လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ဝေဖန်ရေးသစ်အမြင်

ဝေဖန်ရေးသစ် ဆိုသည်မှာ New Criticism ကို ဆိုလိုပါသည်။ ယောင်ယောင် ကွန်မြူနစ်များ မြန်မာစာပေ လောကအတွင်း ၀င်နှောင့်စဉ်က ပြောခဲ့ရေးခဲ့ ဖူးသော ဝေဖန်ရေးသစ်ဟူသော အသုံးအနှုန်းနှင့် မဆိုင်ပါ။ ကမ္ဘာ့စာပေသမိုင်း၏ ဖြစ်စဉ်နှင့် အခြေခံထားကာ၊ အနောက်တိုင်းစာပေ အစဉ်အလာကို အခြေခံ၍ ပေါ်ထွက်လာသော၊ ဝေဖန်ရေးဆိုင်ရာ အမြင်၊ အဆို၊ သဘောထားများကို အခြေခံ၍ ခြုံငုံခေါ်ဆိုထားသော ဝေဖန်သော နည်းပညာဖြစ်ပါသည်။ Criticism ဟူသော စာလုံးတွင်ပါသည့် -ism ကို ကြည့်ကာ ၀ါဒတစ်ရပ်၊ စနစ်တစ်ရပ်ဟု မမြင်ထားကြစေချင်ပါ။ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလိုသူများ အနေဖြင့်မူ စနစ်တစ်စုံတစ်ရာကို အခြေတည်၍ တင်ပြထားသော နည်းပညာဟု လက်ခံနိုင်ကြပါသည်။ ၀ါဒတစ်ရပ်၊ စနစ်တစ်ရပ် (ဣတိ - ဤသို့ဖြစ်သည် … ) ဟု တစ်ခုတည်းသော အမြင်တစ်ရပ်၌သာ အခြေခံတင်ပြထားသည့် သဘော ကန့်သတ်ခေါ်ဆိုရန် မလွယ်ရခြင်းမှာ ၁၉၂၀ ခုနှစ်ကာလခန့်မှစ၍ ခေါင်းထောင်လာခဲ့သော ဝေဖန်ရေးသစ်အမြင် တင်ပြချက် “များ” မှာ ၁၉၇၀ ကာလများအထိ ရှင်သန်လျက်ရှိခဲ့သော်လည်း၊ အခြေခံအမြင်များ တဖြည်းဖြည်း ပြောင်းလဲခဲ့သောကြောင့်ဟု ဆိုရပါမည်။

အနောက်တိုင်းစာပေ ဖြစ်စဉ်အတွင်း၌ “ဝေဖန်ရေးသစ်” ဟု သုံးနှုန်းကြရသည်မှာ အကြောင်းရှိပါသည်။ ဝေဖန်ရေးသစ်ပေါ်ပေါက်လာသည့် ကာလမတိုင်မီကပင် ရှိနှင့်နေခဲ့သော ဝေဖန်ရေးနည်းပညာများ၊တ တစ်နည်းဆိုရသော် ဝေဖန်ရေးနည်းပညာဟောင်းများကို လက်မခံလိုသည့်သဘောဖြင့် ပေါ်ပေါက်လာခဲ့သည့်အတွက် ဝေဖန်ရေးသစ်ဟု ခေါ်တွင်လာခြင်း ဖြစ်ပါသည်။ ထိုစဉ်က ရှိနှင့်နေခဲ့သော စာပေ၊ အနုသုခုမဆိုင်ရာ အမြင်များတွင် အနုပညာသည် မိမိဆန္ဒရှိသည့်အတိုင်း ဖော်ထုတ်တင်ပြခြင်းသက်သက်သာ ဖြစ်သည်ဟူသောအမြင်ကို လက်ခံထားသော ရိုမန်တစ်စင်ဇင် Romanticism စာပေ၊ အနုပညာတို့ကို ဖတ်ရှုသူ၊ ခံစားသူတို့၏ သီးခြားပုဂ္ဂိုလ်ဘ၀ကို အဓိကထားကာ ခံစားခြင်းသက်သက်ကို အလေးပေးသော အင်ပရက်ရှင်နစ်ဇင် Impressionism အမြင်။ စာပေ၊ အနုပညာလက်ရာတို့၏ အပ၌သာတည်သော ကိုယ်ကျင့်တရားဆိုင်ရာ၊ တန်ဖိုးဆိုင်ရာတို့ကို အလေးပေးသော လူသားဝါဒသစ် New Humanism အမြင်။ စာရေးသူက သူ၏ဆန္ဒအရ ဖြစ်စေချင်သည်များ၊ သို့မဟုတ် မြင်စေချင်သည်များကို ပံ့ပိုး၍ လက်ခံသော အမှားများ Intentional Fallacy အမြင်၊ ကဗျာအရေးအသားနှင့် စပ်ဆိုင်၍ ဝေဖန်ဆန်းစစ်ကြည့်ရာတွင် “ကဗျာဟာ ဘာလဲ” ဟူသောအချက်ထက် “ကဗျာက ဘာလုပ်ပေးနိုင်သလဲ” ဟု လွှမ်းမိုးနိုင်မှုကို ထွေပြားစွာ နားလည်ရှုမြင်သောအမှား Affective Fallacy အမြင်၊ . . . စသည်တို့ကို ဝေဖန်ရေးသစ်က ငြင်းဆိုလာခဲ့ခြင်း ဖြစ်ပါသည်။

ဝေဖန်ရေးသစ်၏ အခြေခံကျသော အမြင်တစ်ခုမှာ ကဗျာ (စာပေလက်ရာ) သည် သီးခြားရပ်တည်နိုင်သော လက်ရာပစ္စည်းတစ်ခုဖြစ်သည်ဟူသော အမြင်ဖြစ်သည်။ ၎င်းဖာသာ ပြီးပြည့်စုံလျက်ရှိနေသော သဘောဆောင်သည့် A self-sufficient verbal artifact ( Autotelic ဟု ဆိုလိုသော် ဆိုနိုင်သည်) ဟူသော အမြင်ဖြစ်သည်။ ဥပမာဆိုရသော် ကဗျာတစ်ပုဒ်သည် “ထို” ကဗျာတစ်ပုဒ်အဖြစ်သာ တန်ဖိုးရှိသည်။ အနက်ရှိသည်။ သို့ဖြစ်ရာ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို ကြည့်ရာတွင် ထိုအရေးအသားကို တည်ဆောက်ထားသော ပုံစံ (စနစ်) ကိုလည်းကောင်း၊ နည်းပညာကိုလည်းကောင်း အလေးထားကြည့်ကြလေသည်။ သို့ဖြစ်ရကား ဝေဖန်သူများအနေဖြင့် စာဖတ်သူများကို ဖန်တီးရေးသားသူတို့၏ နည်းပညာ၊ သူ ထုတ်လုပ်တင်ပြထားသော အနုပညာ၏ ပုံစံနှင့် ဖန်တီးရေးသားသူက မည်သို့မည်ပုံ ဖန်တီးတင်ပြခဲ့ကြောင်းများ တန်ဖိုးထားတတ်ရန်၊ သို့မဟုတ် မြင်လာကြရန် အကူအညီပေးရမည်ဟု ဝေဖန်ရေးသစ်ပညာရှင်တို့က မှတ်ယူသည်။ အနောက်တိုင်း၏ အနုပညာအစဉ်အလာသည် ရှေးဂရိခေတ်မှအစ ယနေ့တိုင် ပြတ်တောက်သွားခဲ့ခြင်းမရှိသေးရာ၊ ထိုအစဉ်အလာကို ထိန်းကျောင်းထားကြရမည်ဟုလည်း မြင်ကြသည်။ ထိုအစဉ်အလာအရ ဝေဖန်ရေးသစ်အမြင် လက်ခံသော ပညာရှင်များကလည်း (ထိုအခါက) အားကောင်းမောင်းသန် ပေါ်ပေါက်လာခဲ့သော စီးပွားရေးဆန်မှုများ၊ နိုင်ငံရေးအရ စွက်ဖက်လာမှုများ၊ ရုန့်ရင်းကြမ်းတမ်းမှုများ၊ စာပေအနုပညာ၏ ပရိဝုဏ်အတွင်း ၀င်မလာအောင် ထိန်းကျောင်းထားကြရမည်ဟု မြင်သည်။ ဝေဖန်ရေးသစ်အမြင် ပေါ်ဦးပေါ်ဖျားတွင် လက်ခံကျင့်သုံးခဲ့သော ပညာရပ်ဆိုင်ရာ အဆောက်အအုံအတွင်းမှ ပညာရှင်/ပညာတတ်အများစုမှာ ရှေးရိုးသမားများ (အစဉ်အလာကိုသာ လက်ခံသည်ဟု ဆိုလိုခြင်းမဟုတ်ပါ) ဖြစ်ကြပြီး စာပေအစဉ်အလာ တန်ဖိုးများကို လိုလားသူများလည်း ဖြစ်ကြသည်။

