Skip to main content

အာသာ

“မိုးမိုး (အင်းလျား) အမှတ်တရပြိုင်ပွဲ ဆုရ၀တ္ထုတိုများ” စာအုပ်မှ ထုတ်နုတ်တင်ပြပါသည်။

သင်္ဘောဆိပ်ကနေ တက်လိုက်တာနဲ့ မြို့ရဲ့ မိန်းလမ်းမကြီးပေါ်မှာ ဦးဘိုးထွေးရဲ့အိမ်ကို တွေ့ရပါလိမ့်မယ်။ ခရီးကပြန်လာတဲ့ မြို့ခံလူပဲ ဖြစ်ဖြစ်၊ ဒီမြို့ကို အကြောင်းတစ်ခုခုနဲ့ လာတဲ့ တစ်နယ်က ခရီးသည်ပဲဖြစ်ဖြစ်၊ ဦးဘိုးထွေးရဲ့ အိမ်ရှေ့ကတော့ ဖြတ်ကို ဖြတ်သွားရလိမ့်မယ်။ မြို့ထဲကလူတွေဟာလည်းပဲ အများအားဖြင့် နေကုန်ဆိုသလို ဒီနေရာမှာပဲ စုစုဝေးဝေး လာနေကြရတာ မဟုတ်လား။ အဲသလို အချက်အချာကျတဲ့နေရာမှာ ရှိနေတာကိုက ဦးဘိုးထွေးရဲ့ဆန္ဒ ပြည့်ဝစေဖို့ ဖြစ်လာတာ။

§ § § § § § §


ဒီအထက်ချင်းတွင်း မြစ်တကြောမှာ သွားလာနေကြတဲ့ လူတွေဟာ ဒီသင်္ဘောဆိပ်ကမ်း မြို့ကလေးကိုတော့ အသွားခလုတ်၊ အပြန်ခလုတ် ရောက်ရတာချည်းပါပဲ။ ခဏနားတာနဲ့ တစ်ညနားတာပဲ ကွာပါတယ်။ ဆန် ဆီ သားငါးထွက်တဲ့ အရပ်ဆိုတော့ ထမင်းကောင်းကောင်း ဟင်းကောင်းကောင်းကို အဖိုးနှုန်းချိုမြိန်စွာနဲ့ စားခွင့်ရကြပါတယ်။ အစုန်ခရီးမှာ သင်္ဘောက နေ့လယ် နာရီပြန်တစ်ချက်နှစ်ချက်ထိုးလောက်မှ ဒီဆိပ်ကမ်းကို ဆိုက်ကပ်တတ်ပေမယ့် ခရီးသည်တွေဟာ နေ့လယ်စာကို အောင့်အည်းအဆာခံ စောင့်ကြတာ။ သင်္ဘောပေါ်မှာ စားခဲကြတယ်။ ဒီလိုပဲ အဆန်ခရီးမှာလည်း ညကြီးမိုးချုပ် ၉ နာရီ ၁၀ နာရီထိ ဒီဆိပ်ကမ်းရောက်မှ ညစာစားကြတာကလား။

မော်တော်ရေယာဉ်ကြီးတွေနဲ့ စက်လှေတွေဟာလည်း ဒီဆိပ်ကမ်းလေးမှာ အမြဲလိုလို ၀င်ထွက်မစဲပါပဲ။ ဒီတော့ မြစ်ဆိပ်ကလေးကို အမှီသဟဲပြုနေရတ့ ဒီမြို့ကလေးက လူတွေဟာ ဒေသထွက်ပစ္စည်းတွေနဲ့ အစားအသောက် အမျိုးမျိုးကို ရောင်းချရဖို့ စိတ်စောနေကြရတဲ့အထဲ ဦးဘိုးထွေးတစ်ယောက်တော့ဖြင့် ထူးခြားနေပါတယ်။ သူ့အနေနဲ့ စီးပွားရေး ကြီးပွားရေးဆိုတာတွေကို သိပ်ထည့်တွက်နေတဲ့ပုံ မရှိဘူး။ ဟိုတုန်းကတော့ သူလည်း ရုန်းကန်လှုပ်ရှားခဲ့ချင်ခဲ့မှာပေါ့လေ။ ခုတော့ သူ့သမီးကပဲ ထမင်းဆိုင်ကလေးဖွင့်ပြီး အစစအရာရာ ဦးဆောင်နေပါတယ်။ သူကတော့ အေးဆေးတည်ငြိမ်စွာ သူ့ဝါသနာနဲ့သူ သူ့အလုပ်သူ လုပ်နေတော့တာပါပဲ။

မနက်စောစော အိမ်ရှေ့မှာ ဦးဘိုးထွေး ရေဖျန်းပါတယ်။ ပြီးရင် တံမြက်လှည်းတယ်။ သူ့သမီး အေးကြည် ထမင်းအိုးဟင်းအိုးတွေနဲ့ ပန်းကန်ခွက်ယောက်တွေ ပြင်ဆင်ခင်းကျင်းနေချိန်မှာတော့ ဦးဘိုးထွေးတစ်ယောက် သူ့အလုပ်သူစလုပ်ပါတော့တယ်။ သုံးထပ်သားသင်ပုန်းကြီး အကြီးတစ်ချပ် အငယ်တစ်ချပ် နှစ်ချပ်လုံးကို အိမ်ထဲကနေ တစ်ချပ်စီ မ, လာပါလေရော။ ပြီးရင် အိမ်ရှေ့က ထောင်နေကျနေရာမှာ နေသားတကျ ထားလိုက်တယ်။ ဘေးဘီကိုလည်း ဝေ့၀ဲကြည့်လိုက်သေးရဲ့။ ဘယ်သူတွေ ရှိသလဲပေါ့။ သူ့ပရိသတ်တွေ ရောက်မလာကြသေးပါဘူး။

