Skip to main content

ပါမင်းနိဒီးစ် (သို့) နိစ္စတရားတွင် တပ်စွဲထားခဲ့သူ

ဂရိတို့သည် စာတွေ့ လက်တွေ့ပိုင်းအရ မယုတ်မလွန်၊ အသင့်အတင့် တွေးခေါ်ပြုကျင့်ခြင်း အလေ့ မရှိကြ။ ဟီရာကလစ်တပ်စ် (Heraclitus) က အရာအားလုံးသည် ပြောင်းလဲနေသည်ဟု တင်းခံပြီး ပါမင်းနိဒီးစ် (Parmenides) ကမူ မည်သည့်အရာမျှ ပြောင်းလဲခြင်းမရှိဟု ကြွေးကြော်ပြန်၏။

ပါမင်းနိဒီးစ်သည် အီတလီတောင်ပိုင်းရှိ အယ်လီယာ (Elea) ဇာတိဖြစ်ပြီး ဘီစီငါးရာစု ဦးပိုင်းတွင် ပေါ်ထွန်းခဲ့သည်။ ပလေတို (Plato) ၏ အဆိုအရ ဆော့ခရိတ္တိ (Socrates) ငယ်ရွယ်စဉ် (ဘီစီ ၄၅၀ ခန့်) က အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ပါမင်းနိဒီးစ်ထံတွင် မေးမြန်းစူးစမ်းမှုများရှိခဲ့ပြီး ၎င်းထံမှ အတော် ဆည်းပူးလေ့လာခဲ့သည်ဟု ဆို၏။ ဤသည်မှာ သမိုင်းဆိုင်ရာအချက် တစ်ရပ်အနေဖြင့် မှန်ကန်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော်တို့အနေဖြင့် ဤနေရာတွင် အနည်းဆုံးအားဖြင့် ထည့်သွင်းရည်ညွှန်းခွင့် ရှိနိုင်ပါသည်။ ပလေတိုကိုယ်တိုင်ကမူ ပါမင်းနိဒီးစ်၏ အတွေးအခေါ်မှ သြဇာလွှမ်းမိုးမှု ရှိခဲ့သည်။ အီတလီတောင်ပိုင်းနှင့် ဆစ္စလီကျွန်းသား ဒဿနပညာရှင်များမှာ ဘာသာရေးနှင့် ရိုးရာယုံကြည်မှု ကျင့်ဝတ်များ (Mysticism) အပေါ် အိုင်ဝိုးနီးယား (Ionia) များထက် ပင်ကိုယ်သဘောအရ ပိုမိုအလေးသာ သက်ဝင်မှုရှိသည်။ အိုင်ဝိုးနီးယားများ အနေဖြင့်မူ အလုံးစုံ သိပ္ပံနည်းကျမှုနှင့် သံသယ၀ါဒဘက်သို့ ပိုမိုတိမ်းညွှတ်သည်။ သို့ရာတွင် ပိုက်သာဂိုရပ်စ် (Pythagoras) ၏ လွှမ်းမိုးမှုအောက်ရှိ သင်္ချာပညာရပ်သည် အိုင်ဝိုးနီးယားထက် `မဂ္ဂနာဂရေစီယာ´ (Magna Graecia) တွင် ပိုမိုအားကောင်းသည်။  ထိုကာလက သင်္ချာပညာရပ်သည်လည်း ရိုးရာယုံကြည်မှုကျင့်ဝတ်များနှင့် ပတ်သက်ယှက်နွယ်မှု ရှိခဲ့ပေသည်။ ပါမင်းနိဒိစ်အား ပိုက်သာဂိုရပ်စ်မှ သြဇာလွှမ်းမိုးမှု ရှိခဲ့သော်လည်း ဤလွှမ်းမိုးမှု၏ အတိုင်းအတာမှာ အခြေခိုင်လုံလှသည်တော့ မဟုတ်ပါ။ ပါမင်းနိဒီးစ်အား သမိုင်းပုံရိပ်အရ အရေးပါသူအဖြစ် တည်ရှိစေခဲ့ခြင်းမှာ တက္ကဗေဒ (Metaphysics)  ဆင်ခြေပုံစံတစ်ရပ်အား တီထွင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ဟေဂဲ (Hegel) အထိပါဝင်သော နောက်ပါ တက္ကဗေဒပညာရှင်အများစုတွင် ၎င်းပုံစံအား တစ်နည်းမဟုတ် တစ်နည်းဖြင့် တွေ့ရှိရပေသည်။ ယုတ္တိဗေဒအား တီထွင်သူအဖြစ် ၎င်းအား မကြာခဏ ရည်ညွှန်းကြသော်လည်း စင်စစ်အားဖြင့် သူ၏ တီထွင်မှုမှာ ယုတ္တိဗေဒအခြေခံသော တက္ကဗေဒသာ ဖြစ်သည်။