ဤတွင် ဝေဖန်ရေးသစ်ကို တင်ပြလာသော ပညာရှင်များ၏ ပထမဦးတည်ချက်မှာ ကဗျာအရေးအသားအတွက်ဖြစ်သော “ကဗျာဘာသာစကား” ကိုသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် စာပေအရာဝင်သော စာပေလက်ရာများကိုပါ ထည့်သွင်းပြောဆိုလာခဲ့ကြသည်။ ဤနေရာတွင် စာပေအရာဝင်သောဟူသော အသုံးအနှုန်းဟု ဆိုလိုခြင်းအား သဘောပေါက်စေရန် စဉ်းငယ်မျှ ရှင်းပြပါရစေ။ စာလုံးများနှင့်ရေးသားထားတိုင်း စာပေလက်ရာများ မဟုတ်ကြပါ။ စာလုံးများကို အသုံးပြုပြီးရေးသားထားသော ဥပမာ တံတားဆောက်နည်း၊ ငွေရှာနည်း၊ ဘာသာရေးဆိုင်ရာအမြင် စသည်တို့မှာ စာပေလက်ရာများအဖြစ် လက်ခံကြသည် မဟုတ်ပါ။ စာလုံးများကို သုံးနှုန်းထားသော အရေးအသားများသာ ဖြစ်ပါသည်။ ထို အရေးအသားများအတွက် စာရွက်ပေါ်မှ အရေးအသား၏ အပ၌တည်သော အချက်များကို သိရန်၊ စိစစ်ကြည့်ရန် လိုအပ်ပါသည်။ လိုအပ်ရသည်မှာ ထိုအရေးအသားများကို တည်ဆောက်ထားသော ဘာသာစကားသည် သိပ္ပံဘာသာစကားဟု ခေါ်ဆိုနိုင်သော ဘာသာစကားမျိုး ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အရေးအသားပါ အချက်အလက်၏ မှန်ကန်မှုကို အရေးအသား၏ အပ၌တည်သော အချက်အလက်များက အထောက်အကူပြုနိုင်ပါသည်။

စာပေလက်ရာဟု ဝေဖန်ရေးသစ်တွင် လက်ခံဆွေးနွေးကြသည့် အရေးအသားမှာ ဖန်တီးမှုအခြေခံဖြင့် ဖော်ထုတ်ထားသော ကဗျာ (၀တ္ထု စသည့်) အရေးအသားများ ဖြစ်သည်။ ထို စာပေလက်ရာများကို အရေးအသားအားဖြင့် ဖော်ထုတ်တင်ပြထားခြင်း၏ အပ၌တည်သော အချက်အလက် အကြောင်းအရာတို့ဖြင့် စိစစ်ကြည့်ရန်မလိုဟု မြင်ကြသည်။ တစ်နည်းအားဖြင့် စာပေအရေးအသားကို အသေးစိတ် (ထဲထဲဝင်ဝင်) ဖတ်ခြင်း Close Reading (The thorough and nuanced analysis of literary text) ဖြင့် စာ၏ ဆိုလိုရင်းကို အနက်အမျိုးမျိုး ထုတ်ယူရနိုင်မည်ဟု မြင်ကြသည်။ ထို့ပြင်မက အရေးအသားအတွင်း၌ မြုပ်နေသောအနက်များ၊ အားပြိုင်ထားမှုများ၊ အနက်လွှဲများဖြင့် တည်ဆောက်ထားသည်တို့ကို တွေ့လာနိုင်မည်ဟု ဆိုသည်။ ထို့ကြောင့် ဝေဖန်ရေးသစ်အရ စာပေ ဝေဖန်ရေးလုပ်ရန်အတွက် စာပေလက်ရာတစ်ခု၏ အရင်းအမြစ် (ပကတိ/ပြကတေ့) ဖြစ်သော အရေးအသားကို အသေးစိတ် (ထဲထဲဝင်ဝင်) ဖတ်ရန်မှာ အလွန်အရေးကြီးလှသည်။ အရေးအကြီးဆုံး ဟူ၍ပင် ဆိုရမည်။ စာပေလက်ရာတစ်ခုမှာ မည်သို့မည်ပုံဖြစ်သည်ဟု ဆန်းစစ်လေ့လာကာ ဝေဖန္တိကပြုရန်မှာ အရေးအသားအတွင်း၌သာ တည်သည်။ အပ၌ရှိသော သမိုင်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ပုဂ္ဂိုလ်ရေးရာ စသည်တို့နှင့် မဆိုင်။ ဝေဖန်ရေးသစ်အရ ပေါ်ပေါက်ခဲ့သည့် အမြင်တို့မှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ စာပေဝေဖန်ရေးနယ်ပယ်အတွင်း သက်ဆိုးအလွန် ရှည်ခဲ့သည်။

ဝေဖန်ရေးသစ်ဟု ခြုံငုံခေါ်ဆိုထားခြင်းအတွင်း၌ စနစ် (ပုံစံ) အဓိကထားသော စာပေလေ့ရာရေးဆိုင်ရာ အမြင် (Formalism) ကို ဆိုလိုသည်။ ရှေ့တွင် “ဖော်မယ်လစ်ဇင်” ဟူ၍သာ သုံးမည်။ ရပ်ရှင်ဖော်မယ်လစ်ဇင် Russian Formalism ဟူ၍လည်း တွင်သည်။ (သီးခြားရေးပါမည်) ဤသြဇာသက်ရောက်မှုလည်း ရှိသည်။ ရပ်ရှင်ဖော်မယ်လစ်ဇင်တို့မှာ သမိုင်းဖြစ်စဉ်အရသော် ဝေဖန်ရေးသစ်အမြင် တင်ပြသူတို့ထက် စောနေသည်ကား မှန်၏။ အနောက်တိုင်း စာပေအတွင်း (အထူးသဖြင့် အင်္ဂလိပ်ဘာသာ စာအရေးအသားကို အခြေခံသုံးစွဲသော နိုင်ငံများတွင်) ၀င်ရောက်လာခဲ့သည်မှာ အတော်ပင်နှောင်းသည်ဟု ဆိုနိုင်သည်။ ၎င်းတို့၏အမြင်နှင့် နီးစပ်မှုရှိနေသည်မှာ အရေးအသား၌ ပါဝင်နေသော အကြောင်းအရာနှင့် အရေးအသားကို တင်ပြထားပုံတို့၏အကြားမှာ ဆက်နွယ်နေမှုကို ဂရုပြုလေ့လာသောကြောင့် ဖြစ်သည်။ အရေးအသားအရ ဖော်ထုတ်တင်ပြလိုသည်ကို  အရေးအသားအားဖြင့် မည်သို့ဖော်ထုတ်တင်ပြခဲ့သည်ဆိုသော ဆက်နွယ်နေမှုကို ကြည့်ခြင်းဖြစ်သည်။ ထိုသို့ စိစစ်လေ့လာကြည့်သည်ဆိုသော်လည်း ဝေဖန်ရေးသစ်အလိုအရ ခွဲခြမ်းစိတ်ဖြာကာ တစ်စစီဖြတ်တောက်လိုက်သည်မဟုတ် ခွဲခြမ်းစိတ်ဖြာကြည့်သည်ကား မှန်၏။ ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းမှ ရရှိသည့်အပေါ်တွင် ပြန်လည်စုစည်းကာ တင်ပြခြင်း (ဝေဖန်ပြခြင်း) မျိုးသာ ဖြစ်သည်။ နီးနီးစပ်စပ် မြန်မာစာပေအတွင်းမှ ဥပမာတစ်ခု ပြလိုပါသည်။ ချစ်ဦးညို၏ ရာဇကုမာရကို ပြန်၍ ကြည့်ကြစေချင်သည်။

ရာဇကုမာရကို ရေးသားရာတွင် ချစ်ဦးညိုက “ရာဇကုမာရကနေပြီး မြစေတီကျောက်စာကို ကြည့်မြင်လိုက်” ခြင်းဖြစ်သည်။ သို့ဖြစ်ရကား ဝေဖန်ရေးသစ်အရ ဝေဖန်သော် စာရေးဆရာက သူ၏အရေးအသားတွင် မည်သည်ကို မြင်စေလို၍ မည်သို့ရေးသားတင်ပြခဲ့သည်ကိုသာ ကြည့်ရန်ရှိသည်။ မည်သည့်နေရာတွင် စာရေးဆရာက စာရေးဆရာက သူ မြင်စေချင်သည်များကို မြင်ရန် ပုံရုပ်များ၊ စကားတန်ဆာများ၊ စကားအပြောင်းအလဲများ . . . စသည်တို့ကို သုံးစွဲ၍ တင်ပြခဲ့သည်။ အရေးအသားအတွင်း သူတည်ဆောက် ပြထားပုံသည် တစ်ပိုင်းစီသော်လည်းကောင်း၊ တစ်ခုလုံးအနေဖြင့်သော်လည်းကောင်း ညီညွတ်မျှတသည်၊ ဆီလျော်အပ်စပ်မှုရှိသည် (သို့မဟုတ် မရှိခဲ့) ဆိုသည်များကို စိစစ်လေ့လာ ဝေဖန်ကြရမည်သာ ဖြစ်သည်။ ချစ်ဦးညို၏ ရာဇကုမာရမှာ မြစေတီကျောက်စာရေးထိုးခဲ့သည့် ရာဇကုမာရနှင့် အတူတူပဲလား၊ မတူဘူးလား။ လူလား၊ မျောက်လား။ တူရွင်းတောင်ခြေက တောအုပ်ထဲတွင် ချည်ခင်စွပ်ငှက်ကလေးများ တကယ်ရှိကြရဲ့လားဆိုသည်မှာ စိစစ်ကြည့်ရန် (ထည့်စဉ်းစားရန်) မလို။ စာရေးဆရာက သူ့အရေးအသားထဲတွင် မည်သူ့အသံဖြင့် ဖော်ထုတ်ပြနေသည်လဲ။ ထိုအသံသည် အရေးအသားတစ်ခုလုံးအတွင်း ဆီလျော်မှုရှိပါ၏လော။ တင်ပြထားသောဇာတ်လမ်းကို ရေးသားထားခြင်းအတွင်း၊ သို့မဟုတ် စာပေလက်ရာတစ်ခုဖြစ်သော အရေးအသားအတွင်း မည်သို့ ဖြေချ (Denouement ကို ဆိုလိုသည်) လိုက်ပါသလဲ၊ စသည်များကို စိစစ်ကြည့်ရပါမည်။

