လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ပြန်ပြီးတော့ နှိုးမှာလား

သားငယ်လေးတစ်ယောက် ချောင်းတဟွတ်ဟွတ် ဆိုးနေသည်မှာ ရက်ပေါင်းအတန် ကြာပြီးနောက် ချစ်စွာသော ဖခင်ကြီးက ချောင်းဆိုးပျောက်ဆေး တစ်ပုလင်း ၀ယ်လာကာ ရော့ ဒါသောက် ဆိုပြီး ဆရာဝန်လေသံဖြင့် ပိုင်နိုင်စွာ ပြောလိုက်သည်။ ဆေးပုလင်းမှာ အစိမ်းရောင် ပြစ်ပြစ်နှစ်နှစ် အရည်များပါဝင်ပြီး ကလေးများ သောက်ချင်စဖွယ်ပင် ဖြစ်သည်။ သားငယ်လေးသည်လည်း အသက်သာ ကြီးသွားပြီး ကလေးစိတ်မကုန်သေးသူဖြစ်ရာ ဆေးပုလင်းအစိမ်းလေးအား လွန်စွာသဘောကျသွားသည်။ စေ့စပ်သေချာသည့် ဂိုက်ဖမ်း၍ Expire Date ကို မျက်မှောင်ကလေးကုပ်ကာ ရှုသည်။ ၂၀၁၀၊ (၁၀) လပိုင်းဆိုတော့ ဒီဆေးပုလင်းလေးသည် ဆိုင်တွင် နှစ်နှစ်ခန့် ဂရုစိုက်မည့်သူ  မရှိဘဲ မတ်တပ်ရပ်နေခဲ့ရပြီး ဖြစ်လိမ့်မည်။ သက်တမ်းကုန်ရန် နှစ်လခန့်သာ လိုတော့သည်။ ကိစ္စမရှိ။ တကယ်တော့ Expire Date ကို ကြည့်မယ့်သာ ကြည့်သည် သက်တမ်းကျော်နေလျှင်လည်း နှစ်ချို့ဝိုင်အဖြစ် နှလုံးသွင်းပြီး သောက်လိုက်မည်သာ ဖြစ်သည်။ ၀ယ်ပြီးပစ္စည်း တန်အောင်တော့ သုံးမည်။ ဤသို့ကိစ္စများအား သိပ်အလေးမမူတတ်သည့် မြန်မာပြည်သားတို့၏ သဘောထားက ပျောက်သေးသည်မဟုတ်။ မူလလက်ဟောင်း အရက်အား ရွေးဝယ်တတ်သည့် အကျင့်က ပျောက်သေးသည်မဟုတ်။ ခုတော့လည်း အတိုင်းထက်အလွန်ပေါ့။ နှစ်လကြီးများတောင် အချိန်ရှိသေးသည်ပဲ။ သောက်ပါလေ့။

