းလာတဲ့ ကုန်တင်ကားကြီးတစ်စီးဟာ သူ့ကား ဘေးတစ်ဖက်ကို အရှိန်အပြင်းဆုံး ၀င်တိုက်မိသွားတယ်။ သူ ဘာတစ်ခုမှ မခံစားလိုက်ရပါဘူး။

§ § § § § § §

နံပါတ် ၂ ၀တ်စုံတွေ အခန်းတစ်ခန်းအပြည့်၊ ဖိနပ်အရံပေါင်း ၁၁၂ ရံနဲ့ ကျန်ရစ်သူကတော့ တိုနီပဲ။ ဒါတွေကို ဘယ်လိုလုပ်ပစ်ရမလဲ သူ စဉ်းစားမရဘူး။ သူ့ဇနီးရဲ့ အ၀တ်အစား၊ အသုံးအဆောင်တွေကို တစ်သက်လုံး သိမ်းသွားဖို့တော့ မရည်ရွယ်ဘူး။ ဒါနဲ့ ပွဲစားတစ်ယောက်ခေါ်ပြီး ဦးထုပ်တွေနဲ့ အခြားအသုံးအဆောင်တွေကို ပထမဆုံးပြောတဲ့ ခေါ်ဈေးနဲ့ ရောင်းထုတ်ပစ်လိုက်တယ်။ ခြေအိတ်လက်အိတ်တွေနဲ့ အတွင်းခံတွေကိုတော့ ပန်းခြံထဲက အမှိုက်ပြာချတဲ့စက်ထဲ ထည့်လိုက်တယ်။ ဒါပေမဲ့ အ၀တ်အစားတွေနဲ့ ဖိနပ်တွေကတော့ အရမ်းများလွန်းလို့ ကိုင်တွယ်ရ ခက်နေတယ်။ ဒါနဲ့ နဂိုရှိနေတဲ့နေရာမှာပဲ ထားထားလိုက်တယ်။ အသုဘပြီးတော့ အ၀တ်ခန်းထဲမှာ အ၀တ်တွေကိုငေးကြည့်ရင်းပဲ သူ အချိန်ကုန်နေမိတယ်။

ဆယ်ရက်အကြာမှာ တိုနီ အမျိုးသမီးအကူဝန်ထမ်းခန့်ဖို့ သတင်းစာကြော်ငြာ ထည့်လိုက်တယ်။ ကိုယ်ခန္ဓာအရွယ်အစား နံပါတ် ၂၊ အရပ်အမြင့် ငါးပေသုံးလက်မ ၀န်းကျင်၊ ဖိနပ်နံပါတ် ၆၊ လစာကောင်း။ လုပ်ငန်းခွင်အခြေအနေ သင့်လျော်။ သူပေးထားတဲ့ လစာပမာဏက ပုံမှန်ထက်ပိုများနေလို့ အင်တာလာဗျူးတဲ့ အမျိုးသမီး ၁၃ ဦးတောင် သူ့စတူဒီယိုကို ရောက်လာခဲ့တယ်။ အဲဒီထဲက ငါးယောက်က ကိုယ်ခန္ဓာအရွယ်စား လိမ်ထားတယ်ဆိုတာ သိသာတယ်။ ကျန်တဲ့ ရှစ်ယောက်ထဲကနေ သူ့ဇနီးနဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံ အနီးစပ်ဆုံးတစ်ယောက်ကို တိုနီ ရွေးလိုက်တယ်။ သူက အသက် ၃၀ ကျော်လောက်ပဲ၊ ရွက်ကြမ်းရည်ကြို ရုပ်ရည်နဲ့။ ၀တ်လာတာက ဘလောက်စ်အင်္ကျီဗြောင်နဲ့ စကပ်ကြပ်ကြပ်။ သူ့အ၀တ်အစားနဲ့ ဖိနပ်တွေက သန့်ရှင်းသပ်ရပ်နေတယ်၊ ဒါပေမဲ့ တစ်ပတ်နွမ်းတွေ။