သို့ဖြစ်ရကား စာပေလက်ရာတစ်ခုအဖြစ် တင်ပြထားသည့် အရေးအသားအတွင်းမှ စစ်မှန်မှု၊ မှန်ကန်မှုများသည် ဝေဖန်ရေးသစ်အရသော် အရေးကြီးသည် မဟုတ်တော့။ အရေးအသား၏ ညီညွတ်မှု၊ ဘာသာစကားကိုသုံးစွဲ၍ ပြောင်ပြောင်မြောက်မြောက် ဖော်ထုတ်ပြနိုင်မှုတို့မှာ အရေးကြီးသည်။ ကဗျာဘာသာစကား (ဤတွင် Poetic Language ကိုဆိုလိုသည်) သည် ဝေါဟာရကို အခြေခံသုံးစွဲပုံတွင် သာမန်အရေးအသားများကို ရေးသားသော ဘာသာစကား (Non-poetic Language) နှင့် လုံးလုံးမတူဟု လက်ခံထားကြသည်။ ထိုသို့ လက်ခံကြရခြင်းမှာ ၎င်းတို့အနေဖြင့် စာပေလက်ရာတစ်ခုအဖြစ် ရေးသားဖော်ထုတ်နိုင်သော အရေးအသားများတွင် ဘာသာစကားကို သုံးစွဲထားပုံမှာ ထိုအရေးအသားအတွင်း၌ ချိတ်ဆက်မိပြီး အနက်များသည် အပြန်အလှန် ဆက်စပ်မှုရှိနေကြသောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ သာမန်အရေးအသားတွင် ရေးသားထားသည်များကဲ့သို့ အရေးအသား၏အပတွင် အနက်တစ်စုံတစ်ရာ ဖော်ထုတ်ပေးနိုင်သော အကြောင်းရှိနေခြင်းမျိုးမဟုတ်။ ဥပမာ “ရေသည် သုညဒီဂရီတွင် ခဲသည်” ဟူသော စာကြောင်းနှင့် “မြ၀တ်ရည်ကလေးမှာကား ကျောင်းသို့ ပြန်မသွားရတော့ချေ” ဟူသော စာကြောင်းတို့ကို ယှဉ်တွဲလေ့လာကြည့်ပါ။ ပထမစာကြောင်း၏ ဆိုလိုရင်းအကြောင်း၊ သို့မဟုတ် စာကြောင်း၏အနက်သည် အရေးအသား၏ အပ၌သာရှိပြီး၊ ဒုတိယစာကြောင်း၏အနက်မှာ စာ၏ အတွင်း၌သာရှိသည်။ “လောကဓံ” ကို မဖတ်ဘဲ၊ စာ၏အနက်ကို အပ၌ရှာဖွေ၍မရနိုင်။ အရေးအသား၏ အတွင်း၌သာ အကျိုးပြုနေမှုရှိသော (အလုပ်ဖြစ်နေသော) ဘာသာစကား ဖြစ်နေသည်။ သို့ဖြစ်ပါ၍ ဝေဖန်ရေးသစ်အရ ပြောဆိုဆွေးနွေးနေသော စာပေလက်ရာတစ်ရပ်ကို တည်ဆောက်ထားသည့် ဘာသာစကားမှာ Contexualism ကို ဦးစားပေးသော (တိမ်းနေသော) ဘာသာစကားမျိုးသာ ဖြစ်တော့သည်။

ထို့ကြောင့် ဝေဖန်ရေးသစ်အရ စာပေလက်ရာအဖြစ်လက်ခံထားသော အရေးအသား တစ်စုံတစ်ရာ (အထူးသဖြင့် ကဗျာ) ၏ အနက်မှာ စာမျက်နှာပေါ်တွင် ဖြစ်သည်။ စာမျက်နှာပေါ်မှသာ ထုတ်ယူနိုင်သည်။ ထိုသို့ဆိုသဖြင့် စာပေလက်ရာကို ဖန်တီးသူ “စာရေးဆရာ”နှင့် “စာပေလက်ရာ” ကို ခွဲခြားလိုက်သည်။ သဘောမှာ အမေနှင့်ကလေးကို ချက်ကြိုးဖြတ်လိုက်သည့် သဘောဖြစ်သည်။ မွေးဖွားပြီးနောက် အမေနှင့်ကလေးအကြား ဆက်နွယ်နေသော ချက်ကြိုးကို ဖြတ်လိုက်ခြင်းဖြင့် ကလေးတစ်ယောက်ကို သီးခြားသဘောဆောင်သော “လူ” တစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်သကဲ့သို့ ဖြစ်တော့သည်။ ထိုကလေး လူလားမြောက်လာခြင်းကို စာပေလက်ရာတစ်ခုအနေဖြင့်ကြည့်သော် ၊ ကလေးအရွယ်ရောက်လာသောအခါ ဆိုက်ကားသမား ဖြစ်သွားခြင်းသည် အမေက ဆရာဝန်ကြီးဖြစ်စေလိုသော ဆန္ဒနှင့် ဆိုင်သည်မဟုတ်ကြောင်း ပေါ်လွင်သွားသကဲ့သို့ နမူနာယူကြည့်နိုင်သည်။ သဘောမှာ ကဗျာ (စာတစ်ပုဒ်) ၏ အဆင့်အတန်းကို ဆုံးဖြတ်ရန်အတွက် ကဗျာ (စာ) ရေးသူ၏ ဆန္ဒ သို့မဟုတ် ဖြစ်စေချင်သော အာသီသများအပေါ်တွင် တည်ရန်မလိုခြင်းဖြစ်သည်။ ကဗျာ (စာပေ) လက်ရာအဖြစ် တည်နေသော အရေးအသားတစ်ခုသည် ရေးသားသူနှင့် သူ၏ဆန္ဒမှ ကင်းပသွားခဲ့ပြီဖြစ်သည်ဟူသော သဘောဖြစ်သည်။ ထိုသဘောကိုလက်ခံမှ Intentional Fallacy မဖြစ်တော့ (ဓမ္မဒိဋ္ဌာန်ကျသည်ဟု ဆိုလိုသော်ဆိုနိုင်သည်) အလားတူပင် ကလေးကို ကလေးအနေဖြင့်မမြင်ဘဲ၊ ဆရာဝန်ကြီးဖြစ်လာရင်တော့ ဆေးကုနိုင်မှာပဲဟု မြင်သည့်သဘောမျိုး ကြည့်မြင်လိုက်ခြင်းသည် ကဗျာ (စာပေ) လက်ရာတစ်ခုက မည်သို့လွှမ်းမိုးမှုပေးနိုင်သည်၊ မည်သို့ သက်ရောက်မှု ရှိနိုင်သည်ဟု ကြည့်ခြင်းသည်လည်း အမှားတစ်ခုသာ ဖြစ်သည်။ Affective Fallacy သာ ဖြစ်သည်။ ဝေဖန်ရေးသစ်က စာရေးသူနှင့် စာပေလက်ရာကို ခွဲခြား၍ စိစစ်လေ့လာခြင်းမှာ ထိုအမှားမျိုးမဖြစ်စေရန်၊ သို့မဟုတ် လက်မခံလိုသဖြင့် ဖြစ်သည်။ ဤအမြင်များမှာ ဝေဖန်ရေးသစ်ကို တင်ပြလာသော ပညာရှင် ၀မ်း(မ)ဆပ် W.K. Wimsatt နှင့် ဘီယပ်စလေ M.C. Beardsley က ၁၉၄၉ တွင် ရေးသားတင်ပြလာခဲ့ခြင်း ဖြစ်သည်။