ချောင်းဆိုးသည့်ကိစ္စနှင့် ပတ်သက်၍ သားငယ်လေးနှင့် ဖခင်ကြီး ပြဿနာတက်ခဲ့ရဖူးသည်။ ယခင်က အိမ်တွင်အတူနေဖူးသည့် ကောင်လေးတစ်ယောက်သည် တစ်နေ့တွင် ချောင်းတဟွတ်ဟွတ် ဆိုးနေခဲ့သည်။ သုံးယောက်လုံး ကွန်ပြူတာခန်းထဲတွင် အတူရှိနေသဖြင့် ချောင်းဆိုးသံကို ဖခင်ကြီးက အမြဲမပြတ်ကြားနေရသည်။ ဤတွင် ပြဿနာ စသည်။ ကောင်လေးက ချောင်းတစ်ခါဆိုးသည်။ ဟာ မင်း ချောင်းတွေဆိုးနေတယ်နော် ဟု ဖခင်ကြီးက စိတ်ညစ်သံကြီးဖြင့် ပြောသည်။ ခဏအကြာတွင် ကောင်လေးထံမှ အဟွတ်ဟူသော အသံ ထွက်ပေါ်လာပြန်သည်။ မင်းကတော့ကွာ ချောင်းတွေဆိုးနေရတယ်လို့ဟု ဖခင်ကြီးက မလိုတမာ ပြောပြန်သည်။ ဤသို့ဖြစ်နေသည်မှာ ငါးခါထက်မနည်း ဖြစ်လာသည်။ သားငယ်လေး အတော် စိတ်ဆိုးနေပြီ။ သူတို့နှစ်ယောက်ကြား အတော်အနေရကြပ်နေသည်။ ကောင်လေးကို သနားသည်။ ဖခင်ကြီးကို အသည်းယားသည်။ ချောင်းဆိုးတာပဲ၊ လူတိုင်း တစ်ခါတစ်ရံ ဆိုးလေ့ရှိတတ်တာပဲ။ ထိုကိစ္စကို ရမယ်ရှာနေသည်။ ကောင်လေးခမျာ မဆိုးမိအောင် ထိန်းထားလေလေ ဆိုးချင်လေလေ။ ချောင်းဆိုးတာတောင် အားရပါးရ အရသာရှိရှိ မဆိုးရဘဲ မ၀ံ့မရဲ ချောင်းဆိုးသံလေး ထွက်ပေါ်လာသည်ကို ကြားရသည်မှာ သားငယ်လေး အတော် စိတ်မချမ်းမသာ ဖြစ်ရသည်။ အဟွတ်ဟု အောင်မြင်ခန့်ညားသော ချောင်းဆိုးသံမထွက်တော့ဘဲ အဟု၊ အု စသည်ဖြင့် မပီမသအသံများကိုသာ ၀မ်းနည်းဖွယ်ရာ ကြားနေရသည်။ ချောင်းတွေဆိုးမှာပေါ့ မင်းတို့ စားတဲ့ကွမ်းတွေက ချောင်းဆိုးတာကိုး။ အဲဒါ ဆင်ခြင်တော့ ဘာညာ ကြားလာရချိန်တွင် သားငယ်လေး မနေနိုင်တော့။ ကွမ်းက ကောင်လေးတင်မဟုတ် သားငယ်လေးလည်း စားသည်။ အရက်ဖြတ်ထားသည့် သားငယ်လေးကို ကွမ်းကိစ္စပါ ထပ်မံတားမြစ်ရန် မသင့်တော့သဖြင့် ကိုးလိုးကန့်လန့်ဖြစ်နေရာမှ အခွင့်သာသည့်အချိန်တွင် အောင့်အီးထားသမျှ စွတ်တင်ခြင်းသာဖြစ်သည်။ ထိုနေ့က သားငယ်လေး ထချဲလိုက်ပြီးနောက် ဖခင်ကြီးနှင့် အခြေတင် စကားများခဲ့ရသည်။