သူရေးထားတဲ့စာကို ခပ်လှမ်းလှမ်း နောက်ဆုတ်ပြီး အသံသဲ့သဲ့လေး ထွက်ဖတ်ကြည့်တယ်။

`ဟိုဘက်ကို ကူးမှတော်မယ်            ဦးက လှော်ကွယ်
လှော်ချက်တွေ မများစေနဲ့              အလကားဖြစ်လိမ့်မယ်။
ဘူးသီးကို လှီးမှတော်မယ်               ညည်းက ကြော်ကွယ်
ဆန်မှုန့်တွေ မများစေနဲ့                   အလကားဖြစ်လိမ့်မယ်´

သူ့ဟာသူ ကျေနပ်နေပါတယ်။ ဒိပြင် ရေးထားသမျှတွေကိုလည်း စိတ်ထဲက ဖတ်ကြည့်နေပါသေးတယ်။ ပြီးတာနဲ့ ဆိုင်အတွင်းက ထောင့်တစ်နေရာမှာထိုင်ပြီး ဆေးလိပ်ဖွာနေတော့တယ်။ သူ့အသက်က ၆၀ ကျော်ရော့မယ်။ ဒီလိုစာတွေရေးလာခဲ့တာဟာလည်း နှစ်အတန်ကြာခဲ့ပါပြီ။ ဒီမြို့မှာတော့ သူဟာ `စာရေးဆရာကြီး ဦးဘိုးထွေး´ အနေနဲ့ ရပ်တည်နေခဲ့ပါရောလား။

စာဖတ်သူ အလွန်နည်းတဲ့ (တကယ်တော့ တကယ်တော့ ဖတ်ချိန်မရအောင် အလုပ်များနေကြတာ) ဒီမြို့ကလေးမှာ စာအုပ်အရောင်းဆိုင်မပြောနဲ့၊ အငှားဆိုင်တောင် မရှိပါ။ ဒါပေမဲ့ ဦးဘိုးထွေးကတော့ စာနယ်ဇင်းတွေကို လက်လှမ်းမီသလောက် အကုန်ဖတ်ပါတယ်။ သင်္ဘောပေါ်က စာအုပ်အငှားဆိုင်လေးကနေ ငှားဖတ်ရတာပေါ့။ အစုန်မှာ ငှား၊ အဆန်မှာ ပြန်ပေး။ အဆန်မှာ ငှား၊ အစုန်မှာ ပြန်ပေး။ ဒီလိုပဲပေါ့။ စာနယ်ဇင်း လကျော်နှစ်ကျော်တွေ ဖြစ်ပေမယ့် `အဟောင်းဆိုပေသိ မဖတ်ရသေးရင် အသစ်ပေါ့လကွာ´ ဟု ဆိုပါတယ်။

ဖတ်မိသမျှတွေထဲက သူသဘောကျတာ တိုတိုထွာထွာလေးတွေဆိုရင် သူ့ရဲ့ သင်ပုန်းကြီးမှာ ကူးယူရေးသား တင်ပြတယ်။ ရှည်လျားနေရင်တော့ စတိလောက်ရေးပြပြီး စာအုပ်ညွှန်းလိုက်တယ်။ တကယ်တော့ ဒီမြို့ရဲ့ `စာညွှန်းဆရာ´ လည်း သူပါပဲ။ အဲ တစ်ခုရှိတာက သူ သဘောမတွေ့လွန်းရင်လည်း ဖော်ပြတယ်။ ပြီးရင် အောက်ခြေမှာ သူ့ရဲ့မှတ်ချက်လေးပါလာမယ်။ `ဝေဖန်ရေးဆရာ´ လည်း သူပါပဲ။ သတင်းတွေလည်း သူရေးတယ်။ မြို့ပေါ်သတင်း နယ်စုံသတင်းတွေသာမက ကမ္ဘာ့သတင်းတွေပါ သူစိတ်တွေ့တာ အကုန်ရေးတာပါပဲ။ ရသ သုတ သတင်းတွေအပြင် တစ်ခါတစ်ရံ ကဗျာလည်း စပ် ရေးပြတယ်။ သရော်စာလည်း ရေးလေ့ရှိတယ်။ စိတ်မထိန်းနိုင်တဲ့အခါ ပုဂ္ဂိုလ်ရေးဆဲစာလည်း သွယ်ဝိုက်ရေးပစ်တာ။ ဒီတော့ ဦးဘိုးထွေးဟာ သူပြောချင်တာဟူသရွေ့ ရေးနိုင်တဲ့ စာရေးဆရာကြီး ဖြစ်နေတော့တယ်။

မြို့ခံလူတွေကလည်း သူ့ကို နားလည်ခွင့်လွှတ်နေကြပါရဲ့။ သူရေးသမျှအပေါ် ဘာမျှ စောဒကတက်သူ မရှိဖူးပါဘူး။ တချို့ဆို သတင်းဦး သတင်းထူး သိချင်လို့ တမင်လာကြည့် ဖတ်ကြတယ်။ တချို့လူငယ်တွေဆို သူ့အတွေးအရေး စာသားလေးတွေ ကူးယူကြတယ်။ လူစည်ချိန်ဆိုရင် သူ့ရဲ့ သင်ပုန်းကြီးရှေ့မှာ လူတွေရဲ့ အရယ်အပြုံး၊ အမဲ့ အခနဲ့ဟန်တွေ မျိုးစုံတွေ့နေရမယ်။ ဒါတွေကို အတွင်းထောင့်တစ်နေရာက ထိုင်ကြည့်နေရတာ ဦးဘိုးထွေးအဖို့ အရသာတစ်မျိုး။ ပြောမဖြစ်တဲ့စကား ပြောမထွက်တဲ့စကားရယ်လို့ ဦးဘိုးထွေးမှာ မရှိတာကိုက စာရေးဆရာတို့ရဲ့ အထွတ်အထိပ်ပီတိကို သူ ရထားတာ။

တစ်နေ့က မြို့နယ်အလိုက် ဘော်လီဘောပြိုင်ပွဲ ဖိုင်နယ်မှာ မြို့ခံအသင်းက ပွတ်ကာသီကာ ကပ်ရှုံးသွားခဲ့တယ်။ မြို့ခံအသင်းကလူတွေ ဘာပြောတယ်မှတ်လဲ။ `ရှုံးသွားတာက အရေးမကြီးဘူးကွ၊ အဘိုးကြီးရေးတာ ခံရတော့မယ်´ တဲ့။ တကယ်ပါပဲ။ နောက်တစ်နေ့ထုတ် ဦးဘိုးထွေးရဲ့ သင်ပုန်းကြီးမှာ ကဗျာရှည်ကြီးတစ်ပုဒ် ပါလာတယ်။

ကာရန်တွေ ရစ်သမ်တွေ သူနားလည်သလိုယူပြီး ပျစ်ပျစ်နှစ်နှစ်ဆော်ထားလိုက်တာ။ `ရိုက်ချက်ပျော့´ `သာခွေယိုင်´ ဆိုတဲ့ စကားလုံးတွေဟာ အခံရအခက်ဆုံးပဲလို့ ပြောကြတယ်။ အဲဒီနေ့သင်ပုန်းကြီးမှာပဲ လူတွေအဖတ်များတာ တစ်ခုပါလာတယ်။
`အိုသူ နာသူ ဆင်းရဲသူတွေ တောင်းရမ်းလာတဲ့အခါ
ငွေတစ်ကျပ်တစ်ပြား လောင်းထည့်လိုက်ရတာ
အင်မတန် ပီတိဖြစ်တယ်။
မထည့်မနေရ အလှူခံမျိုးကျ ထည့်သာထည့်ရ ပီတိမဖြစ်´
(ညောင်စေ့ကုသိုလ်က ညောင်ပင်ကုသိုလ်ထက် အကျိုးပေးပိုလိမ့်မည်) ဆိုတာလေးပါ။

နောက်တစ်ခါ သူ့အတွေးအရေးလေးတွေ
သံသယဖြစ်ရင်                သံသရာပိုလည်မယ်၊
မှားနေတဲ့လူတွေကြားမှာ    မှန်တဲ့လူဟာ မှားနေတယ်၊
ဝိနည်းလွတ်လုပ်သူတွေ     ၀ိနည်း (လွတ်) နေမယ်။

အဲသလိုဟာမျိုးလေးတွေ အလွန်ရေးလေ့ရှိသေးတယ်။

ရယ်စရာလေးတွေ မြင်ရင် ကြားရင် ရေးတတ်တယ်။ တစ်ခါက အခမ်းအနားတစ်ခု အစည်းအဝေးနဲ့ တက်ရောက်ကြရာမှာ အဲဒီမှာ အရန်မီးသတ်လူငယ်လေးတစ်ယောက် မတတ်တတတ် မှားပြောတာလေး ရေးဖြစ်အောင်ရေးလိုက်တယ်။
`ပလက်ဖောင်းဝတ်ပြီး ယူနီဖောင်းပေါ်မှာ လူစုနေကြ´ တဲ့။

အဲသလို သေးသေးမွှားမွှားကအစ မှားတတ်တာတွေ၊ ကမောက်ကမဖြစ်နေတာတွေ ရှိနေသရွေ့ ဦးဘိုးထွေးအဖို့ ရေးနေရဦးမှာပါပဲ။
`ကျောင်းဆရာက စာသင်တတ်အောင် မသင်တော့ဘူး။ စာဖြေနိုင်ရုံသာ သင်တော့တယ်´
ဘုန်းကြီးကလည်း လှူတတ်အောင် မသင်တော့ဘူး။ လှူချင်ရုံသာ ဟောတော့တယ်´
ဒါလည်း ဦးဘိုးထွေးရဲ့ အရေးအသားတစ်ခု။
ကနေ့ထွက်တဲ့ မဂ္ဂဇင်းတွေနဲ့ပတ်သက်လို့ သူပြောတာက `တစ်ပုဒ်ကောင်းပါရင်ကို တစ်အုပ်ကို ကျေနပ်သဟေ့´ တဲ့။ စာအုပ်ထဲ ရန်ဖြစ်နေကြတဲ့ သူတွေကိုကျ `မင်းမှားတယ်လို့ပြောရင်း သူပါမှားသွားတာပါကွာ´ တဲ့။

သူများတွေ အိပ်ရာဝင်ချိန်ဆို ဦးဘိုးထွေးတစ်ယောက် အလုပ်ရှုပ်ချိန်ပါပဲ။ သူ့ရဲ့ သင်ပုန်းကြီးနှစ်ချပ်ကို အ၀တ်ရေစိုနဲ့ဖျက်၊ ခြောက်အောင်သုတ်။ ပြီးရင် နက်ဖြန်မနက်အတွက် ရေးရချက်ရတော့မယ်လေ။