တိုနီက အမျိုးသမီးကိုပြောတယ်။ `အလုပ်ကတော့ ခက်ခက်ခဲခဲ မရှိလှဘူး။ နေ့တိုင်း မနက်ကိုးနာရီကနေ ညနေငါးနာရီအထိ ရုံးကိုလာ၊ တယ်လီဖုန်းဖြေ၊ သရုပ်ဖော်ပုံတွေ လိုက်ပို့၊ လိုအပ်တဲ့ပစ္စည်းကိရိယာကလေးတွေ ယူပေး၊ မိတ္တူကူး၊ ဒီလိုအလုပ်မျိုးတွေပဲ။ တစ်ခုတော့ ရှိတယ်။ ကျုပ် ဇနီးသည်က မကြာခင်ကပဲ ဆုံးသွားတယ်။ သူ့ရဲ့ အ၀တ်အစားတွေ အများကြီး အိမ်မှာ ကျန်ခဲ့တယ်။ အများစုက အသစ်၊ ဒါမှမဟုတ် အသစ်နီးပါးပဲ။ ဒီတော့ အဲဒီအ၀တ်အစားတွေကို မင်းဒီမှာ အလုပ်လုပ်နေစဉ်အတွင်း အလုပ်ဝတ်စုံအနေနဲ့ ၀တ်စေချင်တယ်။ အခုလိုပြောတော့ မင်းစိတ်ထဲမှာ ထူးဆန်းနေမှာပဲ။ ဒါပေမဲ့ မလျော်မကန်စိတ်ထားမျိုး မရှိဘူးလို့တော့ ယုံစေချင်တယ်။ ကျုပ်အနေနဲ့ ဇနီးဆုံးသွားပြီဆိုတာကို ကျင့်သားရဖို့ အချိန်ယူဖို့လိုတယ်လို့ပဲ သဘောထားပါ။ သူ့အ၀တ်အစားတွေဝတ်ပြီး မင်း ကျုပ်အနားမှာရှိနေတယ်ဆိုရင် သူသေသွားပြီဆိုတာကို ကျုပ် တဖြည်းဖြည်း လက်ခံလာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်´

အမျိုးသမီးက နှုတ်ခမ်းကိုကိုက်ရင်း အဆိုပြုချက်ကို စဉ်းစားနေတယ်။ ပြောပုံအရတော့ ထူးဆန်းတဲ့ တောင်းဆိုချက်ပဲ။ အတော်လေးကို ထူးဆန်းတယ်။ တကယ်တော့ သူ အပြည့်အ၀ နားမလည်နိုင်ဘူး။ ဇနီးဆုံးသွားတယ်ဆိုတဲ့ အပိုင်းကို သူနားလည်နိုင်တယ်။ ပြီးတော့ သူ့ဇနီးရဲ့ အ၀တ်အစားတွေ အများကြီး ကျန်ခဲ့တဲ့ဆိုတဲ့ အပိုင်းကိုလည်း သူနားလည်နိုင်တယ်။ သူနားမလည်နိုင်တဲ့အပိုင်းက ဘာကြောင့် သူက သူ့ဇနီးရဲ့ အ၀တ်အစားတွေဝတ်ပြီး အလုပ်လုပ်ရမလဲ ဆိုတာကိုပဲ။ ပုံမှန်ဆိုရင်တော့ အမျိုးသမီးအနေနဲ့ အပြင်ပန်းထက်မကတဲ့ နောက်ကွယ်အချက်တွေ ရှိနေဦးမယ်လို့ ယူဆမိမှာပဲ။ ဒါပေမဲ့ သူ့အနေနဲ့ တိုနီ့ကိုကြည့်ရတာ လူဆိုးတစ်ယောက်တော့ ဟုတ်ပုံမရဘူးလို့ တွေးမိတယ်။ သူ သိခွင့်ပေးတဲ့ အချက်တွေကိုပဲ နားထောင်နေလိုက်ရမယ့် ပုံမျိုးပဲ။ သူ့ဇနီးဆုံးသွားက ဒီလူရဲ့စိတ်ကို တစ်ခုခုဖြစ်သွားစေခဲ့ပုံရတယ်။ ပုံစံကြည့်ရတာလည်း ဒီကိစ္စကြောင့် သူတစ်ပါးကို ထိခိုက်စေအောင် လုပ်မယ့်လူစားမျိုး ဟုတ်ပုံမရဘူး။ နောက်တစ်ချက်က၊ ဘယ်လိုနည်းနဲ့မဆို သူကိုယ်တိုင်က အလုပ်လိုနေတယ်။ သူအလုပ်ရှာနေခဲ့တာ အချိန်အတော် ကြာခဲ့ပြီ။ သူ့ အလုပ်လက်မဲ့ထောက်ပံ့ကြေးက ကုန်တော့မယ်။ အခုလောက် လစာကောင်းတဲ့အလုပ်မျိုးလည်း နောက်တစ်ခါ ထပ်ရဖို့ မလွယ်တော့ဘူး။