အခုတော့ သားငယ်လေးက ချောင်းဆိုးပျောက်ဆေး ပုလင်းလေးကို စေ့စေ့စပ်စပ် လေ့လာနေလိုက်သည်။ MD DEX (Cough Syrup) 100ml. ဟုပါသည်။ အဆုတ်ပုံလေးတစ်ခုပါသည်။ ပါဝင်ပစ္စည်းများနှင့် ရာခိုင်နှုန်း။ အံမယ်… သတိပေးချက် ဆိုတာလေးပါ တွေ့ရသေးသည်။ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်ရန် တဲ့။ ကိုရွှေကုလားတွေ တော်တော် အပိုအလုပ် လုပ်သကိုး။ မည်သည့်ဆရာဝန်ကမျှ ဒီဆေးကို မျက်စဉ်းခပ်ခိုင်းမည်၊ ကိုယ်ခန္ဓာအနှံ့ လူးခိုင်းမည်တော့ မဟုတ်ဟု သားငယ်လေး မခိုးမခန့် တွေးလိုက်သည်။ တခြားစာများကတော့ ဟိန္ဒူလိုရေးထားသဖြင့် မဖတ်တတ်။ ဆေးပုလင်းအားဖွင့်ပြီး အားရပါးရ မော့ချလိုက်သည်။ ဆေးရည်စိမ်းပြစ်ပြစ်များက လည်ချောင်းတစ်လျှောက် ပူရှိန်းရှိန်း ဆင်းသွားသည်။ ထို့နောက် ရေတစ်ခွက်ပါ ဆင့်သောက်လိုက်သည်။ ခံတွင်းထဲတွင် အနည်းငယ် ထုံတုံတုံဖြစ် နေသည်။ သောက်လို့တော့ ကောင်းသည်။ ခဏအကြာတွင် ငြိမ်နေသော ဖခင်ကြီးထံမှ ဘယ့်နှယ့်နေလဲဟူသော အသံထွက်ပေါ်လာသည်။ ပူရှိန်းရှိန်းနဲ့ သောက်ကောင်းတယ်ဟု သားငယ်လေး ပြန်ပြောလိုက်သည်။ အဲဒီ တစ်ပုလင်းကုန်ရင် ချောင်းဆိုးပျောက်သွားလိမ့်မယ်ဟု ဖခင်ကြီးက ဆရာဝန်လေသံဖြင့် ပိုင်နိုင်စွာပြောသည်။ ထို့နောက် ဆေးပုလင်းကိုယူပြီး စူးစမ်းဟန်လုပ်၍ ဘာမဆိုင်ညာမဆိုင် သူပါ ပုလင်းဖုံးတစ်ခွက် သောက်ချလိုက်သည်။ ဆေးပုလင်းကိုမြင်ပြီး သူပါ ကျိတ်သောက်ချင်နေတာကိုး။ ဟုတ်တယ်ကွ ပူရှိန်းရှိန်းနဲ့ဟု ခပ်တည်တည်ပြောပြီး ဆေးပုလင်းကို ပြန်ပေးသည်။ သားငယ်လေးက လှမ်းယူလိုက်ပြီး ဖခင်ကြီး မမြင်နိုင်သည့်နေရာတွင် ဆေးပုလင်းလေးကို ၀ှက်ထားလိုက်တော့သည်။