မြို့အမည်ခံပေမယ့် မြို့မည်ကာမတ္တ တောသာသာမြို့လေးမှာ စာဖတ်သူအလွန်နည်းပေမယ့် သွားရင်းလာရင်း လုပ်ကိုင်ရင်း ဦးဘိုးထွေးရဲ့သင်ပုန်းကြီးကိုတော့ အဖတ်များကြပါတယ်။ ဒီတော့ မြို့ကလေးကလူတွေရဲ့ စိတ်အာဟာရကို တစ်ဖဲ့တစ်ရွဲ့လောက် ဖြည့်ဆည်းပေးနေရသလို သူကျေနပ်နေရတယ်။ သူပြောချင်တာ ရေးနေရရင် ပြီးရောဆိုတဲ့ အဆင့်ထက်မက၊ သူသိသလို သူများလည်း သိစေဆိုတဲ့ စေတနာနဲ့ သူကြိုးစားနေတာလည်း ပါပါတယ်။ ဆေးမြီးတိုလေးတွေ ထည့်ပေးသလို တစ်ခါတစ်ရံ ပဟေဠိတို့ စကားထာတိုလည်း ထည့်ပေးတတ်ပါသေးတယ်။
`ကွေးနေရာကနေ ရုန်းကန်လှုပ်ရှား ရှင်သန်လေ
ပြီးတော့ဆန့်ဆန့်သေ´
`အဲဒါ ဘာကြီးလဲ အဘိုးရဲ့´ လို့ သူ့မြေးလေး ဖိုးတွတ်ကမေးတော့ ဦးဘိုးထွေးက စာရေးနေရင်းကနေ `ဒါ ဟိုက္ကုလေကွာ´ တဲ့။ လူ့ဘ၀ဟာ ဒါပါပဲကွာလို့ ဆက်ပြောနေသေးတယ်။ သူစာရေးရင် အဲဒီမြေးကလေးက အမြဲ အနားမှာလာနေတတ်တာကို သူသိပ်သဘောတွေ့မိတယ်။ `မျိုးဆက်သစ်´ အတွက် သူလည်း မျှော်လင့်မိမှာပဲလေ။ တောက်တိုမည်က ခိုင်းတာလုပ်ပေးတဲ့ ဒီကောင့်ကို သူ အချစ်ဆုံးပဲ။ ခုကို သည်ကလေး စတုတ္ထတန်း ရောက်နေပြီ။

သတင်းရေးရင် သေချာမှာ ဖြစ်နိုင်ကောင်းချေရဲ့ဆိုတာမျိုး သူ မရေးဘူး။ မြို့ကလူတွေကလည်း ကြားရတဲ့သတင်း ဟုတ်မှဟုတ် သိချင်ရင် ဦးဘိုးထွေးသင်ပုန်းကြီး လာကြည့်ကြတာ။ အဲသလို ယုံကြည်တာ။ သူရေးရင် ဟုတ်ပြီပဲ။

ဦးဘိုးထွေးမှာလည်း ပရိသတ်ရှိတာပေါ့။ ဒါကြောင့်လည်း သူရေးနေနိုင်တာပေါ့။ သူ့မှာ စာရေးတာနဲ့ပတ်သက်လို့ အကျိုးမျှော်ကိုးစိတ် ရှိဟန် မတူပါဘူး။ စာမူခကိုတော့ သူ့ပရိသတ်ဆီက သူ ရအောင်ယူတယ်။ ထောင့်တစ်နေရာက ကြည့်ရင်း အကဲခတ်ပြီး ရအောင်ယူတာ။ အဲဒီ `ပီတိ´ ဟာ သူ့စာမူခပဲလေ။

သန်းကြည်မတို့အိမ်ကခွေး မယောင်မလည်နဲ့ လာနေတာမြင်ရင် ဦးဘိုးထွေး ပျာယာခတ်ပြီ။ တုတ်တစ်ချောင်းနဲ့ မောင်းထုတ်ရတာ အမော။ အဝေးရောက်သည်အထိ ခဲနဲ့ပစ်ပြီး ခြောက်လိုက်သေးတာ။ ဒီကောင်ကလည်း ဒီကောင်။ သင်ပုန်းကြီးကိုမှလာပြီး သေးပန်းတာ ခဏခဏ။ သူရေးတဲ့စာ ပျက်သွားရင် ဦးဘိုးထွေး ကျိန်ဆဲလို့ မဆုံးတော့။

သင်ပုန်းကြီးတစ်ချပ် ရေးပြီးသွားတဲ့အချိန်မှာ သူ့ဘေးကမြေးလေး အိပ်ပျော်နေရှာပြီ။ ပွေ့ချီမ, ပြီး ခြင်ထောင်ထဲ သွင်းပေးလိုက်တယ်။ သူလည်း ငိုက်လာပြီ။ ဒါပေမဲ့ အိပ်လို့က မဖြစ်သေး။ အငယ်တစ်ချပ် ကျန်သေးတယ်။ ဘက်ထရီမီးချောင်းက နည်းနည်းမှိန်သွားသလိုပဲ။ ပြတင်းပေါက်ကနေ အပြင်လှမ်းကြည့်လိုက်တော့ ကောင်းကင်တစ်ခွင်မှာ ကြယ်တာရာတွေ အပြည့်။ ငွေလမင်းကြီးကလည်း ထိန်ထိန်သာလို့။ နံရံကိုကျောမှီ၊ ဆေးလိပ်ဖွာရင်း ရေးစရာတွေကို စိတ်ထဲက စဉ်ကြည့်နေပါတယ်။

လပြည့်ဥပုသ်စောင့်ထားလို့ထင်ရဲ့။ ဗိုက်ထဲက တကွိကွိနဲ့ အခံရခက်နေတယ်။ အစာအိမ်လေနာရှိသူမို့ လိုအပ်ရင် မှီဝဲနိုင်အောင်ဝယ်ထားတဲ့ စတုမဓူပုလင်းကို သတိရသွားတယ်။ ဆေးလည်းဖြစ် အာဟာရလည်းဖြစ်၊ ပြီးတော့ သီလလည်း မပျက်ဘူးလေ။

စတုမဓူကို လက်နဲ့ကော်စားရင်း အတွေးတစ်ချက် လက်သွားတယ်။ ဟုတ်ပြီ။ အဲဒါ ရေးရမယ်။ ပြောပြောဆိုဆို စာရွက်ပေါ် အကြမ်းရေးခြစ်ကြည့်တော့တယ်။
`စတုမဓူကို စားဖို့ ကော်တဲ့အခါ လက်ညှိုးကို ခပ်ကွေးကွေးလေးထားပြီး ကော်ရတယ်။ လက်ညှိုးအဖြောင့်လိုက်ကြီး ထိုးကော်လို့ မရဘူး။ အဲသလိုပဲ  လောကမှာ နေရာတကာ ဖြောင့်နေလို့ မရဘူး။ တစ်ခါတစ်ခါ အလုပ်ဖြစ်ရုံလေး ကွေးပေးရတတ်တယ်။ ဒါမှ (စတုမဓူ) ရတာ။ ကွေးနေရာကနေ ကောက်သွားတဲ့အထိတော့ မရောက်စေနဲ့ပေါ့´
စာရေးလို့က မပြီးသေးဘူး။ ဒီနေ့ အရမ်းငိုက်နေပါလား။