§ § § § § § §


`သဘာ၀၀ယ်´ (On Nature) ဟူသည့် ကဗျာတွင် ပါမင်းနိဒီးစ်၏ တွေးခေါ်ပုံစနစ်ကို ရှင်းလင်းဖွင့်ဆိုထားသည်။ အာရုံများသည် လှည့်စားတတ်သော သဘောရှိသည်ဟု သူက ယူဆပြီး အာရုံခံနိုင်သော အရာအားလုံးကိုလည်း အာရုံမှားမှု (Illusion) များမျှသာ ဖြစ်သည်ဟု ငြင်းဆန်ခဲ့သည်။ စစ်မှန်သည့် တစ်ခုတည်းသော တည်ရှိမှုမှာ (သူ၏အခေါ်အရ) `ဧက´ (the One) သာဖြစ်ပြီး ၎င်းသည် တိကျမှုမရှိ၊ ခွဲခြမ်း၍မရဟု ဆို၏။ ဟီရာကလစ်တပ်စ် ယူဆသကဲ့သို့ ဆန့်ကျင်ဘက်များ၏ အစုအဝေးမဟုတ်ဘဲ ဆန့်ကျင်ဘက်ဟူသည် မရှိဟု သူက ယူဆသည်။ ဥပမာအားဖြင့် `အအေး´ သည် “အပူမဟုတ်”၊ `အမှောင်´ သည် `အလင်းမဟုတ်´ ဟုသာ အဓိပ္ပာယ်ရသည်ဟု အတိအလင်း တွေးဆခဲ့သည်။ ဘုရားသခင် (God) အား ကျွန်တော်တို့ တွေးထင်မှတ်ယူပုံနှင့် ပါမင်းနိဒီးစ်၏ `ဧက´ အား မှတ်ယူပုံမှာ တူညီမှုမရှိပါ။ လုံးဝန်းသောအရာတစ်ခုအဖြစ် ပြောဆိုခဲ့ခြင်းကြောင့် ၎င်းသည် ကျယ်ပြန့်သည့် ရုပ်ဝတ္ထုတစ်ခုသဖွယ် ဖြစ်သည်ဟု သူက ယူဆခဲ့ဟန်တူသည်။ သို့ရာတွင် ၎င်းသည် ခြုံငုံ၍ နေရာတိုင်းတွင် တည်ရှိနေခြင်းကြောင့် ၎င်းအား ခွဲခြမ်း၍ မရနိုင်ပေ။

ပါမင်းနိဒီးစ်က သူ၏ သင်ကြားပုံကို အပိုင်းနှစ်ပိုင်း ခွဲခြားခဲ့၏။ `အမှန်တရားသဘော´ (Way of Truth) နှင့် `အယူအဆသဘော´ (Way of Opinion) ဟူ၍ အလေးထားခေါ်ဝေါ်သည်။ ကျွန်တော်တို့အနေဖြင့် ဤနေရာတွင် ဒုတိယအချက်နှင့် သက်ဆိုင်မှုမရှိ၍ ချန်လှပ်ခဲ့ပါမည်။ `အမှန်တရားသဘော´ နှင့်ပတ်သက်သည့် သူ၏ အာဘော်ကို ယနေ့တိုင်တည်နေဆဲ ပုံစံမူအတိုင်း အောက်ပါ အခြေခံအချက်များ တွင် တွေ့ရှိနိုင်သည်။

`သင် မသိနိုင်သောအရာသည် (တည်ရှိခြင်း) မရှိ။ ဤသည်မှာ (မသိနိုင်သောအရာသည် ရှိသည်ဆိုခြင်းမှာ) မဖြစ်နိုင်။ `ရေရွတ်´ (Utter) ရာတွင်လည်း ဤနည်းအတိုင်းပင် ဖြစ်၏။ ထိုနည်းတူ (စိတ်ဖြင့်) စဉ်းစားကြည့်နိုင်သော အရာသည် အမှန်တကယ် တည်ရှိနိုင်၏´

`ဤသို့လျှင် အနာဂတ်တွင် ဖြစ်လာတော့မည့်အရာနှင့်ပတ်သက်၍ မည်သို့ဖြစ်နိုင်မည်နည်း (၀ါ) ၎င်းသည် တည်ရှိခြင်းအဖြစ် မည်သို့ ရောက်ရှိလာနိုင်မည်နည်း။ တည်ရှိခြင်းအဖြစ်သို့ ရောက်ရှိလာခဲ့လျှင် ၎င်းသည် မရှိ။ ထိုနည်းအတိုင်းပင် အနာဂတ်တွင် တည်ရှိတော့မည့်အရာတစ်ခု ဖြစ်ခဲ့လျှင် ၎င်းသည် ရှိ၏။ ဤနည်းဖြင့် `ဖြစ်လာခြင်း´ (Becoming) သဘောကို ချေဖျက်ပစ်လိုက်ပြီး `သေဆုံးခြင်း´ (Passing away) ကိုလည်း ကြားရတော့မည် မဟုတ်ပေ´