သားငယ်လေးတစ်ယောက် ကွန်ပြူတာနှင့် အကြိတ်အနယ် ဖဲရိုက်နေစဉ်တွင်ပင် ဖခင်ကြီးထံမှ ဟောက်သံ ထွက်ပေါ်နေသည်ကို သတိထားလိုက်မိသည်။ မိုးချုပ်ပြီးခါစပဲ ရှိသေးသည်။ ဖခင်ကြီး ဘယ်လိုလုပ် အိပ်ပျော်သွားသလဲဟု တွေးနေစဉ်မှာပင် ကိုယ်တိုင်လည်း မျက်ခွံများ လေးလံလာသည်ကို ခံစားရသည်။ ဟာ သွားပြီဟု အလန့်တကြား တွေးလိုက်မိပြီး ဆေးပုလင်းစိမ်းစိမ်းကို သတိရသွားသည်။ ဆေးသမား ဦးလေးများ၊ ဆေးမရလျှင် ချောင်းဆိုးပျောက်ဆေး ၀ယ်သောက်တတ်သည်ကို တွေ့ခဲ့ဖူးသည်။ ဆေးမချဘဲ ချောင်းဆိုးပျောက်ဆေးချည်း သီးသန့် စွဲနေသူများလည်းရှိသည်။ ချောင်းဆိုးပျောက်ဆေးများထဲတွင် မူးယစ်ဆေးတွေ ပါတတ်သည်။ ယခု အတိုင်းအဆမရှိ သောက်လိုက်မိပေပြီ။ တွေးနေရင်း ထိတ်လန့်ဝမ်းနည်းလာသည်။ ဖခင်ကြီးကတော့ ဓားခုတ်ရာ လက်ဝင်လျှိုမိပြီး သွားနှင့်ရှာပြီထင်၏။ ကိုယ်တိုင်လည်း ကိုရွှေကုလားတို့ လက်ချက်ဖြင့် ချောင်းဆိုးပါမက  အသက်ပါ ပျောက်ရတော့မည်လား မသိ။ အိပ်ပျော်သွားပြီးနောက် ပြန်မနိုးလာခဲ့လျှင်…။ ၀တ္ထုများအတွင်း ဖတ်ခဲ့ဖူးသည့် သေခါနီးလူတို့၏ နောက်ဆုံးအချိန်တွင် မိမိ၏ဘ၀အား လျှပ်တစ်ပြက်အတွင်း အလုံးစုံ ဖျပ်ခနဲ ပြန်မြင်လိုက်ရသလို ခံစားချက်မျိုးကို လုပ်ယူ၍ ခံစားလိုက်သေးသည်။ မျက်ခွံတွေက တအိအိပြုတ်ကျလာနေသည်။ အခန်းတံခါးဆီသို့ ဒယီးဒယိုင် လျှောက်သွားပြီး ပိတ်လိုက်သည်။ ကွန်ပြူတာဖြင့် ကိုကြီးအငဲ၏ နောက်ဆုံးမိနစ်သီချင်းကို ခပ်တိုးတိုး ဖွင့်လိုက်ပြီးနောက် အိပ်ယာထက်မှနေ၍ မျက်နှာကြက်ဖြူဖြူဆီသို့ နောက်ဆုံးအကြည့်အနေဖြင့် ကြည့်နေခဲ့သည်။ မကြာခင် မြင်ကွင်းများ မှုန်ဝါးလာခဲ့ပြီးနောက် သေခါနီးလူတစ်ယောက်၏ ခံစားချက်မျိုးဖြင့် ငြိမ့်ညောင်းစွာ အိပ်ပျော်သွား လေတော့သည်။ ဟူးး.. ပြန်ပြီးတော့ နှိုးမှာလား.. ခုတစ်ခေါက်ငါ အိပ်စက်လိုက်မိရင် ကွာာာာ … ♪