ဝေဖန်ရေးသစ်မှာ တစ်နည်းအားဖြင့် စနစ် (ပုံစံ) ကို အဓိကထားသော စာပေလေ့လာရေး၊ ဝေဖန်ရေးတစ်မျိုးဖြစ်သည်ဟု ဆိုရမည်။ အကြောင်းမှာ ရှေ့တွင် ဆိုခဲ့ပြီးသော စာပေလက်ရာတစ်ခု၏  အရေးအသားအတွင်း၌ တည်နေသည်များကိုသာ အဓိကထား၍ စိစစ်လေ့လာကာ ဝေဖန်သောကြောင့်ဖြစ်သည်။ သို့ရာတွင် ကဗျာအရေးအသားနှင့်ပတ်သက်၍ စိစစ်လေ့လာဝေဖန်ရာတွင် စိတ်ဝင်စားစရာကောင်းသော အချက်အချို့ရှိသည်။  ဝေဖန်ရေးသစ်အမြင်လက်ခံသောပညာရှင်များက ကဗျာဆိုသည်မှာ အစီအစဉ်တကျ ရေးသားတင်ပြထားခြင်း မဟုတ်သဖြင့် ယတိပြတ်အနက်တစ်စုံတစ်ရာကို မဖွင့်ဆိုနိုင်ဟု အခိုင်အမာ မဆိုခဲ့ကြသော်လည်း ကဗျာက တကယ့်ဘ၀၊ တကယ့်လောက၌ ဖြစ်ရှိနေခြင်းများကို ဖော်ထုတ်ပေးနိုင်ရန် အားထုတ်ပေးနေသည်ဟု လက်မခံကြ။ သို့ဖြစ်၍ ကဗျာက (သို့မဟုတ် ကဗျာအရေးအသားအားဖြင့်) ဖော်ထုတ်တင်ပြထားသော အကြောင်းအရာကို Poem’s content ပြန်လည်တင်ပြရန်၊ ဆွေးနွေးရန်မသင့်ဟု မြင်ကြသည်။ အထူးသဖြင့် ဝေဖန်ရေးသစ်အမြင်လက်ခံသော ဘရွခ်(စ) Cleanth Brooks က ကဗျာတစ်ပုဒ်၏ အနက်မှာ ရှုပ်ထွေးလှသော်လည်း တိကျသောဆိုလိုရင်း ရှိသည်။ သို့ဖြစ်၍ စာလုံး/စကားလုံး အလွှဲအပြောင်းပြု၍ ကဗျာတစ်ပုဒ်ကို ပြန်လည်တင်ပြခြင်းဖြင့် ကဗျာ၏အနက်၊ ဆိုလိုရင်းတို့မှာ ပြောင်းလဲသွားနိုင်သည်။ လျော့ပါးသွားနိုင်သည်ဟု အခိုင်အမာဆိုသည်။ ကဗျာကို ကဗျာအဖြစ်လက်မခံဘဲ စကားပြေအထိ လျှော့ချပြီး အနက်ဖော်ထုတ်မှုများကို ဆိုလိုသည်။ စာလုံး/စကားလုံး အလွှဲအပြောင်းပြုခြင်းကို လက်ခံလိုက်သော The heresy of paraphrase အမှားမျိုးသာဖြစ်သည်ဟု သူကဆိုသည်။ သို့ဖြစ်၍ ကဗျာတစ်ပုဒ်က ဘာကိုဆိုလိုတာလဲဟု ပြန်ပြောခြင်း/ရေးခြင်း၊ တစ်နည်းနည်းဖြင့် ပြန်လည်ဖော်ထုတ်ခြင်းသည် ကနဦး (မူရင်း) ဖော်ထုတ်ချက်မှ သွေဖည်ထားခြင်းကို လက်ခံခြင်းသာဖြစ်သည်။ ကဗျာတစ်ပုဒ်အဖြစ် (တစ်စုတစ်စည်းတည်း) ရပ်တည်နေရန် တည်ဆောက်ထားခြင်းကို စော်ကားလိုက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

ဝေဖန်ရေးသစ်အမြင် ပညာရှင်တို့အနေဖြင့် ၁၉၄၉ ခုနှစ်ရောက်သည်တွင်မှ အရေးအသားအားဖြင့် ဖော်ထုတ်တင်ပြထားသည်များ Intrinsic နှင့် အရေးအသားအားဖြင့် ဖော်ထုတ်တင်ပြထားသည်တို့နှင့် ဆက်စပ်ကြည့်နိုင်သော၊ သို့မဟုတ် အရေးအသား ဖော်ထုတ်တင်ပြထားခြင်း၏အပရှိ သီးခြားအကြောင်းအရာများ Extrinsic တို့ကို လေ့လာခြင်းအကြောင်းများ ခိုင်ခိုင်မာမာပြောဆိုလာကြသည်။ ဝေဖန်ရေးသစ်အမြင်များကို ခိုင်မာသောအဆို/သီဝရီတစ်ရပ်အဖြစ် ၀ယ်လက်နှင့် ၀ယ်ရင် Rene Wellek and Austin Warren တို့က စာပေဆိုင်ရာ သီဝရီများ Theory of literature အမည်ဖြင့် ရေးသားခဲ့သောစာအုပ်တွင် ဆွေးနွေးတင်ပြခဲ့သည်။ ဤတွင် ဘာသာစကားပြောင်းလဲမှုအတွင်း Intrinsic ၏ ဆိုလိုရင်းအနက် (အထူးသဖြင့် ဝေဖန်ရေးသစ်အမြင်တင်ပြရာတွင်) မှ အထိုက်အလျောက် သွေဖည်နေတတ်ကြောင်း တင်ပြလိုပါသည်။ Intrinsic မှာ Inner, internal, intimate, intrinsical စသည့်အနက်ဆောင်သဖြင့် မြန်မာဘာသာစကားတွင် “အတွင်းသား” ဟု ပညာရပ်ဆိုင်ရာ အဆောက်အအုံများတွင် ရေးသားခဲ့ကြပါသည်။ သို့ဖြစ်၍ ရံဖန်ရံခါ အရေးအသားတစ်ခု၏ အတွင်း သို့မဟုတ် မြှုပ်ထားသည့်အပိုင်းဟု နားလည်လွဲတတ်ကြပါသည်။ စင်စစ် ဝေဖန်ရေးသစ်အမြင်တွင် တင်ပြခဲ့သော Intrinsic သဘောမှာ Built-in သို့မဟုတ် Inbuilt သဘောသာ ဖြစ်သည်။ အရေးအသားအရ (အားဖြင့်) ဖော်ထုတ်ထားသည့်အတိုင်းကိုသာ ဆိုလိုသည်။ နောက်ပိုင်းတွင် ထိုအချက်ကို ကွဲပြားစွာသိသာစေရန် The words on the page ဟု ဆိုလာကြသည်။ ဝေဖန်ရေးသစ်၏ ခေတ်ဦးတွင် ပေါ်လာခဲ့သော စာပေပညာရှင်နှင့် ကဗျာဆရာ တီ၊ အက်(စ) အီးလီယက် T.S. Eliot စာပေပညာရှင် ရစ်ချာဒ်(စ) I.A. Richards တို့လက်ထက်က ထိုအကြောင်းများကို သီးခြားသဘောဆောင်ပြီး ဆွေးနွေးခဲ့သည်မဟုတ်။ အီးလီယက်၏ အရေးအသားများသည် ဝေဖန်ရေးသစ် ပေါ်ပေါက်လာရန်သာမက အနောက်တိုင်း စာပေဝေဖန်ရေးကိုလည်း မျက်စိဖွင့်ပေးခဲ့သည်မှန်သော်လည်း  သူ အဓိကထားတင်ပြခဲ့သည်မှာ သမိုင်း (အတိတ်) ကို သိမှတ်ခံစားနိုင်မှု The historical sense နှင့် ကဗျာ (အနုပညာလက်ရာတစ်ခုခု) သည် ပုဂ္ဂလိကပိုင် သို့မဟုတ် တစ်ဦးတစ်ယောက်နှင့်သာ သက်ဆိုင်သည်ဟူသောအမြင်ကို ငြင်းဆိုခြင်းသဘော Depersonalisation ဖြစ်သည်။