`စဉ်းစားကြည့်နိုင်သည့် အရာတစ်ခုနှင့် ၎င်းအရာအတွက် တည်ရှိနေသော အတွေးတစ်ခုသည် အတူတူပင် ဖြစ်၏။ အကြောင်းမှာ တစ်ခုခုမရှိဘဲနှင့် ၎င်းအရာအကြောင်း အတွေးတစ်ခုအား သင့်အနေဖြင့် မရှာဖွေ နိုင်ခြင်းကြောင့် ဖြစ်၏။ `ရေရွတ်ခြင်း´ တွင်လည်း ဤနည်းအတိုင်းပင် ဖြစ်၏။ [မော်တော်ကား မပေါ်ခင်ကာလက မော်တော်ကားဟူသည့် စကားလုံး (ကို ရေရွတ်၍ မရနိုင်) မရှိနိုင်ဟု ဆင်ခြင်ရန်။              -ဘာသာပြန်သူ-]

အထက်ပါ ဆင်ခြေ၏ အနှစ်သာရမှာ သင်သည် စဉ်းစားရာတွင် `တစ်စုံတစ်ရာ´ အကြောင်း စဉ်းစားသည်။ အမည်တစ်ခုခုအား သင်အသုံးပြုလျှင် ၎င်းသည် `တစ်စုံတစ်ခု´ ၏ အမည်သာ ဖြစ်ရမည်။ ထို့ကြောင့် အတွေးတွင်ရော ဘာသာစကားတွင်ပါ ၎င်းတို့၏ ပြင်ပတွင် တည်ရှိရမည့် `အရာတစ်ခု´ လိုအပ်သည်။ ထို့ပြင် သင်သည် တစ်ခုခုကို စဉ်းစားခြင်း (သို့) ပြောဆိုခြင်းကို အချိန်တစ်ခုတွင် ပြုလုပ်နိုင်သလို အခြားအချိန်တစ်ခု တွင်လည်း ပြုလုပ်နိုင်သဖြင့်၊ မည်သည့်အရာအကြောင်းကို ပြောဆို (သို့) စဉ်းစားသည်ဖြစ်စေ ၎င်းသည် အချိန်တိုင်းတွင် တည်ရှိနေရမည် ဖြစ်သည်။ ဤနည်းဖြင့် ပြောင်းလဲခြင်း ဟူသည် မရှိနိုင်တော့။ ပြောင်းလဲခြင်း ဟူသည် တည်ရှိခြင်းအဖြစ်သို့ ရောက်ရှိလာသော အရာများ၊ သို့မဟုတ် ရပ်စဲသွားသောအရာ တို့တွင် အကျုံးဝင်သောကြောင့် ဖြစ်၏။

ဤသည်မှာ အတွေးနှင့် ဘာသာစကားမှ လောကအမြင်အထိ ကျယ်ပြန့်သွားသည့် ပထမဆုံး ဒဿနိကဗေဒဆိုင်ရာ ဆင်ခြေတစ်ရပ်၏ ဥပမာ ဖြစ်ပါသည်။ ဤဆင်ခြေအား ခိုင်လုံမှု (Validity) ရှိသည်ဟု ယူဆရန် မဖြစ်နိုင်သော်ငြား ၎င်းတွင် မည်သည့် မှန်ကန်သည့်အစိတ်အပိုင်းများ ပါဝင်နေသည်ကို ကြည့်ရှုရန် အတွက်မူ ထိုက်တန်ပါလိမ့်မည်။

အဆိုပါဆင်ခြေအား ကျွန်တော်တို့ ဤသို့ တွေးကြည့်မည်။ ဘာသာစကားဟူသည် အလကားပဲတင်းအရာ တစ်ခုမျှ မဟုတ်ခဲ့လျှင် စကားလုံးများသည် တစ်စုံတစ်ရာကို ရည်ညွှန်းရပေမည်။ ယေဘုယျအားဖြင့် ၎င်းတို့သည် အခြားစကားလုံးများအား ထပ်တူထပ်မျှ ရည်ညွှန်းခြင်း မဟုတ်။ သို့သော် ကျွန်တော်တို့ ပြောဆိုရေရွတ်သည် ဖြစ်စေ၊ မရွတ်သည်ဖြစ်စေ (ရည်ညွှန်းခံ) တစ်စုံတစ်ရာသည် အဆိုပါနေရာတွင် တည်ရှိနေသည်သာ ဖြစ်၏။ ဥပမာ ဂျော့ဝါရှင်တန် (George Washington) အကြောင်း ကျွန်တော်တို့ ပြောဆိုသည်ဟု ယူဆကြပါစို့။ ဤအမည်ရှိသည့် သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦး မရှိခဲ့လျှင် အဆိုပါအမည်သည် အဓိပ္ပာယ်မရှိ (သည့်အသွင်) ဖြစ်နေမည်ဖြစ်ပြီး ထိုနာမည်ပါသည့် ၀ါကျတိုင်းသည်လည်း အလကားပဲတင်းမျှသာ ဖြစ်ပေမည်။ ပါမင်းနိဒီးစ်၏ အလိုအရ ဂျော့ဝါရှင်တန်သည် အတိတ်က ရှိခဲ့သူ တစ်ယောက်မျှသာ မဟုတ်ဘဲ သူ၏အမည်အား (အခြားအမည်များနှင့်) တစ်သီးတစ်သန့်ခွဲ၍ သုံးစွဲနိုင်နေသေးသည့်အတွက် တနည်းတစ်ဖုံအားဖြင့် သူသည် တည်ရှိနေဆဲဖြစ်သည်။ ဤသည်မှာ မှန်ကန်မှုမရှိကြောင်း ထင်ရှားသော်လည်း ဤဆင်ခြေမှနေ၍ ကျွန်တော်တို့ မည်သည့်အကျိုးအမြတ်ရနိုင်မည်လဲ ဆက်လက်ကြည့်ရှုကြရအောင်။