ယခုဆိုလျှင် သားငယ်လေး အိပ်မောကျနေခဲ့သည်မှာ (၁၅) နာရီခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ သူ မသေချင်သေးသည့်အကြောင်း၊ သူသည် ဘ၀တဏှာကြီးကြောင်း၊ အသက်ရှင်တုန်းရှင်ခိုက် သူ့တွင် လုပ်ချင်သည့်အရာတချို့ ရှိနေသေးကြောင်း၊ ဆင်ကြီးတွေ ကျားကြီးတွေ မဖမ်းဝံ့သော်လည်း တီကောင်လေးဖမ်းပြီး ငါးတော့မျှားကြည့်ချင် သေးကြောင်း၊ ထို့ပြင် သူသည် မိန်းမမရသေးကြောင်း ယခုတလောတွင် သူငယ်ချင်းများကို တဖွဖွပြောနေတတ်သော သားငယ်လေးတစ်ယောက် သူချစ်သော ကမ္ဘာမြေကြီးဆီသို့ ယခုချိန်ထိ ပြန်လည်နိုးထလာနိုင်ခြင်း မရှိသေးပါ။ သို့မဟုတ် အိပ်မက်ကမ္ဘာတွင် အိမ်ထောင်ရက်သား ကျနေသဖြင့် အပျော်ကျူးကာ ပြင်ပကမ္ဘာသို့ တမင် ပြန်မလာဘဲနေခြင်းလား ဆိုသည်ကိုလည်း မည်သူမျှ အတပ်မပြောနိုင်ပါ။ တစ်ခန်းထဲ အတူအိပ်ပြီး အိပ်မက်ပြိုင်တူမက်နေကြသော်လည်း အိပ်မက်အတွင်း ဖခင်ကြီးနှင့် ရင်ဆိုင်မတိုးမိခြင်းအတွက်တော့ သားငယ်လေး ၀မ်းသာနေပေလိမ့်မည်။ အခန်းတစ်ခုအတွင်း သေကောင်ပေါင်းလဲ အိပ်ပျော်နေကြပြီးနောက် ထူးဆန်းစွာ ပြန်လည်နိုးထလာခြင်း မရှိတော့သည့် မြန်မာနိုင်ငံသား သားအဖနှစ်ဦးဟူသော သတင်းတစ်ပုဒ် နောက်တစ်နေ့ Hindustan Times သတင်းစာတွင် ခေါင်းကြီးအနေဖြင့် ပါဝင်လာမည်မဟုတ်ဟုတော့ မျှော်လင့်၍ ရပါသေးသည်။ ထိုအခန်းထဲတွင် တတိယလူတစ်ယောက်သာ ရှိနေခဲ့မည်ဆိုလျှင် ဖခင်ကြီး၏ ဆူညံသော ဟောက်သံများနှင့် ဘာအကြောင်းကြောင့်မှန်း မသိရဘဲ အိပ်ပျော်နေရင်းတန်းလန်း ပြုံးပြုံးနေတတ်သည့် သားငယ်လေးတို့ကို မြင်တွေ့ရလိမ့်ဖြစ်ပါသည်။ အိပ်ပျော်သွားမှာ၊ ပြန်မနိုးလာမှာ ကြောက်နေခဲ့သည့် သားငယ်လေးသည် ယခုတော့ အိပ်မက်ကမ္ဘာတွင် ပျော်နေပြီလား မပြောတတ်။ ဖြစ်တော့ဖြစ်နိုင်သည်။ အိပ်မက်များသည် အနေချောင်သည်ပဲ မဟုတ်လား။ အခြေအနေပေးလျှင် လူတိုင်းပင် ကြည်နူးဖွယ် အိပ်မက်များကို ရတတ်သရွေ့ ဆက်လက် မက်နေကြလိမ့်မည် မဟုတ်လား။

တေဇာ (လရောင်လမ်း)
ဇူလိုင် (၃၁) ၂၀၁၀
Label: Essay
Theme: Hallucination & Humor

3 comments:

Rita said...

ဒီ post ကို အိပ်မပျော်ခင် ရေးသွားတာလား။
နိုးလာမှ ရေးလိုက်တာလား။

တေဇာ (လရောင်လမ်း) said...

စက္ကထွေးရီလေးက ပြန်လည် မှတ်တမ်းတင်ထားတာ.. အလဲ့.. :P

aungmyintmyat said...

"သူသည် ဘ၀တဏှာကြီးကြောင်း၊ အသက်ရှင်တုန်းရှင်ခိုက် သူ့တွင် လုပ်ချင်သည့်အရာတချို့ ရှိနေသေးကြောင်း၊ ဆင်ကြီးတွေ ကျားကြီးတွေ မဖမ်းဝံ့သော်လည်း တီကောင်လေးဖမ်းပြီး ငါးတော့မျှားကြည့်ချင် သေးကြောင်း၊ ထို့ပြင် သူသည် မိန်းမမရသေးကြောင်း ယခုတလောတွင် သူငယ်ချင်းများကို တဖွဖွပြောနေတတ်သော သားငယ်လေးတစ်ယောက် သူချစ်သော ကမ္ဘာမြေကြီးဆီသို့ ယခုချိန်ထိ ပြန်လည်နိုးထလာနိုင်ခြင်း မရှိသေးပါ။"
အဲဒိနေရာမှာရေးထားတာသဘောကြတယ်. . . . . .။

Post a Comment