အီးလီယက်၏ ထင်ရှားသောအရေးအသား နှစ်ခုဖြစ်သည့် “Tradition and Individual Talent” (1917) နှင့် “Hamlet and His Problems” (1919) တို့သည် ကဗျာ၏ သဘောသဘာဝနှင့် ကဗျာကို မည်သို့ဖတ်ရမည် စသည့်အယူအဆများကို တင်ပြခဲ့သည်။ အထူးသဖြင့် ခေတ်သစ်ကဗျာများမှာ ဖတ်ရခက်သည်။ နားလည်ရခက်သည်။ စာဖတ်သူနှင့် ရင်းနှီးမှုမရှိသောအချက်များအပေါ် တုံ့ပြန်ရင်း ရေးသားခဲ့သော စာများဖြစ်သည်။ ကဗျာရေးသူများ (စာရေးသူများ) အနေဖြင့် အစဉ်အလာကို သိနားလည်ကြရမည်ဟု မြင်သည်။ ဆိုလိုသည်မှာ အတိတ်၏ရှိမှုကို သိထားဖို့လိုသည်။ ဤတွင် အတိတ်ဟုဆိုသော်လည်း သမိုင်းဖြစ်ရပ်များ Events of history ကို သိထားရမည်ဟု မဆိုလို။ အတိတ်ကရှိခဲ့သည့် စာပေနှင့်ပတ်သက်သည်များကို တတ်နိုင်သမျှ သိမှတ်ခံစားထားရန် An encompassing feeling of past literature လိုသည်ကို ဆိုလိုခြင်းဖြစ်သည်။ အတိတ်အကြောင်းကို သိရှိထားသည့်အတွက် စာရေးသူတို့သည် သူ၏ ပင်ကိုယ်ရေးများ၊ ဆန်းသစ်တီထွင် ရေးသားလိုမှုများ ပေါ်ပေါက်လာမည်။ သို့မှသာ ရှေ့လူက နောက်လူကို လက်ဆင့်ကမ်းလိုက်သလို အရေးအသားမျိုးများ ပေါ်မလာတော့ဘဲ၊ အတိတ်က ရေးခဲ့သည်များနှင့် မတူသော၊ အရေးအသားသစ်များ ပေါ်လာမည်။ အရေးအသားသစ်များ ပေါ်လာတိုင်း ရှိရင်းစွဲအရေးအသားများနှင့် ယှဉ်တွဲလေ့လာကာ ဆုံးဖြတ်ကြရသည်ချည်းဖြစ်သည်။ အီးလီယက်၏ဆိုလိုချက်ကို ခပ်လွယ်လွယ်ရှင်းပြရသော် ကဗျာရေးသမားသည် အတိတ်ကိုသိဖို့လိုသည်။ သို့သော် အတိတ်ထဲတွင် နေရန်မဟုတ်။ ပင်ကိုယ်ရေး၊ ဆန်းသစ်တီထွင်မှုသည် အတိတ် (စာပေဖြစ်စဉ်) ကို မသိဘဲ မဖန်တီးနိုင် (ဆိုလိုသည်မှာ ကဗျာရေးသားသူများ အနေဖြင့် ငါကွ ကြွေးကျော်နေ၍ မဖြစ်)။

ခေတ်ပေါ်ကဗျာများ နားလည်ရန်ခက်လာကြသည်မှာ အီးလီယက်အမြင်တွင် ဆန်းလှသည်မဟုတ်။ လူ့အဖွဲ့အစည်း စိတ်ပိုင်းဆိုင်ရာ အခြေခံများ၊ သမိုင်းဆိုင်ရာပြောင်းလဲပုံများ၊ … စသည်တို့မှာ ပို၍နားလည်ရန်ခက်ခဲသော အနေအထားအတွင်း ကျရောက်လာသည်။ သို့ဖြစ်၍ ဘာသာစကားအသုံးအနှုန်း ခက်ခဲလာခြင်းမှာ လူသားတို့ ကြုံတွေ့လာရသော အနေအထားများအပေါ် ရောင်ပြန်ဟပ်ခြင်းသာဖြစ်သည်။ ကဗျာသည် ပြောင်းလဲနေသော သမိုင်းဖြစ်စဉ်တစ်ခုသာဖြစ်၍ လူသားတို့ ခက်ခဲလာသောအနေအထားများကို တုံ့ပြန်ရာတွင် ခက်ခဲ၍သာ နေပေမည်။ အထူးသဖြင့် မည်သည့်ခေတ်တွင်မဆို စာပေသည် ရှေ့ကရှိခဲ့သော ခေတ်ကို တုံ့ပြန်မှုရှိနေသဖြင့် ခက်ခဲနေမည်သာ ဖြစ်သည်။ သို့ဖြစ်၍ ကဗျာတစ်ပုဒ်ကို ဖတ်ရှုရာတွင် ကဗျာသည်သာ အစစ်ဆေးခံ၊ အဝေဖန်ခံ ဖြစ်ရမည်။ ကဗျာဆရာမဟုတ်ဟု မြင်သည်။ ကဗျာဆရာသည် တစ်စုံတစ်ခုသော ကဗျာတစ်ပုဒ်ဖြစ်လာရန် လုပ်ဆောင်ပေးသူ (ဓာတုဗေဒအသုံးအနှုန်းအရသော် ဓာတ်ပြောင်းအကူ Catalyst) သာ ဖြစ်သည်။ ထို့ကြောင့် ကဗျာကသာ အပြန်အလှန်ဆက်သွယ်မှုများကို ဖြစ်စေနိုင်သည်။ အီးလီယက်၏ ဒုတိယအရေးအသားတွင်သော် အနုပညာလက်ရာကို ဓမ္မဒိဋ္ဌာန်ကျကျ အပြန်အလှန် ဆက်သွယ်မှုပြုနိုင်သည် Objective Correlative ဟု ခေါ်ဆိုသည်။ ဆိုလိုသည်မှာ အနုပညာလက်ရာပေါ်တွင်တည်၍ ခံစားချက်၊ ခံစားမှု အတွေ့အကြုံတစ်ရပ် စသည်များ ပေါ်လာနိုင်ခြင်းဖြစ်သည်။ မည်သူမည်ဝါ၏လက်ရာဟု အခြေခံရှုမြင်ကာ ခံစားချက်ပေါ်ပေါက်လာခြင်း မဟုတ်သည့် သဘောဖြစ်သည်။ တစ်နည်းဆိုရသော် အီးလီယက် ကဗျာ(စာပေ) နှင့်ပတ်သက်သော အမြင် “သစ်” များမှာ ရိုမန်တစ်အမြင်များကို ဆန့်ကျင်လာခြင်းဖြစ်ပြီး၊ ဓမ္မဒိဋ္ဌာန်ကျရန်အတွက် သိပ္ပံနည်းတကျဖြစ်ရန် လိုအပ်လာသည်ဟူသော အမြင်ဖက်သို့ တိမ်းညွတ်လာခြင်းဖြစ်သည်။

ရစ်ချာဒ်(စ)၏ အရေးအသားသုံးခုဖြစ်သော Principles of Literary Criticism (1924), Science and Poetry (1926) နှင့် Practical Criticism တို့တွင် ကဗျာနှင့် ကဗျာကိုဖတ်ပုံများ အဓိကထား တင်ပြခဲ့သည်။ ကဗျာဖတ်ပုံကို အဓိကထားတင်ပြခဲ့ခြင်းဖြင့်၊ “ဝေဖန်ရေးသစ်” ဟု ခေါ်ဆိုနိုင်သော အမြင်တစ်ရပ် ပေါ်လာခဲ့ရသည်။ ဝေဖန်ရေးသည် တန်ဖိုးကိုပြဆိုနိုင်သောအဆိုနှင့် ဆက်သွယ်မှုကိုပေးနိုင်သောအဆို နှစ်ရပ်လုံးပါရမည်ဟု ရစ်ချာဒ်(စ)ကဆိုခဲ့ပြီး၊ ကဗျာသည် တန်ဖိုးတစ်စုံတစ်ရာနှင့် ဆက်သွယ်ပေးသည်ချည်းဖြစ်၍ ကဗျာကို ကဗျာအဖြစ်ဖတ်ရန် လိုသည်ဟု ဆိုခဲ့သည်။ သူ၏ တတိယစာအုပ်တွင် ထိုအချက်ကို လက်တွေ့ အကောင်အထည်ဖော်ပြခဲ့သည်။ ကဗျာရေးသူနှင့် ကဗျာအမည်မပါဘဲ၊ သူ၏ တပည့်များကို ဖတ်ရှုစေခဲ့ပြီးနောက် ရရှိသည့် ရလဒ်ကို တင်ပြခဲ့သည်။ “တကယ် ကဗျာဖတ်သူက ကဗျာကို ဘယ်လိုဖတ်လိုက်သလဲ”၊ “ကဗျာကို ဘယ်လိုနားလည်သလဲ”၊ “ဘယ်လိုနားမလည်သလဲ” “ဘာကြောင့် နားမလည်သလဲ” စသည့်ပြဿနာများကို တင်ပြခဲ့သည်။ ကဗျာနှင့်ပတ်သက်၍ ရစ်ချာဒ်(စ)၏ စိတ်ဝင်စားဖွယ်ကောင်းသော အမြင်တစ်ရပ်မှာ သိပ္ပံပညာ ထွန်းကားလာသော ကာလတွင် ကဗျာသည် သိမှုကိုအခြေခံပြီး ဘာသာရေး၏နေရာကို အစားထိုးဝင်ရောက်လာခြင်းတစ်ခု ဖြစ် “နိုင်” သည် ဟူသောအမြင်ဖြစ်သည်။  ထိုအမြင်ကို အခြေခံပြီး ကဗျာသည် တင်ပြမှုတစ်ခု ဖြစ်သည်ကား မှန်၏။ ထိုတင်ပြမှုမှာ အဆို၊ ကြေငြာချက်တစ်ရပ်မဟုတ်။ ခံစားသိရှိရင်းဖြင့် တန်ဖိုးတစ်ရပ်ကိုဖြစ်စေသော အဆိုတစ်ရပ်၊ ကြေငြာချက်တစ်ရပ်ဟု ထင်ရသော တင်ပြချက်မျိုးသာဖြစ်သည်ဟူသော အမြင်ဖြစ်သည်။ ရစ်ချာဒ်(စ) အလိုအရသော် ကဗျာသည် တကယ့်လောကကြီးနှင့် ဆက်စပ်မှုမရှိသည်သာမက သိမှုအခြေခံ မှန်မှား ပြောနိုင်သော အရာမျိုးမဟုတ်။