စိတ်ကူးဖြင့် လူတစ်ဦး၏ နာမည်ကို `ဟမ်းလက်´ (Hamlet) ဟုပဲ ထားပါစို့။ `ဟမ်းလက်သည် ဒိန်းမတ်နိုင်ငံ၏ မင်းသား ဖြစ်သည်´ ဟူသော အဆိုကို စဉ်းစားကြည့်ပါ။ တစ်နည်းတစ်ဖုံအားဖြင့် မှန်ကန်မည်ဖြစ်သော်လည်း သမိုင်းအချက်သက်သက်အဖြစ်တော့ မှန်ကန်မှု မရှိပေ။ မှန်ကန်သည့် အဆိုမှာ `ဟမ်းလက်သည် ဒိန်းမတ်နိုင်ငံ၏ မင်းသားဖြစ်သည်ဟု ရှိတ်စပီးယားက ပြောခဲ့သည်´ သို့မဟုတ် ပို၍ရှင်းလင်းစွာ `ဟမ်းလက်ဟု ခေါ်သည့် ဒိန်းမတ်နိုင်ငံ၏ မင်းသား ရှိခဲ့သည်ဟု ရှိတ်စပီးယားက ပြောခဲ့သည်´ ဟု ဆိုနိုင်သည်။ ဤတွင် စိတ်ကူးယဉ်လူတစ်ဦးသည် ရှိမနေတော့။ ရှိတ်စပီးယား၊ ဒိန်းမတ်နှင့် `ဟမ်းလက်´ ဟူသောအသံ အားလုံးသည် အစစ်အမှန်ဖြစ်သည်။ သို့ရာတွင် ဟမ်းလက်ဟု အမှန်တကယ်ခေါ်ဝေါ်သော လူတစ်ဦး မရှိခဲ့သည့်အတွက် ဟမ်းလက်ဟူသောအသံသည် အမည်အစစ်အမှန်တစ်ခု မဟုတ်ပေ။ ဟမ်းလက်ဟု ပြော (ရေရွတ်) လိုက်ခြင်းသည် စိတ်ကူးယဉ် လူတစ်ဦး၏ အမည်ကို ပြောလိုက်ခြင်းသာဖြစ်ရာ မိုင်ကုန်မှန်ကန်မှုမရှိနိုင်ပေ။ `ဟမ်းလက်အား အစစ်အမှန်လူသားတစ်ဦး၏ အမည်ဟု စိတ်ကူးသည်´ ဟူ၍သာ ပြောရမည် ဖြစ်သည်။

ဟမ်းလက်သည် စိတ်ကူးယဉ် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နတ်မြင်းပျံ (Unicorn) သည်လည်း စိတ်ကူးယဉ် မျိုးစိတ်တစ်ခု ဖြစ်ပေသည်။ နတ်မြင်းပျံ (ဟူသည့်စကားလုံး) ပါဝင်သည့် ၀ါကျအချို့မှာ မှန်ကန်ပြီး အချို့မှာ မှား၏။ သို့ရာတွင် တစ်ခုစီတွင် တိုက်ရိုက်အားဖြင့် မဟုတ်ပေ။  `နတ်မြင်းပျံသည် ဂျိုတစ်ချောင်း ရှိသည်´ နှင့် `ကျွဲသည် ဂျိုနှစ်ချောင်းရှိသည်´ ဟူသော ၀ါကျများကို စဉ်းစားကြည့်ပါ။ ဒုတိယအဆိုအား သက်သေပြရန်မှာ သင့်အနေဖြင့် ကျွဲတစ်ကောင်အား ကြည့်ရမည်ဖြစ်ပြီး အချို့စာအုပ်များတွင် ကျွဲကို ဂျိုနှစ်ချောင်းရှိသည်ဟု ဆိုသည်ဟု ပြောဆိုခြင်းသည် လုံလောက်မည် မဟုတ်ပါ။ သို့ရာတွင် နတ်မြင်းပျံတွင် ဂျိုတစ်ချောင်းသာ ရှိသည့်ကိစ္စအတွက် သက်သေကိုမူ စာအုပ်များထဲတွင်သာ တွေ့နိုင်မည် ဖြစ်သည်။ စင်စစ် မှန်ကန်သည့် အဆိုမှာ `စာအုပ်အချို့တွင် နတ်မြင်းပျံဟုခေါ်သည့် ဂျိုတစ်ချောင်းပါ သတ္တ၀ါ ရှိသည်ဟု ဆိုသည်´ ဖြစ်ပေမည်။ နတ်မြင်းပျံနှင့် ပတ်သက်သည့် အဆိုများအားလုံးမှာ အမှန်တကယ်အားဖြင့် `နတ်မြင်းပျံဟူသည့် ဝေါဟာရ´ အကြောင်းသာ ဖြစ်သည်။ ထို့အတူ ဟမ်းလက်နှင့် ပတ်သက်သည့် အဆိုများအားလုံးမှာလည်း `ဟမ်းလက်ဟူသည့် ဝေါဟာရ´ အကြောင်းသာ ဖြစ်ပေသည်။