မြို့ကြီးက စာရေးဆရာတစ်ယောက် ရောက်လာတယ်ကြားတဲ့နေ့က ဦးဘိုးထွေး အတော်ပျော်သွားရှာတာ။ အားလည်း ရှိသွားတယ်။ စာရေးဆရာလည်းဖြစ်၊ ၀န်ထမ်းအရာရှိတစ်ယောက်လည်းဖြစ်တဲ့ လူရွယ်ကို စတွေ့တော့ မုဒိတာစိတ်နဲ့ အံ့သြ၀မ်းသာဖြစ်ရသေးတယ်။ တွေ့သမျှလူတွေကို ပြောရတာလည်း မမောနိုင် မပန်းနိုင်ပါပဲ။ `ဆရာလေးက အင်မတန် သွက်လက်ချက်ချာတာဗျ၊ စကားပြောက နူးညံ့သိမ်မွေ့သေးတယ်၊ စာအရေးအသားကလည်း ညက်ပါပေ့ဗျား၊ သူ့စာတွေပါတဲ့ မဂ္ဂဇင်းတွေထုတ်ပြလို့ ဖတ်ခဲ့ရတယ်၊ စာအုပ်တွေလည်း ငှားလိုက်တယ်´

`လူငယ်ငယ် အသိကြွယ်ပုံကတော့ လက်ဖျားခါလောက်တယ်၊ မသိတာ မရှိဘူးဗျ၊ စာပေနှံ့စပ်တော့ ပြောစရာစကားကလည်း မရှားဘူးဗျ။ ကျုပ် မကြားဖူးတာတွေ တော်တော်လေး သိခဲ့ရပါရဲ့´
`ဒီလိုပုဂ္ဂိုလ်မျိုး ကျုပ်တို့မြို့ပြောင်းလာတာ ကျုပ်တို့ရဲ့ ကုသိုလ်ကံပါပဲ၊ မဟုတ်လား´ စသည်ဖြင့်ပေါ့လေ။

ရက်တိုတိုအတွင်းမှာ ဆရာလေးနဲ့ ဦးဘိုးထွေး အတော်လေး ရင်းနှီးသွားကြတယ်။ ထမင်းလက်ဆုံစားကြတယ်။ မကြာဏ ဆိုသလိုပဲပေါ့။ အားတဲ့အချိန်တွေမှာလည်း တွေ့ကြဆုံကြဆွေးနွေးကြနဲ့။ ဆရာလေးရဲ့စကားတွေထဲမှာ ဦးဘိုးထွေးနားမလည်တာတွေလည်း တော်တော်ပါတတ်တယ်။ ငါ ဉာဏ်မမီတာပဲလို့ ဖြေတွေးတွေးရတယ်။ ပြန်မေးနေရင်လည်း ဆရာလေးစကားပြောအရှိန် ပျက်သွားမှာကို စိုးရိမ်တာလိုလို၊ သူ့ကို စိတ်ပျက်သွားမှာ ပူတာလိုလိုနဲ့ အလိုက်သင့်နေလိုက်ရရှာတယ်။

တစ်ခါမှာတော့ သူပြန်ပြောမိတာရှိတယ်။ ဘာတဲ့ `စာပေရေစီးကြောင်း´ ဆိုတဲ့အကြောင်း ပြောသွားတာ။ အများကြီးပါပဲ။ ရှေးရှေးမြန်မာစာဆိုတွေရော၊ သူတို့ရဲ့စာတွေရော။ နောက်တစ်ခါ ခေတ်အလိုက် စာရေးဆရာကြီးတွေ၊ သူတို့ရဲ့ ရေးဟန်တွေ။ နောက်ဆုံးကျတော့ ကနေ့စာပေခေတ်။ အဲဒီမှာ သူ့ကိုယ်သူလည်း အားမရကြောင်းပြောရော `အဲဒါကတော့ မောင်ရာ၊ စာပေရေစီးကြောင်းဆိုမှတော့ တဖြည်းဖြည်း နိမ့်ဆင်းသွားရ တော့မပေါ့၊ ရေစီးကြောင်းဆိုတဲ့စကား ကျုပ်သဘောမတွေ့ဘူး၊ ခုန ဆရာလေးပြောသလိုဆိုရင် ကျုပ်အထင်နော် ရေစီးကြောင်းကနေ ရေလွဲမြောင်းတွေ ဖြစ်နေမလားလို့´
ဆရာလေးက ဘာမျှပြန်မပြောဘဲ ပြုံးမဲ့မဲ့ကြီး လုပ်နေပါတယ်။ ဒါနဲ့ ကျုပ်လည်း ထပ်မပြောတော့ဘူး။

ရက်တစ်ရက်က ဆရာလေးနဲ့ ဦးဘိုးထွေး မြစ်ဆိပ်ရဲ့ကမူထိပ်ကလေးမှာ အတူထိုင်နေဖြစ်ခဲ့ကြတယ်။ နှစ်ယောက်စလုံး မြစ်ပြင်ကျယ်ကြီးကို ငေးမောနေကြတာ အတော်လေးကြာသွားခဲ့တယ်။ မြစ်ပြင်ကျယ်ကြီးရဲ့ တစ်ဖက်ကမ်းမှာ သဲသောင်ကြီးရှိတယ်။ အဲဒါရဲ့ ဟိုနောက်ဘက်မှာတော့ တောတန်းရှည်ကြီး။ ခပ်လှမ်းလှမ်းက ကျောက်တောင်ကြီးပေါ်မှာ ခဲခဲယဉ်းယဉ်းတည်ထားခဲ့တဲ့ ထုံးဖွေးဖွေးစေတီလေးတစ်ဆူ ရှိနေတယ်။ သူတို့ရဲ့ မြင်ကွင်းကတော့ ဒါပါပဲ။ ဒါပေမဲ့ သူတို့ရဲ့အတွေးတွေကတော့ ဒီထက်များနေကြတယ် ထင်ပါရဲ့။