ထိုအမြင်များကိုအခြေခံကာ ရစ်ချာဒ်(စ)က Practical Criticism တွင် သူ၏ လေ့လာပုံ၊ စမ်းသပ်ပုံများကို တင်ပြခဲ့ပြီး၊ ကဗျာ၏ဘာသာစကားနှင့် စနစ်(ပုံစံ)၏ အဓိကပြဿနာများကို ဆွေးနွေးခဲ့သည်။ ထိုပြဿနာများကို ရစ်ချာဒ်(စ)၏ တပည့်တစ်ဦးလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်သော အဲမ်ဆွန် W. Empson က ဆက်လက်လေ့လာကာ Seven Types of Ambiguity (1930) ကို ရေးသားခဲ့သည်။ Ambiguity မှာ ယတိပြတ် အနက်မဖော်နိုင်ခြင်းကို ဆိုလိုသည်။ အရေးအသားတစ်ခုအတွင်း တိုက်ရိုက်ညွှန်းဆိုထားခြင်းမရှိသော အသုံးအနှုန်းများကြောင့် ထိုအရေးအသားကို သေချာသောအနက် မဖော်နိုင်တော့။ ရှင်းလင်းရန် ဥပမာပြပါရစေ ဝေါလစ်စတီဗင်(စ)၏ “သစ်တော့သီးနှစ်လုံးကို လေ့လာခြင်း”မှ စာနှစ်ကြောင်းကို ကြည့်ပါ။

The pears are not seen
As the observer wills.
‘Study of Two Pears’

လေ့လာသူရဲ့ ဆန္ဒအတိုင်း
သစ်တော့သီးတွေကို မမြင်ရ။
“သစ်တော့သီးနှစ်လုံးကို လေ့လာခြင်း”

ဤတွင် ယတိပြတ်အနက် မဖော်နိုင်သည်မှာ လေ့လာသူက မြင်ချင်သောဆန္ဒရှိသော်လည်း သစ်တော့သီးများကို တစ်လုံးမျှ မမြင်ရတော့သည်လား၊ သို့မဟုတ် လေ့လာနေသူ၏ ဆန္ဒရှိသည့်အနေအထား၊ ပုံစံ၊ အရွယ်အစား၊ အရောင်အဆင်း စသည်များအတိုင်း မတွေ့ရတော့သည်လား ဆိုသည်မှာ မသဲကွဲချေ။ အဲမ်ဆွန်၏ လေ့လာချက်တွင် ကဗျာအရေးအသားများ၌ အနက်မသဲကွဲသော အရေးအသားများအကြောင်း တင်ပြခဲ့သည်။ ထို့ပြင် ဝေါဟာရအသုံးအနှုန်း (အဆက်အစပ်) ကို လိုက်၍ စာဖတ်သူများအနေဖြင့် အလိုလို သတိမမူမိသော အကြောင်းများ ရှိနေနိုင်ကြောင်း တင်ပြခဲ့သည်။ စင်စစ် အဲမ်ဆွန်၏ အရေးအသားသည် အရေးအသားကို မည်သို့ အသေးစိတ် (ထဲထဲဝင်ဝင်) ဖတ်ရှုကြရန် လမ်းပြသောစာအုပ်ဖြစ်သည်။ ဝေဖန်ရေးသစ်တွင် ပဓာနကျသော အချက်တစ်ခုမှာ စာပေလက်ရာ၊ အရေးအသားများကို သေသေချာချာဖတ်ရန် သို့မဟုတ် အသေးစိတ်ဖတ်ရှုကြရန်ဖြစ်သည်။ အရေးအသားများကို သေသေချာချာဖတ်ရှုခြင်းမရှိဘဲ၊ မျက်ရမ်းမှန်းဆဖြင့် လည်းကောင်း၊ အရေးအသား၏ အပတွင်ရှိနေသော အချက်အလက်များဖြင့် အတင်း ဆက်စပ်ယူကာ လိုသလို အနက်ယူခြင်းမျိုးကို ရှောင်ရှားရန် ဖြစ်သည်။

ဝေဖန်ရေးသစ်သည် ဘာသာစကားနှင့် ဘာသာစကားအသုံးအနှုန်းအပေါ် အလေးပေးသော စာပေဖတ်ရှုလေ့လာနည်းလည်း ဖြစ်သည်။ ရစ်ချာဒ်(စ)အမြင်တွင် တင်ပြခဲ့သော သိပ္ပံနည်းလမ်းတကျသုံးစွဲသော ဘာသာစကားနှင့် စိတ်လှုပ်ရှားမှုအခြေခံကာ သုံးစွဲသောဘာသာစကားတို့၏ မတူညီမှုကို ဝေဖန်ရေးသစ်အမြင်ကို လက်ခံသော နောက်ပိုင်းပညာရှင်များက ဆက်၍ ဆွေးနွေးခဲ့ကြသည်။ ရဲန်ဆမ်း J.C. Ransom လက်ထက်တွင်မူ ကဗျာတွင် သဘာဝအတိုင်း ဖြစ်ရှိနေကြသည်များကို ခိုင်မာသော စိတ်ကူးထည်များကို အခြေခံ၍ ပုံမဖော်သင့်ဟု ဆိုသည်။ ထိုသို့ ပုံပေါ်ခြင်းမှာ ပလေတို၏အမြင်ကို အခြေခံပုံဖော်မှုမျိုးဖြစ်သည်။ ထိုအမြင်သည် ကဗျာကို ပျက်စီးစေနိုင်သည်။ အကြောင်းမှာ စနစ်တစ်စုံတစ်ရာဖြင့် စဉ်းစားကြရမည်ဖြစ်သောကြောင့် သိပ္ပံနည်းကျမှုကို အခြေခံရမည့်အနေအထားသို့ ရောက်သွားသည်။ ကဗျာသည် သိပ္ပံနည်းလမ်းတကျ သုံးစွဲထားသော ဘာသာစကားဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။

ဝေဖန်ရေးသစ်အမြင် ထွန်းကားလာခဲ့ခြင်းတွင် မသိကျိုးကျွန်ပြု၍ မဖြစ်သော အချက်တစ်ခုမှာ ကာလတရားက ပေးလိုက်သော အခွင့်အရေးတစ်ရပ်ဟု ဆိုရမည်။ ဒုတိယကမ္ဘာစစ်ကြီးမတိုင်ခင် ၁၉၂၀ ကမှစ၍ အင်္ဂလန်၊ အမေရိကန် စသည့်နိုင်ငံများတွင် မဂ္ဂဇင်း၊ စာစောင်စသည်များ မှိုလိုပေါက်လာချိန်ဖြစ်သည်။ ထိုမဂ္ဂဇင်း၊ စာစောင် စသည်များတွင် အနုပညာ၊ စာပေ၊ ရသပညာစသည့် အရေးအသားစုံပါလာရာ၊ စာပေဝေဖန်ရေးသည်လည်း စိတ်ဝင်စားစရာ အကြောင်းတစ်ရပ် ဖြစ်လာသည်။ လူငယ်စာပေသမား၊ စာပေဝေဖန်ရေးသားသူများအဖို့ ရေးသားတင်ပြရန် အခွင့်အရေးများ ရလာကြသည်။ ထိုအရေးအသားများအနက်မှ ဝေဖန်ရေးသစ်အမြင်မှာ ထူးခြားစွာ ပေါ်ထွက်လာခဲ့ရခြင်းသည် “အရေးအသားအတွင်းမှ ဘာသာစကားနှင့် ဘာသာစကားဆိုင်ရာ အသုံးအနှုန်းများတွင် အခြေတည်လေ့လာ စိစစ်ဝေဖန်သောကြောင့်ဖြစ်သည်။ “တစ်ချိန်တည်းမှာပင် ဝေဖန်ရေးသစ်အမြင်ကို ပညာရပ်ဆိုင်ရာနယ်ပယ်အတွင်းမှ ပညာရှင်များက လက်ခံကျင့်သုံးလာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် “တောင်ပိုင်းဒေသများ”မှ ပညာရှင်များက ဝေဖန်ရေးသစ်အမြင်ကို လက်ခံသုံးစွဲလာကြခြင်းသည် ဝေဖန်ရေးသစ်အမြင် ကျယ်ပြန့်ရန်ဖြစ်လာခဲ့သည့် အကြောင်းတစ်ခုဖြစ်သည်။ (တောင်ပိုင်းဒေသသည် အထိုက်အလျောက် အစဉ်အလာနှင့် ရှေးရိုးဆန်သည်)