သို့သော် ကိစ္စအတော်များများတွင် ကျွန်တော်တို့သည် စကားလုံးများအကြောင်း ပြောဆိုနေခြင်းမဟုတ်ဘဲ စကားလုံးများ၏ ဆိုလိုရင်းကိုသာ ပြောဆိုနေခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ ဤတွင် ပါမင်းနိဒီးစ်၏ ဆင်ခြေသို့ ကျွန်တော်တို့ ပြန်လည်ရောက်ရှိလာသည်။ သီးသန့်အားဖြင့် သုံးစွဲနိုင်သည့် စကားလုံးတစ်လုံးသည် တစ်စုံတစ်ရာကို ရည်ညွှန်း (ဆိုလို) ရပေမည်။ စကားလုံးမရှိလျှင် ထိုအရာသည် မရှိ။ ထို့ကြောင့် စကားလုံးများက ရည်ညွှန်းသောအရာသည် တစ်နည်းတစ်ဖုံအားဖြင့် တည်ရှိရမည်။

ဤတွင် ဂျော့ဝါရှင်တန်အကြောင်း ပြောခြင်းသို့ ပြန်သွားကြည့်မည်။ ၎င်းတွင် ကျွန်တော်တို့အတွက် ရွေးချယ်စရာနည်းလမ်း နှစ်လမ်း ရှိနေပုံပေါ်သည်။ တစ်နည်းမှာ သူသည် ယနေ့တိုင် တည်ရှိနေဆဲဟု ပြောခြင်းဖြစ်ပြီး အခြားတစ်နည်းမှာ ဂျော့ဝါရှင်တန်ဟူသည့် စကားလုံးကို ကျွန်တော်တို့ သုံးစွဲလိုက်စဉ်တွင် ကျွန်တော်တို့သည် `ထိုအမည်အား ပိုင်ဆိုင်သည့် လူတစ်ယောက်´ အား အမှန်တကယ် ပြောနေခြင်းမဟုတ် ဟူ၍ ဖြစ်နိုင်သည်။ နှစ်ခုစလုံးမှာ ၀ိရောဓိအဆို (Paradox) ဆန်နေသော်လည်း ဒုတိယအချက်သည် ပို၍ ၀ိရောဓိ နည်း၏။ ထို့ကြောင့် ၎င်းတွင်ပါဝင်သော မှန်ကန်မှုအတိုင်းအတာကို ဖော်ပြနိုင်ရန် ကြိုးစားကြည့်ပါမည်။

ပါမင်းနိဒီးစ်က စကားလုံးများတွင် ပုံသေကားကျ အနက်တစ်ခုရှိသည်ဟု ယူဆသည်။ ဤသည်ပင်လျှင် သူက မေးခွန်းမထုတ်နိုင်ဟု ယူဆထားသော သူ့ ဆင်ခြေ၏ အခြေခံ ဖြစ်သည်။ သို့သော် အဘိဓာန်နှင့် စွယ်စုံကျမ်းများက စကားလုံးတစ်လုံး၏ တရားဝင်နှင့် အများပြည်သူ အသိအမှတ်ပြုဟု ခေါ်ဆိုနိုင်ကောင်းသည့် အဓိပ္ပာယ်တစ်ခုကို ပေးသော်လည်း (အဓိပ္ပာယ်အား) စိတ်ထဲတွင် ထပ်တူထပ်မျှ တွေး၍ အဆိုပါစကားလုံးအား သုံးသော လူနှစ်ဦး မရှိနိုင်ပေ။