ဟိုးမှာ သင်္ဘောတစ်စင်း လာနေပြီ။ အဝေးကြီးက စမြင်နေရတယ်။ မြင်ရပြီဆိုတာနဲ့ မြစ်ဆိပ်မှာရှိတဲ့ လူရွယ်ကောင်လေးတွေ၊ ကောင်မလေးတွေဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြတော့တယ်။ လှေပေါ် တစ်စုတစ်ပြုံကြီး တက်ကြတယ်။ ပြီးလေ လှေသုံးလေးစင်းဟာ သူ့ထက်ငါ အပြေးလှော်ခတ်သွားကြတော့တာ။ သင်္ဘောဆီ ဈေးကြိုရောင်းဖို့လေ။ အချို့ စကော၊ လင်ပန်းလေးတွေရွက်လို့။ တချို့ တောင်း၊ ပလုံးလေးတွေပိုက်လို့။ တချို့ အိတ်ကလေးတွေ ဆွဲလို့ပေါ့။

သူတို့တတွေရောင်းကြတာတွေက ထမင်းဖြူထုပ် (ဟင်းမပါ) ၊ ထမင်းပေါင်း၊ ဟင်းအနေနဲ့ကတော့ သားငါးပုစွန်ကို အရည်ဆမ်းဆမ်းလေးချက်ထားပြီး ဟင်းခွက်ကလေးတွေနဲ့ထည့်လို့။ ပြီးတော့ ကြက်ပေါင်ကြော်၊ မြူရွက်၊ မြင်းခွာရွက်စတဲ့ အရွက်သုပ်ကို ငှက်ပျော်ဖက်ပေါ်ပုံလို့။ နောက် တမာရွက်၊ ဆလတ်ရွက် အစည်းလေးတွေ။ သရေစာအဖြစ် မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်စသည်တို့အပြင် သစ်သီးဝလံ ငှက်ပျော၊ သြဇာ၊ သရက်၊ ပိန္နဲ စသည်တို့ကလည်း ပါသေးတယ်။ ပြီးရင် ကြိုက်တတ်သူတွေအတွက် တောအရက်ပုလင်း။ အဲသလို စားစရာသောက်စရာတွေ အလုအယက် အပြိုင်အဆိုင်ရောင်းကြတာ။ ကိုယ့်ခြံထွက် ကိုယ့်နယ်ထွက် ပစ္စည်းတွေဆိုတော့ ဈေးကတော့ ချိုသလားမမေးနဲ့။ အဆင်ပြေသလို ရောင်းကြတာ။ ခရီးသည်တွေဆိုတာလည်း ရောင်းချင်မှန်းသိတော့၊ လျှော့ပေးနိုင်မှန်းသိတော့ ဈေးစစ်ကြ၊ အပိုတောင်းကြနဲ့ပေါ့လေ။

တွေးကြည့်ရင်တော့ အန္တရာယ်များလှတယ်။ ဒါပေမဲ့ သူတို့တတွေက ကျွမ်းကျင်ပြီးသားပါ။ သင်္ဘောရဲ့ အရှိန်နဲ့လားရာ၊ နောက် သူတို့လှော်ခတ်လာတဲ့ လှေနဲ့ အရှိန်နဲ့လားရာ။ မြစ်ရေရဲ့ စီးဆင်းနှုန်း။ ဒါတွေကို ချိန်ဆပြီး သင်္ဘောအနား လှေကိုကပ်ကြတယ်။ ပြီးရင် လှေရဲ့ကြိုးစကို သင်္ဘောဘေးတန်းမှာ ကပ်ချည်ကြရတယ်။ ဒီလို ကပ်နေတုန်းမှာကိုပဲ ကောင်လေးတွေကောင်မလေးတွေက သူတို့နည်း သူတို့ဟန်နဲ့ စောင့်ဆိုင်းခြင်းမရှိ အလျင်စလို သင်္ဘောပေါ်ကို မရအရ တက်ကြတော့တာပဲ။ နှုတ်ကလည်း တစာစာအော်လို့။ အပေါ်ထပ်အောက်ထပ် သင်္ဘောပေါ်မှာ ဆူညံပွက်ထနေတော့တာ။

တကယ်တော့ ငွေစငွေနလေးတွေအတွက် သူတို့လေးတွေရဲ့ ကြိုးပမ်းမှုပါ။ ဆိပ်ကမ်းရောက်တော့လည်း ဒူးလယ် ပေါင်မက။ တချို့ကလေးငယ်တွေဆို ခါးအထက် ရင်ဝနားထိ ရေထဲမှာ။ အဲသလိုရပ်ရင်း ပိုက်ဆံလေးတစ်ရွက် ပစ္စည်းဖိုး ချပေးလိုက်ရင် ခေါင်းပေါ်က လင်ပန်းရွက်လျက်ကနေ အသာဖော့ကူးရင်း ငွေကို ရအောင်ယူရတာလည်းရှိရဲ့။ ဦးဘိုးထွေးစိတ်ထဲမှာ ၀မ်းရေးအတွက်ကြိုးစားကြတဲ့ ၀ီရိယကိုတော့ ချီးကျူးမိပါရဲ့။ ဒါပေမဲ့ ဒီကလေးတွေ ဆယ့်လေးငါးခြောက်နှစ်အရွယ်။ `ပထမအရွယ်မှာကို ငွေကြေးရှာနေကြရတာ၊ ကျောင်းတက်ခေါင်းလောင်းသံထက် သင်္ဘောဥသြသံကို ပိုသာယာနေကြပြီလေ´ တဲ့။ ဆရာလေးကတော့ ဦးဘိုးထွေးကို စူးစိုက်ကြည့်နေပါတော့တယ်။