`ကျွန်မ နားလည်တယ်လို့ ထင်ပါတယ်´ လို့ အမျိုးသမီးက ပြန်ပြောလိုက်တယ်။ `ပြီးတော့ ရှင်တောင်းဆိုတဲ့အတိုင်း လုပ်နိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ ဒါပေမဲ့ ပထမဆုံး ကျွန်မ၀တ်ရမယ့် အ၀တ်တွေကို ပြနိုင်မလား မသိဘူး။ ကျွန်မနဲ့ တော်, မတော် အရင်ကြည့်ထားရင် ကောင်းမယ်လို့ ထင်လို့..´
`ဒါပေါ့၊ ရပါတယ်´ လို့ တိုနီက ပြောလိုက်တယ်။ သူက အမျိုးသမီးကို သူ့အိမ်ကိုခေါ်သွားပြီး အ၀တ်ခန်းကို လိုက်ပြတယ်။ အမျိုးသမီးအနေနဲ့ ကုန်တိုက်တွေမှာကလွဲပြီး အခုလောက်များပြားတဲ့ အ၀တ်အစားတွေ တစ်နေရာတည်းမှာစုထားတာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ အ၀တ်အစား တစ်ထည်ချင်းစီဟာလည်း ဈေးကြီးတဲ့ အကောင်းစားပစ္စည်းတွေမှန်း သိသာတယ်။ အထိအတွေ့ကလည်း အပြစ်ဆိုစရာ မရှိဘူး။ မြင်ရတာ မျက်စိကျိန်းမတက်ပဲ။ အမျိုးသမီးခမျာ အသက်ရှူမှားလောက်အောင် ဖြစ်သွားတယ်။ သူ ရင်တွေခုန်လာတယ်။ အဲဒီခံစားမှုဟာ လိင်စိတ်နိုးကြွလာတဲ့ ခံစားချက်မျိုးနဲ့တူတယ်လို့ သူ သိလိုက်တယ်။

စိတ်ကြိုက်ကြည့်နိုင်အောင် အမျိုးသမီးကို အခန်းထဲမှာ ချန်ထားပြီး တိုနီက အပြင်ထွက်သွားခဲ့တယ်။ အမျိုးသမီးက သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး ၀တ်စုံအချို့ကို ၀တ်ကြည့်ဖို့ ကြိုးစားကြည့်တယ်။ ပြီးတော့ ဖိနပ်တစ်ရံနှစ်ရံ။ အကုန်လုံးက သူ့အတွက်တိုင်းချုပ်ထားသလိုပဲ အံဝင်ခွင်ကျဖြစ်နေတယ်။ အ၀တ်အစားတွေကို တစ်စုံပြီးတစ်စုံ သူလိုက်ကြည့်မိတယ်။ သူ့လက်ချောင်းထိပ်ကလေးတွေနဲ့ ပွတ်သပ်ဆွဲကြည့်တယ်၊ အ၀တ်တွေဆီက ရနံ့ကို ရှူရှိုက်မိတယ်။ ရာပေါင်းများစွာသော ၀တ်စုံလှလှလေးတွေ တစ်တန်းတည်းစီထားတာ တွေ့ရတယ်။ သိပ်မကြာခင်ပဲ သူ့မျက်လုံးက မျက်ရည်တွေ ၀ိုင်းလာတယ်၊ နောက်တော့ ပါးပြင်ပေါ်စီးကျလာတော့တယ်။ မျက်ရည်တွေကို သူ ဘယ်လိုမှ ထိန်းထားလို့ မရတော့ဘူး။ သူ့ခန္ဓာကိုယ်က သေသွားတဲ့အမျိုးသမီးတစ်ဦးရဲ့ ၀တ်စုံထဲမှာ ရောက်နေတယ်။ သူ တသိမ့်သိမ့်ရှိုက်နေရင်း ထီးထီးကြီး ရပ်နေမိတယ်။ သူ့လည်ချောင်းက အသံတစ်ခုခု ထွက်မသွားဖို့ မနည်းကြိုးစားနေရတယ်။ မကြာခင်ပဲ တိုနီ အခန်းထဲ ပြန်ဝင်လာတယ်။