ဂျော့ဝါရှင်တန် ကိုယ်တိုင်ပင်လျှင် သူ၏နာမည်အား `ကျွန်ုပ်´ ဟု အဓိပ္ပာယ်တူ ဝေါဟာရတစ်ခုကို သုံးစွဲနိုင်သည်။ သူက မိမိပိုင်အတွေးများနှင့် ကိုယ်ခန္ဓာလှုပ်ရှားမှုများကိုပါ သိရှိနိုင်သဖြင့် အခြားသူများ သုံးနိုင်သည်ထက်ပို၍ သူကိုယ်တိုင်၏ အမည်အား အဓိပ္ပာယ်ပြည့်ဝစွာ အသုံးပြုနိုင်ပေမည်။ သူ သက်ရှိထင်ရှားရှိစဉ်က သူ၏ မိတ်ဆွေများသည် သူ့ကိုယ်ခန္ဓာလှုပ်ရှားမှုများကို သိရှိနိုင်ပြီး သူ့အတွေးများကိုလည်း ယူဆသိမြင်နိုင်သည်။ သူတို့အတွက် ဂျော့ဝါရှင်တန်ဟူသော အမည်သည် သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံတွင် ခိုင်မာသောအရာ တစ်ခုအဖြစ် စွဲထင်ကျန်ဆဲ ဖြစ်လိမ့်မည်။ သူကွယ်လွန်ပြီးနောက်ပိုင်းတွင် သူတို့သည် အာရုံသိမှုအတွက် မှတ်ဉာဏ်ကို အစားထိုးရပေမည်။ သူ့အမည်အား သူတို့သုံးစွဲချိန်တွင် ဖြစ်ပေါ်လာသော စိတ်ဖြစ်စဉ် အပြောင်းအလဲတစ်ရပ် ပါဝင်သည်။ ဂျော့ဝါရှင်တန်အား လုံးဝမသိခဲ့ဖူးသော ကျွန်တော်တို့အတွက်မူ စိတ်ဖြစ်စဉ်များသည် ခြားနားသွားပြန်သည်။ ကျွန်တော်တို့အနေဖြင့် သူ၏ဓာတ်ပုံအား ပြေးမြင်မိခြင်းနှင့် မိမိဘာသာ `ဟုတ်တယ်၊ သူပဲ´ ဟု စိတ်တွင်းက ရေရွတ်မိနိုင်သည်။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတကြီးအဖြစ် ထင်မြင်မိနိုင်သည်။ ကျွန်တော်တို့သည် ဘုမသိဘမသိ အလွန်နိုင်လျှင် သူသည် ကျွန်တော်တို့အတွက် `ဂျော့ဝါရှင်တန်ဟုခေါ်သော လူတစ်ယောက်´ မျှသာ ဖြစ်ပေမည်။ ကျွန်တော်တို့အား နာမည်က မည်သို့ရည်ညွှန်းသည်ဖြစ်စေ ကျွန်တော်တို့သည် သူနှင့် လုံးဝမသိခဲ့သည့်အတွက် `သူကိုယ်တိုင်´ မဖြစ်နိုင်တော့ပေ။ လက်ရှိ တည်ရှိနေသည့် အာရုံ၊ သို့မဟုတ် မှတ်ဉာဏ်၊ သို့မဟုတ် အတွေးမျှသာ ဖြစ်ပေမည်။ ဤသည်ကပင် ပါမင်းနိဒီးစ်ဆင်ခြေ၏ ယုတ္တိမတန်မှုကို ပြသည်။

ဤစကားလုံးများ၏ ထာဝရပြောင်းလဲခြင်း သဘောကပင် စကားလုံးများပါသော ဆင်ခြေစနစ်တစ်ရပ်၏ ပြောင်းလဲခြင်းကြောင့် ထူးခြားမသွားဟု ယေဘုယျဆိုနိုင်သည့်အချက်ကို ဖုံးကွယ်ထားခဲ့သည်။  ဂျော့ဝါရှင်တန်ဟူသော စကားလုံးပါဝင်သည့် မှန်ကန်သော ၀ါကျတစ်ကြောင်းကို ကျွန်တော်တို့သုံးစွဲလျှင် `အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတ´ ဟူသော ပုဒ်ဖြင့် အစားထိုးသုံးစွဲပါက ၎င်းသည် မူအရ အမြဲမှန်နေပေလိမ့်မည်။ ၀ါရှင်တန်ရွေးကောက်ပွဲမတိုင်ခင်က ဖြစ်လျှင်မူ လူတစ်ယောက်က `ဂျော့ဝါရှင်တန်သည် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဖြစ်လိမ့်မည်ဟု ကျွန်တော်မျှော်လင့်သည်´ ဟု ဆိုနိုင်သည်။ သို့သော် `အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတသည် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဖြစ်လိမ့်မည်ဟု ကျွန်တော်မျှော်လင့်သည်´ ဟု သူက ဆိုမည်မဟုတ်ပေ။ ဤသို့ ခြွင်းချက်ကိစ္စများကိုမူ အလွယ်တကူ ချန်လှပ်ထားခဲ့နိုင်ပြီး သူ့တစ်ဦးတည်းအပေါ် ဖွဲ့ဆိုသော မည်သည့်ပုဒ်တွင်မဆို ဂျော့ဝါရှင်တန်နေရာတွင် (အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတနှင့်) အစားထိုးသုံးစွဲနိုင်နေဦးမည်ပင် ဖြစ်သည်။ ဤသို့သော ပုဒ်များအရသာ ကျွန်တော်တို့သိသော သူ့အကြောင်းများကို ကျွန်တော်တို့ သိခဲ့ရခြင်း ဖြစ်ပေသည်။