ဦးဘိုးထွေး ဘုန်းကြီးကျောင်းကပြန်လာတော့ မိုးချုပ်နေပြီ။ သင်ပုန်းကြီးတွေကို အထဲမသိမ်းခင် လက်နှိပ်မီးနဲ့ ထိုးကြည့်နေမိတယ်။ အလို၊ စာတွေပျက်နေတာမြင်တော့ ဦးဘိုးထွေးစိတ် မကျေမချမ်းဖြစ်သွားပါရော။ `ဒါ ပျက်တာမဟုတ်ဘူး၊ ဖျက်တာ´ လို့ ရေရွတ်နေတယ်။ တစ်ခါမျှ မဖြစ်စဖူးတော့ ပိုထိခိုက်လေသလားပဲ။ သမီးကိုမေးကြည့်တော့ `ဟိုခွေးရှိမှာပေါ့´ တဲ့။ ပြီးစလွယ်ဖြေတာ။ `ဘယ်ကလာ ခွေးရမှာလဲ၊ သင်ပုန်းအပေါ်ပိုင်းကို ခွေးက သေးတက်ပန်းပါ့မလား ဟ´ လို့ ပြောပစ်တယ်။ အဲဒီနေရာမှာ ငါဘာရေးထားတာပါလိမ့်လို့ ပြန်စဉ်းစားနေရသေးတယ်။ သိတော့ ဒေါကန်ပါလေရော။ ဒါ တမင်ဖျက်တာ၊ အဲသဟာလေးမှ ကွက်ဖျက်တာလို့ ရေရွတ်နေပါတော့တယ်။

ဆရာလေးမလာတာလည်း လေးငါးရက်ရှိနေပြီ။ အလုပ်တွေများနေလို့ရဲ့တူရဲ့။ ရင်းနှီးမှုပိုလာတာနဲ့အမျှ ဆရာလေးဟာ ဦးဘိုးထွေးအပေါ် စာပေသြဇာ ရှိလာသလိုပဲ။ ဦးဘိုးထွေးက လေးစားသလို၊ ဆရာလေးကလည်း ရိုသေပါတယ်။ သင်ပုန်းကြီးမှာ စာတွေမရေးခင် ရေးမယ့်စာကို ဆရာလေးက ကြိုလာလာဖတ်လေ့ရှိတတ်တယ်။ တချို့ဟာတွေ အဆင်ပြေအောင် ပြင်ပေးတယ်။ တချို့ကျတော့လည်း ထည့်မရေးဖို့ပြောတယ်။ တချို့မှာတော့ သူ့အာဘော်တွေ ထပ်ဖြည့်တယ်။ `ဒါဆို မရဘူး´ `ဒါမှ အဆင်ပြေမယ်´ ဆိုတာတွေကို ဦးဘိုးထွေး နားမလည်နိုင်အောင် ဖြစ်ရတယ်။ စိတ်ထဲပေါ်လာတာ ရေးခဲ့သူကိုး။ ပြောစရာရှိ ရေးလိုက်ရမှ ကျေနပ်ခဲ့တာ။ ခုဟာက ဘာတွေပါလိမ့်။ ဆရာလေးကိုလည်း တစ်ခါတစ်ခါ စိတ်ညစ်လာတယ်။ ဒါပေမဲ့ ဘာမျှတော့ မပြောရှာပါဘူး။ လေးစားတာကိုး။

ဦးဘိုးထွေးရဲ့ မျိုးဆက်သစ်မြေးလေး ဖိုးတွတ်ကတော့ သင်ပုန်းကြီးကို ရေစွတ်ဖျက်နေပါပြီ။ ဒါ သူ့တာဝန်လို ဖြစ်နေပြီလေ။ ဦးဘိုးထွေးကတော့ မနက်ဖြန်အတွက် ရေးစရာ စီစဉ်နေရဲ့။ စောစောကဖျက်ထားတဲ့စာ ပြန်ထည့်ရမယ်လို့ စိတ်ကူးမိတယ်။ စိတ်ကူးရုံရှိသေးတယ် အိပ်ခန်းထဲက သမီးရဲ့အသံကြားရတော့ `အဘရေ၊ သမီးမေ့နေလို့ ညနေက ဆရာလေး လာသွားတယ်´ သိလိုက်ပြီ။ ဦးဘိုးထွေး သဘောပေါက်ပြီ။
ဒီကရှေ့လျှောက် ငါ အာသာပြေမှာ မဟုတ်တော့ဘူးဆိုတာ။

◄ ချိုတကူး (ကလေး) ►

Comments

  1. ဟားဟား..မိုက်သဗျာ။ ဖတ်ရတာ အာသာပြေသွားသလိုပဲ။ဘလော့ဂ်တခုလုပ်ပေးလိုက်ရမှာ။ဒါနဲ့ comment အပေးမတတ်ရင်လည်း ရေးသူရဲ့အာသာကို(အာဘော်လည်းဖြစ်နိုင်မယ်) ထိခိုက်စေသလားလို့စဉ်းစားမိတယ်။အထူးသဖြင့် ကဗျာတွေမှာပေါ့။ ကျနော်လည်း ဆင်ခြင်ဦးမှပဲ။ တိတ်တိတ်ဖတ်သင့်တာတွေ အော်ကျယ်အော်ကျယ်ဖတ်မိသွားတာမျိုး။ အင်း.....ကျေးဇူးပါဗျား။

    ReplyDelete
  2. မိုက်တယ်ဗျ... "ပြုံးမဲ့မဲ့ကြီး လုပ်နေတယ်" ဆိုတဲ့ အသုံးလေးကို သဘောကျမိတယ်..။

    ReplyDelete
  3. ဖတ်ပြီး ဘယ်သူ့မှ ဆရာ မတင်မိအောင်နေမှ လို့ အတွေးပေါက်သွားတယ်။

    ReplyDelete
  4. ကိုတေဇာ...