ရဲန်ဆမ်းသည်ပင်လျှင် အစဉ်အလာ အယူအဆများမှ ခွဲထွက်လာပြီး ဝေဖန်ရေးသစ်အမြင်နောက် လိုက်ခဲ့သည်။ သူ့အမြင်များသည် သူ၏ တပည့်တစ်ဦးဖြစ်သော ဘရွခ်(စ) လက်ထက်တွင် ပိုမိုတိကျခိုင်မာသော ရေးသားတင်ပြချက်များ ပေါ်ထွက်လာသည်။ ဘရွခ်(စ)၏ The Well Wrought Urn (1947) သည် ဝေဖန်ရေးသစ်အမြင်ကို ဝေဖန်ရေးသစ်အမြင်ကို လက်ခံသူတို့၏ လုပ်နည်းလုပ်ဟန်အတွက် စံပြုစရာ အရေးအသားတစ်ခုဖြစ်ခဲ့သည်။ သူ့ရှေ့ကရှိခဲ့သော ဝေဖန်ရေးသစ်အမြင် တင်ပြခဲ့သည့် ရဲန်ဆမ်း၊ အီးလီယက်၊ ရစ်ချာဒ်(စ)၊ အဲမ်ဆွန်တို့၏ အမြင်များကို ပေါင်းရုံးတင်ပြထားသကဲ့သို့ဖြစ်သည်။ The Well Wrought Urn မတိုင်မီ ရေးခဲ့သော စာအုပ်များတွင် သူတင်ပြခဲ့သော ပြဿနာတစ်ရပ်ကို အခြေခံကာ ကဗျာ၏ သဘောသဘာဝကို ရှင်းပြခဲ့သည်။ ခေတ်သစ်ကဗျာဟု သတ်မှတ်ထားသော အရေးအသားတစ်ခုတွင် Tension, paradox နှင့် Ambiguity ပါနေသည်ချည်းဖြစ်သည်။ ကဗျာတစ်ပုဒ်၏အနက်ကို ဖွင့်ရန်အတွက် ၎င်းတို့ကို မသိမဖြစ်၊ ၎င်းတို့မှာ ကဗျာတစ်ပုဒ်၏ အနှစ်သာရများဖြစ်သည်ဟု ဆိုခဲ့သည်။ အင်္ဂလိပ်လိုရေးသားထားသော အဆိုပါစကားလုံးများကို အကျဉ်းမျှ ရှင်းပြပါရစေ။

ကဗျာတစ်ပုဒ်အတွင်းမှ Tension ဆိုသည်မှာ ကဗျာတစ်ပုဒ်ကိုရေးသားရာတွင် ဆန့်ကျင်ဖက်အသွင် ဆောင်နေသော စာလုံး/စကားလုံး အသုံးအနှုန်း စသည်တို့ဖြင့် တည်ဆောက်ထားခြင်းမျိုးဖြစ်သည်။ ဥပမာ “ပျော်ရွှင်စွာ ၀မ်းနည်းနေရခြင်း” ကဲ့သို့သော အသုံးအနှုန်းမျိုး၊ ထို့ပြင် ကဗျာတစ်ပုဒ်မှ ထွက်ပေါ်လာသော အနက်နှစ်မျိုးကို စုစည်းကြည့်ခြင်း၊ ဥပမာ ကဗျာတစ်ပုဒ်တွင် ရေးသားထားသည့်အတိုင်း Literal ခိုင်ခိုင်မာမာ Concrete အနက်ဖော်နိုင်သည်သာမက၊ ရေရာမှုမရှိဘဲ Abstract ပြောင်းလဲထားသော ဖော်ထုတ်တင်ပြထားမှု Metaphorical အရလည်း အနက်ဖော်နိုင်သည်။ Tension မှာ ထိုနှစ်ခုတို့၏ အပြန်အလှန်ဆက်သွယ်နေမှု၊ သို့မဟုတ် တစ်စုတစ်စည်းတည်း စုစည်းကြည့်မှု ဖြစ်သည်။ Paradox မှာ မူရင်း ဂရိဘာသာစကားအရသော် လက်ခံထားသောသဘောကို ဆန့်ကျင်သောအမြင်သာ ဖြစ်သည်။ အဆိုတစ်ခု သို့မဟုတ် ဖော်ထုတ်တင်ပြချက်တစ်ခု၏ အတွင်း၌ပင် ထိုအရေးအသားကို ဆန့်ကျင်သောအမြင်သာ ဖြစ်သည်။ အဆိုတစ်ခု၊ သို့မဟုတ် ဖော်ထုတ်တင်ပြချက်တစ်ခု၏ အတွင်း၌ပင် ထိုအရေးအသားကို ဆန့်ကျင်နေသည့် အသွင်ဆောင်နေခြင်းမျိုး ဖြစ်သည်။ ဥပမာ “ငါပြောသမျှ လိမ်နေတာချည်းပဲ” ဟူသော အပြောမျိုးဖြစ်သည်။ “လိမ်နေတာပဲ” ဆိုသည်မှာ “လိမ်၍ပြောနေခြင်းသာ ဖြစ်သဖြင့်” သူသည် အမှန်ကိုပြောနေခြင်းသဘော သက်ရောက်သွားသည်။ အလားတူပင် ၀ါ့သ်စ၀ ရေးသော The Child is father of the man ဟူသော အရေးအသားမှာ Paradox တစ်ခုသာ ဖြစ်သည်။ ရေးသားတင်ပြထားသည့်အတိုင်းပင် အဓိပ္ပာယ်မရှိသည့်သဘော ဆောင်နေတတ်သော်လည်း ဆိုလိုရင်းမှာ အရေးအသား၏အောက်တွင် မြှုပ်ထားကြောင်း တွေ့ရတတ်သည်။ ဘရွခ်(စ်)က ထိုအမြင်တွင် အခြေခံကာ Poetic Language is fundamentally paradoxical ဟု ဆိုခဲ့ခြင်းဖြစ်သည်။ (Ambiguity မှာ ရှေ့တွင် ရှင်းခဲ့ပြီးဖြစ်၍ ထပ်မံ မရှင်းတော့ပါ)

ဝေဖန်ရေးသစ်အမြင်များကို စုစည်းမတင်ပြမီ၊ နောက်ဆုံးတင်ပြလိုသော အကြောင်းတစ်ခုမှာ လီးဗစ် F.R. Leavis အကြောင်း ဖြစ်ပါသည်။ လီးဗစ်မှာ ကိန်းဘရစ်ကျောင်းတော်ကြီးမှ ဆရာတစ်ဦးဖြစ်ပြီး ဝေဖန်ရေးသစ်အမြင်များနှင့် ဆက်စပ်နေသဖြင့် သိထားသင့်သူ ဖြစ်ပါသည်။ သူ့ကို ဝေဖန်ရေးသစ်အမြင် ပညာရှင်ဟု ယတိပြတ်ခေါ်ဆိုရန် မလွယ်သော်လည်း ချန်ထားရန်မဖြစ်ပါ။ အဓိကကျသော အကြောင်းတစ်ရပ်မှာ သူတင်ပြခဲ့သော၊ ကဗျာသည် စာမျက်နှာပေါ်မှ စာလုံးများသာဖြစ်သည် The words on the page ဟူသော အဆိုတစ်ရပ်ကြောင့်ဖြစ်သည်။ သို့ရာတွင် လီးဗစ်၏ ဝေဖန်ရေးသစ်အမြင်သဘောဆောင်သော အရေးအသားများသည် အဆို/သီဝရီတစ်ရပ်ပြုရန် (အပ်ချမတ်ချပြုရန်) ရေးသားခဲ့သည်များမဟုတ်။ သူ၏ အမြင်၊ အယူအဆ စသည်များကို တင်ပြခြင်းနှင့် ပြန်လည်ရှင်းလင်းပြခြင်းများသာ ဖြစ်သည်။ သို့ရာတွင် ထိုတင်ပြချက်များအတွင်းမှ သူ၏ ဝေဖန်ရေးနည်းကို ထုတ်ယူလေ့လာနိုင်ရန် စာပေဝေဖန်ရေးသည် ရေးသားထားသည့်အရာ၌သာ တည်ရမည် Text itself ဟုဆိုသော သူ၏ အမြင်မှာ ဝေဖန်ရေးသစ်အမြင် တင်ပြသူများ၏အမြင်နှင့် တစ်သားတည်းဖြစ်သော်လည်း ထိုအချက်သည်ပင်လျှင် မြောက်အမေရိကတိုက် ဝေဖန်ရေးသစ်အမြင် ပညာရှင်များနှင့် အထိုက်အလျောက်ကွာသွားခဲ့သည်။ သူ၏ အရေးအသားတစ်ခု၏ အတွင်းဖက်မှ အနက်များကို သိမှတ်ခံစားကြည့်နိုင်ရမည်ဟု ဆိုသည်။ ထိုအချက်မှာ အလွန်ထွေပြားနိုင်သော အချက်ဖြစ်သည်။ အရေးအသားကို ဖတ်ရှုသူက မှန်ကန်သော အကဲဖြတ်မှုတစ်စုံတစ်ရာ ပြုနိုင်ရန်အတွက် သူ၏ သိမှတ်ခံစားနိုင်သော အပြုအမူလည်း လိုအပ်သည်။ သူ၏ သိမှတ်ခံစားနိုင်သော အပြုအမူကသာ အရေးအသား၏ အနက်ကို  ဖော်ထုတ်နိုင်သော အလိုအလျောက်သိမှုကို ဖြစ်စေသည်ဟု ဆိုသည်။ တစ်နည်းဆိုရသော် လီးဗစ်၏ ဝေဖန်ရေးသစ်အမြင်သည် အရေးအသားအတွင်းမှ ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများနှင့် လူ့အဖွဲ့အစည်း၏ နေရာကို ယှဉ်တွဲလေ့လာသည့်သဘောလည်း ဆောင်သည်။ သူ၏ တင်ပြချက်များအနက် အလေးထားလေ့လာရသော သဘောတရားတစ်ခုမှာ အင်္ဂလိပ်စာပေလောကအတွင်း စာပေတန်းဝင်သော အရေးအသားများနှင့် တန်းစာရင်းဝင်အရေးအသားများကို ခွဲထုတ်ပြခြင်းဖြစ်သည်။ သူ့အမြင်မှာ စာပေတွင် အရာမြောက်ခြင်း မမြောက်ခြင်းကို ခွဲခြားရန်လိုအပ်သော ဟူ၏။