ပါမင်းနိဒီးစ်က အခိုင်အမာဆိုသည်မှာ အတိတ်ဟု သာမန်အားဖြင့် ညွှန်းဆိုသောအရာအား ကျွန်တော်တို့ သိရှိခြင်းကြောင့် ၎င်းသည် အမှန်တကယ်အားဖြင့် အတိတ်မဖြစ်နိုင်တော့။ လက်ရှိတွင် တစ်နည်းတစ်ဖုံ အမှန်တကယ် တည်ရှိနေသည့်အရာသာ ဖြစ်ရမည်။ ဤတွင် သူက ပြောင်းလဲခြင်းကဲ့သို့ အရာတစ်ခု မရှိကြောင်း ညွှန်းသည်။ ကျွန်တော်တို့ ယခု ပြောခဲ့သမျှ ဂျော့ဝါရှင်တန်အကြောင်းများသည် ဤဆင်ခြေအား ဖြေရှင်းပြီးလောက်ပါပြီ။ ကျွန်တော်တို့တွင် အတိတ်နှင့် ပတ်သက်သည့် အသိဉာဏ် မရှိဟု တစ်နည်းအားဖြင့် ဆိုကောင်းဆိုနိုင်သည်။ စိတ်ဖြင့် ပြန်လည်တွေးရာတွင် ပြန်လည်တွေးခြင်းသည် လက်ရှိအချိန်တွင် ဖြစ်ပျက်နေခြင်းသာဖြစ်ပြီး ပြန်လည်တွေးနေသည့် မူလဖြစ်ရပ်နှင့် ထပ်တူထပ်မျှ မကျ။ သို့သော် ပြန်လည်တွေးယူခြင်းသည် အတိတ်ဖြစ်ရပ်များအတွက် `ဖော်ပြချက်´ (Description) ကို ဖြစ်စေသည်။ ထို့ပြင်လည်း တစ်သီးတစ်ခြား ရည်ရွယ်ချက် အများစုတွင် `ဖော်ပြချက်´နှင့် `ဖော်ပြခံရသည့်အရာ´ ကြား ထူးခြားကွဲပြားနေရန် မလိုအပ်လှပါ။

ဤဆင်ခြေတစ်ရပ်လုံးသည် ဘာသာစကားမှ တက္ကဗေဒဆိုင်ရာ နိဂုံးတစ်ခုဆွဲယူရန် မည်မျှလွယ်ကူကြောင်းနှင့် ဤသို့သော အမှားဆင်ခြေများကို ရှောင်ရှားနိုင်ရန် တစ်ခုတည်းသော နည်းလမ်းသည် တက္ကဗေဒပညာရှင် အများစု ပြုလုပ်ခဲ့ပြီးသမျှထက်ပို၍ ဘာသာစကားအပေါ် ယုတ္တိနှင့် စိတ်ပညာနည်းကျ လေ့လာမှုများ ဆတိုးပြုလုပ်ရန်သာဖြစ်သည်ဟု ရှင်းလင်းစွာ ပြဆိုနေသည်။

ကျွန်တော့် (ဘာထရန်ရပ်ဆယ်) အနေဖြင့်မူ ပါမင်းနိဒီးစ်သာ သေရွာမှ ပြန်လာပြီး ယခု ကျွန်တော်ပြောထားသမျှကို ဖတ်မိပါလျှင် အပေါ်ယံကျလွန်းသည်ဟု သူက မှတ်ချက်ချလိမ့်မည်ဟု ထင်သည်။ ပြီးလျှင် သူက ဤသို့ မေးပေလိမ့်မည်။ `ဂျော့ဝါရှင်တန်နဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့အဆိုဟာ အတိတ်ကို ညွှန်းတယ်လို့ ခင်ဗျား ဘယ်လိုသိသလဲ၊ ခင်ဗျားအလိုအရ လက်ရှိအညွှန်းဟာ လောလောဆယ် ရှိနေတဲ့အရာတွေ ဖြစ်တယ်။ ခင်ဗျားရဲ့ ပြန်လည်တွေးတောမှု၊ ဥပမာအားဖြင့် ယခုဖြစ်နေတဲ့အရာတွေ၊ ခင်ဗျားကိုယ်ခင်ဗျား ငါပြန်လည် တွေးတောနေတယ်လို့ ထင်နေတဲ့အချိန်က အရာတွေမဟုတ်ဘူး။ မှတ်ဉာဏ်ကိုသာ အသိပညာရဲ့ ရင်းမြစ်တစ်ခုအဖြစ် လက်ခံရင် အတိတ်ဆိုတာ စိတ်အပေါ်မှာ လောလောလတ်လတ် ရှိနေတယ်။ ဒါကြောင့် အာရုံတစ်ချို့ဟာ တည်ရှိနေဆဲပဲ ဖြစ်တယ်´

