ရာဘာအစွပ်ကလေးကလွဲလို့ ဘာအကာအကွယ်မှ မပါဘဲ
ဆက်ဆံ(ခံ)ခဲ့တာဆိုတော့ တကယ်လည်း အဲဒါလေးပဲလိုတာပါတဲ့၊
ဒီလိုနဲ့ အနည်းဆုံးဝါဒကို စဖွင့်တယ်။
[ ]
ပြောရမယ်ဆိုရင်၊ ဘေးမျဉ်းတားရတဲ့ အရွယ်ကျော်လာကတည်းက ၀ါကျအစတွေ မညီတော့ဘူး။ အေဘီသွေး ဆုံပိုင်း ဘယ်သန် ဋသန်လျှင်းချိတ်စသည် ရှားပါးမှုကို ခရုသင်းစွဲ ဆင်တစ်ကောင်လို ဂုဏ်ယူကြွေးကြာ်မှုဟာ ဒီဘက်နှစ်တွေမှာ အံမ၀င်တော့ဘူး။ ပြောရမယ်ဆိုရင်၊ အငြင်းဝါကျတွေချည်း သုံးသုံးနေရရင် ဟုတ်တော့မဟုတ်သေးဘူး။ နိုင်တီးနိုင်တီးစ်တွေရဲ့ အယ်လ်ကိုဟောလက်ခံနှိုင်မှု ပမာဏက ကိုယ့်ကိုကျော်ဖြတ်သွားတာကို မုဒိတာပွားရုံပါပဲ။ လည်ပင်းရိုးရဲ့အဆစ်တွေကလည်း ပါဝါစတီယာရင်လို၊ ၃၆၀ ဒီဂရီ လှည့်ပတ်ခွင့်မပြုမှတော့ နောက်လှည့်ကြည့်လို့မရ။ တစ်ချက်လေး စောင်းငဲ့ကြည့်ရုံ၊ ဆက်လျှောက်ရုံ။ လူငယ်တွေကလည်း လူငယ်တွေပဲ၊ နတ်ကတော်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးမှာ တစ်ခါက ဖင်မှာဖျာကြီးတစ်ချပ် ကပ်ပါဖူးတဲ့အကြောင်း စမိတိုင်း ခုတလော စကားဖြတ်ခံ ထိထိနေတယ်။ ဆံသဆရာ ရိတ်သင်လုဆဲဆဲ လည်ဂုတ်က မှဲ့နက်တစ်လုံးရဲ့ မရွေ့လျားနိုင်မှုဟာ ဘယ်လောက်တုန်လှုပ် ကြေကွဲဖွယ်ကောင်းလဲ။ အော်လေ ကြိုက်သလောက်အော်ပါ၊ သန်း, သန်းခြောက်ထောင်ကျော်ကြားထဲမှာ Bystander Apathy ပျံ့နှံ့နေပြီ။ မ,အအောင်သမိုင်းသင်ပြီး အထူအပါးနားလည်အောင် ရာဇ၀င်သင်ကြရတယ်။ တဖြည်းဖြည်းနဲ့တော့၊ ဒေါသတကြီး အိပ်စက်နေကြ´မှာ လစ်ထရယ်အနက်ရှိကြောင်း စောင်းပါးရိပ်ခြေလောက် သိလာခဲ့။ လက်ရေးလက်သားကောင်းခြင်းဟာ တိမ်မြုပ်စပြုနေတဲ့ အရည်အသွေးဆိုပေမယ့် ကဗျာရေးဖို့ ကလောင်လိုနေဆဲ ဒစ်ဂျစ်တယ်ခေတ်ကြီးပဲ။ ဟုတ်တယ်လေ၊ မြေလှန်တယ်ဆိုတဲ့ ဝေါဟာရဟာ မက်တာဖှောဆိုတာမသိဘဲ စတန့်ထွင်ချင်ရုံသက်သက်နဲ့ ကင်းမြီးကောက်မထောင်နဲ့။ ကိုယ်တို့ကတော့ ဒီလိုနည်းနဲ့ ကမ္ဘာကြီးကို ဘယ်သူအကြာဆုံး ကိုင်မြှောက်ထားနိုင်သလဲ အတည်ပေါက်ကြီး ပြိုင်ဆိုင်ခဲ့ကြတယ်။ တကယ်တော့ ခွေးခြေခုံတွေ မကွယ်ပျောက်သေးသရွေ့ တသီးပုဂ္ဂလတွေရဲ့ နေရာဆိုတာ ရှိတယ်။ ငယ်ငယ်ကတည်းက ပီကေ၀ါးရင် အများနည်းတူ ပူပေါင်းမမှုတ်တတ်တာကို သိမ်ငယ်လာခဲ့တဲ့ ကလေးလေး၊ Anti-nightmare Story မပြီးခင် အိပ်ပျော်သွားတော့ ဘာထူးတော့မှာလဲ။ ဒီနေရာမှာ လက်ညှိုးထိုးစရာရှိတာကတော့ ဖော်ကောင်ကို သက်ညှာခွင့်ပေးထားတဲ့ ဥပဒေပဲ၊ သစ္စာဖောက်ဖို့ သိပ်ကို လွယ်ကူသွားကြတယ်လေ။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ပျော်ပါးနေတဲ့ မျိုးပွားအင်္ဂါဟာ နာမည်နဲ့မလိုက်တဲ့ ငတိ(မ)။ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီ၊ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းတွေရဲ့ စိတ်ရှည်သည်းခံမှုဟာ ငါတို့ကို နိဗ္ဗာန်ဆီအရောက်ပို့ဖို့ စောင့်ဆိုင်းနေကြ။ နှစ်ယောက်အိပ်ကုတင်လို ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေချည်းပဲ လူတိုင်းပြောကြရင် သိပ်ကောင်းမယ်။ မျိုးဆက်ကွာဟမှုဟာ ဘာလဲဖေဖေတဲ့၊ တခါတလေ မေးခွန်းတွေကအစ မှားတယ်။ ဒီလိုပါပဲ၊ စ(လုံး)ရောက်ပြီးမှ ဆ(လိမ်)လာတာလို့ ပြောရင် ပါဆွန်နယ် မပါလောက်တော့ဘူး။ အစာရေမျိုထဲ မထွေးနိုင်မမျိုနိုင်တွေ ဖြတ်သန်းစီးဆင်းသွားတော့လည်း ဘာတတ်နိုင်မှာလဲ။ တချို့က ကဗျာမှာ သီအိုရီပဲလိုတယ်လို့ ပြောကြတယ်၊ အိပ်မပျော်တဲ့ညတွေ ရှိပြီးသားဆိုရင် သဘောတူတယ်။ ဒါမှမဟုတ်၊ ချီဂွေဗားရားအလိုအရ အလွယ်ဆုံးရုပ်ဖျက်နည်း (၂) နည်းဟာ၊ နှုတ်ခမ်းမွှေးအတုကြီးကို တပ်တာနဲ့ နှုတ်ခမ်းမွှေးအစစ်ကြီးကို ရိတ်တာဆိုရင် ပြောက်ကျားမယ်တွေ နှုတ်ခမ်းဆူမယ်။ ဘာပဲဖြစ်ဖြစ် မပူပါနဲ့၊ ခြုံခိုမှုကြီး ပြီးမြောက်တဲ့အခါကျရင်လည်း ရဲဘော်/မေတို့ရဲ့ မူလရုပ်တွေ ပျက်စီးပြီးသား ဖြစ်နေမှာပါပဲ။
ရာဘာအစွပ်နဲ့တူတဲ့ အခွံပျော့လိပ်ကြီး ဖြစ်ရမှာလောက် ပိုကြောက်မိတာ မရှိတော့ဘူး။ နောက်ဆုံးတော့၊ သတည်းနဲ့စတဲ့ ၀ါကျမျိုးလည်း ရှိသင့်တယ်´ ဆိုတာလို သင်းကွဲတွေ တစ်စုတဝေးတည်း ကိုယ့်ကိုယ်ကိုယ်ထောက်ခံ အဆိုပြုကြ၊ ..ထိုနည်းတူစွာ။
တေဇာ (လရောင်လမ်း)
စက်တင်ဘာ၊ ၂၀၁၂
Image: http://nabhan.deviantart.com

Comments
Post a Comment