ဝေဖန်ရေးသစ်အမြင်များကို အောက်ပါအတိုင်း ခြုံငုံတင်ပြပါရစေ။
ဝေဖန်ရေးသစ်အမြင် အခြေခံ၍ ဝေဖန်သော စာပေဝေဖန်ရေး (အထူးသဖြင့် ကဗျာဝေဖန်ရေး) တွင် အဓိကထားသောအချက်မှာ စာမျက်နှာပေါ်မှ စာလုံးများသာဖြစ်သည်။ ထိုစာလုံးများကို မည်သို့ သုံးနှုန်းထားသည်။ မည်သို့ သင်္ကေတပြု ဖော်ထုတ်ပြနိုင်ခဲ့သည်တို့ကို လေ့လာဆန်းစစ်ကြည့်ကြသည်။ ရေးသားထားသော အရေးအသားသက်သက်အတွင်း မည်သို့ သဟဇာတဖြစ်သည်၊ စနစ်တကျတည်ဆောက် ထားသည်၊ မည်သို့အားပြိုင်နေသည်၊ မည်သို့ အနက်လွှဲဖော်ပြထားသည်၊ မည်သို့သောအကြောင်းကြောင့် တစ်ခုထက်ပိုသော အနက်များ ထွက်လာနိုင်သည်၊ ထွေပြားသော အနက်ဖော်ထားမှုများ ပါသည် စသည်များကို စိစစ်လေ့လာကြည့်ကြသည်။ သို့ဖြစ်၍ ဝေဖန်ရေးသစ်အမြင်က အဓိကထား ဦးစားပေး၍ လေ့လာဆန်းစစ်ကြည့်ခြင်းတွင် သုံးစွဲထားသော ဘာသာစကား၏ အနက် Verbal meaning ဖြစ်သည်။ အရေးအသားတစ်ခုလုံးနှင့်ပတ်သက်၍သော် မည်သို့မည်ပုံတည်ဆောက်ထားကြောင်း အလုံးစုံ ခြုံငုံ Overall structure လေ့လာသည်။ ဝေဖန်ရေးသစ်အမြင်ကို အခြေခံ၍ လေ့လာဆန်းစစ်ကြည့်ရာတွင် အရေးအသားကို တည်ဆောက်ထားပုံနှင့် ပုံစံ(စနစ်) ကို ဆန်းစစ်လေ့လာကြည့်ခြင်းဖြင့် တိတိကျကျနှင့် ဓမ္မဒိဋ္ဌာန်ကျကျ၊ ဖတ်ရှုနိုင်ကြသည်ဖြစ်၍ အရေးအသားတစ်ခုအတွက် မှန်ကန်သော အနက်ဖော်ထုတ်နိုင်မှုမှာ တစ်ခုသာရှိနိုင်သည်ဟု မြင်ကြသည်။ နောက်ဆုံးအချက်တစ်ခုအနေဖြင့် တင်ပြလိုသည်မှာ ဝေဖန်ရေးသစ်အမြင်ကို အခြေခံ၍ ၀တ္ထုအရေးအသားများကို လေ့လာစိစစ်ဝေဖန်ခြင်းများ ရှိခဲ့သည်မှာ မှန်သော်လည်း ဝေဖန်ရေးသစ်အမြင် တင်ပြခဲ့သူတို့၏ ဦးတည်ချက်မှာ “ကဗျာ” အရေးအသားများသာလျှင် ဖြစ်သည်။

(နောက်ဆက်တွဲ။ ၂၀၀၃ ခုတွင် ရန်ကုန်သို့ရောက်စဉ် ဘွဲ့လွန်ကျောင်းသားတစ်ဦးက မိုးတိုးမတ်တတ်ဆုံသည့်အခိုက် မြန်မာမဂ္ဂဇင်းတစ်ခုတွင် သူဖတ်ခဲ့ရသည်ကို အခြေခံ၍ ဝေဖန်ရေးသစ်အမြင်နှင့် စပ်လျဉ်းမေးခွန်းအချို့ မေးပါသည်။ မေးခွန်းတစ်ခုမှာ အိုင်၊ အေ၊ ရစ်ချာဒ်(စ)ရဲ့ ဝေဖန်ရေးနည်းပညာကို Affective Criticism လို့ ခေါ်သလားဟူ၍ ဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့် မကြားဖူး၊ မဖတ်ဖူးပါ။ ကျွန်တော့်ထက်ပို၍ ကျွမ်းကျင်နှံ့စပ်သော ပညာရှင်အချို့ကို မေးကြည့်ရာ သူတို့လည်း မဖတ်ဖူးကြောင်း ဆိုကြပါသည်။ ဝေဖန်ရေးသစ်အမြင် တင်ပြခဲ့သူများ၏ တင်ပြပုံများမှာ လက်တွေ့ဝေဖန်ရေးသဘော ဆောင်သည့် Practical Criticism ဖြစ်သဖြင့် မြန်မာလိုတွေး၍ အင်္ဂလိပ်လိုပြောခြင်း ဖြစ်ကောင်းဖြစ်မည်လားဟု ကျွန်တော်တွေးကြည့်မိပါသည်။ Effective ကို ဆိုလိုသည်လားမသိပါ။ Affect ဟူသော စာလုံး၏အနက်အရသော် ဝေဖန်ရေးနှင့် တွဲစပ်သုံးစွဲရန် အထိုက်အလျောက် ခက်နေပါသည်။ ဝေဖန်ရေးသစ်အမြင် တင်ပြသူများအနက် ၀င်း(မ)ဆပ်တို့ကမူ (ရှေ့တွင်ဖော်ပြခဲ့သော) Affective Fallacies အကြောင်း တင်ပြခဲ့ဖူးပါသည်။ Criticism မဟုတ်ပါ။ အခြားသောအချက်တစ်ခုမှာ “အရေးအသား (စာ) ကိုသာ ဝေဖန်ရမည်” ဟူသော အသုံးအနှုန်းကို မြန်မာဝေဖန်ရေးက၀ိများ အလွန်အလွယ်တကူ လက်လွတ်စပယ် သုံးတတ်ကြသည်ထင်သည်ဟု ဆိုပါသည်။ မှန်ပါသည်။ ကျွန်တော်လည်း အထိုက်အလျောက် သတိထားမိပါသည်။ သို့ရာတွင် (ရှေ့တွင်ဖော်ပြခဲ့သော) ဝေဖန်ရေးသစ်အမြင် ပညာရှင်တို့၏ အမြင်ကို (အကျဉ်းမျှ) လေ့လာကြည့်ရုံဖြင့် မည်သည့်အတွက် အရေးအသား (စာ) ကိုသာ ဝေဖန်ရမည်ဆိုခြင်းကို သဘောပေါက်မည် ထင်ပါသည်။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ၎င်း (ဝေဖန်ရေးသစ်အမြင် တင်ပြသူ) တို့၏ တင်ပြချက်များမှာမူ လက်လွတ်စပယ် မဟုတ်ပါ။

◄ မြင့်သန်း ►

“စတိုင်သစ်” မဂ္ဂဇင်းမှ ထုတ်နုတ်တင်ပြသည်။

1 comments:

zizawa said...

ကိုတေဇာရေ မြင့်သန်းဆိုတာ စာရေးသူရဲ့  ကလောင်နံမယ်ပဲလား၊ နိုင်ငံကူးလက်မှတ်ပေါ်က နံမယ်ပဲလား။ သူ့ရဲ့ academic articles များတွေ့လိုတွေ့ငြား မြင့်သန်းဆိုတဲ့ နံမယ်ကို JSTOR မှာ ရှာကြည့်တာ မတွေ့ပါ။ Myint ဆိုလို အရင် LSE ကဘောဂဗေဒဆရာ ဒေါက်တာလှမြင့်ရယ်၊ မလေးရှားမှာ ဥပဒေသင်နေတဲ့ ဒေါက်တာမြင့်ဇံရယ်၊ နောက် statistics နဲ့ဆိုင်တဲ့ article တခုရေးထားတဲ့ (တင်မြင့်)ဆိုတာရယ်ပဲ တွေ့မိပါတယ်။ မြင့်သန်းဆိုတာ ဘယ်သူပါလဲခင်ဗျာ။

ဝတုတ်

Post a Comment