ဤနေရာတွင် အဆိုပါဆင်ခြေကို အဖြေပေးရန် ကျွန်တော် ကြိုးစားတော့မည်မဟုတ်ပါ။ ၎င်းအတွက် အလွန်ခက်ခဲသော ဘာသာရပ်ဖြစ်သည့် မှတ်ဉာဏ်နှင့်ပတ်သက်သည့် ဆွေးနွေးချက်များ လိုအပ်ပါသည်။ ကျွန်တော့်အနေဖြင့် ဤဆင်ခြေအား ဖော်ပြရခြင်းမှာ အရေးကြီးသော ဒဿန သီအိုရီများသည် မူလပြဌာန်းထားသည့်အတိုင်းမှ ချေပခြင်းခံရပြီးလျှင် ပုံစံအသစ်တစ်ရပ်ဆီသို့ ယေဘုယျအားဖြင့် ပြုပြင်ပြောင်းလဲ နိုင်စွမ်း ရှိနေခြင်းအား စာဖတ်သူအား ထောက်ပြလိုခြင်း ဖြစ်ပါသည်။ ချေပခြင်းများသည် အဆုံးသတ် ဖြစ်ခဲသည်။ အတော်များများတွင် ၎င်းတို့သည် (သီအိုရီအား) ဆင့်ပွားသန့်စင်ခြင်းအတွက် ပဏာမမျှသာ ဖြစ်နေတတ်ပေသည်။

အတော်ခေတ်သစ်ရောက်လာသည့် အချိန်အထိ နောက်ပါ ဒဿနိကဗေဒသည် ပါမန်နိဒိစ်အား လက်ခံခဲ့သည်။ အားလုံးသော ပြောင်းလဲခြင်းတရားများ၏ မဖြစ်နိုင်မှုသည် အလွန်ပြင်းထန်သည် ၀ိရောဓိအဆိုတစ်ခု ဖြစ်သည်။ `၀တ္ထု´ (Substance) ၏ မဖျက်ဆီးနိုင်ခြင်းသဘော (Indestructibility) ဖြစ်သည်။ `၀တ္ထု´ ဟူသော ဝေါဟာရသည် (ပါမင်းနိဒီးစ်နှင့်) နီးကပ်သည့် နောက်တော်ပါ ဒဿနပညာရှင်များတွင် မရှိသေးသော်လည်း သူတို့၏ တွေးခေါ်မှုတွင် `သဘောတရား´ (Concept) အဖြစ် တည်ရှိနေခဲ့ပြီး ဖြစ်သည်။ ၀တ္ထုတစ်ခုအား ၀ါစကအားလိုက်၍ အလစ်အလပ်မရှိသည့် အရာအဖြစ် မှတ်ယူခဲ့သည်။ ဤသို့လျှင် ဒဿနိက၊ စိတ်ပညာ၊ ရူပဗေဒနှင့် ဘာသာရေးပညာ (Theology) တို့၏ အခြေခံ သဘောတရားတစ်ခုအဖြစ် နှစ်ပေါင်းနှစ်ထောင်ကျော်ကြာ တည်ရှိနေခဲ့သည်။ ၎င်းနှင့် ပတ်သက်၍ အကျယ်တ၀င့် ပြောဆိုစရာများ ရှိသေးပါသည်။ ယခုအခန်းတွင်မူ ပါမင်းနိဒီးစ်၏ ဆင်ခြေအား (သူ၏) ထင်ရှားသောအချက်များကို မထိပါးဘဲ အကဲဖြတ်ရန်နည်းလမ်းတစ်ခုအဖြစ် မိတ်ဆက်ရန်အတွက်သာ သက်ဆိုင်သည်ဟု ယူဆပါသည်။

တေဇာ (လရောင်လမ်း)
Bertrand Russell ၏ History of Western Philosophy မှ ထုတ်နုတ်ဘာသာပြန်ပါသည်။

Comments

  1. ကျေးဇူး... ဘာသာပြန်ထားတာ တော်တော်ရှင်းတယ်ဗျာ..။ ဒါမျိုးပို့စ်တွေ ဖတ်ချင်သေးတယ်..။ အထူးသဖြင့် ဒေးကားနဲ့ နစ်ရှေး.. :)

    ReplyDelete
  2. ကြိုးစားပါမည်။ ကျွန်တော်လည်း ထိုနှစ်ယောက်ကို စိတ်ဝင်စားပါသည်။

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...