`ဟင် မင်းဘာလို့ ငိုနေတာလဲ´ လို့ သူက မေးလိုက်တယ်။
သူက ခေါင်းရမ်းပြရင်း ပြန်ပြောတယ်။ `ကျွန်မလည်း မသိဘူး။ ဒီလောက် အ၀တ်တွေအများကြီး အရင်က ကျွန်မ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒါကြောင့် ကျွန်မစိတ်ထဲ ထိခိုက်သွားတာလား မသိဘူး။ ခွင့်လွှတ်ပါ´ ပြီးတော့ လက်ကိုင်ပ၀ါနဲ့ သူ့မျက်ရည်တွေကို သုတ်လိုက်တယ်။
`အင်း။ မင်းအဆင်ပြေတယ်ဆိုရင် မနက်ဖြန်ကစပြီး အလုပ်ဆင်းစေချင်တယ်´ လို့ တိုနီက အလုပ်သဘောဆန်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
`တစ်ပတ်စာဝတ်ဖို့အတွက် အ၀တ်အစားနဲ့ ဖိနပ်တွေ အိမ်ကိုယူသွားလေ´

အမျိုးသမီးက ခြောက်ရက်အတွက် ၀တ်ဖို့ အ၀တ်အစားတွေ ရွေးနေတာ အချိန်အတော်လေးကြာတယ်။ အဲဒါပြီးတော့ ဖိနပ်တွေကို ရွေးတယ်။ အားလုံးကို လက်ဆွဲအိတ်တစ်ခုနဲ့ ထည့်လိုက်တယ်။
`ကုတ်အင်္ကျီတစ်ထည်လည်း ယူဦးလေ´ လို့ တိုနီက ပြောလိုက်တယ်။ `ချမ်းနေမှာစိုးရင် ပြောတာ..´

သူက နွေးမယ့်ပုံရတဲ့ မီးခိုးရောင် ကပ်ရှ်မီးယားဆိတ်မွှေး ကုတ်အင်္ကျီကို ရွေးလိုက်တယ်။ အင်္ကျီက ငှက်အတောင်နဲ့လုပ်ထားသလား ထင်ရအောင် ပေါ့ပါးလွန်းတယ်။ သူ့တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ပေါ့တဲ့ ကုတ်အင်္ကျီမျိုး တစ်ခါမှ မ၀တ်ဖူးဘူး။

အမျိုးသမီးပြန်သွားပြီးတော့ တိုနီလည်း သူ့ဇနီး အ၀တ်ဘီရိုခန်းထဲ ပြန်ဝင်လာခဲ့တယ်။ သူ့မျက်လုံးတွေက အ၀တ်အစားတွေဆီကို အဓိပ္ပာယ်မဲ့ လိုက်ကြည့်နေမိတယ်။ ဒီအ၀တ်အစားတွေမြင်တာနဲ့ အမျိုးသမီး ဘာကြောင့်ငိုသွားတယ်ဆိုတာ သူ နားမလည်နိုင်ဘူး။ သူ့အတွက် ဒါတွေဟာ သူ့ဇနီးချန်ထားခဲ့တဲ့ အရိပ်အငွေ့တွေပဲ။ သူ့ဇနီးရဲ့ နံပါတ် ၂ အရိပ် အရိပ်အငွေ့တွေကို တန်းစီပြီး ချိတ်ဆွဲထားတယ်။ တစ်လွှာပေါ်တစ်လွှာထပ်ထားတယ်။ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုအတွင်းမှာ သက်ဝင်နေတဲ့ အဆုံးအစမဲ့ ဖြစ်တန်ခြေ (အဆုံးအစမဲ့လို့ပဲ ဆိုကြပါစို့) နမူနာတွေကို တစ်စုံတစ်ယောက်က ဒီနေရာမှာ စုပြီးပြထားသလိုပဲ။