    သူများ ဘလော့ဂ်မှာ Comment တွေပေးနေရတာ၊ ကိုယ့်ဘလော့ဂ်မှာ ကိုယ်တိုင် Commentတွေပေးခံနေရတာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ စာတစ်ပုဒ် ရေးချင်နေတာကြာပါပြီ။ ခုထိတော့ မရေးဖြစ်သေးပါဘူး။

    အခု ဒီပို့စ်လေးကို ၂ကြိမ်ရှိပြီ ၀င်ဖတ်တာ..။ အရမ်းကို နှစ်သက်လွန်း ပါတယ်။ ကိုတေဇာ ဘာလို့တင်သလဲလို့တောင် စဉ်းစားနေမိပါတယ်။

    ခွင့်ပြုမယ်ဆိုရင် ဒီပို့စ်လေးကို ကျွန်မဆိုက်ရဲ့ " နှစ်သက်စရာ သူတို့ စာ" အောက်မှာ ကိုတေဇာရဲ့လင့်ခ်နဲ့ တကွ ပြန်လည် ဖော်ပြစုဆောင်း ချင်မိ ပါတယ်။ ဒီပို့စ်လေးဆီ တစ်ခေါက်ထပ်လာပါဦးမယ်။အကြောင်းပြန် ပေးထားပါဦးနော်။

    လေးစားလျှက်..
    မြသွေးနီ

    ReplyDelete
  5. ဟုတ်ကဲ့ အစ်မ။

    တင်ထားတာကတော့ ဒီဝတ္ထုရဲ့ အကြောင်းအရာက ကျွန်တော်တို့ Blog ရေးတဲ့လူတွေနဲ့ သဘောတရားချင်း ဆင်နေလို့။ စီးပွားရေးတွေဘာတွေ ထည့်မတွက်ပေမဲ့ စာမူခကိုတော့ ရအောင် ယူတတ်တယ်ဆိုတာရယ်၊ ကိုယ့်စိတ်က ကိုယ့်ကိုယ်ကိုယ် ဆင်ဆာဖြတ်တာရော၊ သူများပယောဂကြောင့် ဖြတ်ရတာရော အဲဒါလေးတွေကို သဘောကျလို့။ အစက ဒီဝတ္ထုနဲ့ပတ်သက်လို့ မိတ်ဆက်လိုလိုစာလေး ရေးဦးမလို့ပဲ။ ဒါပေမဲ့လည်း သူ့အတိုင်းတိုင်း ရှင်းနေတာပဲလေဆိုပြီး မရေးဖြစ်လိုက်တော့ဘူး။ အစ်မ Share လုပ်ချင်တယ်ဆိုရင် Email နဲ့ ပို့ပေးလိုက်ပါမယ်။

    Comments တွေနဲ့ ပတ်သက်လို့ကတော့ Comments တွေဖတ်ရတာ အရသာ ရှိပါတယ်။ အဲဒါက ညာလို့မရဘူး မဟုတ်လား။ ကိုယ့် Blog ကို ဖွင့်လိုက်ရင် ဘယ်သူတွေဘာပြောထားသလဲ အရင်ပြေးကြည့်ကြတာပဲ မဟုတ်ဘူးလား။ Comments တွေကို ဖှီးမတက်ဘူး ဘာညာပြောနေတဲ့လူတွေက သူတို့စကားမှာတင် အလိမ်ပေါ်နေပြီ။ အရသာရှိမှန်း (ဖှီးတက်စေနိုင်တဲ့ အရာမှန်း) သူတို့ကောင်းကောင်းသိလို့ ဒီလိုပြောနိုင်တာကိုး။ အကောင်းပြောပြော၊ အဆိုးပြောပြော ကိုယ့်စာနဲ့ပတ်သက်လို့ တစ်ခုခုအပြောခံရတာကကို ကျေနပ်စရာပါ။ (ပြောရင်းပြောရင်း မာန်ပါသွားတယ် ဟီးး)

    ReplyDelete
  6. မင်္ဂလာမနက်ခင်းပါ ကိုတေဇာ ။
    ခွင့်ပြုတာရော.. မေးလ်နဲ့တကွပို့ပေးတာရော ကျေးဇူး အထူးတင်မိပါတယ်။ ဒီနေ့ပဲ တင်လိုက်ပါ့မယ်နော်..။
    ဟုတ်ပါတယ်.. Commentတွေ မလိုချင်မှတော့ အိမ်မှာပဲရေးပြီး သိမ်းထားယုံပေါ့နော်။ ဒါပေမယ့်... Comment ရနိုင်စေလောက်မယ့် စာမျိုးတော့ ဖန်တီးမရေးချင်ဘူး..။ ကိုယ်ရေးချင်တာကိုပဲ ရေးချင်တယ်။ စာဖတ်သူရဲ့ စိတ်နဲ့ငြိသွားရင် သူတို့ မှတ်ချက်ပေးသွားမှာပေါ့နော်။ Comment တစ်ခုမှ မရတဲ့ ပို့စ်တွေ အတွက်လည်း ကျွန်မတို့ စိတ်သောက ဖြစ်စရာမရှိပါဘူးနော်။ ဘာလို့လည်းဆိုတော့ ကျွန်မလည်း စာဖတ်သူ ဘ၀ကလာခဲ့တော့ တစ်ခါတစ်ခါ ပို့စ်ကိုကြိုက်ပေမယ့် Comment ပေးလို့မရတဲ့ အဖြစ်မျိုးတွေ မကြာခဏကြုံဘူးတာ သိနေလို့ပါဘဲ။ Comment တွေကို လေးစားစိတ်နဲ့ သေချာဖတ်တယ်၊ သေချာရေးဖြစ်ပါတယ်။ Commentတွေက စာတွေဆက်ရေးနေဖို့၊ ဘလော့ဂ်လေးကို အသက်ဝင်နေဘို့ တွန်းအားတစ်ခုပါဘဲ..။

    လေးစားလျှက်..
    မြသွေးနီ

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...