ဒီအ၀တ်အစားတွေကပဲ တစ်ခါတုန်းက သူ့ဇနီးရဲ့ ကိုယ်ခန္ဓာကို လွှမ်းခြုံထားခဲ့တယ်။ အသက်ဓာတ်နွေးနွေးနဲ့အတူ ရွေ့လျားနေခဲ့တယ်။ ဒါပေမဲ့လည်း အခုတော့ သူ့ရှေ့မှာ ချိတ်ဆွဲထားတာတွေက ဖရိုဖရဲ အရိပ်တွေမျှပဲ။ အသက်ဓာတ်ရဲ့ အမြစ်က ပြတ်တောက်သွားတဲ့၊ တိတ်တဆိတ် လွင့်ပါးပျောက်ကွယ်သွားတဲ့၊ အဓိပ္ပာယ်တစ်ခုခုဆီက လစ်ဟသွားတဲ့ အရိပ်တွေ။ တစ်ချိန်တုန်းကတော့ သူတို့ဟာ အရောင်အသွေးစုံလင်စွာနဲ့ ပန်းပွင့်တွေဆီက လွင့်ပျံလာတဲ့ ၀တ်ဆံဖိုတွေလို လေထဲမှာ ကခုန်နေခဲ့ကြတယ်၊ သူ့ မျက်လုံးတွေ၊ နားရွက်တွေနဲ့ နှာခေါင်းပေါက်တွေထဲ ၀င်ရောက်လို့။ အ၀တ်အစား အနားကွပ်တွေ၊ ကြယ်သီးတွေနဲ့ ဇာပေါက်တွေ၊ နောက်တော့ ပုခုံးပေါ်က ပန်းပွားတွေနဲ့ အိတ်ကပ်တွေ၊ နောက်ဆုံး ခါးပတ်တွေ..၊ အားလုံးဟာ အခန်းထဲက ရှိသမျှလေကို လောဘတကြီး စုပ်ယူနေသလိုပဲ။ တိုနီ အသက်ရှူမ၀ ဖြစ်လာတယ်။ ပိုးဖလံတွေကို တားဆီးတဲ့ ပရုတ်လုံးအနံ့တွေဟာ အရင်တုန်းကတော့ အတောင်တပ်ပိုးမွှားကလေးတွေ သန်းပေါင်းများစွာရဲ့ တ၀ီဝီအသံလည်း ဖြစ်ခဲ့မယ်။ အခုတော့ သူ ဒီအ၀တ်အစားတွေအားလုံးကို မုန်းနေတယ်။ အဲဒီခံစားချက်ဟာ ရုတ်တရက်ကြီး တိုနီ့ဆီ ပေါ်လာတယ်။ တိုနီ နံရံပေါ်ကို လေးလေးပင်ပင် မှီချလိုက်တယ်။ လက်တွေကိုပိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ အထီးကျန်မှုဟာ သူ့ဆီကို နွေးနွေးပြစ်ပြစ်၊ တစိမ့်စိမ့် စီးဝင်လာနေတယ်။ အခုတော့ အရာအားလုံးပြီးဆုံးသွားပြီလို့ သူ့ကိုယ်သူ ပြောလိုက်တယ်။ ငါဘာပဲလုပ်လုပ် အားလုံးကတော့ ပြီးဆုံးသွားပြီ။

§ § § § § § §

တိုနီ အမျိုးသမီးဆီ ဖုန်းခေါ်ပြီး အလုပ်အကြောင်းကို မေ့လိုက်တော့လို့ ပြောလိုက်တယ်။ သူလုပ်ရမယ့်အလုပ် မရှိတော့ဘူးလို့ ပြောရင်း တောင်းပန်ရတယ်။
`ဒီလိုတော့ ဘယ်ဖြစ်မလဲ´ လို့ အမျိုးသမီးက စိတ်ဆိုးမာန်ဆိုး ပြန်ပြောတယ်။
`တောင်းပန်ပါတယ်။ အခြေအနေက ပြောင်းသွားလို့ပါ´ လို့ တိုနီပြောလိုက်တယ်။
`အိမ်ကိုယူသွားတဲ့ အ၀တ်အစားတွေနဲ့ ဖိနပ်တွေကို ခင်ဗျား ယူလိုက်ပါ။ ပြီးတော့ လက်ဆွဲအိတ်ရောပဲ။ ဖြစ်ခဲ့သမျှတွေ အားလုံးကို ကျုပ် မေ့ပစ်လိုက်ချင်လို့။ ပြီးတော့ ကျေးဇူးပြုပြီး ဒီအကြောင်းကို ဘယ်သူမှ  မသိပါစေနဲ့´
အမျိုးသမီးလည်း ဘာမှ မတတ်နိုင်တော့ဘူး။ သူက အကြောင်းပြချက်အတွက် ပိုပြီးဖိပြောလေ ပိုပြီးအဓိပ္ပာယ်မရှိလေ ဖြစ်လာခဲ့တယ်။
နောက်ဆုံးတော့ `ကျွန်မ သဘောပေါက်ပါပြီ´ လို့ ပြောပြီး သူ ဖုန်းချလိုက်တယ်။

မိနစ်အနည်းငယ်လောက် သူ တိုနီတခိတနိဆိုတဲ့လူကို ဒေါသထွက်နေမိတယ်။ ဒါပေမဲ့ မကြာခင်ပဲ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ သူ ခံစားလာရတယ်။ ဒီကိစ္စတစ်ခုလုံးဟာ အစကတည်းက ကိုးရိုးကားယားနိုင်ခဲ့တယ်။ အလုပ်မဆင်းရသေးခင်မှာပဲ အလုပ်ပြန်ပြုတ်သွားလို့ သူ ၀မ်းနည်းမိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အခြားတစ်နေရာမှာ အခြားတစ်ခုရနိုင်သေးတာပဲလို့ သူ့စိတ်သူ ဖြေလိုက်တယ်။

တိုနီ့အိမ်ကနေ သူ အိမ်ကိုယူလာတဲ့ အ၀တ်အစားတွေကို ဖြည်လိုက်တယ်။ ပြီးတော့ ဖြန့်ပြီး သူ့အ၀တ်ကြိုးတန်းမှာ လှန်းထားလိုက်တယ်။ ဖိနပ်တွေကိုကျတော့ သူ့အိမ်ရှေ့တံခါးက ဖိနပ်စင်မှာ တင်ထားလိုက်တယ်။ ဒီအသစ်တွေနဲ့ ယှဉ်ကြည့်တော့ သူ့အရင် အ၀တ်တွေနဲ့ ဖိနပ်တွေဟာ စိတ်ပျက်စရာကောင်းလောက်အောင် မသပ်မရပ်ဖြစ်နေတာ တွေ့ရတယ်။ ဒါတွေဟာ အခြားကမ္ဘာတစ်ခုက၊ မတူညီတဲ့ပစ္စည်းတွေနဲ့ လုပ်ထားသလိုပဲလို့ သူခံစားရတယ်။ အင်တာဗျူးမှာ ၀တ်ခဲ့တဲ့ ဘလောက်စ်အင်္ကျီနဲ့ စကပ်ကို သူချွတ်လိုက်ပြီး တန်းပေါ်တင်လိုက်တယ်။ နောက်တော့ ဂျင်းဘောင်းဘီနဲ့ တီရှပ်ကို ပြန်ဝတ်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ်ထိုင်ပြီး ဘီယာအေးအေးကို သောက်နေလိုက်တယ်။ တိုနီ့အိမ်က အ၀တ်အစားတွေပြည့်နေတဲ့ အခန်းကြီးကို ပြန်တွေးမိတော့ သူ သက်ပြင်းတစ်ချက် ရှိုက်မိတယ်။ အရမ်းလှတဲ့ အ၀တ်အစားတွေ အများကြီးလို့ သူတွေးနေမိတယ်။ ပြီးတော့ ဘီရိုလုပ်ထားတဲ့ အခန်းကျယ်ကြီး၊ ငါနေတဲ့အခန်းထက်ကို ပိုကြီးတယ်။ ဒီအ၀တ်အစားတွေအားလုံးကို ၀ယ်ရင်း သုံးခဲ့ရတဲ့ အချိန်နဲ့ငွေတွေကို သူ စိတ်နဲ့မှန်းဆကြည့်တယ်။ ပြီးတော့ သေသွားတယ်ဆိုတဲ့ အမျိုးသမီး။ ဒီလောက် လှလှပပ အ၀တ်အစားတွေအများကြီးကို ချန်ထားခဲ့ပြီး သေရမယ်ဆိုတဲ့ ခံစားချက်ဟာ ဘယ်လိုများနေပါ့မလဲ။

အမျိုးသမီးရဲ့ အပေါင်းအသင်းတွေ အနေနဲ့ကတော့ သူ ဆင်းရဲမှန်း အားလုံးသိနေကြတာပဲ။ ဒီတော့လည်း ဒီလို ခေတ်မှီဆန်းပြားတဲ့ တန်ဖိုးကြီးကြီး အ၀တ်အစားတွေဝတ်ပြီးသာ အပြင်ထွက်မယ်ဆိုရင် အံအားသင့်ကြတော့မှာပဲ။ `ဒီလိုအ၀တ်အစားမျိုး နင်ဘယ်ကရလဲ´ လို့ သူတို့ မေးကြလိမ့်မယ်။
`အဲဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပြဘူးလို့ ငါကတိပေးထားတယ်´ လို့ သူက ခေါင်းခါရင်း ပြန်ပြောလိမ့်မယ်။ `နောက်တော့ ငါက ပြောပြတယ်ဆိုရင်တောင် ဒီအဖြစ်အပျက်ကို နင်တို့ ယုံကြမှာမဟုတ်ဘူး…´

§ § § § § § §

နောက်ဆုံးတော့ အခြား အ၀တ်ဟောင်းပွဲစားတစ်ယောက်က သူ့ဇနီးရဲ့ အကြွင်းအကျန်တွေ အားလုံးကို တိုနီ့ဆီက လာယူသွားပါတယ်။ အ၀တ်တွေ ၀ယ်တုန်းက ပေးခဲ့ရတဲ့တန်ဖိုးရဲ့ နှစ်ဆယ်ပုံတစ်ပုံပဲ ပွဲစားက တိုနီ့ကို ပေးခဲ့တယ်။ ဒါပေမဲ့ ဒါက တိုနီ့အတွက် ဘာဖြစ်မှာလဲ။ တကယ်တော့ ဒါတွေကို သူ အလကားတောင် ပေးပစ်နိုင်တယ်။ သူ နောက်ထပ် မမြင်ရတော့မယ့် နေရာကိုသာ ရောက်သွားမယ်ဆိုရင်ပေါ့။

တစ်ခါတစ်ခါကျရင် တိုနီ အဲဒီအခန်းလွတ်ထဲကို ရောက်သွားပြီး အထဲမှာ တစ်နာရီနှစ်နာရီကြာ နေလေ့ရှိတယ်။ ဘာတစ်ခုမှတော့ လုပ်တာမဟုတ်ဘူး။ သူ့စိတ်ကိုသူ ဗလာကျင်းထားလိုက်တယ်။ အခန်းရဲ့ကြမ်းပြင်မှာထိုင်ရင်း ပြောင်ရှင်းနေတဲ့ နံရံတွေကို ကြည့်နေမယ်။ ကွယ်လွန်သွားတဲ့ သူ့ဇနီးရဲ့ အရိပ်တွေရဲ့ အရိပ်တွေ။ ဒါပေမဲ့ လအနည်းငယ်ကြာတော့ ဒီအခန်းထဲက အရာတွေကို ပြန်စဉ်းစားနိုင်တဲ့ အရည်အသွေး သူ့မှာ ပျောက်သွားတယ်။ အဲဒီအရာတွေရဲ့ အရောင်နဲ့ အငွေ့အသက်တွေဟာ သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ သူ့မှတ်ဉာဏ်ထဲက ပျောက်ဆုံးသွားခဲ့တယ်။ တစ်ခါတုန်းက သူ အမြတ်တနိုးသိမ်းဆည်းထားခဲ့တဲ့ ကွင်းကွင်းကွက်ကွက် စိတ်ခံစားချက်တွေတောင် သူ့ဦးနှောက်ရပ်ဝန်းထဲက ထွက်ပြေးတိမ်းရှောင်သွားသလို အရောင်ဖျော့လာခဲ့တယ်။ လေညင်းထဲက မြူငွေ့တစ်ခုလို သူ့မှတ်ဉာဏ်တွေဟာ ပုံသဏ္ဌာန်ပြောင်းနေခဲ့တယ်၊ တစ်ခါပြောင်းတိုင်းမှာလည်း ပိုမိုမှုန်ဝါးသွားလို့။ အခုတော့ မှတ်ဉာဏ်တစ်ခုစီဟာ အရိပ်တစ်ခုရဲ့ အရိပ်တစ်ခုရဲ့ အရိပ် ဖြစ်သွားခဲ့ပြီ။ သူ့ဆီမှာ လက်ဆုပ်လက်ကိုင် ကျန်နေခဲ့တဲ့ တစ်ခုတည်းသောအရာကတော့ လစ်ဟာနေတဲ့ ခံစားချက်ပဲ။

တစ်ခါတလေ သူ့ဇနီးရဲ့ မျက်နှာလေးကိုပဲ သူပြန်ပုံဖော်ကြည့်မိတယ်။ ဒါပေမဲ့ သူ မြင်နေရတာက အခန်းထဲမှာ သူ့ဇနီးထားခဲ့တဲ့အ၀တ်အစားတွေကိုကြည့်ပြီး မျက်ရည်တွေကျနေတဲ့ သူစိမ်းအမျိုးသမီးပဲ။ သူ့ရဲ့ ရွက်ကြမ်းရည်ကြိုမျက်နှာနဲ့ တစ်ပတ်နွမ်းသားရေဖိနပ်ကို တိုနီ ပြန်မြင်နေတယ်။ အဲဒီအမျိုးသမီးရဲ့ နာမည်နဲ့အတူ အရာအားလုံးကို မေ့သွားပြီး အတော်ကြာတဲ့အထိ အဲဒီအမျိုးသမီးရဲ့ ပုံရိပ်ကိုတော့ ထူးဆန်းစွာပဲ မေ့မရတော့ဘူး။

တိုနီရဲ့ဇနီး ကွယ်လွန်ပြီး နှစ်နှစ်အကြာမှာ တိုနီ့အဖေ အသည်းကင်ဆာနဲ့ ဆုံးခဲ့တယ်။ ရှိုဇာဘုရိုတခိတနိအနေနဲ့ သိပ်မခံစားလိုက်ရပါဘူး။ ဆေးရုံမှာ ခဏပဲ ကြာလိုက်တယ်။ သူသေတာ အိပ်ပျော်သွားသလိုပဲ။ တစ်နည်းအားဖြင့်တော့ ဘ၀နိဂုံး အေးအေးချမ်းချမ်းအဆုံးသတ်သွားခဲ့တယ်ပေါ့။ စတော့ခ်ရှယ်ယာလက်မှတ်အချို့နဲ့ ငွေသားအနည်းငယ်ကလွဲပြီး ပိုင်ဆိုင်မှုရယ်လို့ ရှိုဇာဘုရို ချန်ထားခဲ့တာ မရှိဘူး။ သူ့ခရာကြီးရယ်၊ ဂျက်ဇ်ဂီတ ဓာတ်ပြားဟောင်း တစ်ပုံကြီးရယ်ပဲ ကျန်ခဲ့တယ်။ အဲဒီဓာတ်ပြားတွေကို သေတ္တာတွေနဲ့ထည့်ပြီး အခန်းလွတ်တစ်ခုရဲ့ ကြမ်းပြင်မှာ တိုနီ ပုံထားလိုက်တယ်။ အောက်သက်သက်အနံ့တွေ ထွက်တတ်လို့ အဲဒီအခန်းက ပြတင်းပေါက်ကိုလည်း လေ၀င်လေထွက်ရအောင် ပုံမှန်သွားဖွင့်ပေးရတယ်။ တခြားအချိန်ဆိုရင်တော့ အဲဒီအခန်းထဲကို သူ ခြေတောင် မချဖြစ်ဘူး။

တစ်နှစ်လောက် ဒီလိုပဲ ကုန်သွားတယ်။ ဒါပေမဲ့ အဲဒီ ဓာတ်ပြားသေတ္တာတွေ အိမ်မှာ ရှိနေတယ်ဆိုတဲ့အသိက တိုနီ့ကို တစ်နေ့တခြား စိတ်မသက်မသာ ဖြစ်လာစေတယ်။ ထိုင်ပြီး အဲဒီဓာတ်ပြားတွေအကြောင်း စဉ်းစားရုံသက်သက်နဲ့တင် အသက်ရှူကြပ်လာသလို တိုနီ မကြာခဏခံစားရတယ်။ တစ်ခါတလေကျတော့လည်း ညဥ့်နက်သန်းခေါင်နိုးပြီး ပြန်အိပ်မရ ဖြစ်တတ်တယ်။ သူ့မှတ်ဉာဏ်တွေက ၀ိုးတ၀ါးဖြစ်နေပြီ။ ဒါပေမဲ့ နဂိုရှိနေခဲ့တဲ့နေရာမှာ ကျန်ရှိနေဆဲပဲ၊ မှတ်ဉာဏ်တွေရဲ့ အလေးချိန်ရှိနိုင်သလောက် ဖိချထားရင်းနဲ့။

ဒါနဲ့ တိုနီလည်း ဓာတ်ပြားအဟောင်းဝယ်သူကို ခေါ်ပြီး ဘယ်လောက်ပေးမလဲ မေးလိုက်တယ်။ အသစ်ထပ်မထွက်တော့တဲ့ တန်ဖိုးကြီးဓာတ်ပြား အများအပြားပါဝင်နေလို့ ခပ်သေးသေးကားတစ်စင်း ၀ယ်ဖို့ လုံလောက်တဲ့ အတော်လေးများတဲ့ ငွေပမာဏ တိုနီရခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ငွေရေးကြေးရေးက တိုနီ့အတွက်တော့ အကြောင်းမဟုတ်ပါဘူး။

အဲဒီဓာတ်ပြားတွေ သူ့အိမ်မှာ မရှိတော့မှပဲ တိုနီလည်း တကယ့် အထီးကျန်ဘ၀ ရောက်ခဲ့တော့တယ်။

တေဇာ (လရောင်လမ်း)
Original: Tony Takitani by Haruki Murakami
Translated from the Japanese by Jay Rubin

Comments

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...